အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
🍃 Chapter 79
"ချီကျစ်... ငါသာဒီထက်ပိုမြန်ခဲ့ရင်ကောင်းမှာပဲ၊ ငါ့ရဲ့လျို့ရှစ်တိ မိစ္ဆာတွေနဲ့ပတ်သက်နေတာကိုသိတုန်းက ငါဘယ်သူ့ကိုမှမပြောမိဘူး၊ ငါက သိပ်ပြီး နှိုက်နှိုက်ချွတ်ချွတ်မပတ်သက်ဖို့ပဲသတိပေးခဲ့တာ၊ ငါထင်ခဲ့တာက သူ့ကိုအခွင့်အရေးပေးလိုက်ရင် လမ်းမှားကနေ ပြန်လှည့်လာမယ်လို့ပေါ့..."
သူမ၏နူးညံ့သောစိတ်ထားက ချန်ချီကျစ်ကို သေဆုံးစေမည့် တိုက်ရိုက်အကြောင်းရင်းဖြစ်လာလိမ့်မည်ဟု သူမထင်မထားခဲ့မိပေ။
ထိုအချိန်တွင် ချန်ချီကျစ်ကပြောလာသည်ကို ကျီချောင်ချင်ကြားလိုက်ရသည်။
"အားကျီ... ဘာတွေပြောနေလဲ ရှစ်မေ့နားမလည်ပေမဲ့ တစ်ခုတော့ပြောချင်တယ်၊ ရှစ်ကျဲ တစ်ခုခုကိုလုပ်ချင်ရင်လုပ်လိုက်ပါ၊ ငါ့ရဲ့အားကျီ လုပ်သမျှအရာအားလုံးက သက်ရှိသတ္တဝါတွေအားလုံးအတွက်ရယ် ပြီးတော့ ဂိုဏ်းရဲ့အနာဂတ်အတွက်ဖြစ်တယ်ဆိုတာ ရှစ်မေ့ ယုံကြည်တယ်"
ကျီချောင်ချင်သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"မဟုတ်ဘူး... နင်သေသွားပြီးရင် နင့်ကို ဘယ်သူမှသတိရတော့မှာမဟုတ်ဘူး၊ သူတို့ နင့်ကိုမမှတ်မိကြတော့ဘူး၊ ငါအရမ်းဒေါသထွက်တာပဲ"
ချန်ချီကျစ်က သက်ပြင်းတိုးတိုးချလိုက်ပြီး ကျီချောင်ချင်၏လည်ပင်းမှကြိုးကို ဖြည်းညှင်းစွာဆွဲယူလိုက်သည်။ ကြိုးနှင့်အတူ ဗုဒ္ဓရုပ်ပွားတော်သေးသေးလေးပါ ပါလာသည်။ ချန်ချီကျစ်သည် ရုပ်ပွားတော်ကိုထိချင်ပုံရသော် လည်း အဆုံးအချိန်တွင်ရပ်တန့်လိုက်သည်။
"အားကျီ... ရှစ်မေ့က ရှစ်ကျဲကို ဒီရုပ်ပွားတော်လေး ဘာလို့ပေးခဲ့လဲဆိုတာမှတ်မိလား"
ကျီချောင်ချင်က ခေါင်းငုံ့ကြည့်လိုက်သည်။
"ဒီ ချီပိုင်ရုပ်ပွားတော်ကို ငါ့ကိုပေးတာက ငါအသံထွက်ပြီး မပြောနိုင်တဲ့စကားတွေကို ရုပ်ပွားတော်ကိုရင်ဖွင့်နိုင်ဖို့နဲ့ ပြီးတော့ ငါ့စိတ်ဝိညာဉ်ကိုကာကွယ်ပေးပြီး မကောင်းတဲ့အတွေးတွေကြောင့် ပျက်စီးမသွားအောင်အမြဲဆောင်ထားနိုင်ဖို့ပဲ"
ချန်ချီကျစ်သည် ကလေးတစ်ယောက်ကိုချော့မြှူနေသကဲ့သို့ ကျီချောင်ချင်၏ကျောကိုဖွဖွလေးပုတ်ပေးလိုက်သည်။ သူမ၏အသံမှာ ယခင်ကကဲ့သို့ပင် နူးညံ့ငြိမ်းချမ်းနေသည်။
"ဒါကြောင့် အဲဒီမကောင်းတဲ့ခံစားချက်တွေက ရှစ်ကျဲကိုဒုက္ခပေးခွင့်မပြုပါနဲ့၊ ငါတို့အားကျီက အတော်ဆုံးပဲဟာ... သေချာပေါက် လုပ်နိုင်မှာပါ၊ ဟုတ်တယ်မလား?"
