← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

🍃 Chapter 59

ကျီချောင်ချင်ကိုယ်တိုင်လည်း ပြောရင်းနှင့်ဝေခွဲမရ ဖြစ်လာသည်။ အကယ်၍ သူမယခုလုပ်နေသည်များအောင်မြင်သွားခဲ့လျှင်ရော သူမပျော်ရွှင်ရပါမည်လား၊ အဓိပ္ပါယ်ရှိသည်ဟုသူမခံစားရပါ့မလား။

လက်ကောက်ဝတ်ရှိ ပုတီးစိပ်သည်အေးစက်လာသည်။ ကျီချောင်ချင်က ချန်ကျင်းကျစ်၏ကော်လာစကိုလွှတ်ပေးလိုက်ပြီး ရုတ်တရက်ရယ်မောလိုက်သည်။

"ဒါပေမယ့် အစတုန်းက သူတိုလုပ်ခဲ့တာတွေက အဓိပ္ပါယ်ရှိလားဆိုတာဘယ်သူသိမှာလဲ၊ သေချာစဉ်းစားကြည့်လေ... အသက်ရှင်တုန်းပျော်ပျော်နေ၊ ရွှေဖလားကိုလမင်းဆီမြှောက်ထားပြီး အလကားမဖြစ်စေနဲ့ဆိုတဲ့စကားတောင်ရှိသေးတာပဲ"

ကျိီချောင်ချင် ဒေါသမထွက်တော့ပေ။ သူမ ယပ်တောင်ကိုဖွင့်လိုက်ပြီး နန်းတော်အဝင်ဝသို ခြေလှမ်းကျဲဖြင့်လျှောက်သွားလိုက်သည်။

"ငါတို ဘဝကိုအပြည့်အ၀ပျော်ရွှင်အောင်နေရမယ်၊ မဟုတ်ရင် ဒီလောကကြီးကအလကားဖြစ်မသွားဘူးလား၊ ရှန်ကျွင်း... လာ၊ ကျွန်မနဲ့အတူသောက်ရအောင်!"

ရှန်ကျွင်း၏မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။ သိုသော် သူသည် ချန်ကျင်းကျစ်ကိုမကြည့်ဘဲ ကျီချောင်ချင်နောက်သို တန်းတန်းမတ်မတ်လိုက်ပါသွားတော့သည်။

မိုးလင်းခါနီးပြီဖြစ်ရာ မြိုတော်ရှိဝိုင်ဆိုင်များအားလုံးပိတ်ကုန်ပြီဖြစ်သည်။ ကျီချောင်ချင်သည် ခြံဝင်းတစ်ခု၏တံတိုင်းကိုကျော်တက်ပြီး အပေါ်တွင်ထိုင်လိုက်ရာ ရှန်ကျွင်းကအောက်သိုဆွဲချရန်လက်လှမ်းလိုက်သည်။

"ဆင်းခဲ့..."

"ဆင်းခဲ့ရမယ်? ရှင်ဝင်ခဲ့!"

ရှန်ကျွင်း နှုတ်ခမ်းကိုစေ့လိုက်ပြီးငြင်းဆန်သည်။ "ငါ သူခိုးမလုပ်နိုင်ဘူး"

ကျီချောင်ချင်သည် သူမ၏အိတ်ကပ်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်တုံးကိုထုတ်လိုက်သည်။

"ဒီဝိညာဉ်ကျောက်တုံးက ဒီဝိုင်ဆိုင်တစ်ခုလုံးဝယ်လိုရတယ်၊ ကျွန်မအထဲဝင်ပြီး ဝိုင်နှစ်အိုးလောက်ယူပြီး ပြန်ထွက်လာခဲ့မယ်၊ ရှင်အပြင်ကစောင့်နေပေး"

ကျီချောင်ချင်သည် ရှန်ကျွင်းတစ်ယောက်တည်း ထွက်သွားမှာစိုးရိမ်သဖြင့် ခေတ္တမျှစဉ်းစားလိုက်ပြီးမှ

"ကျွန်မကလူကောင်းမဟုတ်ဘူးဆိုတာ ရှင်သိသားပဲ၊ ရှင်သာထွက်သွားရဲရင် ကျွန်မမူးလာတဲ့အခါ ဘာမကောင်းမှုတွေလုပ်မိမလဲမသိဘူးနော်၊ အဲ့ကျရင် အကုန်ရှင့်အပြစ်ပဲ!"

