← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

🍃 Chapter 69

ထိုအချိန်တွင် ၎င်းမှာတိုက်ခိုက်မှုကိုရပ်တန့်လိုက်ပြီး ထီးကို ခေါင်းပေါ်တွင်မိုးထားလိုက်သည်။

"ရှစ်ကျဲ... မတွေ့ရတာကြာပြီပဲ၊ ရှစ်ကျဲရဲ့စရိုက်က နည်းနည်း ပြောင်းလဲသွားသလိုပဲ၊ ရှန်ကျွင်းကြောင့်များလား"

၎င်း၏အသံမှာ အလွန်အမင်းအက်ကွဲပြီးနားထောင်ရဆိုးသော်လည်း ကျီချောင်ချင် သူ့ရှေ့မှလူကိုမှတ်မိလိုက်သဖြင့် သူမ မျက်နှာထားမှာအေးစက်သွားသည်။

"လီမင်လော့... နင်မသေသေးဘူးပဲ"

လီမင်လော့ တဟားဟားရယ်မောလိုက်ရာ သူ့အသံမှာ ပို၍ပုံပျက်သွားပြီးနားထောင်ရဆိုးလာသည်။

"ရှစ်ကျဲက ကျွန်တော့်ကိုမှတ်မိနေသေးတယ်ဆိုတော့ ကျွန်တော် တကယ်ပျော်သွားပြီ"

လီမင်လော့သည် စကားမဆုံးမီမှာပင် ရုတ်တရက် တိုက်ခိုက်လိုက်ပြီး လျှိဝှက်ဓားတစ်ချောင်းမှာ ကျီချောင်ချင်ထံသိုပျံသန်းလာသည်။ ဓားမှာမြန်လွန်းပြီး ဝိညာဉ်စွမ်းအားမှာလည်းပြင်းထန်ရက်စက်သဖြင့် ကျီချောင်ချင်နှင့်ရှန်ကျွင်းတို တုံပြန်ချိန်မရလိုက်ပေ။

ထိုအချိန်တွင် ရှန်ကျွင်းသည် ကျီချောင်ချင်၏ ရှေ့သို ဝင်ရပ်လိုက်သည်။

လျှိဝှက်ဓားသည် တစ်ချက်တည်းဆိုသလို ရှန်ကျွင်း၏ရင် ဘတ်ကို ဖောက်ဝင်သွားပြီး ဝိညာဉ်စွမ်းအားများလည်းပေါက်ကွဲသွားလေသည်။ သူ ဒူးထောက်ကျသွားပြီး သွေးများမှာသူ၏အဖြူရောင်ဝတ်စုံကို ချက်ချင်းစွန်းထင်းသွားစေသည်။ ပုံမှန်ဆို တည်ငြိမ်နေတတ်သော သူ၏မျက်နှာသည် သေလူပမာဖြူဖျော့သွားပြီး သွေးအန်လိုက်သည်။

ကျီချောင်ချင် ရှန်ကျွင်းကိုငေးကြည့်နေမိသည်။ သူမ ဘာဖြစ်သွားမှန်းတောင်မသိလိုက်သလိုပင်။

ရှန်ကျွင်းသည် နာကျင်မှုအားလုံးကိုဖိနှိပ်ထားလိုက်ပြီး ကျီချောင်ချင်၏ ကြောင်အမ်းနေသောပုံစံကို မြင်သောအခါ အလိုအလျောက်ပင်ပြုံးလိုက်မိသည်။

သူသည် လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

"ကိုယ် ပြောသားပဲ... မင်းကို ကာကွယ်ပေးမယ်လို"

ထိုနောက်ချက်ချင်းပင် ရှန်ကျွင်းမှာမြေကြီးပေါ်သို လဲကျသွားလေသည်။

မြင်းလှည်းအတွင်းတွင် ကျီချောင်ချင်၏အတွေးများယောက်ယက်ခတ်နေသည်။

သူမ၏စိတ်သည် မည်မျှပင်မာကျောပါစေ၊ ယခုအချိန်တွင်မူ တုန်လှုပ်မှုကိုမငြင်းဆန်နိုင်ပေ။ သူမ အရွယ်ရောက်လာကတည်းက ဤလောကတွင် သူမ၏လမ်းကို မည်သူကမျှ ပိတ်ပင်တားဆီးခြင်းမရှိခဲ့သလို၊ ရှိခဲ့လျှင်လည်း အားလုံးပျောက်ကွယ်သွားခဲ့ကြပြီးဖြစ်သည်။