ကျီချောင်ချင်စကားပြန်မပြောဘဲ မျက်လုံးများကို မှိတ်ကာ သူမ၏ခံစားချက်များကိုဖိနှိပ်လိုက်သည်။
"ချီကျစ်... ကျေးဇူးပဲ"
သူမစကားဆုံးသည်နှင့် ချန်ချီကျစ်ပျောက်ကွယ်သွားလေသည်။ ကျီချောင်ချင်မှာ ကျောက်တုံးကြီးတစ်တုံးကိုသာ မှီလျက်ကျန်ရစ်ခဲ့သည်။ သူမတွင် နွေးထွေးနူးညံ့သောအထိအ တွေ့များ၊ ကြင်နာမှုများ မရှိတော့ပေ။ အရာအားလုံးက သူမ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။
ကျီချောင်ချင် မျက်နှာပေါ်မှမျက်ရည်စများကို သုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ဤနေရာသည် နွေးထွေးခြောက်သွေ့သောတဲအိမ်လေးမဟုတ်တော့ဘဲ မည်းမှောင်နေသောဂူတစ်ဂူဖြစ်နေသည်။
ထိုနေရာတွင် ရှေးကျသောသွေးကွက်များဖြင့် ဖုံးလွှမ်းနေသည်။ ကျီချောင်ချင် ပတ်ဝန်းကျင် အခြေအနေကို သေချာမလေ့လာနိုင်ခင်မှာပင် သူမ၏နောက်ကျောဘက် လေထုထဲ၌တစ်စုံတစ်ရာ ထူးခြားနေသည်ကို အာရုံခံမိလိုက်သည်။ သူမလှည့်ကြည့်လိုက်သောအခါ မြေခွေးမိစ္ဆာမကိုတွေ့လိုက်ရသည်။
မြေခွေးမိစ္ဆာမကပြောလိုက်သည်။
"ငါ့ရဲ့ အာရုံမှားစေတဲ့ပညာက အမြဲတမ်းအစွမ်းထက်တယ်၊ လူတွေရဲ့ ရင်ထဲက အနက်ရှိုင်းဆုံးနဲ့အစွဲလမ်းဆုံးဆန္ဒတွေကို ဆွဲထုတ်ပြနိုင်တယ်၊ ယုတ္တိကျကျဆိုရင် နင်လည်း သူတို့လိုပဲ အာရုံမှားမှုတွေထဲမှာပိတ်မိပြီး ရုန်းမထွက်နိုင်ဖြစ်နေသင့်တာ၊ ဘာလို့ မှားနေမှန်းသိသွားရတာလဲ"
မြေခွေးမိစ္ဆာမသည်လှပသော်လည်း ကျီချောင်ချင်အနေဖြင့် သူမကိုသဘောတကျငေးမောနေရန်စိတ်မဝင်စားပေ။
"သူတို့ ဘယ်မှာလဲ"
မြေခွေးမိစ္ဆာမက ဆွဲဆောင်မှုရှိစွာပြုံးလိုက်သည်။
"သူတို့လား? တချို့ကိုတော့ ငါမျိုချလိုက်ပြီ၊ တချို့ကတော့ အပြင်မှာဘာဖြစ်နေမှန်း လုံးဝသတိမထားမိဘဲ သူတို့ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာရှိနေတုန်းပဲ၊ ငါဗိုက်ပြန်ဆာရင် သူတို့ကိုစားပစ်လိုက်မှာ"
ကျီချောင်ချင်သည် မျက်လုံးများကိုတစ်ဝက်ခန့် မှိတ်ထားလိုက်ရာ သူမ၏ရှည်လျားသော မျက်တောင်များက မျက် ဝန်းထဲမှခံစားချက်များကို ဖုံးကွယ်ပေးထားသည်။
"ဒါဆို နင်ကော... လူတိုင်းရဲ့စိတ်ကူးယဉ်အိမ်မက်ထဲမှာ ဘာဖြစ်နေလဲဆိုတာမြင်ရလား"
မြေခွေးမိစ္ဆာမက ဝင့်ကြွားစွာပြောလိုက်သည်။
"ဒါပေါ့... မြင်ရတာပေါ့"
ကျီချောင်ချင်၏မျက်နှာမှာ ခံစားချက်ကင်းမဲ့နေသည်။ သူမ လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ခွင်းလွန်ဓားသည် သူမလက်ထဲသို့ရောက်ရှိလာသည်။
"ငါ့လျှို့ဝှက်ချက်တွေကို သူများတွေသိသွားတာ ငါ မကြိုက်ဘူး၊ အခု ငါ့ရဲ့စွဲလမ်းမှုကို နင်သိသွားပြီဆိုတော့... သေလိုက်တော့"
ကျီချောင်ချင်၏ စကားကိုကြားသောအခါ မြေခွေးမိစ္ဆာမသည် အစပိုင်းတွင်လှောင်ပြောင်ချင်ခဲ့သော်လည်း ကျီချောင်ချင်၏ဓားကိုမြင်လိုက်ရသည့်အခါ လှောင်ပြောင်လိုစိတ်များပျောက်ကွယ်သွားပြီး ထိတ်လန့်မှုနှင့်ကြောက်ရွံ့မှုများ အစားထိုးဝင်ရောက်လာသည်။
"နင်... နင်က ကျီချောင်ချင်ပဲ!"
