← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

🍃 Chapter 53

ကျီချောင်ချင်သည် တီးတိုးလှမ်းမေးလိုက်သည်။

"ရှင် ဘာလို ဝင်မလာတာလဲ"

ရှန်ကျွင်းက သူမကိုတစ်ချက်ကြည့်လိုက်ပြီး

"ငါ မင်းအတွက် အပြင်ကနေစောင့်နေပေးမလိုပါ"

ကျီချောင်ချင် ခေတ္တမျှကြောင်အမ်းသွားပြီးမှ ရှန်ကျွင်းသည် သိက္ခာတရားနှင့်ပြည့်စုံလှသော လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း ရုတ်တရက်သတိရသွားလေသည်။ သူသည် မိန်းမပျိုတစ်ယောက်၏ အဆောင်ပြတင်းပေါက်ကိုကျော်ခွဝင်ရောက်မည့်သူမဟုတ်ပေ။ ကျီချောင်ချင် ဘာမှပြန်မပြောနိုင်တော့ဘဲ သူမကိုယ်တိုင်သာဝင်ခဲ့လိုက်တော့ သည်။

အတွင်းဆောင်၌ နံ့သာတိုင်ထွန်းညှိထားသော်လည်း ရနံ့မှာဖျော့တော့လွန်းလှသဖြင့် ကျီချောင်ချင် မည်သည့်အနံ့ကိုမျှမရရှိပေ။ သူမသည် လိုက်ကာကိုမကာ အတွင်းခန်းဆောင်ထဲသိုတိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။

ထိုစဉ် ကုတင်စွန်း၌ ချန်ကျင်းကျစ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် အဝတ်တစ်ထည်ကို အာရုံစူးစိုက်စွာချုပ်လုပ်နေပြီး ကျီချောင်ချင် ရောက်လာသည်ကိုပင် သတိမထားမိပေ။

"ကျင့်ကြံရေးဂိုဏ်းက မိန်းကလေးတွေက ဒီလိုအလုပ်မျိုးလုပ်လေ့မရှိပါဘူး... နင်ကဘယ်လိုလုပ် တတ်နေတာလဲ"

ရုတ်တရက်ထွက်ပေါ်လာသော ကျီချောင်ချင်၏ အသံကြောင့် ချန်ကျင်းကျစ်လန့်သွားလေသည်။ အပ်နုလေးသည် သူမ၏လက်ချောင်းကိုစူးမိသွားပြီး ပဲစေ့ခန့်ရှိသောသွေးစက်လေးတစ်ခုစီးကျလာကာ သူမ ပန်းထိုးနေသောအဝတ်ပေါ်သိုကျသွားသည်။

ချန်ကျင်းကျစ် မျက်မှောင်ကြုတ်လိုက်ကာ

"ကျီချောင်ချင်..."

ယခင်ကဆိုလျှင် ချန်ကျင်းကျစ်သည် ဂွမ်းလေးသဖွယ်ဖြူစင်နူးညံ့ပြီး အလိုလိုက်ခံထားရသူဖြစ်သည်။ သူမကို စိတ်အနှောင့်အယှက်ပေးမိတိုင်း သူမက ကျီချောင်ချင်၏နားနားကပ်ကာ သူမ၏ အပြစ်များကိုတစ်နာရီလောက်ရေရွတ်ပြတတ်ပြီး ကျီချောင်ချင်အား ဉာဏ်မှီအောင်မနည်းလိုက်ရသည်အထိ ဖြစ်စေခဲ့သည်။ သူမ၏အသံမှာ ကြည်လင်ပြတ်သားလှသဖြင့် ရှောင်ပြေး၍မရနိုင်ခဲ့ပေ။

ယခုမူ ချန်ကျင်းကျစ်၏ဆူပူသံသည် အလွန်အားနည်းနေပြီး စကားသုံးလုံးပြောရုံမျှဖြင့်မောဟိုက်နေရှာသည်။ ထိုကဲ့သို အပြစ်တင်သံကိုကြားလိုက်ရသောအခါ ကျီချောင်ချင်စိတ်ထဲ၌ ရုတ်တရက်ဒေါသထွက်သွားမိသည်။

