အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
🍃 Chapter 83
လူတိုင်းကစုံတွဲဟုထင်မှတ်မှားနေကြသော ကျီချောင်ချင်နှင့်ရှန်ကျွင်းတိုမှာမူ နောက်တစ်ဆင့်ဘာလုပ်ရမည်ကို အလေးအနက်ဆွေးနွေးနေကြခြင်းဖြစ်သည်။
ကျီချောင်ချင်သည် တီးတိုးပြောလိုက်သည်။
"မြေခွေးမိစ္ဆာမက အနီးအနားမှာရှိလောက်တယ်၊ မင်္ဂလာဝေါယာဉ်ကို ဒီလောက်ဗြောင်ကျကျထားခဲ့ပုံထောက်ရင် အထဲမှာချည်နှောင်ခြင်းမန္တာန်တစ်ခုခုရှိလောက်တယ်"
ရှန်ကျွင်းက ဝေါယာဉ်ကိုကြည့်လိုက်သည်။
"ဝေါယာဉ်ရဲ့ပတ်ဝန်းကျင်ကအငွေ့အသက်တွေကအေးစက်နေတယ်၊ ဒီမြေခွေးမိစ္ဆာမက သရဲမျိုးနွယ်တွေနဲ့ ပတ်သက်မှုရှိပုံရတယ်"
ကျီချောင်ချင် သူကြည့်ရာသို လိုက်ကြည့်လိုက်ပြီး တစ်စုံ တစ်ရာမှားယွင်းနေကြောင်းသတိထားမိလိုက်သည်။ ဝေါယာဉ်ကိုနတ်ဆိုးအငွေ့အသက်များက ဝန်းရံထားသည်။ သေချာသည့်အရာမှာ အထဲတွင် အငြိုးကြီးသရဲတစ်ကောင်ပုန်းနေတာဖြစ်ရမည်။ သိုမဟုတ်လျှင် ယင်စွမ်းအင် ဤမျှလောက်ပြင်းထန်စရာအကြောင်းမရှိပေ။
"အရမ်းအန္တရာယ်များတယ်၊ ရှင့်တစ်ယောက်တည်းလွှတ်လိုမဖြစ်ဘူး"
ရှန်ကျွင်း ရပ်တန့်သွားသည်။ ကျီချောင်ချင်၏ စိုးရိမ်ပူပန်မှုကစစ်မှန်ကြောင်းခံစားမိပြီး ထိုအရာမှာ မှန်ကန်သည့်လုပ် ရပ်ဟုသူထင်လိုက်သည်။ ကျီချောင်ချင်က ပေါ့ပေါ့ပါးပါးနေတတ်သည့်ပုံပေါက်သော်လည်း အမှန်တွင် သူမကအလွန်ကြင်နာတတ်သူဖြစ်သည်။
ရှန်ကျွင်းသည် ကျီချောင်ချင်၏ဖြူဖျော့နေသော မျက်နှာကိုကြည့်ပြီးပြောလိုက်သည်။
"ရပါတယ်၊ ကိုယ် တစ်ယောက်တည်းလုပ်နိုင်..."
ကျီချောင်ချင်သည် သူ့ ကိုယ်ကျိုးစွန့်ချင်တဲ့ စိတ်ဓာတ်ကိုသည်းမခံနိုင်တော့ဘဲ မျက်လုံးလှန်ကြည့်လိုက်မိသည်။
"ရှင်က ကျွန်မအတွက် လက်စားချေပေးဖို အဘိုးကြီးချင်းချီ အစား သတိုသားလုပ်လိုက်ပြီလေ၊ အခြေအနေကိုထိန်းပေးဖိုသူရှိနေမှတော့ ကျွန်မတို သိပ်စိတ်ပူစရာမလိုတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ် သူကအလကားသက်သက်တော့ အကျိုးအ မြတ်လိုချင်မှာမဟုတ်ဘူး"
ရှန်ကျွင်းနှင့် ကျီချောင်ချင်တို ဆရာတော်ချင်းချီဘက်သို လှည့်ကြည့်လိုက်ကြသည်။
တပည့်များ၏မေးခွန်းများကို ဖြေကြားပေးနေသော ဆရာတော်ချင်းချီသည် ရုတ်တရက် ကျောထဲစိမ့်သွားသည်ကိုခံစားလိုက်ရသည်။
...
