အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
🍃 Chapter 73
ကျီချောင်ချင်မှာ မှင်သက်သွားသည်။ သူမကို မိန်းကလေး ဟုခေါ်ခြင်းကို မကြားဖူး၍မဟုတ်ပေ။ သူမအတွက် မိန်းကလေးဆိုသည်မှာ အခေါ်အဝေါ်တစ်ခုသာဖြစ်သည်။ သူမသည် စစ်တပ်စခန်းတွင် ကြီးပြင်းလာခဲ့ရပြီး ထိုနေရာတွင် ကျားမခွဲခြားမှု သိပ်မရှိပေ။
ထိုပြင် နောက်ပိုင်းတွင် သူမသည် အလွန်စွမ်းအားကြီးလာသဖြင့် လူတိုင်းက သူမ၏ ကာကွယ်မှုကိုလိုအပ်လာပြီး သူမကိုယ်တိုင်လည်း ကျားမ ခွဲခြားခြင်းမရှိခဲ့ပေ။
သူမ မျက်လုံးထဲတွင် သတ်လိုရသူနှင့် သတ်လိုမရသူဟူ၍ သာရှိသည်။ ထိုကြောင့် မိန်းကလေးဆိုသောစကားလုံးတွင် အထူးတလည်အဓိပ္ပါယ်ရှိသည်ဟု သူ မခံစားဖူးပေ။
သိုသော် ယခုအချိန်တွင်မူ ရှန်ကျွင်း၏ရင်ထဲ၌ သူမကိုအမျိုးသမီးတစ်ဦးအဖြစ် စစ်မှန်စွာသတ်မှတ်ထားကြောင်း ကျီချောင်ချင်နားလည်လိုက်သည်။ သူမ ဂရုမစိုက်သော် လည်း သူက သူမကို သီးသန့်လွတ်လပ်ခွင့်လိုအပ်သော မိန်းကလေးတစ်ဦးအဖြစ် ဆက်ဆံသည်။
ကျီချောင်ချင် အသံထွက်ရယ်မောလိုက်မိသည်။ အခြားသူသာ သူမကို ဤစကားများပြောလျှင် ဟန်ဆောင်လွန်းသည်ဟုယူဆကာ ခေါင်းရိုက်ခွဲမိမည်ဖြစ်သည်။ သိုသော် ရှန်ကျွင်း ပြောသည့်အခါတွင်မူ ရိုးသားသည်ကို သူမခံစားလိုက်ရသည်။
ရှန်ကျွင်း ထွက်ခွာရန်ပြင်လိုက်စဉ် စိတ်ကြည်နူးနေသောကျီချောင်ချင်က သူ၏အင်္ကျီလက်စကို ဆွဲထားလိုက်သည်။
"ကျွန်မတို အခုသွားလိုမရသေးဘူး"
ရှန်ကျွင်း ကျီချောင်ချင်ကိုကြည့်လိုက်သည်။
"ဒီနေရာကနတ်ဆိုးဘုံဆိုတော့ သီအိုရီအရ မိစ္ဆာအငွေ့ အသက်တွေပြည့်နေရမယ့်နေရာလေ၊ ဒါပေမယ့် ကျွန်မ ခုနက သန့်စင်တဲ့ကျင့်ကြံသူ အငွေ့အသက်ကိုရလိုက်တယ်၊ ကျွန်မမမှားဘူးဆိုရင် နတ်ဆိုးဘုံထဲမှာကျင့်ကြံသူတွေရှိနေလောက်တယ်၊ နည်းနည်းစုံစမ်းကြည့်ရအောင်၊ ဂိုဏ်းတူတွေ အဖမ်းခံထားရရင် ကျွန်မတို့ကယ်ထုတ်လို့ရတာပေါ့"
ထို့နောက် ကျီချောင်ချင်သည် သူမ၏သိုလှောင်အိတ်ထဲမှ အနီရောင်ဆေးလုံးတစ်လုံးကိုထုတ်လိုက်သည်။
"ဒါကို စားလိုက်"
ရှန်ကျွင်းက သံသယမဝင်ဘဲ တွေဝေခြင်းမရှိစားလိုက်သည်။ သူ မျိုချလိုက်သည့် တခဏချင်းမှာပင် နွေးထွေးသောစီးကြောင်းတစ်ခုသည် သူ့ခန္ဓာကိုယ်အနှံ့စီးဆင်းသွားပြီး ဝိညာဉ်စွမ်းအင်များစွာ သူ့ ရင်ဘတ်ထဲတွင်စုဝေးလာသည်ကို ရှန်ကျွင်းခံစားလိုက်ရသည်။ သူ့ရင်ဘတ်ထဲမှ နာကျင်မှုများ လျင်မြန်စွာပျောက်ကွယ်သွားသည်။ သူရင်ဘတ်ကို ဖိကြည့်လိုက်ရာ ထိုနေရာရှိအသားများပင် ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
ကျီချောင်ချင်ပြုံးလိုက်ရာ သူမ မျက်လုံးများသည် တောက်ပနေသည်။
"တစ်လုံးပဲကျန်တော့တာ၊ ကျွန်မအသက်ကိုကယ်ဖို့ထားထားတာလေ၊ ရှင့်ကို ပေးလိုက်ပြီ!"
