← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

🍃 Chapter 47

"ဟုတ်တယ် သေချာတယ်! ဟေ့ မိစ္ဆာကောင်! ငါတို့ဆီကရောဂါကိုအမြန်ပြန်ယူသွားစမ်း!"

လူများသည် ကြောက်ရွံ့နေကြသော်လည်း ရန်လိုနေကြပြီး သူတို့၏အသွင်အပြင်မှာ အမှန်တကယ် အရုပ်ဆိုးအကျည်း တန်လှသည်။ ရှန်ကျွင်းသည် ဓားကိုကန့်လန့်ဖြတ်ကိုင်ထားပြီး သူတို့ကိုပိတ်ဆို့ထားလိုက်သည်။

ထိုသည်ကိုမြင်တော့ ကျီချောင်ချင်ရယ်မောလိုက်သည်။

"ရှန်ကျွင်း... ရှင် လုပ်တာ ကောင်းပါတယ်၊ ကံမကောင်းတာက တစ်ခါတလေကြင်နာမှုက အပြစ်တစ်ခုဖြစ်နေတတ်တယ်၊ မကောင်းမှုကို ပြတ်ပြတ်သားသားနှိမ်နင်းတာက ကောင်းမှုကိုမြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းပဲ"

ကျီချောင်ချင်သည် ရှေ့ကဦးဆောင်ပြီး ဗုံနတ်ဘုရားကျောင်းထဲသို့ဝင်သွားသည်။ ရှန်ကျွင်းသည် ထိုနေရာတွင်ရပ်ကျန်နေခဲ့ပြီး ကျီချောင်ချင်၏စကားများကိုစဉ်းစားနေပုံရသည်။ ရှန်ကျွင်းက သူတို့ကို ဒုက္ခမပေးဘူးဆိုတာသိသွားသဖြင့် လူတစ်ယောက်သည် သတ္တိမွေးကာရှေ့ထွက်လာခဲ့သည်။

"ငါတို့ရဲ့ဗုံနတ်ဘုရားကျောင်းကို အဖျက်ဆီးမခံနဲ့၊

သူတို့ကို တားကြ!"

သာမန်လူတစ်ယောက်က ကျီချောင်ချင်၏ အဝတ်အစားကို လှမ်းဆွဲရန်ကြိုးစားလိုက်သော်လည်း သူ့လက်နှင့်မထိခင်မှာပင် ရှန်ကျွင်းက လက်ဝါးရိုက်ချက်ဖြင့် သူ့ကိုလွင့်ထွက်သွားအောင် လုပ်လိုက်သည်။ ထိုလူမှာအငိုက်မိသွားပြီး နောက်သို့လွင့်ထွက်ကာသွေးအန်သွားလေသည်။

သာမန်ပြည်သူများသည် ဆက်ပြီးမိုက်ရူးရဲမဆန်ကြတော့ပေ။ ရှန်ကျွင်းလည်း ထပ်မတိုက်ခိုက်တော့ဘဲ အေးစက်စွာပြောလိုက်သည်။

"ရှေ့မတိုးလာနဲ့တော့ မဟုတ်ရင်..."

သူ စကားကို ထိုနေရာတွင်ခေတ္တရပ်လိုက်ပြီး တစ်စုံတစ် ယောက်၏လေသံကို ပြန်သတိရလိုက်သည့်အလား စဉ်းစားလိုက်ကာဆက်ပြောသည်။

"သတ်ပစ်မယ်!"

ထိုလူ၏ယုတ်မာသောအရှိန်အဝါနှင့်မတူဘဲ ရှန်ကျွင်း၏ စကားလုံးများသည် ခိုင်မာပြတ်သားပြီး ကျူးကျော်၍မရနိုင်သော သဘောသက်ရောက်နေသည်။ ကျီချောင်ချင် တိတ်တ ဆိတ်ပြုံးလိုက်ပြီး ဗုံနတ်ဘုရားကျောင်းထဲသို့ဝင်ရောက်သွားသည်။

ခန်းမထဲတွင်လူသူကင်းမဲ့နေပြီး ဆုတောင်းအလံများမှာ လေထဲတွင်ဝဲပျံနေသည်။ ကုဖေးရန်သည် တစ်စုံတစ်ခုကိုစောင့် မျှော်နေပုံရသည်။ ကုဖေးရန် နောက်တွင် ရပ်နေသောမိစ္ဆာကောင်သည် အသံကြားသဖြင့်ကျီချောင်ချင်ကို လှည့်ကြည့်လိုက်သည်။ ကျီချောင်ချင်ကပြန်ကြည့်လိုက်ရာ တစ်ခဏအတွင်းမှာပင် မိစ္ဆာကောင်၏ဆိုလိုရင်းကို နားလည်လိုက်သည်။