ကျီချောင်ချင်သည် ကျန်လက်တစ်ဖက်ဖြင့် ဝိညာဉ်ကျောက်တုံးကိုချေမွလိုက်ရာ နာကျင်မှုလှိုင်းများနှင့်အတူ ဝိညာဉ်စွမ်းအင်များ သူမခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာသည်။
သူမသည် မြေခွေးမိစ္ဆာမ၏အကြည့်အတိုင်း သူမ၏ ဓားကိုကြည့်လိုက်ပြီးနောက် ခွင်းလွန်ဓားဖြင့် မြေခွေးမိစ္ဆာမကိုချိန်ရွယ်လိုက်သည်။
"နင်က ငါ့ဓားကိုသိနေမှတော့... ပြိုင်ပွဲလေးလုပ်ကြတာပေါ့၊ ဘယ်သူက ဘယ်သူ့ခေါင်းကိုယူပြီး အရက်နဲ့မြည်းမလဲလို့လေ"
မြေခွေးမိစ္ဆာမမှာ အလိုအလျောက် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ ထိုခေတ်အခါက ဂန္တဝင်လူသတ်သမားကျီချောင်ချင်ကို မည်သူကမသိဘဲနေမည်နည်း။ သူမသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်လူဖမ်းမိကာမှ ဤမျှလောက် ကြောက်စရာကောင်းသည့်လူသတ်သမားကြီးကို လာဖမ်းမိလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ကံဆိုးလိုက်တာ၊ စောစောကလူအုပ်ထဲမှာ ကျီချောင်ချင် နှုတ်ခမ်းတွေဖြူဖျော့နေတာက ဟန်ဆောင်ထားတာပဲဖြစ်ရမယ်၊ သူမကို လျှော့တွက်အောင်လုပ်ပြီး အခွင့်ကောင်းချောင်းပြီး သတ်ဖို့ကြံစည်ထားတာနေမှာ...
မြေခွေးမိစ္ဆာမ၏ မျက်လုံးများလှုပ်ခတ်ပြီး သနားစဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်သည့်ပုံစံမျိုးလုပ်ပြလိုက်သည်။
"စစ်နတ်ဘုရားမရယ်... ကျွန်မက နှုတ်လုံပါတယ်၊ ဘယ်သူ့ကိုမှမပြောပါဘူး၊ ပြီးတော့ ကျွန်မကလမ်းမှန်ရောက်နေပါပြီ၊ အခုဆို အင်မော်တယ်ဂိုဏ်းက တပည့်တစ်ယောက်ရဲ့ဇနီးသည်တောင်ဖြစ်နေပါပြီ၊ မိစ္ဆာတွေလုပ်တဲ့ ညစ်ပတ်တဲ့ အလုပ်မျိုးတွေမလုပ်တော့ပါဘူး"
ကျီချောင်ချင်သည် ဓားထဲသို့ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းလိုက်ပြီး မြေခွေးမိစ္ဆာမထံသို့ပြင်းထန်စွာ ဓားချက်လွှတ် လိုက်လေသည်။
မြေခွေးမိစ္ဆာမသည် ကျီချောင်ချင်မှာတုံ့ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်ရန်ရည်ရွယ်ထားသည်ကိုမြင်သောအခါ ကျိန်ဆဲလိုက်သည်။ သူမသည် ကောင်းကင်ဓားတစ်လက်ကိုဖန်ဆင်းလိုက်ပြီး ကျီချောင်ချင်ကိုထိပ်တိုက်မရင်ဆိုင်ဘဲ နောက်သို့ဆုတ်လိုက်သည်။
မကြာမီတွင် မြေခွေးမိစ္ဆာမသည် မီးခိုးငွေ့တစ်လိပ်အဖြစ်ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့အပြားသို့ပျံ့လွင့်သွားလေသည်။
"ကျီချောင်ချင်... နင် တော်တော်ရက်စက်တာပဲ၊ ဒါပေမဲ့ သူတို့ကိုတော့ လွတ်ပေးမှာမဟုတ်ဘူး၊ နင်သူတို့ကို ဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူး"
ကျီချောင်ချင်သည်လည်း ခြေရာခံမရသောကြောင့် ရပ်တန့်လိုက်သည်။ သူမသည် ပတ်ဝန်းကျင်တွင် သက်ရှိသတ္တဝါတစ်စုံတစ်ရာရှိမရှိ အာရုံခံကြည့်သော်လည်းမတွေ့ရပေ။ မြေခွေးမိစ္ဆာမမှာလည်း ထွက်ပြေးသွားပြီဖြစ်သည်။
နောက်တစ်စက္ကန့်တွင် ကျီချောင်ချင်ဒူးထောက်ကျသွားပြီး ဓားကိုအားပြုကာထောက်ထားလိုက်ရသည်။
သူမ ခန္ဓာကိုယ်အခြေအနေအရ ဝိညာဉ်စွမ်းအင်ကိုသုံးရန် မဖြစ်နိုင်တော့ပေ။ သူမတွင် နေရမည့်သက်တမ်းသိပ်မကျန်တော့သလို ဤအတိုင်းသာဆက်သွားနေပါက သုံးလတောင်ခံပါ့မလားဟု စိုးရိမ်မိသည်။
ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်ပြီး ဆေးလုံးတစ်ဆုပ်ကိုမျိုချလိုက်သည်။ သူတို့ကိုဘယ်လိုရှာရမလဲဟု သူမစဉ်းစားနေကာ သူမ၏လက်ကောက်ဝတ်ရှိ အင်မော်တယ်ချည်နှောင်ကြိုးကိုသတိရသွားသည်။
သူမစိတ်အာရုံပြုလိုက်သည်နှင့် ထိုကြိုးသည် သူမလက်ထဲတွင်ပေါ်လာသည်။ သူမ အားကုန်ဆွဲလိုက်သော်လည်း မမျှော်လင့်ဘဲ ထိုကြိုးမှာယခင်ကလို ရှန်ကျွင်းကို သူမရှေ့ခေါ်ဆောင်လာခြင်းမရှိဘဲ သူမကိုသာ မသိသောနေရာတစ်ခုသို့ဆွဲခေါ်သွားလေသည်။
ကျီချောင်ချင်သည် မျက်စိရှေ့ဝေဝါးသွားပြီး ပြန်ဖွင့်လိုက်သောအခါ အဖြူရောင်လွင်ပြင်ကျယ်ကြီးကိုသာတွေ့လိုက်ရသည်။
စိတ်ကူးအာရုံလွဲမှားခြင်းထဲရှိအရာများသည် လူများ၏ရင်ထဲက အနက်ရှိုင်းဆုံးစွဲလမ်းမှုများကိုပြသည်ဟု မြေခွေးမိစ္ဆာမပြောခဲ့ဖူးသည်။ ဒါဆို ရှန်ကျွင်းရဲ့စွဲလမ်းမှုက ဘာလဲ?
သူမမြင်နေရသည်မှာ သူမကိုယ်တိုင်မှလွဲ၍ ကျန်အရာအားလုံးကိုဖုံးကွယ်ထားသည့် ကြီးမားကျယ်ပြန့်သောအဖြူရောင်မြူထုကြီးသာဖြစ်သည်။ အင်မော်တယ်ချည်နှောင်ကြိုးက သူမကို ရှန်ကျွင်း အနီးသို့ခေါ်ဆောင်လာသည်ဟု ကျီချောင်ချင် အာရုံခံမိသော်လည်း သူမဘာမျှမမြင်ရပေ။
သူမသည် ရှန်ကျွင်းနာမည်ကို အကြိမ်ကြိမ်ခေါ်သော်လည်း တုံ့ပြန်သံမကြားရပေ။ ကျီချောင်ချင် ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလိုက်ရာ သူမပတ်လည်တွင် မြူများပိုထူထပ်လာသည်ကိုတွေ့ရသည်။
ကမ္ဘာလောကကြီးတစ်ခုလုံးဝေဝါးနေပြီး ကျီချောင်ချင် လမ်းပျောက်နေသလိုခံစားလိုက်ရသည်။ သူမသည် အဆုံးကိုမမြင်ရသောကြောင့် စိုးရိမ်ပူပန်မှုများက သူမစိတ်ထဲသို့ဝင်ရောက်လာသည်။
သူမသည် ကြိုးကိုထပ်ဆွဲလိုက်သော်လည်း ဤတစ်ကြိမ်တွင် မည်သည့်တုံ့ပြန်မှုမှမရှိတော့ပေ။ ကျီချောင်ချင်အနေဖြင့် တစ်ယောက်တည်းဆက်လက်ရှာဖွေရန်သာ ရှိတော့သည်။
အဖြူရောင်နယ်မြေထဲတွင် ကျီချောင်ချင်၏ စိတ်ဝိဉာဉ်အာရုံများပျောက်ဆုံးကုန်ပြီး အချိန်အကြာကြီး ကုန်ဆုံးသွားသလိုခံစားနေရသည်။ သူမရင်ထဲတွင် မျှော်လင့်ချက်မဲ့သောစိတ်ပျက်အားငယ်မှုများ ရင်ထဲသို့ဖြည်းညှင်းစွာဝင်ရောက် လာသည်။
ဟုတ်တယ်... မျှော်လင့်ချက်မဲ့ခြင်းပင်။
သူမသည် ဤကမ္ဘာကြီးထဲတွင်တစ်ယောက်တည်းဖြစ်ကာ ပတ်ဝန်းကျင်တွင်မည်သည့်အရာများဖြစ်ပျက်နေသည်ကိုမမြင်ရသည့် ရှုပ်ထွေးနေသော အခြေအနေတွင် အချိန်ကုန်ဆုံးမှုကိုတောင်အာရုံမခံနိုင်ပဲ ကမ္ဘာကြီးတစ်ခုလုံးတွင် သူမနှင့် ဤမြူထုကြီးသာရှိနေသကဲ့သို့ခံစားရသည်။
မည်သူကမျှ သူမကိုဂရုမစိုက်သည့်အပြင် မည်သူကမျှ သူမ၏ဒုက္ခကိုသတိမထားမိပဲ သူမတစ်ယောက်တည်းသာ ထွက်ပေါက်ရှာနေရသော်လည်း ထွက်ပေါက်ကမရှိပေ။ ထို့ကြောင့် သူမသည် ကူကယ်ရာမဲ့စွာဖြင့်သာဆက်လျှောက်နေရသည်။
🍃 Chapter 80
ထိုခံစားချက်မျိုးသည် သူမငယ်စဉ်ကသာရှိခဲ့ဖူးပြီး အရွယ် ရောက်လာပြီးနောက်ပိုင်း ပြန်မပေါ်လာခဲ့ပေ။ ရုတ်တရက် အတွေးတစ်ခုခေါင်းထဲ၀င်လာသည်။
ဒီမြူခိုးလေးလောက်နဲ့ စိတ်ပျက်အားငယ်သွားတာလား? မဟုတ်ဘူး... သူမ ဘယ်တော့မှ စိတ်ပျက်အားငယ်မှာမဟုတ်ဘူး၊ အရင်တုန်းကဆိုရင် ဒီမြူခိုးကိုဖန်တီးတဲ့ကောင်ကို သတ်ပစ်ချင်စိတ်ပဲရှိမှာ၊ ဒီခံစားချက်က သူမဟာမဟုတ်ဘူး...