ရှန်ကျွင်း ခေတ္တမျှကြောင်သွားသည်။ သူမသည် အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်လိုက်ရာ လေမတိုက်ဘဲ လေပေါ်သို့မြောက်တက်သွားပြီး တောင်ဘက်သို့ဦးတည်သွားလေသည်။ ကျီချောင်ချင်နှင့်ရှန်ကျွင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အမြန်လိုက်သွားကြသည်။ မကြာမီပင် ထောင်တစ်ခုအနီးသို့ရောက်ရှိလာကြသည်။ အဆောင်လက်ဖွဲ့သည် ထောင်အစွန်းနားသို့ရောက်သည်နှင့် ရုတ်တရက်လောင်ကျွမ်းသွားသည်။
"ဒီနေရာပဲ"
ထောင်ကို အစောင့်အကြပ်ထူထပ်စွာချထားသည်။ ထိုနတ်ဆိုးများသည် လမ်းပေါ်တွင်တွေ့ခဲ့ရသော အဆင့်နိမ့်နတ်ဆိုးများနှင့်မတူဘဲ နတ်ဆိုးဘုံတွင် အဆင့်မြင့်ပုံရသည်။
ရှန်ကျွင်းက ပြောလိုက်သည်။
"ကိုယ်တို့ အခုဝင်လို့မရဘူး၊ ညရောက်တဲ့အထိ စောင့်မှရမယ်"
ကျီချောင်ချင် ခေါင်းခါလိုက်သည်။
"ညရောက်ဖို့ကကြာလွန်းတယ်၊ ကျွန်မမှာနည်းလမ်းရှိတယ်!"
ထိုသို့ပြောပြီးနောက် ကျီချောင်ချင်သည် ရုပ်ဖျက်အဆောင်နှစ်ခုကိုထုတ်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း သူမသည် ဟွာကျစ်အဖြစ်ပြောင်းလဲသွားပြီး ရှန်ကျွင်းသည် သာမန်ရုပ်ရည်ရှိသူတစ်ဦးအဖြစ်ပြောင်းလဲသွားလေသည်။
ကျီချောင်ချင် မတ်တပ်ရပ်လိုက်ပြီး မျက်နှာထား တင်းမာစွာဖြင့် ထောင်တံခါးဝသို့လျှောက်သွားလိုက်သည်။ ဟွာကျစ်သည် ယခင်ကတည်းက နတ်ဆိုးဘုံတွင်ရာထူးကြီးခဲ့ပြီး ယခုဆိုလျှင် ပို၍ပင်ကြီးမားနေပြီဖြစ်သည်။ တံခါးဝရှိအစောင့်များသည် ကျီချောင်ချင်ကို သေချာပင်မကြည့်ရဲကြဘဲ အားလုံးဦးညွတ်အရိုအသေပေးကြသည်။
ကျီချောင်ချင်သည် ဟွာကျစ်၏အကျင့်စရိုက်ကို ကောင်းစွာသိသဖြင့် သူတို့ကိုလျစ်လျူရှုကာ ခေါင်းမော့ပြီးဘေးတိုက်ကြည့်လိုက်သည်။
"တံခါး မြန်မြန်ဖွင့်စမ်း"
အစောင့်များက နာခံစွာသာ လေးလံသောတံခါးကြီးကိုဖွင့်ပေးလိုက်ကြသည်။ ကျီချောင်ချင်သည် ရှန်ကျွင်းနှင့်အတူ ဝင်ရန်ပြင်လိုက်စဉ် အစောင့်တစ်ဦးက တားလိုက်သည်။
"သခင်ဟွာကျစ်... သခင်ကြီးကအမိန့်ပေးထားပါတယ်၊ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှဝင်ခွင့်မရှိပါဘူးတဲ့၊ သခင့် နောက်ကလူက..."