ယခုအချိန်ဆို မိုးလင်းသင့်ပြီဖြစ်သော်လည်း ခန်းမအပြင်ဘက်တွင် လေအေးများတိုက်ခတ်နေပြီး ကောင်းကင်ကို အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသဖြင့် ညဘက်နှင့်မခြားနားပေ။ လေထုထဲတွင်စီးဆင်းနေသောစွမ်းအားတစ်ခုကို ကျီချောင်ချင် ခပ်သဲ့သဲ့အာရုံခံမိလိုက်သည်။ တစ်စုံတစ်ခုပေါ်ထွက်လာတော့မည်။

ရှန်ကျွင်းသည် ဓားကိုကိုင်ဆောင်လျက် ကျီချောင်ချင်နောက်မှလိုက်လာသည်။ သူ့မျက်နှာထားမှာ အေးစက်နေပြီး ဓားသွားထက်တွင်အလင်းရောင်လက်နေသည်။

ကုဖေးရန် ပြုံးပြီးပြောလိုက်သည်။

"ဟူး... အစ်ကိုရှန်က သိက္ခာရှိပြီးဖြောင့်မတ်တဲလူကြီးလူကောင်းပီသပါပေတယ်၊ ကျွန်တော် မင်းကိုစည်းရုံးနေတာကြာလှပြီ၊ မင်းက ကျွန်တော့်ကိုကူညီဖိုငြင်းဆန်ရုံမကဘူး အခု ကျွန်တော့်ရန်သူဘက်ရောက်နေပြီ၊ တကယ်စိတ်ပျက်စရာကောင်းလိုက်တာ!"

ကျီချောင်ချင်လှောင်ပြောင်လိုက်သည်။

"ရှင်က သာမန်လူသားဖြစ်ပြီးတော့ နတ်ဘုရားလက်နက်ကိုပိုင်ဆိုင်ချင်နေတာလား? စိတ်ကူးယဉ်လိုက်တာ၊ သူက ရှင့်ကိုဘယ်ကူညီပါ့မလဲ"

ကုဖေးရန်သည် ရှန်ကျွင်းကို မသိမသာသတိထားကြည့်လိုက်သည်။

"ခင်ဗျား ထွက်မသွားချင်မှတော့ အဲ့ဒီမိစ္ဆာမတုယွဲရဲ့လက် ချက်နဲ့ သေဖိုသာပြင်ထားလိုက်တော့!"

ထိုသိုပြောပြီးသည်နှင့် မိစ္ဆာသည် ကျီချောင်ချင်နှင့် ရှန်ကျွင်းဆီအမြန်ပြေးဝင်လာသည်။

"ရှင် မှားနေပြီ၊ တုယွဲက ဘယ်တုန်းကမှမိစ္ဆာမဖြစ်ခဲ့ဘူး"

ကျီချောင်ချင်သည် တည်ငြိမ်စွာပင် ခွင်းလွန်ဓားကို ဆင့်ခေါ်လိုက်ပြီး ဧရာမရုပ်တုကြီးကို ဓားချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းပစ်လိုက်သည်။ မူလရုပ်တုကြီး၏အနောက်တွင် မထင်ရှားသောအခြား ရုပ်တုတစ်ခုရှိနေပြီး ထိုရုပ်တု၌ အလောင်းကောင်တစ်ခုမှီထားသည်။ အဝေးမှကြည့်လျှင် ရုပ်တုသည် အလောင်းကောင်ကိုပွေ့ဖက်ထားသည့်ပမာ ထင်ရသည်။

အလောင်းကောင်တွင်အရိုးစုသာကျန်တော့သော်လည်း ထိုအရိုးစုမှ ရွှေရောင်အလင်းတန်းများ သဲ့သဲ့မျှထွက်ပေါ်နေပြီး အင်‌မော်တယ်အရိုးများဟုထင်ရသည်။

တုယွဲသည် သူမ၏ဘဝတစ်ခုလုံးကို မိသားစုနှင့် တိုင်းပြည်အတွက်ပေးဆပ်ခဲ့ပြီး သေသင့်သူများကိုသာသတ်ဖြတ်ခဲ့သည်။ အသတ်ခံလိုက်ရသော ကုကျိုးမြိုသူမြိုသားများ သည် လောဘကြီးသူများသာဖြစ်သည်။ သူတိုသာ ယုတ်မာသောဆန္ဒများမရှိခဲ့လျှင် နတ်ဘုရားထံဆုတောင်းကြမည်မဟုတ်သလို သေဆုံးကြမည်လည်းမဟုတ်ပေ။

