အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
🍃 Chapter 63
သူမ သက်သာသွားသည်ကိုမြင်သောအခါ ရှန်ကျွင်းကအေးစက်စွာတုံပြန်သည်။
"ထျန်းရွှမ်ဂိုဏ်းမှာတုန်းကလည်း ဒီနည်းကိုသုံးခဲ့တယ်၊ အခုလည်း ငါ့ကိုထပ်ပြီးလိမ်ဖို ဒီနည်းလမ်းကိုပဲသုံးချင်နေတာလား၊ ငါ့ကို တကယ်ပဲ အဲ့လောက်တောင်တုံးအတယ်လိုထင်နေတာလား"
ကျီချောင်ချင််သည် အပြစ်ရှိစိတ်ဖြင့်နှာခေါင်းကို ပွတ်လိုက်မိသည်။ သူမအမှန်ပင် ရှန်ကျွင်းကို အလကားသက်သက်အသေမခံစေချင်ပေ။ သူသည် သိုင်းပညာကျွမ်းကျင်သော ဟွာကျစ်နှင့်ကောမင်ဖေးတိုကို ယှဉ်နိုင်မည်မဟုတ်ချေ။
လူနည်းနည်းသေလေကောင်းလေဖြစ်သည်။ ထိုကြောင့်သာ သူမသည် သူ့ကိုလှည့်စားပြီးထွက်သွားခိုင်းခဲ့ခြင်းဖြစ်သည်။ သူသည် ယခင်လောက်မတုံးအတော့မှန်း သူမထင်မထားခဲ့မိပေ။
"နောက်ဆို ငါ့ကိုလိမ်ညာဖိုအတွက် မင်းရဲ့ကံကြမ္မာအကြွေးတွေကိုမတိုးစေနဲ့တော့"
ကျီချောင်ချင်သည် ခေါင်းငုံသာနားထောင်လိုက်ပြီးနောက် သူမ၏အကြည့်များသည် မလှမ်းမကမ်းရှိ မျှော်စင်ပေါ်သိုကျရောက်သွားသည်။
အတွင်းတွင် မီးအကြီးအကျယ်လောင်ကျွမ်းနေသည့်အလား နေရာအနှံတွင် မီးတောက်များနှင့်မီးခိုးလုံးများ ဖုံးလွှမ်းနေသဖြင့် အတွင်းမှအခြေအနေကိုမမြင်နိုင်တော့ပေ။
ရှန်ကျွင်းသည် ကျီချောင်ချင်ကို မြိုရိုးထောင့်တစ်နေရာသိုခေါ်သွားပြီးနောက် မျှော်စင်ထဲသိုဝင်ရန်ပြင်လိုက်သည်။ သိုသော် ကျီချောင်ချင်က အလျင်အမြန်ဆွဲထားလိုက်သည်။
"အထဲမှာ လူကောင်းဆိုလိုတစ်ယောက်မှမရှိဘူး၊ သူတိုအတွက်သွားပြီးအသေမခံနဲ့"
ထိုအချိန်တွင် ပေါက်ပြဲနေသော အစီအရင်အပေါက်ဝမှ လူတစ်ယောက်လွင့်ထွက်လာသည်။ သေချာကြည့်လိုက်မှ ၎င်းသည်ချန်ဇယ်ဖြစ်နေသည်။
ချန်ဇယ်၏တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းနေသော်လည်း အဝတ်အစားများမီးလောင်ကျွမ်းခြင်း မရှိပေ။ ကျီချောင်ချင်သည် အစီအရင်အနီးသိုကပ်သွားပြီးနောက်မှ ထိုမီးတောက်များသည် သူမ၏ ပုတီးမှ ထွက်ပေါ်လာသောသန့်စင်မီးများဖြစ်ကြောင်းသိလိုက်ရသည်။
အထူးသဖြင့် အဆိုးရွားဆုံးမိစ္ဆာများကို လောင်ကျွမ်းစေရန် အသုံးပြုသောမီးများဖြစ်ပြီး သာမန်လူများကိုမထိခိုက်စေနိုင်ပေ။ ရှန်ကျွင်းသည် ချန်ဇယ်၏ ဒဏ်ရာများကိုစစ်ဆေးရန် အမြန်သွားလိုက်သည်။
ရုတ်တရက်ဆိုသလို လက်တစ်ဖက်က ကျီချောင်ချင်ထံသိုလှမ်းလာပြီး သူမကိုအတွင်းသိုဆွဲသွင်းရန် ကြိုးစားလိုက်သည်။ သိုသော် သူမကိုမထိနိုင်ခင်မှာပင် အခြားလက်တစ်ဖက်က ထိုလက်ကိုအားကုန်သုံး၍ပြန်ဆွဲထားလိုက်သည်။
ကျီချောင်ချင် မသိစိတ်ဖြင့်လှမ်းကြည့်လိုက်ရာ ဟွာကျစ်သည် သူမကို အရှင်လတ်လတ်ဝါးမျိုချင်သည့်ပလား ရက်စက်သောအမူအရာဖြင့်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့နောက်တွင် သွေးအလိမ်းလိမ်းဖြစ်နေသောကျီချန်သဲက သူ့ကိုအစီအရင်ထဲမှထွက်မလာနိုင်အောင် အသေအလဲဆွဲထားလေသည်။