အင်္ကျီလက်စအောက်တွင် ရှန်ကျွင်းသည် ရေခဲချိုးဖျက်ဓားကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ ကျီချောင်ချင်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ မူလကတည်းက ကြမ်း တမ်းသောဟွာကျစ်၏ မျက်နှာသည် ယခုအခါ ပိုကြောက် မက်ဖွယ် ကောင်းလာသည်။
"ငါ့ အလုပ်ငါသိတယ်၊ မင်းမကျေနပ်ရင် သခင်ကြီးဆီသွားပြီး ရှင်းပြလိုက်"
အစောင့်မှာ ချက်ချင်းဒူးထောက်လိုက်သည်။
"ကျွန်တော် မလုပ်ရဲပါဘူး! ကျွန်တော်မှားသွားပါတယ်!"
"ငါ့မှာအရေးကြီးကိစ္စရှိတယ်၊ သွား... အပြစ်ဒဏ်သွားခံယူချေ"
ထိုသို့ပြောပြီးနောက် ကျီချောင်ချင်နှင့် ရှန်ကျွင်းတို့ အထဲသို့ဝင်လာကြသည်။ အပြင်ဘက်မှအစောင့်သည် ချွေးများကိုသုတ်လိုက်ပြီး ဒူးထောက်နေသော အစောင့်ကိုကန်လိုက်သည်။
"သခင်ဟွာကျစ်က သူလုပ်ချင်တာလုပ်မှာပေါ့၊ ငါတို့က အစောင့်အဆင့်ပဲရှိတာလေ၊ မင်းက ဘာလို့ အဲ့လောက်စိတ်ပူနေရတာလဲ"
အစောင့်သည် မတရားခံရသည်ဟုခံစားလိုက်ရပြီး စိတ်ပျက်လက်ပျက်မတ်တပ်ရပ်ကာ အပြစ်ဒဏ်ခံယူရန်ထွက်ခွာသွားလေသည်။
ထောင်ထဲတွင် ကျီချောင်ချင်သည်မျက်ခုံးပင့်ကာ ရှန်ကျွင်းကို မေးလိုက်သည်။
"ဘယ်လိုလဲ၊ ကျွန်မ သရုပ်ဆောင်ကောင်းတယ်မလား"
ရှန်ကျွင်း စကားမပြောပေ။ သူသည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ခြေလှမ်းများကိုမြန်လိုက်သည်။ ကျီချောင်ချင်လည်း အမြန်လိုက်သွားရာ ထောင်၏ အနက်ရှိုင်းဆုံးနေရာတွင် ဂိုဏ်းပေါင်းစုံမှဝတ်စုံများကိုဝတ်ဆင်ထားသော တပည့်ဒါဇင်ပေါင်းများစွာ အကျဉ်းချခံထားရသည်ကိုတွေ့လိုက်ရသည်။
ဤတပည့်များသည် အတော်လေးငယ်ရွယ်ကြပြီး အကြီးဆုံးမှာ ၁၆ နှစ်ထက်မပိုပေ။ သူတို့သည် စိတ်ပျက်လက်ပျက်ထိုင်နေကြပြီး အများစုမှာ ကျီချောင်ချင် (ဟွာကျစ်)ကိုမြင်သော အခါ ကြောက်ရွံ့သွားကြသည်။ အချို့ကမူ ကြောက်ရွံ့မှုကိုဖိနှိပ်ပြီး အော်ဟစ်လာကြသည်။
"သစ္စာဖောက်ခွေး! ဒီတစ်ခါ ဘယ်သူ့ကိုသေစေချင်ပြန်ပြီလဲ၊ လာဖမ်းလေ! ငါမကြောက်ဘူး!"
ကျီချောင်ချင်က ပြန်ပြောလိုက်သည်။
"အို... မင်းက စိတ်ဓာတ်မာသားပဲ၊ ဒါဆို မင်းပဲလိုက်ခဲ့တော့!"
