← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

🍃 Chapter 77

ဂိုဏ်းသားတစ်သိုက်မှာလည်း အရူးများမဟုတ်ကြပေ။ သူတို့သည် ကျီချောင်ချင်၏နောက်ခံကို မသိကြသော်လည်း ဟွာကျစ်နှင့်အတူဆက်နေပါက မကြာမီသေရမည်ကိုသိကြသဖြင့် သတ္တိမွေးကာ ရှန်ကျွင်းတို့နောက်မှလိုက်ပါလာကြသည်။

ထိုလူစုသည် အဆိပ်မြူများဖုံးလွှမ်းနေသော တောအုပ်အတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာကြပြီး ဟွာကျစ်နှင့်လီမင်လော့တို့၏မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားလေသည်။

လမ်းတစ်လျှောက်လုံး ရှန်ကျွင်း၏ကျောပေါ်တွင် လိုက်ပါလာသော ကျီချောင်ချင်သည် သူမခန္ဓာကိုယ်ပေါ်မှ သတ် ဖြတ်လိုသောအရှိန်အဝါများ တဖြည်းဖြည်းလျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။ သူမ၏ရှုပ်ထွေးနေသောစိတ်များ ပြန်လည် ကြည်လင်လာပြီးနောက် အားအင်ပြန်ဖြည့်သည့် ဆေးလုံးတစ်လုံးကိုစားကာ ပတ်ဝန်းကျင်ကိုကြည့်ရှုလိုက်သည်။

သူမ လာစဉ်က မြင်းလှည်းတစီးဖြင့်လာခဲ့ခြင်းဖြစ်သော် လည်း ယခုတောအုပ်မှာအဆိပ်မြူများ ဖုံးလွှမ်းနေပြီး မြင်ကွင်းမှာ အလွန်ပင်မရှင်းမလင်းဖြစ်နေသည်။ သို့ဖြစ်ရာ ပတ်ဝန်းကျင်ရှုခင်းကိုကြည့်လေလေ တစုံတရာမှားယွင်းနေကြောင်း ခံစားမိလေလေဖြစ်သည်။

ရုတ်တရက် ရှန်ကျွင်း ခြေလှမ်းကိုတုံ့ခနဲရပ်တန့်လိုက်သည်။

"ရပ်လိုက်"

ရှန်ကျွင်းလည်း တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိပုံရသည်။ ရှန်ကျွင်းစကားဆုံးသည်နှင့် ဘေးပတ်လည်ရှိဂိုဏ်းသားများသည် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး သူတို့၏ဓားများကို ကျီချောင်ချင်နှင့်ရှန်ကျွင်းထံသို့ ချိန်ရွယ်လိုက်ကြသည်။

ကျီချောင်ချင် - "..."

ရှန်ကျွင်း၏ မျက်ဝန်းများအေးစက်သွားသည်။ ကျီချောင်ချင်သည်တော့ ဒေါ မထွက်မိဘဲ အနည်းငယ်သာလက်မှိုင်ချလိုက်မိသည်။ ဤကလေးဆိုးများမှာ ကိုင်တွယ်ရခက်ခဲမည်မှန်းသိခဲ့လျှင် ရှန်ကျွင်းရှေ့၌ လူကောင်းတစ်ယောက်လိုဟန်ဆောင်မိတော့မည် မဟုတ်ပေ။

"ငါတို့က အခုလေးတင် နင်တို့ကိုကယ်လာတာလေ၊ ငါ့ဘက်ပြန်လှည့်ဖို့ ဒီလောက်မြန်စရာမလိုပါဘူး"

ချောင်ယွီရန်သည် ဆက်သည်းမခံနိုင်တော့ပေ။

"ကျွန်တော် တစ်ခါတည်းရှင်းရှင်းပြောမယ်၊ ခင်ဗျားက ကျွန်တော့်ဆရာမဟုတ်ဘူး၊ ဟိုမိစ္ဆာကြီးကပြောတယ် ခင်ဗျားကကျီချောင်ချင်တဲ့၊ တကယ်ပဲ ကျီချောင်ချင်လား"

အခြေအနေများ ဤအထိရောက်လာသဖြင့် ကျီချောင်ချင်တွင်လည်း ဖုံးကွယ်ထားစရာမလိုတော့ပေ။ သူမသည် ရုပ်ဖျက်ထားသောအဆောင်လက်ဖွဲ့ကိုဖယ်ရှားလိုက်ပြီး သူမ၏မျက်နှာအမှန်ကို ထုတ်ဖော်လိုက်လေသည်။

ကျီချောင်ချင်၏ရုပ်ဆင်းသွင်ပြင်မှာ အလွန်ပင်လှပလွန်း လှသည်။ လူ့လောကတွင်သာမက အင်မော်တယ်ကျင့်ကြံခြင်းလောကတွင်ပင် သူမကဲ့သို့သော ဒုတိယမျက်နှာမျိုးရှိမည်မဟုတ်ပေ။

