အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
🍃 Chapter 85
ကျီချောင်ချင် ပခုံးတွန့်ပြလိုက်သည်။
"ခန္ဓာကိုယ် လဲလှယ်တဲ့ပညာရပ်က ခန္ဓာကိုယ်တည်ဆောက်ပုံချင်းဆင်တူဖိုလိုတယ်လေ၊ နင့်ခင်ပွန်းသည်က ကျင့်ကြံသူ များဖြစ်နေမလား"
မြေခွေးမိစ္ဆာမ ငြင်းဆန်ရန်ပြင်လိုက်စဉ် ကျီချောင်ချင်ကဆက်ပြောလိုက်သည်။
"ဒါဆို နင့်ခင်ပွန်းသည်က တကယ့်ကိုလမ်းမှားလိုက်နေတဲ့သူပဲ၊ မြေခွေးမိစ္ဆာမကိုဇနီးသည်အဖြစ်တောင် တော်ကောက်ရဲတယ်ဆိုတော့လေ"
မြေခွေးမိစ္ဆာမ ငြင်းဆန်ရန်ပြင်လိုက်ပြန်သော်လည်း ကျီချောင်ချင်က စကားကိုအဆက်မပြတ်ပြောလိုက်သည်။
"ရှန်ကျွင်းနဲ့ကျင့်ကြံခြင်းနည်းလမ်း၊ ခန္ဓာကိုယ်တည်ဆောက်ပုံချင်း ဆင်တူတဲ့ကျင့်ကြံသူဆိုတော့... ငါနဲ့ခေတ်ပြိုင်တွေထဲကဖြစ်မှာပေါ့၊ ငါနဲ့ ရွယ်တူတွေထဲမှာ အတော်ဆုံးကဘယ်သူဖြစ်မလဲ..."
ကျီချောင်ချင်က သူမ ခင်ပွန်းသည် မည်သူဖြစ်ကြောင်းကို ဤမျှလွယ်ကူစွာခန့်မှန်းနိုင်လိမ့်မည်ဟု မြေခွေးမိစ္ဆာမထင်မထားခဲ့ပေ။ သူမ ချက်ချင်းဒေါသပေါက်ကွဲသွားပြီး သူမလက်ကို ကုတ်ခြစ်မည့်ပုံစံပြုလုပ်ကာ သူ အမြဲမနာလိုဖြစ်နေရသော ကျီချောင်ချင့် မျက်နှာကိုကုတ်ခြစ်ရန်ရွယ်လိုက်သည်။
သိုသော် ကျီချောင်ချင် ရုတ်တရက်သတိရသွားသည်။ "ငါ သိပြီ၊ သူက ဖုန်းလိုင်ဂိုဏ်း ဂိုဏ်းချုပ်ရဲ့ သား၊ ဂိုဏ်းရဲ့စီနီယာတပည့် ဖေးယီမင်ပဲ"
မြေခွေးမိစ္ဆာမ၏ တိုက်ခိုက်မှုများရပ်တန့်သွားပြီး
အံ့သြတကြီးမေးလိုက်သည်။
"နင်က ဘယ်လိုလုပ် သူ့အကြောင်းသိနေတာလဲ"
ကျီချောင်ချင် - "နင်က ငါဘယ်လိုသိလဲဆိုတာသိချင်နေတာလား"
မြေခွေးမိစ္ဆာမ စကားပြောရန်ပြင်လိုက်စဉ် ကျီချောင်ချင်က အသာအယာပြုံးလိုက်သည်ကို သူမတွေ့လိုက်ရသည်။
"သိချင်လား? ဒါပေမဲ့ ငါပြောပြရမှာကြောက်တယ်၊ နင်တကယ်သိချင်ရင် ငရဲသွားပြီးမှငါ့ကိုလာတောင်းပန်လိုက်လေ"
မြေခွေးမိစ္ဆာမ ဘာမှမလုပ်နိုင်ခင်မှာပင် သူမရင်ဝတည့်တည့်မှ ဓားသွားတစ်လက်ဖောက်ထွက်လာသည်။
ရွှပ်...