ထိုတပည့်၏မျက်နှာမှာ ဖြူဖျော့သွားသည်။ သူသည် မည်သည့်အရာဖြစ်စေ ရင်ဆိုင်ရတော့မည်ဖြစ်ရာ ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး လည်ပင်းကို မတ်မတ်ထားကာ အော်ပြောလိုက်သည်။
"ကောင်းပြီ၊ ငါလိုက်ခဲ့မယ်! ငါ မင်းကိုမကြောက်ဘူး! ငါပြောလိုက်မယ်! ငါ့ဆရာက ဖုန်းလိုင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖေးယွမ်ပဲ၊ သူ ငါ့အတွက်သေချာပေါက် လက်စားချေပေးလိမ့်မယ်!"
သူ့ဆရာက ဖေးယွမ်ဟုတ်လား?
ကျီချောင်ချင်သည် လွန်ခဲ့သောနှစ်တစ်ရာက သူမကိုလှည့်စားခဲ့သောအဖိုးကြီးကို သတိရလိုက်ပြီး လက်စားချေလိုစိတ်များ ချက်ချင်းဖြစ်ပေါ်လာသည်။ သူမ လေသံကိုပင်ပြောင်းလိုက်သည်။
"အရမ်းကောင်းတယ် ကလေးလေး... နင် တကယ် သတ္တိရှိတာပဲ၊ ငါ့ကိုစိတ်မပျက်စေဘူး"
တပည့်အများအပြားသည် ကျီချောင်ချင်ကိုကြည့်လိုက်ကြသည်။ ထိုတပည့်သည် နားမလည်နိုင်ဖြစ်သွားပြီးမေးလိုက်သည်။
"ခင်ဗျားက... ဘယ်သူလဲ"
ရှန်ကျွင်း ထောင်တံခါးကိုဖွင့်လိုက်ပြီး ကျီချောင်ချင်က ပြောလိုက်သည်။
"ငါ နင်တိုကိုလာကယ်တာ"
ထိုတပည့်သည် ကျီချောင်ချင်ကို အထက်အောက် စုန်ဆန်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ခင်ဗျားလေသံက ငါ့ဆရာနဲ့တူနေပါလား၊ ခင်ဗျားကလူလိမ်လား"
ကျီချောင်ချင်က ဖြည်းညှင်းစွာပြောလိုက်သည်။
"ဒါပေါ့၊ ငါက နင့်ဆရာပဲ၊ ငါ့ရဲ့ အငယ်ဆုံးတပည့်လေးအနေနဲ့ နတ်ဆိုးတွေကိုအရှုးမပေးခဲ့တဲ့အတွက် ငါ အရမ်းဝမ်းသာတယ်"
ထိုတပည့်၏အကြည့်သည် ပိုထူးဆန်းလာသည်။
"ဒါဆို ကျွန်တော့်နာမည်ကိုပြောပြပါ၊ ပြောပြနိုင်ရင် ခင်ဗျားက ကျွန်တော့်ဆရာအစစ်လို ယုံပေးမယ်"
ဟား... ဒီကလေး မတုံးဘူးပဲ...
ကျီချောင်ချင်သည် သူ့အသက်အရွယ်ကိုကြည့်ပြီး ဖေးယွမ်၏အငယ်ဆုံးတပည့် ဖြစ်မည်ဟုခန့်မှန်းမိလိုက်သည်။ ဖေးယွမ်၏ တပည့်စဉ်ဆက်အရဆိုလျှင် ဤကလေးနာမည်က "ယွီရန်၊ ချောင်ယွီရန်"
ထိုတပည့် အံ့သြသွားသည်။
🍃 Chapter 74
"ကျွန်တော့်နာမည်ကိုဘယ်လိုသိတာလဲ၊ ခင်ဗျားက တကယ်ပဲ ကျွန်တော့်ဆရာလား၊ ဒါပေမယ့် ဆရာက ကျွန်တော် ဒီမှာရှိနေမှန်းတောင်မသိဘဲနဲ့ ဘယ်လိုလုပ်လာကယ်နိုင်မှာလဲ"
ဖေးယွမ်တောင်မသိဘူးဆိုပါက သူတိုအဖမ်းခံထားရသည်မှာ သိပ်မကြာလောက်သေးချေ။ ကျီချောင်ချင်စဉ်းစားလိုက်သည်။