တစ်ချိန်က ချမ်းသာကြွယ်ဝသော သခင်လေးတစ်ယောက်လိုဝတ်ဆင်ထားသည့် ကျီချန်သဲသည် ယခုအခါ သူတောင်း စားတစ်ယောက်ထက်ပင်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။
သူ့ ပုံမှန်နူးညံ့သိမ်မွေ့သောမျက်နှာဖုံးမှာ လုံးဝကွာကျသွားပြီး ကြမ်းတမ်းခက်ထန်သောမျက်နှာထားဖြင့် အစားထိုးထား သည်။ သူသည် ဟွာကျစ်ကို မရမကထိန်းချုပ်ထားပုံမှာ နတ်ဆိုးဖြစ်သောဟွာကျစ်ထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းနေသေးသည်။
အစီအရင်ပေါက်ပြဲသွားပြီဖြစ်သဖြင့် ဟွာကျစ်သေလိမ့်မည်မဟုတ်ဟု ကျီချောင်ချင် အစပိုင်းတွင်တွေးခဲ့သည်။ ထိုအပြင် ဟွာကျစ်သည် ဉာဏ်များသူအဖြစ်နာမည်ကြီးပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက နတ်ဆိုးချိပ်စည်းမှပင် လွတ်မြောက်ခဲ့ဖူးသူဖြစ်သည်။ ယခုလို ပုတီးစိပ်၏ အတား အဆီးလောက်ကိုမကျော်လွှားနိုင်ဘဲနေပါ့မလား...
ယခုမူ ကျီချောင်ချင် ထိုသိုမတွေးတော့ပေ။ ကျီချန်သဲသည် အရူးတစ်ယောက်ပမာပင် အစီအရင်အတွင်း၌ ဟွာကျစ်အား မညှာမတာဟန့်တားနေသည်ကိုသူမမြင်တွေ့နေရသည်။ ဗုဒ္ဓရောင်ခြည်နှင့်သန့်စင်မီးတောက်များကြောင့် ဟွာကျစ်၏ ခန္ဓာကိုယ်မှာပြန်လည်ကုစား၍ မရနိုင်လောက်အောင် လောင်ကျွမ်းနေပြီဖြစ်သည်။
သူသည်အစီအရင်ထဲမှထွက်ရန် အသည်းအသန်ကြိုးစားနေသော်လည်း ကျီချန်သဲက သူ့ကိုတွင်းနက်ထဲသိုဆွဲချသကဲ့သို မြဲမြံစွာဖိထားလေသည်။
ဧကရာဇ်အရှိန်အဝါ ကာကွယ်မှုနှင့် ကရုဏာကျောင်းတော်၏ရတနာဖြစ်သောပုတီးတို အကူအညီဖြင့် ကျီချန်သဲသည် ဟွာကျစ်ကိုလုံးဝ လွှမ်းမိုးထားနိုင်ပြီး ပြန်လည်ခုခံရန်အခွင့်အရေးမပေးတော့ပေ။
ဟွာကျစ်၏အကူအညီတောင်းသံများကို ရှန်ကျွင်းကဖြတ်တောက်လိုက်ပြီး ကောမင်ဖေး ရုန်းကန်နေစဉ်ကတည်းက စကြာဝဠာအိတ်သည် ထောင့်တစ်နေရာသိုလွင့်စဉ်သွားခဲ့ပြီဖြစ်သည်။ ယခုအခါ သူသည် ကောင်းကင်နှင့်မြေကြီးကို အချည်းနှီးအော်ဟစ်နေရုံမှတစ်ပါး သေမည့်အချိန်ကိုစောင့်နေရုံသာရှိတော့သည်။
ဟွာကျစ် ဘယ်လိုလုပ် မမုန်းဘဲနေနိုင်ပါ့မလဲ...
သံသရာစက်ဝန်းအစီအရင်သည် သူတို့ခန္ဓာကိုယ်ထဲမှ ကျင့်ကြံစွမ်းအားများကိုစုပ်ယူပြီးဖြစ်ကာ သူတို့၏သက်စောင့်စွမ်းအားများလည်း ကုန်ခမ်းလုနီးပါးဖြစ်နေပြီ။ မကြာခင် အစီအရင်ပြီးဆုံးသွားသည့်အခါ သူတို့၏ အသား၊ သွေးနှင့် ဝိညာဉ်များကို တစ်ခါတည်းဝါးမျိုပစ်လိုက်တော့မည်ဖြစ်သည်။
"ကျီချောင်ချင်! ငါ့ကိုကယ်ပါ! ငါ့ကိုကယ်ပါ! ငါ့သခင်က ဘယ်သူလဲဆိုတာငါပြောပြပါ့မယ်! သူ့မှာ ချိပ်စည်းသုံးခုကိုဖွင့်တာထက် ပိုကြောက်စရာကောင်းတဲ့အစီအစဉ်ရှိတယ်! ငါ့ကို ဒီကနေပေးထွက်ပါ! ငါ သေချာပေါက်ပြောပြပါ့မယ်!" ဟွာကျစ်ရူးသွပ်သွားပြီဖြစ်သည်။
"မင်းသာ ငါ့ကိုကယ်ရင် ငါ မင်းနဲ့သွေးသစ္စာပြုမယ်... ဒီနေ့ကစပြီး မင်းကငါ့သခင်ပဲ! မင်းခိုင်းသမျှ ငါအကုန်လုပ်မယ်! ငါ မင်းရဲ့ခွေးတစ်ကောင်လိုဖြစ်ပေးပါ့မယ်!"