ရှန်ကျွင်း မင်္ဂလာဝေါယာဉ်ထဲသိုဝင်သွားသည်ကို လူတိုင်းစောင့်ကြည့်နေကြသည်။ ထိုအချိန်တွင် ဂူအတွင်းပိုမိုမည်းမှောင်လာပြီး အေးစက်သောလေထုတစ်ခုဖြတ်သန်းတိုက် ခိုက်လာသည်။
ရုတ်တရက်ပင် ဝေါယာဉ်ဘေးတွင် စက္ကူအရုပ်ဆယ်ဂဏန်းခန့် လေထဲတွင်ပေါ်လာသည်။ စက္ကူအရုပ်များသည် ကလေးများရယ်မောနေသည့်အလား တခစ်ခစ်ရယ်မောနေကြသော် လည်း သူတိုမျက်နှာများတွင် အဘိုးအိုမျက်နှာများကိုဝေဝါးစွာ မြင်နေရသဖြင့် တောင်စောင့်မိစ္ဆာများဝင်ပူးထားသည့်ပမာထင်ရသည်။
စက္ကူအရုပ်များမှာပေါ်လာသည်နှင့် ဝေါယာဉ်ကိုထမ်းလိုက်ပြီး ဂူနက်ကြီးတစ်ခုအတွင်းသိုပျံသန်းဝင်ရောက်သွားကြသည်။
မင်္ဂလာဝေါယာဉ်အတွင်း၌ ရှန်ကျွင်းမျက်လုံးများသည် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုနေသည်။ သူသည် နံရံများတွင်ဝိညာဉ်များကို ဖမ်းချုပ်ရန်အတွက် အဆောင်လက်ဖွဲ့များကပ်ထားသည်ကိုသတိထားမိလိုက်သည်။ သူသည် စူးစမ်းချင်စိတ်ဖြင့် လှမ်းထိလိုက်သော်လည်း အဆောင်များမှ လျှပ်စီးကဲ့သို့ဝိညာဉ်စွမ်းအင်များထွက်ပေါ်လာသဖြင့် လက်ကိုပြန်ရုတ်လိုက်ရသည်။
ဤနေရာတွင် သက်ရှိသတ္တဝါတစ်ယောက်မှမရှိမှန်း သူ သိသည်။ ဒါဆို ဘာလို့ ဒီအဆောင်တွေရှိနေရတာလဲ...
သူ့လက်ကောက်ဝတ်ရှိပုတီးစေ့များမှ နွေးထွေးသောအလင်းရောင်ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်မှ တဆင့် အသံတစ်ခုတီးတိုးထွက်ပေါ်လာသည်။
"သတိထား.."
ရှန်ကျွင်းမျက်နှာနှင့် လူသည်တုန်ရီသွားပြီး သူ့လက်မောင်းသူပွတ်သပ်လိုက်ပြီး စိတ်ချင်းဆက်သွယ်ကာမေးလိုက်သည်။
"ရှန်ကျွင်း... ရှင် နည်းနည်းချမ်းနေသလိုခံစားရလား၊ ကျွန်မတော့ပိုပိုပြီး ချမ်းလာသလိုပဲ"
အမှန်တွင် ရှန်ကျွင်း မျက်နှာဖြင့်ရှိနေသူမှာ ကျီချောင်ချင်ဖြစ်သည်။ အစကတည်းက ကျီချောင်ချင်သည် ရှန်ကျွင်းကိုသတို့သားအဖြစ် ဟန်ဆောင်ခိုင်းရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ သူမသည် အထဲတွင်မည်မျှအထိ ကန့်သတ်ပိတ်ပင်ထား သည်ကိုမသိနိုင်သဖြင့် သူ့အသက်ကိုတစ်ယောက်တည်းစွန့်စားခိုင်းရန် မလိုလားပေ။
