အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
🍃 Chapter 57
ကျီချောင်ချင်သည် ရှန်ကျွင်းအာရုံလွင့်သွားသည်ကို သတိထားမိလိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ဒီအချိန်မှာ ရှန်ကျွင်း ဘာတွေတွေးနေပါလိမ့်...
ဟွာကျစ်၏စွမ်းရည်သည် ယခင်ကတည်းက နတ်ဆိုးဘုံတွင်ထိပ်တန်းအဆင့်ဖြစ်ခဲ့ပြီး ယခုဆိုလျှင် ပို၍ပင်စွမ်းအားကြီးမားလာနိုင်သည်။ ယခင်တုန်းကကျီချောင်ချင်သည် သူ့ကိုအရေးမလုပ်ခဲ့သော်လည်း ယခုအခါတွင်မူ သူ့ကိုရှောင်ရှားရပေလိမ့်မည်။ အကယ်၍သာအမိခံရပါက ရှန်ကျွင်းအနေဖြင့် သူ့ကိုယှဉ်နိုင်မယှဉ်နိုင်မပြောတတ်ပေ။ ရှန်ကျွင်းသာ အမိခံလိုက်ရလျှင် သူမထွက်ပြေးရမလားဆိုသည့်အတွေးပင်ဝင်လာခဲ့သည်။
ထိုအချိန်တွင် ဟွာကျစ်ကထောင့်တစ်နေရာမှ မိန်းမစိုးလေးတစ်ဦးကိုဆွဲထုတ်လိုက်ပြီး ကျီချန်သဲ၏ခြေရင်းသို အမှိက်ထုပ်တစ်ထုပ်ပမာပစ်ချလိုက်သည်။
ကျီချန်သဲသည် အနည်းငယ် အံ့သြသွားကာ "ဘာဖြစ်တာလဲ၊ မင်းဒီမှာဘာလုပ်နေတာလဲ"
မိန်းမစိုးလေးမှာ သစ်ရွက်တစ်ရွက်ပမာတုန်ရီနေပြီး တောင်းပန်ရှာသည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး ဒီခန်းမဆောင်ကိုသန့်ရှင်းရေးလုပ်နေရင်း အမှတ်တမဲ့ အိပ်ပျော်သွားမိပါတယ်ဘုရား၊ ကျွန်တော်မျိုးအပြစ်ကြီးပါတယ်၊ သေဒဏ်ပေးပါတော့ဘုရား"
"မင်း တကယ်သေသင့်တာပဲ"
ကောမင်ဖေးကပြောပြောဆိုဆိုပင် လက်ကိုဝှေ့ယမ်းလိုက်ရာ မိန်းမစိုးလေး၏အသက်မှာ ပြတ်သားစွာပင်လွင့်ပါးသွားလေသည်။
"ဒီညတော့ ဒီလောက်ပဲထားလိုက်ကြစို"
ထိုသိုပြောပြီးနောက် ကောမင်ဖေးက ဧကရာဇ်ကိုပင် နှုတ်မဆက်ဘဲ ရှေ့မှဦးဆောင်ထွက်သွားလေသည်။ ကျင့်ကြံသူများသည် လူသတ်ရန် ဤမျှလွယ်ကူလိမ့်မည်ဟုမထင်ထားခဲ့သဖြင့် ရှန်ကျွင်းခေတ္တမျှ ကြောင်အမ်းသွားသည်။
ဟွာကျစ်သည် လူသားကမ္ဘာမှဧကရာဇ်နှင့် ဆက်လက်စကားပြောရန် စိတ်ဝင်စားပုံမရတော့ဘဲ သတိပေးစကားဆိုလိုက်သည်။ "သခင်ကြီးက မှာလိုက်တယ်၊ မင်းအနေနဲ့ကျီချောင်ချင်ရဲ့အသက်ကိုရန်ရှာဖို စိတ်ကူးတောင်မယဉ်ပါနဲ့တဲ့၊ သူက မင်း သတ်လိုရမယ့်လူမဟုတ်ဘူး"
