အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
🍃 Chapter 61
"မိန်းကလေးကျီက ဆရာ့အပေါ်ထားတဲ့ကျွန်တော့်ခံစားချက်တွေကို ဘယ်တုန်းကမှမယုံခဲ့ဘူး၊ ဒါပေမယ့် အခုတော့ ကျွန်တော်နာမည်ကောင်းပြန်ယူနိုင်ပြီပဲ"
သူက တကယ်ပဲ တပည့်ကောင်းတစ်ဦးဖြစ်နေသည်ကိုး၊ ကျီချောင်ချင် သူ့ကိုအထင်လွဲခဲ့မိပြီ...
လူအုပ်စုကြီးသည် ပန်းမျှော်စင်လေးထဲတွင်ပိတ်မိနေကြသည်။ ထိုအခိုက်အတန့်တွင် တစ်နေရာမှလေပူတစ်ချက် ဝုန်းခနဲတိုက်ခတ်လာပြီး လေထုထဲတွင် သွေးညှီနံ့များ ရုတ်တရက်လွှမ်းခြုံသွားလေသည်။
ဟွာကျစ်သည် ပထမဆုံးတုံ့ပြန်လိုက်သူဖြစ်သည်။ သူသည် အခြေအနေမဟန်သည်ကိုရိပ်စားမိသည်နှင့် ချက်ချင်းပင် ထောင့်တစ်နေရာသို့ပြေးသွားပြီး ဖောက်ထွက်ရန်ကြိုးစားလိုက်သည်။
သို့သော် သူသည် မမြင်ရသောအတားအဆီးတစ်ခုနှင့်တွေ့ကြုံလိုက်ရပြီး မျှော်စင်အလယ်သို့ပြန်လည် ကန်ထွက်လာသည်။ ဟွာကျစ်၏ ပါးစပ်မှသွေးတစ်လုပ်အန်ထွက်လာလေသည်။
သံသရာစက်ဝန်းအစီအရင်မှာ စတင်လည်ပတ်နေပြီ ဖြစ်သည်။ နာရီဝက်မပြည့်ခင်မှာပင် သူတို့၏ အသားနှင့်သွေးများအရည်ပျော်ကျသွားပြီး အဆုံးတွင်ဝိညာဉ်စွမ်းအားအဖြစ်ပြောင်းလဲကာအစီအရင်၏အသက်သွေးကြောထဲရှိ ချန်ကျင်းကျစ်၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားမည်ဖြစ်သည်။ ထိုစွမ်းအားများက သူမ၏အသားနှင့် သွေးကိုအာဟာရဖြစ်စေပြီး အဆုံးတွင်သူမ၏ အသက်ကိုဆွဲဆန့်ပေးလိမ့်မည်။
ကောမင်ဖေး ရူးသွပ်မတတ်ဖြစ်သွားသည်။
"သံသရာစက်ဝန်းအစီအရင်! ဒီအစီအရင် စတင်လည်ပတ်နေပြီဆိုရင် ရပ်တန့်ဖို့နည်းလမ်းရှိသေးလား! နည်းလမ်း ရှိသေးလားလို့!"
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျီချောင်ချင်
ဤအစီအရင်ကိုအသုံးပြုခဲ့သည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ အစီအရင်ထဲပိတ်မိနေသော မိစ္ဆာသတ္တဝါများသည် ဖြည်းညှင်းစွာပင်သွေးအဖြစ် ပြောင်းလဲသွားပြီး နာကျင်စွာအော်ဟစ်မြည်တမ်းနေကြသည်မှာ အမှန်ပင်ငရဲခန်းတမျှထိတ်လန့်စရာ ကောင်းလှသည်။
ကောမင်ဖေးသည် ကျီချန်သဲ၏ကော်လာကိုဆွဲကိုင်လိုက်သည်။ ထိတ်လန့်ခြင်းနှင့်ဒေါသထွက်ခြင်း နှစ်မျိုးစလုံးရောထွေးနေသည်။
"ငါတို့ကိုလွှတ်ပေးစမ်း၊ မဟုတ်ရင် ငါ မင်းကိုသတ်ပစ်မယ်! ပြီးတော့ ကျီချောင်ချင်ကိုရောပဲ! သံသရာစက်ဝန်းအစီအရင်က စွမ်းအားအများကြီးလိုအပ်တယ်၊ မင်းသာသေသွားရင် ဒီအစီအရင်က အလုပ်ဖြစ်တော့မှာမဟုတ်ဘူး!"