ထိုသိုပင် စနောက်မှုတစ်ဝက်၊ ခြိမ်းခြောက်မှုတစ်ဝက်ပြောပြီးသည်နှင့် ကျီချောင်ချင်သည်လှည့်မကြည့်ဘဲ ဝိုင်ဆိုင်ထဲသို ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ရှန်ကျွင်း ယမော့ကြည့်လိုက်ပြီး အမှောင်ထုထဲတိုးဝင်သွားသော သူမ၏ကျောပြင်ကိုငေးကြည့်နေမိသည်။

မကြာမီ ကျီချောင်ချင်အလျင်အမြန်ပြန်ထွက်လာပြီး တံတိုင်းကိုခက်ခက်ခဲခဲကျော်တက်လာသည်။ ဝိုင်အိုးကြီးနှစ်အိုးကိုသယ်ထားရသဖြင့် တံတိုင်းပေါ်ရှိ သူမ၏ပုံစံမှာကြည့်ရဆိုးနေသည်။

"ရှန်ကျွင်း... ဖမ်း!"

ကျီချောင်ချင်က ဝိုင်အိုးနှစ်အိုးကို ရှန်ကျွင်းထံပစ်ပေးလိုက်ရာ သူကဓားဖြင့် တည်ငြိမ်စွာပင်လှမ်းချိတ်ကာဖမ်းယူလိုက်သည်။

"ဘယ်သူလဲ! ကယ်ကြပါဦးသူခိုးဗျို!"

ကျီချောင်ချင်ပျော်ရွှင်နေစဉ် ဆိုင်ရှင်၏အော်သံကို သူမနောက်မှကြားလိုက်ရသည်။ သူမလန့်သွားပြီး ဟန်ချက်ပျက်ကာ မြေကြီးပေါ်သိုအဆင်မပြေစွာ ပြုတ်ကျသွားလေသည်။ ရှန်ကျွင်းသည်လျင်မြန်စွာ တုံပြန်လိုက်ပြီး သူမကိုလက်တစ်ဖက်ဖြင့်ဖမ်းကာ ဘေးကင်းစွာမြေပေါ်သိုချပေးလိုက်သည်။

ကျီချောင်ချင်သည် လက်တစ်ဖက်ဖြင့် ဝိုင်အိုးတစ်လုံးကိုပွေ့ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရှန်ကျွင်းကိုလှမ်းဆွဲလိုက်သည်။

"ပြေး!"

ရှန်ကျွင်းဘာမှမပြောနိုင်မီ ကျီချောင်ချင်သည် အဝေးသို့ထွက်ပြေးသွားပြီဖြစ်ရာ သူလည်း အငိုက်မိသွားပြီး သူမနောက်သို့ လိုက်ပြေးရတော့သည်။

ဆိုင်ရှင်သည် တံခါးဝသို့ထွက်လာပြီး စားပွဲထိုးအများအပြားကသူတို့နောက်သို့ထပ်ကြပ်မကွာ လိုက်လာကြသည်။ ရှန်ကျွင်းသည် ကျီချောင်ချင်ကို တင်းကျပ်စွာဆွဲကိုင်ပြီး အနီးနားရှိ လမ်းကြားများထဲသို့ခေါ်ဆောင်သွားလိုက်သည်။

အချိန်မည်မျှကြာသွားမှန်းမသိ သူတို့နှစ်ယောက်သည် စားပွဲထိုးများကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့သည်။ ကျီချောင်ချင်ရပ်တန့်လိုက်ပြီး အသက်ရှူမဝဖြစ်ကာ မြေကြီးပေါ်သို့လဲကျသွားလေသည်။

ရှန်ကျွင်းမှာမူ ပုံမှန်အတိုင်းအသက်ရှူနေဆဲဖြစ်ပြီး ဝိုင်အိုးကိုကိုင်လျက် ကျီချောင်ချင်ကိုငုံ့ကြည့်လိုက်သည်။ လရောင်သည်အေးစက်ပြီးဖြူဖျော့နေသည်။ လေအေးများက အဝေးမှတောအုပ်ကိုတိုးဝှေ့နေပြီး မြေကြီးမှာအေးစက်ကာ ကောင်းကင်တွင်ကြယ်တစ်ပွင့်မျှမရှိပေ။

ကျီချောင်ချင်က ပြုံးလိုက်သည်။

"ကျွန်မ ထျန်းရွှမ်ဂိုဏ်းမှာနေနေတာကြာလွန်းလို့ ကြက်ခိုး၊ ငှက်ခိုး လုပ်ရတာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ မေ့နေခဲ့တာ"

