အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
🍃 Chapter 55
ကျီချန်သဲက ဖိနပ်နှစ်ဖက်စလုံး၀တ်ပေးပြီးနောက်မှ မတ်တပ်ရပ်လိုက်သည်။ သူသည် ချန်ကျင်းကျစ်၏ မျက်နှာကိုမကြည့်ဘဲ ရိုသေစွာခေါင်းငုံထားလိုက်သည်။ သူ၏ရှည်လျားသောမျက်တောင်များက မျက်ဝန်းထဲမှအမှောင်ထုကိုဖုံးကွယ်ထားသဖြင့် မည်သူမျှ သူ၏မျက်နှာအမူအရာကိုမမြင်နိုင်ကြပေ။
ချန်ကျင်းကျစ်၏ ရင်ထဲတွင်ထူးဆန်းသော ထိတ်လန့်မှုတစ်ခုမြင့်တက်လာသည်။ ငယ်စဉ်ကတည်းက သူမသွန်သင်ဆုံးမခဲ့သောတပည့်ရင်းသည် ယခုအခါ သူစိမ်းတစ်ယောက်ဖြစ်နေသကဲ့သို ခံစားလိုက်ရပြီး သူမကို ဘာလုပ်ရမှန်းမသိဖြစ်သွားစေသည်။ စိတ်မြန်လက်မြန်ဖြင့်ပင် သူမသည် ကျီချန်သဲ၏ ပါးကိုရိုက်ချလိုက်လေသည်။
'ဖြောင်း!' ခနဲမြည်သံက အခန်းထဲတွင်ပဲ့တင်ထပ်သွားသည်။ ယခင်က ရန်လိုသည့်ပုံစံနှင့်မတူဘဲ ကျီချန်သဲသည် သူ၏မူလပုံစံဟောင်းအတိုင်း မြေရုပ်တစ်ရုပ်လိုပြန်ဖြစ်သွားပုံရသည်။ သူသည် ပါးရိုက်ခံရမှုကိုဒေါသထွက်ခြင်း၊ စိတ်လှုပ်ရှားခြင်း အလျဉ်းမရှိဘဲလက်ခံလိုက်ကာ ခေါင်းကိုငုံထားလိုက်သဖြင့် အကာအကွယ်မဲ့နေသည့်သူ၏လည်ဂုတ်ကိုဖော်ပြလျက်သားဖြစ်သွားသည်။
အကယ်၍သာ ချန်ကျင်းကျစ်စိတ်တင်းလိုက်မည်ဆိုပါက ဓားချက်တစ်ချက်တည်းဖြင့် ကျီချန်သဲ၏ အသက်ကိုအဆုံးစီရင်လိုက်နိုင်ပေသည်။ သိုသော် သူမဓားကိုမမြှောက်နိုင်ခဲ့ပေ။ သူမ၏ ရင်ထဲတွင် ဒေါသစိတ်များမြင့်တက်လာကာသတိပေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ နင်သူ့ကိုထိလိုမရဘူး"
"ဟုတ်ကဲ့ပါ ဆရာ"
ကျီချန်သဲသည် ခြေလှမ်းနှစ်လှမ်းနောက်ဆုတ်လိုက်ပြီးဦးညွတ်လိုက်သည်။
"မီးထွန်းပွဲတော်ရောက်ဖို ရက်ပိုင်းပဲလိုပါတော့တယ်၊ ဆရာ..."