"နင် ဘာလို အိပ်ရာထဲမှာလှဲမနေတာလဲ၊ ဘာတွေထလုပ်နေတာလဲ"

ချန်ကျင်းကျစ်သည် ကျီချောင်ချင်၏အမူအရာပြောင်းလဲသွားမှုကို အံ့သြဟန်မပြဘဲ တည်ငြိမ်စွာပင်ဆိုလိုက်သည်။

"ငါ့အချိန်က ကုန်ခါနီးနေပြီ၊ ငါ တစ်ခုခုတော့လုပ်ရမယ်လေ၊ အိပ်ရာပေါ်မှာပဲ ဒီအတိုင်းသေရတော့မယ်ဆိုရင် အခုချက် ချင်း လည်ပင်းလှီးသတ်သေလိုက်တာကမှပိုကောင်းဦးမယ်"

သူမ သေချာကြည့်လိုက်သောအခါ ထိုအဝတ်အစားပေါ်တွင်ရွှေရောင်နဂါးပုံစံများပန်းထိုးထားသည်ကို ကျီချောင်ချင်သတိထားမိလိုက်သည်။ ၎င်းမှာ ကျီချန်သဲအတွက်ဖြစ်နေလေသည်။

ကျီချောင်ချင် လှောင်ပြုံးပြုံးလိုက်သည်။

"ကုဖေးရန်လည်းသေသွားပြီ ကျီချန်သဲက အပြင်မှာ လူတွေကိုရမ်းကားသတ်ဖြတ်နေတာ၊ သူ့ရဲ့ ဧကရာဇ်အာဏာကို ခြိမ်းခြောက်တဲ့သူမှန်သမျှအကုန်သေကုန်ပြီ၊ နောက်ထပ် သူ့ပစ်မှတ်ကနင်ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါကိုနင်က သူ့အတွက် အေးအေးဆေးဆေး အင်္ကျီထိုင်ချုပ်ပေးနေသေးတယ်ပေါ့"

ချန်ကျင်းကျစ်သည် တိုင်းပြည်၏အကြံပေးပုဂ္ဂိုလ်ဖြစ်သည်။ ယခင်နှစ်များကကျီချန်သဲကို ပြင်းပြင်းထန်ထန် ထောက်ခံအားပေးခဲ့သော်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူတို့၏ဆက်ဆံရေးမှာ ယိုယွင်းပျက်စီးခဲ့ရသည်။ ဤအကြောင်းကို ကုဖေးရန်ပင်သိသည်။

မဟာကျီမင်းဆက်မှ ပြည်သူများသည် မသေမျိုးကျင့်ကြံခြင်းပညာရပ်ကို အလေးထားကိုးကွယ်ကြသည်။ အကယ်၍ တိုင်းပြည်အကြံပေးဖြစ်သူ ချန်ကျင်းကျစ်သာ တိုင်းပြည်ကိုသစ္စာဖောက်ပြီး ကုမိသားစုဘက်သို့ ပါသွားကာ သူတို့၏အင်အားကိုသုံး၍ ကျီချန်သဲကိုတိုက်ခိုက်ပြီး နန်းတော်မှအခြားသူတစ်ဦးကိုနန်းတင်ရန်ကြိုးပမ်းခဲ့ပါက ကျီချန်သဲသည် အကျပ်အတည်းနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး နန်းချခံရနိုင်ခြေများသွားပေလိမ့်မည်။

အကယ်၍ကျီချောင်ချင်သာ ကျီချန်သဲနေရာတွင်ဆိုလျှင် ချန်ကျင်းကျစ် သေခါနီးဖြစ်နေသည့်တိုင်အောင် နောက်ရက်အနည်းငယ်အတွင်း ဧကန်မုချ သုတ်သင်ရှင်းလင်းပစ်မည်ဖြစ်သည်။

သို့သော် ချန်ကျင်းကျစ်သည် ကျီချောင်ချင် စကားများကိုတုံ့ပြန်ခြင်းမရှိသည့်အပြင် ပြုံး၍ပြောလိုက်သည်။

"သူ ငါ့ကိုသတ်ချင်တယ်ဆိုရင်လည်းသတ်ပါစေတော့"