သူမသည် ဝိုင်အိုးတစ်အိုးကိုဖွင့်လိုက်ပြီး မိန်းမသားဆန်မှုကိုဂရုမစိုက်တော့ဘဲ မော့သောက်လိုက်သည်။ ဝိုင်နံ့သင်းသင်းတို့မှာ လေထဲတွင်ပျံ့လွင့်သွားသည်။ ကျီချောင်ချင်က မြေကြီးပေါ်တွင်ပက်လက်လှဲချလိုက်ကာ ကောင်းကင်တွင် မြင့်မားစွာချိတ်ဆွဲနေသောလမင်းကိုကြည့်လိုက်သည်။

"နှမြောစရာပဲ... လရောင်ကဒီလောက်လှတာကို ကျွန်မ နောက်ထပ်နှစ်အများကြီးမကြည့်ရတော့မှာ စိုးရိမ်မိတယ်"

"မဟုတ်ဘူး..."

ရှန်ကျွင်းကငြင်းလိုက်သည်။

ကျီချောင်ချင်က ရှန်ကျွင်းကိုဝိုင်ကမ်းပေးသော်လည်း သူကမယူပေ။ သူမ နောက်ထပ်နည်းနည်း ထပ်သောက်လိုက်သည်။

"ရှင်မှားတယ်... ချန်ကျင်းကျစ်လည်း အားကုန်နေပြီ၊ မကြာခင်ကျွန်မအလှည့်ရောက်တော့မှာ၊ ကျွန်မမှာ ရှင်သန်ဖို့နှစ်အများကြီးမကျန်တော့ပါဘူး"

ကျီချောင်ချင်၏မျက်နှာပေါ်ရှိ အဆောင်လက်ဖွဲ့သည် အာနိသင်ကုန်သွားသဖြင့် သူမ၏မူလရုပ်သွင်သို့ပြန်ရောက်သွားသည်။ သူမ၏ရင်ဘတ်ထဲမှ ကျောက်စိမ်းရုပ်တုလေးတစ်ခုကို ထုတ်လိုက်သည်။

"ရှင်သိလား၊ ဒါကနတ်ဘုရားချီပိုင်ရဲ့ရုပ်တုလေ၊ သူကလူနာတွေကိုကုသပေးတယ်၊ လူတွေကိုကယ်တင်တယ်၊ သက်ရှိအားလုံးကိုရောဂါတွေကနေကာကွယ်ပေးတယ်၊ သူမရှိတော့တာနှစ်နည်းနည်းပဲရှိသေးတယ်၊ အခုလောကကြီးမှာသူ့ကိုဘယ်သူမှမမှတ်မိကြတော့ဘူး၊ ကျွန်မသေပြီးရင် ကျွန်မကိုလူဘယ်နှစ်ယောက်လောက်မှတ်မိမလဲ ခန့်မှန်းကြည့်ပါလား"

"အင်မော်တယ်မျိုးနွယ်က သက်ရှိအားလုံးကို ကယ်တင်ဖို့တာဝန်ယူထားတာလေ၊ အဲ့ဒါကသူတို့ရဲ့ တာဝန်ပဲ၊ အမှတ်ရနေခံရဖို့လုပ်တာမဟုတ်ဘူး"

ကျီချောင်ချင် ဝိုင်အိုးခွံကိုဘေးသို့ပစ်လိုက်ပြီး အော်ပြောလိုက်သည်။

"လိုအပ်တာပေါ့ရှန်ကျွင်းရယ်! အကယ်၍ ကျွန်မသေပြီးရင်ကျွန်မကိုဘယ်သူမှမသိတော့ဘူး၊ ကျွန်မဘာလုပ်ခဲ့တယ်ဆိုတာဘယ်သူမှမမှတ်မိဘူးဆိုရင် ကျွန်မရဲ့ဖြစ်တည်မှုနဲ့သေဆုံးမှုက ဘာအဓိပ္ပါယ်မှမရှိသလိုဖြစ်နေမှာပေါ့၊ ဒါဆို ကျွန်မ အသက်ရှင်နေရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ၊ အခုပဲသေလိုက်တာပိုကောင်းမယ်"

လွန်ခဲ့သောနှစ်ပေါင်းတစ်ရာအတွင်း နှိပ်စက်ခံရသောနာကျင်မှုများအပြင် ကျီချောင်ချင်သည် မရေတွက်နိုင်သော အထီးကျန်ဆန်သည့်အခိုက်အတန့်များကိုလည်းတွေ့ကြုံခဲ့ရသည်။