ကျီချောင်ချင် အနည်းငယ်အံ့သြသွားသည်။ ယခင်က ကျင့်ကြံသူများဘက်တွင်ကျီချောင်ချင်ရှိသကဲ့သို နတ်ဆိုးဘက်တွင်လည်းဟွာကျစ်ရှိခဲ့သည်။ ၎င်းတိုနှစ်ဦးစလုံးသည် ထိန်းချုပ်ရခက်သူများဖြစ်ကြသည်။ ယခုအခါတွင်မူ ဟွာကျစ်၏နှုတ်မှ သခင်ကြီးဆိုသည့် စကားလုံးကို တစ်ကြိမ်မကကြားနေရပြီဖြစ်သည်။
ထိုစဉ်က နတ်ဆိုးခေါင်းဆောင်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် ကျီချောင်ချင်၏ချိပ်ပိတ်ခြင်းကိုခံခဲ့ရကာ နတ်ဆိုးဘုံတွင်ပိတ်မိနေခဲ့သည်။ ဟွာကျစ်သည် အငြိုးအတေးကြီးပြီးလက်စားချေတတ်သူမျိုးဖြစ်သည်။ အကယ်၍ခေါင်းဆောင်သာ ဒဏ်ရာပြင်းထန်နေပါက သူသည်သေချာပေါက် နေရာလုမည်သာဖြစ်သည်။ ချိပ်ပိတ်ခံထားရသော နတ်ဆိုးခေါင်းဆောင်မှာ ယခုလောက်ဆိုသေဆုံးနေလောက်ပြီဖြစ်သည်။
သိုသော် ယခုအခါဟွာကျစ်တွင် သခင်တစ်ဦးရှိနေပြီး ထိုသခင်အလိုကျ လိုလိုလားလားလုပ်ဆောင်ပေးနေပုံရရာ ဟွာကျစ်ပြောနေသော သခင်ဆိုသူအပေါ် ကျီချောင်ချင်စိတ်ဝင်စားလာမိသည်။
ဧည့်သည်များပြန်သွားသောအခါ ခန်းမဆောင်ထဲတွင် ကျီချန်သဲတစ်ဦးတည်းကျန်ရစ်ခဲ့သည်။ သူသည် ခန်းမအလယ်တွင်ရပ်လျက် အတွေးလွန်နေပုံရသည်။
သူ့မျက်နှာတွင်ခံစားချက်မရှိဘဲ တုန်ခါနေသော ဖယောင်းတိုင်မီးရောင်အောက်၌ သူ့မျက်နှာပေါ်တွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ရှိနေသည်ဟုပင်သူမခံစားလိုက်ရသည်။ စောစောက နူးညံ့သိမ်မွေ့သောပုံစံနှင့်အလွန်ကွာခြားလှသည်။ ခဏအကြာတွင် သူသည် လျှိဝှက်အခန်းတစ်ခုကိုဖွင့်ပြီး အတွင်းသိုဝင်သွားလေသည်။
ကျီချောင်ချင် ချက်ချင်းပင်ဆင်းပြီး လိုက်သွားချင်သော်လည်း သူမသည်ယခင်ကလိုမဟုတ်တော့ပေ။ သူမသည် ဤထိုင်ချလိုက်သောအချိန်အတွင်း ခြေထောက်များထုံကျဉ်နေခဲ့ပြီဖြစ်သည်။ သူမ လှုပ်ရှားလိုက်သည်နှင့် သူမခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်။
ထိုအချိန်တွင် ရှန်ကျွင်းသည် ကျီချောင်ချင်၏ခါးကို ရုတ်တရက်လှမ်းဆွဲလိုက်ပြီး သူမကိုပြန်ဆွဲတင်ကာ ကြမ်းပြင်ပေါ်သို့ ညင်သာစွာချပေးလိုက်သည်။
ကျီချောင်ချင်သည် ရှန်ကျွင်းမှာ ဤမျှလျင်မြန်စွာ တုံ့ပြန်နိုင်လိမ့်မည်ဟုထင်မထားခဲ့သဖြင့် ရယ်မောကာပြောလိုက်သည်။ "အစ်ကိုရှန်က တကယ်ပဲ ကျွမ်းကျင်တာပဲ၊ လေးစားပါတယ်"