ကျီချောင်ချင်သည် ချက်ချင်းအသိပြန်ဝင်လာသည်။ ဤသည်မှာ ရှန်ကျွင်း၏ စွဲလမ်းမှုဖြစ်ကောင်းဖြစ်နိုင်ကြောင်း သူမသဘောပေါက်လိုက်သည်။ ရှုပ်ထွေးခြင်း၊ ကူကယ်ရာမဲ့ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းပင်။
ရှန်ကျွင်းသည် အတိတ်မေ့နေသူဖြစ်သဖြင့် သူ့စိတ်နှလုံးသည် ယခုကဲ့သို့ အဖြူရောင်လွင်ပြင်ကျယ်ကြီးဖြစ်နေပြီး ထိုအထဲတွင်ရှိနေခြင်းက သူ့ကို နာကျင်မှုနှင့်မျှော်လင့်ချက်မဲ့ခြင်းတို့ကို ပေးစွမ်းနေခြင်းဖြစ်သည်။ ဒါပေမဲ့ သူ ဘာလို့ဒီလိုခံစားနေရတာလဲ၊ အတိတ်မေ့နေလို့ ဒီကမ္ဘာကြီးထဲမှာလမ်းပျောက်ပြီး ကူကယ်ရာမဲ့သလိုခံစားနေရတာလား?
ထိုအချိန်တွင် အဘိုးအိုတစ်ဦး၏ပုံရိပ်သည် ကျီချောင်ချင်ရှေ့၌ ရုတ်တရက်ပေါ်လာသည်။
သူမသည် မြူခိုးများကိုသာ အချိန်အကြာကြီးကြည့်နေခဲ့ရသဖြင့် ကြင်နာသောမျက်နှာထားဖြင့် သင်္ကန်းဝတ်အဘိုးအိုတစ်ယောက် ရုတ်တရက် ပေါ်လာသည်မှာ မျက်စိအေးစရာကောင်းနေသည်။
ထိုအဘိုးအိုသည် ကရုဏာကျောင်းတော်၏ ကျောင်းထိုင် ဆရာတော်ဖြစ်ပြီး ဘွဲ့အမည်မှာ ဆရာတော်ချင်းချီဖြစ်သည်။ သူသည် ဗုဒ္ဓရောင်ခြည်များ ဖြန့်ကျက်ရသည်ကိုနှစ်သက်ပြီး သူတပါးကိစ္စ ဝင်ပါရသည်ကိုဝါသနာပါကာ မကောင်းမှုကို ကောင်းမှုဖြင့်တုံ့ပြန်တတ်သော လူကောင်းကြီးဖြစ်သည်။ သို့ဖြစ်ရာ ခြွင်းချက်မရှိ သူမအမုန်းဆုံး လူတစ်ယောက်လည်းဖြစ်သည်။
သူမရှေ့မှ ဆရာတော်ချင်းချီ၏ခန္ဓာကိုယ်မှ ရွှေရောင်အ လင်းတန်းများသည် မှိန်ဖျဖျထွက်ပေါ်နေသည်။ သူ့အနားတွင်ရှိနေခြင်းက သူမကို ပိုမိုတည်ငြိမ်အေးချမ်းသွားစေ သည်။ ဤခံစားချက်ကို အတုလုပ်၍မရနိုင်ပေ။ ဤသည်မှာ အစစ်အမှန်ဖြစ်သည်။
"အောမီထောဖော... ဒကာမလေး၊ ဂိုဏ်းသားတွေ ပျောက်ဆုံးနေတာကို လာစုံစမ်းတာလား"
ကျီချောင်ချင်က မျက်မှောင်ကြုတ်လိုက်သည်။
"အဘိုးကြီး... ရှင်ကဘယ်လိုလုပ်ပြီး ကျွန်မ သူငယ်ချင်းရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲရောက်နေတာလဲ"
ဆရာတော်ချင်းချီက အနည်းငယ်ပြုံးလိုက်သည်။
"ဘုန်းကြီးလည်းမသိပါဘူး၊ ခုနက ကောင်းကင်ဘုံလမ်းစဉ်မှာ တစုံတရာမှားယွင်းနေတာကိုအာရုံခံမိလို့ လာကြည့်တာ၊ ဒကာမလေးသူငယ်ချင်းရဲ့စိတ်ကူးယဉ်ကမ္ဘာဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"
ကျီချောင်ချင်တွင် စကားဖောင်ဖွဲ့နေရန်အချိန်မရှိသဖြင့် တိုတိုတုတ်တုတ်ပင်မေးလိုက်သည်။