ကျီချောင်ချင်ထိုင်ချလိုက်ပြီး သူမနှင့်မလှမ်းမကမ်းတွင်ရှိသော်လည်း ကျော်ဖြတ်၍မရနိုင်သောချောက်ကမ်းပါးတစ်ခုခြားနေသည့်အလား ဟွာကျစ်ကိုကြည့်လိုက်သည်။
"အရင်တုန်းက နင့်ရဲ့နတ်ဆိုးသခင်ဟောင်းကိုလည်း ဒီစကားတွေပဲပြောခဲ့တာမလား၊ အခု သူဘယ်ရောက်သွားပြီလဲ၊ နင် သူ့ရဲ့ကျင့်ကြံစွမ်းအားတွေအကုန်စုပ်ယူလိုက်တာလား၊ ဒါမှမဟုတ် တန်းပြီးသတ်ပစ်လိုက်တာလား၊ ဟွာကျစ်... အခု နင်သာ ငါ့နေရာမှာဆိုရင်ရော နင်ငါ့ကိုကယ်မှာလား"
သေချာပေါက် ကယ်မှာမဟုတ်ဘူးပေါ့! ကျီချောင်ချင် သူ့ကို ဘယ်တော့မှကယ်မှာမဟုတ်ကြောင်း ဟွာကျစ်နားလည်လိုက်သည်။
ကျီချောင်ချင် မတ်တပ်ရပ်လိုက်ပြီး ခေါင်းငုံ့ကာ မဲ့ပြုံးပြုံးလိုက်သည်။
"နင် အရင်တုန်းက ငါ့လက်ချက်နဲ့မသေခဲ့ဘူး၊ ငါ့ချိပ်စည်းထဲမှာလည်း မပိတ်မိခဲ့ဘူး၊ ဒီနေ့တော့ သာမန်လူတစ်ယောက်ရဲ့ လက်ထဲမှာသေရတော့မယ်ဆိုတော့ နင်ဒေါသထွက်ပြီး မရှက်ဘူးလား"
ဟွာကျစ်သည် ကျီချောင်ချင်ကို အရှင်လတ်လတ် ဝါးမျိုချင်စိတ်ပေါက်သွားသည်။ သူ့လက်ကကျီချောင်ချင်၏အဝတ် အစားကို လှမ်းဆွဲလိုက်သော်လည်း ကျီချန်သဲက သူ့ကို မီးတောက်များပိုမိုပြင်းထန်ရာနေရာသို့ ဆွဲခေါ်သွားလေသည်။
"အာား!!!"
မျှော်စင်၏နက်ရှိုင်းသောနေရာမှ ဆိုးရွားသော အော်သံတစ်သံထွက်ပေါ်လာသည်။ ကျီချောင်ချင်မျက်မှောင်ကြုတ်ပြီး နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။ သံသရာစက်ဝန်းအစီအရင် ပြီးဆုံးသွားပြီဖြစ်သည်။
ကျီချောင်ချင် အနောက်တောင်ဘက်သို့လှမ်းကြည့်လိုက်သည်။ သူမ ဖန်တီးခဲ့သောအစီအရင်ဖြစ်သဖြင့် အသက် သွေးကြောတည်နေရာကို သူမသိသည်။
အနောက်တောင်ဘက်မှ ပြင်းထန်သော အလင်းရောင်တစ်ချက်ဖြာထွက်လာသည်။ တောက်ပခမ်းနားသောဘဝတစ်ခု ပြီးဆုံးသွားသည့်အလား တခဏအတွင်းပျောက်ကွယ်သွားလေသည်။
ကျီချောင်ချင်လှည့်ကြည့်လိုက်ရာ မျှော်စင်ထဲတွင် ကျီချန်သဲ၏ ဝိညာဉ်ကိုတွေ့လိုက်ရသည်။ ပြင်းထန်သောလေထဲတွင် ကျီချန်သဲ၏ ဝိညာဉ်သည် ရွှေရောင်အလင်းများတောက်ပနေပြီး အလွန်သန့်စင်ကြည်လင်နေသည်။ ထိုအရာသည် စစ်မှန်သော သူတော်ကောင်းတစ်ဦးသာပိုင်ဆိုင်နိုင်သည့် ဝိညာဉ်မျိုးဖြစ်သည်။
ကျီချောင်ချင် အနည်းငယ်အံ့သြသွားသည်။ ကျီချန်သဲကဲ့သို့ ယုတ်မာသောလူတစ်ယောက်သည် စစ်မှန်သော သူတော် ကောင်းတစ်ယောက်ဖြစ်နေသည်လား...