ရှန်ကျွင်းက သူမကိုလျစ်လျူရှုကာ လျှို့ဝှက်အခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလေသည်။ သို့သော် သူ၏အနည်းငယ်အေးစက်နေသော အမူအရာမှတဆင့် ရှန်ကျွင်းတစ်စုံတစ်ခုကြောင့်နေရခက်နေသည်ဟု ကျီချောင်ချင်အာရုံခံမိလိုက်သည်။ ထိုသည် သူမ၏စိတ်ထင်မှုသာဖြစ်လောက်မည်။ ရှန်ကျွင်းအနေဖြင့် သူမရှေ့တွင်နေရခက်စရာအကြောင်းမရှိပေ။
လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်သွားသောအခါ မြေအောက်လမ်းကြောင်းတစ်ခု ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ သူတို့သည် တရွေ့ရွေ့လျှောက်လှမ်းရင်း အဆုံးတွင် လင်းနေသောနေရာတစ်ခု၌ရပ်တန့်လိုက်ကြသည်။
ရှန်ကျွင်း ဦးစွာထွက်သွားလိုက်သည်။ ထိုနေရာကို မြင်လိုက်ရသောအခါ ကျီချောင်ချင်မျက်လုံးပြူးသွားသည်။ ဤနေရာသည် ချန်ကျင်းကျစ်၏ အိပ်ဆောင်ဖြစ်နေသည်။
ကျီချန်သဲ၏ နန်းဆောင်မှလျှို့ဝှက်လမ်းကြောင်းသည် လက်ရှိတိုင်းပြည်အကြံပေး၏အိပ်ဆောင်သို့ ပေါက်နေသည်တဲ့လား။ ကျီချန်သဲသည် ချန်ကျင်းကျစ်ကိုစောင့်ကြည့်ရန်အတွက် လျှို့ဝှက်လမ်းကြောင်းဖောက်ထားရလောက်သည်အထိ သတိကြီးနေခဲ့ပြီလား?
ရုတ်တရက် ကျီချောင်ချင်အာရုံစိုက်လိုက်မိသည်။ ထိုသည်မှာ ချန်ကျင်းကျစ်၏အော်သံတစ်သံပင်။
ကျီချောင်ချင်အလျင်အမြန်ထွက်သွားလိုက်ရာ ချန်ကျင်းကျစ်သည် ကုတင်ပေါ်တွင်ထိုင်နေပြီး ကျီချန်သဲက သူမ၏ပခုံးကို လက်တစ်ဖက်ဖြင့်ကိုင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် သူမ၏လည်ပင်းကို ညှစ်တော့မည့်ဟန်ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဟဲ့ကောင်!"
ကျီချောင်ချင်သည် ယပ်တောင်ကိုခါလိုက်ပြီး ကျီချန်သဲ၏ ကျောကိုရိုက်ချကာတွန်းထုတ်လိုက်သည်။ ကျီချောင်ချင်သည် ချန်ကျင်းကျစ်၏ရှေ့တွင်ကာရပ်လိုက်ပြီး ယပ်တောင်ကိုသိမ်းကာမဲ့ပြုံး ပြုံးလိုက်သည်။
"ကျီချန်သဲ၊ နင် ဘာလုပ်ချင်နေတာလဲ"
ကျီချန်သဲသည် ယိုင်နဲ့နဲ့ဖြင့်မတ်တပ်ရပ်လိုက်ပြီး ကျီချောင်ချင်နှင့် မလှမ်းမကမ်းတွင်ရပ်နေသော ရှန်ကျွင်းကိုမြင်လိုက်ရသည်။ သူ့တွင် ဝိညာဉ်စွမ်းအားမရှိသည်မှာထင်ရှားသော်လည်း သူ့ထံမှထွက်ပေါ်နေသော ခန့်ညားပြီး ချဉ်းကပ်ရခက်သောအရှိန်အဝါကြောင့် မည်သူမျှမဆင်မခြင်မလှုပ်ရှားရဲကြပေ။