ကျီချောင်ချင်က အေးစက်စွာဝင်ပြောလိုက်သည်။
"သတ်လိုက်လေ၊ နင် သူ့ကိုသတ်လိုက်တာနဲ့ နင် ဘယ်တော့မှ ထွက်ရတော့မှာမဟုတ်ဘူး"
ဟွာကျစ်သည် ကြမ်းပြင်ပေါ်တွင်တင်ပျဉ်ခွေထိုင်လိုက်သည်။ ဤနေရာတွင် သူ့ကျင့်ကြံဆင့်မှာအမြင့်ဆုံးဖြစ်သဖြင့် အစီအရင်၏တုံ့ပြန်မှုကို အခံစားရဆုံးသူလည်းဖြစ်နေသည်။
"ကျီချောင်ချင်... မင်းမှာ ထွက်နည်းရှိလား"
"ရှိတာပေါ့"
ကျီချောင်ချင်က တည်ငြိမ်စွာပြောလိုက်သည်။
"မလောပါနဲ့၊ ကျီချန်သဲ... ငါ နင့်ကိုမေးချင်တယ်၊ သံသရာစက်ဝန်းအစီအရင်အကြောင်းကို ဘယ်သူကပြောပြတာလဲ၊ ဒီအစီအရင်က လူတစ်ယောက်ရဲ့အသက်ကိုဆွဲဆန့်ဖို့အတွက် အသားနဲ့ ဝိညာဉ်အများကြီးကို စတေးဖို့လိုအပ်တယ်၊ နင့်ကို ဒီအကြောင်းပြောပြတဲ့သူကယုတ်မာပြီး နင့်ကို အသုံးချနေတာသေချာတယ်"
ကျီချန်သဲ ကူရှင်ပေါ်တွင်ဝင်ထိုင်လိုက်သည်။
"အဲ့ဒါကိုစိတ်ဝင်စားနေမယ့်အစား မင်းတို့အားလုံးကို ဘာလို့ ဒီအစီအရင်ရဲ့ယဇ်ကောင်တွေအဖြစ် သုံးချင်တာလဲဆိုတာကိုပိုပြီးစိတ်ဝင်စားသင့်တယ်"
ဟွာကျစ်ပါးစပ်မှ သွေးများထပ်မံအန်ထွက်လာပြန်သည်။ ကောမင်ဖေးက သူ့ကိုတွဲထူရန်ပြင်လိုက်စဉ် သူလည်းသွေးအန်လေသည်။ အစီအရင်က သူတို့၏စွမ်းအားအများအပြားကို စုပ်ယူထားပြီးဖြစ်သည်။ အကယ်၍ သူတို့သာဆက်လက်ခုခံနေပါက ပို၍ပင် လျင်မြန်စွာဝါးမျိုခံရရုံသာရှိတော့သည်။
ကျီချန်သဲသည် သူတို့ကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။
"ကျွန်တော့်ဆရာက ချန်ကျင်းကျစ်ဖြစ်နေလို့ ခင်ဗျားတို့ကို ယဇ်ကောင်အဖြစ်သုံးချင်တာ"
သူမ ထင်ထားသည့်အတိုင်းပင် ချန်ကျင်းကျစ် မည်သူမည်ဝါဖြစ်ကြောင်းကို သူသိပြီးသားဖြစ်နေသည်။ ကောမင်ဖေးသည် စကားဆုံးသည်နှင့် မယုံနိုင်စွာအံ့ဩသံထွက်လာသည်။
"ဘာ! အဲ့ဒီကောင်မက မဟာကျီတိုင်းပြည်ကို တကယ်ရောက်လာတာလား"
ကျီချန်သဲ၏ မျက်ဝန်းများအေးစက်သွားသည်။
"ကောမင်ဖေး... ခင်ဗျား ဆရာ့ကိုချန်ချင်ဂိုဏ်းကနေ မောင်းထုတ်ခဲ့တဲ့နေ့က... တစ်နေ့ကျရင် သူ့တပည့်က ခင်ဗျားကိုဒီအစီအရင်ထဲမှာဖမ်းချုပ်ပြီး သူ့ရဲ့ စတေးခံဖြစ်လာစေရမယ်လို့ မျှော်လင့်မထားခဲ့ဘူးမလား"
သူ့စကားထဲမှသရော်သံကြောင့် ကောမင်ဖေးသည်ဒေါသဖြင့်ရှုံ့မဲ့သွားသည်။
"မင်းက ပုရွက်ဆိတ်အဆင့်လောက်ပဲရှိတာပါကွ! ငါ့ကိုသာဒီမှာသေခွင့်ပေးလိုက်ရင် ငါ့ချန်ချင်ဂိုဏ်းကတပည့်တွေက မင်းရဲ့မဟာကျီတိုင်းပြည်ကို မြေလှန်ပစ်ကြလိမ့်မယ်!"