မိစ္ဆာကောင် ရပ်တန့်သွားပြီး ရုတ်တရက်စူးရှသော အော်ဟစ်သံကြီးပြုလုပ်လာသည်။ ထိုဟိန်းဟောက်သံနှင့်အတူ ချက်ချင်းပင်ပြာကျသွားလေသည်။

ကုဖေးရန်လည်း အံ့သြသွားသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူသာ မိစ္ဆာမဟုတ်ရင် ဒီလောကကြီးမှာမိစ္ဆာရှိသေးလိုလား"

ကျီချောင်ချင်သည် အရိုးစုကိုပွေ့ဖက်ထားသော ရုပ်တုကို ကြည့်လိုက်သည်။ ရုပ်တုမှာရှေးကျလွန်းပြီး မူလပုံစံကိုပင်မခွဲခြားနိုင်တော့ပေ။ သိုသော် ထိုရုပ်တုသည် တုယွဲ၏အရိုးစုကို တိတ်တဆိတ်ပွေ့ဖက်ထားပြီး ဗုံထဲတွင်ပိတ်မိနေစဉ် တုယွဲရူးသွပ်မသွားအောင်ကာကွယ်ပေးထားခဲ့သည်။

"ရှင်က တုရှင်းကို ဖုန်မှုန့်လိုသဘောထားပေမဲ့ သူနဲ့ သူ့အစ်မက မိသားစုဆိုတာမေ့နေတာပဲ၊ တုယွဲက တုရှင်းကို ကာကွယ်ဖိုအသက်ပေးရဲရင် တုရှင်းကရော သူ့အစ်မကိုဘယ်လိုလုပ်စွန့်ပစ်ရက်မှာလဲ"

သူတိုသေဆုံးပြီးနောက် တုရှင်း၏သွေးများသည် တုယွဲ၏ သွေးများနှင့်ရောနှောသွားသည်။ တုယွဲနာကြည်းမှုပြင်းထန်လွန်းသဖြင့် တုရှင်းကို တိုက်ရိုက်သက်ရောက်စေခဲ့သည်။ တုရှင်းက ဤစွမ်းအားကိုသုံးပြီး သူမဝိညာဉ်အစိတ်အပိုင်းတချိုကိုစုစည်းလိုက်သည်။ သူ့အစ်မမှာ ပြန်လည်ဝင်စားခြင်းမဟုတ်ဘဲ ဖန်းမိသားစု၏အသုံးချတာခံနေရပြီး ဗုံထဲမှာအပိတ်လှောင်ခံရတော့မယ်ဆိုတာကို သိသွားခဲ့သည်။

တုရှင်းက သူမအစ်မကိုမစွန့်ပစ်နိုင်ခဲ့ပေ။ သူမသည် အပိုင်း ပိုင်းအစစဖြစ်နေချေသည်။ သူမ ဝိညာဉ် အစိတ်အပိုင်းတချိုကိုစုစည်းနိုင်ခဲ့သော်လည်း အများစုကပျောက်ကွယ်သွားပြီဖြစ်သောကြောင့် လေလွင့်သရဲတစ္ဆေတစ်ကောင်ထက်တောင် အခြေအနေဆိုးနေသေးသည်။ သူ့အသိစိတ်သည် အလွန်အားနည်းလွန်းသည်။

ဖန်မိသားစုက ဗုံနတ်ဘုရားကျောင်းဆောက်သည့်အခါ မည်သည့်ခေတ်ကဆောက်ထားမှန်းမသိ၊ လူကိုးကွယ်မှုမရှိတော့သော ကျောင်းဟောင်းကြီးကိုဖြိုချခဲ့သည်။ ထိုကျောင်းဟောင်းကိုဖျက်ပြီးမှ ကျောင်းသစ်ဆောက်ကြသည်။ လက် သမားတစ်ယောက်သည်ပျင်းလွန်းသဖြင့် ဗုံကြီးနှင့် ကွယ်နေသည်ဟုသာတွေးကာ နံရံကရုပ်တုဟောင်းများကို မဖျက် ဆီးဘဲထားခဲ့လိုက်သည်။

တုရှင်းက သူမ အစ်မ၏စွမ်းအားအနည်းငယ်ကိုသုံးပြီး အစ်မဖြစ်သူ၏ရုပ်အလောင်းကို ရုပ်တုဟောင်းပေါ်ဆွဲတင်ခဲ့သည်ာ။ နေ့တိုင်းနတ်ဘုရားဆီ ဆုတောင်းသည်မှာလည်း သူမအစ်မကိုကာကွယ်ပေးရန်အတွက် လူပြန်ဝင်စားခွင့်ရရန်ဖြစ်သည်။ ထိုအတွက် တုရှင်းက ကျန်ရှိနေသောသူမ၀ိညာဉ်ကို ရုပ်တုဆီပူဇော်လိုက်သည်။