သူမ ကျန်းမာရေးအခြေအနေမှာ မကောင်းသဖြင့် မျက်နှာမှာဖြူဖျော့နေသော်လည်း ထိုအချက်ကပင် သူမ၏ ပြိုင်ဘက်ကင်းအလှတရားကို မဖုံးကွယ်နိုင်တော့ဘဲ လူတိုင်း၏အာရုံကို ဖမ်းစားထားနိုင်ဆဲဖြစ်သည်။

ဂိုဏ်းသားများစွာသည် ကျီချောင်ချင်မျက်နှာကို ကြောင်ငေး၍ကြည့်နေမိကြသည်။

ဂိုဏ်းသားတစ်ယောက်က အကြည့်လွှဲလိုက်ပြီး

အော်ပြောသည်။

"ဒီရုပ်ဖျက်တာနဲ့ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ ငါတို့ကိုမြှူဆွယ်ချင်လို့လား၊ ငါတို့က အထာနပ်ပြီးသားကွ၊ အခုဖြေစမ်း... ခင်ဗျားက တကယ်ပဲကျီချောင်ချင်လား"

ထိုအခါမှ ကျီချောင်ချင်သဘောပေါက်လိုက်သည်။ ဤလူများအားလုံးမှာ ကလေးများသာဖြစ်ကြသည်။ သူမ ထျန်းရွှမ်ဂိုဏ်းတွင်ပြဿနာရှာခဲ့စဉ်က သူတို့ မမွေးကြသေးပေ။ ထို့ကြောင့် ယခုအခါ သူမကို မမှတ်မိကြခြင်းမှာဖြစ်သင့်သည်။

ကျီချောင်ချင်က ပြောလိုက်သည်။

"ဟုတ်တယ်"

ရှန်ကျွင်း စိတ်ရှုပ်သွားသည်။

"ငါတို့နောက်လိုက်ခဲ့၊ ဒါမှ မင်းတို့ထွက်သွားလို့ရမယ်"

ရှန်ကျွင်းက ရုပ်ဖျက်အဆောင်ကိုမဖယ်ရှားခဲ့ပေ။ ဂိုဏ်းသားများ၏ကျင့်ကြံခြင်းအဆင့်မှာ နိမ့်လွန်းသဖြင့် သူ့မူရင်းရုပ်သွင်ကိုမမြင်နိုင်ကြသော်လည်း နှင်းဖုံးတောင်တန်းမှရေခဲပြင်ကဲ့သို့ အေးစက်လှသောရှန်ကျွင်း၏မျက်ဝန်းများက လူများကို အကြောင်းမဲ့ ရင်ထဲအေးစက်သွားစေပြီး သူ့ရှေ့တွင်မဆင်မခြင် မလုပ်ရဲအောင်ဖြစ်သွားစေသည်။

ခဏမျှအကြာတွင် ဂိုဏ်းသားများအားလုံး တိတ်ဆိတ်သွားကြပြီး ထပ်မပြောရဲကြတော့ပေ။

ရုတ်တရက်ဆိုသလိုအဆိပ်မြူများကြားထဲမှ မြှူဆွယ်သည့်လေသံနှင့် အမျိုးသမီးအသံတစ်ခုထွက်ပေါ်လာသည်။

"ခစ်ခစ်... ငါ့ပိုင်နက်ထဲ ဘယ်သူတွေကျူးကျော်လာတာလဲလို့၊ ကျင့်ကြံသူတွေအများကြီးပါလား၊ အို... ရုပ်ချောချောလူငယ်လေးတစ်ယောက်တောင်ပါသေးတာပဲ"

ထိုအမျိုးသမီး၏ငွေခေါင်းလောင်းလေးအလား ရယ်မောသံက လူတိုင်း၏စိတ်ငြိမ်သက်မှုကို အကြောင်းမဲ့နှောင့်ယှက်ဖျက်ဆီးလိုက်သည်။ ထိုအသံသည် လောကအနှံ့အပြားမှ ပဲ့တင်ထပ်လာသကဲ့သို့ထင်ရပြီး မူလအသံလာရာကိုခွဲခြား၍မရနိုင်ပေ။

ထိုအသံကိုကြားသည်နှင့် ကျီချောင်ချင်တွေးလိုက်မိသည်။ ဒုက္ခပဲ... ဒါမြေခွေးမိစ္ဆာမပဲ၊ ဒီမြေခွေးမိစ္ဆာက အသံကိုသုံးပြီး လူတွေရဲ့စိတ်ကိုနှောင့်ယှက်နိုင်တယ်ဆိုတော့ သူ့ကျင့်ကြံခြင်းအဆင့်ကတော်တော်မြင့်မှာပဲ