ရှန်ကျွင်းသည် သူမနှင့် အမှတ်မထင်ဆုံတွေ့ခဲ့သူသာ ဖြစ်သည်။ အစီအရင်သွေးကြောကြောင့်တစ်ဖက်တည်းဖြစ်နေသည်ဆိုသော်လည်း သူမအတွက် ဤမျှလောက်သေစေလောက်သောတိုက်ကွက်ကို ဝင်ခံပေးစရာမလိုပေ။ ထို့အပြင် ဤတိုက်ခိုက်မှုမှာ အမှန်တကယ်ကိုပြင်းထန်လွန်းလှသည်။

ကျီချောင်ချင် အနည်းငယ်ကြောင်တောင်တောင် ဖြစ်နေသည်။ သူမ အရွယ်ရောက်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့သည့်ခံစားချက်ကို ခါးသီးစွာခံစားနေရသည်။

တိုက်ခိုက်မှုသည် အလွန်ပြင်းထန်လွန်းလှသည်။

လီမင်လော့၏သိုင်းပညာအားလုံးကို ကျီချောင်ချင် ကိုယ်တိုင်သင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကိုခံလိုက်ရလျှင် အသက်ရှင်ရန် အခွင့်အရေးလုံးဝမရှိကြောင်း သူမကောင်းစွာသိသည်။

ဤလောကတွင် အရာအားလုံးကိုလျစ်လျူရှုပြီး သူမရှေ့မှ မားမားမတ်မတ် ကာကွယ်ပေးခဲ့သောတစ်ဦးတည်းသောသူ... သူ တကယ်ပဲ ဒီလိုသေဆုံးသွားတော့မှာလား...

ကျီချောင်ချင်၏လက်များ ရုတ်တရက်တုန်ယင်လာသည်။ သူမကိုကာကွယ်ပေးခဲ့ခြင်းအပေါ် ရှန်ကျွင်း၏ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်ပါစေ သူမ သူ့ကိုမသေစေချင်ပေ။

ထိုအချိန်တွင် စပါးအုံးမြွေအရေခွံဖြင့်ပြုလုပ်ထားသောလက်အိတ်ကို ဝတ်ဆင်ထားသည့်လက်တစ်ဖက်က ကျီချောင်ချင်၏လက်ကို လာရောက်ဆုပ်ကိုင်လိုက်သည်။ ထိုအထိအတွေ့မှာစိုစွတ်သလို အေးစက်ပြီးချွဲကျိနေသည်။

"ရှစ်ကျဲက အဲ့ဒီယောက်ျားအကြောင်းစဉ်းစားနေတုန်းပဲလား၊ ရှစ်ကျဲ သူ့ကိုလွမ်းနေရင် ကျွန်တော်တို့ ပြန်သွားပြီး သူ့အလောင်းကိုသွားကောက်လို့ရတယ်နော်"

ကျီချောင်ချင်သည် ထိုစေးကပ်ပြီးရွံရှာဖွယ်ကောင်းသောအထိအတွေ့ကြောင့် စိတ်ထဲတွင်မသက်မသာဖြစ်သွားသည်။ သူမ မော့ကြည့်လိုက်ရာ မျက်နှာဖုံးတပ်ဆင်ထားသောလီမင်လော့ကိုတွေ့လိုက်ရသည်။

လက်ရှိလီမင်လော့သည် ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်နေသည်။ အကယ်၍ ရှန်ကျွင်းကိုခေါ်လာခဲ့လျှင် အသက်ရှင်ရန်အခွင့်အရေးလုံးဝရှိမည်မဟုတ်ပေ။ ရှန်ကျွင်းကို ချန်ကျင်းကျစ်ကခေါ်ဆောင်သွားပြီးပြီဖြစ်ရာ ယခုအချိန်တွင်သူမ၏ မျှော်လင့်ချက်များကို ချန်ကျင်းကျစ်အပေါ်တွင်သာ ပုံအပ်ထားရတော့မည်။

ကျီချောင်ချင် မဲ့ပြုံးပြုံးလိုက်သည်။ သူမသည် သတ်ဖြတ်လိုစိတ်အားလုံးကို ရင်ထဲတွင်နက်ရှိုင်းစွာ မြှုပ်နှံထားလိုက်ပြီး သူ့လက်ကိုခါထုတ်လိုက်သည်။

"ရှစ်တိ... နင် တော်တော်စွမ်းတာပဲ၊ ချောက်ကမ်းပါးအောက်က အားကောင်းတဲ့အစီအရင်တွေ၊ ထျန်းရွှမ်ဂိုဏ်းကမီးတောက်ကြီးတွေတောင် နင့်ကိုမသတ်နိုင်ခဲ့ဘူးပဲ"