"စောစောက နင်ပြောတဲ့အထဲမှာ ဂိုဏ်းတူတချိုက ဟွာကျစ်လက်ချက်နဲ့သေသွားတယ်ဆိုတာပါတယ်နော်၊ သူတိုအဖမ်းခံရတာ ဘယ်လောက်ကြာပြီလဲ၊ ဘာလို အသတ်ခံရတာလဲ သိလား"
ရှန်ကျွင်းက ပြောလိုက်သည်။
"သူတိုကို အရင်ခေါ်ထုတ်သွားရအောင်"
အမှန်တွင် ကျီချောင်ချင်သည် ဤကလေးများအပေါ် အထူးတလည်သံယောဇဉ်မရှိပေ။ သူမ စိတ်ကြည်နေလိုသာ ကယ်ချင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ သူတို၏အသက်ထက် သူတိုပြောမည့်သတင်းအချက်အလက်များကိုပိုသိချင်နေသည်။ သိုသော် ရှန်ကျွင်းကိုလိုအပ်နေသေးသဖြင့် ကျီချောင်ချင်သည် ထိုအတွေးများကိုထုတ်မပြောပေ။
"ကျွန်မတိုနှစ်ယောက်တည်း သူတိုကိုခေါ်ထုတ်သွားလိုမရဘူး၊ အနီးအနားကဂိုဏ်းတွေဆီက အကူအညီတောင်းမှ ဖြစ်မယ်"
ရှန်ကျွင်းသည် ထောင်ထဲမှလူများကို တစ်ချက်ကြည့်လိုက်ပြီးပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ သတိထားရင်ရပြီ"
တပည့်တစ်ဦးသည် ထောင်ထဲမှထွက်လာပြီး ကျီချောင်ချင်နှင့် ရှန်ကျွင်းကိုဦးညွတ်လိုက်သည်။
"စီနီယာဖေး... ကျွန်တော်က ဆေးတောင်ကြားက
ကျိုးရွှင်းရဲ့ တပည့်ပါ"
ကျီချောင်ချင်ကပြန်ပြောလိုက်သည်။
"ငါ့မျက်နှာပေါ်မှာ ရုပ်ဖျက်အဆောင်ကပ်ထားတယ်၊ ငါ့ကို ဖေးယွမ်လိုယုံကြည်ရင် လိုက်ခဲ့..."
ဆေးတောင်ကြားမှတပည့်များသည် ထောင်ထဲရှိ သူတို၏ အပေါင်းအဖော်များကို ကြည့်လိုက်ကြပြီး တပည့်အများအပြားသည် သူတိုနောက်သိုလိုက်ပါလာကြသည်။
"ဆေးတောင်ကြားကတပည့်အနေနဲ့ စီနီယာ့အကူအညီကို တောင်းခံပါတယ်"
ဤကလေး ဤမျှလောက်သတ္တိရှိလိမ့်မည်ဟု ကျီချောင်ချင်ထင်မထားသဖြင့် မေးလိုက်သည်။
"နင့်နာမည် ဘယ်သူလဲ"
"ကျွန်တော့်နာမည် ကျိုးကျီအန်းပါ"
ချောင်ယွီရန် ချက်ချင်း စိတ်ပူသွားသည်။
"သူက ငါ့ဆရာ မဟုတ်ရင်ဘယ်လိုလုပ်မလဲ၊ မင်း သေချင်နေတာလား?!"
ကျိုးကျီအန်းက ပြန်ပြောသည်။
"ယွီရန်... ငါတို အဖမ်းခံရတာကို အကြီးအကဲတွေမသိကြဘူး၊ ဒီမှာနေရင်လည်းသေမှာပဲ၊ စီနီယာတွေနောက်လိုက်ပြီး အသက်ရှင်ဖိုကြိုးစားတာက ပိုမကောင်းဘူးလား"
ချောင်ယွီရန်က ငြင်းလိုက်သည်။
"သူက ဟွာကျစ် ဟုတ်မဟုတ် မင်းဘယ်လိုသိလဲ၊ ငါ့ဆရာလို ဟန်ဆောင်ပြီး ငါ့ကိုလှည့်စားနေတာဖြစ်နိုင်တယ်၊ ဒါ ဟွာကျစ်ရဲ့ ပူးပေါင်းကြံစည်မှုဖြစ်နိုင်တယ်!"