"ဘယ်က မိစ္ဆာပေါက်စတွေ လာပြီးဆူညံနေတာလဲ၊ နားငြီးလိုက်တာ"

ချောင်ယွီရန်က သူ့ဓားရှည်ကိုမိုးပေါ်ထောင်၍ချိန်ရွယ်လိုက်သည်။

"ထွက်ခဲ့စမ်း... အား... ဘာလို့ငါ့ကိုရိုက်တာလဲ"

ကျီချောင်ချင်သည် ရှန်ကျွင်း၏ကျောပေါ်မှဆင်းလိုက်ပြီး ချောင်ယွီရန်၏ခေါင်းကို ခေါက်လိုက်ခြင်း ဖြစ်သည်။ ချောင်ယွီရန်၏မေးခွန်းကို လျစ်လျူရှုလျက် ကျီချောင်ချင်က နူးညံ့သောအသံဖြင့်ပြောလိုက်သည်။

"နတ်မိမယ်လေး... ကျွန်မတို့က ဒီကိုမတော်တဆ ရောက်လာပြီး အနှောင့်အယှက်ပေးမိသွားတာ တောင်းပန်ပါတယ်နော်၊ ကျွန်မတို့ အခုပဲသွားတော့မှာပါ"

ကျီချောင်ချင်က ကလေးတစ်သိုက်ကိုထွက်ခွာရန် တိုက် တွန်းမည့်ဆဲဆဲတွင် မြေခွေးမိစ္ဆာမကပြောလာသည်။

"သွားမယ်ဟုတ်လား၊ ဘယ်ကိုသွားမှာလဲ? ငါက ဒီတောနက်ကြီးထဲမှာ တစ်ယောက်တည်းနေရတာကြာလှပြီ၊ ပျင်းလွန်းလို့သေတော့မှာပဲ၊ မင်းလေးတို့က တို့ ပထမဆုံးတွေ့ဖူးတဲ့လူသားတွေပဲ၊ ရေစက်ဆုံတုန်းလေး... အဖော်လုပ်ပေးကြပါဦးလား"

ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်ယံတွင် ကြီးမားလှပ သော အမျိုးသမီးခေါင်းကြီးတစ်လုံး တွဲလောင်းကျလာသည်ကို ကျီချောင်ချင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီး၏ရုပ်သွင်မှာ အလွန်ပင် ရင်သပ်ရှုမောဖွယ်ကောင်းလွန်းသဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မျက်လွှာမချနိုင်အောင်ဖြစ်သွားစေသည်။

လူတိုင်းအလိုအလျောက်ပင် ထိုအမျိုးသမီးကို မော့ကြည့်လိုက်မိကြသည်။ ကောင်းကင်တစ်ခုလုံး အဆိပ်မြူများဖုံးလွှမ်းနေပြီး အမျိုးသမီး၏မျက်နှာမှာ မြူများကြားတွင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ သူမ၏ခေါင်းကြီးအောက်တွင် မည်သည့်အရာမျှမရှိဘဲ လေထဲတွင်မျောနေသည်မှာ အလွန်ပင်ခြောက်ခြားဖွယ်ကောင်းလှသည်။

ရုတ်တရက်ဆိုသလို ယင်စွမ်းအင်များစုဝေးရာအရပ်မှ မွှေးပျံ့သောယင်အငွေ့အသက်တစ်ခုထွက်ပေါ်လာသည်ကို ကျီချောင်ချင်အာရုံခံမိလိုက်သည်။ သူမ အလိုအလျောက်လှမ်းကြည့်လိုက်သောအခါ အမျိုးသမီးတစ်ဦးသည် ပြုံးရွှင်စွာဖြင့် ပျံသန်းလာသည်ကိုတွေ့လိုက်ရသည်။

ထိုအမျိုးသမီး၏ဝတ်စားဆင်ယင်မှုမှာ ဖော်ဖော်သီသီရှိလှပြီး ကြာစွယ်ကဲ့သို့ဖြူဖွေးချောမွတ်သော လက်မောင်းများနှင့် ရှည်လျားဖြောင့်စင်းသော ပေါင်တံဖြူဖြူများကိုဖော်ကျူးထားသည်။ သူမသည် မိတ်ကပ်ထူထူလိမ်းခြယ်ထားသော်လည်း ထိုအရာကပင် သူမ၏ပြိုင်ဘက်ကင်းအလှတရားကို ပိုမိုပေါ်လွင်စေသည်။ ထိုအမျိုးသမီး၏အလှပဆုံးအရာမှာ လူတိုင်းကိုဖမ်းစားနိုင်သောမျက်ဝန်းများဖြစ်သည်။

အမှန်တွင် သူမ၏မျက်နှာသည် ကျီချောင်ချင်လောက်မလှသော်လည်း ကျီချောင်ချင်သည် သူမထံမှအကြည့်မခွာနိုင်ဖြစ်နေသည်။

ရင့်ကျက်ပြီးဆွဲဆောင်မှုရှိတဲ့အမျိုးသမီးကို ဘယ်သူကများမနှစ်သက်ဘဲနေနိုင်မလဲ...