ထိုစကားကိုကြားသောအခါ ကျီချောင်ချင်အံကြိတ်လိုက်မိသည်။ သူမသည် သူတစ်ပါးကိစ္စတွင်ဝင်ပါရသည်ကို မည်သည့်အခါကမျှမနှစ်သက်ခဲ့ပေ။ သူတစ်ပါးသေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူမနှင့်သက်ဆိုင်သည်ဟူ၍မရှိပေ။ သို့သော် သူမရှေ့မှလူသည် ချန်ကျင်းကျစ်ဖြစ်နေသည်။ ချန်ချင်ဂိုဏ်းသားတစ်ဦးလည်းဖြစ်သဖြင့် ကျီချောင်ချင်

မလိုလားလျှင်တောင်မှ ဝင်ပါရပေလိမ့်မည်။ ၎င်းမှာ ချန်ချင်ဂိုဏ်းအပေါ် သူမပေးဆပ်ရန်အကြွေးတင်နေခြင်းကြောင့်ပင်။

သူမ ဝင်ထိုင်လိုက်ပြီး လေသံကိုနှိမ့်ကာပြောလိုက်သည်။

"တကယ်တော့ နင့်အသက်ကိုကယ်နိုင်မယ့် တခြားနည်းလမ်းတစ်ခုရှိသေးတယ်၊ ကျီချန်သဲက ဧကရာဇ်ဖြစ်လို့ သူ့ကံကြမ္မာကအဆမတန်မြင့်မြတ်တယ်၊ ငါသာ သူ့ကိုသတ်လိုက်ရင်"

ချန်ကျင်းကျစ်ခေတ္တရပ်တန့်သွားပြီး ကျီချောင်ချင်၏စကားကို အေးစက်စွာဖြတ်ပြောလိုက်သည်။

"ငါ ခွင့်မပြုဘူး!"

ကျီချောင်ချင် မျက်လုံးကိုကျဉ်းမြောင်းလိုက်ပြီး

"နင် သူ့ကို မုန်းနေတာမဟုတ်ဘူးလား၊ ဘာလို့ငါ့ကို ပေးမသတ်ရတာလဲ"

"နင် အစီအရင်အသက်သွေးကြောကို လိုချင်ရင်အခုလာယူလိုက်တော့၊ ငါသတိပေးထားမယ်နော်၊ ငါ့ကိစ္စကိုဝင်မပါနဲ့၊ ကျီချန်သဲကိုထိခွင့်မပြုဘူး"

ကျီချောင်ချင် မျက်နှာပျက်သွားပြီး သူမ၏အင်္ကျီလက်စအတွင်းမှ ခွင်းလွန်ဓားသည်တုန်ခါမြည်ဟီးသွားလေသည်။ ထိုအချိန်မှာပင် ခန်းမဆောင်အပြင်ဘက်မှခြေသံများကြား လိုက်ရသည်။ ကျီချောင်ချင် တစ်စုံတစ်ခုမှားယွင်းနေကြောင်းအာရုံခံမိလိုက်ပြီး မတ်တပ်ရပ်လိုက်ရုံရှိသေးသည့်အချိန် လိုက်ကာမှာ ပွင့်သွားပြီး ကျီချန်သဲအပြင်မှဝင်လာလေသည်။

သူ၏အကြည့်များက ကျီချောင်ချင်အပေါ် တည့်မတ်စွာကျရောက်လာပြီး ပြုံးကာနှုတ်ဆက်လိုက်သည်။

"မိန်းကလေးရှန်ပါလား၊ နောက်ဆုံးတော့ပြန်ရောက်လာပြီပေါ့၊ ကိုယ်တော် မင်းကိုစောင့်နေတာကြာလှပြီ၊ နန်းတော်ကိုလာမယ်ဆိုတာဘာလို့ ကြိုမပြောတာလဲ၊ ဒါဆို ကိုယ်တော်က မင်းပြန်လာတာကိုကြိုဆိုဖို့ပြင်ဆင်ထားမှာပေါ့"

ကျီချန်သဲသည် ပုံမှန်ဝတ်ဆင်နေကျအဖြူရောင် ပိုးထည်ဝတ်ရုံကိုဝတ်ဆင်မထားဘဲ နဂါးပုံစံများပါရှိသောအနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ သူ၏အပြုံးတွင်ပင် အန္တရာယ်ငွေ့များပါဝင်နေသည်။