"မိန်းကလေးရှန်... ညကြီးမင်းကြီး တိုင်းပြည်အကြံပေးရဲ့အဆောင်ထဲမှာရောက်နေပြီး ကိုယ်တော့်ကိုဘာလုပ်ချင်တာလဲလို့ မေးနေပါလား၊ တကယ်ဆို ကိုယ်တော်ကမင်းကိုမေးရမှာ၊ မင်းဘာလုပ်ချင်နေတာလဲလို့"
ကျီချောင်ချင်က ပခုံးတွန့်ကာပြန်ဖြေလိုက်သည်။ "ကျွန်မ ဘာလုပ်ချင်တာလဲဟုတ်လား၊ အိပ်မပျော်လို့လမ်းလျှောက်ထွက်လာရင်း တိုင်းပြည်အကြံပေးဆီ လာလည်တာလေ၊ နင်က သူ့ကိုလုပ်ကြံဖို့ကြံစည်နေတာကို တွေ့ရလိမ့်မယ်လို့ထင်မထားဘူး၊ ဒါကိုနင်ကများ ငါ့ကိုမေးခွန်းထုတ်ရဲသေးတယ်ပေါ့"
ကျီချန်သဲက မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောသည်။ "ဘာလုပ်ကြံတာလဲ၊ ကိုယ်တော်က အရေးကြီးကိစ္စရှိလို့လာခဲ့တာ"
ထိုအချိန်တွင် ချန်ကျင်းကျစ်မတ်တပ်ရပ်လိုက်ပြီး ကျီချောင်ချင်ကို ဝင်ပြောလိုက်သည်။ "နင်အထင်လွဲနေပြီ၊ သူ ငါ့ကိုဘာမှမလုပ်ပါဘူး၊ သူက အမြုတေတွေကိုလာပေးတာ၊ ပြီးတော့ အဲ့ဒါတွေကဘယ်ဂိုဏ်း၊ ဘယ်ကျောင်းကလဲဆိုတာ ခွဲခြားပေးဖို့ အကူအညီတောင်းနေတာ၊ ဒါမှသူပြန်ပို့ပေးလို့ရမှာလေ"
ထိုအခါမှသာ သူမဘေးမှ စားပွဲပေါ်တွင်ပုံထားသော အမြုတေများကို ကျီချောင်ချင်သတိထားမိလိုက်သည်။ သူမသည် ချန်ကျင်းကျစ်ကိုစိုက်ကြည့်လိုက်ပြီး "ဒါဆို နင့်နာမည်ကဘယ်သူလဲ"
ချန်ကျင်းကျစ်က "ငါ့နာမည်ဘယ်သူဖြစ်ဖြစ် နင်နဲ့ ဘာဆိုင်လို့လဲ၊ ငါ့သဘောပဲ"
ကျီချောင်ချင်သည် ချန်ကျင်းကျစ်အား ပါးရိုက်ချင်စိတ်ကိုမနည်းထိန်းချုပ်လိုက်ပြီး "ဒီလိုဆိုရင်တော့ ကျီချန်သဲ... နင် ပြန်လိုက်တော့၊ ငါ တိုင်းပြည်အကြံပေးနဲ့သီးသန့်ပြောစရာရှိလို့၊ နင်ဒီမှာရှိနေတာ အဆင်မပြေဘူး၊ အမြုတေတွေခွဲဝေတဲ့ကိစ္စကို နင် စိတ်ပူစရာမလိုတော့ဘူး"
ကျီချန်သဲ နှုတ်ခမ်းကိုတွန့်ကွေးလိုက်ပြီး "မိန်းကလေးရှန်ကနောက်နေတာလား၊ ဒီည ကိုယ်တော်ပြန်လို့မရဘူး၊ အမြုတေကိစ္စက-"
"သွားလိုက်ပါတော့" ချန်ကျင်းကျစ်က ဖြတ်ပြောလိုက်သည်။
ကျီချန်သဲ ခေတ္တရပ်တန့်သွားပြီး နာခံစွာဖြင့် "ကောင်းပါပြီဆရာ"