သူမ၏နောက်ကျောဘက်တွင် ရှန်ကျွင်းက ဓားကို အေးစက်စွာပြန်ဆွဲထုတ်လိုက်သည်။ အချိန်မီ ရောက်ရှိလာသော ဂိုဏ်းသားများဆီမှလည်း အံသြသံများထွက်ပေါ်လာသည်။
"စီနီယာကျီနဲ့ စီနီယာရှန်က တကယ့်ကို အချိတ်အဆက်မိတာပဲ"
"တစ်ယောက်က မြေခွေးမိစ္ဆာမရဲ့အာရုံကိုလွှထားပြီး နောက်တစ်ယောက်က အခွင့်အရေးရတာနဲ့ဝင်တိုက်လိုက်တာ... တကယ်မိုက်တယ်ကွာ"
"ငါက စီနီယာကျီသေတော့မယ်ထင်နေတာ၊ အခြေအနေက ပြောင်းပြန်လှန်ပစ်လိုက်မယ်လိုထင်မထားဘူး"
ရှန်ကျွင်းသည် ဂိုဏ်းသားများ၏အံသြသံများကို လျစ်လျူရှုကာ ကျီချောင်ချင်၏ဘေးသိုလျှောက်သွားလိုက်သည်။
"ဘယ်လိုနေသေးလဲ"
ကျီချောင်ချင်သည် သူမ၏ကျန်းမာရေးအခြေအနေကို မေးနေခြင်းဖြစ်ကြောင်းသိသည်။ ရှန်ကျွင်းသည် မြေခွေးမိစ္ဆာမ၏ အာရုံလွှပြောင်းမည့်အကြံအစည်ကိုကာကွယ်ရန်အတွက် အဝေးကြီးမသွားခဲ့ခြင်း ဖြစ်ပြီး သူတို၏ခန့်မှန်းချက်မှန်ကန်ခဲ့သည်။
ကျီချောင်ချင်ခေါင်းခါလိုက်ပြီး လူအုပ်ကိုဝေ့ကြည့်လိုက်သည်။ "ဆရာတော်ချင်းချီ ဘယ်ရောက်သွားလဲ"
ဂိုဏ်းသားများက ရိုသေစွာဖြေကြားလာသည်။ "ဆရာတော်ကကိစ္စလေးရှိလို့ ခဏနေရင်လာခဲ့မယ်လို့ပြောပါတယ်"
တကယ့်ကို အားကိုးမရတဲ့ဆရာတော်ပဲ!
ကျီချောင်ချင်သည် စိတ်ထဲတွင်ကျိန်ဆဲပြီးနောက် မြေပြင်ပေါ်တွင်သွေးအန်နေသော မြေခွေးမိစ္ဆာမကို ကြည့်လိုက်သည်။
"ဖေးယီမင်က ဖြောင့်မတ်မှန်ကန်တဲ့သူတစ်ယောက်ပါ၊ ဘယ်လိုလုပ် နင့်ခင်ပွန်းသည်ဖြစ်လာရတာလဲ? နင်က တော်တော်မောက်မာတဲ့မြေခွေးမိစ္ဆာမပဲ၊ သတိထားဦးဟေ့... သူသာဒီကိစ္စကိုကြားရင် မိုင်တစ်ထောင်အကွာကနေတောင် နင့်ကိုလာရှင်းပစ်လိမ့်မယ်"
ထိုစကားကိုကြားသောအခါ ချောင်ယွီရန်၏မျက်နှာတွင် အားနာသည့်အရိပ်အယောင်များပေါ်လာသည်။
"မိစ္ဆာကျီ... အဲ... စီနီယာကျီ... ဒီမြေခွေးမိစ္ဆာမက... တကယ်ပဲ ဦးလေးဖေးရဲ့ဇနီးပါ"
ကျီချောင်ချင်သည် မျက်လုံးပြူးသွားပြီး ဇာတ်လမ်းတစ်ပုဒ်ကို ဘေးကထိုင်ကြည့်နေရသူ တစ်ယောက်ပမာခံစားလိုက်ရသည်။ သူမသည် နှစ်တစ်ရာလောက်သာနောက်ကျခဲ့သော်လည်း ဤသို့စိတ်ဝင်စားစရာကောင်းသည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့သည်။