သူမ အလွန်အထီးကျန်ခဲ့သော်လည်း ရင်ဖွင့်စရာလူမရှိခဲ့ပေ။ ထိုအချိန်က သူမကိုနတ်ဘုရားတစ်ပါးအဖြစ်ကိုးကွယ်ခဲ့ကြပြီး လူတိုင်းကသူမထံမှ သူတို့၏ဆန္ဒများကိုသာတောင်းဆိုချင်ကြသည်။ နတ်ဘုရားတစ်ပါး၏စကားကို မည်သူမျှနားမထောင်ချင်ကြပေ။ သူတို့သည် ကျီချောင်ချင်ကိုယဇ်ပလ္လင်ပေါ်တွင်သာရှိစေချင်ပြီး သက်ရှိလူသားတစ်ယောက်လို မဖြစ်စေချင်ကြပေ။

သူမအား မည်သူမျှမမှတ်မိ၊ မည်သူမျှဂရုမစိုက်ကြပဲ လောကကြီးနှင့်အဆက်အသွယ်ပြတ်တောက်ပြီး တစ်ယောက်တည်းဖြစ်နေသော ကျီချောင်ချင်သာ လွတ်လပ်မှုအပြည့်အဝကိုရရှိသည်။

သူမ မည်သည့်အရာလုပ်ပါစေ မည်သူကိုမျှဂရုမစိုက်သည့်အပြင် သူမနှင့်အတူ မည်သူမျှပင်ဝိုင်မသောက်ပေးကြသလို မည်သူမျှရင်မဖွင့်ကြပေ။ သူမသည် အထီးကျန်သည့်နတ်ဘုရားတစ်ပါးဖြစ်လာခဲ့သည်။

နတ်ဘုရားကျီချောင်ချင် ရှင်သန်နေဆဲဖြစ်သော်လည်း စစ်မှန်သောကျီချောင်ချင်သည် လူတိုင်း၏ရင်ထဲတွင်သေဆုံးသွားခဲ့လေသည်။

ရှန်ကျွင်းက ကျီချောင်ချင်ကို ဝိုင်တစ်ခွက်ကမ်းပေးလိုက်သည်။

"ဒီလိုတွေးတာက နာကျင်ရတယ်၊ ဒီလောကမှာ ရှင်သန်နေထိုင်ဖို့အတွက် အဓိပ္ပါယ်တစ်ခုကိုလိုက်ရှာနေစရာမလိုပါဘူး၊ ဘာလို့လဲဆိုတော့ ရှင်သန်ခြင်းကိုယ်တိုင်ကအဓိပ္ပါယ်ရှိနေလို့ပါပဲ"

"ရှန်ကျွင်း... ရှင် နှလုံးသားမမဲ့စမ်းပါနဲ့၊ ရှင့် နှလုံးသားကိုသုံးပြီးကြည့်ရမယ်လေ"

ရှန်ကျွင်းသည်နားမလည်ချေ။

"လူတိုင်းကို သတ်ပစ်လိုက်တာက မင်းကိုပျော်ရွှင်စေမှာမဟုတ်ဘူး ကျီချောင်ချင်"

လာပြန်ပြီ... မြင့်မြတ်သလိုလို၊ အရာအားလုံးကို အထင်သေးသလိုလိုနဲ့၊ သူ့မျက်နှာကတောင် ရွံစရာကောင်းလိုက်တာ!

ကျီချောင်ချင် ယပ်တောင်ကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ မတ်တပ်ရပ်လိုက်ပြီး ကျောကို မတ်မတ်ထားကာ စူးရှသောအကြည့်ဖြင့်ကြည့်လိုက်သည်။

🍃 Chapter 60

သူမ၏မျက်ခုံးကြားရှိ ကျက်သရေရှိမှုသည် သာမန်လူများလက်လှမ်းမမီနိုင်သောအရာဖြစ်သည်။ လရောင်အောက်တွင် သူမသည်ခွင်းလွန်ဓားကိုဝှေ့ယမ်းပြီး ရှန်ကျွင်းကိုပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ကျီချောင်ချင်တွင် ဝိညာဉ်စွမ်းအားမရှိတော့သည်မှာ ကြာပြီဖြစ်သော်လည်း သူမ၏လှုပ်ရှားမှုများသည် အမှန်ပင်သပ်ရပ်မြန်ဆန်ပြီး ခြေလှမ်းတိုင်းသည် သေစေနိုင်သောလှုပ်ရှားမှုများဖြစ်သည်။ လှုပ်ရှားမှုတိုင်းသည် ဂိုဏ်းပေါင်းစုံ၏အားသာချက်များကို ပေါင်းစပ်ထားသကဲ့သို့ သူမ၏ နောက်ထပ် တိုက်ခိုက်မှုကိုခန့်မှန်းရန်မဖြစ်နိုင်ပေ။