ကောမင်ဖေး၏ဒေါသနှင့်ယှဉ်လျှင် ကျီချန်သဲသည် အလွန်တည်ငြိမ်နေသည်။ သူသည် အနည်းငယ်ပင် ပြုံးလိုက်ပြီး အေးဆေးစွာပြောလိုက်သည်။
"သံသရာစက်ဝန်း အစီအရင်ပြီးဆုံးသွားတာနဲ့ ခင်ဗျားနဲ့ဟွာကျစ်ရဲ့အရိုးတွေကို ချန်ချင်ဂိုဏ်းဆီ အတူတူပို့ပေးဖို့အမိန့်ပေးထားပြီးပါပြီ၊ ချန်ချင်ဂိုဏ်းချုပ်ကြီးနဲ့ နတ်ဆိုးစစ်သူကြီးဟွာကျစ်တို့ အတူတူတိုက်ပွဲကျသွားတယ်ဆိုတဲ့သတင်းကို ဘယ်သူမှ သံသယဝင်ကြမှာမဟုတ်ဘူး"
ဤအချိန်မှာတောင် သူသည် သေသပ်စွာလုပ်ဆောင်နေနိုင်ဆဲပင်။ ထိုသို့ပြောပြီးနောက် သူ၏အကြည့်က ဟွာကျစ်အပေါ် ပြန်ရောက်သွားသည်။
"ကျွန်တော့်ဆရာဆီမှာ ခင်ဗျားလိုချင်တာရှိနေမှာ သေချာတယ်၊ ကျွန်တော်မမှားဘူးဆိုရင် ခင်ဗျား ပြောနေတဲ့အစီအရင်အသက်သွေးကြောဆိုတာပဲ ဖြစ်မယ်၊ ဒါပေမယ့် ဆရာ့အသက်ကမျဉ်းတစ်ကြောင်းပေါ်မှာလျှောက်နေရသလိုပဲ၊ ခင်ဗျားသာ သူ့ အသက်သွေးကြောကိုယူသွားရင် သူလည်းသေသွားလိမ့်မယ်၊ ဒါကြောင့် ခင်ဗျားလည်းသေပေးမှဖြစ်မယ်"
အဆုံးတွင် သူသည် ကျီချောင်ချင်ကိုကြည့်လိုက်သည်။
"အစကတော့ မိန်းကလေးကျီကိုမသတ်ချင်ပါဘူး၊ ဒါပေမယ့် ခင်ဗျားက ဆရာ့ကိုအမြဲတမ်းစိတ်အနှောင့်အယှက်ပေးနေပုံရတယ်၊ ဒါကြောင့် မြစ်ဝါဆီသွားမယ့်ဒီခရီးမှာ ကျွန်တော်နဲ့အတူလိုက်ပါဖို့ မိန်းကလေးကျီကိုအကူအညီတောင်းရပါလိမ့်မယ်"
ဤအချိန်မှာ သူသည်တည်တည်ငြိမ်ငြိမ်နှင့် ကျိုးကြောင်း ဆီလျော်စွာပြောဆိုနေပြီး ထူးဆန်းသောဖြောင့်မတ်မှုတစ်ခုကို ပြသနေသည်။ ကျီချောင်ချင်သည် သူ့သတ္တိကိုချီးကျူးရမလား၊ သူ့မိုက်မဲမှုကိုချီးကျူးရမလားပင် မသိတော့ပေ။
"ဒါဆို နင်ကရော... နင်က ဘာလို့ဒီမှာသေချင်ရတာလဲ၊ နင့်ရဲ့အင်ပါယာကိုမလိုချင်တော့ဘူးလား? အထွတ်အထိပ်ပလ္လင်ပေါ်တက်ပြီး အကြွင်းမဲ့အာဏာကိုသုံးဖို့လေ... အဲ့ဒါက နင်အမြဲအိပ်မက်မက်ခဲ့တဲ့အရာမဟုတ်ဘူးလား"
ကျီချန်သဲဆိုသည်မှာ ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံရခြင်း၊ နှိပ်စက်ခံရခြင်းများကို အဆုံးမရှိခံစားခဲ့ရသူဖြစ် သည်။ သူသည် မိန်းမစိုးများ၏ ဆီးကိုပင် သောက်ခဲ့ရသူဖြစ်ကာ၊ နန်းတွင်းအပျိုတော်များ၏ မြင်းလုပ်စီးခြင်းခံခဲ့ရပြီး၊ မင်းသားတစ်ပါးဖြစ်ပါလျက် ခွေးများနှင့်လုပြီးအစာစားခဲ့ရသူဖြစ်သည်။
