တိန်ချောင်
Vol. 8 Ch. 78
ကျောက်ချီရှိနေသော အခန်းအပေါ် ယန်ချင်းက သူ၏ လက်ကို တင်လိုက်သောအခါ ရေပြင်တစ်ခုကဲ့သို့လှိုင်းထသွားပြီး၊ ယန်ချင်း ဖြတ်လျှောက်သွားရန် လမ်းကြောင်းတစ်ခု အဖြစ် သပ်ရပ်စွာ ပွင့်သွားလေသည်။
အခန်း၏ သိမ်မွေ့မှုများကို အကဲခတ်ရင်း အလုပ်များနေသော ကျောက်ချီမှာ ရုတ်တရက် ပွင့်လာသောကြောင့် အံ့အားသင့်သွားသော်လည်း၊ ယန်ချင်း ဖြစ်နေသည်ကို မြင်သောအခါ တည်ငြိမ်သွားလေသည်။
"အကြာကြီး စောင့်ခိုင်းလိုက်ရတဲ့ အတွက် တောင်းပန်ပါတယ် ကျောက်ချီ။ ခင်ဗျားရဲ့ ဂိုဏ်းချုပ်က တခြားသူတွေရှေ့မှာ မပြောနိုင်တဲ့ ကိစ္စလေး တစ်ခု ပြောစရာ ရှိနေလို့ပါ။ ခင်ဗျားရော အခြေအနေဘယ်လိုလဲ”
ယန်ချင်းက ယဉ်ကျေးစွာ ပြုံးရင်း မေးလိုက်၏။
"ကျွန်တော်ရော ဘာဖြစ်လို့လဲ၊" ဟု ကျောက်ချီက နားမလည်နိုင်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ခင်ဗျားမှာရော တခြားသူတွေရှေ့မှာ မပြောချင်တဲ့ ကိစ္စမျိုး ပြောချင်တာများ ရှိနေလား။ တရားစီရင်ရေးအဖွဲ့က အမှုရဲ့ စီရင်ချက်ကို အဟန့်အတားဖြစ်စေမယ့် အခြေအနေမျိုးကလွဲရင် လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးပါတယ်။”
“ဒါကြောင့် ကျောက်ချီ... ခင်ဗျား ဂိုဏ်းချုပ်ရဲ့ ရှေ့မှာပြောဖို့ အဆင်မပြေတဲ့ ကိစ္စမျိုး ခင်ဗျားမှာ ရှိနေလား" ဟု ယန်ချင်းက ထပ်မေးလိုက်၏။
ကျောက်ချီ၏ သူငယ်အိမ်များက ခေတ္တ အေးခဲသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ၊ ဝမ်းနည်းမှုနှင့် ဒေါသအနည်းငယ် ရောယှက်နေသော ရယ်မောသံ တစ်ခု ထွက်ပေါ်လာလေသည်။
"ကျွန်တော့်မှာတော့ ပြောစရာအများကြီး မရှိပါဘူး။ ကျွန်တော်က ရှေ့ဆက်ရမယ့် ကျင့်ကြံခြင်း ခရီးစဉ်ကြီး ရှည်လျားပြီး ချောမွေ့နေစေဖို့ သေချာအောင် လုပ်ချင်ရုံ သက်သက်နဲ့၊ အိမ်လို့ ထင်ထားခဲ့တဲ့ ဂိုဏ်းရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတဲ့ သာမန်ကျင့်ကြံသူ တစ်ယောက်ပါပဲ။”
“ရယ်စရာ မကောင်းဘူးလား... ကျွန်တော့်ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ဖို့ အတင်းအကြပ် တောင်းဆိုခဲ့ရတဲ့ တကယ့်အကြောင်းရင်းက ဂိုဏ်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူညီထမ်းပိုးပေးနိုင်ဖို့လေ။”