"မိန်းကလေးကျီ!"
မီးရောင်အောက်တွင် ရွှေရောင်ဝိညာဉ်က အော်ဟစ်လိုက်သည်။
"ကျေးဇူးပြုပြီး သူ့ကိုပြောပေးပါ၊ ချန်သဲက ဒီဘဝမှာ သူ့အပေါ်အမှားတွေလုပ်ခဲ့ပေမယ့် သူ့အတွက် သေပေးခဲ့တာမဟုတ်ပါဘူးလို့၊ သူ့ကိုစိတ်မပူပါနဲ့လို့ ပြောပေးပါ၊ နောင်အနာဂတ်မှာ ဘေးကင်းပြီးပျော်ရွှင်ဖို့၊ ကျွန်တော့်လိုလူမျိုးနဲ့ ဘယ်တော့မှထပ်မတွေ့ဖို့ ဆုတောင်းပေးပါတယ်လို့ပြောပေးပါ!"
သူသည် ချန်ကျင်းကျစ်အတွက် အသက်နှင့်လဲရန် ဆန္ဒရှိသော်လည်း သူမအတွက် သေပေးခဲ့သည်ဟု ပြောပြဖို့ရန်ဝန်လေးနေခဲ့သည်။
တန်ရောတန်ရဲ့လား? လက်တစ်ကမ်းမှာရနေတဲ့ စည်းစိမ်တွေ၊ ကမ္ဘာကြီးကို ကိုယ့်ခြေအောက်မှာ ထားနိုင်မယ့်အာဏာတွေကို မိန်းမတစ်ယောက်အတွက် တွေဝေခြင်းမရှိဘဲ စွန့်လွှတ်လိုက်တာလား?
တနည်းအားဖြင့်ပြောရလျှင် သူမနှင့်ကျီချန်သဲသည် တူညီသောလူများဟု ကျီချောင်ချင်ခံစားလိုက်ရသည်။ တူညီသောရက်စက်မှု၊ တူညီသောမဲညစ်မှုများရှိကြသည်။ သို့သော် သူမအနေဖြင့် လူတစ်ယောက်အတွက် ရည်မှန်းချက်ပန်းတိုင်ကို ဘယ်တော့မှစွန့်လွှတ်မည်မဟုတ်ဟု ခံစားရသည်။
သို့သော် ကျီချန်သဲကလုပ်ခဲ့သည်။ ကျီချန်သဲသည် သူမဘဝ၏အဓိပ္ပါယ်ဖြစ်ကြောင်း ချန်ကျင်းကျစ် ပြောဖူးသည်။ ဒါဆို ကျီချန်သဲအတွက်ရော... ချန်ကျင်းကျစ်က သူ့ဘဝရဲ့အဓိပ္ပါယ်ဖြစ်နေမလား?
ဘဝဆိုတာ ပြည့်ပြည့်ဝဝ၊ ပြင်းပြင်းထန်ထန်ရှင်သန်ရမည့်အရာဖြစ်သည်။ လောကီအရာများကိုစိတ်မဝင်စားဘဲ ခပ်ခွာခွာနေတတ်သော ချန်ချင်ဂိုဏ်း သခင်မလေးနှင့် အဆင့်ဆင့်တက်လှမ်းလာသော ရက်စက်သည့်ဧကရာဇ်တို့နှစ်ဦးသည် အကျိုးကြောင်းအဆီလျော်ဆုံးနှင့် အသိဉာဏ်အရှိဆုံး လူများဖြစ်သင့်သော်လည်း တစ်ယောက်အတွက်တစ်ယောက်ရှင်သန်နေခဲ့ကြသည်။ သူတို့၏ အတွေးများမှာ အလွန်ရိုးရှင်းလှသည်။ တစ်ဖက်လူကို ကာကွယ်ရန်နှင့် ရှင်သန်စေရန်သာဖြစ်သည်။
ထိုမျှ ရိုးရှင်းပြီးနှိမ့်ချသော တူညီသည့်အတွေးတစ်ခုက ခွင့်မလွှတ်နိုင်စရာကောင်းနေသလိုပင်။
ဤကွာခြားချက်က ကျီချောင်ချင်ကို ရှုပ်ထွေးသော ခံစားချက်များဖြင့်ပြည့်နှက်သွားစေပြီး မေးခွန်းတစ်ခုအလိုလိုပေါ်လာသည်။ အစက သူမသည် ကမ္ဘာကြီးကိုမှောက်လှန်ပစ်ပြီး သူမကို ဒုက္ခပေးလိုသူ အားလုံးကိုသတ်ပစ်ချင်ခဲ့သည်။ သိုသော် ယခုပြန်စဉ်းစားကြည့်လိုက်တော့ ယုတ်မာသောသတ္တဝါတစ်စုအတွက် ကမ္ဘာကြီးကိုဖျက်ဆီးပစ်ရမည်မှာ တန်ရဲ့လား။
အစီအရင်အသက်သွေးကြော ပွင့်သွားသည်နှင့် လူသားကမ္ဘာတွင် ဘေးအန္တရာယ်များကျရောက်လာလိမ့်မည်။ ကျင့်ကြံသူများ ထပ်မံငြိမ်းချမ်းရတော့မည်မဟုတ်သည့်အပြင် နတ်ဆိုးများနှင့်မိစ္ဆာများလည်း အလုံးအရင်းနှင့်ထွက်လာကြမည်ဖြစ်ပြီး နေမင်းသည် နောက်ထပ် ဘယ်တော့မှထွက်ပေါ်လာတော့မည်မဟုတ်ပေ။ အဲ့ဒီအခါ သူမ သေမယ်၊ ချန်ကျင်းကျစ်သေမယ်... ရှန်ကျွင်းလည်းသေလိမ့်မယ်...