ကျီချောင်ချင်က ပြောလိုက်သည်။
"ယွီရန်... မင်း ဟွာကျစ်အကြောင်းလုံးဝနားမလည်ဘူးပဲ၊ သူကဉာဏ်များပေမယ့် အခု အာဏာအထွတ်အထိပ်ရောက်နေတာ၊ ဒီလို ကွေ့ဝိုက်တဲ့လမ်းကို သွားမှာမဟုတ်ဘူး"
ချောင်ယွီရန် မယုံချင်ယုံချင်ဖြင့်လက်ခံလိုက်ပြီး ပိုမိုရိုသေသော အမူအရာပြလာသော်လည်း သံသယအချိုကျန်ရှိနေသေးသည်။
"ကျွန်တော်-"
ရှန်ကျွင်းသည် ရုတ်တရက်ပင် တံခါးကိုလက်ဝါးဖြင့် ရိုက်လိုက်ရာ ဝိညာဉ်စွမ်းအင်တစ်ခုသာ တံခါးပေါ်တွင်ကျန်ရစ်ခဲ့သည်။ ထိုဝိညာဉ်စွမ်းအင်မှာအလွန်သိပ်သည်းလှသဖြင့် နတ်ဆိုးလမ်းစဉ်မှလူများ ပိုင်ဆိုင်ရန်မဖြစ်နိုင်ပေ။ အင်မော်တယ်ကျင့်ကြံသူ မျိုးနွယ်မှ မူလဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးသာ လုပ်ဆောင်နိုင်သည့်အရာဖြစ်သည်။ ခဏချင်းမှာပင် တပည့်အားလုံးတိတ်ဆိတ်သွားကြသည်။
ရှန်ကျွင်း၏ပြတ်သားမှုကို ကျီချောင်ချင် အနည်းငယ်အံ့သြသွားသည်။ သူမ၏မှတ်ဉာဏ်ထဲတွင် သူသည် အားနည်းသူများကိုအမြဲကြင်နာသနားတတ်သူဖြစ်သည်။ ထိုစဥ် ကျိုးကျီအန်းက ရိုသေစွာဖြင့်ပြောလိုက်သည်။
"စီနီယာ... ကျွန်တော်တို့အားလုံးယုံကြည်ပါတယ်၊ သွားကြရအောင်"
ကျီချောင်ချင်သည် ရှန်ကျွင်းကိုခေါင်းညိတ်ပြလိုက်ပြီး ကလေးတစ်သိုက်ကိုဦးဆောင်ကာထွက်လာခဲ့သည်။ ရှန်ကျွင်းကလည်း နောက်မှလိုက်ပါလာသည်။ လူအုပ်စုသည် ထောင်တံခါးဝသို့ရောက်ရှိလာကြသည်။ အစောင့်များသည် ဟွာကျစ်က လူအုပ်ကြီးကို ခေါ်ထုတ်လာသည်ကိုမြင်သောအခါ မေးချင်သော်လည်းမမေးရဲကြဘဲ တောင့်တောင့်ကြီးရပ်ကြည့်နေရုံသာတတ်နိုင်ကြသည်။
ထောင်အပြင်သို့ရောက်သည်နှင့် သူတို့သည် လူသူကင်းမဲ့သောနေရာများမှတဆင့်သွားရန် ရွေးချယ်လိုက်သဖြင့် လမ်းတစ်လျှောက်တွင်နတ်ဆိုးများနှင့် မတွေ့ခဲ့ရပေ။ လူတိုင်းဘေးကင်းပြီဟု ထင်နေချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာသည်။
ရှန်ကျွင်း၏ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားသည်။ သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည့်ဟန်ဖြင့် ကျီချောင်ချင်ဘက်သို့လှည့်ကာ တိုးတိုးလေးသတိပေးလိုက်သည်။
"လူလာနေပြီ..."