"လမ်းမှာ ကျွန်မသူငယ်ချင်းကိုတွေ့မိလား၊ ကျွန်မရှာမတွေ့လို့"
ဆရာတော်ချင်းချီသည် အနည်းငယ်အံ့သြသွားသည်။
"အဖြူရောင်၀တ်ထားတဲ့ လူငယ်လေးကို ပြောတာလား"
"ဟုတ်တယ်... ရှင်တွေ့လိုက်လား"
ဆရာတော်ချင်းချီက ပြုံးလိုက်သည်။
"အောမီထောဖော... သူက ဒကာမလေးရဲ့နောက်မှာ ရှိနေတာ မဟုတ်ဘူးလား"
ကျီချောင်ချင် ရုတ်တရက်ကျောချမ်းသွားသည်။ သူမ ချက်ချင်းလှည့်ကြည့်လိုက်သောအခါ ရှန်ကျွင်းသည် သူမကို ခံစားချက်မဲ့စွာစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဤထူထပ်သောမြူများကြားတွင် သူ့မျက်နှာသည် ထူးဆန်းစွာလှပနေသည်။
သူမတို့နှစ်ယောက်သား အလွန်နီးကပ်နေကြသည်။ ကျီချောင်ချင် လှည့်လိုက်သည့်အချိန်တွင် သူမ၏ နဖူးနှင့် သူ့မေးစေ့တိုက်မိလုနီးပါးဖြစ်သွားသည်။
ကျီချောင်ချင် နောက်သို့ခြေနှစ်လှမ်းအမြန်ဆုတ်လိုက်သည်။ အင်မော်တယ်ကြိုး အဘယ့်ကြောင့် တုံ့ပြန်မှုမရှိသည်မှာမဆန်းတော့ပေ။ သူမတို့ ဤမျှလောက်နီးကပ်နေမှတော့ ကြိုးသည်တုံ့ပြန်မှုမရှိခြင်းဖြစ်သည်။
"ရှန်ကျွင်း... ရှင်က ဘာလို့အသံမထွက်ဘဲ လမ်းလျှောက်နေရတာလဲ"
ရှန်ကျွင်းသည် သူမကိုပြန်မဖြေဘဲ ခံစားချက်မဲ့စွာ စိုက်ကြည့်နေဆဲဖြစ်သည်။ သူ့အကြည့်အောက်တွင် ကျီချောင်ချင် ကျောထဲစိမ့်သွားပြီး အလိုအလျောက် ခြေလှမ်းအနည်း ငယ်ထပ်ဆုတ်လိုက်မိသည်။
"အဘိုးကြီး... သူက ကျွန်မသူငယ်ချင်းအစစ်ပါ၊ ဒါပေမဲ့ သူဘာဖြစ်နေတာလဲ၊ ကျွန်မ စိတ်ကူးယဉ်ကမ္ဘာထဲပိတ်မိနေတုန်းကနဲ့ ဘာလို့မတူရတာလဲ၊ သူကြည့်ရတာ ဘာလို့တုံးအအဖြစ်နေတာလဲ"
ဆရာတော်ချင်းချီ၏ အကြည့်များက အရာအားလုံးကိုဖောက်ထွင်းမြင်နေရသကဲ့သို့ရှိသည်။
"သူက သူဘယ်ကလာမှန်းမသိသလို ဘာလို့ဒီကိုရောက်လာမှန်းမသိဘဲ ဒီပရမ်းပတာချောက်နက်ကြီးထဲမှာပိတ်မိနေပြီး ရုန်းမထွက်နိုင်ဖြစ်နေလို့များလား"
ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို သူ့ကို ဘယ်လိုကယ်ရမလဲ"
ဆရာတော်ချင်းချီက ကျီချောင်ချင်ကိုကြည့်လိုက်သည်။
"ဒါကတော့ ဒကာမလေးပေါ်မှာပဲမူတည်ပါတယ်၊ ဒကာမလေးက သူ့ရဲ့ရေစက်ပါသူလေ"
ကျီချောင်ချင် နားလည်လိုက်သည်။ ထို့နောက် ကောင်းကင်သို့မော့ကြည့်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။
"မြေခွေးမိစ္ဆာမ... ထွက်လာခဲ့စမ်းပါ! ရှန်ကျွင်းနဲ့ ဂိုဏ်းသားတွေကို အခုချက်ချင်း လာပေးစမ်း!
