အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
🍃 Chapter 45
ထိုဆုတောင်းများသည် လူတစ်ယောက်အနေဖြင့်... မဟုတ်သေး... နတ်ဘုရားတစ်ပါးအနေဖြင့်ပင် ဖြည့်ဆည်းပေးရန်လွန်ကဲလွန်းလှသည်။ အဘယ်ကြောင့်မှန်းမသိသော်လည်း ဤကိစ္စများကို မလုပ်သင့်ကြောင်း ကျီချောင်ချင်ခံစားမိသည်။ သူမသာလုပ်လိုက်လျှင် သူမ၏နောက်ကျောဘက်ရှိ အရာသည် သူမကိုနွေးထွေးမှုပေးတော့မည် မဟုတ်ပေ။ ဤနေရာက အလွန်အေးစက်ပြီးမှောင်မိုက်လွန်းလှသည်။ သူမ ဤနွေးထွေးသောအရာကိုမဆုံးရှုံးချင်ပေ။
သို့သော် ချက်ချင်းပင် ကျီချောင်ချင်၏နှလုံးသားထဲမှ နာကျင်စွာညည်းညူသံများထွက်ပေါ်လာပြန်သည်။ စိတ်အနှောင့်အယှက်ဖြစ်စရာခံစားချက်တစ်ခုသည် သူမ၏စိတ်ထဲတွင် အလိုလိုဖြစ်ပေါ်လာသည်။ အောက်ကလူတွေက ဘာလို့သူမကို အတင်းအကျပ် ဖိအားပေးနေကြတာလဲ၊ ဘာလို့ အေးအေးချမ်းချမ်းမနေကြတာလဲ!
"နတ်ဘုရား... ဘာလို့ မကူညီတာလဲ၊ ခင်ဗျားက ဘာနတ်ဘုရားလဲ၊ ကျုပ်ရဲ့ နာကျင်မှုကိုတောင် နားမလည်ဘဲနဲ့... ထွက်သွားစမ်းပါ!"
"ဗုံနတ်ဘုရား... အဲ့လူက လူသတ်မီးရှို့မကောင်းမှု ဒုစရိုက်တွေ လုပ်နေတဲ့ကောင်ပါ! ဘာလို့ သူ့ကို မခေါ်သွားတာလဲ၊ ဘာလို့ ဆက်ပြီး မကောင်းမှုတွေလုပ်ခွင့်ပေးထားတာလဲ၊ ခင်ဗျားက လူဆိုးတွေကိုပဲကာကွယ်ပြီး လူကောင်းတွေကိုမကာကွယ်ပေးဘူးလား၊ ကျွန်တော်တို့သာမန်ပြည်သူတွေက အနိုင်ကျင့်ခံဖို့ပဲ ဖြစ်လာရတာလား"
"ဗုံနတ်ဘုရား... ကျွန်မရဲ့ အစ်မ အသတ်ခံလိုက်ရပြီ! သူတို့ကို သတ်ပေးပါ! ကျွန်မအစ်မအတွက် လက်စားချေပေးပါ!"
အစ်မ ဆိုသည့် စကားလုံးသည် ဆူညံသံများကြောင့် ကိုက်ခဲနေသော ကျီချောင်ချင်၏ခေါင်းကိုရှင်းလင်းသွားစေသည်။ သူမသည် ဗုံနတ်ဘုရားမဟုတ်ကြောင်း ချက်ချင်းပြန်သတိရသွားသည်။ သူမကတုယွဲ့ပင်ဖြစ်သည်။ သူမရဲ့ ညီမလေးက သူမကို စောင့်နေတုန်းပဲ...
ကျီချောင်ချင် ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။ ဗုံကျွန်းမှ မရေမတွက်နိုင်သောလူများသည် လောဘဇောတိုက်နေသောမျက်လုံးများဖြင့် သူမကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့တစ်ယောက်စီတိုင်းတွင် ဗုံငယ်လေးတစ်လုံးစီချိတ်ဆွဲထားကြပြီး ဗုံတစ်လုံးစီတိုင်းတွင် သူမ၏ ညီမတုရှင်းရှိနေသည်ကိုအာရုံခံမိလိုက်သည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဘာလို့ ငါ့ညီမလေးက... ဝိညာဉ်ပါချေမွခံလိုက်ရတာလဲ၊ ဘာလို့ ငါကရော ဒီမှာအကျဉ်းချခံထားရတာလဲ၊ သူတို့ ဘာလို့ ငါ့ညီမလေးကိုဒီလိုလုပ်ရက်ရတာလဲ!
ကြီးမားသော နာကြည်းမှုတစ်ခုသည် ကျီချောင်ချင်၏နှလုံး သားထဲတွင်ပြည့်လျှံလာသည်။ လူတိုင်းကဆုတောင်းများပြည့်ဝစေချင်ကြသည်။ သူမ တတ်နိုင်သလောက်ကြိုးစားပေးခဲ့ပြီးပြီဖြစ်သော်လည်း သူတို့သည် သူမ ညီမလေးကိုပါဖျက်ဆီးပစ်ကြသည်။
ထိုစဉ် ကျီချောင်ချင့်နှလုံးသား၏နက်ရှိုင်းသောနေရာမှ အော်ဟစ်သံကိုထပ်ကြားလိုက်ရသည်။ ဤတစ်ခါတော့ သူမ သေချာကြားလိုက်ရပြီ... ဒါ သူမညီမလေးရဲ့ အသံပဲ...