လီမင်လော့၏မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အ ယောင်တစ်ခု လျင်မြန်စွာဖြတ်ပြေးသွားသည်။

"ရှစ်ကျဲရဲ့ နှစ်ပေါင်းများစွာ ဂရုတစိုက်သင်ကြားပေးမှုကြောင့်ပါ၊ မဟုတ်ရင် ကိုယ့်မျိုးနွယ်တွေရဲ့အသားနဲ့သွေးတွေကိုနင်းပြီး ပြန်တက်လာနိုင်မှာမဟုတ်သလို၊ ရှစ်ကျဲကိုလည်းရှာတွေ့နိုင်မှာမဟုတ်ဘူး"

ကျီချောင်ချင်သည် နောက်ဘက်ရှိကူရှင်ပေါ်သို့ မှီချလိုက်ပြီး လီမင်လော့နှင့်ခပ်ခွာခွာနေလိုက်သည်။

လီမင်လော့ထံမှ ပြင်းထန်သောမိစ္ဆာအငွေ့အသက်များထွက်ပေါ်နေသည်။ သူမ မမှားဘူးဆိုပါက သူသည် မိစ္ဆာလမ်းစဉ်သို့ရောက်ရှိနေပြီဖြစ်သည်။ သို့သော် အစောက ကျီချောင်ချင်စမ်းသပ်ကြည့်ရာတွင် သူမ လက်ကောက်ဝတ်ရှိပုတီးသည် မည်သည့်တုံ့ပြန်မှုမျှမပြသခဲ့ပေ။ ဤသည်မှာထူးဆန်းလှသည်။

"နှမြောစရာပဲ၊ ငါ နင့်ကိုအရင်ဓားနဲ့ထိုးခဲ့သင့်တာ"

ကျီချောင်ချင်က စားပွဲပေါ်မှသစ်သီးခြောက်တစ်ဆုပ်ကို ပျင်းရိစွာကောက်ယူလိုက်သည်။

"ငါ့ကို ဘယ်ခေါ်သွားမလို့လဲ"

လီမင်လော့သည် ပျော်ရွှင်စရာကောင်းသောအရာတစ်ခုခုကိုတွေးမိလိုက်ပုံရသည်။ သူသည် ကျီချောင်ချင်ထံသို့ ဖြည်း ညှင်းစွာတိုးကပ်သွားပြီး လေသံတိုးတိုးဖြင့်ပြောသည်။

"ကျွန်တော့်ကို ဓားနဲ့ထိုးလည်းကိစ္စမရှိပါဘူး၊ ကျွန်တော်ကရှင်နေဦးမှာပဲ၊ ဘယ်သွားနေလဲဆိုတာကိုတော့ ရှစ်ကျဲ မကြာခင်သိရတော့မှာပါ"

မြင်းလှညသည် အလွန်လျင်မြန်စွာရွေ့လျားနေပြီး မကြာမီရပ်တန့်သွားသည်။

လီမင်လော့ မြင်းလှည်းပေါ်မှဆင်းလိုက်ချိန် ကျီချောင်ချင်လည်း ကပ်လျက်လိုက်ပါသွားသည်။ သူတို့သည် အဆိပ်ငွေ့များဖုံးလွှမ်းနေသော တောအုပ်တစ်ခုထဲတွင်ရောက်နေကြသည်။ ဤနေရာသည် မိစ္ဆာစွမ်းအင်များထူထပ်လွန်းသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေသည်။ ဝိညာဉ်စွမ်းအားမရှိတော့သော ကျီချောင်ချင်မှာ မရေမတွက်နိုင်သောသစ်ပင်များမှလွဲ၍ အခြားဘာကိုမျှမမြင်ရသလောက်ပင်။

သို့သော် နှစ်ပေါင်းများစွာလေ့ကျင့်ထားသော သူမ၏ အာရုံခံစားမှုများကကျန်ရှိနေသေးသည်။ အမှောင်ထဲတွင် အရာများစွာက သူမကိုစောင့်ကြည့်နေကြောင်းခံစားမိသည်။

မြင်းလှည်းပေါ်မှဆင်းပြီး နှစ်လှမ်းခန့်လျှောက်မိချိန်တွင် သူမ၏ခြေထောက်အောက်၌ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားလိုက်ရသောကြောင့် ငုံ့ကြည့်လိုက်သောအခါ မြေပြင်တစ်ခုလုံးမြွေများဖြင့် ဖုံးလွှမ်းနေသည်ကိုတွေ့လိုက်ရသည်။