ထိုသိုပြုလုပ်ခြင်းမှလွဲ၍ ဝိညာဉ်အစအနလေးသည် မည်သည့်အရာမှမတတ်နိုင်ရှာပေ။ရုပ်တုသည် အဆုံးတွင် တုရှင်း၏ဆုတောင်းကိုတုံပြန်ခဲ့သည်။ နေ့တိုင်းပင် တုယွဲ၏နှလုံးသားကို နွေးထွေးစေပြီး နာကြည်းမှုများခံစားနေရချိန်မှာတောင် ကိုယ့်စိတ်ကိုယ် ထိန်းထားနိုင်အောင်ကူညီပေးခဲ့သည်။

အစောက ကျီချောင်ချင်ရုပ်တုထဲတွင်ရှိနေစဉ်တွင် တုရှင်း လုပ်ခဲ့သမျှကိုခန့်မှန်းမိလိုက်သည်။ တုယွဲလည်း ရိပ်မိလောက်သည်ဟု သူမထင်သည်။ တုရှင်းကလွဲလျှင် ဤလောကကြီးမှာ မည်သူကမှသူမနှင့် သွေးသားတော်စပ်သူမရှိပေ။ အမှောင်ထုထဲမှာ သူမကိုလှမ်းခေါ်ပြီး အနောက်ပြန်လှည့်ရန်တိုက်တွန်းနေသူမှာ တုရှင်းသာဖြစ်နိုင်သည်။

သိုဖြစ်ရာ တုယွဲ၏နာကြည်းမှုများသည်ပျောက်ကွယ်သွားတာကြာပြီဖြစ်သည်။ မိစ္ဆာကောင်ဆိုတာ အခွံသက်သက်ပင်။ ထိုကြောင့် ကျီချောင်ချင် ဗုံကြီးကိုခွဲလိုက်သဖြင့် အခွံကြီးသည်လည်းကြေမွသွားခြင်းဖြစ်သည်။ ကျီချောင်ချင်သည် လူဝင်စားအဆောင်ကိုထုတ်ယူပြီး ဂါထာရွတ်ဆိုကာ လေထဲသိုပစ်တင်လိုက်သည်။

တုယွဲ၏အရိုးစုသည် ချက်ချင်းပင်ရွှေရောင်ပြာမှုန့်များအဖြစ်ပြောင်းလဲသွားပြီး အဆောင်စာရွက်နှင့် ရစ်ပတ်ကာ လေထဲတွင်ဝဲပျံနေသည်မှာ ထွက်မသွားချင်သည့်အလားပင်။ ကျီချောင်ချင်က အဆောင်စာရွက်နှင့် ပြာမှုန့်များကိုဖမ်းယူလိုက်ရာ သူမလက်ထဲသိုကျရောက်လာသည်။

"ရှင် ထိန်းချုပ်ထားတဲ့ မိစ္ဆာကောင်ဆိုတာ တုယွဲရဲ့မကောင်းတဲ့အတွေးအစအနလေး တစ်ခုလောက်ပဲရှိတာ"

အခု လူဝင်စားအဆောင်ပေါ်လာတော့ အဲဒီမကောင်းတဲ့အတွေးစလေးလည်းပျောက်ကွယ်သွားပြီ...

"တုရှင်းကို တစ်ကိုယ်ကောင်းဆန်တဲ့သူလိုထင်ထားတာ... မထင်မှတ်ထားဘူး... တကယ့်ကိုစိတ်ထိခိုက်စရာပဲ..."

ကုဖေးရန် စကားလမ်းကြောင်းလွှလိုက်သည်။

"မင်းကို ပထမဆုံးမြင်တုန်းက ငါနဲ့တူတဲ့လူပဲလို ခံစားမိတယ်၊ ငါ့ရဲ့လူကဲခတ်တဲ့စွမ်းရည်ကောင်းတယ်လို ထင်ခဲ့ပေမဲ့ မှားသွားတာပဲ"

"ရှင်က ကျွန်မနဲ့တူတယ်လိုပြောရဲသေးတယ်လား"

လေပြင်းတိုက်ခတ်မှုကြောင့် ကျီချောင်ချင်၏ ဆံနွယ်များလွင့်ပျံနေသည်။ သူမ ထပ်ပြီးမေးခွန်းထုတ်လိုက်သည်။