“ဂိုဏ်းချုပ်၊ တခြားအကြီးအကဲတွေနဲ့ စီနီယာတွေက ဖုံးကွယ်ထားဖို့ ကြိုးစားနေကြပေမဲ့၊ တပည့်တွေကို ဂိုဏ်းနယ်မြေ အပြင်ဘက်ကို ထွက်ခွင့် ပိတ်ပင်ထားတာတွေ၊ သာမန်လေ့ကျင့်ရေးလို့ ပြောလို့ မရနိုင်လောက်အောင် ပြင်းထန်လွန်းနေတဲ့ အဆက်မပြတ် ပူးပေါင်းတိုက်ခိုက်ရေး လေ့ကျင့်မှုတွေကို ကြည့်ရင် ဂိုဏ်းက အခြေအနေ မကောင်းဘူး ဆိုတာ ကျွန်တော်သိတယ်။”
“တစ်ခုခု ဖြစ်နေပြီ ဆိုတာ ခန့်မှန်းဖို့ မခက်ပါဘူး။ ပြီးတော့ ကျွန်တော့်လို လူတစ်ယောက် အနေနဲ့ အပြောင်းအလဲတစ်ခုခု လုပ်ပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက အနည်းဆုံးတော့ ကိုယ်တိုင်က ဝန်ထုပ်ဝန်ပိုး မဖြစ်နေစေဖို့ပဲ။”
“ပြီးတော့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ဆိုတာက အဲဒီလို ဖြစ်ဖို့ အကောင်းဆုံးနဲ့ အမြန်ဆုံး နည်းလမ်းပဲ။ ကျွန်တော်က ကိုယ့်အတွက်ရော ဂိုဏ်းအတွက်ပါ အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့တာပါ။”
“ဒါပေမဲ့ အခုတော့ ကြည့်လေ... ဂိုဏ်းက အချိန်မရွေး ဆပ်နိုင်တဲ့ အကြွေးတစ်ခုကိုဆပ်ဖို့အတွက် ကုန်သည်တွေဆီကို အာမခံပစ္စည်း တစ်ခုလို ပစ်ချခံလိုက်ရတဲ့ ကိုယ့်ဂိုဏ်းက အဓိကတပည့် တစ်ယောက် ဖြစ်နေပြီ။”
“အဲဒီအတွက် အလုပ်လုပ်ပေးရမယ်လို့ သူတို့ ပြောခဲ့ရင်တောင် ကျွန်တော် စိတ်ခုမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့ လုပ်လိုက်တဲ့ ပုံစံကတော့…"
ပြောရင်း ကျောက်ချီက ဒေါသတကြီး လက်သီးဆုပ်လိုက်ပြီးနောက် ချက်ချင်း ခေါင်းယမ်းလိုက်ကာ တည်ငြိမ်မှု တစ်ခုက သူ၏ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်သွားလေသည်။
ယန်ချင်းသည် ကျောက်ချီ စိတ်တည်ငြိမ်သွားစေရန် စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။
ကျောက်ချီ၏လက်ရှိ စိတ်အခြေအနေကို မြင်တွေ့ရခြင်းက ကြာပန်းဝါဂိုဏ်း ဂိုဏ်းချုပ် ဟန်ချင်းလင်ကို ကျောက်ချီနှင့် လျိုယွင်တို့ နှစ်ယောက်စလုံးအား အမှန်တရားကို ဖွင့်ပြောပြရန် အကြံပြုခဲ့ရသည့် အကြောင်းရင်းများစွာထဲမှ တစ်ခု ဖြစ်လေသည်။
ယခုပြဇာတ် တစ်ခုလုံးအတွင်း၌ ကျောက်ချီ ခံစားခဲ့ရသော ထိုးနှက်ချက်သည် မည်သည့်နည်းနဲ့မျှ မပေါ့ပါးလှပေ။
တန်ဖိုးထားရသော တပည့်တစ်ယောက် အဖြစ်မှ ကပ်ဆိုးကြီးတစ်ခုကဲ့သို့ ဆက်ဆံခံရတဲ့ အဖြစ်၊ ထို့အပြင် အဆိုးရွားဆုံးမှာ ကိစ္စအားလုံး၏ မြစ်ဖျားခံရာ ဖြစ်သော သူ၏ဆုံးဖြတ်ချက်မှာ ဂိုဏ်းအတွက် အထောက်အကူ ပြုနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ကြိုးစားရာမှ ဖြစ်ပေါ်လာခဲ့ဖြစ်သည်။