မြွေများသည် မြေကြီးပေါ်တွင်တွားသွားနေကြပြီး တွန့်လိမ်နေကြသည်။ အများစုသည် ဤနေရာ၏ မိစ္ဆာစွမ်းအင်ကိုမခံနိုင်သကဲ့သိုဖြစ်နေပြီး ဗိုက်ဖြူလေးများပက်လက်လန်နေကာ အခြားမြွေကြီးများ၏ ရက်စက်စွာဝါးမျိုခြင်းကိုခံနေကြရသည်။

ကျီချောင်ချင်သည် ရေပုံးခန့်အရွယ်အစားရှိသော စပါးအုံး မြွေကြီးတစ်ကောင်ကို တက်နင်းမိလိုက်သည်။ မြွေကြီးသည် ခေါင်းကိုမော့ကာ အနည်းငယ် စောင်းငဲ့ကြည့်လာသည်။ ၎င်းသည် ကျီချောင်ချင်ကို တစ်ကောင်လုံးမျိုချနိုင်မလားဟု အကဲခတ်နေခြင်းဖြစ်ပုံရသည်။ ကျီချောင်ချင်သည် ယပ် တောင်ဖြင့် မြွေခေါင်းကို တည်ငြိမ်စွာတွန်းဖယ်လိုက်ပြီး ပြောလိုက်သည်။

"လီမင်လော့... ရက်နည်းနည်းပဲရှိသေးတာကို နင့်အကြိုက်တွေက ဒီလောက်တောင်ရိုင်းစိုင်းကုန်ပြီလား"

လီမင်လော့သည် ကျီချောင်ချင်၏တုံပြန်မှုကို စောင့်ကြည့်နေခဲ့သည်။ သူမ၏ တည်ငြိမ်သောအမူအရာကိုမြင်သော အခါ ရယ်မောလိုက်ပြန်သည်။

"ရှစ်ကျဲက အမြဲတမ်းဒီလိုပါပဲလား၊ ရှေ့မှာတောင်ကြီးပြိုကျရင်တောင် မျက်တောင်ခတ်မယ့်ပုံမပေါ်ဘူး"

ကျီချောင်ချင် သေချာစွာအကဲခတ်ကြည့်လိုက်ပြီးနောက် အဆုံးတွင်သတိရသွားသည်။

🍃 Chapter 70

"ဒါ နတ်ဆိုးဘုံပဲ၊ ငါ နတ်ဆိုးဘုံကိုချိပ်ပိတ်ထားခဲ့တာလေ၊ ဘာလို ငါ့ကိုဒီခေါ်လာတာလဲ"

လီမင်လော့ ပြန်မဖြေပေ။ သူသည် လက်တစ်ဖက်ဖြင့် ကျီချောင်ချင်၏လက်ကိုဆွဲကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းပုံစံတံခါးတစ်ချပ် သူတိုရှေ့တွင်ပေါ်လာသည်။ ကျီချောင်ချင် သေချာမစစ်ဆေးနိုင်မီမှာပင် သူက သူမကိုအတွင်းသိုခေါ်ဆောင်သွားလေသည်။

နတ်ဆိုးဘုံသည် အမြဲတမ်းမှောင်မိုက်နေပြီး သွေးရောင်လွှမ်းသောလမင်းကြီးသည် ကောင်းကင်ယံတွင် အမြဲတမ်းချိတ်ဆွဲနေသည်။ နေရာတိုင်းတွင် ထူးဆန်းပြီး အရုပ်ဆိုးသောနတ်ဆိုးသတ္တဝါများရှိနေသည်။ သူမသည် နတ်ဆိုးဘုံထဲသိုဝင်ရောက်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှမထင်ထားခဲ့ပေ။

ဘာတွေဖြစ်နေတာလဲ၊ သူမ နတ်ဆိုးတွေကိုချိပ်ပိတ်ထားခဲ့တယ်မဟုတ်လား၊ သူမ ဘယ်လိုလုပ်ဝင်လာနိုင်တာလဲ၊ လီမင်လော့ကရော ဘယ်လိုလုပ်ဝင်လာနိုင်တာလဲ၊ သူတို ဘယ်လိုလုပ်လိုက်တာလဲ?