ချန်ကျင်းကျစ်ကစဉ်းစားမနေဘဲ ပြတ်သားစွာ
ဖြတ်ပြောလိုက်သည်။
"ငါ မသွားဘူး"
ကျီချန်သဲသည် ဘာမှဆက်မပြောတော့ဘဲ တိတ်ဆိတ်စွာပင်ထွက်ခွာသွားလေသည်။ ထိုအဖြစ်အပျက်များကိုစောင့်ကြည့်နေခဲ့သော ကျီချောင်ချင်သည် နန်းတော်မှထွက်မသွားဘဲ လူသူကင်းမဲ့သောဘေးဆောင်တစ်ခုကို ရှာဖွေကာ အနားယူနေလိုက်သည်။ ကျီချန်သဲ၏ပုံစံက တကယ်ကိုထူးဆန်းနေသဖြင့် ကျီချောင်ချင်သည် ချန်ကျင်းကျစ်အတွက်စိတ်မချနိုင်ဖြစ်နေမိသည်။
သူမသည် ကုတင်ပေါ်တွင်ပစ်လှဲလိုက်ပြီး မျက်နှာကြက်ကိုငေးကြည့်ရင်း မေးလိုက်သည်။
"ရှန်ကျွင်း... ကျီချန်သဲက အဲ့ဒီဝိညာဉ်အမြုတေတွေကိုပြန်ရပြီးရင် ဘာလုပ်မယ်လိုနင်ထင်လဲ"
ရှန်ကျွင်းက ပြတင်းပေါက်ဘောင်တွင်မှီရပ်နေပြီး တိုတောင်းစွာပြန်ဖြေသည်။ "မသိဘူး"
သိုသော် ရှန်ကျွင်း တစ်ခုခုကို လေးနက်စွာတွေးတောနေပုံရသည်ကိုမြင်တော့ ကျီချောင်ချင်ကထပ်မေးလိုက်သည်။ "ရှင် ဘာတွေ စဉ်းစားနေတာလဲ"
ရှန်ကျွင်းက သူမကို ဘေးတိုက်တစ်ချက်ကြည့်လိုက်ပြီး "နတ်ဘုရားလက်နက်တွေအကြောင်းပါ"
ကျီချောင်ချင် ရယ်မောလိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "နတ်ဘုရားလက်နက်ဆိုတာကို တစ်ခါမှမကြားဖူးဘူးလို နင်ပဲပြောခဲ့တယ်မဟုတ်လား၊ ရိုးရိုးနတ်လက်နက်တစ်ခုပဲဖြစ်မှာပါ၊ ဝိညာဉ်စွမ်းအား အနည်းငယ်ရှိကောင်းရှိနိုင်ပေမယ့် ကမ္ဘာကြီးကိုဖျက်ဆီးပစ်နိုင်တယ်ဆိုတာတော့ လုံးဝမဖြစ်နိုင်ပါဘူး၊ ပေါက်ကရတွေ"
ရှန်ကျွင်းက ကျီချောင်ချင်ကို လေးနက်သော အကြည့်ဖြင့်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုစေ့ထားကာ စိတ်ဆိုးသွားပုံရသည်။ သူ ဘာကြောင့်ထပ်ပြီး စိတ်ဆိုးသွားမှန်း ကျီချောင်ချင်နားမလည်တော့သဖြင့် စကားလမ်းကြောင်းလွှကာ ဝိညာဉ်အမြုတေ ကိစ္စကိုသာပြန်ပြောလိုက်သည်။
"ငါတို့ စစ်သူကြီးရဲ့စာကြည့်ခန်းထဲဝင်တုန်းက အငြိုးအာဃာတတွေအများကြီးရှိနေတာ ငါတို့ထင်ထားတဲ့အတိုင်းပဲ၊ အထဲမှာရှိနေတာတွေက အမြုတေတွေဆိုတာ ကျီချန်သဲလည်းဝန်ခံသွားတယ်၊ ငါထင်တာတော့ အဲ့ဒီမှာအမြုတေတွေအများကြီးရှိနေလောက်တယ်"
ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကိုပိုင်ဆိုင်ထားသော မသေမျိုးနွယ်များဖြစ်ကြသဖြင့် သဘာဝအလျောက် အငြိုးအာဃာတများနှင့်ကင်းကွာကြသည်။ ကျင့်ကြံနေစဉ် အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့လျှင်ပင် မိစ္ဆာအဖြစ်ပြောင်းလဲသွားနိုင်ခြေမှာ အလွန်နည်းပါးလှသည်။ အကယ်၍ သူတို့ဆိုးရွားစွာသေဆုံးခဲ့ရလျှင် အငြိုးအတေး ထားကောင်းထားနိုင်သော်လည်း ကျင့်ကြံသူမျိုးနွယ်ဖြစ်သည့်အတွက် ထိုအငြိုးအတေးမှာသိပ်ကြီးမားမည်မဟုတ်ပေ။
သို့သော် ထိုစာကြည့်ခန်းထဲမှအငြိုးအတေးသည် အလွန်ဆိုးရွားလွန်းလှရာ အတွင်း၌ရှိသောအမြုတေအရေအတွက်သည် ကျီချောင်ချင်မူလခန့်မှန်းထားသည်ထက်များပြားနေနိုင်သည်။
ထိုမျှလောက်များပြားသောအမြုတေများကို ကျီချောင်ချင်ကဲ့သို့သောလူမျိုးက သေချာပေါက် လျှို့ဝှက်ထားပြီး ကိုယ်ကျိုးအတွက်သုံးစွဲမည်သာဖြစ်သည်။ ထို့ကြောင့် ကျီချန်သဲ၏ကျဉ်းမြောင်းသောစိတ်ထားကိုထည့်တွက်ကြည့်မည်ဆိုလျှင် အမြုတေပိုင်ရှင်များကိုရှာဖွေပြီး သက်ဆိုင်ရာဂိုဏ်းသို့ပြန်ပေးမည်ဆိုသည့်စကားမှာ ကျီချောင်ချင်စိတ်အေးသွားစေရန် ခေတ္တမျှလှည့်စားလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့နောက် သူကိုယ်တိုင်သုံးစွဲရန်အတွက် အမြုတေများကိုသန့်စင်ယူလိုက်ပေလိမ့်မည်။
ရှန်ကျွင်းက အေးစက်စွာထောက်ပြလိုက်သည်။
"အရေအတွက်က အရမ်းများတယ်၊ သာမန်လူတွေအနေနဲ့အမြုတေတွေက ဘယ်ဂိုဏ်းကလဲဆိုတာကို အချိန်တိုအတွင်းမှာလိုက်ရှာနိုင်မှာမဟုတ်ဘူး"
ကျီချောင်ချင်က ချက်ချင်းထထိုင်လိုက်ပြီး အခြေအနေ၏အရေးကြီးမှုကိုသဘောပေါက်သွားသည်။
"ငါတို့ ကျီချန်သဲဆီအခုချက်ချင်းသွားမှဖြစ်မယ်"
"မဖြစ်နိုင်ဘူး... အနီးအနားမှာ စောင့်ကြည့်နေတဲ့လူ သေချာပေါက်ရှိနေလိမ့်မယ်"
ရှန်ကျွင်းက သတိပေးစကားဆိုလိုက်သည်။
ကျီချောင်ချင် မျက်ခုံးပင့်လိုက်ပြီး ပေါ့ပါးစွာတုံပြန်လိုက်သည်။ "ဒါဆိုရင်လည်း... သူတိုသတိမထားမိအောင် လုပ်ရမယ့်နည်းလမ်းရှာရမှာပေါ့"
ညဉ့်နက်သန်းခေါင်ယံဖြစ်သဖြင့် အစောင့်များ အလှည့်ကျပြောင်းလဲချိန်ရောက်နေပြီဖြစ်သည်။ ချန်ဇယ်သည် ကျီချန်သဲ၏နန်းဆောင်အပြင်ဘက်တွင် သတိဝီရိယရှိစွာစောင့်ကြပ်နေသည်။ ထိုအချိန်တွင် အိပ်မှုန်စုံမွှားဖြစ်နေပုံရသော စစ်သည်တစ်ဦးသည် ရုတ်တရက်ချန်ဇယ်ကိုဝင်တိုက်မိလိုက်သည်။