ရုတ်တရက်အသံတစ်သံမှာ ကျီချောင်ချင်ရင်ထဲတွင် ပဲ့တင်ထပ်လာသည်။
🍃 Chapter 64
"နင့်ရဲ့အငြိုးအတေးတွေကို ဘယ်တော့မှမမေ့နဲ့၊ ဒီလောကကြီးက လူတိုင်းက နင့်ကိုအကြွေးတင်နေကြတာ!"
ဟုတ်တယ်! ကျီချောင်ချင်၏ အတွေးများငြိမ်သက်သွားပြီး အသိစိတ်ပြန်ဝင်လာသည်။ သူမ မဲ့ပြုံးပြုံးလိုက်သည်။
"ကောင်းပြီ၊ ကျွန်မ သဘောတူတယ်"
ကျီချောင်ချင် စကားဆုံးသည်နှင့် ဝိညာဉ်သည် သူမကို တည်ငြိမ်စွာဦးညွတ်လိုက်ပြီး ရွှေရောင်အလင်းလုံးအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး အစီအရင်အတွက်အာဟာရဖြစ်သွားလေသည်။ အဆုံးတွင် သံသရာစက်ဝန်းအစီအရင်ပျောက်ကွယ်သွားပြီဖြစ်သည်။
မျှော်စင်ထဲမှ စားပွဲများနှင့်ကုလားထိုင်များမှာ ဖရိုဖရဲဖြစ်နေသည်။ ကျီချောင်ချင်၏ ပုတီးမှလွဲ၍ ဤနေရာတွင် ရက်စက်သောသံသရာစက်ဝန်းအစီအရင်တစ်ခုရှိခဲ့ဖူးကြောင်း မည်သူမျှသိကြတော့မည်မဟုတ်ပေ။
မဟာကျီမင်းဆက်၏ ဧကရာဇ်၊ ချန်ချင်ဂိုဏ်း ဂိုဏ်းချုပ်ကြီးနှင့် နတ်ဆိုးစစ်သူကြီးဟွာကျစ်တိုအားလုံးသည် ထိုညမှာပင် လုံးဝပျောက်ကွယ်သွားကြသည်။ သူတို ဤလောကထဲမှာ ဘယ်တော့မှရှိတော့မည်မဟုတ်ပေ။
ကျီချောင်ချင် ပုတီးစိပ်ကိုသိမ်းလိုက်သည်။ ရှန်ကျွင်းသည် ချန်ဇယ်၏ခန္ဓာကိုယ်ကိုကုသရန် ဝိညာဉ်ကျောက်တုံးများကိုအသုံးပြုလိုက်သဖြင့် သူသည် သက်သာလာသော်လည်း အလွန်ပင်ပန်းနေသဖြင့်နိုးမလာသေးပေ။
"ချန်ကျင်းကျစ် ကိုသွားရှာရအောင်"
ကျီချောင်ချင်နှင့် ရှန်ကျွင်းတို မြိုရိုးပေါ်မှဆင်းလာချိန်တွင် ချန်ကျင်းကျစ်သည် ဓားစီးပြီးရောက်လာသည်ကို တွေ့လိုက်ရသည်။ သူမ လုံးဝ သက်သာပျောက်ကင်းသွားပြီ ဖြစ်သည်။ ချန်ကျင်းကျစ် ကျီချောင်ချင်ကိုမြင်သောအခါ ဓားကိုသိမ်းလိုက်ပြီး အလျင်စလိုမေးလိုက်သည်။
"ကျီချန်သဲ ဘယ်မှာလဲ၊ သူဘယ်မှာလဲ!"