ကျီချောင်ချင်၏စိတ်ထဲတွင် သံသယများနှင့်အံ့သြမှုများ ပြည့်နှက်နေသည်။

"နတ်ဆိုးဘုံကို ချိပ်ပိတ်ထားပြီးသားမဟုတ်ဘူးလား၊ ငါတို ဘာလိုဝင်လိုရနေတာလဲ"

လီမင်လော့သည် ကျီချောင်ချင်ထံသိုပြေးဝင်လာသော နတ်ဆိုးတစ်ကောင်ကို လက်ဝါးဖြင့်ရိုက်ထုတ်လိုက်ပြီးပြောလိုက်သည်။

"ချိပ်ပိတ်ထားတယ်ဆိုရင်တောင် တစ်နေ့နေ့တော့ပျက်စီးမှာပဲလေ"

မဖြစ်နိုင်ဘူး၊ အကယ်၍ ချိပ်စည်းကြီးပျက်စီးသွားပြီဆိုရင် ကျီချောင်ချင်၏ ခန္ဓာကိုယ်ပေါ်ရှိ အစီအရင် အသက်သွေး ကြောလည်းတုန်ခါသွားလိမ့်မယ်၊ ဒါကြောင့် ချိပ်စည်းမပျက်စီးသေးမှန်း သူမသေချာသိ‌နေသည်...

ကျီချောင်ချင်က ဂရုမစိုက်သလိုသာပြန်ပြောလိုက်သည်။

"တကယ် နှမြောစရာပဲ"

လီမင်လော့ ရုတ်တရက်အော်ဟစ်ရယ်မောလိုက်သည်။

"ရှစ်ကျဲ... ရှစ်ကျဲက ပိုပိုပြီးစိတ်ဝင်စားဖို ကောင်းလာပြီ..."

ထိုနောက်သူသည် ကျီချောင်ချင်၏လက်ကို ရုတ်တရက်ဆွဲကိုင်လိုက်ပြီး အေးစက်သောအသံဖြင့်မေးလိုက်သည်။

"ရှစ်ကျဲ အရင်တုန်းက ဒီလိုနောက်ပြောင်လေ့မရှိပါဘူး၊ ဘာလို ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ၊ အဲ့ဒီကောင်စုတ်ရှန်ကျွင်းကြောင့်လား"

ကျီချောင်ချင်၏ မျက်နှာမည်းမှောင်သွားသည်။ သူမသည် လက်ကိုရုန်းထွက်ရန်ကြိုးစားသော်လည်း မရပေ။ သိုဖြစ်ရာ သူမသည် ချက်ချင်းပင်မဲ့ပြုံးပြုံးလိုက်သည်။

"သူက သိက္ခာရှိတဲ့လူကြီးလူကောင်းပဲ၊ ဒီလောကမှာ အသန့်ရှင်းဆုံးလူသားတစ်ယောက်၊ နင့်လို ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ဟန်ဆောင်တတ်တဲ့ကောင် မဟုတ်ဘူး!"

လီမင်လော့သည် ဆုပ်ကိုင်မှုကိုတင်းကျပ်လိုက်ကာ သူ့မျက်လုံးများမှာသွေးရောင်လွှမ်းသွားသည်။

"ရှစ်ကျဲ ကျွန်တော့်ကို အရင်တုန်းက အရမ်းသဘောကျခဲ့တာလေ၊ ကျွန်တော်နဲ့တစ်သက်လုံး အတူရှိနေမယ်လိုတောင်ပြောခဲ့တယ်လေ၊ သူ့ကြောင့် ရှစ်ကျဲက ထျန်းရွှမ်ဂိုဏ်းကိုဖျက်ဆီးခဲ့တာ၊ ရှစ်ကျဲက ကျွန်တော်တိုရဲ့လှပတဲ့အမှတ်တရတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တာမဟုတ်လား!"

ကျီချောင်ချင် ရွံရှာသွားသည်။ လက်ရှိ လီမင်လော့၏ပုံစံမှာ မှားယွင်းနေကြောင်း သူမခံစားမိသော်လည်း သူ့ရှေ့တွင် မောင်နှမသံယောဇဉ် ဟန်ဆောင်ပြနေရန် စိတ်မဝင်စားတော့ပေ။

"ငါတိုက ရန်သူတွေဖြစ်နေပြီပဲ၊ ဘာလိုဟန်ဆောင်နေရဦးမှာလဲ"

လီမင်လော့သည် ကျီချောင်ချင်၏လည်ပင်းကိုညှစ်လိုက်သည်။

"ဘယ်သူက ရှစ်ကျဲနဲ့ အမှတ်တရကောင်းတွေရှိချင်လိုလဲ! ရှစ်ကျဲကိုမြင်လိုက်တာနဲ့ ရှစ်ကျဲရဲ့ သစ္စာဖောက်မှုတွေကိုသတိရလာပြီး ရွံလာမိတယ်!"