ထိုကဲ့သို့သောလူတစ်ယောက်သည် အပြင်ပန်းတွင် နူးညံ့သိမ်မွေ့သည်ဟု ထင်ရသော်လည်း အတွင်းစိတ်မှာမူတွန့်လိမ်ပုပ်သိုးနေပြီး အာဏာ၏မြှူဆွယ်မှုကို မလွဲမသွေအရှုံးပေးရမည့်သူသာ ဖြစ်သည်။
လေပြင်းနှင့်အတူသွေးညှီနံ့များသည် မျှော်စင်ထဲသို့ ဝင်ရောက်လာသည်။ လိုက်ကာများသည်စုတ်ပြဲနေပြီး အပြင်ဘက်ရှိညအမှောင်ထုသည် သွေးရောင်လွှမ်းနေသည့်ပမာနီရဲတောက်ပနေသည်။ မြို့ရိုးအောက်ရှိ မီးပုံးများလင်းထိန်နေဆဲဖြစ်သော်လည်း လှုပ်ရှားသွားလာသူမရှိသဖြင့် မြင်ကွင်းမှာအထူးတလည်ခြောက်ကပ်နေသည်။
ကျီချန်သဲ၏မျက်လုံးများထဲတွင် တစ်စုံတစ်ခု လျင်မြန်စွာဖြတ်ပြေးသွားသည်။ သူ၏မျက်ဝန်းများသည် နက်ရှိုင်းအေးစက်သောရေကန်ကြီးများအလား ဖမ်းဆုပ်ရန်ခက်ခဲလွန်းသော ပြင်းထန်သည့် အလင်းရောင်တစ်ခုမှာ တဒင်္ဂလောင်ကျွမ်းသွားသည်။
"အထွတ်အထိပ်အာဏာစက်ဆိုတာ တကယ် မက်မောစရာကောင်းပါတယ်၊ ဒါပေမယ့်ကံမကောင်းစွာနဲ့ ကျွန်တော်မွေးလာတဲ့အချိန်ကမှားနေတာ၊ ကျွန်တော်ဆရာ့ကိုသတ်ချင်ခဲ့ဖူးတယ်၊ အဲ့ဒီအတွက် ကျွန်တော့်အသက်နဲ့ပြန်ပေးဆပ်သင့်တယ်၊ နောက်ဘဝဆိုတာရှိရင်တော့ အဲ့ဒီအရာတွေကို နောက်ဘဝကျမှပဲဆက်ပြီးရဖို့ကြိုးစားပါတော့မယ်"
"ငါ နင့်ကိုတကယ်အထင်လွဲခဲ့တာပဲ"
ကျီချောင်ချင်က ပြုံးလျက်ခေါင်းခါလိုက်သည်။
"နင့်ကို ယုတ်မာတဲ့ရည်မှန်းချက်တွေရှိတဲ့ လူဆိုးတစ်ယောက်လို့ထင်ခဲ့တာ၊ ဒီလောက်ထိသိတတ်တဲ့ တပည့်ကောင်းတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"
🍃 Chapter 62
ကျီချန်သဲ၏ မျက်နှာမှာဖြူဖျော့သွားသည်။
"တပည့်တစ်ယောက်အနေနဲ့ ဆရာ့အပေါ်သိတတ်ရမှာ တာဝန်ပါပဲ"
ကျီချောင်ချင်သည် တစ်စုံတစ်ခုထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူမတွင်လည်းဆရာတစ်ဦးရှိခဲ့ဖူးပြီး တပည့်နှင့်ဆရာကြားဆက်ဆံရေးသည် မည်သို့ရှိသင့်ကြောင်းသိပေသည်။
အခြားသူများ ၎င်းတို့၏ဆရာများနှင့် မည်သို့ဆက်ဆံသည်ကိုလည်းသူမမြင်ဖူးသည်။ သို့သော် ကျီချန်သဲနှင့်ချန်ကျင်းကျစ်တို့ကြားမှအခြေအနေမျိုးနှင့် လုံးဝမတူပေ။