ထို့နောက် ရှန်ကျွင်းသည် ဤပြီးပြည့်စုံစွာလှပသော အမျိုး သမီးထံသို့ သစ်ကိုင်းခြောက်တစ်ခုဖြင့်လှမ်းပစ်လိုက်သည်ကို သူမမြင်လိုက်ရသည်။

"အာ့... သခင်လေးကလည်းကြမ်းလိုက်တာ၊ ကျွန်မ ရှင်မကြိုက်တာ ဘာလုပ်မိလို့လဲပြောပါ၊ ကျွန်မ ပြင်ပါ့မယ်"

ထိုအမျိုးသမီးမှာ အရိုးမရှိသည့်အလား မြေပြင်ပေါ်သို့ခွေကျလုနီးပါးဖြစ်သွားပြီး ရင်သားများပေါ်လုနီးပါးအခြေအနေက ဂိုဏ်းသားလူငယ်လေးများကို မျက်စိကျီန်းသွားစေ သည်။

ရှန်ကျွင်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ဘေးမှ နောက်ထပ်သစ်ကိုင်းတစ်ကိုင်းကိုခုတ်ဖြတ်ကာ ထိုအမျိုး သမီးနာကျင်မည်ကို ဂရုမစိုက်ဘဲ ကြမ်းတမ်းစွာထပ်မံပစ်ပေါက်လိုက်သည်။

အမျိုးသမီး၏အသံမှာ တဖြည်းဖြည်းကျယ်လာသည်။

"အား... အာ့... သခင်လေး... ကျွန်မနာတယ်"

ထိုအသံသည် ညည်းသံနှင့်တူသယောင်ယောင် ချစ်စဖွယ် ရန်တွေ့သံနှင့်လည်း တူနေသဖြင့် ရင်အစုံကိုလှုပ်ရှားသွားစေနိုင်သည်။

ကျီချောင်ချင်သည် နှစ်ပေါင်းများစွာ အဆိပ်မြူများအကြား အလွန်ထက်ရှနေသည့်သစ်ကိုင်းကို နှမြောတသဟန်ဖြင့်ကြည့်လိုက်မိသည်။ သစ်ကိုင်းစူးမိရုံဖြင့် ထိုအမျိုးသမီး။နူးညံ့သောအသားအရေမှ သွေးများစီးကျလာသည်။ သူမ ဖြူဖွေးသော အသားအရေပေါ်တွင် စွန်းထင်းသွားသောသွေးစက်များမှာ ဆီးပွင့်နီများကဲ့သို့အလွန်ပင်လှပနေလေသည်။

ရှန်ကျွင်းက ပြောလိုက်သည်။

"စိတ်ကိုထိန်း၊ သူ့ကို စိတ်ထိန်းချုပ်ခွင့်မပေးနဲ့"

ရှန်ကျွင်း၏အသံမှာ ကြည်လင်ပြတ်သားပြီးအေးစက်ကာ ဖော်ပြမရနိုင်သောစွမ်းအားတစ်ခုပါဝင်နေသည်။ ဂိုဏ်းသားများသည် ခေါင်းမူးနောက်ကာ သတိလွတ်လုနီးပါးဖြစ်နေရာမှ သူ့အသံကို ကြားလိုက်ရသည်နှင့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ချက်ချင်းစိတ်ငြိမ်သွားကြသည်။ သူတို့သည် လျင်မြန်စွာအကြည့်လွှဲလိုက်ကြပြီး စိတ်နှလုံးသန့်စင်ခြင်းဂါထာကို တိတ်တဆိတ်ရွတ်ဆိုလိုက်ကြသည်။

ထိုအချိန်တွင် ရှန်ကျွင်းက ကျီချောင်ချင်ကိုကြည့်လိုက်သည်။

ကျီချောင်ချင် အပြစ်ရှိသလိုခံစားလိုက်ရပြီး အကြည့်လွှဲလိုက်သည်။

"အဟမ်း... အားလုံးပဲ သူ့ကို မကြည့်ကြနဲ့၊ ဒီမိန်းမကမြေခွေးမိစ္ဆာမပဲ၊ မြှူဆွယ်တဲ့နေရာမှာအရမ်းတော်တာ၊ သူ့အကွက်ထဲဝင်သွားရင် နင်တို့ကိုစားပစ်လိမ့်မယ်"

ကျီုးကျီအန်းနှင့်အခြားသူများက ခေါင်းညိတ် လက်ခံကြသည်။ ချောင်ယွီရန်ကမူ တီးတိုးရေရွတ်လိုက်သည်။

"ခင်ဗျားတောင် သူ့ကိုမျက်တောင်မခတ်တမ်းကြည့်နေပြီးတော့များ ကျွန်တော်တို့ကိုကျ လာသတိပေးနေတယ်"

ဒီကလေးစုတ်...!