ကျီချောင်ချင် အေးစက်စွာနှာမှုတ်လိုက်သည်။ ကျီချန်သဲသည် တကယ်ပဲ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးပင်။ အပြင်ပန်းတွင်နူးညံ့သိမ်မွေ့ပြီး ရိုသေလေးစားသလိုရှိသော်လည်း တကယ့်လက်တွေ့တွင်ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။ ယခု သူအင်အားရှိနေပြီဖြစ်သော်လည်း အဘယ့်ကြောင့်ဟန်ဆောင်နေရသေးသနည်း။
ရှန်ကျွင်းသည် ကျီချန်သဲထွက်သွားသည်ကို မြင်သောအခါ သူလည်းထွက်သွားရန်ပြင်လိုက်သော်လည်း ကျီချောင်ချင်ကိုတစ်ချက်ကြည့်လိုက်ပြီး ဆက်လက်ရပ်နေလိုက်သည်။
ချန်ကျင်းကျစ်က စိတ်ပျက်လက်ပျက်ဖြင့် "နင်
ကျီချန်သဲကို သိပ်မကျေနပ်ဘူးနဲ့တူတယ်"
ကျီချောင်ချင်သည် ချန်ကျင်းကျစ်၏ကုတင်ဘေးတွင်၀င်ထိုင်လိုက်ပြီး "ငါ နင့်ကိုတကယ်နားမလည်တော့ဘူး၊ နင်ကျီချန်သဲကိုမုန်းတယ်၊ ဒါပေမယ့် ငါ့ကိုပေးမသတ်ဘူး၊ အခု သူနင့်ကိုသတ်ချင်နေတာတောင် နင်ကသူ့ဘက်ကကာပြောပေးနေသေးတယ်"
ချန်ကျင်းကျစ်သည် ရုတ်တရက်အရှက်ကွဲသွားသကဲ့သိုဖြစ်သွားပြီး လေသံမာမာဖြင့်ပြန်ပက်သည်။ "နင့်အလုပ် မဟုတ်ပါဘူး"
ကျီချောင်ချင်သည် သူမ၏အမူအရာကြောင့် စိတ်ပျက်သွားကာ ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ "ဒီလိုဆိုရင်လည်း နင့်အတွက်ငါလုပ်စရာရှိတာလုပ်ပေးပြီးပြီ၊ ငါ့ကို အစီအရင်အသက်သွေးကြောပေးတော့၊ ငါတိုအခုသွားရမယ်"
ချန်ကျင်းကျစ်သည် သူမ၏အင်္ကျိလက်စကို တင်းတင်းဆုပ်ထားလိုက်ပြီး "မပေးနိုင်ဘူး၊ သဘက်ခါ မီးထွန်းပွဲတော်ရှိသေးတယ်၊ မီးထွန်းပွဲတော်ပြီးမှ ငါ့ကို နင်ကြိုက်သလိုလုပ်တော့"
ကျီချောင်ချင်သည် ချန်ကျင်းကျစ်၏ အင်္ကျီကော်လာကိုဆွဲကိုင်လိုက်ပြီး ရက်စက်စွာပြုံးလိုက်သည်။ "နင်က ကတိဖျက်ချင်တာလား၊ ချန်ကျင်းကျစ်... ဒီရက်ပိုင်း ငါသဘောကောင်းနေလို ငါ့ကိုပြောဆိုရလွယ်တယ်လို ထင်နေတာလား"
ချန်ကျင်းကျစ်၏အကြည့်များသည် ကျီချောင်ချင်နှင့် ဆုံသွားသည်။ "ကျိီချောင်ချင်... နင့်မှာ ဝိညာဉ်စွမ်းအားတွေအကုန်ဆုံးရှုးသွားပြီ၊ နင်က ငါ့လိုပဲ အသုံးမကျတဲ့သူဖြစ်နေပြီ၊ ငါကသေခါနီးနေပြီ၊ နင်လည်းငါ့ထက်သိပ်မသာပါဘူး၊ ငါ့ရဲ့ဒီနေ့က နင့်ရဲ့ မနက်ဖြန်ပဲ၊ နင်လည်းတစ်နေရာရာမှာသွားပြီး သေမယ့်နေ့ကိုစောင့်နေလိုက်ပါတော့၊ အစီအရင်အသက်သွေးကြောကို ဘာလုပ်ဖိုစိတ်ဝင်စားနေတာလဲ"
🍃 Chapter 58