အခြားသူများလည်း အနည်းငယ်အနေခက်သွားကြသည်။ နတ်ဆိုးနှိမ်နင်းရေးစစ်ပွဲပြီးဆုံးသွားသည်မှာ နှစ်တစ်ရာကျော်ရုံသာရှိသေးသည်။ ကျင့်ကြံခြင်းကမ္ဘာတွင် အချိန်ကာလသည် ရပ်တန့်နေသကဲ့သို့သာရှိနေသည်။ စစ်ပွဲမှအသက်ရှင်ကျန်ရစ်ခဲ့သော ကျင့်ကြံသူများသည် ယခုထိရှိနေကြဆဲဖြစ်ပြီး နတ်ဆိုးလမ်းစဉ်အပေါ် ၎င်းတို့၏မုန်းတီးမှုမှာ ဖျောက်ဖျက်မရနိုင်ပေ။
သူမရှေ့ရှိကလေးများသည်လည်း နတ်ဆိုးများကို မုန်းတီးကြသော်လည်း ၎င်းတို့၏မုန်းတီးမှုသည် လူကြီးများလောက်မနက်ရှိုင်းပေ။ ကျီချောင်ချင်သည် ထိုအခြေအနေကိုသဘောပေါက်ပြီးနောက် အတော်လေးတုန်လှုပ်သွားသည်။
ဖုန်းလိုင်ဂိုဏ်း၏စီနီယာတပည့် ဖေးယီမင်သည် ငယ်စဉ်ကတည်းက ထူးချွန်သောဓားသိုင်းပညာကိုပြသခဲ့သူဖြစ်သည်။ သူသည်ဖြောင့်မတ်ကာ စည်းကမ်းရှိပြီး သူ့ခေတ်သူ့အခါက ဂိုဏ်းချုပ်နေရာကိုဆက်ခံရန် အလားအလာအရှိဆုံးသူဖြစ်သည်။ သူသည် မိစ္ဆာများနှင့်ပတ်သက်လိမ့်မည်ဟု သူမလုံးဝထင်မထားခဲ့ပေ။ သူ့အကြီးအကဲများသာသိပါက သူ့ကို တစ်စစီဆွဲဖြဲပစ်လောက်မည်။
မြေပြင်ပေါ်မှမြေခွေးမိစ္ဆာမသည် သွေးများကိုအန်ထုတ်လိုက်ပြီး သူမရှေ့မှကျင့်ကြံသူများကို အေးစက်စွာကြည့်လိုက်သည်။
"ငါ့ခင်ပွန်းနဲ့ငါက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ၊ နင်တို့ဘိုးဘေးတွေသာဝင်မရှုပ်ရင် ငါတို့ကလေးတွေတောင် နင်တို့ထက်ကြီးနေလောက်ပြီ"
သူမသည် အမှန်တကယ့်ကိုလှပလွန်းသည်။ ၎င်းသည် မြေပြင်ပေါ်တွင်လဲလျောင်းနေသည့်တိုင် အမျိုးသမီးချင်းပင်ရင်ခုန်သွားစေနိုင်သော အလှတရားကိုပိုင်ဆိုင်ထားသည်။
ကျီချောင်ချင် မေးလိုက်သည်။
"သူ အခုဘယ်မှာလဲ"
ချောင်ယွီရန်ကလည်း ဝင်ပြောသည်။
"ပြောစမ်း... ဆရာရော၊ ဂိုဏ်းချုပ်ရော၊ အကြီးအကဲတွေ အကုန်လုံး သူဘယ်မှာလဲဆိုတာသိချင်နေကြတာ၊ ဖုန်းလိုင်ဂိုဏ်းက သူ့ကိုရှာနေတာနှစ်ပေါင်းများစွာ ကြာနေပြီ"
မြေခွေးမိစ္ဆာမ၏ လှပသောမျက်ဝန်းများတွင် နာကြည်းမှုများပြည့်နှက်နေသည်။ သူမသည် ဤနေရာတွင်ရှိနေသူအားလုံးကိုမုန်းတီးပြီး အကုန်လုံးကိုသေစေချင်နေသည်။
ကျီချောင်ချင်သည် မြေခွေးမိစ္ဆာမ၏မျက်နှာထားကို မြင်လိုက်သည်နှင့် ၎င်းမှာ အသေခံတိုက်ခိုက်တော့မည်ကို ကျီချောင်ချင်သဘောပေါက်လိုက်သည်။
"အားလုံး... နောက်ဆုတ်!"