🍃 Chapter 48

"ကုဖေးရန်... ရှင်က အခွန်ငွေတွေခိုးယူတယ်၊ ပြည်သူတွေကိုဒုက္ခပေးတယ်၊ ဧကရာဇ်ကိုလှည့်စားတယ်၊ ဒီအပြစ်တွေအားလုံးကို ဝန်ခံပါသလား"

ကုဖေးရန် မောက်မာစွာ ရယ်မောလိုက်သည်။

"အကုန်ဝန်ခံတယ်၊ ဒါတင်မကဘူး... ငါ ဖန်မီးအိမ်ကိုရပြီးတာနဲ့ ဂိုဏ်းတစ်ခုထဲဝင်မယ်၊ ကျင့်ကြံပြီးတော့ လောကမှာ အကြီးမြတ်ဆုံးနတ်ဘုရားဖြစ်အောင် လုပ်မယ်ဆိုတာပါ တခါတည်းပြောလိုက်မယ်"

ရုတ်တရက်ပင် သူခြေဆောင့်လိုက်ရာ ခန်းမတစ်ခုလုံးတုန်ခါသွားသည်။ နတ်ဆိုးအငွေ့အသက်များ ပါဝင်သော လေပြင်းမုန်တိုင်းတစ်ခု ယတိုက်ခတ်လာပြီး အနီးနားရှိမရေမတွက်နိုင်သော မိစ္ဆာများနှင့် သရဲတစ္ဆေများသည် လျှိဝှက်ဆန်း ကြယ်သော စွမ်းအားကိုအာရုံခံမိလိုက်ကြသဖြင့် ယင်ကောင်များကဲ့သို ဗုံနတ်ဘုရားကျောင်းဆီ အလုအယက်ပြေးလာကြသည်။ ခန်းမကြီးလည်း စတင်ပြိုကျလာသည်။

ရှန်ကျွင်းသည် ကျီချောင်ချင်ကို ခေါ်ထုတ်ရန်ပြင်လိုက်သော် လည်း ကျီချောင်ချင်က သူ့ကိုရော မည်သည့်နေရာကရောက် လာမှန်းမသိသည့် ချန်ဇယ်ကိုပါဆွဲပြီး အရိုးစုရှိခဲ့ဖူးသောနေရာထဲ ဝင်ပုန်းလိုက်သည်။ မကြာမီ ခန်းမတစ်ခုလုံးလုံးဝပြိုကျသွားပြီး မရေမတွက်နိုင်သော မိစ္ဆာများနှင့် သရဲတစ္ဆေများသည် ဗုံနတ်ဘုရားကျောင်းထဲသိုဝင်ရောက်လာကြသည်။

ဒဏ္ဍာရီများအရ နတ်ဘုရားလက်နက်ပေါ်လာပါက ပိုင်ဆိုင်သူသည် ကမ္ဘာကြီးကိုဖျက်ဆီးနိုင်စွမ်းရှိပြီး လောကကြီးကိုအမိန့်ပေးစေခိုင်းနိုင်သည်ကို မည်သူမျှမလွန်ဆန်ရဲကြဟု ဆိုသည်။ မိုင်ငါးရာပတ်လည်တွင် နတ်ဆိုးအငွေ့အသက်များသောင်းကျန်းနေပြီး ကမ္ဘာဖျက်လက်နက်ကို အာရုံခံမိသောမိစ္ဆာကောင်များ ပိုမိုများပြားလာသည်။ သူတိုရှေ့တိုးလာကြချိန် အငိုက်မိသွားသော သာမန်ပြည်သူအများအပြားမှာ မိစ္ဆာကောင်များ၏ ထိုးဖောက်ခြင်းခံလိုက်ရပြီး နှလုံးနှင့်အဆုတ်များပေါက်ထွက်ကုန်ကြသည်။

သွေးညှီနံ့နှင့်နာကြည်းမှုများရောနှောနေပြီး မြေပြင်ပေါ်ရှိမခြောက်သေးသောသွေးများသည် ထပ်မံစိုရွှသွားပြန်သည်။ မရေမတွက်နိုင်သော မိစ္ဆာများနှင့် သရဲတစ္ဆေများသည် ရက်စက်ကြမ်းကြုတ်သော သဘာဝကိုထုတ်ဖော်ကာ နတ်ဘုရားလက်နက်ကို လုယူရန်ကြိုးစားကြသည်။

