အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
🍃 Chapter 67
သူသည် ကမ္ဘာကြီးကိုရရှိခဲ့သော်လည်း အတိုက်အခံများကို ဆက်လက်ရှင်းလင်းနေပြီး သူ့ကို မနာခံသူများကိုသတ်ဖြတ်နေဆဲဖြစ်သည်။ ကျင့်ကြံသူများကိုလိုက်လံဖမ်းဆီးမှုများမှာ ပိုမိုဆိုးရွားလာသည်။ ချန်ကျင်းကျစ်သည် နန်းတော်၏ အတွင်းပိုင်းတွင် အကျဉ်းချခံထားရပြီး ကျီချန်သဲကို လုံးဝစိတ်ပျက်သွားခဲ့သည်။
ကျီချန်သဲတွင် ကိုယ်လုပ်တော်ကုလဲ့အာ တစ်ယောက်တည်းသာရှိပြီး ၎င်းအား အလွန်ကောင်းမွန်စွာဆက်ဆံသည်ဟု သူမကြားသည်။ ကုလဲ့အာသည် သံသရာစက်ဝန်းအစီအရင်အကြောင်း ကြားဖူးသဖြင့် ထိုအကြောင်းကိုစုံစမ်းရန် ကျီချန်သဲကို တိုက်တွန်းခဲ့သည်။ ထို့နောက် ကျီချန်သဲသည် ချန်ကျင်းကျစ်ထံသို့ ရောက်ရှိလာခဲ့သည်။
သံသရာစက်ဝန်းအစီအရင်သည် ဝိညာဉ်စွမ်းအား အမြောက်အမြားလိုအပ်ကြောင်း သူသိသော်လည်း မည်သို့တည်ဆောက်ရမည်ကိုမသိပေ။ သူသည် ချန်ကျင်းကျစ်ကို အတင်းအကျပ်မေးမြန်းခဲ့သည်။
နန်းတော်ထဲတွင် အကျဉ်းချခံထားရသော ချန်ကျင်းကျစ်သည် နာကျင်မှုနှင့်ယုံကြည်မှု ကင်းမဲ့သော အခြေအနေတွင်ရှိနေသည်။ သူမသည် ကျီချန်သဲ၏ မေးခွန်းကိုကြားသောအခါ အေးစက်စွာပြောပြလိုက်သည်။
"သံသရာစက်ဝန်းအစီအရင်ဆိုတာ မိစ္ဆာပညာရပ်ပဲ၊ လူတစ်ယောက်ကိုအသက်ပြန်ရှင်စေဖို့ ဝိညာဉ်စွမ်းအားလိုအပ်ရုံတင်မကဘူး တခြားလူတစ်ယောက်ကလည်း သူ့အသက်ကိုဆွဲဆန့်ပေးဖို့ လိုလိုလားလားစတေးခံရမယ်၊ အသက်ပြန်ရှင်မယ့်လူကစွမ်းအားကြီးလေလေ၊ တခြားလူက စွမ်းအား
ပိုထုတ်ပေးရလေလေပဲ၊ နင်သာ ငါ့ကိုကယ်ချင်ရင် မဟာကျီတိုင်းပြည်တစ်ခုလုံးမှာ နင်တစ်ယောက်တည်းပဲအသက်စတေးလို့ရမှာ၊ ဘာလို့လဲဆိုတော့ ငါက အင်မော်တယ်ကျင့်ကြံသူဖြစ်နေပြီး သာမန်လူတွေရဲ့အသက်က ငါ့အတွက်အသုံးမဝင်ဘူး၊ နင့်မှာ ဧကရာဇ်အရှိန်အဝါရှိတဲ့အတွက် ဒါကိုအစားထိုးပေးနိုင်တယ်"
ချန်ကျင်းကျစ်၏ အနည်းငယ်ရန်လိုသော စကားများကိုကြားလိုက်ရသောအခါ ကျီချန်သဲ ခေတ္တမျှရပ်တန့်သွားပြီးနောက် ရုတ်တရက်ရယ်မောကာ ထွက်ခွာသွားလေသည်။
သူသည် ကိစ္စရပ်များကိုစီစဉ်ရန် နှစ်ရက်အချိန်ယူခဲ့သည်။ သူသေဆုံးပြီးနောက် ဧကရာဇ်အသစ်ကို တော်၀င်အသိုင်းအဝိုင်းမှမွေးစားမည်ဖြစ်ပြီး ကျီချန်သဲ၏ ယုံကြည်စိတ်ချရသောလူယုံများက ထိုဧကရာဇ်သစ်ကို ပညာရှိမင်းကောင်းတစ်ပါးဖြစ်လာစေရန် ဂရုတစိုက်လမ်းညွှန်သင်ကြားပေးလိမ့်မည်။ ထိုအခါ ချန်ကျင်းကျစ် လွတ်လပ်ခွင့်ရရှိလိမ့်မည်။
ကောမင်ဖေးလည်း သေဆုံးသွားပြီဖြစ်ရာ ချန်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်သည် သူမ အိမ်ပြန်လာမည်ကို တားဆီးလိမ့်မည်မဟုတ်ပေ။ ဟွာကျစ်ကိုလည်း သူသတ်ခဲ့ပြီးဖြစ်၍ မည်သည့်နတ်ဆိုးမျှ သူမခန္ဓာကိုယ်ထဲမှ အစီအရင်အသက် သွေးကြောကို မက်မောကြတော့မည်မဟုတ်ပေ။
ချန်ကျင်းကျစ်သည် တချိန်ကလိုတောက်ပသော ချန်ချင်ဂိုဏ်း၏သခင်မလေးအဖြစ် တစ်ဖန်ပြန်လည် ရပ်တည်နိုင်တော့မည်ဖြစ်သည်။
ချန်ကျင်းကျစ်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ဘာလို့လဲ... သူ ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ..."