ရှန်ကျွင်းအစစ်မှာမူ ကျီချောင်ချင်လက်ကောက်ဝတ်ရှိ ပုတီးစေ့များထဲတွင်ပုန်းအောင်းနေခြင်းဖြစ်သည်။ ဤပုတီးစေ့များသည် ဆရာတော်ချင်းချီ ပေးထားသောလက်ဆောင်ဖြစ်ပြီး အပြင်ဘက်မှလူများအနေဖြင့် သူတို့၏တည်နေရာနှင့် ကြုံတွေ့နေရသောအခြေအနေများကို အမြဲသိရှိနိုင်စေရန် အစီအရင်ငယ်တစ်ခုထည့်သွင်းထားသည်။
ကျီချောင်ချင်၏လက်ကောက်ဝတ်ရှိ ဗုဒ္ဓပုတီးစေ့များမှာပိုမိုပူနွေးလာသဖြင့် သူမ သိသိသာသာနွေးထွေးသွားသည်။ သူမသည် ဤအေးစက်မှုမှာပုံမှန်မဟုတ်ကြောင်း အလိုအ လျောက်ခံစားမိသော်လည်း ပတ်ဝန်းကျင်ကိုလေ့လာကြည့်သည့်အခါ မည်သည့်အရာမျှ မှားယွင်းနေကြောင်းရှာမတွေ့ပေ။ ဖြစ်နိုင်သည့်အရာမှာ အပြင်ဘက်ရှိနတ်ဆိုးလေးများက သူမကို မသိသောနေရာတစ်ခုသို့ သယ်ဆောင်သွားခြင်းဖြစ်နိုင်သည်။
ကျီချောင်ချင်သည် ထိုသို့တွေးမိပြီး ပြောလိုက်သည်။
"ဒီပုတီးစေ့တွေက ပုံမှန်ဆိုရင်အေးနေတတ်တာ၊ အခုမှ ပထမဆုံးအကြိမ်ပူလာတာပဲ၊ ရှန်ကျွင်း... ရှင် အရမ်းကြင်နာတက်တာပဲ၊ ရှင်သာ လူပျိုကြီးလုပ်မယ့် သူ မဟုတ်ရင် ကျွန်မ ရှင့်ကို သေချာပေါက်လက်ထပ်မိမှာပဲ"
ရှန်ကျွင်း မျက်နှာသည် ကျီချောင်ချင် မမြင်နိုင်သော်လည်း ချက်ချင်းရဲတက်သွားပြီး ပုတီးစေ့ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်ပေးနေသော သူ့လက်များ အနည်းငယ်တုန်သွားသည်။
ကျီချောင်ချင်သည် ပုတီးစေ့များအေးသွားသည်ကို ခံစားလိုက်ရသဖြင့် အမြန်ပြောလိုက်သည်။
"ကဲပါ... ကဲပါ... ကျွန်မ ရှင့်ကိုမစတော့ပါဘူး၊ မရပ်လိုက်နဲ့... ဒီမှာ တကယ်ကြီးအေးလို့ပါဆို"
ချက်ချင်းပင် ပုတီးစေ့များပြန်လည်နွေးထွေးလာသည်။ ထိုအခြေအနေကိုမြင်သောအခါ အပြင်ဘက်ရှိဂိုဏ်းသားများက ဆရာတော်ချင်းချီကို မနေနိုင်ဘဲ ထပ်မေးကြသည်။
"ဆရာတော်... ဒါက တကယ်ပဲ အရင်တုန်းကစစ်နတ်ဘုရား ကျီချောင်ချင်ရော ဟုတ်ရဲ့လား"
၎င်းတို့မြင်နေရသော ကျီချောင်ချင်သည် ထူးကဲသောဉာဏ် ပညာရှိခြင်း၊ အစီအရင်များ၌ ကျွမ်းကျင်ခြင်း၊ ဗျူဟာမြောက်စီမံကိန်းများ ချမှတ်နိုင်ခြင်းတို့ ရှိသော်လည်း တစ်ဖက်တွင်မူ သူမသည် အကျင့်ပျက်ပြီးကလူမြူဆွယ်တတ်ကာ ယခုအခါ လေးစားဖွယ်ကောင်းသောအမျိုးသားကိုပင် နှောင့်ယှက်နေသည်။