ဆရာတော်ချင်းချီသည် ကျီချောင်ချင်အား ကမန်းကတန်းတားဆီးလိုက်သည်။
"ဒကာမလေး... ဒကာမလေး... အဲဒီလိုမဟုတ်ဘူးလေ၊ ဘုန်းကြီးက ဒကာမလေးက သူ့ရဲ့ရေစက်ပါသူလို့ပြောတာက ဒကာမလေးတစ်ယောက်တည်း သူ့ရဲ့စိတ်ကူးယဉ် အာရုံမှားမှုထဲဝင်နိုင်ခဲ့လို့ပါ၊ ဒါက ကံတရားရဲ့အလိုတော်အတိုင်းပဲ၊ ဒါကြောင့် ဒကာမလေးကပဲသူ့ကိုနှိုးနိုင်မှာပါ"
ကျီချောင်ချင်သည် အဘိုးကြီး၏စကားရှည်နေမှုကို စိတ်အနှောင့်အယှက်ဖြစ်လာသည်။
"ရှင်လည်း ဝင်လာတာပဲ မဟုတ်ဘူးလား၊ ရှင်က သူ့ရဲ့ရေစက်ပါသူ ဖြစ်ချင်ဖြစ်နေမှာပေါ့"
ဆရာတော်ချင်းချီက သူ့မုတ်ဆိတ်ရှည်ကို ဖြည်းညှင်းစွာသပ်လိုက်သည်။
"ဘုန်းကြီးက ကောင်းကင်ဘုံအပြောင်းအလဲတွေကြောင့် ဒီကိုရောက်လာတာ၊ ဒါက ရည်ရွယ်ချက်နဲ့ လာတာလေ၊ ဒကာမလေးကတော့ ရည်ရွယ်ချက်မရှိဘဲရောက်လာတာ"
ကျီချောင်ချင် မထီမဲ့မြင်ပြုလိုက်ပြီး သူမ လက်ကောက် ဝတ်ကိုမြှောက်ပြလိုက်သည်။
"ရှင်မှားသွားပြီ၊ ကျွန်မက ဒီကြိုးကြောင့်ရောက်လာတာ၊ အင်မော်တယ်ကြိုးသာမရှိရင် ကျွန်မလည်းဝင်လာလို့ရမှာမဟုတ်ဘူး"
ဆရာတော်ချင်းချီက ကျီချောင်ချင်၏ လက်ကောက်ဝတ်ကို ညင်သာစွာဖိချလိုက်သည်။
"သြော်... ဒီမြေခွေးမိစ္ဆာက နှစ်ငါးရာတောင်ကျင့်ကြံထားတာလေ၊ သူ့စွမ်းအားကသာမန်မဟုတ်ဘူး၊ ဒီလောက်စွမ်းအားကြီးတဲ့စိတ်ကူးယဉ်နယ်မြေထဲကို သာမန်ကြိုးလေးတစ်ချောင်းနဲ့ဝင်လို့ရမယ်လို့ ဒကာမလေးထင်နေတာလား"
ကျီချောင်ချင် စကားပြန်မပြောနိုင်တော့ဘဲ ရှန်ကျွင်း၏ ကော်လံစကိုဆွဲကိုင်လိုက်သည်။
"ရှင်ကပြောတော့ ကျွန်မက သူ့ရဲ့ရေစက်ပါသူဆို၊ ဘယ်လိုလုပ်ရေစက်ပါတာလဲ၊ ဒီအတိုင်း သူ့ကိုနှိုးလိုက်ရုံနဲ့ ရမှာလား"
ကျီချောင်ချင်သည် ရှန်ကျွင်းအနားသို့ကပ်သွားပြီး နားနားကပ်ကာအော်လိုက်သည်။
"ရှန်ကျွင်း! ရှင် နိုးထစမ်း!"
ရှန်ကျွင်း လုံးဝမလှုပ်ရှားပဲ ကျောက်ရုပ်တစ်ရုပ်ပမာတောင့်တင်းနေဆဲဖြစ်သည်။ ကျီချောင်ချင်သည် အတွေးထဲနစ်မြောနေပုံရသော ဆရာတော်ချင်းချီကိုကြည့်လိုက်ပြီး မကောင်းသောအကြံတစ်ခုရသွားသည်။
"ကျွန်မကတော့ အစွမ်းကုန်ကြိုးစားပြီးပြီ အဘိုးကြီး၊ ရှင်စမ်းကြည့်ပါလား၊ ရှင်က သူ့ရဲ့ရေစက်ပါသူ ဖြစ်နေနိုင်တာပဲ"
ထိုစဉ် ရုတ်တရက် ဆရာတော်ချင်းချီ ကျီချောင်ချင်ကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
ဝုန်း...