ချန်ဇယ်၏နှလုံးသားမှာလည်း ကြေကွဲမတတ်ဖြစ်ရသည်။
"တိုင်းပြည်အကြံပေး... အကြံပေးရဲ့ကျန်းမာရေးက ဒီနှစ်ပိုင်းတွေမှာ သာမန်လူတစ်ယောက်နဲ့မခြားတော့ပါဘူး၊ အကြံပေးက ဒုက္ခသည်တွေကြားမှာ လူနာတွေကို ဘေးကင်းကင်းနဲ့ကုသပေးနိုင်လိမ့်မယ်လို့ ထင်နေတာလား၊ သာမန်တဲအိမ်လေးထဲမှာ တစ်ယောက်တည်း တစ်ညလုံးအေးအေး ဆေးဆေး အိပ်ပျော်နိုင်မယ်လို့ထင်နေတာလား၊ ကိုယ့်အိမ်နောက်ဖေးကိုဝင်ထွက်နေသလိုမျိုး မြို့တော်ထဲကို ဝင်ထွက်နိုင်လိမ့်မယ်လို့ထင်နေတာလား"
ချန်ကျင်းကျစ် ရှေ့၌လူနာကုပေးနေချိန်တွင် ကျီချန်သဲက နောက်မှတိတ်တဆိတ်လိုက်ပါခဲ့သည်။ သူမ ရိုးရှင်းသောလမ်းကြားလေးတစ်ခုထဲတွင် တစ်ယောက်တည်းအိပ်ပျော်နေချိန်၌ သူသည် တံခါးဝတွင်ဓားကိုင်ပြီး တစ်ညလုံးစောင့်ကြပ်ပေးခဲ့သည်။
ကျီချန်သဲ ကျင့်ကြံသူများကိုသတ်ဖြတ်ခြင်းသည် ကုဖေးရန်၏ ထောက်ခံမှုကိုရယူရန်မဟုတ်ခဲ့ပေ။ ဖန်မီးအိမ်ကိုရယူရန် ကုဖေးရန်၏အပြစ်များကို လျစ်လျူရှုခဲ့ကာ ကုမိသားစုကိုသည်းခံခဲ့ခြင်းများသည် သူ့ကိုယ်ကျိုးအတွက်မဟုတ်ခဲ့ပေ။
သူသည် သံသရာစက်ဝန်းအစီအရင်အတွက် လိုအပ်သောပစ္စည်းများကိုပြင်ဆင်ရန်နှင့် ချန်ကျင်းကျစ်၏ အသက်ကို ဆွဲဆန့်ပေးရန်အတွက်သာဖြစ်သည်။ ကျီချန်သဲသည် ချန်ကျင်းကျစ်ကြောင့် သူ့ကိုယ်သူ ညစ်ညမ်းသောမကောင်းဆိုးဝါးတစ်ကောင်အဖြစ်ပြောင်းလဲပစ်ခဲ့သည်။
သူ့ခံစားချက်များကို ချန်ကျင်းကျစ်အားပြောပြရန် ကျီချောင်ချင်ကို တောင်းဆိုနိုင်သည်။ ထိုသို့သာပြောပြခဲ့လျှင် သူသည်ဘယ်တော့မှမပြောင်းလဲခဲ့ကြောင်း ချန်ကျင်းကျစ်နားလည်သွားပေလိမ့်မည်။
သို့သော် သူမတောင်းဆိုခဲ့ပေ။ သူသည် အပြစ်အားလုံးကို တစ်ကိုယ်တည်းယူဆောင်သွားပြီး ချန်ကျင်းကျစ်ကို အနည်းငယ်မျှအစွန်းအထင်းမခံခဲ့ပေ။
သူ၏ဖုံးကွယ်ထားသော ချစ်ခြင်းမေတ္တာသည်လည်း သူနှင့်အတူညစ်နွမ်းသွားပြီး ပြာပုံထဲတွင်အတူတကွ မြှုပ်နှံခြင်းခံလိုက်ရသည်။ သူ ကျိီချောင်ချင်ကို သူမအား ပြန်ပြောပေးရန်တောင်းဆိုခဲ့သည်မှာလည်း သူမပို၍အေးချမ်းစွာဖြင့် ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ပင်။
ကျီချန်သဲ၏ဟန်ဆောင်မှုမှာ ကောင်းလွန်းလှသဖြင့်