ထို့ကြောင့် ကျီချောင်ချင်သည် ကျီချန်သဲကို အစကတည်းက တပည့်ကောင်းတစ်ဦးဟုမထင်မှတ်ခဲ့သလို၊ ချန်ကျင်းကျစ်ကို အစမှအဆုံး အသုံးချနေသည်ဟုပင်သံသယဝင်ခဲ့သည်။ သို့သော် ကျီချန်သဲသည် ဤအဆင့်ထိရောက်နေပြီဖြစ်ရာ လိမ်ပြောနေစရာအကြောင်းမရှိတော့ပေ။
ဒါဆို သူမကပဲ အကဲဆတ်လွန်းနေတာလား...
ကောမင်ဖေးသည် သွေးအန်ပြီးသတိမေ့သွားပြီဖြစ်သည်။ ဟွာကျစ်လည်း အဆုံးတွင်သည်းမခံနိုင်တော့ပေ။ "ကျီချောင်ချင်! မင်းအစီအရင်ကို မဖျက်ဆီးရင် မင်းပါဒီထဲမှာသေလိမ့်မယ်!"
ထိုစကားကိုကြားသောအခါ ကျီချန်သဲက ကျီချောင်ချင်ကိုကြည့်လိုက်သည်။
"မိန်းကလေးကျီ... ကျွန်တော်အရမ်းသိချင်တာတစ်ခုရှိတယ်၊ ခင်ဗျား အရင်တုန်းက ဖန်တီးခဲ့တဲ့အစီအရင်ကြောင့် ခင်ဗျားအသတ်ခံရတော့မယ်လေ၊ ဘာလို့ ဒီလောက်တည်ငြိမ်နေရတာလဲ"
ကျီချောင်ချင် သတိပြန်ဝင်လာပြီး ခွက်ကိုကိုင်ကာ ဝိုင်တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူမသည် တည်ငြိမ်စွာပြောလိုက်သည်။
"နင့်ရဲ့အဆင့်မမှီတဲ့ သံသရာစက်ဝန်း အစီအရင်ကို ပြောတာလား၊ နင် စောစောကမတွေ့ဘူးလား၊ ငါ မြို့ရိုးပေါ်ကဆင်းလာပြီးတော့ ဟိုကြည့်ဒီကြည့်လုပ်လိုက်သေးတယ်၊ ကြည့်လေလေ နင်ဆင်ထားတဲ့ အစီအရင်ကရုပ်ဆိုးလေလေပဲ၊ ဒါကြောင့် ငါနင့်အစား ပြောင်းပေးလိုက်တာ၊ မဟုတ်ရင် နင့်ရဲ့အဆင့်မမှီတဲ့ အစီအရင်က သူတို့ကို ဒီလောက်မြန်မြန်ဘယ်လိုလုပ်ငြိမ်ကျသွားစေနိုင်မှာလဲ"
ထိုစကားလုံးများသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ ကျီချန်သဲမှာ ရုတ်တရက်ခေါင်းမော့ကြည့်လိုက်သည်။
"မိန်းကလေးကျီ... မင်းနောက်နေတာလား"
ကျီချောင်ချင်သည် အပြစ်ကင်းစင်သောပုံစံဖြင့်ပြန်ဖြေသည်။
"ဒါပေါ့၊ ငါ မနောက်ပါဘူး၊ ငါတောင်မှ အဲ့ဒီတုန်းက ဒီအစီအရင်ကိုမဆင်မခြင်မသုံးရဲခဲ့ဘူး၊ နင့်လိုသာမန်လူတစ်ယောက်က ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ၊ နင်သာ ဒီနေ့အစီအရင်ကိုစတင်လိုက်ရင် နင်ချက်ချင်းအမှုန့်ဖြစ်သွားပြီး ပထမဆုံး ယဇ်ကောင်ဖြစ်သွားမှာ၊ ဒါကြောင့် ငါ နင့်ကို စောစောကသတိပေးခဲ့တာလေ၊ အစီအရင်အကြောင်းပြောပြတဲ့ သူက ယုတ်မာတယ်လို့"
ကျီချန်သဲသည် တစ်စုံတစ်ခုကိုသဘောပေါက်သွားပုံရပြီး ရုတ်တရက်ရယ်မောလိုက်သည်။
"အဲ့လိုကိုး၊ ခင်ဗျား ကျွန်တော့်ကိုဒီလောက်ထိမုန်းနေတာပဲ..."