သူက ရှန်ကျွင်းရှေ့ကျတော့ တစ်ခွန်းမှမဟရဲဘဲ သူမပါးစပ်ဟလိုက်တာနဲ့ ပြန်ပြောဖို့အသင့်ပဲ...

🍃 Chapter 78

ရှန်ကျွင်းမှလွဲ၍ ကျန်လူများက မြေခွေးမိစ္ဆာကိုဂရုမစိုက်ကြတော့ဘဲ ရှန်ကျွင်းသည်သာ ၎င်းတစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် အသေသတ်နိုင်သည့်ပုံစံဖြင့် အေးစက်စွာစိုက်ကြည့်နေသည်ကို မြင်သောအခါ မြေခွေးမိစ္ဆာမ၏မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။

ဤအမျိုးသားသည် သူမကို လုံးဝစိတ်ဝင်စားခြင်း

မရှိကြောင်းနှင့် သူ့မျက်လုံးထဲတွင် သူမသည် သစ်ကိုင်းခြောက်နှင့်ဘာမှမခြားကြောင်း သူမ ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။

"သခင်လေးကလည်း... ကျွန်မက ဧည့်သည်အဖြစ် ထားချင်ရုံလေးပါ၊ ဘာလို့ဒီလိုလုပ်ရတာလဲ"

ရှန်ကျွင်းက မတုန်မလှုပ်ပြောလိုက်သည်။

"မင်းမှာ ကံကြမ္မာအကြွေး မရှိသေးဘူး၊ ဒါကြောင့် ငါမင်းကို မသတ်ချင်ဘူး၊ ဒါပေမဲ့ မင်းက ဒီနေရာမှာဒုက္ခပေးနေတာဆိုတော့ သေဘေးကလွတ်ပေမဲ့ အပြစ်ဒဏ်တော့ခံရမယ်"

ရှန်ကျွင်းက သူ့လက်ထဲတွင် ဝိညာဉ်စွမ်းအင် ဘောလုံးတစ်ခုကိုစုစည်းလိုက်ပြီး ထိုအမျိုးသမီးကို ပစ်ပေါက်လိုက်သည်။ အမျိုးသမီးက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်းပင်ရှောင်တိမ်းကာ ဘေးနားရှိသစ်ပင်ကြီးတစ်ပင်ပေါ်သို့ တွယ်တက်လိုက်သည်။ သူမ၏လက်သည်းများထွက်လာပြီး သစ်ပင်၏ပင်စည်ထဲသို့ နက်ရှိုင်းစွာကုတ်တွယ်လိုက်သည်။

"ယုတ်မာတဲ့ကျင့်ကြံသူတွေ... ငါ့ကိုဒီလိုဆက်ဆံရဲတယ်ပေါ့၊ ငါ့ဒေါသပြေအောင် နင်တို့အကုန်လုံးကို သတ်ပစ်မယ်"

ဤအခြေအနေရောက်နေသည့်တိုင် ကျီချောင်ချင်သည် ထိုမိစ္ဆာနှင့်ရန်မဖြစ်လိုပေ။ သူမ မနိုင်၍ မဟုတ်ဘဲ တိုက်ခိုက်နေစဉ်အတွင်း ဟွာကျစ်နှင့် လီမင်လော့တို့ အချိန်မရွေးလိုက်မီလာနိုင်သောကြောင့်ဖြစ်သည်။

"မိန်းကလေး... ရှင်က အရင်စမြှူဆွယ်တာလေ၊ ကျွန်မတို့က နည်းနည်းလေးပြန်ခုခံရုံပါ၊ ဒီလောက် ဒေါသထွက်စရာမလိုပါဘူး၊ ဒီလိုလုပ်ပါလား... နောက်မှာ ယောက်ျားနှစ်ယောက်လိုက်လာလိမ့်မယ်၊ အဲဒီနှစ်ယောက်ကအရမ်းချောပြီး ရှင့်ကို သေချာပေါက်စိတ်ဝင်စားမှာ၊ ဘယ်လိုလဲ? ရှင် သူတို့ကိုမဖမ်းရင် ကျွန်မကူညီပေးမယ်လေ"

မြေခွေးမိစ္ဆာမက ကျီချောင်ချင်၏နောက်ကျောဘက်သို့ဝေ့ဝဲကြည့်လိုက်ပြီး မျက်လုံးများကစားလိုက်သည်။

"ငါက နင်တို့အကုန်လုံးကိုလိုချင်တာ၊ ငါ့နောက်လိုက်ခဲ့ကြ"