အောက်ဘက်ရှိလူတွေက သူတို့ဆန္ဒတွေပြည့်ဖို့အတွက် သူမကိုဖိအားပေးတဲ့အနေနဲ့ ညီမလေးကို ဗုံထဲမှာထည့်ပိတ်ထားကြတာပဲ၊ သူမသာ မလုပ်ပေးရင် သူတို့ကသူ့ညီမလေးကိုနှိပ်စက်ကြလိမ့်မယ်!
ကျီချောင်ချင် သူမ၏ညီမလေးကို ပြန်တွေးမိသည်။ ညီမလေးကအရမ်းငယ်သေးတာ... စစ်ပွဲတွေ နှစ်ပေါင်းများစွာဖြစ်ပွားခဲ့တာကြောင့် သူမတို့နှစ်ယောက်က ကုကျိုးမြို့မှာအစာရှာဖို့တောင်ခက်ခဲခဲ့ကြတယ်၊ ဒါကြောင့် ညီမလေးကကြောင်ပေါက်လေးလိုသနားစရာကောင်းနေရှာတာ၊ သူတို့ရဲ့ နှိပ်စက်မှုကို သူဘယ်လိုခံနိုင်ပါ့မလဲ...
၎င်းအသိသည် ကျီချောင်ချင်အား ထိုလူများကို အလွန်အ မင်းမုန်းတီးလာစေသည်။ သူမသည် မလှုပ်ရှားနိုင်၊ စကားမပြောနိုင်ဘဲဖြစ်နေသဖြင့် သူမ၏ အားကိုးရာမဲ့မှုနှင့်စိတ်ပျက်အားငယ်မှုများသည် လူတိုင်း၏ဆန္ဒကို ခွဲခြားမနေတော့ဘဲ လိုက်လျောပေးရန်တွန်းပို့လိုက်တော့သည်။ သူမသည် မကောင်းသောရည်ရွယ်ချက်ဖြင့် ဗုံနတ်ဘုရားကျောင်းမှ ဘုန်းကြီးများကိုအိပ်မက်ပေးကာ ဗုံနတ်ဘုရားဆီမှဆုတောင်းပြည့်စေလိုလျှင် ကုကျိုးမြို့ရှိ လူတိုင်း ဘုရားကျောင်းမှကြိုးနီကို မဖြစ်မနေ ဝတ်ဆင်ရမည်ဟုမှာကြားလိုက်သည်။
ထိုကြိုးနီထဲတွင် ကျီချောင်ချင်၏ယုတ်မာသော အစီအစဉ်များပါဝင်နေသည်။ ကြိုးနီကိုဝတ်ဆင်လိုက်သည်နှင့် လူတစ်ဦးစီ၏စိတ်ထဲရှိမကောင်းသောအတွေးများကို ပိုမိုကြီးထွားလာစေသည်။
ရလဒ်အနေဖြင့် ကုကျိုးမြို့သူမြို့သားများသည် ပိုမိုလောဘ ကြီးလာကြသည်။ ဗုံနတ်ဘုရား၏တန်ခိုးဖြင့် ချမ်းသာကြွယ်ဝလာကြသဖြင့် လူအများအပြားသည် ပျင်းရိခြင်းနှင့်စားသောက်ခြင်းတို့တွင်သာ နစ်မွန်းလာကြသည်။ မြို့ထဲတွင် လောင်းကစားရုံများနှင့် အရက်ဆိုင်များပေါများလာပြီး လမ်းကြားအချို့တွင် ပြည့်တန်ဆာအိမ်များတိတ်တဆိတ်ဖွင့်လှစ်လာကြသည်။ ကုကျိုးတစ်ခုလုံးသည် အကျင့်ပျက်ခြစားမှုများနှင့် ဖရိုဖရဲဖြစ်နေပြီး လူများသည် ပိုမိုကြီးမားသော ဆန္ဒများကိုတောင့်တလာကြသည်။
"ဘာလို့ ငါ့ပိုက်ဆံက ဟိုတစ်အိမ်လောက် မများရတာလဲ၊ သူတို့ တစ်မိသားစုလုံးသာ သေသွားရင် သူတို့ပစ္စည်းတွေ ငါ သိမ်းလို့ရပြီ!"
"ငါ စာမေးပွဲ ထပ်ကျပြန်ပြီ! ဗုံနတ်ဘုရား... ငါ့မိဘတွေကို သတ်ပေးပါ! သူတို့ မျက်နှာကို ငါမကြည့်ချင်တော့ဘူး!"
"ဟွန်း! ငါ့ကို အထင်သေးတဲ့ အဲ့ဒီမိန်းမကိုရော၊ သူ့ယောက်ျားကိုရော ငါ သတ်ပစ်မယ်!"