ကျီချောင်ချင်သည် ဟွာကျစ်ဘက်သို့လှည့်လိုက်သည်။
"ဟွာကျစ်... ငါ နင့်ကိုကယ်စေချင်ရင် ပြောစမ်း၊ မိစ္ဆာချိပ်စည်းကိုဖွင့်တာအပြင် အစီအရင် အသက်သွေးကြောကို ဘာအတွက်လိုချင်သေးတာလဲ၊ နင့်သခင်က ဘယ်သူလဲ၊ ပြီးတော့ နင့်သခင်က ငါ့ကို ဘာလို့ပေးမသတ်တာလဲ၊ ငါ သူ့ကိုသိလား"
ဟွာကျစ် မျက်လုံးမှိတ်လိုက်ပြီး ထိုမေးခွန်းများကို ဖြေရန်ငြင်းဆန်လိုက်သည်။
"ကျီချောင်ချင်... ငါမသေခင် မင်း သေချာပေါက်သေရမယ်"
ကောမင်ဖေးသည် သူတို့အသံများကိုဝေဝါးဝါးသာ ကြားနေရသည်။ သူသည် နာကျင်မှုဒဏ်ကြောင့် ပြိုလဲလုနီးပါးဖြစ်နေပြီး သည်းမခံနိုင်တော့ပေ။
"ကျေးဇူး... ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ၊ ငါ့သခင်က စွမ်းအားကြီးတယ်ဆိုတာလောက်ပဲ ငါ သိတာ-"
သူ့စကားမဆုံးမီမှာပင် ဟွာကျစ်က သူ့ကိုလျင်မြန်ပြတ်သားစွာရိုက်ချလိုက်ရာ သတိမေ့သွားလေသည်။
စွမ်းအားကြီးတယ်? စွမ်းအားကြီးတယ်ဟုတ်လား?
ကျီချောင်ချင် စိတ်ထဲတွင် သံသယရှိသူများကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ကြည့်လိုက်သော်လည်း အတော်များများကျန်ရှိနေသေးသည်။ သူမ ထပ်မံမစဉ်းစားနိုင်မီမှာပင် အမည်မသိသည့် ပူလောင်မှုတစ်ခုမှာ သူမတစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသည်။
သူမသာ သိပ်မကြာခင်ထွက်မသွားနိုင်လျှင် သေချာပေါက်သေဆုံးရမည်ကို ကျီချောင်ချင်သိလိုက်သည်။ ရုတ်တရက်ဆိုသလို အေးစက်သော ဓားတစ်ချောင်းမှာ သူမထံသို့ပျံသန်းလာသည်။
ကျီချောင်ချင် ဘေးသို့ရှောင်လိုက်ချိန် ကျီချန်သဲ၏ မျက်နှာမှာ သေလူပမာဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။
သူ့ခန္ဓာကိုယ်သည် အစီအရင်၏တိုက်စားမှုကို ခံနေရပြီး ယခုအခါအလွန်အားနည်းနေပြီဖြစ်သည်။ ဧကရာဇ်အရှိန် အဝါကသာ ကာကွယ်မပေးထားလျှင် သူသေနေသည်မှာကြာပြီဖြစ်သည်။ သို့တိုင်အောင် သူသည် သူမကိုတိုက်ခိုက်ရန် ခေါင်းမာမာဖြင့် ကြိုးစားနေဆဲဖြစ်သည်။
ကျီချောင်ချင်က မဲ့ပြုံးပြုံးလိုက်သည်။
"ကျီချန်သဲ... နင် သံသရာစက်ဝန်းအစီအရင်ကို သုံးပြီး ချန်ကျင်းကျစ်ကိုကယ်ချင်တာ ငါမတားနိုင်ဘူး၊ ဒါပေမယ့် ငါ့ကိုတော့ ဒီအထဲဆွဲမထည့်သင့်ဘူး၊ ငါက သူ့အတွက် ဘယ်တော့မှအသေခံမယ့်သူ မဟုတ်ဘူး၊ ဒါကြောင့် တခြားနည်းလမ်းစဉ်းစားတာ ပိုကောင်းမယ်!"