ကျီချောင်ချင်၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထိုစဉ် ရှန်ကျွင်း ရုတ်တရက်ဝင်ပြောလိုက်သည်။ "ဒီည သူ ဒီကိုလာစရာမလိုဘူး"
ချန်ကျင်းကျစ် တစ်စုံတစ်ခုကိုသဘောပေါက်သွားသည့်ပမာ ခေတ္တရပ်တန့်သွားပြီးနောက် မမျှော်လင့်ဘဲ သရော်သလိုရယ်မောလိုက်သည်။ "သူ ဒီည နန်းတော်ထဲကိုခိုးဝင်လာတာက ငါ့ကိုစိတ်ပူလိုလို နင် ထင်နေတာလား"
ချန်ကျင်းကျစ်က ကျီချောင်ချင်ကိုကြည့်လိုက်သည်။ "ငါက ဘာတွေများလုပ်ခဲ့လို ဒီလိုဆက်ဆံခံရတာလဲ"
ကျီချောင်ချင်နှင့် ချန်ကျင်းကျစ်တိုအတူတူ ကြီးပြင်းလာခဲ့ကြသဖြင့် ယခုအချိန်တွင် သူမသည် ကျီချောင်ချင်ကိုအကူအညီတောင်းလျှင် ကျီချောင်ချင် သေချာပေါက်ကူညီမည်ကို သူမသိသည်။ သိုသော် ထိုအချက်က ကျီချောင်ချင်သည် ညဘက်ကြီး နန်းတော်ထဲခိုးဝင်လာပြီး ကယ်တင်လိမ့်မည်ဟုမဆိုလိုပေ။ ကျီချောင်ချင်သည် ထိုမျှနူးညံ့သိမ်မွေ့သူ မဟုတ်ချေ။
ကျီချောင်ချင်အနေဖြင့် သူမ ရှန်ကျွင်းရှေ့တွင် နှစ်ကြိမ်မျှသာဟန်ဆောင်ခဲ့ရုံရှိသေးသည်။ သူက သူမကို သူတော်စင်အလားထင်နေလိမ့်မည်ဟုထင်မထားခဲ့ပေ။ သူမ၏ဒေါသများချက်ချင်းပျောက်ကွယ်သွားပြီး ရယ်စရာကောင်းသည်ဟုထင်မိသော်လည်း သူမလွန်သွားပြီလားဟု တွေးမိလိုက်သည်။ မည်သိုပင်ဖြစ်စေ ရှန်ကျွင်းသည် စိတ်သဘောထားနူးညံ့ပြီး အလိမ်ခံရလွယ်သူဖြစ်သည်။ အကယ်၍ သူမသာ သူ့ကိုလွန်လွန်ကဲကဲလိမ်ညာမိပါက နောက်ပိုင်းတွင် ရှင်းလင်းရခက်ခဲပေလိမ့်မည်။
ထိုသိုတွေးမိပြီး ကျီချောင်ချင် အသာအယာ ချောင်းဟန့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ ငါတိုကဂိုဏ်းတူတွေပဲ။ သာမန်လူတစ်ယောက်က နင့်ကိုသတ်သွားမှာကိုတော့ ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး"
ချန်ကျင်းကျစ်မျက်နှာလွှလိုက်ပြီး ကျီချောင်ချင်ကို စကားမပြောချင်သကဲ့သိုပြုမူလိုက်သည်။ "စိတ်မပူပါနဲ့၊ အစီအရင်အသက်သွေးကြောကိုမထုတ်ရသေးခင် ငါမသေပါဘူး"
ကျီချောင်ချင်က လေသံကိုလျှော့ချလိုက်ပြီး ပြောသည်။ "ချန်ကျင်းကျစ်... တကယ်တော့ ရှန်ကျွင်းနဲ့ငါ နန်းတော်ထဲခိုးဝင်လာတာ လက်ဗလာနဲ့ ပြန်လာခဲ့ကြတာမဟုတ်ဘူး၊ ကျီချန်သဲရဲ့နန်းဆောင်မှာ ငါဘာတွေ့ခဲ့လဲဆိုတာ နင်ခန့်မှန်းကြည့်ပါလား"
ချန်ကျင်းကျစ်က "ငါ သိဖို စိတ်မဝင်စား..."