ချန်ဇယ်က ယိုင်သွားသောထိုစစ်သည်ကိုထိန်းပေးလိုက်ပြီး မျက်မှောင်ကြုတ်ကာအော်ငေါက်လိုက်သည်။
"သောက်သုံးမကျတဲ့ကောင်... သွား၊ မင်းအပြစ်အတွက်အပြစ်ဒဏ်သွားခံယူချေ"
စစ်သည်က တုန်တုန်ယင်ယင်ဖြင့် တောင်းပန်စကားဆိုကာ နောက်ဆုတ်ထွက်ခွာသွားလေသည်။
ကင်းလှည့်အဖွဲဆက်လက်ထွက်ခွာသွားရာ ချန်ဇယ်သည် အိပ်ဆောင်ဘက်သို မသိစိတ်ဖြင့်ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်မိသည်။ ရုတ်တရက် တစ်စုံတစ်ခုကိုအာရုံခံမိလိုက်ပြီး ခေါင်းကိုလှည့်ကြည့်ရန်ပြင်လိုက်သော်လည်း အချိန်နှောင်းသွားခဲ့ချေပြီ။ အစောက ဝင်တိုက်သွားသူ၏ ပြင်းထန်သောရိုက်ချက်တစ်ခုမှာ သူ၏လည်ဂုတ်ပေါ်သိုကျရောက်လာခဲ့သည်။
🍃 Chapter 56
ဖုန်း ခနဲအသံတိုးတိုးနှင့်အတူ ချန်ဇယ်သည် အသံမထွက်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သိုခွေခွေလေးလဲကျသွားရှာသည်။ မလှမ်းမကမ်းရှိ ကင်းလှည့်အဖွဲသည် ရှေ့ဆက်သွားနေပြီး သူတိုနောက်တွင်ချန်ဇယ် လဲကျကျန်ရစ်ခဲ့သည်ကို သတိမထားမိလိုက်ကြပေ။
ကျီချောင်ချင်သည် သူမလက်ထဲမှအုတ်ခဲကို မြှောက်ကြည့်လိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ကင်းလှည့်အဖွဲထဲမှာ စစ်သည်အသစ်တစ်ယောက် ရောက်နေတာကိုတောင်သတိမထားမိကြဘူး၊ ငါက အလားအလာရှိတဲ့လူတော်လေးလိုထင်နေတာ... လက်စသတ်တော့လည်း"
သူမ၏ လေသံတွင်နှမြောတသဟန်ပါနေသည်။
ရှန်ကျွင်းသည် ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခြင်းမျိုး တစ်ခါမျှမလုပ်ဖူးပေ။ ကျီချောင်ချင်က ချန်ဇယ်ကို အုတ်ခဲဖြင့်ထုလိုက်သည်ကိုမြင်သော်လည်း ဝင်မတားသလို သူမကိုဘာမှပြောရန်လည်းရည်ရွယ်ပုံမရပေ။ သူသည် ခန်းမဆောင်အဝင်ဝဘက်သို လှည့်ထွက်သွားရာ ကျီချောင်ချင်မနေနိုင်ဘဲ တခစ်ခစ်ရယ်မောလိုက်မိသည်။
"ရှန်ကျွင်း... ကျွန်မတိုလုပ်နေတာက သူများမသိအောင်ခိုးလုပ်ရတဲ့အလုပ်မျိုးဆိုတာ ရှင်သိရဲ့လား"
ရှန်ကျွင်းရပ်တန့်လိုက်ပြီး ပြန်လှည့်ကြည့်လာရာ သူ၏မျက်နှာတွင် သံသယအရိပ်အယောင်များ ယှက်သန်းနေသည်။ လရောင်အောက်တွင် သူသည် လမင်းထက်ပင်ပိုမိုတောက်ပနေပြီး နှိင်းယှဉ်စရာမရှိအောင် အမှန်တကယ်လှပလွန်းနေသည်။
"နင် ချန်ဇယ်ကိုလူကွယ်တဲ့နေရာမှာသွားဝှက်ထားမှ ဖြစ်မယ်၊ မဟုတ်ရင် မကြာခင်အစောင့်တွေတွေ့သွားပြီး ငါတိုကိုလိုက်ရှာကြလိမ့်မယ်"