ရက်အနည်းငယ်အတွင်းမှာပင် သွေးများစွန်းပေနေသော နူးညံ့သိမ်မွေ့သည့်ဧကရာဇ်သည် စစ်မှန်သောဘုရင်တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် ယခင်ကထက်ပို၍ ခန့်မှန်းရခက်လာပြီး အာဏာကိုအပြည့်အဝထိန်းချုပ်ထားနိုင်မှုကသူ၏ဖြူစင်ရိုးသားမှုအရိပ်အယောင်များကို ဖျောက်ပစ်လိုက်ပြီဖြစ်သည်။

ကျီချောင်ချင်သည် ကျရောက်လာတော့မည့် အန္တရာယ်ကြောင့်အံ့အားသင့်သွားမိသည်။ ကျီချန်သဲသည် သူမတို့ကိုအမှန်တကယ်ပင်အန္တရာယ်ပေးတော့မည်ဖြစ်ကြောင်း သူမသဘောပေါက်လိုက်သည်။

ပထမဆုံးတွေ့ဆုံမှုမှာကတည်းက သူမရွေးချယ်ခဲ့သည့်သူဖြစ်နေခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။ သူသည် သူမခန့်မှန်းခဲ့သည့်အတိုင်း သွေးအေးပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်ပေသည်။ သူမအလွန်ကျေနပ်သွားမိသည်။ အခြေ အနေများ ပိုစိတ်ဝင်စားစရာကောင်းလာသည်ကိုမြင်တော့ ကျီချောင်ချင် တည်ငြိမ်သွားပြီးတုံ့ပြန်လိုက်သည်။

"ကိစ္စမရှိပါဘူး၊ ကျွန်မက ဂုဏ်တွေငွေတွေကို မက်မောတဲ့သူ မဟုတ်သလို၊ ခမ်းခမ်းနားနားတွေလည်း မကြိုက်ပါဘူး၊ ကြိုဆိုပွဲလုပ်မနေပါနဲ့တော့"

ကျီချန်သဲက အပြုံးမပျက်ဘဲပြန်ပြောလိုက်သည်။

"မိန်းကလေးရှန် မြှောက်ပင့်လွန်းပါပြီ၊ ကိုယ်တော်ကအကျိုး ပြုတဲ့အမတ်တွေကို ဆုချတာ၊ အပြစ်ပေးတာတွေမှာအမြဲတမ်းတရားမျှတပါတယ်"

🍃 Chapter 54

"မိန်းကလေးရှန်ရဲ့ အမြော်အမြင်ကြောင့်ပဲ သစ္စာဖောက်ကုဖေးရန်ရဲ့ ရူးသွပ်မှုတွေကို ကိုယ်တော်တို့မြင်တွေ့ခဲ့ရတာပါ၊ ကံကောင်းလို့သာသူအပြစ်ဝန်ခံသွားခဲ့တာ၊ မဟုတ်ရင် မြို့တော်ထဲကသူ့အင်အားစုတွေကို ကိုယ်တော်ဖြိုခွင်းနိုင်မှာမဟုတ်ဘူး၊ ဒီကိစ္စတွေအားလုံးအတွက်မိန်းကလေးရှန်ကို ကျေးဇူးအထူးတင်ပါတယ်"

ကျီချန်သဲသည် နှုတ်မှကျေးဇူးတင်စကားဆိုနေပြီး မျက်နှာ ထားမှာနူးညံ့သိမ်မွေ့နေသော်လည်း သူ့ လေယူလေသိမ်းထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်မျာ ပါဝင်နေသည်ကို ကျီချောင်ချင် အာရုံခံလိုက်မိသည်။

အမှန်စင်စစ်တွင် ကျီချန်သဲက သူမကိုသတ်ချင်နေသည်ဆိုသည့်အချက်ကို ကျီချောင်ချင်လုံးဝအံ့သြခြင်းမရှိပေ။ သူမသည် မဟာကျီမင်းဆက်သို့ ရောက်ရှိလာချိန်မှစ၍ ကျီချန်သဲကိုကူညီပေးခဲ့သော်လည်း ၎င်းသည်အမြဲတမ်းမာနထောင် လွှားပြီး ထိန်းချုပ်၍မရစွာပြုမူခဲ့သည်။