ဆုတောင်းသူများမှာ ပိုများပြားလာသည်။ ကျီချောင်ချင်မှာ အေးစက်စွာသာကြည့်နေလိုက်သည်။ သူတို့၏ဆန္ဒများကို သူမ မဖြည့်ဆည်းပေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူတို့သည် နတ်ဘုရား၏စွမ်းအားကို မလိုအပ်တော့သောကြောင့်ဖြစ်သည်။ သူတို့ လိုအပ်သည်မှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။ နတ်ဘုရားက သူတို့ကိုကာကွယ်ပေးထားတယ်၊ ဒါကြောင့် လူသတ်ရင်တောင်ကိစ္စမရှိဘူး၊ နတ်ဘုရားက ဒီကိစ္စကိုလျှို့ဝှက်ပေးထားမှာပဲ ဆိုသည့်အသိမျိုးပင်...
သူတို့သည် အကြောင်းပြချက်ရလာသည်နှင့် ဆန္ဒများကို ကိုယ်တိုင်ဖြည့်ဆည်းလာကြသည်။ လူများသည် မတရားသောနည်းလမ်းများဖြင့် အကျိုးအမြတ်ရှာပြီး စည်းစိမ်များကို ပိုမို မဆင်မခြင်ဖြုန်းတီးလာကြချိန်တွင် သူတို့၏ ခန္ဓာကိုယ်များပေါ်၌ မိန်းမရေခွံများ စတင်ပေါက်ဖွားလာသည်။
ထိုပုံစံမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အစပိုင်းတွင် မိန်းမရေခွံအနည်းငယ်သာ ဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည်။ အချို့လူများသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ညဘက်တွင် မိန်းမများကဲ့သို့သီချင်းဆိုခြင်း၊ မိန်းမများကဲ့သို့စားသောက်ခြင်း၊ မစင်စွန့်ခြင်းများ ပြုလုပ်လာကြသည်။ အဆုံးတွင် အရေခွံများ အားလုံးကွာကျသွားပြီးနောက် ၎င်းတို့၏ဘဝနိဂုံးသို့ ရောက်ရှိသွားကြသည်။ စင်မြင့်အောက်မှ ခွင့်လွှတ်ပေးရန် တောင်း ပန်နေသောလူများကို ကြည့်ပြီး ကျီချောင်ချင် အားရပါးရရယ်မောလိုက်သည်။
ထိုအချိန်၌ သူမ၏နောက်ကျောဘက်ရှိ အရာမှ ငြင်းဆန်၍မရသောအေးစက်မှုကို ခံစားလိုက်ရသော်လည်း ထိုလူများကိုသူမ မလွှတ်ပေးခဲ့ပေ။ သူမ နောက်ကျောမှအအေးဓာတ်က အရိုးခိုက်မတတ်အေးစက်နေလျှင်ပင် သူမဂရုမစိုက်ပေ။
လူများသည် တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာကြသည်။ သူတို့မသေခင် ဗုံနတ်ဘုရားကျောင်းသို့ ယိုင်နဲ့နဲ့လျှောက်လာကြစဉ် သူတို့၏အရေပြားများသည် အဝတ် အစားများပမာကွာကျကုန်သည်။ မိန်းမရေခွံပေါက်နေသူတိုင်းသည် နတ်ဘုရား၏အမျက်ဒေါသသင့်နေမှန်းသိကြသော်လည်း သူတို့ဆန္ဒများကို သူများသိသွားမည်စိုးသဖြင့်ထုတ်မပြောရဲကြပေ။ ထို့ကြောင့် ဗုံနတ်ဘုရားကျောင်းသို့သာပြေးလာပြီး နေ့ညမပြတ်ခွင့်လွှတ်ပေးရန် ဆုတောင်းကြသည်။
သို့သော် နတ်ဘုရားများက သူတို့ကိုခွင့်မလွှတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ဆုတောင်းသံများကို နတ်ဘုရားကကြားသိသောကြောင့်ဖြစ်သည်။ မည်သည့်လျှို့ဝှက်ချက်ဆိုစေ ထာဝရဖုံးကွယ်ထား၍မရနိုင်ပေ။ ဖန်မိသားစုက တုရှင်းနှင့်တုယွဲ့ အပေါ်မည်သည့်အရာလုပ်ခဲ့သည်ကို သူတို့အားလုံး သိကြသော်လည်း မသိချင်ယောင်သာဆောင်ခဲ့ကြသည်။ ဖန်မိသားစုက တုယွဲ့၏အလောင်းကို ဗုံထဲတွင်ထည့်ထားကြောင်း (ရုပ်တုက တုယွဲ့နှင့် တူလွန်းနေသည်ကို) သူတို့သိကြသော်လည်း မသိချင်ယောင်ဆောင်ခဲ့ကြသည်။ သူတို့၏အကျိုးစီးပွားကို မထိခိုက်သရွေ့ ဘာမှမသိသည့်အလားဟန်ဆောင်နေပြီး မသိနားမလည်မှုမှရရှိလာသော အကျိုးကျေးဇူးများကိုခံစားနေကြသည်။
ဗုံကျွန်းတွင် လူအများအပြားသေဆုံးခဲ့ပြီးဖြစ်သော်လည်း ကျီချောင်ချင်ကမကျေနပ်နိုင်သေးပေ။ သူမ စိတ်ထဲတွင် တစ်စုံတစ်ခုလိုနေသေးသည်ဟု ခံစားနေရသည်။ သို့သော် ဤအချိန်၌ သူမ၏စိတ်ထဲမှအသံတစ်ခုထွက်ပေါ်လာသည်။
"ဒီလို ဆက်မလုပ်ပါနဲ့တော့... ရပ်လိုက်ပါတော့ အစ်မရယ်"
ကျီချောင်ချင် မည်သည့်ကိုမှဂရုမစိုက်ပေ။ သူမ လုံးဝ ရပ်တန့်၍မရပေ။ ဖန်မိသားစုနှင့် ကုကျိုးမြို့တင်မကဘဲ မဟာကျီနိုင်ငံတစ်ခုလုံးက လူများသေမှသာ သူမ ဒေါသပြေပျောက်မည်ဖြစ်သည်။
သူမ ငယ်စဉ်ကတိုင်းပြည်အတွက်အသက်စွန့်ပြီး ကြိုးစားခဲ့ရတာလေ... ဘာကြောင့် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ အဆုံးသတ်ရမှာလဲ!သူမ လက်မခံနိုင်ဘူး!