ရှန်ကျွင်းသာ ဤမျှချောမောခန့်ညားခြင်းမရှိပါက သူမ စိတ်ရှည်လက်ရှည် ရှင်းပြနေမည်မဟုတ်ပေ။ "ငါက ဝိညာဉ်စွမ်းအားမရှိတော့ သူ့ကိုမသယ်နိုင်ဘူး၊ ဒါကြောင့်အစ်ကိုရှန်ကိုပဲဒုက္ခပေးရတော့မယ်"
ရှန်ကျွင်း ပြန်လှည့်လာပြီး ချန်ဇယ်ကိုမကာ သစ်ပင်ကြီးတစ်ပင်ပေါ်၌ဝှက်ထားလိုက်သည်။ သစ်ပင်မှာ အရွက်များထူထပ်နေသဖြင့် အမှောင်ထဲတွင် လူတစ်ယောက်ပုန်းနေသည်ကို မည်သူမျှခဏတာ သတိထားမိကြမည် မဟုတ်ပေ။
ကျီချောင်ချင်သည် ယပ်တောင်ကိုဖွင့်လိုက်ပြီး ရှန်ကျွင်းနောက်သိုလိုက်ပါသွား၏။
"ဒီညကျွန်မတိုနှစ်ယောက်က အမြုတေကိစ္စကိုပဲလာစုံစမ်းတာ၊ ပထမအချက်က ချန်ကျင်းကျစ်ရဲ့ဘေးကင်းရေးအတွက်၊ ဒုတိယအချက်က ကျီချန်သဲရဲ့
တကယ့်အင်အားကိုအကဲခတ်ဖိုပဲ၊ ကျွန်မတိုက
မကောင်းတဲ့ကိစ္စ လုပ်ဖိုလာတာမဟုတ်ပေမယ့် သူများနယ်မြေဆိုတော့ မသိသာအောင်နေတာ အကောင်းဆုံးပဲ"
ရှန်ကျွင်းက ပြန်မေးလိုက်သည် "မသိသာအောင်နေမယ်ဆိုရင် ဘာလိုဝင်တိုက်ခိုက်လိုက်တာလဲ"
ကျီချောင်ချင်က ရှန်ကျွင်းကိုကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲ၌ နားမလည်နိုင်မှုများရှိနေသည်ကိုတွေ့လိုက်ရသည်။ သူမ ကြည်နူးသွားမိသည်။ သူ နားမလည်သော်လည်း သူမစကားကို ယနားထောင်ပြီး ချန်ဇယ်ကို ဝှက်ပေးခဲ့သည်မဟုတ်ပါလား...
သူတို နန်းဆောင်တံခါးကိုတွန်းဖွင့်ဝင်လိုက်သောအခါ ကျီချန်သဲမှာ အိပ်ဆောင်ထဲတွင်မရှိသည်ကိုတွေ့လိုက်ရသည်။
"ကျွန်မ ပြောသားပဲ၊ ကျွန်မတိုလုပ်ရပ်ကမဆိုးပါဘူးလို၊ ခိုးတိုက်တာကဂုဏ်ယူစရာမကောင်းပေမယ့် လိုချင်တဲ့ရလဒ်ရရင်ပြီးတာပဲလေ၊ လုပ်နည်းလုပ်ဟန်တွေ၊ ရာထူးတွေ၊ စည်းကမ်းတွေအပေါ် အရမ်းစွဲလမ်းနေရင် ရှင်ပဲထိခိုက်လိမ့်မယ်"
ရှန်ကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ နားမလည်နိုင်ဖြစ်နေသည်။
ကျီချန်သဲ၏နန်းဆောင်သည် ချန်ကျင်းကျစ်၏ အဆောင်နှင့်ယှဉ်လျှင် အလွန်ရိုးရှင်းနေပြီး ချမ်းသာသောသာမန်အရပ်သားတစ်ဦး၏ အိမ်လောက်ပင်ခမ်းနားခြင်းမရှိသည်ကို ကျီချောင်ချင်သတိထားမိလိုက်သည်။ ကျီချောင်ချင်စစ်ဆေးကြည့်သော်လည်း ထောင်ချောက်များကိုမတွေ့ရသဖြင့်စိတ်သက်သာရာရသွားသည်။