ထိုသို့ပြောပြီးသည်နှင့် မြေခွေးမိစ္ဆာမသည် ရုတ်တရက်လက်ကိုဆန့်ထုတ်လိုက်ရာ မွှေးပျံ့သော ရနံ့တစ်မျိုး သူတို့ဆီသို့လွင့်ပျံ့လာခဲ့သည်။

ရနံ့ရောက်လာသည်မှာမြန်လွန်းလှသဖြင့် ကျီချောင်ချင် အလိုအလျောက် နှာခေါင်းနှင့်ပါးစပ်ကိုပိတ်လိုက်သော် လည်း သူမဘေးရှိ ဂိုဏ်းသားများအားလုံးအမွှေးနံ့မိပြီး လဲကျကုန်ကြသည်ကိုတွေ့လိုက်ရသည်။

ကျီချောင်ချင် သတိပေးရန်ပြင်လိုက်စဉ်မှာပင် သူမ၏ နှာခေါင်းထဲ၌ မြေခွေးမိစ္ဆာမ ရနံ့များပြည့်နှက်နေပြီဖြစ်ကြောင်းသိလိုက်ရသည်။

မြေခွေးမိစ္ဆာမ၏ကျင့်ကြံခြင်းအဆင့်သည် အစောကပြသခဲ့သည်ထက် ပိုမိုမြင့်မားမည်ဟု ကျီချောင်ချင် သိထားသော် လည်း ဤမျှလောက်မြင့်မားလိမ့်မည်ဟုထင်မထားခဲ့ပေ။ ခဏအတွင်းမှာပင် ကျီချောင်ချင်၏အသိစိတ်များ ဝေဝါးလာခဲ့သည်။

အချိန်မည်မျှကြာသွားသည်မသိ တစ်စုံတစ်ယောက်က သူမကိုခေါ်နေသံကြားလိုက်ရသည်။

"အားကျီ... အားကျီ... ထတော့လေ၊မြန်မြန်"

ကျီချောင်ချင် မျက်လုံးဖွင့်လိုက်သောအခါ သူမရှေ့တွင် လှပသောအမျိုးသမီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် နူးညံ့သိမ်မွေ့သော စိတ်နေသ ဘောထားနှင့် ချိုသာသောအသံပိုင်ရှင်ဖြစ်သည်။ ကျီချောင်ချင်က သူမကိုငေးကြည့်နေသည်ကိုမြင်သောအခါ ထိုအမျိုးသမီးက ရယ်မောလိုက်ပြီး သူမခေါင်းကိုဖွဖွလေးပွတ်သပ်ပေးသည်။

"ဘာဖြစ်လို့လဲ၊ ဘာလို့ပြူးကြည့်နေတာလဲ၊ ဗိုက်ဆာလို့လား?"

ကျီချောင်ချင် အပြည့်အဝနိုးကြားလာသော်လည်း သူမရှေ့မှလူကို မြင်လိုက်ရသောအခါလန့်သွားကာ အလိုအလျောက်နောက်သို့ဆုတ်သွားမိပြိး ထိုအမျိုးသမီး၏အထိအတွေ့ကို ရှောင်ရှားလိုက်မိသည်။

ကျီချောင်ချင်၏ ပြင်းထန်သောတုံ့ပြန်မှုကို ထိုအမျိုးသမီးမျှော်လင့်မထားခဲ့ပေ။ သူမ ခဏမျှ ရပ်တန့်သွားပြီးနောက် လက်ကိုချကာ နူးညံ့စွာဆက်ပြောသည်။

"ကျွန်မတို့ရဲ့အလှလေး စန်းရှစ်ကျဲက... ဘာတွေ စိတ်ညစ်နေပြန်ပြီလဲ၊ ကျွန်မကိုပြောပြလေ၊ ကျွန်မက ရှစ်ကျဲရဲ့ အချစ်တေ ာ်လေးလုပ်ပြီး ပြဿနာတွေကိုကူရှင်းပေးမှာပေါ့"

ကျီချောင်ချင်သည် ရင်းနှီးနေသလိုလိုနှင့် စိမ်းသက်နေသော ထိုအသံကိုကြားလိုက်ရသည့်အခါ သူမအသံများတုန်ရီလာသည်။

"နင်က... ချီရှစ်မေ့လား"

"ငါမဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ"