အကယ်၍ ကျီချောင်ချင်တွင် ဝိညာဉ်စွမ်းအားသာရှိနေသေးလျှင် ရှန်ကျွင်း သူမ၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။ ကျီချောင်ချင်မူးနေပြီဖြစ်သည်။ သူမသတိရှိနေစဉ်တွင် ရှန်ကျွင်းကိုသတ်ချင်သည့်ဆန္ဒကို မည်သည့်အခါမှထုတ်ပြမည် မဟုတ်ပေ။

ဤအချိန်တွင် ရှန်ကျွင်းသည် ကျီချောင်ချင်ကို မထိခိုက်စေလိုသဖြင့် ဘေးနားမှဝါးစိမ်းတစ်ချောင်းကိုချိုးယူလိုက်သည်။ သူသည် ကျီချောင်ချင်နှင့် အလေးအနက်ယှဉ်ပြိုင်ရန်ပြင်လိုက်စဉ် မမျှော်လင့်စွာ ကျီချောင်ချင်ကသူ့ကိုရုတ်တရက်တိုက်ခိုက်လိုက်သည်။

ရှန်ကျွင်းသည်ရှေ့သို့တိုးပြီး ကျီချောင်ချင်ကို ထိုးလိုက်သော်လည်း ကျီချောင်ချင်ကခွန်လွန်ဓားကို လွှတ်ချလိုက်ပြီး သူ့ရင်ခွင်ထဲသို့တန်းတန်းမတ်မတ် ဝင်ရောက်လာလိမ့်မည်ဟု သူပင်ထင်မထားခဲ့ပေ။

ရှန်ကျွင်းသည် ဝါးစိမ်းကိုအလန့်တကြားလွှတ်ချလိုက်ပြီး သူမ၏ တင်းကျပ်စွာပွေ့ဖက်မှုကိုခံလိုက်ရသည်။ သူ မအံ့သြမီမှာပင် ကျီချောင်ချင်ကလက်လှမ်းလိုက်ပြီး ရှန်ကျွင်းခေါင်းကိုညင်သာစွာပုတ်လိုက်သည်။

ထိုအမူအရာသည် အလွန်နူးညံ့သိမ်မွေ့လှသော်လည်း ရှန်ကျွင်း၏နှလုံးသားကို ကြီးမားသော ခေါင်းလောင်းကြီးတစ်ခုဖြင့်ရိုက်ခတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူ ကျီချောင်ချင်ကို ပွေ့ဖက်ထားလျက်ထိုင်ချလိုက်ပြီး မြေကြီးပေါ် ကျနေသော ခွင်းလွန်ဓားကိုကောက်ယူလိုက်သည်။ သူ ခွင်းလွန်ဓားကိုထိလိုက်သည့် ခဏ ချင်းမှာပင် ရှုပ်ထွေးနေသော သူ၏စိတ်အာရုံများ ရုတ်တရက်ကြည်လင်သွားသည်။

ကျီချောင်ချင်သည် ကျီချောင်ချင်ဖြစ်ရုံသာမက လွန်ခဲ့သောနှစ်တစ်ရာက နတ်ဆိုးချေမှုန်းရေးစစ်ပွဲကို တစ်ကိုယ် တည်းအဆုံးသတ်ခဲ့သောစစ်နတ်ဘုရားမလည်းဖြစ်ကြောင်း သူရုတ်တရက်သဘောပေါက်လိုက်သည်။ သူမတွင် ဝိညာဉ်စွမ်းအားမရှိတော့လျှင်ပင် သတ္တဝါအားလုံး၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုကိုဖြစ်စေသော ဖြစ်တည်မှုတစ်ခုဖြစ်နေဆဲပင်။