ကျီချောင်ချင် စာကြည့်စားပွဲဆီသိုလျှောက်သွားလိုက်ရာ စာအုပ်များနှင့်သ၀ဏ်လွှာများပြည့်နှက်နေသည်ကို တွေ့ရသည်။ တစ်စောင်ကိုကောက်ယူဖတ်ရှုလိုက်ရာ မကြာသေးမီက ကျီချန်သဲ၏ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကိုစွပ်စွဲထားသည်များ ဖြစ်နေသည်။
သူမ အတော်များများကိုဖတ်ကြည့်လိုက်သော်လည်း အားလုံးအတူတူပင်ဖြစ်သည်။ ကျီချောင်ချင်သည် အောက်ဆုံးရှိသ၀ဏ်လွှာတစ်ခုကို ဆွဲယူလိုက်ရာ ဒေသအသီးသီးမှအခြေအနေများနှင့် သက်ဆိုင်နေသည်။
ကျီချန်သဲသည် ဖြေရှင်းနည်းများနှင့်အသေးစိတ်အချက်အလက်များအပေါ် မေးခွန်းများကိုသေချာစွာ မှတ်သားထားလေသည်။ သံသယဖြစ်စရာမလိုအောင်ပင် ကျီချန်သဲသည် တာဝန်ကျေပွန်သော ဧကရာဇ်တစ်ပါးဖြစ်ပေသည်။
ကျီချန်သဲသည် ရိုက်နှက်နှိပ်စက်မှုများကြားတွင် ကြီးပြင်းလာခဲ့ရပြီး ကုမိသားစု၏အာဏာစက်အောက်တွင် နှစ်ပေါင်းများစွာသည်းခံနေထိုင်ခဲ့ရသည်။ သူသည် သည်းခံနိုင်စွမ်းရှိပြီးအောင်နိုင်မည်ဟု အပြည့်အဝယုံကြည်မှုရှိသူဖြစ်သည်။ ကောက်ကျစ်စဉ်းလဲခြင်းကမကောင်းဘူးဟု
ကျီချောင်ချင် ဘယ်တုန်းကမှမတွေးခဲ့ပေ။ ကျီချန်သဲသည် နန်းတက်နိုင်ရန် မင်းကောင်းမင်းမြတ်ပုံရိပ်ကို ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရပါလျက်နှင့် ယခုကျမှ အဘယ်ကြောင့် ဂုဏ်သိက္ခာကိုဂရုမစိုက်ဘဲ လူအများအပြားကိုသတ်ဖြတ်နေရသနည်း။
ဤသည်မှာ ကျီချန်သဲ၏ ယခင်လုပ်ပုံကိုင်ပုံများနှင့် လုံးဝကွာခြားနေသည်။ သူသည် ဧကရာဇ်တစ်ပါးဖြစ်ပြီး ဤကိစ္စကိုကောင်းစွာမကိုင်တွယ်နိုင်ပါက အာဏာရှင်အဖြစ်သမိုင်းတွင်သွားနိုင်သည်။
ရှန်ကျွင်းက ပတ်ဝန်းကျင်ကိုအကဲခတ်နေစဉ် ကျီချောင်ချင် သံသယများဖြင့်ထပ်မံကြည့်ရန်ပြင်လိုက်ချိန်တွင် ရှန်ကျွင်းကသူမကိုရုတ်တရက်ဆွဲခေါ်လိုက်ပြီး နှစ်ယောက်သားထုပ်တန်းပေါ်သို့ ခုန်တက်ကာ ပုန်းအောင်းလိုက်ကြသည်။ ကျီချောင်ချင်လည်း တစ်စုံတစ်ယောက်ဝင်လာတော့မည်ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။
ရှန်ကျွင်းတွင် ဝိညာဉ်စွမ်းအားမရှိသော်လည်း ကျင့်ကြံသူတစ်ဦး၏ အာရုံခံနိုင်စွမ်းရှိနေသေးသည်။ ဝိညာဉ်စွမ်းအားမရှိသောကျီချောင်ချင်မှာမူ အာရုံခံနိုင်စွမ်းမရှိတော့ဘဲ လူလာမလာသိရှိရန် နှစ်ပေါင်းများစွာအတွေ့အကြုံကိုသာ အားကိုးနေရသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမ၏စွမ်းရည်များလျော့နည်းလာပုံရသည်။