သူသည် ကျီချောင်ချင်၏ ရက်စက်မှုကိုမုန်းတီးသလို တိုတောင်းသောအချိန်ကာလအတွင်း သူမ အလွန်အမင်းပြောင်းလဲသွားသည်ကိုလည်း မုန်းတီးသည်။ သူမသည် ယခင်က အလွန်လေးနက်တည်ကြည်သူဖြစ်ပြီး သာမန်ပြည်သူများနှင့် ဂိုဏ်းအတွက် အမြဲတမ်းပူပန်နေတတ်သူဖြစ် သည်။ မကြာသေးမီက ကျီချောင်ချင်နှင့်ရှန်ကျွင်းအတူရှိနေချိန် သူမသည် မည်သည်ကိုမှစိတ်မပူသည့်အလား တောက်ပစွာ၊ ရွှင်လန်းစွာ ရယ်မောနေခဲ့သည်။

သူမ အဘယ်ကြောင့် ဤမျှလောက်ပျော်ရွှင်တက်ကြွနေရသနည်း။ လီမင်လော့ဆိုတဲ့ သူ၏သေဆုံးမှုက သူမကို အနည်း ငယ်မျှတောင်ဝမ်းနည်းစေခြင်းမရှိစေဘူးလား?

"ဘာလို့လဲ? ငါတို့ထာဝရအတူရှိမယ်လို့ မင်းပြောခဲ့တယ်လေ၊ အခုကျမှ ဘာလို့ဒီလောက်ရက်စက်ရတာလဲ"

ကျီချောင်ချင်သည် အသက်ရှူရခက်ခဲလာပြီး မျက်နှာများနီရဲလာသော်လည်း သူမမျက်ဝန်းထဲတွင် အပြုံးတစ်ခုထင်ရှား စွာရှိနေသည်။

"လီမင်လော့... ကလေးတွေအများကြီးကို ကယ်တင်ပြီးတာတောင် ငါ ဘာလို့ နင့်ကိုမှ ငါ့နားမှာခေါ်ထားခဲ့တာလဲဆိုတာသိချင်လား၊ လက်စားချေဖို့ ထျန်းရွှမ်ဂိုဏ်းကိုပြန်လာတုန်းက ဘာလို့ နင့်မျက်လုံးကိုမှ ကန်းအောင်လုပ်ခဲ့တာလဲဆိုတာသိချင်လား"

လီမင်လော့ တောင့်တင်းသွားပြီး သူ့လက်များ ဖြည်းဖြည်းချင်းလျော့ကျသွားသည်။

"ဘာလို့လဲဆိုတော့ ကျွန်‌တော်တို့ကဖူးစာပါလို့လေ..."

ကျီချောင်ချင် သူမလည်ပင်းပေါ်မှ သူ့လက်ကိုဖယ်လိုက်သည်။ သူမ၏အပြုံးသည် တောက်ပလွန်းသဖြင့် လီမင်လော့၏အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။ ဤအရာသည် သူတို့ပြန်လည်ဆုံတွေ့ပြီးနောက် ကျီချောင်ချင် သူ့ကိုပေးလာသော စစ်မှန်သည့် သရော်ခြင်းကင်းမဲ့သည့်အပြုံးဖြစ်သည်။

"ဘာလို့လဲဆိုတော့ နင့်မျက်လုံးတွေက ငါ့ဆရာနဲ့ အရမ်းတူနေလို့ပဲ"

သူမ၏စကားဆုံးသည်နှင့် လီမင်လော့ရင်ဘတ်ထဲမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်သောအခါ ခွင်းလွန်ဓားသည် သူ့ရင်ဘတ်ကိုဖောက်ဝင်ထား သည်ကိုတွေ့လိုက်ရသည်။ ခွင်းလွန်ဓားကိုကိုင်ဆောင်ထားသူ ကျီချောင်ချင်သည် ဓားကိုတစ်လက်မချင်း ဖြည်းညှင်းစွာပြန်ဆွဲထုတ်နေသည်။

"လီမင်လော့... တကယ်တော့ ထျန်းရွှမ်ဂိုဏ်းပျက်စီးသွားကတည်းက နင်တို့လို မိတ်ဆွေဟောင်းတွေအပေါ်ထားတဲ့အမုန်းတရားတွေကို ငါစွန့်လွှတ်လိုက်ပါပြီ၊ ဒါပေမယ့် နှမြောစရာကောင်းတာက ... နင် ရှန်ကျွင်းကိုမထိသင့်ဘူး"

ကျီချောင်ချင် ပြုံးကာဆက်ပြောသည်။

"နင် သူ့ကို ထိုးခဲ့တဲ့ဓားချက်အတွက် ငါ နင့်ကိုပြန်ပေးလိုက်ပြီ"

လီမင်လော့ မယုံနိုင်ဖြစ်နေသည်။ ကျီချောင်ချင်သည် သူမ သိကျွမ်းတာမကြာသေးသော ရှန်ကျွင်းအတွက် သူ့ကိုထပ်မံနာကျင်စေခြင်းကြောင့်လား၊ သို့မဟုတ် သူ့ကို အစားထိုးသက်သက်အဖြစ်သာ အသုံးပြုခဲ့ခြင်းကြောင့်လား?