"ချန်ချင်ဂိုဏ်းက လူတွေလေ"
ကျီချောင်ချင်က စကားကိုဆက်လိုက်သည်။ "ချန်ချင်ဂိုဏ်းသားတွေတင်မကဘူး၊ ချန်ချင်ဂိုဏ်းနဲ့ ဆက်ဆံရေးကောင်းတဲ့ကျင့်ကြံသူတွေ၊ ပြီးတော့ နတ်ဆိုးမျိုးနွယ်တွေပါရှိနေတယ်၊ ချန်ချင်ဂိုဏ်းက သစ္စာဖောက်အကြောင်း သူတိုဆွေးနွေးနေတာကို ငါ တွေ့ခဲ့တယ်၊ သူတိုဆက်ဆံရေးကကောင်းပုံရတယ်၊ ငါအရမ်းသိချင်တာက ဘာအကြောင်းအရာကများ သူတိုကိုစုစည်းမိစေပြီး ဘာတွေဆွေးနွေးနေကြတာလဲဆိုတာပဲ"
ချန်ကျင်းကျစ်သည် ချန်ချင်ဂိုဏ်းဆိုသည့် အမည်ကိုကြားလိုက်ရသည်နှင့် မျက်နှာဖြူဖပ်ဖြူလျော်ဖြစ်သွားလေသည်။ ထိုနှစ်က အဖြစ်အပျက်များသည် သူမ၏စိတ်ထဲတွင် ရှင်းလင်းစွာရှိနေဆဲဖြစ်ပြီး မေ့ဖျောက်၍မရနိုင်ပေ။
ဂိုဏ်းချုပ်ကြီးချန် ကွယ်လွန်သွားသောအခါ ထိုရာထူးကို ချန်ကျင်းကျစ်ဆက်ခံသင့်သည်။ သိုသော် ချန်ချင်ဂိုဏ်း၏ စီနီယာတပည့်ကြီးကောမင်ဖေးသည် ရုတ်တရက် လူအုပ်စုတစ်စုကိုဦးဆောင်ကာ အတွင်းဂိုဏ်းကိုဝင်ရောက်စီးနင်းခဲ့ပြီး ချန်ကျင်းကျစ်ကို ဂိုဏ်းချုပ်တံဆိပ်တုံးလွှပြောင်းပေးရန် အတင်းအကျပ်ဖိအားပေးခဲ့သည်။
အစီအရင်အသက်သွေးကြောကြောင့် ချန်ကျင်းကျစ်၏ဝိညာဉ်စွမ်းအားသည် ကောမင်ဖေးလောက် မကောင်းပေ။ အကြီးအကဲတစ်စု၏ အစောင့်အရှောက်ဖြင့် သူမသည် ချန်ချင်ဂိုဏ်းမှ အလျင်အမြန်ထွက်ပြေးခဲ့ရပြီး လမ်းတလျှောက် ပုန်းအောင်းထွက်ပြေးခဲ့ရသည်မှာ အလွန်ပင်ပန်းဆင်းရဲလှသည်။
နှစ်ပေါင်းများစွာကြာလွန်ခဲ့ပြီဖြစ်ပြီး ချန်ကျင်းကျစ်၏ကျန်းမာရေးမှာလည်း ယိုယွင်းလာခဲ့သည်။ သူမသည် ဂိုဏ်းသို့ပြန်ရန်မမျှော်လင့်တော့သလို ထိုအချိန်က အမုန်းတရားများကိုလည်းမေ့ပျောက်လုနီးပါးဖြစ်နေပြီဟုထင်ခဲ့သည်။ သို့သော် မမျှော်လင့်စွာ ကောမင်ဖေးသည် ယခု မဟာကျီတိုင်းပြည်၏နန်းတော်ထဲတွင်ရောက်ရှိနေလေသည်။