သို့သော် ဤအချိန်၌ ကျီချောင်ချင်၏နှုတ်မှ စကားတစ်ခွန်းထွက်သွားသည်ကို ခံစားလိုက်ရသည်။
"ကောင်းပြီလေ"
မဟုတ်ဘူး! ဒီလောက် နာကျင်မှုတွေခံစားခဲ့ရပြီးမှ သူမအနေနဲ့ လိမ်လိမ်မာမာ ရပ်တန့်လိုက်မှာမဟုတ်ဘူးဆိုတာ ကျီချောင်ချင် သူမကိုယ်သူမသိတယ်! ဘယ်သူကစကားပြောလိုက်တာလဲ!
ကြိုးနီထဲရှိ ယုတ်မာသောအစီအစဉ်များအားလုံး ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ကုကျိုးမြို့ရှိ ရောဂါဆန်းမှာ ရပ်တန့်မသွားပေ။
ဘာတွေ ဖြစ်ကုန်တာလဲ...
ကျီချောင်ချင်၏စိတ်ထဲမှ အသံမှာအလောတကြီး ဖြစ်လာသည်။
"အစ်မ... လူတွေကို ဒုက္ခမပေးပါနဲ့တော့!"
မဟုတ်ဘူး! မဟုတ်သေးဘူး...၊ ကျီချောင်ချင် သေချာကြည့်လိုက်ချိန် ကုကျိုးမြို့သူမြို့သားများတွင်ရှိသောမိန်းမအရေခွံများသည် သူမလုပ်ထားခြင်း မဟုတ်ကြောင်း တွေ့လိုက်ရသည်။
ကောင်းကင်တာအိုကို ချိုးဖောက်၍မရကြောင်း ကျီချောင် ချင်ချက်ချင်းသဘောပေါက်လိုက်သည်။ ဒါကလူတွေရဲ့အလွန်အကျွံ တောင်းဆိုမှုတွေကြောင့် ဖြစ်လာတဲ့ဝဋ်ကြွေးပဲ! ဒါကနတ်ဘုရားရဲ့အပြစ်ပေးမှုပဲ!
ရုတ်တရက်ဆိုသလို ကျီချောင်ချင်သတိရသွားသည်။ သူမကသာမန်လူတစ်ယောက်ပဲလေ၊ ကောင်းကင်ဘုံတာအို အကြောင်း သူမဘယ်လိုလုပ် သိနိုင်မှာလဲ...
တစ်ခဏချင်းမှာပင် သူမ၏ခေါင်းမှာ ပိုမိုကိုက်ခဲလာပြီး တစ်စုံတစ်ခုက မြေကြီးထဲမှဖောက်ထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။
"ကျီချောင်ချင်... မင်းက တုယွဲ့ မဟုတ်ဘူး! သတိထားစမ်း!"
ကျီချောင်ချင် ရုတ်တရက်မျက်လုံးဖွင့်လိုက်ရာ လှပသော် လည်း အေးစက်သောမျက်ဝန်းတစ်စုံနှင့် မမျှော်လင့်ဘဲ ဆုံတွေ့လိုက်ရသည်။
"နင်လည်း မြင်တယ်မဟုတ်လား"
ကျီချောင်ချင် ရယ်မောလိုက်သည်။
"လူ့စိတ်ဆိုတာ ပြိတ္တာဘုံလိုပဲ၊ ကုဖေးရန်ကလည်း အဲဒီလိုပဲ၊ ကုကျိုးက လူတွေလည်းအဲဒီလိုပဲ၊ ရှန်ကျွင်း... ရှင်ကိုယ်တိုင်တောင် အကောင်းနဲ့အဆိုး မခွဲခြားနိုင်ဘဲနဲ့ သူများကိုတရားချချင်နေသေးတယ်၊ ရှင် တရားချတာတွေကတကယ်ရယ်စရာကောင်းလိုက်တာ!"