သူမသည် သူရဲဘောကြောင်ပြီး၊ အအေးဒဏ်ကိုလည်းကြောက်တက်ကာ သွေးခဏခဏအန်တတ်ပြီး အဓိပ္ပာယ်မရှိသောစကားများလည်းပြောတတ်သည်။ မျိုးနွယ်စုသုံးခုကို တစ်ယောက်တည်း တံဆိပ်ခတ်ပိတ်လှောင်ခဲ့သူမှာ သူမ ဖြစ်သည်ဟုယုံကြည်ရန် တကယ့်ကိုခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က ကျီချောင်ချင်သည် ဓားနှစ်လက်ကိုကိုင်စွဲကာ နတ်ဆိုးလမ်းစဉ်ထဲသို့ တစ်ကိုယ်တော်ဝင်ထွက်သွားလာပြီး မရေမတွက်နိုင်သောဂိုဏ်းသားများကို ဘေးဒုက္ခများမှ ကယ်တင်ပေးခဲ့သည်။
အေးစက်သောအငွေ့အသက်ဆိုသည်ကိုအသာထား၊ မိစ္ဆာများ၏ခုတ်ထစ်ခြင်းကို ခံရ၍ တစ်ကိုယ်လုံးအနာတရဖြစ်နေချိန်တွင်ပင် ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ အခြားတပည့်များကို လေ့ကျင့်ရေးအတွက် ရှင်းလင်းစွာညွှန်ကြားနိုင်ခဲ့သည်။ ထိုစဉ်က သူမသည် နာကျင်ခြင်း၊ အေးစက်ခြင်းတို့အတွက် ညည်းညူသံတစ်ခွန်းမျှမထွက်ခဲ့ဘဲ နတ်ဘုရားတစ်ပါးကဲ့သို့သောပုံရိပ်ရှိခဲ့သည်။
ဆရာတော်ချင်းချီက ဖြည်းညှင်းစွာပြောသည်။
"ကလေးတို့... ဘုန်းကြီးက အဲဒီတုန်းက မိစ္ဆာစစ်ပွဲမှာ ပါဝင်ခဲ့ဖူးတော့ ဒကာတို့ဘာပြောနေတယ်ဆိုတာ သိပါတယ်"
ဆရာတော်ချင်းချီက ခေတ္တရပ်လိုက်ပြီး "ဂိုဏ်းပေါင်းစုံရဲ့ ခေါင်းဆောင်ဖြစ်တဲ့ထျန်းရွှမ်ဂိုဏ်းက ကျီချောင်ချင်ရဲ့ဆရာက ဒဏ်ရာပြင်းထန်စွာရထားပြီး မတိုက်ခိုက်နိုင်တော့ဘူး၊ သူမရဲ့ စီနီယာအစ်ကိုချန်ဝမ်ရှန်းကလည်း သရဲမျိုးနွယ်တွေရဲ့လိုက်လံတိုက်ခိုက်ခြင်းကိုခံရပြီး ဘယ်ရောက်နေမှန်းမသိရဘူး၊ အဲဒီအချိန်က ထျန်းရွှမ်ဂိုဏ်းရဲ့စီနီယာအစ်ကို ကျိုးကျွင်းလန်ကလည်း အားကိုးမရဘူး၊ အရာအားလုံး သူမပခုံးပေါ်ပဲကျရောက်နေခဲ့တာ၊ သူက နာကျင်မှုကိုထုတ်မပြောချင်လို့မဟုတ်ဘူး၊ ထုတ်ပြောလို့မရခဲ့လို့ပါ"
ထိုအချိန်က ကျီချောင်ချင်သည် တစ်ကောင်ကြွက်ဖြစ်နေပြီး အင်အားစုအမျိုးမျိုး၏ဖိအားပေးမှုကြောင့် စိတ်ပျက်အား ငယ်မှု၏အစွန်းဆုံးသိုရောက်နေခဲ့သည်။ သိုမဟုတ်ပါက သူမသည် ပြိုင်ဘက်သုံးဦးကို တစ်ယောက်တည်းတိုက်ခိုက်ပြီး သူမတစ်ယောက်တည်းစွမ်းအားဖြင့် စစ်ပွဲကိုအဆုံးသတ် နိုင်ခဲ့မည်မဟုတ်ပေ။ သူမသည် မိမိကိုယ်ကို ဖျက်ဆီးမည့်လမ်းကြောင်းပေါ်သို ဦးတည်နေခဲ့ခြင်းဖြစ်သည်။
ဂိုဏ်းသားများက သနားသောမျက်လုံးများဖြင့် သူမပုံရိပ်ကိုကြည့်လိုက်ကြသည်။
ဆရာတော်ချင်းချီက ဆက်လက်မိန့်ကြားသည်။