ကုဖေးရန်သည် ခန်းမအလယ်တွင်ရပ်နေပြီး ရှောင်တိမ်းခြင်းမရှိပေ။ သူ့လက်ထဲတွင် ကြည်လင်တောက်ပသောဖန်ခွက်တစ်ခုကိုကိုင်ထားပြီး ဖြူဖွေးသောအလင်းရောင်များထုတ်လွှတ်နေသည်။ ထိုအလင်းရောင်နှင့်ထိမိသော မိစ္ဆာကောင်များသည် ချက်ချင်းပြာကျကုန်ကြသည်။

ကုဖေးရန် အားရပါးရရယ်မောလိုက်သည်။ လေပြင်းကြောင့် သူ့အဝတ်အစားများလွင့်ပျံနေသည်။ ဖရိုဖရဲဖြစ်နေသောဆံပင်များအောက်မှ သူ့မျက်နှာသည် ပြင်းထန်သောစိတ်လှုပ်ရှားမှုကြောင့်တွန့်လိမ်နေသည်။

"နောက်ဆုံးတော့... နှစ်ပေါင်းများစွာစောင့်ခဲ့ရတဲ့ အရာကို... ငါနောက်ဆုံးတော့ ရပြီ!"

ရှန်ကျွင်း ဖန်မီးအိမ်ကိုတစ်ချက်ကြည့်လိုက်ပြီး အတွင်းမှ စွမ်းအားမှာကြောက်မက်ဖွယ်ကောင်းကြောင်းသိလိုက်ရသည်။ မကောင်းသည့်လူလက်ထဲ ရောက်သွားပါက လောကကြီးအတွက် ကြီးမားသောဆုံးရှုးမှုဖြစ်လာလိမ့်မည်။

ဖန်ကုန်းဝမ်သည် သူ့သားကိုကာကွယ်ရန် သာမန်ပြည်သူတစ်ယောက်ကိုကန်ထုတ်လိုက်သည်။ ၎င်းတိုသည် အကာအ ကွယ်အလင်းစက်ဝန်းထဲသို ယိုင်နဲ့နဲ့ဝင်ရောက်လာပြီး ကုဖေးရန် လက်ထဲမှပစ္စည်းကို မြင်သောအခါ ချက်ချင်းဒူးထောက်ကာ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြသည်။

"သခင်ကြီး နောက်ဆုံးတော့ ရသွားပြီပဲ! ဂုဏ်ယူပါတယ် သခင်ကြီး!"

ညီအစ်မနှစ်ယောက်သေဆုံးသွားရပြီး ဝိညာဉ်များ ငြိမ်းချမ်းမှုမရနိုင်ဘဲဖြစ်နေချိန်တွင်ပင် သူတိုကို ဒုက္ခပေးသူသည်ကတော့ အောင်ပွဲခံနေပြီး နတ်ဘုရားလက်နက်ကိုပိုင်ဆိုင်ကာ ကျင့်ကြံရေးလောကထဲဝင်ရောက်ပြီးမွှေနှောက်ဖိုတောင်ကြံစည်နေသေးသည်။ တကယ် မတရားလိုက်တာ...

အေးစက်ပြီးရက်စက်သောအမူအရာတစ်ခုမှာ ရှန်ကျွင်း မျက်နှာပေါ်တွင်ပေါ်လာသည်။ သူ တိုက်ခိုက်ရန် ပြင်လိုက်စဉ် ကျီချောင်ချင်က သူ့လက်မောင်းကိုဆွဲလိုက်သည်။ သူမ၏အခြားလက်တစ်ဖက်ကို ညင်သာစွာဝှေ့ယမ်းလိုက်ရာ လူဝင်စားအဆောင်မှာပျံထွက်သွားသည်။

"ကျွန်မတို့ ဝင်ပါတာ ကောင်းချင်မှကောင်းမှာ"

ကျီချောင်ချင် သူ့ကိုမကြည့်ဘဲထပ်ပြောလိုက်သည်။

"သူတို့ဝဋ်ကြွေး သူတို့ဆပ်ပါစေ"

ကျီချောင်ချင်သည် တုရှင်းနှင့်တုယွဲ့တို့ကို ကူညီပြီး သူတို့၏ရန်သူများကို သူတို့ကိုယ်တိုင်လက်စားချေခွင့်ပြုလိုက်ခြင် ဖြစ်ကြောင်းထင်ရှားသည်။

ရှန်ကျွင်း မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြတ်ပြေးသွားသည်။ ယခင်ကဆိုလျှင် ကျီချောင်ချင်သည်အရိုင်းဆန်ပြီး ထိန်းချုပ်မရသူဖြစ်ကာ အကောင်းအဆိုးမခွဲခြားဘဲ မဆိုင်းမတွ သတ်ဖြတ်တတ်သူလည်းဖြစ်ပြီး မိစ္ဆာနှင့်မခြားနားသူဟု သူအမြဲထင်ခဲ့သည်။