🍃 Chapter 46
ရှန်ကျွင်း နှုတ်ခမ်းကိုစေ့ထားပြီး သူ၏မျက်နှာပေါ်တွင် ရှုပ်ထွေးပူပန်သောအမူအရာများ ပေါ်နေသည်။
ကျီိချောင်ချင် ဘေးပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်သောအခါ သူမတို့သည် ဗုံနတ်ဘုရားကျောင်းအပြင်ဘက်သို့ရောက်နေကြောင်း တွေ့လိုက်ရသည်။
သူမငုံ့ကြည့်လိုက်သည့်အခါ သူမနှင့်ရှန်ကျွင်းတို့
နှစ်ဦးစလုံးကြိုးတုပ်ခံထားရပြီး သူမတို့ပတ်လည်တွင်ထင်းပုံများစီထားကာ လောင်စာဆီနံ့ခပ်ပြင်းပြင်းက သူမတို့နှာခေါင်းထဲသို့တိုးဝင်လာသည်။ ကျီချောင်ချင် အလိုအ လျောက်မျက်မှောင်ကြုတ်မိလိုက်သည်။ လူများသည် မီးတုတ်များကိုကိုင်ဆောင်ထားကြပြီး မှိန်ဖျော့ဖျော့မီးရောင်မှာ သူမတို့၏ မျက်နှာများကိုလင်းလက်စေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များတွင် မိန်းမအရေခွံများဖုံးလွှမ်းနေသော်လည်း ကြောက်စရာအကောင်းဆုံးအချက်မှာ ၎င်းတို့၏မျက်လုံးများပင်ဖြစ်သည်။
၎င်းတို့သည် ကျီချောင်ချင်နှင့်ရှန်ကျွင်းကို မုန်းတီးစွာကြည့်နေကြပြီး အရှင်လတ်လတ်ဝါးမြိုပစ်ချင်နေသည့်အလားထင်ရသည်။ ၎င်းတို့အမြင်တွင် ဤနှစ်ယောက်သည် လူကိုဒုက္ခပေးသောမိစ္ဆာကောင်များနှင့်မခြားနားပေ။ အမှန်တွင်လည်း သူတို့နှစ်ယောက် ဘာမှမလုပ်ခဲ့ကြပေ။
ခေါင်းဆောင်ဖြစ်သူကကျယ်လောင်စွာအော်ပြောလာသည်။
"ဒီနှစ်ယောက်က ကုကျိုးကိုစရောက်ကတည်းက စစ်သူကြီးကိုဆန့်ကျင်ခဲ့ကြတယ်၊ အခုလည်း ဗုံနတ်ဘုရားကျောင်းကိုပါဖျက်ဆီးချင်နေကြတယ်၊ သူတို့ကမိစ္ဆာတွေပဲ!
အထူးသဖြင့် အဲ့ကောင်လေးဆို လွန်ခဲ့တဲ့နှစ်ရက်လုံးလုံး မြို့ထဲမှာဗုံနတ်ဘုရားကျောင်းအကြောင်း ကောလာဟလတွေဖြန့်ပြီး ငါတို့နဲ့ဗုံနတ်ဘုရားကြား သွေးခွဲဖို့ကြိုးစားခဲ့တာ၊ သူ့ရည်ရွယ်ချက်ကယုတ်မာလွန်းတယ်၊ ဒီနေ့တော့..."
"မိစ္ဆာတွေ သရဲတွေက လူ့အရေခွံ ဝတ်ထားကြတာကိုး"
ကျီချောင်ချင်သည် လူအုပ်ကြီး၏ ဒေါသထွက်နေသောမျက်နှာများကိုကြည့်ပြီး မရယ်ဘဲမနေနိုင်အောင်ဖြစ်သွားသည်။
"ကုကျိုးမြို့သူမြို့သားတွေကတကယ် ရယ်စရာကောင်းတာပဲ၊ အရိုးမှာတွယ်ကပ်နေတဲ့ လောက်ကောင်တွေလိုပဲ တုယွဲ့နဲ့တုရှင်းတို့ရဲ့ စတေးမှုကိုအချောင်နှိုက်နေကြတာပဲ၊ သူတို့ကိုလွတ်မြောက်ခွင့်မပေးဘဲ သူတို့ရဲ့ဝိညာဉ်တွေကို ဘုရားကျောင်းရဲ့စည်ထဲမှာအကျဉ်းချထားတယ်၊ အဲဒီတုန်းက သူတို့ကိုကူညီပေးဖို့ တစ်ယောက်မှထမလာခဲ့ကြဘူး၊ အခု ကျွန်မတို့နှစ်ယောက် ဗုံနတ်ဘုရားကျောင်းထဲ ရောက်လာတာနဲ့ ကျွန်မတို့ကိုသတ်ဖို့လုပ်နေကြပြီ"
တကယ့်ကိုရယ်စရာကောင်းလိုက်တာ...၊ တုယွဲ့သည် သူ့ဘဝတစ်ခုလုံးအား မိသားစုနှင့်တိုင်းပြည်အတွက် ပေးဆပ်ခဲ့သော်လည်း အဆုံးတွင်မိစ္ဆာဖြစ်ခဲ့ရပြီး ဗုံနတ်ဘုရားကျောင်းထဲ အကျဉ်းချခံရပြီး နတ်ဘုရားအဖြစ် အတင်းအကျပ်ခိုင်းစေခံခဲ့ရသည်။ ထိုလူများဗုံတီးလိုက်တိုင်း တုရှင်းက ဝိညာဉ်ကိုထုနှက်ခံရသောနာကျင်မှုကိုခံစားရပြီး တုယွဲ့သည်တော့ လူများ၏ဆန္ဒကိုဖြည့်ဆည်းပေးရန် ခွေးတစ်ကောင်ပမာနေပြခဲ့ရသည်။ ဒီမိစ္ဆာမက တခြားနတ်ဘုရားတွေထက် အများကြီးပိုအသုံးဝင်နေတာကိုး..