ချန်ဇယ်မှလွဲ၍ ဤလောကတွင်မည်သူမျှ ၎င်းစိတ်ရင်းမှန်ကိုမသိခဲ့ကြပေ။ အကယ်၍ ချန်ကျင်းကျစ်သာ သေရန်ဆုံး ဖြတ်မထားခဲ့လျှင် ချန်ဇယ်သည်လည်း ဤအရာများကိုထုတ်ပြောမည် မဟုတ်ပေ။ ထိုအခါ ကျီချန်သဲ၏ ရိုးသားမှု၊ နာကျင်မှုနှင့် ချစ်ခြင်းမေတ္တာအားလုံးသည် ဤအတိုင်းသာ ပျောက်ကွယ်သွားပေလိမ့်မည်။
ရာစုနှစ်များစွာကြာပြီးနောက် သမိုင်းစာအုပ်ထဲတွင် စာတစ်ကြောင်းတည်း အဖြစ်သာကျန်ရှိတော့မည်။
"မဟာကျီမင်းဆက်၏ ချန်သဲဧကရာဇ်၊ နန်းသက်
နှစ်နှစ်၊ တိုင်းပြည်ကို ထိရောက်စွာအုပ်ချုပ်နိုင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ငယ်ရွယ်စဉ် သေဆုံးခဲ့သည်" ဟူ၍သာ လူအများသိကြတော့မည်။
အခြားမည်သည့်အရာမှ ကျန်ရစ်တော့မည်မဟုတ်ပေ။
"အဲ့လိုကိုး..."
ချန်ကျင်းကျစ်သည် အရာအားလုံး ရှင်းလင်းသွားပြီဖြစ်ရာ မပြုံးဘဲမနေနိုင်တော့ပေ။
"ကျီချောင်ချင်... ကျေးဇူးပဲ၊ နင် အစီအရင် အသက်သွေး ကြောကိုယူလိုက်ပါ"
ကျီချောင်ချင်သည် သူမ၏အမူအရာမမှန်သည်ကို သတိထားမိလိုက်သည်။
"နင် ဘာလုပ်မလို့လဲ"
ချန်ကျင်းကျစ်က ခပ်ဆွေးဆွေးပြောလိုက်သည်။
"ငါ ငယ်ငယ်တုန်းက အရာအားလုံးပိုင်ဆိုင်တယ်လို့ ထင်ခဲ့တယ်၊ ငါကြီးလာတဲ့အခါ အဲ့ဒီအရာတွေ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ အသက်ရှင်ရတာအရမ်းပင်ပန်းတယ်၊ ငါ ဆက်မနေချင်တော့ဘူး၊ ဒါပေမယ့် ကျီချန်သဲက သူ့အသက်နဲ့လဲပြီး ငါ့ကိုကယ်ခဲ့တာလေ၊ အခုနင်က ငါ ဘာလုပ်ချင်လဲလို့မေးနေတာလား? ငါ တကယ်
မသိဘူး"
ကျီချောင်ချင်သည် သူမစကားမှတဆင့် တစ်စုံတစ်ခုကိုသဘောပေါက်သွားသည်။
"နင် ကျီချန်သဲကို ကြိုက်နေတာလား"
ထိုစကားကိုကြားသောအခါ ချန်ကျင်းကျစ် ရယ်မောလိုက်ပြီးနောက် မျက်ရည်တစ်စက်စီးကျလာသည်။ သူမသည် လမ်းဘေးတစ်လျှောက်ရှိ မီးပုံးများကို ကြည့်လိုက်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျီချန်သဲနှင့်အတူ မီးပုံးပွဲကြည့်ခဲ့သည်ကို ပြန်အမှတ်ရလိုက်သည်။
ထိုလူငယ်လေး၏မျက်လုံးများတွင် အပြုံးများဖြင့် ဖုံးလွှမ်းနေပြီး သူမကို အပြုံးတစ်ခုဖြင့်ကြည့်နေခဲ့သည်။ မီးပုံးရောင်အောက်တွင် သူ၏မျက်ဝန်းထဲ၌ သူမ ပုံရိပ်များသာပြည့်နှက်နေခဲ့ကာ
"ဆရာ... ကျွန်တော်တို့ တစ်သက်လုံး အတူတူနေကြရ အောင်..."