ထိုအမျိုးသမီးက တောက်ပစွာပြုံးလိုက်သည်။

ထျန်းရွှမ်ဂိုဏ်း၏ သတ္တမမြောက်တပည့်ချန်ချီကျစ်သည် ချန်ချင်းဂိုဏ်း၏ ဒုတိယမြောက်သခင်မ‌လေးဖြစ်သည်။ သူမသည် ဝိညာဉ်ထိန်းချုပ်ခြင်း၌ ကျွမ်းကျင်ပိုင်နိုင်ပြီး လှပသောရုပ်ဆင်းသွင်ပြင်ရှိကာ နူးညံ့သိမ်မွေ့သောသဘောထားတို့နှင့်ပြည့်စုံပြီး သိက္ခာရှိသူတစ်ဦးဖြစ်သည်။ သို့သော် ကံဆိုးမိုးမှောင်ကျခဲ့ရရှာသည်။ သူမသည် နတ်ဆိုးချေမှုန်းစစ်ပွဲအတွင်း အသက်(၁၈)နှစ်အရွယ်တွင်ပင်ကြွေလွင့်ခဲ့ရသည်။

ကျီချောင်ချင်သည် သူမရှေ့မှအမျိုးသမီး၏ မျက်နှာကိုလှမ်းထိချင်သော်လည်း စိတ်ကူးယဉ်မှုဖြစ်နေမည်ကိုကြောက်ရွံ့သဖြင့် တုံ့ဆိုင်းနေမိပြီး ခဏမျှဗျာများနေခဲ့သည်။ ထိုစဉ် ချန်ချီကျစ်က ကျီချောင်ချင်၏ လက်ကိုလှမ်းယူလိုက်ပြီး သူမ၏ပါးပြင်ပေါ်သို့တင်ပေးလိုက်သည်။

"ဘာဖြစ်လို့လဲ... အစ်မတော်လေးရဲ့၊ ဘာလို့ ဒီလောက် ဝမ်းနည်းနေတဲ့ပုံပေါက်နေရတာလဲ၊ တစ်ယောက်ယောက်က ရှစ်ကျဲကိုအနိုင်ကျင့်လိုက်လို့လား၊ ပြောပါ... ညီမလေးကလက်စားချေပေးမယ်"

ချန်ချီကျစ်သည် ဂိုဏ်းသို့နောက်မှဝင်ရောက်လာသူ ဖြစ်သော်လည်း ကျီချောင်ချင်ထက်အသက်နှစ်နှစ်ကြီးသည်။ သို့သော် ချန်ချီကျစ်သည် သူမကိုစနောက်ချင်တိုင်း အစ်မတော်လေးဟုသာအမြဲခေါ်လေ့ရှိသည်။

သူမသေဆုံးပြီးနောက်ပိုင်း မည်သူကမျှ ကျီချောင်ချင်ကို အားကျီဟုမခေါ်တော့သလို မတရားမှုများနှင့်ကြုံရသည့်အခါ၌လည်း ရှေ့ထွက်ကာလက်စားချေပေးမည့်သူမရှိတော့ပေ။

သူမလက်ဖဝါးအောက်မှအထိအတွေ့မှာ ပူနွေးပြီး အစစ် အမှန်နှင့်တူလွန်းလှသည်။ ကျီချောင်ချင်သည် ချန်ချီကျစ်၏အသံကိုကြားလိုက်ရသည့်အခါ သူမ မျက်ဝန်းအိမ်၌မျက်ရည်များပြည့်လျှံလာပြီး သူမ ရှေ့မှလူကို တင်းကျပ်စွာဖက်ထားလိုက်မိသည်။

"ချီကျစ်... ငါနင့်ကိုအရမ်းလွမ်းတာပဲ"

ချန်ချီကျစ်ကလည်း ကျီချောင်ချင်ကိုပြန်လည်ဖက်တွယ်ထားသည်။

"ငါတို့ မတွေ့ရတာ ခဏလေးပဲရှိပါသေးတယ်၊ ရှစ်ကျဲ အဲ့လောက်တောင်လွမ်းနေပြီလား"

ကျီချောင်ချင် ခေါင်းညိတ်လိုက်သည်။

"ငါ တကယ်... တကယ်ကိုလွမ်းနေတာပါ"

ချန်ချီကျစ်သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိထားမိလိုက်ပြီး ကျီချောင်ချင်ကိုလွှတ်ပေးလိုက်သည်။

"ဘာဖြစ်လို့လဲ၊ ပြောပါအားကျီရဲ့... တစ်ယောက်ယောက်က ရှစ်ကျဲကိုကဲ့ရဲ့လိုက်ပြန်ပြီလား၊ ဒါမှမဟုတ် အစာထဲအဆိပ်ခတ်လိုက်ပြန်ပြီလား၊ မြန်မြန်ပြော... ညီမ သွားပြီးလက်စား ချေပေးမယ်"

ကျီချောင်ချင် ခေါင်းခါလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ဒါနဲ့ ချီကျစ်... နင့်အစ်မချန်ကျင်းကျစ်ကလေ..."