ဤမျှ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်သည် သက်ရောက်မှု တစ်ခုခု ကျန်ရစ်စေမည်သာ ဖြစ်၏။ အဆိုးဆုံး အခြေအနေတွင် သူ၏အခြေခံအုတ်မြစ်က မည်မျှပင် ခိုင်မာနေပါစေ၊ ကျောက်ချီ၏ကျင့်ကြံခြင်း ခရီးစဉ်ကို အန္တရာယ် ပေးနိုင်သည့် အတွင်းနတ်ဆိုး တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။
အကယ်၍ ယခုကဲ့သို့ ဖြစ်သွားခဲ့ရင် ကြာပန်းဝါဂိုဏ်းသည် စေတနာကောင်းဖြင့် လုပ်ဆောင်ခဲ့သည် ဆိုစေကာမူ သူတို့၏အရည်အချင်းရှိသော တပည့် တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်ခဲ့သည့် အပြစ်ရှိသူများ ဖြစ်သွားပေမည်။
သို့ပေသည့် ကျောက်ချီသာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်လွှားနိုင်ခဲ့မည်ဆိုလျှင် သူ့၏စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က ပိုမို ကြီးထွားလာပြီး ပိုခိုင်မာလာမှာ ဖြစ်သည့်အတွက် ရှေ့လျှောက် ကျင့်ကြံခြင်းလမ်းခရီးမှာ ပိုမိုချောမွေ့သွားပေမည်။
သို့သော်လည်း လက်ရှိအခြေအနေ အတိုင်းသာ ဆက်သွားမည် ဆိုပါက အကောင်းဖြစ်စေ အဆိုးဖြစ်စေ သူက ဒီကိစ္စကို ကျော်လွှားနိုင်ခဲ့ရင်တောင်မှ သစ္စာဖောက်ခံရမှုက သူ့၏ဆုံးဖြတ်ချက်တိုင်းတွင် ထာဝရ လွှမ်းမိုးနေတော့မည် ဖြစ်၏။
"ခင်ဗျား ထပ်ဖြည့်ပြောချင်တာ တစ်ခုခုရှိသေးလား၊ ဒါမှမဟုတ် အခုပြောသွားတာကိုပဲ ခင်ဗျားရဲ့ နောက်ဆုံးနဲ့ တစ်ခုတည်းသော ထွက်ဆိုချက်အဖြစ် မှတ်ယူလိုက်ရမလား၊"
ဟု ယန်ချင်းက မေးလိုက်၏။
"အဲဒါကိုပဲ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ထွက်ဆိုချက်အဖြစ် မှတ်ယူနိုင်ပါတယ်။ ဒီကို လာကတည်းက ဒီကိစ္စ ဘယ်လို အဆုံးသတ်သွားမလဲဆိုတဲ့ အပေါ်မှာ ဝင်ပြောခွင့် ရလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။”
“ကျွန်တော်က ကိုယ့်အဆင့်နဲ့ မမှီတဲ့ အဖွဲ့အစည်းနှစ်ခု ကြားမှာ ညပ်နေတဲ့ အခြေတည်အဆင့်နယ်ရုပ်လေး တစ်ရုပ်ပါပဲ။ တောင်ကျစမ်းရေစံအိမ်ရဲ့ ခေါင်းဆောင် အတွက်တော့ ကျွန်တော် စိတ်မကောင်း ပါဘူး။”
“ကျွန်တော်က အကြွေးအတွက် အစားထိုးပါလို့ အကြီးအကဲက ရုတ်တရက် ပြောလိုက်တဲ့ အချိန် သူက ပထမဆုံး တွေ့တဲ့ အချိန်မှာတောင် ကျွန်တော့်ကို ကြင်ကြင်နာနာနဲ့ ဆက်ဆံခဲ့ပါတယ်။”