သူ၏ သွေးရောင်လွှမ်းနေသောမျက်ဝန်းများတွင် မျက်ရည်များပြည့်လျှံလာသည်။

"ကျီချောင်ချင်!"

ကျီချောင်ချင် ခွင်းလွန်ဓားကိုသိမ်းလိုက်ပြီး ခံစားချက်မရှိစွာပင် လီမင်လော့ကိုတွန်းလိုက်ရာ သူသည် မြေကြီးပေါ်သို့လဲကျသွားလေသည်။

ခွင်းလွန်ဓားသည် နတ်ဓားဖြစ်သဖြင့် ၎င်း၏ ထိုးစိုက်ခြင်းကိုခံရသူသည် သေချာပေါက်သေဆုံးရမည် ဖြစ်သည်။ လီမင်လော့၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါလာသည်။ သူ့လက် သည် ကျီချောင်ချင်၏ အဝတ်အစားကိုဆွဲရန် ကြိုးစားသော် လည်း မဆုပ်ကိုင်နိုင်ပေ။

"ရှစ်ကျဲက တကယ်ပဲ... ကျွန်တော့်ကို... အမြဲတမ်း... ဆရာ့ရဲ့ကိုယ်ပွားအဖြစ်... သဘောထားခဲ့တာလား..."

လီမင်လော့၏ ပြိုလဲမှုနှင့်ယှဉ်လျှင် ကျီချောင်ချင်သည် ပိုမိုတည်ငြိမ်နေသည်။

"ငါ့ဆရာရှင်းတုပိုင်က နတ်ဘုရားတစ်ပါးပါ၊ နင့်မျက်လုံးတွေကသူနဲ့တူတယ်ဆိုတာ နင့်အတွက်ဂုဏ်ယူစရာပါ၊ ဒါပေမယ့် အခုကြည့်ရတာ နင်က တူရင်တောင်အလကားပဲ၊ နင့်စိတ် နှလုံးကယုတ်မာလွန်းတယ်၊ နင်က သူနဲ့တူဖို့မထိုက်တန်ပါဘူး"

လီမင်လော့၏ပါးစပ်မှ သွေးများစီးကျလာသော်လည်း သူသည်ဂရုမစိုက်ပဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒီလိုကိုး... ဒီလိုဖြစ်ခဲ့တာကိုး..."

ဝိညာဉ်ကိုဖျက်ဆီးခြင်းသည် အကောင်းဆုံး သတ်ဖြတ်နည်း ဖြစ်သည်။ ထျန်းရွှမ်ဂိုဏ်းသည် အစီအရင်ကြောင့် အပျက် အစီးများဖြစ်သွားခဲ့သည်။ ထိုညတွင် သေဆုံးခဲ့သူအားလုံးသည် အငြိုးကြီးဝိညာဉ်များဖြစ်လာကြသည်။ ထျန်းရွှမ်ဂိုဏ်းသည် မိစ္ဆာစွမ်းအင်များပြည့်နှက်နေသော တားမြစ်နယ်မြေ ဖြစ်လာခဲ့သည်။ ဤနေရာသို့ဝင်ရောက်လာသော သာမန်လူများသည် အငြိုးကြီးဝိညာဉ်များ၏ ဝါးမျိုခြင်းကိုခံရလိမ့်မည်။

လီမင်လော့ မည်သို့ပြန်လည်နိုးထလာသည်ကို သူကိုယ်တိုင်လည်းမသိပေ။ သူ မသေနိုင်ဘူး၊ အသက်ရှင်ရမယ်၊ ကျီချောင်ချင်နဲ့ထာဝရအတူနေရမယ်၊ ဒါကြောင့်မသေနိုင်ဘူးလို့သာ သူ့ကိုယ်သူပြောနေမိခဲ့သည်။