ကျီချောင်ချင်၏ မျက်လုံးများမှာမှိုင်းညို့နေသည်။
"ရှန်ကျွင်း... ခုနက ကျွန်မ တုယွဲ့ရဲ့အတိတ်ထဲရောက်သွားတုန်းက သူဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာ ရှင်လည်းမြင်ခဲ့တယ်မလား၊ တုယွဲ့နဲ့တုရှင်း ညီအစ်မနှစ်ယောက်ရဲ့ကံကြမ္မာက ကုဖေးရန်နဲ့ဖန်မိသားစုရဲ့ အပြစ်ကြောင့်ချည်းပဲမဟုတ်ဘူး၊ သူတို့ရဲ့သေဆုံးမှုက ကုကျိုးမြို့သူမြို့သားတွေ ဖန်တီးခဲ့တာပဲ"
လောကကြီးရှိသာမန်လူများသည် ဂုဏ်သိက္ခာနှင့် စည်းစိမ်ဥစ္စာများကြား အလုပ်ရှုပ်နေကြသည်။
ကျီချောင်ချင်သည် ရှန်ကျွင်း ယခင်ကမမြင်ခဲ့ဖူးသောအရာများကိုခွဲခြမ်းစိတ်ဖြာပြီး ရှင်းပြနေသည်။ သူမ၏စကားများကြောင့် ရှန်ကျွင်း၏ အသက်ရှူသံများတိုးညှင်းသွားပြီး နဖူးပေါ်တွင်ချွေးစများထွက်လာသည်။
လူများ၏မုန်းတီးမှုသည် ကြီးမားလွန်းကြောင်း သူ ခံစားလိုက်ရသည်။ ရှန်ကျွင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။ အချိန်တိုအတွင်းမှာပင် ကုဖေးရန်သည် ရည်မှန်းချက်ကြီးသူတစ်ယောက် ဖြစ်လာပြီး၊ လက်နက်မဲ့ပြည်သူများမှာယုတ်မာသောတရားခံများဖြစ်လာကာ၊ ကြောက်မက်ဖွယ်ကောင်းသောမိစ္ဆာကောင်ဆိုသည်မှာ သနားစရာအကောင်းဆုံးသားကောင် ဖြစ်လာခဲ့သည်။
တစ်ညတည်းနှင့် အခြေအနေများအားလုံး ပြောင်းပြန်လှန်သွားသည်ကို ရှန်ကျွင်း မျက်ဝါးထင်ထင်ကြုံတွေ့လိုက်ရသည်။ ကျီချောင်ချင်က သူ့ကို အတင်းအကျပ်လက်ခံခိုင်းနေခြင်း မဟုတ်ပေ။
အမှန်တရားက သူ့ကို မှားကြောင်းဝန်ခံခိုင်းလိုက်တာပဲ၊ သူမှားသွားတာလား၊ လူတွေကိုအကောင်းဘက် ရောက်အောင်လမ်းပြပေးတာ မှားလား၊ သူတို့ကို လမ်းမှန်ပြန်ပို့ပေးတာမှားတာလား...