"ဘုန်းကြီးတောင်မှ နတ်ဆိုးစွမ်းအင်တွေရဲ့ လောင်ကျွမ်းမှုကိုခံရပြီး နာကျင်ရတဲ့အချိန်၊ နတ်ဆိုးဝိညာဉ်တွေရဲ့နှောင့်ယှက်မှုကို ခံရတဲ့အချိန်တွေမှာ မကြောက်ဘူးလိုမပြောနိုင်ပါဘူး"
လူအုပ်ကြီးသည် ဆရာတော်ချင်းချီ၏စကားကို နားမလည်ကြပေ။ ၎င်းတိုအားလုံးက ဆရာတော်သည် ကျီချောင်ချင် မိစ္ဆာစစ်ပွဲအတွင်းခံစားခဲ့ရသောဒုက္ခများကို ရည်ညွှန်းသည်ဟုထင်မှတ်နေကြသည်။ အမှန်တွင်ဆရာတော်ချင်းချီသည် ကျီချောင်ချင် ခန္ဓာကိုယ်ထဲမှ အစီအရင်ဗဟိုချက်အကြောင်းကို ပြောနေခြင်းဖြစ်သည်ကို သူတိုမသိကြပေ။
ကျီချောင်ချင်သည် နှစ်ပေါင်းတစ်ရာအတွင်းအစီအရင် ဗဟိုချက်အကြောင်းကို ထျန်းရွှမ်ဂိုဏ်းရှိ နောင်တချောက် ကမ်းပါးတွင် တစ်ကြိမ်သာထုတ်ပြောခဲ့ဖူးပြီး လီမင်လော့မှလွဲ၍ ကြားလိုက်ရသူ အားလုံးသေဆုံးသွားခဲ့ကြသည်။ ဤကမ္ဘာလောကတွင် အစီအရင်ရှိကြောင်း သိသူအလွန်နည်းပါးသည်။
ထိုအချိန်တွင် ကျိုးကျီအန်းက မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
"ဒါပေမဲ့ ဆရာတော်... သူက ထျန်းရွှမ်ဂိုဏ်းက လူအများကြီးကိုသတ်ခဲ့တာလေ၊ သူ့အသက်နဲ့ ပြန်ပေးဆပ်သင့်တယ်မဟုတ်ဘူးလား"
ဆရာတော်ချင်းချီ၏ ကြင်နာတတ်သောမျက်ဝန်းများ ကျိုးကျီအန်းအပေါ်ကျရောက်လာသည်။
"ထျန်းရွှမ်ဂိုဏ်းက လူတွေသေဆုံးရတာက သူတိုရဲ့ ကံတရားပါပဲ၊ တချိုက ကျော်ကြားမှုကိုမက်မောလို၊ တချိုက အကျိုးအမြတ်ကိုမက်မောလို၊ သူတို လိုချင်တာကို သူတိုရွေးချယ်ခဲ့ကြတာမို အကျိုးဆက်ကိုလည်း သူတိုပဲခံစားရတာပါ၊ ဒါကြောင့် ကျီချောင်ချင်က သူ့အသက်နဲ့ပြန်ပေးဆပ်သင့်တယ်ဆိုတာကတော့ လွန်လွန်းပါတယ်၊ ဒါပေမဲ့ ကျီချောင်ချင်ကအပြစ်ကင်းတယ်လိုပြောလိုလည်း လုံးဝမရဘူး၊ လူတိုင်းက မိမိရွေးချယ်တဲ့လမ်းရဲ့ အကျိုးဆက်ကို မိမိသာခံစားရမှာဖြစ်ပြီး ဘုန်းကြီးတိုလိုပြင်ပလူတွေက ဝင်စွက်ဖက်လိုမရဘူးလိုပဲ ပြောရမှာပဲ"
🍃 Chapter 84
အမှန်တွင် အချိုဂိုဏ်းသားများသည်ငယ်ရွယ်ကြသော် လည်း ကျီချောင်ချင် သတ်ဖြတ်ခဲ့သူအများစုမှာ ရည်မှန်း ချက်ကြီးပြီး ဉာဏ်နီဉာဏ်နက်များသူများဖြစ်သဖြင့် နှမြောတသဖြစ်စရာမလိုကြောင်းကို သူတို၏မိသားစုများက အရိပ်အမြွက်ပြောပြထားဖူးသည်။