"ဟုတ်တယ်၊ ငါ သူ့ကိုချစ်တယ်"
ချန်ကျင်းကျစ် ဝန်ခံလိုက်သည်။
ချောမောခန့်ညားပြီး နူးညံ့သိမ်မွေ့သောလူငယ်လေး... သူမသည် သူ့တောက်ပမှုကို ချစ်မြတ်နိုးသလို သူ့ရက်စက်မှုကိုလည်း ချစ်မြတ်နိုးခဲ့သည်။
သူမ ကျီချန်သဲကိုချစ်ပါသည်။ အကယ်၍ သူမသာ မချစ်ခဲ့လျှင် ကျီချန်သဲ နယ်စပ်မှာနေရမည်ကို လျစ်လျူရှုထားနိုင်လောက်သည်။ သူ့ ထူးဆန်းရောဂါသတင်းကိုကြားရုံဖြင့် မြို့တော်သို့အပြေးပြန်လာမည်လည်း မဟုတ်ပေ။
သူ့သွေးအေးမှုကို ခံစားမိပြီး အပြစ်ကြေစေရန် လမ်းမှန်လမ်းစဉ်သို့ ဝင်ခိုင်းမည်လည်းမဟုတ်ပေ။ သူတို့အတူတူရှိခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ကျီချန်သဲသည် အလွန်ထူးချွန်ပြီး တောက်ပလွန်းသူဖြစ်သည်။ သူမ ဘယ်လိုလုပ် သူ့ကို မချစ်မိဘဲနေနိုင်ပါ့မလဲ...
သိုသော် ကျီချန်သဲ၏အစီအစဉ်များကို သူမမသိခဲ့ပေ။ သူ၏ အကြောင်းမဲ့မုန်းတီးမှုနှင့် ရက်စက်မှုများကိုသာ သူမခံစားခဲ့ရသည်။ ချန်ကျင်းကျစ်သည် တချိန်က ချန်ချင်ဂိုဏ်းချုပ်၏ အချစ်တော်မင်းသမီးဖြစ်ခဲ့ပြီး သူမတွင်ကိုယ်ပိုင်ဂုဏ်သိက္ခာရှိသည်။
ကျီချန်သဲကိုကုသပေးရန် မြိုတော်သိုလာခြင်းသည် သူမအတွက် အကြီးမားဆုံးလိုက်လျောမှုဖြစ်သည်။ သူမသည် အချစ်ကို ဒူးထောက်တောင်းခံမည့်သူ မဟုတ်ပေ။ ထိုကြောင့် သူမကိုမချစ်သော ကျီချန်သဲအား သူမ ခံစားချက်များကို ဘယ်တော့မှဖွင့်ပြောမည်မဟုတ်ချေ။
ထိုကြောင့် ကံကြမ္မာအလှည့်အပြောင်းနှင့် ဘဝ၏ ခန့်မှန်းရခက်မှုတိုကြောင့် ၎င်းတိုနှစ်ယောက်စလုံး လွဲချော်မသွားမီ စကားပြောခွင့်ပင်မရလိုက်ပေ။
ကျီချောင်ချင်သည် အရာအားလုံးကို ယခင်တည်းကလျစ် လျူရှုထားခဲ့သော်လည်း ချန်ကျင်းကျစ်၏ စိတ်ထိခိုက်နေသောပုံစံကိုမြင်သောအခါ ရုတ်တရက် သနားစိတ်ဝင်လာသည်။
🍃 Chapter 68
သူမ၏အတွင်းစိတ်ထဲရှိအသံမှာ "လျစ်လျူရှုလိုက်စမ်းပါ၊ နင် လုပ်ပေးသင့်တာတွေလုပ်ပေးပြီးပြီပဲ၊ သူ့ဘာသာဖြေရှင်းလိမ့်မယ်"
သိုသော် ကျီချောင်ချင်သည် ထိုအသံကို တိတ်တိတ်နေခိုင်းလိုက်ပြီးပြောလိုက်သည်။
"နင် သူ့ကို တကယ်လိုချင်ခဲ့ရင် ငါ့ကိုစောစောကတည်းက ပြောသင့်တာ"
ကျီချောင်ချင်သည် သူမ၏သိုလှောင်အိတ်ထဲမှ နှင်းကဲ့သိုဖြူဖွေးသော ခွက်ငယ်လေးတစ်ခွက်ကို ထုတ်လိုက်သည်။ ထိုအရာမှာသေးငယ်ပြီး ချစ်စရာကောင်းလှသည်။
"ဒါ ဝိညာဉ်စုဆောင်းတဲ့ခွက်ပဲ၊ ကျီချန်သဲရဲ့ပစ္စည်းတချိုကို ဒီအထဲမှာမီးရှိပြီး ကျီချန်သဲ ရောက်ခဲ့ဖူးတဲ့နေရာတွေဆီ ယူသွားလိုက်"
ချန်ကျင်းကျစ်၏မျက်လုံးများတွင် မျှော်လင့်ချက်အလင်း ရောင်များတောက်ပလာပြီး ကျီချောင်ချင်ကိုကြည့်လိုက်သည်။