“အကြွေးအားလုံး ကျေသွားပြီ ဆိုတဲ့ အလဲအလှယ်နဲ့ တောင်ကျစမ်းရေစံအိမ်ရဲ့ လက်ခံမှုကို ရလိုက်တာက သိပ်တော့ ဆိုးမယ့် ကိစ္စ မဟုတ်လောက်ပါဘူး။ ဂိုဏ်းမှာ ကျွန်တော်ရောက်နေတဲ့ အခြေအနေထက်တော့ ပိုဆိုးနိုင်စရာ မရှိတော့ပါဘူး၊"
ဟု ကျောက်ချီက သူ့ကိုယ်သူ သက်ပြင်းချရင်း ပြောလိုက်လေသည်။
"အခြေအနေတွေက ခင်ဗျား တွေးထားသလောက် မှောင်မိုက်နေတာတော့ မဟုတ်နိုင်ပါဘူး ကျောက်ချီ၊"
ဟု ယန်ချင်းက ညင်သာစွာ ပြောလိုက်သည်။
ယန်ချင်းက သူ့ကို နှစ်သိမ့်ဖို့ သက်သက်သာ ပြောသည်ဟု ထင်ကာ ကျောက်ချီက ယဉ်ကျေးသော အပြုံးလေးဖြင့်သာ တုံ့ပြန်လိုက်၏။
"သူ ရောက်လာပြီ ထင်တယ်၊"
ဟု ယန်ချင်းက မျက်လုံးများ အရောင်လက်သွားကာ သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
မိမိကိုယ်ကိုယ် သနားခြင်းထဲတွင် နစ်မြုပ်နေသော ကျောက်ချီသည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရုတ်တရက် တုန်ခါသွားပြီး၊ သူ၏အကြည့်များက နောက်ထပ် လူတစ်ယောက် ဝင်လာသော ယန်ချင်း၏အနောက်ဘက်သို့ ရွှေ့သွားလေသည်။
ထိုသူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ပုကာ သွယ်လျသည်။ ငွေရောင် ဆံပင်ကို ဆံထုံးတစ်ဝက် ထုံးထားပြီး၊ ထိုဆံပင်နှင့် လိုက်ဖက်သော စူးရှထက်မြက်သည့် ငွေရောင်မျက်လုံးများ ရှိသည်။
သူသည် ခန့်ညားပြီး တည်ငြိမ်သော မျက်နှာထား ရှိလေသည်။ လက်နောက်ပစ်ကာ တည်ငြိမ်စွာ ဝင်လာပြီး သူ ပေါ်လာကတည်းက အသားအရည် သိသိသာသာ ဖြူရော်သွားသော ကျောက်ချီထံသို့ မျက်လုံးများကို စူးစိုက်ထားလေသည်။
"ဟို... အဲလေ... ကြီးကြပ်ရေးမှူး လဲ့ဝေယွမ်... ရောက်လာပြီပဲ"
ယန်ချင်းက လက်ယှက်၍ နှုတ်ဆက်လိုက်ရာ သူ၏ ခေါင်းမှ ချွေးပေါက်သေးသေးလေး တစ်ပေါက် စီးကျလာလေသည်။
လဲ့ဝေယွမ်က ယန်ချင်း သူ့ကို ဘယ်လို ခေါ်လုနီးပါး ဖြစ်သွားသလဲ ဆိုတာကို သတိမထားမိဟန် ဆောင်ကာ လျစ်လျူရှုလိုက်ပြီး ကျောက်ချီနှင့် အကွာအဝေး အနည်းငယ်ခြားပြီး ရပ်လိုက်လေသည်။
"ဒါနဲ့... တာအိုကျင့်ကြံသူမိတ်ဆွေက ကိုယ့်ဘာသာ ထွက်လာမှာလား၊ ဒါမှမဟုတ် ကျုပ်အတင်းအကြပ် ဆွဲထုတ်ရမလား။ ကလေးနဲ့ မိတ်ဆွေရဲ့ ဆက်သွယ်မှုကို ကြည့်ရတာ သူ့အပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ ရှိပုံမရတဲ့ အတွက် ပထမနည်းလမ်းကိုပဲ ကျုပ် ပိုသဘောကျတယ်"
ဟု လဲ့ဝေယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။
"ဘယ်... ဘယ်လိုလုပ်..."