မည်သည့်ဘုရင်ကမျှ မိမိအာဏာကိုကျော်လွန်ထိန်းချုပ်မည့် အင်အားစုတစ်ခုကိုနှစ်သက်လိမ့်မည်မဟုတ်ပေ။ ယခုတစ်ကြိမ် သူမမြို့တော်သို့ပြန်လာရာတွင် ချန်ဇယ်နှင့် အခြားသူများအားလုံးကို ကျီချန်သဲကအသုံးချခဲ့မှန်း သူမရိပ်မိလိုက်သည်။ သူ၏ရည်ရွယ်ချက်မှာ သူပုန်များကိုရှင်းလင်းနေချိန်တွင် သူမဝင်ရောက်စွက်ဖက်မည်စိုး၍ မြို့တော်သို့စောစီးစွာပြန်မရောက်လာစေရန် တားဆီးခြင်းဖြစ်သည်။

သို့သော် သူမပြန်ရောက်လာခဲ့သည့်အပြင် နန်းတော်ထဲသို့ပင် သရဲတစ္ဆေတစ်ကောင်ပမာတိတ်တဆိတ် ခိုးဝင်လာနိုင်ခဲ့သည်။

ကျီချန်သဲက သူမကိုစိုးရိမ်ထိတ်လန့်နေသည်မှာ ထင်ရှားသော်လည်း ကျီချောင်ချင်မှာမူတုန်လှုပ်ခြင်းမရှိပေ။ အဘယ့်ကြောင့်ဆို အပြင်ဘက်တွင် စိတ်သဘောထားနူးညံ့သော် လည်း ဓားရေးထက်မြက်သည့်ဓားသမားတစ်ဦးသည် သူမအတွက် အဆင်သင့် စောင့်ကြပ်ပေးနေသည်မဟုတ်ပါလား။

ကျီချန်သဲက မျက်လုံးထောင့်ကပ်၍ သူမကို အကဲခတ်ရင်းဆက်ပြောသည်။

"ဆရာသခင်ဒီမှာရှိနေတုန်း ကိုယ်တော်မေးလိုက်ဦးမယ်၊ ကုကျိုးပြည်နယ်ကစစ်သူကြီးရဲ့စာကြည့်ခန်းထဲမှာ ကုဖေးရန်ထားခဲ့တဲ့ပစ္စည်းကိစ္စက မင်း ပါဝင်ပတ်သက်နေလား"

ချန်ကျင်းကျစ်က နားမလည်နိုင်စွာဖြင့်ဝင်မေးလိုက်သည်။

"ဘာပစ္စည်းတွေလဲ..."

ချန်ကျင်းကျစ်၏ အသံကိုကြားလိုက်သည်နှင့် ကျီချန်သဲသည် ချက်ချင်းပင် ကိုယ်ကိုကိုင်းညွှတ်ကာ အရိုအသေပေးလိုက်သည်။ ချန်ကျင်းကျစ်၏ မြင်ကွင်းထဲတွင် သူ့အကြည့်များကိုဖုံးကွယ်ထားပြီး ကြမ်းပြင်ကိုသာစိုက်ကြည့်နေသည်မှာ အလွန်ယဉ်ကျေးသိမ်မွေ့သော တပည့်ကောင်းတစ်ဦးအလားပင်။

"ဆရာ... စစ်သူကြီးရဲ့စာကြည့်ခန်းထဲမှာ ကျင့်ကြံသူတွေရဲ့ဝိညာဉ်အမြုတေတွေ အပြည့်ရှိနေတယ်လို့ ချန်ဇယ်ဆီကကြားခဲ့ရပါတယ်၊ ကုဖေးရန်က နေရာအနှံ့ကကျင့်ကြံသူတွေကိုလိုက်လံဖမ်းဆီးပြီး အဲ့ဒီအမြုတေတွေကိုသုံးပြီး သူ့ကျင့် ကြံဆင့်ကိုမြှင့်တင်သလို မိစ္ဆာလမ်းစဉ်တွေကိုပါလေ့ကျင့်နေခဲ့တာပါ"