"သူ ပြန်လာဖို ဘယ်လောက်ကြာမလဲဟင်"
ကျီချောင်ချင်က ပြန်ဖြေသည်။
"သံသရာစက်ဝန်း အစီအရင်က သူ့ဝိညာဉ်ကိုနင့်ဆီပေး လိုက်ပြီလေ၊ ပုံမှန်ဆိုရင်တော့ သူပြန်မလာနိုင်တော့ဘူး၊ ဒါပေမယ့် သူ့ဝိညာဉ်မှာ ရွှေရောင်အလင်းတွေတောက်ပနေတာ ငါတွေ့လိုက်တယ်၊ ကောင်းကင်ဘုံက သူ့ကိုသနားရင်သနားမှာပေါ့"
ချန်ကျင်းကျစ်၏မျက်ဝန်းထဲမှ အလင်းရောင်များ ချက်ချင်းပျောက်ကွယ်သွားသည်။
ကျီချောင်ချင်က ဆက်ပြောလိုက်သည်။
"...မတတ်နိုင်ဘူးလေ၊ သူက မကောင်းမှုတွေ အများကြီးလုပ်ခဲ့တာကိုး၊ နင်က သူ့နာမည်နဲ့ ကုသိုလ်ကောင်းမှုတွေလုပ်ပေးရမယ်၊ နင် ကောင်းမှုများများလုပ်လေ သူအမြန်ပြန်ရောက် လာလေပဲ"
ချန်ကျင်းကျစ်၏မျက်နှာပေါ်တွင် မျှော်လင့်ချက် အရိပ်အ ယောင်များပြန်ပေါ်လာသည်။
"ကောင်းပြီ! ငါ သူ့ကို သေချာပေါက်ပြန်ခေါ်လာခဲ့မယ်!"
ကျီချောင်ချင် ကျေနပ်သွားသည်။ သူမ လက်ကိုဆန့်ပြီး ချန်ကျင်းကျစ်၏အသက်သွေးကြောကို စုပ်ယူရန်ပြင်လိုက်သည်။ ချန်ကျင်းကျစ်သည်လည်း မျက်လုံးမှိတ်ကာ အပြည့် အဝပူးပေါင်းဆောင်ရွက်လိုက်သည်။
ထိုအခြေအနေကိုမြင်သောအခါ ချန်ဇယ်က အလျင်အမြန်တားဆီးရန် ကြိုးစားသော်လည်း ရှန်ကျွင်းက သူ့ကိုတားလိုက်သည်။
ကျီချောင်ချင်သည် ချန်ကျင်းကျစ် ရင်ဘတ်ထဲမှ အပြာနှင့်အဖြူရောယှက်နေသော ပုတီးစေ့တစ်လုံးကိုဆွဲထုတ်လိုက်ပြီး လက်ထဲတွင်ဆုပ်ကိုင်ထားလိုက်သည်။
ထိုနောက် သူမပါးစပ်မှ သွေးတစ်လုပ်အန်ထွက်လာသည်။ သူမသည် တစ်စုံတစ်ခု၏ဖိနှိပ်ခြင်းခံလိုက်ရသည့်အလား ရုတ်တရက် မြေကြီးပေါ်သိုဒူးထောက်ကျသွားသည်။ သူမ၏နဖူးပေါ်တွင် ချွေးစက်များ ထွက်ပေါ်နေသော်လည်း မျက်ဝန်းများမှာတောက်ပနေသည်။
ရှန်ကျွင်းသည် ကျီချောင်ချင်ကိုကာကွယ်ရန် ပြေးသွားလိုက်သည်။ မမျှော်လင့်စွာပင် ကျီချောင်ချင်သည်လှည့်လာပြီး ပုတီးစေ့ကို ရှန်ကျွင်း၏ရင်ဘတ်ထံသို လက်ဝါးဖြင့်ရိုက်ထည့်လိုက်သည်။
သူမ၏ အားမှာမပြင်းသော်လည်း ရှန်ကျွင်းသည် ပြင်းထန်စွာရိုက်ခတ်ခံလိုက်ရသကဲ့သို ခံစားလိုက်ရပြီး ခြေလှမ်းတစ်လှမ်းနောက်ဆုတ်သွားသည်။ ချက်ချင်းဆိုသလို အပြာနှင့်အဖြူရောယှက်နေသော ဝိညာဉ်စွမ်းအင်တစ်ခုမှာ သူ့ရင်ဘတ်မှ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအနှံပျံ့နှံသွားလေသည်။
လေပြင်းတစ်ချက်တိုက်ခတ်လာပြီး လမ်းပေါ်ရှိ မီးပုံးများငြိမ်းသွားကာ လရောင်မှာပိုမိုတောက်ပလာသည်။ သန့်စင်သောအရှိန်အဝါတစ်ခုသည် ရှန်ကျွင်းခန္ဓာကိုယ်ထဲသို အလုံးအရင်းနှင့်ဝင်ရောက်လာသည်။ မိုင်ငါးရာပတ်လည်အတွင်းရှိ အငြိုးအတေးများနှင့် မကောင်းဆိုးဝါးစွမ်းအင်များအားလုံးသည် ဤအရှိန်အဝါကြောင့် ဆေးကြောခြင်းခံလိုက်ရသည်။