သို့သော် ယခုအခါ ကျီချောင်ချင်သည် လူတိုင်း၏စိတ်နှလုံးကို သူ့ထက်ပင် ပိုမိုနက်ရှိုင်းရှင်းလင်းစွာ မြင်နိုင်ကြောင်းနားလည်လိုက်သည်။ တစ်ခါတစ်ရံ သူမမှာ လွန်ကဲစွာပြုမူတတ်သော်လည်း နားလည်ပေးနိုင်သော အကြောင်းပြချက်များရှိနေသည်။

သူမအပေါ်ထားရှိခဲ့သော သူ့စွပ်စွဲချက်များက နက်ရှိုင်းလွန်းခဲ့သည်။ သူမသည်မိစ္ဆာတစ်ကောင် မဟုတ်လောက်ပေ။ လူဝင်စားအဆောင်နှင့် ဖန်မီးအိမ်ထဲရှိဝိညာဉ်စွမ်းအားများသည် အရင်းအမြစ်တူညီကြပြီး ဖန်မီးအိမ်မှအလင်းရောင်သည်ပင်မန္တန်စာရွက်ကိုမထိခိုက်စေပေ။ ကုဖေးရန်သည် အလွန်အမင်းဘဝင်မြင့်နေသဖြင့် သူ့ထံသို့ ပျံသန်းလာသော အဆောင်စာရွက်လေးကိုသတိမထားမိလိုက်ချေ။

ဖန်ကုန်းဝမ်က ရိုသေစွာပြောလိုက်သည်။

"သခင်ကြီး... ဒီနေ့ကစပြီး ကျီမင်းဆက်တင်မကဘူး တစ်လောကလုံးကို သခင်ကြီးပိုင်သွားပြီ!"

အလင်းရောင်အောက်တွင် ဖန်ကုန်းဝမ်၏မျက်နှာသည် ရက်စက်ကြမ်းကြုတ်ပြီးကြောက်မက်ဖွယ်ကောင်းနေသည်။ ကုဖေးရန်သည် ဖန်မီးအိမ်ကို သေချာကြည့်ရှုပြီးပိုမိုကျေနပ်အားရလာသည်။

"ဒါကဘာမို့လို့လဲ၊ ဖန်မီးအိမ်လေး တစ်လုံးပါပဲ၊ မကြာခင်မှာ တခြားနတ်ဘုရားလက်နက်တွေကို ငါ စုဆောင်းနိုင်တော့မှာ၊ အဲဒီကျရင် ဒီလောကကြီးက ငါ့လက်ထဲ တကယ်ရောက်ပြီ"

ဖန်ကုန်းဝမ်: "ဒါ တကယ့်ကို..."

ဖန်ကုန်းဝမ် မြှောက်ပင့်ပြောဆိုရန်ပြင်လိုက်စဉ် သူ့ ရင်ဘတ်ထဲတွင်အေးစက်သွားသည်ကိုရုတ်တရက် ခံစားလိုက်ရသည်။ သူ အလိုအလျောက်ငုံ့ကြည့်လိုက်ရာ ချွန်ထက်သောလက်သည်းတစ်ခုသည် သူ့ရင်ဘတ်ကိုဖောက်ထွက်နေသည်ကိုတွေ့လိုက်ရသည်။

လက်တစ်ဖက် ခြေတစ်ဖက် ပြတ်နေသော ဖန်ချန်လဲ့သည် ထူးဆန်းသောကိုယ်နေဟန်ထားဖြင့် မတ်တပ်ရပ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်နေသော အရေပြားများမှာ လှပနူးညံ့သောအမျိုးသမီးတစ်ဦး၏အရေပြားများဖြစ်သည်။

အရွယ်ရောက်ပြီးသားအမျိုးသားတစ်ဦးဖြစ်သော ဖန်ချန်လဲ့သည် ဖန်ကုန်းဝမ်ကို ကြင်နာစွာပြုံးပြနေပြီး သူ့အမူအရာမှာ အမျိုးသမီးတစ်ဦးပမာ ကျော့ရှင်းလှပကာ သိက္ခာရှိလှသည်။ သို့သော် ကြည့်ရသည်မှာထူးဆန်းပြီး ကျောချမ်းစရာကောင်းလှသည်။

လွန်ခဲ့သောနှစ်များက ဖန်ချန်လဲ့နှင့်သူ့ညီကို ပြုစုခဲ့ရသောတုရှင်းလည်း ဤပုံစံအတိုင်းပဲဖြစ်ကြောင်း ဖန်ကုန်းဝမ် ရုတ်တ ရက်သတိရသွားသည်။

"မင်း..."