ရုတ်တရက် ချန်ကျင်းကျစ်၏လည်ချောင်းထဲမှ နာကျင်စွာချောင်းဆိုးသံထွက်ပေါ်လာပြီး သူမမျက်လုံးမှ မျက်ရည်တစ်စက်စီးကျလာသည်။
"ကျီချောင်ချင်... ကျီချန်သဲကို ငါ ဘာလိုမသတ်ခိုင်းခဲ့လဲနင်သိလား"
ချန်ကျင်းကျစ်က ခါးသက်သက်ရယ်မောလိုက်သည်။
"ကြောက်လိုလေ...၊ ငယ်ငယ်တုန်းကတော့ ငါ့ကိုယ် ငါ လောကအကျိုးသယ်ပိုးမယ့်သူလိုထင်ခဲ့ဖူးတယ်၊ ဒါပေမယ့်ငါ့ဂိုဏ်းကငါ့ကိုသစ္စာဖောက်ခဲ့တယ်၊ နောက်ပိုင်းကျီချန်သဲနဲ့တွေ့တဲ့အခါ သူ့ကိုတော့လမ်းမှန်ရောက်အောင်သွန်သင်ပေးနိုင်မယ်လို ငါထင်ခဲ့ပြန်တယ်၊ ဒါပေမယ့်... ငါထပ်မှားခဲ့ပြန်ပြီနဲ့တူပါရဲ့၊ ငါ့ဘဝမှာအမှတ်တရဖြစ်စရာ ဘာတစ်ခုမှမလုပ်နိုင်ခဲ့ဘူး၊ ငါ့ဖြစ်တည်မှုရဲ့အဓိပ္ပါယ်ကဘာလဲ၊ ငါဘာလို အသက်ရှင်နေရတာလဲ၊ ငါဘာလိုဒီလောကထဲကို ရောက်လာရတာလဲ၊ တစ်နေ့ ငါသေသွားရင် ဘယ်သူမှငါ့ကိုသတိရတော့မှာမဟုတ်ဘူးလား၊ ငါ့ရဲ့အတိတ်တွေအားလုံးက ဟာသတစ်ခုဖြစ်သွားမှာလား"
ချန်ကျင်းကျစ် စကားများသည် ကျီချောင်ချင်ကို မေးမြန်းနေခြင်းထက် သူမကိုယ်သူမ ပြန်လည်မေးခွန်းထုတ်နေခြင်းသာဖြစ်သည်။ ခန်းမဆောင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုစဉ် ရှန်ကျွင်းကဝင်ပြောလိုက်သည်။
"မင်းလုပ်ခဲ့တဲ့အရာတွေကလူတွေအမှတ်ရနေဖို မဟုတ်သလို၊ အဓိပ္ပါယ်ဆိုတဲ့ စကားလုံးကိုလိုက်ရှာဖိုလည်းမဟုတ်ပါဘူး"
ကျီချောင်ချင် ရှန်ကျွင်းကိုလှမ်းကြည့်လိုက်ရာ သူကလည်းပြန်ကြည့်နေသည်။ သူ့အကြည့်များက အရာအားလုံးကိုလစ်လျူရှုထားသည့်အလား ပင်လယ် ကြမ်းပြင်ကဲ့သိုတည်ငြိမ်လွန်းလှသည်။
"ရှင်မှားနေတယ်... ဒီလောကမှာလူတိုင်းရဲ့ဘဝက အဓိပ္ပါယ်ရှိရမယ်၊ ဘာလို သာမန်လူတွေကပွဲတော်တွေကျင်းပကြတာလဲ၊ ဘာလို လူတိုင်းကကိုယ်နဲ့ သူများတွေရဲ့မွေးနေ့ကိုမှတ်မိနေကြတာလဲ၊ ဘာလို ယောက်ျားနဲ့မိန်းမလက်ထပ်ကြတာလဲ၊ ဘာလို သေဆုံးသူအတွက်ဈာပနလုပ်ပေးကြတာလဲ၊ လူတစ်ယောက်ရဲ့ဘဝမှာ အဓိပ္ပါယ်ရှိကိုရှိရမယ်"