ဒေါက် ခနဲဟူသောအသံနှင့်အတူ ချန်ကျင်းကျစ် လက်ထဲမှအပ်နှင့်ချည်လုံးသည် ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားလေသည်။ သူမ ဒေါသတကြီးမတ်တပ်ရပ်လိုက်ပြီး

"တိရစ္ဆာန်ကောင်... နင် ဘာလို့ငါ့ကိုဒီအကြောင်းစောစောမပြောတာလဲ"

ကျီချန်သဲက ရိုသေစွာဖြင့် ခေါင်းငုံ့လျက်

"ကျွန်တော်လည်း အခုမှသိရတာပါ ဆရာ၊ ကျေးဇူးပြုပြီးစိတ်မတိုပါနဲ့၊ အဲ့ဒီအမြုတေပိုင်ရှင်တွေရဲ့ ဂိုဏ်းတွေကို စုံစမ်းဖို့လူလွှတ်ထားပြီးပါပြီ၊ ကျင့်ကြံသူအားလုံးကို ကျေ နပ်လောက်တဲ့ဖြေရှင်းချက်တစ်ခု သေချာပေါက်ပေးပါ့မယ်"

ချန်ကျင်းကျစ် အနည်းငယ်စိတ်ငြိမ်သွားသည်။ သို့သော် သူမ ခန္ဓာကိုယ်မှာ သေမင်းနှင့်စစ်ခင်းနေရသူဖြစ်ရာ စိတ်လှုပ်ရှားမှုအနည်းငယ်ဖြစ်လိုက်သည်နှင့် သူ မျက်နှာမှာ ပိုဖြူဖျော့သွားလေသည်။ ကျီချန်သဲသည် ရှေ့သို့တိုးလာပြီး ချန်ကျင်းကျစ်ကိုတွဲထူကာ ထိုင်ခုံတွင်ပြန်ထိုင်စေလိုက်သည်။ ဂရုစိုက်ပြုစုနေပုံမှာ စံပြတပည့်ကျော်တစ်ဦးကဲ့သို့ပင်။

ကျီချောင်ချင်သည် ၎င်းတို့နှစ်ဦးကြားမှလေထုအခြေအနေမှာ တစ်မျိုးကြီးဖြစ်နေသည်ဟု ခံစားမိသော်လည်း မည်သည့်အရာမှားယွင်းနေသည်ကို အတိအကျမပြောပြတတ်ပေ။ ကျီချန်သဲတွင် ရည်မှန်းချက်ကြီးကြီးမားမားရှိပြီး ပိုမိုနက်နဲသော လျှို့ဝှက်အစီအစဉ်တစ်ခုရှိနေပုံရသည်ကိုသာ သူမ အာရုံခံမိသည်။

ခဏအကြာတွင် ကျီချောင်ချင် ထိုအတွေးကိုဖျောက်ဖျက်လိုက်သည်။ ချန်ကျင်းကျစ်က သူမကိုကျီချန်သဲအားမထိခိုက်စေလိုမှတော့ ၎င်းသည် ထပ်ပြီးဝင်မပါတော့ပေ။ မည်သို့ပင်ဖြစ်စေ သူမလိုချင်သည်မှာ အစီအရင်အသက်သွေးကြောသာဖြစ်သည်။

ယနေ့သည် အသက်သွေးကြောကိုယူရန် နေ့ကောင်းရက်သာမဟုတ်သဖြင့် ကျီချောင်ချင် ပြန်လည်ထွက်ခွာသွားခဲ့ရသည်။ ကျီချောင်ချင်၏ ခြေသံများပျောက်ကွယ်သွားသည်နှင့် ချန်ကျင်းကျစ်မျက်မှောင်ကြုတ်လိုက်သည်။