သိုသော် သူတိုသည် ထိုစကားများကိုအသံထွက်ပြောရဲခြင်းမရှိပေ။ မည်သိုပင်ဖြစ်စေ ဖြောင့်မတ်လမ်းစဉ်သည် ဖြောင့် မတ်သောလမ်းစဉ်သာဖြစ်သည်။ ၎င်း၏ဂုဏ်သိက္ခာနှင့် ခမ်းနားထည်ဝါမှုသည် မျှော်လင့်ထားသည့်အတိုင်းဖြစ်ရမည်ဖြစ်ပြီး လူသတ်လျှင်ပင် ခိုင်လုံသောအကြောင်းပြချက်ရှိသင့်သည်။ ကျီချောင်ချင်၏ မဆင်မခြင်သတ်ဖြတ်မှုများသည်တော့ ရူးသွပ်မှုသက်သက်သာဖြစ်သည်။
ဆရာတော်ချင်းချီမှာ တစ်စုံတစ်ခုပြောရန်ပြင်လိုက်စဉ် တစ်ဖက်ရှိအစီအရင်သည် သူတိုနှင့် အဆက်အသွယ်ပြတ်တောက်သွားသည်။ ဂိုဏ်းသားများ ဇဝေဇဝါဖြစ်နေစဉ် ဆရာတော်ချင်းချီက တိတ်တဆိတ် ရယ်မောလိုက်သည်။
ယခုအချိန်တွင် ကျီချောင်ချင်သည် အစီအရင်ကို ယာယီဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ သူမသည် မည်သူမျှ ကြည့်မနေတော့သည့်အချိန်တွင် သူမ သိုလှောင်အိတ်ထဲမှ မှန်တစ်ချပ်ကိုထုတ်ယူလိုက်ပြီး ရှန်ကျွင်းအားပြောလိုက်သည်။
"ကျွန်မ အတည်ပြောတာ၊ ဘယ်လိုပဲပြောပြော ရှင့်လိုမျက်နှာမျိုးက ဒီကမ္ဘာမှာရှားတယ်၊ ကျွန်မတိုက လိုက်ဖက်ညီတဲ့စုံတွဲပဲ..."
ကျီချောင်ချင်၏စကားမှာ ရုတ်တရက်ရပ်တန့်သွားသည်။ ရှန်ကျွင်းသည် အပြင်ဘက်ကိုလေ့လာနေသော်လည်း မည်သည့်အရာမှ ထူးခြားတာမတွေ့ရပေ။
"ဘာဖြစ်လိုလဲ"
ကျီချောင်ချင်၏မျက်လုံးများက သူမရှေ့ရှိမှန်ကို စိုက်ကြည့်နေပြီး သူမမျက်နှာထားမှာ အလွန်တည်ငြိမ်လေးနက်နေသည်။ မှန်သည် သာမန်မှန်တစ်ချပ်သာဖြစ်သည်။ မှန်ထဲတွင်ပေါ်နေသော မင်္ဂလာဝေါယာဉ်ပုံရိပ်မှာ အနည်းငယ်မှိန်နေပြီး ရှန်ကျွင်းအဖြစ်ရုပ်ဖျက်ထားသော ကျီချောင်ချင်မှာလည်း အနည်းငယ်ဝေဝါးနေသည်။ သိုသော် ဝေဝါးနေသည့်ကြားမှပင် သူမ၏နောက်ကျောဘက်တွင် လူတစ်ယောက်ထိုင်နေကြောင်းကို ရှင်းလင်းစွာမြင်တွေ့နေရသည်။
ထိုလူသည် မျက်လုံးများမှိတ်ထားပြီး အသားအရေများဖြူဖျော့ကာ နှုတ်ခမ်းများပြာနှမ်းနေသည်။ သူ့ကိုကြည့်ရသည်မှာ သေဆုံးနေသည်မှာကြာပြီဖြစ်သော အလောင်း ကောင်တစ်ခုသာဖြစ်သည်။
ကျီချောင်ချင်သည် သူမအနေအထားအရကြည့်လျှင် လက်ရှိတွင် ထိုအလောင်းကောင်၏ပေါင်ပေါ်၌ ထိုင်မိလျက်သားဖြစ်နေသည်။ သိုသော် ကျီချောင်ချင်သည် ဘာမှမခံစားရပေ။
အကယ်၍သာ သူမ မတော်တဆမှန်ထုတ်မကြည့်မိပါက ဝေါယာဉ်ထဲတွင် လူသေကောင်တစ်ကောင်ရှိနေသည်ကို သိရှိလိမ့်မည်မဟုတ်ပေ။
ဘာလို အေးနေလဲဆိုတာမဆန်းတော့ဘူး၊ လူသေကောင်က သူမရဲ့အသက်စွမ်းအင်တွေကိုစုပ်ယူနေလိုကို...