လေပြေညှင်းတစ်ချက်တိုက်ခတ်လာပြီး လမ်းပေါ်ရှိ မီးပုံးများယိမ်းထိုးသွားကာ လမ်းတစ်လမ်းလုံးကို အလင်းပေး လိုက်သည်။
"သူ သေသွားပြီ"
ချန်ကျင်းကျစ် မယုံကြည်နိုင်စွာဖြင့် နောက်သိုနှစ်လှမ်းဆုတ်လိုက်သည်။ သူမသည် ကျီချောင်ချင်၏ စကားကိုလက်မခံနိုင်သည့်ပုံပင်။ သူမသည် အသားကုန်ပင် မြိုရိုးပေါ်သိုပြေးတက်သွားသည်။
မြိုရိုးပေါ်ရှိမျှော်စင်သည် လူသူကင်းမဲ့နေပြီဖြစ်သည်။ ကျီချန်သဲ၏ အငွေ့အသက်သည် ဖြည်းညှင်းစွာပျောက်ကွယ်နေသည်။ မကြာခင် သူ့အငွေ့အသက်များ လောကကြီးထဲမှလုံးဝပျောက်ကွယ်သွားတော့မည်။ သူ့ဝိညာဉ်သည် ချန်ကျင်းကျစ်အတွက် အာဟာရအဖြစ်ပေးဆပ်လိုက်ပြီဖြစ်ရာ ပြန်လည်ဝင်စားခွင့်ပင်မရှိတော့ပေ။
ချန်ကျင်းကျစ်လည်း ထိုအချက်ကိုသဘောပေါက်လိုက်သည်။ သူမ၏ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်သိုဒူးထောက်ကျသွားလေသည်။
သူမ၏နာကျင်မှုမှာ အလွန်စစ်မှန်လှသဖြင့် ကျီချောင်ချင် နားမလည်နိုင်ဖြစ်ရသည်။
"ချန်ကျင်းကျစ်... ဒါ နင်လိုချင်တဲ့ရလဒ်မဟုတ်ဘူးလား၊ အခု နင်ပျော်နေသင့်တာပေါ့၊ ဘာလို ကိုယ့်သားသေတဲ့မျက်နှာလုပ်နေရတာလဲ"
ချန်ကျင်းကျစ်၏ မျက်နှာပေါ်မှ မျက်ရည်များစီးကျလာပြီး
"မဟုတ်ဘူး! မဟုတ်ဘူး! ငါ သူ့ကိုမသေစေချင်ခဲ့ဘူး!"
ချန်ကျင်းကျစ်၏ ပြိုလဲမှုနှင့်ယှဉ်လျှင် ကျီချောင်ချင်သည် အလွန်အေးစက်နေသည်။
"ဟုတ်လား၊ ငါ သံသရာစက်ဝန်းအစီအရင်ကို ဖန်တီးတုန်းက စိတ်လိုက်မာန်ပါလုပ်ခဲ့မိတာ၊ အဲ့ဒါက ယုတ်မာတဲ့အစီအရင်မှန်း ငါ ချက်ချင်းသိလိုက်ရလို တစ်ခါသုံးပြီးတော့ထပ်မသုံးတော့ဘူး၊ နင့်ကိုပဲ နည်းလမ်းပြောပြခဲ့တာလေ၊ ဒီလောကမှာ နင်နဲ့ငါကလွဲရင် ဘယ်သူမှ ဒီအစီအရင်အကြောင်းမသိဘူး၊ ဒါဆို ကျီချန်သဲကို ဘယ်သူက ဒီအကြောင်းပြောပြတာလဲ"
ချန်ကျင်းကျစ်သည် သူမ၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ အော်ဟစ်ငိုကြွေးလျက်
"ငါပါ! ငါ ပြောပြခဲ့တာ! ဒါပေမယ့် ငါ သူ့ကိုမသေစေချင်ပါဘူး၊ အဲ့ဒါက စိတ်လိုက်မာန်ပါဖြစ်သွားတာပါ!"
ကျီချောင်ချင် မျက်လွှာချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"စိတ်လိုက်မာန်ပါဟုတ်လား? ကုဖေးရန်က အတွင်းအားအမြုတေနဲ့ကျင့်ကြံလိုရမှန်း ဘယ်လိုလုပ်သိသွားတာလဲ? သူ ကျင့်ကြံသူတွေ အများကြီးကိုသတ်ခဲ့တယ်၊ အင်မော်တယ်တွေကို ကိုးကွယ်တဲ့မဟာကျီဘုရင်က..."
သူမ ခေတ္တရပ်ပြီး ဆက်ပြောသည်။
"နင် မသိချင်ဘူးလား? ဘာလို သူက မသိချင်ယောင်ဆောင်နေတာလဲ၊ ပြီးတော့ နောက်ကွယ်ကနေ မီးလောင်ရာလေပင့်တောင် လုပ်ပေးနေသေးတာ ဘာလိုလဲဆိုတာကိုလေ၊ အဲ့တာ နင့်ကို ကယ်ချင်လိုပဲ၊ ချန်ကျင်းကျစ်...