ကျီချောင်ချင် ချက်ချင်းသဘောပေါက်လိုက်သည်။ ရှန်ကျွင်းသည် စကားနည်းသူဖြစ်ကာ သူက လူလာနေသည်ဟုဆိုလျှင် အမှန်တကယ်ပင်တစ်စုံတစ်ယောက်ရောက်လာတော့မည် ဖြစ်သည်။ ကျီချောင်ချင်သည်အချိန်မဆွဲတော့ဘဲ ဂိုဏ်းသားများကို သူတို့ဝင်ရောက်ခဲ့သည့်လမ်းကြောင်းအတိုင်း ချက်ချင်းပြန်လှည့်ခေါ်သွားလိုက်သည်။
ရှန်ကျွင်းက လက်ထဲမှ အဆောင်တစ်ခုကိုထုတ်ကာ ထွက်ပေါက်ကိုဖွင့်လိုက်သည်။ ဂိုဏ်းသားများမှာ မိစ္ဆာနယ်မြေထဲမှအလုအယက်ပြေးထွက်သွားကြပြီး ကျီချောင်ချင်နှင့် ရှန်ကျွင်းက နောက်မှပိတ်၍ လိုက်ပါလာခဲ့သည်။
သို့သော် သူတို့အပြင်လောကသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော မြွေပင်လယ်ကြီး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရလေသည်။
ထိုဂိုဏ်းသားလေးများမှာ အသက် ၁၅၊ ၁၆ နှစ်အရွယ် အိမ်မွေးကြက်များသာဖြစ်ကြကာ ဤမျှများပြားသောမြွေများက ပိတ်ဆို့ထားသည့်မြင်ကွင်းမျိုးကို တစ်ခါမျှမကြုံဖူးကြပေ။
ပုပ်သိုးနံ့များက လေထုထဲတွင်လှိုင်နေပြီး ကောင်းကင်ကြီးကလည်း မည်းမှောင်အုံ့ဆိုင်းနေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ စစ်မြေပြင်တစ်ခုနှယ် သုသာန်တစပြင်အလားပင်။ ၎င်းတို့မှာအကြောက်လွန်ပြီး မိစ္ဆာနယ်မြေထဲသို့ပင် ပြန်လှည့်ပြေးချင်စိတ်ပေါက်သွားကြသည်။
ထိုစဉ် ကျီချောင်ချင်က လေပေါ်မှပျံဝဲဆင်းလာသောစပါးအုံးမြွေကြီးတစ်ကောင်ကိုကန်ထုတ်လိုက်ပြီး ဒေါသတကြီးအော်ငေါက်လိုက်သည်။ "ဘာရပ်လုပ်နေကြတာလဲ... ဆရာတွေသင်ပေးလိုက်တဲ့ သိုင်းပညာတွေကို ဆရာတွေဆီပြန်အပ်လိုက်ကြပြီလား"
ထိုအော်သံကြောင့် လူအများအသိပြန်ဝင်လာကြသည်။ ချောင်ယွီရန်သည် ဦးဆုံးသတိဝင်လာပြီး သူ၏ရှည်လျားသောဓားကို ဆွဲထုတ်လိုက်လေသည်။
"ဒီလောက်များတဲ့ မြွေအုပ်ကြီးရှိတာကောင်းတာပေါ့... ငါ့အရက်နဲ့မြည်းဖို့အကုန်သတ်ပစ်မယ်"
အခြားသူများလည်း သူ့နောက်မှလိုက်ပါကာ ဓားများကိုဆွဲထုတ်ပြီး မြွေများကိုပြန်လည်တိုက်ခိုက်ကြတော့သည်။ သို့သော် မြွေအရေအတွက်ကများပြားလွန်းလှသည်။ တစ်ကောင်သတ်လိုက်သော်လည်း နောက်တစ်ကောင်က ချက်ချင်းနေရာဝင်ယူလာသည်။
ထိုမြွေများသည် သာမန်မဟုတ်ဘဲ အသိဉာဏ်ရှိပုံရကာ အားအနည်းဆုံးသူကိုသာ ရွေးချယ်ပြီး မမောမပန်း လိုက်လံတိုက်ခိုက်နေကြသည်။ ရှန်ကျွင်းမှာ ထိုသူများကို လိုက်လံကာကွယ်ပေးနေရသဖြင့် လက်မလည်နိုင်အောင်ဖြစ်နေသည်။
အကယ်၍သာ ဤအတိုင်းဆက်သွားနေပါက နောက်ကလိုက်လာသူများလက်ထဲမရောက်ခင် ဤမြွေများကိုက်တာခံရပြီး အားလုံးအသက်ပါသွားနိုင်ကြောင်း ကျီချောင်ချင်တွက်ဆမိလိုက်သည်။