ရှန်ကျွင်းခေါင်းကိုက်သွားသည်။ ပုံရိပ်ပေါင်းများစွာသည် သူ၏စိတ်ထဲသိုဝင်ရောက်လာသဖြင့် သူ မတ်တပ်မရပ်နိုင်လောက်အောင်ဖြစ်သွားပြီး ခေါင်းကိုလက်ဖြင့်အုပ်ထားလိုက်မိသည်။
ကျီချောင်ချင်သည် ရှန်ကျွင်း ဤမျှပြင်းထန်စွာ တုံပြန်လိမ့်မည်ဟုထင်မထားခဲ့ပေ။ သူမသည် သူ ခံနိုင်ရည်ရှိမည်ဟုထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ အစီအရင်အသက်သွေးကြော၏မိစ္ဆာစွမ်းအင်ကို သူခံနိုင်ရည်မရှိပုံရသည်။
ထိုသိုတွေးမိပြီး ကျီချောင်ချင်သည် ရှန်ကျွင်း၏ လက် ကောက်ဝတ်ကိုဆွဲကိုင်လိုက်သည်။ သူမ၏ ကျန်လက်တစ်ဖက်သည် သူ၏ရင်ဘတ်ပေါ်တွင် ဝဲပျံနေပြီး အသက် သွေးကြောကိုပြန်စုပ်ထုတ်ရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် မမျှော်လင့်ထားသောအဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာသည်။ သူမ၏ရင်ဘတ်ထဲရှိ ပင်မအသက်သွေးကြောသည် တစ်စုံတစ်ခုကိုအာရုံခံမိသည့်အလား သူမ ခန္ဓာကိုယ်ထဲမှ အထိန်းအကွပ်မဲ့စွာထွက်ခွာပြီး ရှန်ကျွင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန်ကြိုးစားနေသည်ဟု ကျီချောင်ချင်ခံစားလိုက်ရသည်။
ပင်မအသက်သွေးကြောသည် အခြားအရန်အသက်သွေး ကြောလေးခုနှင့်မတူဘဲ ၎င်း၏မိစ္ဆာစွမ်းအင်သည် အလွန်ရက်စက်ကြမ်းကြုတ်သည်။ အကယ်၍ ပင်မအသက် သွေးကြောသာ ရှန်ကျွင်း၏ ခန္ဓာကိုယ်ထဲသို့ဝင်သွားပါက သူသည်နေရာမှာတင် ပေါက်ကွဲသေဆုံးသွားနိုင်သည်။
ကျီချောင်ချင်သည် ရှန်ကျွင်းလက်ကို အမြန်ခါချလိုက်ပြီး နောက်ဆုတ်ရန်ကြိုးစားသော်လည်း ရှန်ကျွင်းက သူမ လက်ကောက်ဝတ်ကိုဖမ်းဆုပ်ထားလိုက်သည်။
ကျီချောင်ချင် ထိတ်လန့်တကြားဖြင့် မော့ကြည့်လိုက်ရာ ရှန်ကျွင်း၏တည်ငြိမ်သော မျက်နှာကိုတွေ့လိုက်ရသည်။ သူသည် ခန္ဓာကိုယ်တွင်းရှိ ဆူပွက်နေသောခံစားချက်များကို ဖိနှိပ်ထားပြီး လက်ကိုအသာအယာမလိုက်ရာ သန့်စင်သော ဝိညာဉ်စွမ်းအင်တစ်ခုသည် သူ၏လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ ရှန်ကျွင်းသည် ထိုဝိညာဉ်စွမ်းအင်ကို ကျီချောင်ချင်ခန္ဓာကိုယ်ထဲသို့ ညင်သာစွာပို့လွှတ်လိုက်ချိန် သူမ၏ အသက် သွေးကြောသည် ချက်ချင်းငြိမ်သက်သွားလေသည်။
ကျီချောင်ချင်သည် သူမခန္ဓာကိုယ်ထဲမှ အသက်သွေးကြောကို မယုံနိုင်စွာခံစားကြည့်လိုက်ပြီး ရှန်ကျွင်း၏လက်ကိုကြည့်ကာ အံ့သြတကြီးအော်လိုက်သည်။
"ရှင့်မှာ ဝိညာဉ်စွမ်းအားရှိတယ်!"
ရှန်ကျွင်း၏ မျက်ဝန်းထဲတွင် အံ့သြသည့် အရိပ်အယောင်များဖြတ်ပြေးသွားပြီး သူလည်း အနည်းငယ်ကြောင်အမ်းသွားသည်။
"ငါ့မှာ ဝိညာဉ်စွမ်းအားရှိတယ်?"