"သခင်ကြီးဖန်..."

ဖန်ချန်လဲ့သည် ယဉ်ကျေးသိမ်မွေ့စွာပြုံးလိုက်ပြီး သူ့အသံမှာ တုရှင်း၏အသံနှင့် ထပ်တူပင်ဖြစ်သည်။

"ကျွန်မနဲ့အစ်မ ထွက်သွားတော့မှာပါ ဒါပေမဲ့ မသွားခင် ရှင်တို့ဖန်မိသားစုတစ်ခုလုံးကို ခေါ်သွားမှဖြစ်မယ် မဟုတ်ရင် ဝဋ်ကြွေးတွေမကျေဘဲ ဖြစ်နေလိမ့်မယ် ဒါမှကျွန်မနဲ့ အစ်မလူပြန်ဝင်စားလို့ရမှာလေ"

ဖန်ချန်လဲ့သည် ပြောပြီးသည်နှင့် သူ့လက်ကိုပြန်ဆွဲထုတ်ကာ ညင်သာစွာတွန်းလိုက်သည်။ ဖန်ကုန်းဝမ် လဲကျသွားပြီး မျက်လုံးပြူးလျက်သေဆုံးသွားလေသည်။ ဖန်ချန်လဲ့သည် ကုဖေးရန်ကိုလှည့်ကြည့်လိုက်သည်။

သူ့အပြုံးက တဖြည်းဖြည်းပိုကျယ်လာပြီး နှုတ်ခမ်းသည်နားရွက်နားအထိ ရောက်လုနီးပါး ဖြစ်သွားသည်။ အရေပြားမှ တင်းလာမှုကြောင့် မျက်လုံးများကျဉ်းမြောင်းသွားပြီး အဆုံးတွင် မျဉ်းကြောင်းလေးသာကျန်တော့သည်။

ကုဖေးရန်သည် အခြေအနေများဤသို့ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ လန့်ဖျပ်ပြီး ခြေလှမ်းနှစ်လှမ်းနောက်ဆုတ်လိုက်သည်။ ထို့နောက် ဖန်ချန်လဲ့အရေပြားမှာလည်း အဆုံးစွန်ထိတင်းမာသွားပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားသည်ကို သူ မြင်လိုက်ရသည်။ သွေးများမှာ ကုဖေးရန်၏မျက်နှာနှင့်ဖန်မီးအိမ်ပေါ်သို့ပက်ဖျန်းသွားသည်။ ဖန်မီးအိမ်မှာ သွေးများပေကျံသွားပြီး အလင်းရောင်မှာ ချက်ချင်းမှိန်ဖျော့သွားသည်။

အမျိုးသမီးတစ်ဦး၏ရယ်သံသဲ့သဲ့သည် လေထဲတွင် ပဲ့တင် ထပ်သွားပြီး ရွှေရောင်အလင်းတန်းလေးတစ်ခုသည် လောကကြီးထဲတွင်လုံးဝပျောက်ကွယ်သွားလေသည်။

ကုဖေးရန်သည် အလိုအလျောက်ပင် ဖန်မီးအိမ်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်။

"ဘာဖြစ်တာလဲ! မီးလင်းနေတာလေ! ဘာလို့မလင်းတော့တာလဲ!"

သူသည် ဝိညာဉ်စွမ်းအားများကို ဖန်မီးအိမ်ထဲသို့ ထည့်သွင်းလိုက်သော်လည်း ကျောက်တုံးကိုရေထဲပစ်ချလိုက်သကဲ့သို့ပင် ဖန်မီးအိမ်ကလုံးဝမတုံ့ပြန်တော့ပေ။ မရေမတွက်နိုင်သော မိစ္ဆာကောင်များမှာ စတင်လှုပ်ရှားလာကြသည်။

ကုဖေးရန်သည် ဖန်မီးအိမ်ကိုတင်းကျပ်စွာဖက်ထားရင်း နောက်သို့ နှစ်လှမ်းဆုတ်လိုက်သည်။ သူ မီးအိမ်ပေါ်ရှိသွေးများကိုသုတ်ဖယ်ရန်ကြိုးစားသော်လည်း မည်သို့ပင်လုပ်စေကာမူ သွေးစွန်းနေသောဖန်မီးအိမ်မှာပြန်မသန့်ရှင်းလာတော့ပေ။

မိစ္ဆာကောင်များမှာ တဖြည်းဖြည်း နီးကပ်လာသဖြင့် ကုဖေးရန် အဆုံးတွင်ထိတ်လန့်လာသည်။

All Chapters