ထိုအချက်ကိုတွေးမိသောကြောင့် ကျီချောင်ချင်သည် သူမ၏သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်တုံးကိုထုတ်လိုက်သည်။ အကယ်၍ သူမသာကိုယ့်ကိုယ်ကိုယ်စတေးပြီး ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့အတင်း အကျပ်စီးဆင်းစေလိုက်ပါက ထိုနေရာရှိမြွေအားလုံးကိုရှင်းပစ်နိုင်မည် ဖြစ်သည်။
သို့သော် ရုတ်တရက်ပင် ကျီချောင်ချင်လက်ထဲမှ ဝိညာဉ်ကျောက်တုံးသည်လုယူခံလိုက်ရသည်။ သူမ ငုံ့ကြည့်လိုက်သောအခါ ရှန်ကျွင်းကတစ်ဖက်မှ ကျောက်တုံးကိုယူလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူ့နောက်မှရန်ပြုလာသောမြွေကို ပိုင်းဖြတ်လိုက်သည်ကိုတွေ့လိုက်ရသည်။
ရှန်ကျွင်းက ပြတ်သားစွာပြောလိုက်သည်။
"မင်း လုပ်စရာ မလိုဘူး"
ထိုသို့ပြောပြီးသည်နှင့် ရှန်ကျွင်းသည် ဝိညာဉ်စွမ်းအင်များကို သူ၏ရေခဲချိုးဖျက်ဓားထဲသို့ထည့်လိုက်ပြီး လေပေါ်သို့ခုန်တက်ကာ မြွေအုပ်ကြီးရှိရာဆီသို့ ပြင်းထန်သောဓားချက်တစ်ချက်လွှတ်လိုက်လေသည်။
ဝုန်း...
မီးရှူးမီးပန်းများပေါက်ကွဲသည့်အလား အသံများ ဆူညံသွားပြီး မရေမတွက်နိုင်သောမြွေများမှာ ရှန်ကျွင်း၏ဝိညာဉ်စွမ်းအင်အောက်တွင် အမှုန့်ဖြစ်သွားကြသည်။ သို့သော် ရှန်ကျွင်းက ထိုလောက်နှင့်မရပ်တန့်လိုက်ပေ။ ရုတ်တရက်ပင် ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး ကျီချောင်ချင်၏ဘေးဘက်သို့ ဓားချက်ဖြင့်ခုတ်လိုက်သည်။
ချွင်...
နောက်တစ်စက္ကန့်တွင် ဝိညာဉ်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်တို့မှာ ထိပ်တိုက်တွေ့ဆုံကာ လေထုကိုပင် ပုံပျက်သွားစေနိုင်လောက်သည့် စူးရှသောသတ္တုချင်းရိုက်ခတ်သံပေါ်ထွက်လာခဲ့သည်။ ထိုသည်မှာ ရှန်ကျွင်း၏ရေခဲချိူးဖျက်ဓားနှင့် ဟွာကျစ်လှံတံတို့ ထိပ်တိုက်တွေ့သွားခြင်းဖြစ်သည်။ ၎င်းတို့နှစ်ယောက်သားမှာညီတူမျှတူဖြစ်ပြီး တစ်ချက်တည်းနှင့် လူချင်းခွဲလိုက်ကြသည်။
ဟွာကျစ်က မဲ့ပြုံးပြုံးလိုက်သည်။
"ဒီနေ့ မင်းတို့အကုန် ဒီမှာသေရမယ်"
ရှန်ကျွင်းက ပြန်ပြောလိုက်သည်။
"အိမ်မက်မက်မနေနဲ့"
ဟွာကျစ်ကထပ်မံတိုက်ခိုက်လာချိန် ရှန်ကျွင်းကလည်းထိပ်တိုက်ရင်ဆိုင်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းတို့အပြန်အလှန် တိုက်ကွက်ပေါင်းများစွာဖလှယ်လိုက်ကြသည်။
ဟွာကျစ်သည် အစောင့်အများအပြားကိုခေါ်ဆောင်လာခဲ့ပြီး မြွေအုပ်ကြီး၏တိုက်ခိုက်မှုပါပေါင်းစပ်လိုက်သည့်အခါ ဂိုဏ်းသားများသည် ရှုံးနိမ့်မည့် အရိပ်အယောင်များပြလာလေသည်။
ကျီချောင်ချင်သည် အဆိပ်ပြင်းသောမြွေတစ်ကောင်ကို ဓားဖြင့်ထိုးသတ်လိုက်ပြီး ကျီုးကျီအန်း၏ဘေးသို့ရောက်လာသည်။