ကျီချောင်ချင် ရွံရှာသွားသည်။ သူမသည် ထိုအလောင်း ကောင်၏ဘေးသို့ ရွှေ့ထိုင်လိုက်ရာ ချက်ချင်းအအေးဒဏ်မှာသိသိသာသာ လျော့နည်းသွားသည်။
"ဒီမင်္ဂလာဝေါယာဉ်ထဲမှာ အကောင်လေးတစ်ကောင်ရှိနေတာကို ကျွန်မတို့နှစ်ယောက်လုံးသတိမထားမိကြဘူးပဲ"
ကျီချောင်ချင်၏လက်ကောက်ဝတ်ရှိ ပုတီးစေ့များ ချက်ချင်းတုန်ခါလာသည်။ သူမက ပုတီးစေ့များကို လက်ဖြင့်ဖိထားလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒီအကောင်လေးကသေနေပါပြီ၊ ကျွန်မကို ဘာမှမလုပ်နိုင်ပါဘူး"
ထို့နောက် ကျီချောင်ချင်သည် မှန်ကို အလောင်းကောင်ထံသို့ချိန်ပြီး အနီးကပ်လေ့လာရန် ပြင်လိုက်စဉ် အလောင်းကောင် ၏မျက်လုံးများက သူမကို တည့်တည့်စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူ့မျက်နှာထားမှာ ရက်စက်ကြမ်းကြုတ်နေပြီး သူမကို အရှင်လတ်လတ်ဝါးစားချင်နေသလိုထင်ရသည်။
ကျီချောင်ချင် "...အစ်ကိုကြီး၊ ဒါကတော့ နည်းနည်း အားနာစရာကောင်းနေ"
သူမ စကားမဆုံးခင်မှာပင် မင်္ဂလာဝေါယာဉ်မှာ ရုတ်တရက်ပေါက်ကွဲသွားသည်။
ဝုန်း...
ကျီချောင်ချင် လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ထောင့်တစ်နေရာသို့ ချက်ချင်းပုန်းလိုက်သည်။
တချိန်တည်းမှာပင် ရှန်ကျွင်းသည် ပုတီးစေ့ထဲမှခုန်ထွက်လာသည်။ ဝတ်ရုံဖြူဝတ်ဆင်ထားသော သူသည် ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်စစ်သည်တစ်ပါးပမာ ကျီချောင်ချင်၏ရှေ့တွင်ရပ်ကာ ရုတ်တရက်ပေါ်လာသော မြေခွေးမိစ္ဆာမကို ကာဆီးလိုက်သည်။
မြေခွေးမိစ္ဆာမ၏မျက်လုံးများတွင် ဒေါသများပြည့်နှက်နေသည်။
"နင်တို့ ငါ့ကိုလိမ်ရဲတယ်?! ငါ့ကို လှည့်စားရဲတယ်ပေါ့!"