ချန်ကျင်းကျစ် မတ်တပ်ရပ်လိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျီချောင်ချင် မယုံကြည်နိုင်ဖြစ်နေသည်။ သူမ တစ်စုံတစ်ခုပြောရန်ပြင်လိုက်စဉ် ရှန်ကျွင်းသည် ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုကို မြင်လိုက်ရသည့်အလား မျက်နှာအမူအရာပြောင်းလဲသွားသည်ကိုတွေ့လိုက်ရသည်။
"သတိထား!"
ကျီချောင်ချင်သည် ရှန်ကျွင်း ဤမျှထိတ်လန့်တကြားဖြစ်သွားလိမ့်မည်ဟုထင်မထားခဲ့ပေ။ သူမ ကြောင်အမ်းနေစဉ် သူသည် သူမဆီသို့ပြေးဝင်လာသည်ကိုတွေ့လိုက်ရသည်။ ကျီချောင်ချင် လျင်မြန်စွာတုံ့ပြန်လိုက်သည်။
သူမ၏နောက်ကျောတွင် အန္တရာယ်ရှိသည်ကို အာရုံမခံမိသော်လည်း အလိုအလျောက်ပင် ရှန်ကျွင်း၏နောက်သို့ဝင်ပုန်းလိုက်သည်။
ထို့နောက် ရေခဲချိုးဖျက်ဓားသည် ထူးဆန်းသောဓားအရှိန် အဝါတစ်ခုနှင့်တိုက်မိပြီး စူးရှသောအသံတစ်သံထွက်ပေါ်လာသည်။ ရုတ်တရက်ပင် ကျီချောင်ချင် ချမ်းစိမ့်စိမ့်ဖြစ်သွားသည်ကိုခံစားလိုက်ရသည်။ သူမ နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး ကာကွယ်ရန်အတွက် ခွင်းလွန်ဓားပေါ်ရှိတောင်ပင်လယ်ပုလဲကို အသုံးပြုရန်ပြင်လိုက်သည်။ သို့သော် မမျှော်လင့်စွာပင် ဓားအလင်းတန်းတစ်ခုက ကျီချောင်ချင်ထံသို့ပျံသန်းလာပြီး တောင်ပင်လယ်ပုလဲ၏ အတားအဆီးကိုဖောက်ထွင်းကာ ခွင်းလွန်ဓားကိုရိုက်ခတ်လိုက်သည်။
ဓားအရှိန်အဝါနှစ်ခုစလုံးသည် သူမကိုဦးတည်နေခြင်းဖြစ်သည်။ ရှန်ကျွင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကျီချောင်ချင်ကိုဆွဲယူကာ ကာကွယ်လိုက်ပြီး မြို့ရိုးအောက်တွင်ပုန်းလိုက်ကြသည်။
ကျီချောင်ချင်သည် သတိကြီးစွာဖြင့်ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ မီးပုံးများအားလုံးငြိမ်းသွားပြီဖြစ်ကာ လရောင်မှာမှိန်ဖျော့နေသဖြင့် အမှောင်ထဲတွင် မည်သည့်အရာမှမမြင်ရပေ။ ထိုအချိန်တွင် ဝိညာဉ်စွမ်းအားများပါဝင်သော မြှားချွန်အများအပြားသည် ကျီချောင်ချင်ထံသို့ ပျံသန်းလာသည်။
ရှန်ကျွင်းသည် ဝိညာဉ်စွမ်းအားကို ယခုမှအသုံးပြုဖူးသဖြင့် သိပ်မကျွမ်းကျင်သေးပေ။ ထို့ကြောင့် သူသည် ပုံမှန်အတိုင်း ကျီချောင်ချင်ကို ဘေးသို့ဆွဲခေါ်သွားလိုက်သည်။ ယခင်က ရှန်ကျွင်းတွင် ဝိညာဉ်စွမ်းအားမရှိသော်လည်း ကျီချောင်ချင်၏ မျိုးဆက်များထဲတွင်အတော်ဆုံးဟု သတ်မှတ်ခံခဲ့ရသည်။ သို့သော် ယခုအခါ ဓားအရှိန်အဝါကြောင့် သူ အနည်းငယ်ဖရိုဖရဲဖြစ်နေရသည်။
သူတို့နှစ်ယောက်သည် ထောင့်တစ်နေရာတွင်ဝင်ပုန်းလိုက်ကြပြီး ကျီချောင်ချင်အနည်းငယ်အသက်ရှူချောင်သွားသည်။ သူမသည် မြှားများမှာ မကြာခင်ထပ်မံရောက်ရှိလာမည်ကိုသိသဖြင့် ဆက်လက်ရှောင်တိမ်းမနေတော့ပေ။
"နင်က ဒီလောက်စွမ်းအားကြီးတာကို ငါ့ကိုအမှောင်ထဲကနေ လုပ်ကြံဖို့ကြိုးစားနေတာလား! သတ္တိရှိရင် ထွက်ခဲ့ပြီး ငါနဲ့မျက်နှာချင်းဆိုင်တိုက်လေ!"