ဤမျှထူးချွန်ထက်မြက်သူ၊ တစ်ချိန်က နတ်ဘုရားမအဖြစ်ကိုးကွယ်ခံခဲ့ရသော ကျီချောင်ချင်သည် ယခုအခါ စွမ်းအားအားလုံးကုန်ဆုံးသွားပြီး မသမာသော ရည်ရွယ်ချက်ရှိသူအများအပြား၏ လိုက်လံဖမ်းဆီးခြင်းကိုခံနေရသည်။ သူမ ကာကွယ်ပေးခဲ့ဖူးသော လူများကပင် သူမကိုနတ်ဆိုးအဖြစ်သတ်မှတ်ကာ ဝိုင်းဝန်းသတ်ဖြတ်ရန်ပစ်မှတ်ထားနေကြသည်။

ရှန်ကျွင်း၏ ရင်ထဲတွင်ဝမ်းနည်းမှုနှင့်ဒေါသများ ပြည့်လျှံလာပြီး ထိုခံစားချက်သည် အလွန်ပြင်းထန်လွန်းသဖြင့် အသက်ရှူရန်ပင်ခက်ခဲလာသည်။

သူ ဘာကြောင့် ဤသို့ခံစားရသည်ကိုမသိပေ။ သူ မျက်လုံးဖွင့်လိုက်သည့်အချိန်မှစ၍ ဤလောကရှိ မည်သည့်အရာကမျှ သူ့ကိုတွေးတောစရာမဖြစ်စေခဲ့ဟု ရှန်ကျွင်းခံစားခဲ့ရသည်။

သူသည် သက်ရှိအားလုံးကိုကာကွယ်ရန် သူ့ပင်ကိုယ်အသိစိတ်ကိုသာ လိုက်နာခဲ့သည်။ သူ အဘယ့်ကြောင့်ကာကွယ်ချင်ရသလဲဆိုတာကိုပင် သူမသိခဲ့ချေ။ ဤသည်မှာ ကျီချောင်ချင်ပြောခဲ့သော အဓိပ္ပါယ်ဆိုတာဖြစ်နိုင်သည်။

ဤအချိန်တွင်ရှုပ်ထွေးနေသော သူ့နှလုံးသားသည် ရုတ်တရက်ရှင်းလင်းသွားသည်။ သူ့တွင် ဖော်ပြ၍မရနိုင်သောခံစားချက်တစ်ခုမှာ ရင်ဘတ်ထဲသို့စီးဆင်းသွားသည်။

မဲနက်နေသောခွင်းလွန်ဓားထဲမှ အမည်းရောင်အရာတစ်ခုသည် အသက်ဝင်လာသည့်ပမာ ဖြည်းညှင်းစွာထွက်ပေါ်လာပြီး သူ၏ လက်ကောက်ဝတ်ကိုရစ်ပတ်လိုက်သည်ကို သူသတိပင်မထားမိလိုက်ပေ။

သူ့အင်္ကျီလက်စထဲမှ ရေခဲချိုးဖြတ်ဓားသည် အနည်းငယ်တုန်ခါသွားသည်။ လရောင်အောက်တွင် ရှန်ကျွင်းသည် ကျီချောင်ချင် စကားများကို နားလည်သွားသကဲ့သို့ပင် သူတိုးတိုးလေးရေရွတ်လိုက်သည်။

"ကျီချောင်ချင်... ကိုယ် မင်းကိုမှတ်မိနေမှာပါ"

ကျီချောင်ချင်သည် မြို့ရိုးပေါ်သို့ခြေလှမ်းမှန်မှန်ဖြင့် အေးအေးလူလူတက်လာခဲ့သည်။ သူမ၏ဘေးတစ်ဖက် တစ်ချက်တွင်မူ အစောင့်များအားလုံးက ဓားများကိုအသင့်ပြင်ထားပြီး သတိကြီးစွာဖြင့်ချိန်ရွယ်ထားကြသည်။

မြို့ရိုး၏အမြင့်ဆုံးနေရာတွင် ချန်ဇယ်ရပ်နေသည်။ သူသာအမိန့်ပေးလိုက်လျှင် ဤအစောင့်များသည် ကျီချောင်ချင်ကိုအပိုင်းပိုင်းပြတ်သွားအောင် ခုတ်ပိုင်းပစ်ကြမည်မှာမလွဲဧကန်ပင်။

လူအုပ်ကြီး၏စောင့်ကြပ်မှုအောက်တွင် ကျီချောင်ချင်သည် မြို့ရိုးထိပ်သို့ ဖြည်းညှင်းစွာလျှောက်လာပြီး မောပန်းနေသည့်ပမာသက်ပြင်းချလိုက်သည်။

"ချန်ဇယ်... နောက်ဆိုနင့်သခင်ကိုပြောလိုက်ဦး၊ ပန်းမျှော်စင်ကို ဒီလောက်မြင့်အောင်မဆောက်နဲ့လို့၊ တက်ရတာအရမ်းပင်ပန်းတာပဲ"