ထိုသို့ပြောပြီးနောက် ကျီချောင်ချင်သည် သူမ၏ လက် ကောက်ဝတ်မှပုတီးကို လေထဲသို့ပစ်တင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဗုဒ္ဓရောင်ခြည်များ တောက်ပစွာလင်းလက်လာပြီး သံသရာစက်ဝန်း အစီအရင်တွင် အပေါက်ကြီးတစ်ခုဖြစ်ပေါ်လာသည်။
ထိုအခြေအနေကိုမြင်သောအခါ ဟွာကျစ်က ချက်ချင်းပင် အပြင်သို့ပြေးထွက်ရန်ကြိုးစားလိုက်သည်။ သို့သော် ပုတီး စိပ်မှထွက်ပေါ်နေသော သန့်စင်သည့်အလင်းရောင်မှာ အလွန်အားကောင်းလှသဖြင့် နတ်ဆိုးဖြစ်သောသူသည် လုံးဝချဉ်းကပ်၍မရနိုင်ပေ။
ကျီချန်သဲသည် အပေါက်ဝတွင်ပိတ်ရပ်လိုက်သည်။ အစီအရင်၏ထိုးဖောက်မှုကို ခံထားရသဖြင့် သူ၏ ဒွာရာခုနစ်ပေါက်မှ သွေးများစီးကျနေသည်။
သူသည် လက်တစ်ဖက်ဖြင့် မျက်နှာပေါ်မှသွေးများကို ပေါ့ပေါ့ပါးပါးသုတ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားရှည်ကိုဆုပ်ကိုင်ထားကာ ကျောကိုမတ်မတ်ထားလိုက်သည်။ သူသည် အသက်ကိုစတေးရလျှင်ပင် လူတိုင်းကို ထိုနေရာတွင် ပိတ်လှောင်ထားရန် ဆုံးဖြတ်ထားကြောင်းထင်ရှားနေသည်။
"ဒီနေ့ ဘယ်သူမှ ဒီကနေထွက်သွားလို့မရဘူး! အားလုံး ငါ့ဆရာအတွက် ယဇ်ကောင်ဖြစ်လာရမယ်!"
သာမန်လူသားကောင်လေးတစ်ယောက်က သူ့ဆရာအတွက် အင်မော်တယ်ဂိုဏ်းချုပ်၊ နတ်ဆိုးစစ်သူကြီးနှင့် တချိန်ကကျော်ကြားခဲ့သော စစ်နတ်ဘုရားတို့ကို ဒီအစီအရင်ထဲမှာပိတ်မိအောင် စေ့စပ်သေချာစွာ ကြံစည်ခဲ့တယ်။ သူ့ဆရာရဲ့အနာဂတ်အေးချမ်းကျန်းမာစေဖို့အတွက် သူတို့ရဲ့ဝိညာဉ်များကို စတေးရန်ဆန္ဒရှိတယ်။ ကျီချောင်ချင် သူ့ကိုအနည်းငယ် လေးစားမိသော်လည်း ဤသည်မှာ သူမကိုသူမ စတေးရမည့်အကြောင်းပြချက်မဟုတ်ပေ။
ကျီချောင်ချင်၏ရင်ထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များသည် အစီအရင်ကြောင့်ပျက်စီးနေပြီး ဖရိုဖရဲဖြစ်လာသည်။ သူမသာ မကြာခင် မလွတ်မြောက်လျှင် ဤနေရာမှာပင် သေဆုံးသွားမှာကိုစိုးရိမ်မိသည်။
သူမ ခွင်းလွန်ဓားကိုထုတ်လိုက်သည်။
"ဖယ်လိုက်စမ်း!"
ဟွာကျစ်၏မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ကျီချောင်ချင်... ထွက်ပေါက်ပွင့်သွားပြီ၊ မင်းပုတီးစိပ်ကိုပြန်သိမ်းလိုက်တော့!"