နောက်တစ်ခဏ၌ ကျီချန်သဲ၏ နန်းဆောင်တံခါးပွင့်သွားလေသည်။ ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ကျီချောင်ချင်အသက်အောင့်ထားလိုက်သည်။
"နတ်ဆရာ... ချန်ချင်ဂိုဏ်းကနေ မဟာကျီတိုင်းပြည်အထိ ခရီးဝေးကြီးလာခဲ့ရပြီ၊ နတ်ဆရာရဲ့ ရည်ရွယ်ချက်ကိုကျွန်တော်သိပြီးပါပြီ၊ စိတ်ချပါ... ကျွန်တော် လူလွှတ်ပြီးစုံစမ်းခိုင်းထားပါတယ်၊ ဂိုဏ်းကသစ္စာဖောက်မရဲ့သတင်းရတာနဲ့ ချက်ချင်း ဖမ်းဆီးပြီးနတ်ဆရာလက်ထဲကိုအပ်ပါ့မယ်"
အခြားအမျိုးသားအသံတစ်သံထွက်ပေါ်လာသည်။
"ကောင်းပြီ... သစ္စာဖောက်ကိစ္စကအရေးကြီးတယ်၊ သူက ငါတို့ ချန်ချင်ဂိုဏ်းရဲ့ရတနာတစ်ခုကိုယူထားတာ၊ အဲ့ဒါသာ လူဆိုးတွေလက်ထဲရောက်သွားရင် လောကကြီးကစဉ့်ကလျားဖြစ်သွားလိမ့်မယ်"
အပြင်ဘက်တွင်စကားပြောနေသူမှာ ကောမင်ဖေး ဖြစ်နေသဖြင့် ကျီချောင်ချင်အနည်းငယ်အံ့သြသွားသည်။
ကောမင်ဖေးသည် ချန်ချင်ဂိုဏ်း၏စီနီယာတပည့်ကြီးဖြစ်ပြီး ချန်ကျင်းကျစ်နှင့်မျိုးဆက်တူဖြစ်သည်။ ဟိုတုန်းက ချန်ကျင်းကျစ် ဂိုဏ်းမှ အလျင်အမြန်ထွက်ပြေးခဲ့ရခြင်းမှာ ထိုလူ၏ လက်ချက်ကြောင့်ဖြစ်ပြီး၊ သူပြောနေသော သစ္စာဖောက်ဆိုသည်မှာ ချန်ကျင်းကျစ်ဖြစ်မည်မှာ သေချာသည်။
သို့သော် ပို၍အံ့သြစရာကောင်းသည်မှာ ကျီချန်သဲက ကောမင်ဖေးနှင့်ပတ်သက်နေခြင်းပင်။ ထိုစဉ် နောက်ထပ် အသံအက်အက်တစ်ခုထပ်မံထွက်ပေါ်လာသည်။
"သူ့နေရာကအရေးကြီးတယ်ဆိုပေမယ့် ပိုအရေးကြီးတာတစ်ခုရှိသေးတယ်၊ အင်မော်တယ်မျိုးနွယ်ရဲ့ သစ္စာဖောက်ကျီချောင်ချင်က မင်းတို့မဟာကျီတိုင်းပြည်ထဲမှာရှိနေနိုင်တယ်လို့ သတင်းကြားထားတယ်၊ ဒါကသူ့ပုံတူပဲ၊ သူ့သတင်းရတာနဲ့ ငါ့ကို ချက်ချင်းအကြောင်းကြားပါ၊ သခင်ကြီးက မင်းကို ဆုလာဘ်တွေအများကြီးပေးလိမ့်မယ်"
ကျီချောင်ချင် မျက်လုံးပြူးကျယ်သွားသည်။ ဤအသံမှာ နတ်ဆိုးမျိုးနွယ်မှ စစ်သူကြီးဟွာကျစ်၏ အသံဖြစ်နေသည်။
ကျီချန်သဲက ချန်ချင်ဂိုဏ်းနဲ့အဆက်အသွယ်ရှိတာကထားပါတော့၊ နတ်ဆိုးမျိုးနွယ်နဲ့ပါဘယ်လိုလုပ် ပတ်သက်နေရတာလဲ၊ ချန်ချင်ဂိုဏ်းကကောမင်ဖေးက ဟွာကျစ်ကိုသိမှာသေချာတယ်၊ သူတို့နှစ်ဦးက ဘာကြောင့်ဒီလောက်ရင်းနှီးနေရသလဲ...