ချန်ဇယ်က ရိုသေစွာဖြင့်ခေါင်းငုံ့အရိုအသေပြုလိုက်သည်။

"မိန်းကလေးရှန်... အရှင်မင်းကြီးနဲ့ဧည့်သည်တော်တွေ မျှော်စင်ထဲမှာစောင့်နေကြပါတယ်"

ကျီချောင်ချင်သည် ချန်ဇယ်၏ပခုံးကိုခပ်ဖွဖွပုတ်လိုက်သည်။ ထိုခဏ၌ပင် အစေခံတစ်ဦးက မျှော်စင်၏လိုက်ကာကိုမတင်ပေးလိုက်ရာ အတွင်းမှလူများ၏အကြည့်များက ကျီချောင်ချင်ရှိရာသို့ တပြိုင်နက်တည်းရောက်ရှိလာကြသည်။

ကျီချောင်ချင် ပြုံးရွှင်စွာဖြင့် ဝင်သွားလိုက်သည်။

"စားပွဲစနေကြပြီလား၊ ဘာလို့ငါ့ကိုမစောင့်တာလဲ"

ထိုစကားကိုကြားသည်နှင့် ဟွာကျစ်၏မျက်နှာထားသည်တင်းမာသွားပြီး သူ့လက်နက်ပေါ်သို့လက်တင်လိုက်သည်။ ထိုအခြေအနေကိုမြင်သောအခါ ကောမင်ဖေးသည်လည်း သူ၏နတ်လက်နက်ကို ချက်ချင်းထုတ်လိုက်တော့သည်။

၎င်းတို့နှစ်ယောက်စလုံးသည် ကျီချောင်ချင်ကို သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် စိုက်ကြည့်နေကြသော်လည်း သူမကမူ များစွာပိုမိုတည်ငြိမ်နေသည်။

သူမသည် မည်သူမျှစကားပြန်မပြောသည်ကိုမြင်သောအခါ ပင်မထိုင်ခုံတွင်ပေါ့ပေါ့ပါးပါးဝင်ထိုင်လိုက်သည်။

"ဟွာကျစ်... ကျွန်မတို့ကမိတ်ဆွေဟောင်းတွေပဲဟာ၊ မိတ် ဆွေဟောင်းတွေတွေ့ရင်စကားပြောသင့်တာပေါ့၊ အထူး သဖြင့် ကျွန်မကသိုင်းပညာတွေအကုန်ဆုံးရှုံးထားတဲ့လူမမာတစ်ယောက်ဖြစ်နေတာတောင် ကျွန်မကို ဒီလောက်သတိထားနေစရာလိုလို့လား"

ဟွာကျစ်သည် လက်နက်ပေါ်မှလက်ကို ဖြည်းညှင်းစွာပြန်ရုတ်လိုက်ပြီး အက်ကွဲနေသည့်အသံဖြင့် ပြောလိုက်သည်။

"ကျီချောင်ချင်... မင်း အရင်ကထက် စကားပိုများလာတယ်"

ကျီချောင်ချင်သည် ထိုအချက်ကိုဂရုမစိုက်ဘဲ ပြုံး၍သာတုံ့ပြန်လိုက်သည်။

"မဟုတ်တာ... ရှင့်ရဲ့ ဆွဲဆောင်မှုတွေက အရင်လိုမဟုတ်တော့လို့ပါ"

ကျီချန်သဲသည် မျှော်စင်အတွင်းမှတင်းမာမှုများကို သတိမထားမိသည့်ပမာ နူးညံ့စွာဝင်ပြောလိုက်သည်။

"မိန်းကလေးကျီ... ဒီနှစ်ယောက်ကိုသိမှာပါ၊ ကိုယ်တော် မိတ်ဆက်ပေးစရာမလိုဝောာ့ဘူးထင်တယ်၊ မင်းတို့သုံးယောက်ကြားမှာ အထင်လွဲမှုတချို့ ရှိနေပုံရတယ်၊ ဒါကြောင့် ကိုယ်တော်ကဒီမျှော်စင်မှာ စားသောက်ရင်း စကားပြောကြဖို့ဖိတ်လိုက်တာပါ၊ အထင်လွဲတာတွေကိုရှင်းပစ်လိုက်ရင် အကောင်းဆုံးပေါ့"