ကျီချောင်ချင် ကျောချမ်းသွားပြီး ချက်ချင်း ဘေးသို့ရှောင်လိုက်သည်။ နောက်တစ်ခဏ၌ ဟွာကျစ်၏ ဓားချက်ဝင်ရောက်လာသည်။ ကျီချောင်ချင်သည် ဟွာကျစ်ကိုသတ်ရန်အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်သော်လည်း ပုတီးကိုပြန်မသိမ်းလျှင် အစီအရင်ထဲမှထွက်ခွာနိုင်မည်မဟုတ်ပေ။
ဟွာကျစ်က ကျီချောင်ချင် မည်သည့်အရာတွေးနေသည်ကိုကြိုသိနေသည်။ သူ ဓားကိုပြန်ရုတ်လိုက်ပြီး အားယူကာ ထပ်မံထိုးနှက်လိုက်သည်။
"ပုတီးကို သိမ်းလိုက်စမ်း!"
ဤတစ်ကြိမ်တွင် ဟွာကျစ်သည်အားမလျှော့တော့ဘဲ သတ်ဖြတ်လိုစိတ်အပြည့်အဝဖော်ပြလိုက်သည်။ ကျီချောင်ချင်သည် မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။ သူမသာ ယနေ့တွင် ဟွာကျစ်ကိုသတ်ချင်ပါက ပေးဆပ်ရမည့်တန်ကြေးရှိပုံရသည်။
သူမ ရှောင်တိမ်းနေခြင်းကိုရပ်လိုက်ပြီး လက်ကို မန္တန်ပုံရိပ်များပြုလုပ်ကာ လေးနက်သောအသံဖြင့် ရွတ်ဆိုလိုက်သည်။
"မိစ္ဆာကို ချေမှုန်း..."
ကျီချောင်ချင်သည် စကားမဆုံးမီမှာပင် ပါးစပ်မှ သွေးတစ်လုပ်အန်ထွက်လာသည်။
ဒုက္ခတော့တွေ့ပြီပဲ! သူမခန္ဓာကိုယ်ထဲက အငြိုးစွမ်းအားတွေ ပြန်ကန်ထွက်ကုန်ပြီ!
ချက်ချင်းဆိုသလို သူမအား ပြင်းထန်သောနာကျင်မှုတစ်ခုမှာလွှမ်းမိုးသွားသည်။ သူမ သွေးထပ်အန်လိုက်ပြီး ကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည်။ သူမ ယနေ့တွင် ဟွာကျစ်ကိုသတ်နိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် အဖြူရောင်ဝတ်ဆင်ထားသော ရှန်ကျွင်းသည် နတ်ဘုရားတစ်ပါးအလားကောင်းကင်မှ ဆင်းသက်လာသည်။ သူသည် ရေခဲချိုးဖျက်ဓားကို ကိုင်ဆောင်လျက် ပန်းမျှော်စင်ကိုဓားချက်တစ်ချက်တည်းဖြင့်ပိုင်းဖြတ်လိုက်ပြီး တချိန်တည်းမှာပင် ကျီချောင်ချင်ကိုကာကွယ်ကာ အစီအရင်ထဲမှ ဆွဲထုတ်လိုက်လေသည်။ သူ၏လှုပ်ရှားမှုများသည် လျင်မြန်သည့်အပြင်သပ်ရပ်လွန်းပြီး အလွန်အမင်း လှပလွန်းလှသည်။
ကျီချောင်ချင်သည် မူးဝေနေသည့်ခံစားမှုမှာ ကြာကြာမခံလိုက်ချေ။ သူမသည် ရှန်ကျွင်း၏ အထိအတွေ့ကိုခံစားလိုက်ရသည်နှင့် သူမခန္ဓာကိုယ်မှနာကျင်မှုများ လျင်မြန်စွာသက်သာသွားခဲ့သည်။ ရေနစ်နေသူတစ်ဦးသည် ရုတ်တရက်ရေပေါ်သိုပြန်တက်လာနိုင်သည့်အလား သူမသည် ရှန်ကျွင်း၏ အင်္ကျီလက်စကိုအားကိုးတကြီးဆွဲကိုင်လိုက်မိသည်။
"ရှင် ဘာလို ပြန်လာတာလဲ!"