"နင် ငါ့အကြောင်းကိုအခုလောက်ဆို ကောင်းကောင်းသိလောက်ပြီပေါ့၊ ချန်ချင်ဂိုဏ်း သခင်မလေးဆိုတဲ့ ငါ့အရှိန် အဝါက အရင်လိုမဟုတ်တော့ပေမယ့် ငါသာဆန္ဒရှိမယ်ဆိုရင်... ငါ့မိတ်ဆွေဟောင်းတွေက နင်နဲ့အတူ ဒီမဟာကျီတိုင်း ပြည်ကြီးတစ်ခုလုံးကို မြေမြှုပ်သင်္ဂြိုဟ်စရာနေရာမရှိအောင်လုပ်ပစ်ကြလိမ့်မယ်"

ကျီချန်သဲက ပြုံးလိုက်ပြီး "ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော်က ဆရာ့ကိုထိခိုက်စေမယ့်အလုပ် ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး"

"ငါ့ကိုပြောတာမဟုတ်ဘူး!"

ချန်ကျင်းကျစ်က ဖြတ်ပြောလိုက်သည်။

"နင် ကျီချောင်ချင်ကို ထိခွင့်မရှိဘူး၊ သူ့ကို ထိခိုက်အောင်လုပ်မှာ ငါခွင့်မပြုနိုင်ဘူး"

ထိုခဏတွင် ကျီချန်သဲ ရပ်တန့်သွားပြီး သူ့ နှုတ်ခမ်းထောင့်မှ အပြုံးများလုံးဝပျောက်ကွယ်သွားသည်။ အပြုံးကင်းမဲ့သွားသည့်အခါ သူ့မျက်နှာထားမှာ မှောင်မိုက်ပြီးကြောက်မက်ဖွယ်ကောင်းသွားလေသည်။ ယခင်ကထိန်းချုပ်ထားသော သူ့အကြည့်များသည် ရုတ်တရက် ချန်ကျင်းကျစ်၏မျက်နှာထက်သို့စူးရဲစွာကျရောက်လာသည်။

သူမရှေ့တွင် လိမ္မာသလိုပြုမူနေသော ကျီချန်သဲ၏ ပုံစံများမှာ ဟန်ဆောင်မှုသက်သက်သာဖြစ်ကြောင်း ချန်ကျင်းကျစ်သိသော်လည်း သူမရှေ့တွင် သူသည် ခေါင်းငုံ့သည်းခံခြင်းမှလွဲ၍ အခြားမျက်နှာထားကို တစ်ခါမျှမပြဖူးခဲ့ပေ။ ယခင်က သူလုပ်ခဲ့သော ယုတ်မာသည့်ကိစ္စများကိုပင် သူမ ကွယ်ရာ ၌သာ လုပ်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်မူ ကျီချန်သယ်၏မျက်နှာထားမှာ အရုပ်ဆိုးအကျည်းတန်နေပြီး ချန်ကျင်းကျစ်ထံသို့ တစ်လှမ်းချင်းလျှောက်လာသည်မှာ သူမကိုဝါးမြိုတော့မည့်သားရဲတစ်ကောင်အလားပင်။

သူက အေးစက်စွာ မေးလိုက်သည်။

"ဆရာက ကျွန်တော့်ကိုအမြဲတမ်းမယုံကြည်ဘူးနော်၊ ဆရာ့မျက်လုံးထဲမှာ ကျွန်တော်ကအပြင်လူတစ်ယောက်လောက်တောင် အရေးမပါဘူးလား"

ချန်ကျင်းကျစ် မဲ့ပြုံးပြုံးလိုက်သည်။ ကျီချန်သဲအနေဖြင့် ယခုအချိန်တွင် သူမကိုပြန်လှန်တိုက်ခိုက်ချင်သည်မှာသဘာဝကျသည်ဟု သူမတွေးလိုက်မိသည်။ သူသည် နှစ်ပေါင်းများစွာဖိနှိပ်ခံရပြီး အရှက်ခွဲခံခဲ့ရသည်မဟုတ်ပါလား။ ယခု သူအာဏာရလာပြီဖြစ်ရာ သူ့ကိုအမြဲတမ်းဆန့်ကျင်ခဲ့သော တိုင်းပြည်အကြံပေးဖြစ်သည့်သူမကို သတ်ပစ်လိုက်လျှင်လည်းအံ့သြစရာမရှိပေ။