ကျီချောင်ချင်သည် အခြေအနေများပို၍ရှုပ်ထွေးနက်နဲလာသည်ဟု ခံစားလိုက်ရသည်။ သူမ လက်ရှိ ဦးစားပေးရမည့်အရာမှာ ချန်ကျင်းကျစ်ခန္ဓာကိုယ်ထဲမှ ဗျူဟာအသက်သွေးကြောကို အမြန်ဆုံးထုတ်ယူရန်ဖြစ်သည်။
ချန်ချင်ဂိုဏ်းနှင့်နတ်ဆိုးမျိုးနွယ်တို့သည် မဟာကျီနန်းတော်သို့ရောက်ရှိနေကြပြီဖြစ်ပြီး ချန်ကျင်းကျစ်နှင့်အလွန်နီးကပ်နေပြီဖြစ်သည်။ အကယ်၍ ကျီချန်သဲသာ တိုင်းပြည်အကြံပေးအကြောင်းထည့်ပြောလိုက်လျှင် ချန်ကျင်းကျစ်ရှိနေသည့်နေရာမှာ ပေါ်သွားလိမ့်မည်။ ကျီချောင်ချင်၏အခြေအနေမှာလည်းသိပ်မကောင်းလှပေ။ သူမလည်း အမြန်ထွက်ခွာရန်လိုအပ်သည်။
ထိုသို့တွေးတောနေစဉ်မှာပင် ဟွာကျစ်၏အေးစက်ပြီးအာဏာရှင်ဆန်သော အသံတစ်ခုအခန်းထဲတွင် ဟိန်းထွက်လာသည်။
"ဘယ်သူလဲ"
ရှန်ကျွင်းခြေလှမ်းပြင်လိုက်သည်နှင့် ကျီချောင်ချင်က သူ၏လက်မောင်းကိုလှမ်းဆွဲကာ မှောင်ရိပ်ကျနေသောထောင့်ချိုးတစ်ခုထဲသို ဆွဲခေါ်လိုက်သည်။
၎င်းတိုနှစ်ဦး၏အနေအထားသည် မျက်နှာချင်းဆိုင်အနေအထားသိုရောက်သွားပြီး အလွန်နီးကပ်သွားကြသည်။ နီးကပ်လွန်းသဖြင့် ကျီချောင်ချင်၏ အသက်ရှူသံသဲ့သဲ့ကိုပင် ရှန်ကျွင်းခံစားမိနေသည်။
ယခင်က သူတိုတစ်အိပ်ရာတည်းအတူအိပ်ဖူးသလို သူမကိုပွေ့ဖက်ဖူးသည်ဆိုသော်လည်း ယခုလောက် နေရခက်သော ခံစားချက်မျိုးမဖြစ်ခဲ့ဖူးပေ။ ယခုအခါတွင်မူ ကျဉ်းမြောင်းသောနေရာလေး၌ သူတို၏ ဝင်သက်ထွက်သက်များပင်ရောယှက်နေပြီး ကျီချောင်ချင်သည် သူ၏ရင်ခွင်ထဲသိုတိုးဝင်လုနီးပါး ဖြစ်နေသည်။
အောက်ထပ်မှ ဟွာကျစ်၏ခြေသံများနီးကပ်လာသဖြင့် ကျီချောင်ချင်က သတိထားစောင့်ကြည့်နေသည်။ ရှန်ကျွင်း အနည်းငယ်နောက်ဆုတ်ရန်ပြင်လိုက်သော်လည်း သူ၏နောက်ကျောတွင် ပင်မထုတ်တန်းကြီးခံနေသဖြင့် ပုန်းစရာနေရာမရှိတော့ပေ။
သူ လှုပ်ရှားလိုက်သည့်တခဏချင်းမှာပင် ကျီချောင်ချင်က သူ၏ပခုံးကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး သူမ၏မျက်ဝန်းများတွင် ငြိမ်ငြိမ်နေဟူသော သတိပေးသည့်အရိပ်အယောင်များ လက်ခနဲပေါ်လာသည်။
အရိပ်ထဲတွင်ပုန်းနေရသည်မှာ အနည်းငယ်ပူအိုက်သောကြောင့်လားမသိ ကျီချောင်ချင်၏မျက်နှာလေးမှာပန်းရောင်သမ်းနေ၏။ သူမသည် မူလကတည်းကလှပသူဖြစ်ရာ ယခုကဲ့သိုအကွာအဝေးတစ်ခုမှ သူ့ကို စိုက်ကြည့်နေသည့်အခါ ရှန်ကျွင်းအနေဖြင့် သူမ စိတ်အနှောင့်အယှက်ဖြစ်သွားမည်ဆိုးသဖြင့် သူ့အလိုလိုပင်အကြည့်လွှလိုက်မိသည်။