ကျိီချောင်ချင် ပတ်ဝန်းကျင်ကိုသတိထားကြည့်ရှုလိုက်ရာ စွမ်းအင်အတက်အကျမရှိသည်ကိုတွေ့ရှိရာသူမ မဲ့ပြုံးပြုံးလိုက်ပြီးဆက်ပြောသည်။
"နင်က ရုပ်ဆိုးလွန်းလို့ လူရှေ့ထွက်မရတာလား၊ ဟား... ဒီလိုဆိုရင်တော့ထွက်မလာပါနဲ့တော့! ငါက လှတဲ့လူတွေကိုပဲသဘောကျတာ၊ ရုပ်ဆိုးတဲ့လူဆို သည်းမခံနိုင်ဘူး! ဒါကြောင့် အမှောင်ထဲမှာပဲနေပြီး ငါ့မျက်စိကိုညစ်ပတ်အောင်လာမလုပ်နဲ့တော့!"
ထိုအချိန်တွင် အဝေးမှလမ်းမကြီးပေါ်တွင် လူတစ်ယောက်မှာဖြည်းညှင်းစွာထွက်ပေါ်လာသည်။ သူသည်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ရှည်လျားနက်မှောင်သောဆံပင်များကို သေသပ်စွာ စည်းနှောင်ထားသည်။ သူ့မျက်နှာပေါ်တွင် မြေခွေးမျက်နှာဖုံးကိုတပ်ဆင်ထားသည်။ သူသည် သာမာန်ဝတ်စုံသာဝတ်ဆင်ထားသော်လည်း သူ့ထံမှထူးဆန်းပြီး ခန့်မှန်းရခက်သောအရှိန်အဝါများထွက်ပေါ်နေသည်။
ကျီချောင်ချင်သည် ထိုလူ၏ပုံစံမှာ ရင်းနှီးနေသလို ခံစားရသော်လည်း လှပသောအမျိုးသမီးများကိုသာ မှတ်မိလေ့ရှိသဖြင့် သူ့ကိုချက်ချင်းမမှတ်မိပေ။ သူ တစ်လှမ်းတိုးလာတိုင်း သူ့ထံမှထွက်ပေါ်နေသော မကောင်းဆိုးဝါးအရှိန်အဝါများမှာ ပိုမိုအားကောင်းလာသည်ကို ကျီချောင်ချင်ခံစားလိုက်ရသည်။
ကျီချောင်ချင်က ရှန်ကျွင်း၏အင်္ကျီလက်စကို အသာအယာဆွဲလိုက်ပြီး နားနားကပ်ကာတိုးတိုးလေးပြောလိုက်သည်။
"ဒီလူက အရမ်းကြောက်ဖိုကောင်းတယ်၊ ထွက်ပြေးတာအကောင်းဆုံးပဲ"
ထိုနောက်တွင် ၎င်းမှာရပ်တန့်သွားသည်။ သူသည် ဆီစိမ်စက္ကူထီးတစ်ချောင်းကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ထီးမျက်နှာပြင်မှာ နက်မှောင်သောအနီရောင်ဖြစ်ပြီး မရေမတွက်နိုင်သောအငြိုးအတေးဝိညာဉ်များတွန့်လိမ်နေသည့်အလား ထင်ရသည်။ သူသည် ထီး၏ထိပ်ပိုင်းဖြင့် ကျီချောင်ချင်ကိုချိန်ရွယ်လိုက်ပြီး သိမ်မွေ့စွာလှုပ်ရှားလိုက်ရာ မရေမတွက်နိုင်သောမြှားများသည် ကျီချောင်ချင်ထံသိုပျံသန်းလာသည်။
ရှန်ကျွင်းသည် ဝိညာဉ်စွမ်းအားကိုမကျွမ်းမကျင် လှည့်ပတ်လိုက်သော်လည်း ကံမကောင်းစွာဖြင့် အတားအဆီးမဖန်တီးနိုင်ခဲ့ပေ။ သူသည် ကျီချောင်ချင်ကိုထပ်မံပွေ့ဖက်လိုက်ပြီး မြှားဒဏ်မှကာကွယ်လိုက်သည်။
"ဒီသခင်လေးက ဘာလိုမျက်နှာဖုံးတပ်ထားတာလဲ၊ တကယ်ပဲအရမ်းရုပ်ဆိုးလိုလား၊ အို... ဒါဆိုရင်တော့ ဝမ်းနည်းစရာပဲ၊ နေပါဦး... ငါနဲ့ နင်နဲ့ ဘာရန်ငြိုးမှမရှိဘဲနဲ့ ဘာလို ငါ့ကို မရမကလိုက်သတ်နေတာလဲ၊ ငါ့မျက်နှာလေးလှလွန်းလို ကြိုက်သွားတာများလား၊ ဆိုးလိုက်တာ... နင်ကအရမ်းရုပ်ဆိုးတော့ ငါနဲ့မတန်ဘူး"