ရှန်ကျွင်းသည် မြေခွေးမိစ္ဆာမ၏အဆက်မပြတ် တိုက်ခိုက်မှုများကိုဂရုမစိုက်ဘဲ ကျီချောင်ချင်ကို သူ့ကျောနောက်တွင်ထားကာ လုံခြုံစွာကာကွယ်ပေးထားသည်။
ကျီချောင်ချင်လည်းအငြိမ်မနေပေ။ သူ့ လက်ထဲမှအဆောင်လက်ဖွဲများကို မြေခွေးမိစ္ဆာမထံ ပစ်ပေါက်လိုက်ပြီး တစ်ချိန်တည်းမှာပင် အစီအရင်ကိုဖွင့်ကာ ဆရာတော်ချင်းချီထံအကြောင်းကြားလိုက်သည်။
"မြန်မြန်လာခဲ့... သူ အနောက်တောင်ဘက်မိုင် ၂၀ အကွာမှာရှိနေတယ်"
ကျီချောင်ချင်၏စကားကိုကြားသောအခါ မြေခွေးမိစ္ဆာမအသိပြန်ဝင်လာသည်။ သူမသည်အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းလှည့်ထွက်ပြေးလေသည်။
"မင်း ဒီမှာပဲနေခဲ့..."
ရှန်ကျွင်းသည်ဓားကိုဆွဲထုတ်ပြီး မြေခွေးမိစ္ဆာမနောက်သို လျင်မြန်စွာလိုက်သွားလေသည်။
ကျီချောင်ချင် ခေါင်းညိတ်ရန်ပြင်လိုက်စဉ် ရုတ်တရက် နှာခေါင်းဝမှ ပူနွေးသောအရည်တစ်မျိုး စီးကျလာသည်ကိုခံစားလိုက်ရသည်။ သူမ လက်ဖြင့်သုတ်ကြည့်လိုက်ချိန် သွေးများဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
ဒီရက်ပိုင်းက အပူကန်တာများလား...
ကျီချောင်ချင်သည် ရှန်ကျွင်းထွက်သွားသည့်ဘက်သို အလိုအလျောက်လှမ်းကြည့်လိုက်ချိန် လူသူကင်းမဲ့နေသည်ကိုတွေ့လိုက်ရသဖြင့် သူမ၏အနီရောင်ဝတ်စုံလက်မောင်းဖြင့် အမြန်သုတ်ပစ်လိုက်သည်။
ရှန်ကျွင်းသာ ဒါကိုမြင်သွားရင်အကြာကြီး မျက်မှောင်ကြုတ်နေတော့မှာပဲ၊ တော်သေးတာက သူမဝတ်ထားတာကအနီရောင်ဝတ်စုံဆိုတော့ သွေးစွန်းတာကို ရှန်ကျွင်း သတိထားမိမှာမဟုတ်လောက်ဘူး...
ထိုစဉ် ကျီချောင်ချင်၏ရှေ့တည့်တည့်မှ အေးစက်သောလေတစ်ချက် ဝှေ့ခနဲတိုက်ခတ်သွားသည်။ သူမမော့ကြည့်လိုက်ရာ သူမရှေ့တစ်လက်မခန့်အကွာတွင် မြေခွေးမိစ္ဆာမရပ်နေသည်ကိုတွေ့လိုက်ရသည်။
သူတိုနှစ်ယောက် ဤမျှနီးကပ်နေသော်လည်း ကျီချောင်ချင်သည် နောက်သိုခြေတစ်လှမ်းမျှမဆုတ်လိုက်ပေ။ ထိုအစား သူမ အနည်းငယ်ပင်ပြုံးလိုက်သည်။
"မိစ္ဆာမေ့မေ့... ဘာလို ရုတ်တရက် ပြန်လှည့်လာတာလဲ၊ နှုတ်ဆက်ဖိုမေ့ခဲ့လိုလား"
မြေခွေးမိစ္ဆာမ၏ လက်သည်းများရှည်ထွက်လာပြီး သူမမျက်နှာထားမှာအလွန်အေးစက်နေသည်။
"ငါ့ခင်ပွန်းသည်က ဒဏ်ရာအပြင်းအထန်ရထားတာ၊ တကယ်လို ကျန်းမာသန်စွမ်းတဲ့အမျိုးသားခန္ဓာကိုယ်နဲ့အစားမထိုးနိုင်ရင် သူဝိညာဉ်ကွဲကြေသွားလိမ့်မယ်၊ ဒါကြောင့်မင်္ဂလာဝေါယာဉ်ထဲမှာ သိုင်းပညာမြင့်တဲ့ ယောက်ျားတစ်ယောက်ပဲစီးရမှာ၊ ဘာလို နင်ဝင်ထိုင်နေရတာလဲ!"