လဲ့ဝေယွမ်၏စကားကို ကြားသောအခါ ကျောက်ချီမှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားလေသည်။ သူက ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားပြီးနောက် ခလုတ်တိုက်ကာ လဲကျသွား၏။
"တရားစီရင်ရေးအဖွဲ့ရဲ့ မျက်စိအောက်က ပုန်းကွယ်နေနိုင်မယ်လို့ တွေးခဲ့တာ ငါ အရမ်း ရိုးအလွန်းသွားပုံရတယ်။ ဒီလို ကြောက်စရာကောင်းတဲ့ အခြေခံအုတ်မြစ်တွေ ရှိနေတဲ့ နန်းတော်အဆင့် ကလေးတစ်ယောက် ရှေ့မှာ ရောက်နေလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ။”
“ငါတို့ရဲ့ အမွေဆက်ခံမယ့် တပည့်တွေတောင် အဲဒီလောက် အဆင့်ထိ ရောက်မယ် မထင်ဘူး။ တရားစီရင်ရေးအဖွဲ့ကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ သူတို့ ဖန်တီးခဲ့တဲ့ အိပ်ပျော်နေတဲ့ နဂါးကြီး အကြောင်းကို ဒီတိုက်ကြီးက မသိလောက်သေးဘူး။ ငါ ထွက်လာပါပြီ"
ပင်ပန်းနွမ်းနယ်နေသော ရှေးဟောင်းအသံကြီး တစ်ခုက အခန်းလေးအတွင်းမှ ထွက်ပေါ်လာပြီးနောက် ကျောက်ချီ၏ခန္ဓာကိုယ်ထဲမှ မီးခိုးရောင် မြူခိုးများ ထွက်ပေါ်လာကာ စုစည်းသွားပြီး သွယ်လျသော ခန္ဓာကိုယ် ရှိသည့် အဘိုးအိုတစ်ဦး၏ မီးခိုးရောင်ပုံရိပ် တစ်ခုအဖြစ် ဖွဲ့စည်းသွားလေသည်။
သူ၏သွင်ပြင်လက္ခဏာများက စက္ကန့်နှင့်အမျှ ပိုမို ရှင်းလင်း ထင်ရှားလာ၏။ နောက်ဆုံး မြူခိုးများ ထွက်ပေါ်လာပြီးနောက် အဘိုးအို၏ပုံရိပ်သည် တစ္ဆေလို ဖြူလျော့သော ပုံရိပ်တစ်ခု အဖြစ် နောက်ဆုံးတွင် တည်ငြိမ်သွားလေသည်။
သို့ရာတွင် အသက်ဝင်လွန်းလှသဖြင့် တစ်ယောက်ယောက်က သူ့ကို သွားထိကြည့်မည် ဆိုလျှင်ပင် ထိတွေ့နိုင်မည်ဟု ထင်ရလောက်အောင် ပီပြင်နေချေသည်။
အဘိုးအိုတွင် ကျောပြင်အထိ ရောက်သော လွတ်လပ်စွာ ကျဆင်းနေသည့် ဆံပင်များရှိပြီး၊ ရင်ဘတ်အထိ ရှည်လျားကာ ချောမွေ့သောမုတ်ဆိတ်မွေး၏ အောက်ခြေကို ကျစ်ဆံမြီး အသေးလေး ထုံးထားလေသည်။
သူ၏ လက်များနှင့် မျက်လုံးများသည် သလင်းရောင် ရှိပြီး တစ်ခါတစ်ရံတွင် အလင်းပြန်နေတတ်၏။ သူ၏အကြည့်က အပြစ်ရှိသလို မျက်နှာထားဖြင့် အဘိုးအိုကို စိုက်ကြည့်နေသော ကျောက်ချီဘက်သို့ လှည့်သွားလေသည်။
"အဖိုးချောင်... ကျွန်တော့်ကြောင့်..."