ရှန်ကျွင်းမျက်လွှာချလိုက်သည်။ တောက်လောင်နေသောမီးရောင်အောက်တွင် သူသည်ဝမ်းနည်းပူဆွေးနေပုံရသည်။ ကျီချောင်ချင်မှာ ဤအရာကိုသတိမထားမိပေ။ သူမကြိုးတုပ်ခံထားရပြီး မန္တန်စာရွက်များလည်း ထုတ်မရကြောင်းသတိပြုမိလိုက်သည်။ ဝိညာဉ်စွမ်းအားကိုသုံးပြီး ကြိုးဖြတ်မည်ဆိုပါက သူမ၏ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားနိုင်သည်။
ထို့အပြင် ကျီချောင်ချင်မှာ အရေးကြီးသောပြဿနာတစ်ခုကိုတွေ့ရှိလိုက်သည်။ သူမတွင် မန္တန်စာရွက် အနည်းငယ်သာကျန်တော့ပြီး ဖြုန်းတီး၍လည်းမဖြစ်ပေ။ ထို့အပြင် ချန်ကျင်းကျစ်ဆီမှအစီရင်၏အမြုတေကိုထုတ်ယူရန် ဝိညာဉ်စွမ်းအား အမြောက်အမြားလိုအပ်မှာဖြစ်ပြီး အတင်းအကျပ် ထုတ်ယူပါက ကျီချောင်ချင်အသက်အန္တရာယ်ရှိနိုင်သည်။ ကျီချောင်ချင်တွင် အကူအညီတောင်းစရာလူလည်းမရှိပေ။ ချန်ကျင်းကျစ်က သူမ၏ အကြံအစည်များကိုရိပ်မိလောက်ပြီး သူမ၏အခြားမိတ်ဆွေဟောင်းအများစုကလည်း သေသူသေ၊ မသန်မစွမ်းဖြစ်သူဖြစ် သို့မဟုတ် ဘယ်ရောက်နေမှန်းမသိကြတော့ပေ။ သူမတွင် ချန်ဝမ်ရှန်းတစ်ယောက်သာကျန်ရှိပြီး သူသည်လည်း ကမ္ဘာအနှံ့လိုက်လံပြီး သူမကိုသတ်ဖြတ်ရန် ရှာဖွေနေလောက်သည်။
အစီအရင်အမြုတေကိုသွားယူပေးရန် ချန်ဝမ်ရှန်းကို အကူအညီတောင်းရမလားဟု ကျီချောင်ချင်စဉ်းစားလိုက်သည်။ သို့သော် သူမတွန့်ဆုတ်သွားမိသည်။ ထိုဒုတိယဆရာတူအစ်ကိုသည် အလွန်ကြမ်းတမ်းလွန်းသည်။ သူမ စကားမပြောရသေးခင် အရင်ဦးစွာရိုက်နှက်ပြီးတောင်ပေါ်တွင်ဖမ်းချုပ်ကာ ကျင့်ကြံခိုင်းလိမ့်မည်ဟု ထင်မှတ်လိုက်သည်။
ကျီချောင်ချင်သည် ရှန်ကျွင်း၏မျက်နှာကို မကြည့်ဘဲမနေနိုင်တော့ပေ။ သူမ သေချာစဉ်းစားကြည့်ချိန် တွင် ရှန်ကျွင်း၏လှုပ်ရှားမှုနည်းစနစ်များမှာ ထူးဆန်းသော်ငြားထိရောက်ပေသည်။ လီမင်လော့လို ကပ်ဘေးကျော်လွှားအဆင့်ရှိသောသူနှင့် ယှဉ်လျှင်တောင်အားနည်းမနေပေ။ လမ်းတစ်လျှောက်လုံးမှာလည်း သူမအား လူများကိုမဆင်မခြင်မသတ်ရန် ပြောခြင်းမှလွဲပါက သူမကိုဒုက္ခပေးသည့် မည်သို့သောအလုပ်မှမလုပ်ခဲ့ပေ။
ထို့ကြောင့်လည်း ရှန်ကျွင်းသည် သုံးလို့ကောင်းသောကိရိယာလေးတစ်ခုလိုပင်။ သူ့တွင် ဝိညာဉ်စွမ်းအား မရှိသော်လည်း ဝိညာဉ်ကျောက်တုံးတွေထဲက စွမ်းအားကိုသုံးပြီး မန္တန်များကိုသုံးနိုင်သည်။ သူသည် စိတ်ထားနူးညံ့ကာ၊ ရိုးအကာ၊ လိမ်ရလွယ်သည့်အပြင် အရေးအကြီးဆုံးအရာမှာ သူသည် အတိတ်မေ့နေပြီး အခုလက်ရှိသင်ခန်းစာကြောင့် သူမကို ယခင်ကလောက်သတိမထားလောက်ချေ။
သူက တကယ့်ကို ပြီးပြည့်စုံတဲ့... ကိရိယာလေးပဲ...