လူကယ်ဖို့ သံသရာစက်ဝန်းအစီအရင်ကို သုံးရတဲ့တန်ကြေးက အရမ်းကြီးမားတယ်၊ ကျင့်ကြံသူတွေရဲ့အမြုတေတွေ မရေမတွက်နိုင်အောင်ရယ်၊ ကောမင်ဖေးရယ်၊ ဟွာကျစ်ရယ်၊ ပြီးတော့ ဧကရာဇ်အရှိန်အဝါရှိတဲ့ ကျီချန်သဲရယ် အကုန်ပေါင်းမှ နင့်အသက်နဲ့ကာမိရုံလေးရှိတာ၊ တိုင်းပြည်အကြံပေးအနေနဲ့ နင် ဒါတွေအကုန်သိသားပဲ၊ လူယုတ်မာဖြစ်လာမှတော့ လူယုတ်မာပီပီနေစမ်းပါ၊ အခုမှ ဘာလို့ငိုယိုအော်ဟစ်နေရတာလဲ၊ ကြည့်ရဆိုးလိုက်တာ!"
ချန်ကျင်းကျစ် နားပိတ်ပြီးခေါင်းခါကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး! မဟုတ်ဘူး! သူ ဒီလောက်ထိလုပ်လိမ့်မယ်လို့ ငါ တကယ် ထင်မထားခဲ့ဘူး! ငါက အစ... အစက သူ ငါ့ကို အသုံးချလို့ဒေါသထွက်နေရုံပဲရှိတာ... ငါ တကယ် သူ့ကိုအသေမခံစေချင်ဘူး!"
"ဘာပဲဖြစ်ဖြစ် ကျီချန်သဲက နင့်ကိုစကားတစ်ခွန်း ပါးလိုက်တယ်၊ နင့်အပေါ် အမှားတွေလုပ်ခဲ့မိတာ တောင်းပန်ပါတယ်၊ နင့်အတွက်သေပေးခဲ့တာ မဟုတ်လို့ စိတ်မပူပါနဲ့တဲ့၊ နောင်အနာဂတ်မှာ ဘေးကင်းပြီးပျော်ရွှင်ဖို့ဆိုတာအပြင် သူ့လိုလူမျိုးနဲ့ ဘယ်တော့မှထပ်မတွေ့ဖို့ပဲ မျှော်လင့်ပါတယ်တဲ့"
ချန်ကျင်းကျစ်သည် မျှော်စင်ကိုတစ်ချက်ကြည့်လိုက်ပြီး သူမ အကြည့်များမှာ ပြတ်သားသွားသည်။ ရုတ်တရက်ဆိုသလို သူမသည် ဘေးမှကျိုးပဲ့နေသောဓားတစ်ချောင်းကို ကောက်ယူလိုက်ပြီး တွေဝေခြင်းမရှိဘဲ သူမ ရင်ဘတ်ကိုထိုးစိုက်လိုက်သည်။ ရှန်ကျွင်းသည် ချက်ချင်းပင် သူမကိုတားဆီးလိုက်ပြီး ဓားကျိုးကိုလုယူလိုက်သည်။
ကျီချောင်ချင် နားမလည်နိုင်ဖြစ်သွားသည်။
"ချန်ကျင်းကျစ်! နင့်တပည့်အနေနဲ့ သူလုပ်ပေးခဲ့တာတွေက လုံလောက်တာထက်ပိုနေပြီ၊ ဒီရလဒ်ကို ပြောင်းလဲလို့မရမှတော့ နင် ကောင်းကောင်းနေသင့်တာပေါ့၊ အခု ဘာအရူးလိုလုပ်နေတာလဲ!"
ချန်ကျင်းကျစ် ဝမ်းနည်းစွာပြုံးလိုက်သည်။
"ကျီချောင်ချင်... နင် နားမလည်ပါဘူး၊ သူသေသွားပြီဟ...၊ ငါလည်း ထပ်မနေချင်တော့ဘူး"
ကျီချောင်ချင် "..."