"အဲဒီအတွက် အရမ်း စိတ်မပူပါနဲ့ ကလေးရယ်။ ဖြစ်ပြီးတာတွေက ပြီးသွားပါပြီ။ အခြေအနေက ရှောင်လွှဲလို့ မရနိုင်ခဲ့ပါဘူး။ မင်းကို ဒီလာဖို့ ငါသဘောတူခဲ့တုန်းက ပေါ်သွားနိုင်ခြေ ရှိတယ် ဆိုတာကို သိရက်နဲ့ လိုက်လာခဲ့တာပါ။”
“ဒီကို လာပြီး ကိစ္စတွေကို ဖြေရှင်းတာက တခြား ရွေးချယ်စရာတွေထက် ပိုကောင်းပါတယ်၊"
အကြီးအကဲက သူ့မြေးကို ကြည့်သည့် အကြည့်မျိုးဖြင့် ကျောက်ချီကို ကြည့်ကာ ညင်သာစွာ ပြောလိုက်လေသည်။
အဘိုးအိုက သက်ပြင်းချရင်း လဲ့ဝေယွမ်နှင့် ယန်ချင်းတို့ဘက်သို့ လှည့်လိုက်၏။ သူ၏ အကြည့်က ယန်ချင်းအပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လဲ့ဝေယွမ်အပေါ်တွင် အဆုံးသတ်သွားလေသည်။
"တရားသူကြီး ယန်ချင်းနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဒီမှာ တွေ့ရတော့ တရားစီရင်ရေးအဖွဲ့က မြင့်မြတ်နယ်မြေတွေရဲ့ အဆင့်ကိုတောင် ရောက်နေပြီလို့ ငါ မခံစားဘဲ မနေနိုင်တော့ဘူး။”
“အဲဒီ မိန်းကလေး ဆုကျင့်ကျင်း ဆိုရင် သူမက အမြူတေဖွဲ့စည်းခြင်း အဆင့်မှာပဲ ရှိနေသေးတာတောင် တစ်ခုခု လွဲချော်နေတယ်လို့ ခံစားမိနေတဲ့ အလား ကျောက်ချီကို ထူးဆန်းသလို ခဏခဏ လှမ်းကြည့်နေသေးတာ။”
“လူငယ်မျိုးဆက်တွေက မကြာခင်မှာ လူကြီးတွေကို ကျော်တက်သွားတော့မှာပဲ။ တကယ်လို့များ..." ဟု သူ၏ အတွေးများက ပြတ်တောက်သွားပြီး မျက်နှာပေါ်တွင် ဝမ်းနည်းဆွေးမြည့်နေသော အမူအရာတစ်ခု ပေါ်လာလေသည်။
"သူတို့ ကျော်တက်သွားကြမှာပါ။ ဒါပေမဲ့ တချို့လူတွေကတော့ အဲဒီနေရာကို ရောက်ဖို့ တခြားသူတွေထက် အမြဲတမ်း တွန်းအားပေးနေဖို့ လိုအပ်တယ်”
လဲ့ဝေယွမ်က အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ယန်ချင်းကို လှမ်းကြည့်ရင်း ပြောလိုက်ရာ၊ လဲ့ဝေယွမ်၏အကြည့်ကို သတိပြုမိသွားသော ယန်ချင်းမှာ ချက်ချင်းပင် တွန့်သွားလေသည်။
အဘိုးအိုက သူတို့၏ အပြန်အလှန် ဆက်ဆံပုံကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်၏။
"မိတ်ဆွေရဲ့ နာမည်ကို မေးလို့ ရမလား။ ကျုပ်နာမည်က လဲ့ဝေယွမ်ပါ၊ တရားစီရင်ရေးအဖွဲ့ရဲ့ တရားခွင်တွေမှာ ကြီးကြပ်ရေးမှူး တစ်ယောက်ပါ။"
သူ၏ကြည်လင်နေသော လက်များနှင့် မျက်လုံးများကို ကြည့်ခြင်းအားဖြင့်၊ အဘိုးအို၏နောက်ခံကို သူ ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း ဤသို့ မေးလိုက်ခြင်း ဖြစ်သည်။
"ငါ့နာမည်က တိန်ချောင် ပါ... ဒါပေမဲ့ ငါ့ကို အဲဒီနာမည်နဲ့ ခေါ်တဲ့သူ မရှိတော့တာ ရာစုနှစ်ချီ ကြာနေပါပြီ" ဟု တိန်ချောင်က ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းချရင်း ပြောလိုက်လေသည်။