သူ့စိတ်ထဲတွင် ကျီချောင်ချင်၏မျက်နှာသာပြည့်နှက်နေ သည်။ ကျီချောင်ချင် သူ့အပေါ်မည်မျှကောင်းခဲ့သည်ကို သူသတိရပြီး သူသေလျှင်တောင် သူမနှင့်အတူသေချင်စိတ်ဖြစ်လာသည်။ လီမင်လော့သည် ထိုသို့တွေးမိပြီး သူ့အသားများကိုကိုက်စားနေသော အငြိုးတေးဝိညာဉ်များကိုပြန်လည်ဆွဲဖဲ့ကာ ကိုက်ဝါးပစ်လိုက်သည်။ သို့သော် သူ့မျက်လုံးများကကန်းနေပြီး ထျန်းရွှမ်ဂိုဏ်း၏ အပျက်အစီးများမှာများပြားလွန်းသဖြင့် သူထွက်ပြေး၍မရနိုင်ခဲ့ပေ။

ကျီချောင်ချင်ကို ဘယ်တော့မှပြန်မတွေ့ရတော့ဘူးဟူသည့်အတွေးက လီမင်လော့ကို အဆုံးမဲ့နာကျည်းမှုများဖြစ်ပေါ်စေခဲ့သည်။ သို့ဖြစ်ရာ သူ့စိတ်ထဲတွင် ယုတ်ညံ့သောအတွေးတစ်ခုပေါ်ပေါက်လာခဲ့သည်။ ဝိညာဉ်စွမ်းအားမရှိတော့သဖြင့် သူသည် အငြိုးကြီးဝိညာဉ်များကိုစားသုံးကာ ကျင့်ကြံဆင့်ကိုမြှင့်တင်ခဲ့သည်။ သူမျက်လုံးမမြင်ရသဖြင့် ထျန်းရွှမ်ဂိုဏ်း ၏ အန္တရာယ်များသောမြေပြင်အနေအထားကို အသုံးပြု၍ မိစ္ဆာပညာများကိုလေ့ကျင့်ခဲ့ပြီး နတ်ဆိုးစွမ်းအားဖြင့် သွေးရောင်လွှမ်းသောမျက်လုံးတစ်စုံကိုဖန်တီးခဲ့သည်။

သူသည် ခန္ဓာကိုယ် အတန်အသင့်ပြန်ကောင်းလာသည်အထိ ကြိုးစားအားထုတ်ခဲ့ပြီး ကျီချောင်ချင်ကိုရှာဖွေရန် စိတ်အားထက်သန်စွာထွက်ခွာလာခဲ့သည်။ ကံမကောင်းစွာဖြင့် သူ့တစ်ကိုယ်လုံးရှိ အရေပြားများမှာမီးလောင်ထားသည်။ ကျီချောင်ချင်သည် လှပသောအမျိုးသားများကို နှစ်သက်ကြောင်းသိထားသဖြင့် သူသည် မိမိကိုယ်ကိုအားငယ်မိကာ တစ်ကိုယ်လုံးကိုဖုံးကွယ်ထားခဲ့သည်။

သို့သော် မမျှော်လင့်စွာ သူ ကျီချောင်ချင်ကိုတွေ့လိုက်ရချိန်တွင် သူမဘေး၌ လှပသောအမျိုးသားတစ်ဦးရှိနေနှင့်ပြီးဖြစ်သည်။

သူသည် ရှန်ကျွင်းကိုသတ်ပြီး ကျီချောင်ချင်ကိုခေါ်သွားလျှင် သူတို့ ထာဝရအတူနေနိုင်မည်ဟုထင်ခဲ့သည်။ သို့သော် ထိုအစား သူသည် တုန်လှုပ်ဖွယ်ရာ အမှန်တရားကိုသိလိုက်ရသည်။

သူမအတွက် သူသည် တစ်ဦးတည်းသောသူ ဖြစ်သည်ဟုထင်ခဲ့သော်လည်း အမှန်တော့ သူသည် အစားထိုးသက်သက်သာဖြစ်နေခဲ့သည်။ အစားထိုး သက်သက်ပဲ...

ကျီချောင်ချင် မျက်လွှာချလိုက်သည်။

"ငါ့ကို နတ်ဆိုးဘုံထဲ ပို့ပေးလို့ကျေးဇူးပဲ၊ ချိပ်စည်းအောက်ကနေ နတ်ဆိုးဘုံကို နင် ဘယ်လိုဝင်ခဲ့လဲဆိုတာကို ငါ ဆက်ပြီးစုံစမ်းပါ့မယ်"

ထိုသို့ပြောပြီးနောက် သူမ နောက်ပင်လှည့်မကြည့်ဘဲထွက်ခွာသွားလေသည်။ သူမသည် လီမင်လော့အပေါ် မည်သည့်သံယောဇဉ်မျှမကျန်တော့ပေ။

All Chapters