သူမ တကယ်နားမလည်ပေ။ ချန်ကျင်းကျစ်၏တုံးအသောပုံစံကိုကြည့်ပြီး သူမ နားလည်ချင်စိတ်လည်းမရှိတော့ပေ။ ရုတ်တရက်ဆိုသလို ထောင့်တစ်နေရာမှ ချန်ဇယ့် အသံထွက်ပေါ်လာသည်။
"တိုင်းပြည်အကြံပေး... ကျေးဇူးပြု... ကျေးဇူးပြုပြီး ကောင်း ကောင်းရှင်သန်ပေးပါ"
ချန်ဇယ်သည် နိုးလာပြီဖြစ်သည်။ မကြာသေးမီက သူ၏ မဆင်မခြင်တိုက်ခိုက်မှုကြောင့် အလွန်ပင်ပန်းနွမ်းနယ်နေပြီး ရှန်ကျွင်း ကုသပေးထားသော်လည်း အားအင်သိပ်မရှိသေးပေ။
"အရှင်မင်းကြီးက အကြံပေးကို ကောင်းကောင်းနေစေချင်တာပါ၊ လွတ်လွတ်လပ်လပ် အသက်ရှင်စေချင်တာပါ၊ ဒါကြောင့် ဆရာ့အတွက် ခြိမ်းခြောက်မှုလို့ယူဆရတဲ့သူတွေကို သူသတ်ပစ်ချင်ခဲ့တာ"
ချန်ကျင်းကျစ်သည် ကျောက်တိုင်ကိုမှီလိုက်ပြီး သူမ မျက်နှာတွင်ခံစားချက်များ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
"သူ မှားတယ်၊ သူ မရှိရင် ငါ့ဘဝကဘာအဓိပ္ပါယ်ရှိတော့မှာလဲ"
ထိုစကားကိုကြားသောအခါ ကျီချောင်ချင် သူမကို ပါးပြင်းပြင်းပင် ရိုက်ပစ်ချင်စိတ်ပေါက်သွားသည်။
"နေပါဦး... ကျီချန်သဲအသက်ရှင်တုန်းက နင် သူ့ကို ကြည်ကြည်ဖြူဖြူမဆက်ဆံခဲ့ပါဘူး၊ နင် သူ့ကို မုန်းတယ်လို့တောင် ငါထင်နေတာ၊ အခုကျမှ ဘာလို့သေတော့မလို ဖြစ်ပြနေရတာလဲ"
ချန်ကျင်းကျစ် မျက်နှာသည် ထုံထိုင်းနေသည်။ သူမတွင် ရှင်းပြချင်စိတ်မရှိတော့ပေ။
"ကျီချောင်ချင်... အစီအရင်အသက်သွေးကြောကို ယူလိုက်တော့၊ ငါ့ရဲ့အတွင်းအားအမြုတေက အထွတ်အထိပ်ရောက်နေပြီ၊ နင်လိုရင် အဲ့ဒါပါယူလိုက်"
ချန်ဇယ်သည် ချန်ကျင်းကျစ် အပြုအမူကြောင့် ဒေါသထွက်သွားသည်။
"တိုင်းပြည်အကြံပေး... အကြံပေးကို ကယ်ဖို့ ကျွန်တော်တို့ ဘယ်လောက်ပေးဆပ်ခဲ့ရလဲသိရဲ့လား! အကြံပေး ဘယ်လိုလုပ် ကိုယ့်ကိုယ်ကို ဖျက်ဆီးရက်တာလဲ! အရှင်မင်းကြီးရဲ့အကြံပေး အပေါ်ထားတဲ့ခံစားချက်တွေက ဆရာတပည့် သံယောဇဉ်မဟုတ်ဘူးဆိုတာ နားရောလည်ရဲ့လား၊ သူ အကြံပေးကိုချစ်နေတာ!"
ောင်းကင်အကျဉ်းထောင်ကြီးသည် ထာဝရအမှောင် အတိပိတ်ဖုံးနေလေ့ရှိသည်။ နေရောင်ခြည်ဟူသည် ဤနေရာအတွက် တန်ဖိုးကြီးလွန်းသော ရှားပါးပစ္စည်းတစ်ခုဖြစ်နေပြီး၊ စိုစွတ်ပုပ်သိုးနေသောထောင်နံရံများအတွင်းတွင် လောက်ကောင်များနှင့် ကြွက်များမရေမတွက်နိုင်အောင် ပေါက်ဖွားရှင်သန်နေကြသည်။
ထိုအမှောင်ထုထဲရှိကောင်လေးတစ်ယောက်၏ မျက်ဝန်းထဲတွင် ရက်စက်သောအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။ ရုတ်တရက်ပင် သူခုန်အုပ်လိုက်ပြီး အကျဉ်းသားတစ်ယောက်၏အနာစိမ်းကို ကိုက်စားနေသောကြွက်တစ်ကောင်ကို ဖမ်းဆုပ်မိလိုက်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ပါးစပ်ထဲသို အတင်းထိုးထည့်ရန် ပြင်လိုက်သည်။
ဘုန်းခနဲဆိုသလို အကျဉ်းသားတစ်ဦးသည် သူ့ကို တွန်းထုတ်ပစ်လိုက်ပြီး ကြွက်ကိုလုယူကာ ကိုက်ဝါးစားသောက်လိုက်ပြီး ဆဲရေးဆိုလိုက်သည်။
"ခွေးမသားလေး! မင်း တစ်ယောက်တည်းစားရဲတယ်ပေါ့"
ထိုဆူညံသံကြောင့် အခြားအကျဉ်းသားများ အလုအယက်ပြေးလာပြီး ကြွက်ကိုဝိုင်းလုကြသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း ကြွက်သေ၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်ထွက်သွားလေသည်။
ကြမ်းပြင်ပေါ်တွင်လဲကျနေသော ကောင်လေးသည် ပြုတ်ကျလာသောအသားစများကို လျှာဖြင့်လျက်ရန်ကြိုးစားလိုက်သော်လည်း အကျဉ်းသားတစ်ယောက်က သူ့ကို ရက်စက်စွာကန်ထုတ်လိုက်သည်။