ချန်ကျင်းကျစ်သည် သူမရင်ထဲမှနာကျင်မှုကိုမသိချင်ယောင်ဆောင်လိုက်သည်။ သူမသည် ကျိီချန်သယ်၏စရိုက်ကို သိရှိခဲ့သည်မှာကြာပြီဖြစ်သော်လည်း ယခုလက်ရှိအခြေအနေကို လက်မခံနိုင်ဖြစ်နေသည်။ ရုတ်တရက် သူမအသိတစ်ခုဝင်လာသည်။ ကျီချောင်ချင်က သူမဆီမှ အစီအရင်အသက် သွေးကြောကိုမယူရသေးပေ။

သူမ သေချင်သေမည်၊ ကျီချန်သဲလက်ချက်ဖြင့် သေချင်သေမည်၊ သို့သော် ယခုအချိန်တွင်တော့ အသေခံ၍မဖြစ်သေးပေ။

ကျီချန်သဲ၏ တဇွတ်ထိုးချဥ်းကပ်လာမှုကြောင့် ချန်ကျင်းကျစ်လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် အေးစက်သောဓားသွားတစ်လက်လင်းလက်သွားလေသည်။

"နင်... ကိုယ့်ဆရာသမားကို ပြန်တိုက်ရဲတာလား"

ကျီချန်သဲသည် ဓားသွားကိုဂရုမစိုက်ဘဲ ချန်ကျင်းကျစ်၏ ရှေ့တည့်တည့်တွင်ရပ်တန့်လိုက်သည်။ အရပ်ရှည်လှသောထိုလူငယ်သည် ယခင်က သူမနောက်တွင်ကပ်ပါတတ်သော အားကိုးရာမဲ့သည့် ကောင်လေးမဟုတ်တော့ပေ။ သူ၏အရိပ်မည်းကြီးသည် ချန်ကျင်းကျစ်ကိုလွှမ်းမိုးထားပြီး သူမအတွက် ထွက်ပြေးစရာလမ်းမရှိအောင်ပိတ်ဆိုထားသယောင်ရှိသည်။ သူ၏ ကပ်ရပ်အနေအထားသည် စည်းကျော်လွန်းနေပြီဟု ချန်ကျင်းကျစ်ခံစားမိလိုက်ပြီး ဆူပူရန်ပြင်လိုက်စဉ်မှာပင် ကျီချန်သဲမှာရုတ်တရက်ဒူးထောက်ထိုင်ချလိုက်သည်ကို မြင်လိုက်ရသည်။ သူသည် ဘေးမှဖိနပ်တစ်ဖက်ကိုယူလိုက်ပြီး သူမ၏ခြေထောက်တစ်ဖက်ကိုညင်သာစွာ မလိုက်သည်။

"ဆရာ... ဆောင်းဦးဝင်နေပြီ၊ ကြမ်းပြင်ကအေးတယ်...နေမကောင်းဖြစ်လိမ့်မယ်"

သူ့လေသံကတိုးညင်းသော်လည်း ငြင်းဆန်၍မရနိုင်သော အာဏာစက်တစ်ခုပါဝင်နေသည်။ ချန်ကျင်းကျစ်တွင် အခန်းထဲရှိနေပါက ဖိနပ်မစီးတတ်သော အကျင့်ဆိုးတစ်ခုရှိသည်။ မကြာခင်အိပ်ရာဝင်ရတော့မည်ဖြစ်ရာ ဖိနပ်စီးလိုက်ချွတ်လိုက်လုပ်ရသည်မှာ အလုပ်ရှုပ်လွန်းသည်ဟုယူဆသောကြောင့်ဖြစ်သည်။

သိုသော် ထိုအချက်သည် ကျီချန်သဲ သူမကိုလာထိကိုင်ရမည့်အကြောင်းပြချက်မဟုတ်ပေ။ ချန်ကျင်းကျစ်သည် အလိုအလျောက် ရုန်းကန်ရန်ကြိုးစားလိုက်သော်လည်း ကျီချန်သဲ၏ခွန်အား ဤမျှကြီးမားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမ၏ခြေကျင်းဝတ်သည် သံကွင်းတစ်ခုဖြင့်ခတ်နှောင်ခံထားရသကဲ့သို သူ၏လက်ထဲတွင်မြဲမြံစွာဖမ်းဆုပ်ခံထားရလေသည်။

All Chapters