အရေးအကြီးဆုံးမှာ သူမသည် ဤသောက်ကျိုးနည်း နာကျည်းမှုအငွေ့အသက်များ နှိပ်စက်သည်ကို နှစ်ပေါင်းတစ်ရာလောက်ခံစားခဲ့ရသဖြင့် သည်းခံနိုင်စွမ်းကုန်ဆုံးလုနီးပါးဖြစ်နေသည်။ သူမ အမှန်တကယ်မခံနိုင်တော့ပေ။ ညတိုင်းသည် သူမအတွက် ငရဲလိုဖြစ်သဖြင့် ကြာပါက သူမရူးသွားလိမ့်မည်။
ရှန်ကျွင် ပေါ်လာသည်မှာ ကျီချောင်ချင်အတွက် မျှော်လင့် ချက်ရောင်ခြည်လေးတောက်ပနေသလိုပင်။
တစ်ခဏအတွင်းမှာပင် ကျီချောင်ချင်၏ဦးနှောက် အလုပ်လုပ်သွားပြီး အတွေးပေါင်းစုံဝင်ရောက်လာသည်။ထိုစဥ် ရုတ်တရက် ရှန်ကျွင်း၏အေးစက်သောအသံကို ကြားလိုက်ရသည်။
"ငါ ရှုံးသွားပြီ"
သူ အရှုံးပေးလိုက်သည်ကို သူမအံ့သြသွားသည်။ သို့သော် လျင်မြန်စွာပင် ရှန်ကျွင်းတွေဝေနေမှုကို သတိပြုမိပြီး သူမ အနည်းငယ်ပြုံးလိုက်သည်။
"တကယ်တော့ ဒီလောကကြီးမှာ လူကောင်းနဲ့လူဆိုးကခွဲခြားရခက်ပါတယ်၊ ရှင်က အတိတ်မေ့နေတော့ လူ့သဘောသဘာဝကို ထိန်းချုပ်ဖို့ခက်ခဲနေတာပါ"
ထိုစကားအား ပထမဆုံးကြားလိုက်လျှင် နှစ်သိမ့်စကားပမာထင်ရသော်လည်း ရှန်ကျွင်းသည် ခေတ္တတန့်သွားပြီး ကျီချောင်ချင်၏စကားကို မငြင်းဆန်ခဲ့ပေ။ ကျီချောင်ချင် မျက်လုံးလှန်ကြည့်လိုက်သည်။
"ရပါတယ်၊ ရှင်မှားမှန်းသိတာ ကောင်းတာပေါ့၊ နောက်ဆိုရင် ဘာပဲလုပ်လုပ်ကျွန်မနဲ့တိုင်ပင်၊ စိတ်မြန်လက်မြန်မလုပ်နဲ့၊ အခြေအနေပိုဆိုးသွားတတ်တယ်"
ရှန်ကျွင်း ခဏမျှတိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
"မင်းက ဘာလို့ ဗုဒ္ဓမန္တန်တွေ သုံးတတ်တာလဲ"
ကျီချောင်ချင် သူမ၏လက်ကောက်ဝတ်ရှိ စိပ်ပုတီးကိုကြည့်ကာပြောလိုက်သည်။
"နတ်ဆိုးတွေကို တိုက်ခိုက်တဲ့စစ်ပွဲတုန်းက အသက်ရှင်ဖို့အတွက် ကျွန်မ မသင်ဖူးတဲ့ပညာရပ်က ဘာမှမရှိတော့လို့လေ"
ထိုသည်မှာ ရှန်ကျွင်း လိုချင်သောအဖြေမဟုတ်ပေ။ သို့သော် သူ ထုတ်မပြောဘဲတိတ်ဆိတ်ငြိမ်သက်နေလိုက်သည်။ကျီချောင်ချင် သူ့အတွေးများကို နားမလည်နိုင်ပေ။ သူမလိုလူယုတ်မာတစ်ယောက်က ဒီလောက်စိတ်ထားဖြူစင်တဲ့သူရဲ့အတွေးကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ...
"ရှန်ကျွင်း... ရှင် ဗုဒ္ဓဘာသာအကြောင်းသင်ချင်ရင် ပြောလို့ရတယ်၊ ကျွန်မ သင်ပေးနိုင်တယ် ဒါပေမဲ့ အခုကအချိန် ကောင်းမဟုတ်ဘူး၊ ကျွန်မကိုအရင် ခေါ်ထုတ်သွားပေးပါလား"
၎င်းစကားကိုကြားသောအခါ ရှန်ကျွင်းသည် ကျီချောင်ချင်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
ထိုအချိန် အောက်ဘက်မှသာမန်လူတစ်ယောက်သည် မီးတုတ်ကို ကျီချောင်ချင်ရှေ့ရှိ ထင်းပုံပေါ်သို့ ပစ်ချလိုက်ရာ မီးတောက်များအရှိန်ပြင်းစွာ ထတောက်လာပြီး သူမ၏ အဝတ်စကိုပင် မီးဟပ်လုနီးပါးဖြစ်သွားသည်။ ရှန်ကျွင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြိး သူ့ရေခဲချိုးဖျက်ဓားသည် အဝေးမှပျံသန်းလာပြီး သူတို့နှစ်ဦးကို တုပ်နှောင်ထားသောကြိုးများကိုဖြတ်တောက်ပစ်လိုက်သည်။ ရှန်ကျွင်းသည် သူမ ခါးကိုဖက်ကာ မီးပုံထဲမှဆွဲထုတ်လိုက်သည်။
လူများသည် ရှန်ကျွင်း၏စွမ်းရည်ကြောင့်လန့်သွားကြပြီး ကြောက်လန့်တကြားနောက်ဆုတ်သွားကြသည်။
"မိစ္ဆာ! ဒါ မိစ္ဆာကောင်ပဲဖြစ်ရမယ်!"
"ငါတို့ကို မိန်းမအရေခွံဖြစ်အောင်လုပ်တဲ့ မိစ္ဆာတွေက သူတို့ဖြစ်လောက်တယ်!"