ကျီချောင်ချင်သည် နောက်သို့အမြန်ရှောင်လိုက်သည်။ ရှန်ကျွင်းက ငူငူငိုင်ငိုင်ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူမ ရှေ့သို့ခြေတစ်လှမ်းတိုးပြီးအော်လိုက်သည်။
"အဘိုးကြီး! ရှင်ဘာလုပ်တာလဲ"
ဆရာတော်ချင်းချီသည် နာမည်နှင့်လိုက်အောင် နေထိုင်သူဖြစ်သည်။ သူသည် မကောင်းဆိုးဝါးများကိုတိုက်ခိုက်သည့် စစ်ပွဲကာလအတွင်း နတ်ဝိဉာဉ်အဆင့်နှောင်းပိုင်းသို့ရောက်ရှိနေပြီဖြစ်ကာ မိစ္ဆာဘုရင်နှင့်ပင်ယှဉ်ပြိုင်နိုင်သူဖြစ်သည်။
သို့သော် ကရုဏာကျောင်းတော်ကို မိစ္ဆာများလာရောက်ရန်စသည့်အခါ ဆရာတော်ချင်းချီသည် ရွှေရောင်ခေါင်းလောင်းပုံအကာအကွယ်ဖြင့် ကျောင်းတော်ဝန်းကျင်ကို ကာကွယ်ရုံသာကာကွယ်လိုက်သည်။ ထို့နောက် မိစ္ဆာများဖြတ်သွားရမည့် လမ်းတွင်စောင့်နေပြီး မိစ္ဆာများကိုတရားဟောလေသည်။
မိစ္ဆာများမှာ ဤကဲ့သို့လူမျိုးကို တစ်ခါမျှမကြုံဖူးကြပေ။ သူ့ကိုလည်းမနိုင်သည့်အပြင် သူကလည်း မိစ္ဆာဘုရင်ကိုတရားဟောရန်အတွက် မိစ္ဆာနယ်မြေထဲအထိ အတင်းလိုက်လာသည်။ သူသည် နောက်ပိုင်းတွင် မိစ္ဆာနယ်မြေ၌ သုံးရက်ကြာသီတင်းသုံးခဲ့သဖြင့်အဆုံးတွင် မိစ္ဆာဘုရင်သည်းမခံနိုင်တော့ဘဲ အစွမ်းကုန်သုံး၍ ဆရာတော်ချင်းချီကိုမောင်းထုတ်လိုက်ရလေသည်။
သူလူသတ်သည့်အခါ မည်သို့သောပုံစံဖြစ်နေမည်ကို ကျီချောင်ချင် စိတ်ကူးပင်မကြည့်ရဲပေ။ ဆရာတော်ချင်းချီက စကားမပြောဘဲ နောက်ထပ် လက်ဝါးတစ်ချက်ထပ်ရိုက်လိုက်သည်။
ကျီချောင်ချင်သည် ရှန်ကျွင်းကိုဆွဲ၍ နောက်သို့ ရှောင်လိုက်သည်။ သို့သော် ဆရာတော်ချင်းချီသည် မဟာအောင်မြင်ခြင်းအဆင့်အစောပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ နတ်ဘုရားတစ်ပါးဖြစ်လုနီးပါး စွမ်းအားရှိသူဖြစ်ပြီး ကျီချောင်ချင်အနေဖြင့် ပြန်လည်တိုက်ခိုက်ရန်စွမ်းအားမရှိပေ။
သူမ ပြင်းထန်စွာရုန်းကန်ပြီးနောက် ဆရာတော်ချင်းချီသည် စိတ်ရှည်သည်းခံနိုင်စွမ်းကုန်ဆုံးသွားပုံရပြီး ကျီချောင်ချင်အား အစွမ်းကုန်တိုက်ခိုက်လိုက်တော့သည်။
ထိုအခြေအနေကို မြင်သောအခါ ကျီချောင်ချင်လည်း ဒေါသစိတ်များဝင်ရောက်လာသည်။
"ရှင် တကယ်ပဲ ကျွန်မကိုသတ်ချင်တာပေါ့လေ၊ ဒီနေ့ ဒီမှာသေရတာ အရမ်းမတရားလွန်းတော့ ကျွန်မတို့ အတူတူသေကြတာပေါ့"
ရုတ်တရက်ပင် ရှန်ကျွင်းသည် မျက်လုံးများကိုပင့်ကြည့်လာသည်။ သူသည် ယခင်ကလိုရှုပ်ထွေးမှုများမရှိတော့ဘဲ ကြည်လင်နေသည်။ ကမ္ဘာလောကကြီးထဲမှ မြူများကွဲသွားပြီး ပတ်ဝန်းကျင်အခြေအနေသည် ဝင်ပေါက်များစွာဖြင့်ပြည့်နှက်နေကာထွက်ပေါက်ရှာမရနိုင်သော မည်းမှောင်သည့် ကျောက်ဂူတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
သူသည် ကျီချောင်ချင်၏ခွင်းလွန်ဓားကိုလှမ်းယူလိုက်သည်။ ရှန်ကျွင်းသည် ခွင်းလွန်ဓားကိုကိုင်လိုက်သည်နှင့်တပြိုင်နက် ဓားမှအလွန်အားကောင်းပြီး သန့်စင်သောဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ရှန်ကျွင်းသည် လေပေါ်သို့ခုန်တက်လိုက်ပြီး ဆရာတော်ချင်းချီ လက်ဝါးချက်ကို ဓားထိပ်ဖျားဖြင့်ရင်ဆိုင်လိုက်သည်။
ဒုန်း...