"အခု အစ်မမှာ သဘောကျရတဲ့သူရှိနေပြီဆိုတော့ တစ်နေ ကုန်အချစ်ရူးမလေးလိုဖြစ်ပြီး ရူးကြောင်ကြောင်လုပ်နေတော့တာပဲ"

ချန်ချီကျစ်က ကျီချောင်ချင်၏နှာခေါင်းလေးကို ညှစ်လိုက်ပြီး ကြင်နာသောမျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

"ကလေးလေး... ငါ့အစ်မနဲ့ငါက အမေတူအဖေတူတွေလေ၊ ပြီးတော့ ငါက အခုမှ ၁၇ နှစ်ပဲရှိသေးတာ၊ လူ့ပြည်နဲ့မတူတာက ၁၇ နှစ်ဆိုတာငယ်ပါသေးတယ်၊ လက်ထပ်ခွင့်တောင်းရမယ့်အရွယ်မဟုတ်သေးဘူး"

ကျီချောင်ချင်ရပ်တန့်သွားပြီး သူမ၏အပြုံးများ တဖြည်း ဖြည်းပျောက်ကွယ်သွားသည်။

"ဒါပေမဲ့ ငါက အသက်တစ်ရာကျော်နေပြီလေ"

ချန်ချီကျစ်က ဟားတိုက်ရယ်မောလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါက အခုမှ ၁၇ နှစ်၊ အားကျီက ၁၅ နှစ်ပဲရှိသေးတာကို၊ အားကျီက ဘယ်လိုလုပ်ပြီး အဲဒီလောက်အသက်အရွယ်အဝေးကြီးကိုတွေးနေရတာလဲ၊ အိပ်ချင်မူးတူးဖြစ်နေတုန်းလား"

ကျီချောင်ချင် အသိပြန်ဝင်လာခဲ့သည်။ သူမ၏ အိပ်မက်သည် ပူဖောင်းလေးတစ်လုံးပေါက်ကွဲသွားသည့်ပမာပျက်စီးသွားလေသည်။

သူမသည် ဤစိတ်ကူးယဉ်မှုထဲတွင် သူမ ချီရှစ်မေ့မှာမှားယွင်းနေကြောင်းကိုသိရှိစေရန်နှင့် စိတ်ကူးယဉ်ကမ္ဘာထဲတွင်နစ်မွန်းမနေစေရန် သူမစိတ်ကို အဆက်မပြတ်သတိပေးနေမိသည်။

ကျီချောင်ချင် စကားပြောရန်ပြင်လိုက်စဉ် ချန်ချီကျစ်က ဦးအောင်ပြောလာသည်။

"ရှစ်ကျဲ အိပ်ချင်မူးတူးဖြစ်နေရင်တောင် ကိစ္စမရှိပါဘူး၊ ရှစ်ကျဲမကြောက်ရအောင် ညီမ ဒီမှာပဲနေပေးမယ်လေ"

ကျီချောင်ချင် ပြုံးလိုက်ပြီး ချန်ချီကျစ်၏ပခုံးပေါ်သို့မှီလိုက်သည်။ သူမ၏မျက်ဝန်းများတွင် ဖုံးဖိမရနိုင်သော ဝမ်းနည်းမှုများပေါ်လွင်နေသည်။

"ချီကျစ်... တကယ်လို့တစ်နေ့နေ့ကျရင် နင်က နင့်ရဲ့ ရှစ်တိ၊ ရှစ်မေ့တွေအတွက် အရှက်တကွဲနဲ့သေပေးရမယ်ဆိုရင် နင်ဝမ်းနည်းမလား၊ နာကျင်ရမလားဟင်"

ကျီချောင်ချင်၏စကားကြောင့် ချန်ချီကျစ် တုန်လှုပ်သွားသော်လည်း အလေးအနက်စဉ်းစားပြီးပြန်ဖြေလိုက်သည်။

"တကယ်လို့ ငါသေတာက ရှစ်တိ၊ ရှစ်မေ့တွေကို ကယ်တင်နိုင်မယ်ဆိုရင် ငါအရမ်းပျော်ရွှင်မိမှာပါ၊ ဘာဖြစ်လို့လဲအားကျီ... ဘာလို့ငိုနေတာလဲ"

ကျီချောင်ချင်သည် ချန်ချီကျစ်၏လည်တိုင်ကြားတွင်မျက်နှာအပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သို့သော် ချန်ချီကျစ်၏ကိုယ်သင်းနံ့မဟုတ်သော အနံ့ကိုရှူရှိုက်မိလိုက်သဖြင့် သူမရင်ထဲတွင် နာကျင်သွားရသည်။

စိတ်ကူးယဉ်မှုဆိုသည်မှာ အဆုံးတွင်အတုအယောင်သာဖြစ်သည်။ လူအစစ်တစ်ယောက်၏ ကိုယ်သင်းနံ့ကို တုပနိုင်ခြင်းမရှိပေ။

All Chapters