ကျီချောင်ချင်မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းတို့သည် သူမမည်သူမည်ဝါဖြစ်ကြောင်းကို သိပြီးကြပြီဖြစ်သည်။ ထိုသို့ဆိုလျှင် သူမသည် ရေသူမပဝါကိုဆက်လက်ဝတ်ဆင်ထားရန်စိတ်မဝင်စားတော့သဖြင့် မျက်နှာဖုံးနှင့်ဇာပဝါကိုပေါ့ပေါ့ပါးပါး ဖယ်ရှားလိုက်သည်။

ကောမင်ဖေးသည် ကျီချောင်ချင်၏ မမျှော်လင့်ထားသောအသွင်အပြင်ကြောင့် အံ့သြသွားပြီး သူ့ မျက်နှာပေါ်တွင် အံ့သြသည့်အရိပ်အယောင်များ အလိုလိုပေါ်လာသည်။

ကျီချောင်ချင်၏အလှသည် ကျင့်ကြံသူများထဲတွင် ထိပ် တန်းစာရင်းဝင်သော်လည်း ယခင်နှစ်များက သူမသည် ရိုးရှင်းစွာဝတ်ဆင်လေ့ရှိပြီး စစ်တပ်စခန်းများတွင်သာရောနှောနေထိုင်ခဲ့သည်။ သူမကို ပထမဆုံးအကြိမ်မြင်ဖူးသူများသည် အမျိုးသမီးတစ်ယောက်ဟု လုံးဝထင်မှတ်မိမည်မဟုတ်ဘဲ အလွန်ချောမောသောအမျိုးသားတစ်ဦးဟုသာ ထင်ကြပေမည်။

ယခုမူ သူမကို သွေးကဲ့သို့ရဲရဲတောက်နေသော အနီရောင်ဝတ်ရုံရှည်ဖြင့်တွေ့လိုက်ရပြီး သူမလက်ထဲတွင်လည်း မျက်နှာကိုပိုမိုဖြူဝင်းကာ ကျောက်စိမ်းကဲ့သို့ ဖြစ်စေသော အဖြူရောင်ကျောက်စိမ်းယပ်တောင်ကိုကိုင်ဆောင်ထားသည်။ အရေးအကြီးဆုံးမှာ သူမထံမှထွက်ပေါ်နေသော လွတ်လပ်ပေါ့ပါးသည့် အရှိန်အဝါကြောင့် မျက်လုံးလွှဲရန်ပင်မဖြစ်နိုင်ပေ။

ထိုအချိန်တွင် ဟွာကျစ်က သူ့ကိုသတိပေးသည့် အကြည့်ဖြင့်ကြည့်လာသည်။ ကောမင်ဖေးသည် တစ်စုံတစ်ခုကို ဖုံးကွယ်ရန်ကြိုးစားနေသည့်ပမာ သတိပြန်ဝင်လာပြီး မဲ့ပြုံးပြုံးလိုက်သည်။

"ကျင့်ကြံသူမျိုးနွယ်ရဲ့သစ္စာဖောက်မ... ငါတို့နဲ့အတူ သောက်စားပြီး စကားပြောဖို့ကြံရဲသေးတယ်ပေါ့"

ထိုစကားကိုကြားသောအခါ ကျီချောင်ချင် မကျေမနပ်ဖြစ်သွားသည်။

"ကျွန်မတို့ရဲ့ဂုဏ်ပုဒ်တွေကို အရင်ဆုံး ရှင်းအောင်လုပ်ရအောင်၊ ကျွန်မကကျင့်ကြံသူမျိုးနွယ်ရဲ့သစ္စာဖောက်မဟုတ်ဘူး၊ ကျွန်မက ထျန်းရွှမ်ဂိုဏ်းကိုပဲဖျက်ဆီးပစ်ခဲ့တာ၊ ဒါပေမယ့် ရှင်ကတော့မတူဘူး၊ ရှင်က နတ်ဆိုးတွေနဲ့တစ်ဖက်တည်းဖြစ်နေတယ်၊ သာမန်လူတွေကိုလည်းဒုက္ခပေး၊ လူသားကမ္ဘာရဲ့ဧကရာဇ်နဲ့ ပူးပေါင်းကြံစည်နေတယ်၊ ချန်ချင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်အနေနဲ့ ရှင်လုပ်ခဲ့တဲ့အလုပ်တွေက တကယ်မှတ်တမ်းတင်လောက်ပါပေတယ်"

ကျီချန်သဲ ပြုံးပြီးခေါင်းညိတ်လိုက်သည်။

All Chapters