ဂိုဏ်းသားများမတုံ့ပြန်နိုင်ခင်မှာပင် မြေခွေးမိစ္ဆာမသည် လေပေါ်သို့ခုန်တက်ပြီးကုတ်ခြစ်လိုက်သည်။
ရှန်ကျွင်း လှုပ်ရှားရန်ပြင်လိုက်သော်လည်း ကျီချောင်ချင်က သူ့လက်ကိုဆွဲထားလိုက်သည်။ မြေခွေးမိစ္ဆာမသည် လူတိုင်းနှင့်အတူ အသေခံရန်ပြင်ဆင်နေခြင်းဖြစ်သဖြင့် ရှန်ကျွင်းကိုအန္တရာယ်မဖြစ်စေချင်ပေ။
သို့ဖြစ်ရာ ကျီချောင်ချင်သည် ဘာမှမစဉ်းစားတော့ပဲခွင်းလွန်ဓားကို မြေခွေးမိစ္ဆာမထံသို့ပစ်လွှတ်လိုက်သည်။
ဝုန်း...
ခွင်းလွန်ဓားသည် လက်မှလွတ်သွားသည်နှင့် တပြိုင်နက် ရုတ်တရက်ပင်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး မြေခွေးမိစ္ဆာမကိုပြင်းထန်စွာထိုးစိုက်လိုက်သည်။
ကျီချောင်ချင်သည် ခွင်းလွန်ဓား၏ပုံမှန်မဟုတ်သောတုံ့ပြန်မှုကြောင့် အနည်းငယ်အံ့သြသွားသည်။ ၎င်းသည် ပုံမှန်အားဖြင့်ဝိညာဉ်စွမ်းအင်မပါဘဲ မည်သူ့ကိုမျှအန္တရာယ်ပြုနိုင်စွမ်းမရှိသောဓားဖြစ်သည်။ ယခုမှ ဘယ်လိုလုပ်ပြီး ဒီလောက်စွမ်းအားပြင်းနေရတာလဲ?
မြေခွေးမိစ္ဆာမသည် ခွင်းလွန်ဓားကိုဖမ်းဆုပ်ရန် ကြိုးစားသော်လည်း ဝိညာဉ်စွမ်းအင်မှာပြင်းထန်လွန်းလှသည်။ သူမ ဓားထိုးမခံလိုက်ရသော်လည်း ဓား၏စွမ်းအင်ကြောင့်ဒဏ်ရာရသွားသည်။ ခွင်းလွန်ဓားသည် လေထဲတွင်ဝဲပျံနေပြီး အန္တရာယ်ကိုသတိမထားမိသောဂိုဏ်းသားတစ်ယောက်က ဓားဆီသို့ တည့်တည့်တိုးဝင်သွားမိသည်။
"အား!"
ထိုဂိုဏ်းသားမှာ နာကျင်စွာအော်ဟစ်လိုက်သည်။ ကျီချောင်ချင်လန့်သွားပြီး ဓားကိုရပ်တန့်ရန် စိတ်ချင်းဆက်သွယ်ဖို့ကြိုးစားသော်လည်း နတ်ဘုရားဓားနှင့် လုံးဝဆက်သွယ်၍မရတော့ပေ။
ရှန်ကျွင်းက ထိုဂိုဏ်းသားကို အေးစက်စွာကန်ထုတ်လိုက်သည်။ ထို့နောက် သူပြန်လှည့်ပြီး ခွင်းလွန်ဓား၏လက်ကိုင်ရိုးကိုဖမ်းဆုပ်လိုက်သည်။ ဓားသည် ရှန်ကျွင်းလက်ထဲတွင်တုန်ခါနေပြီး အချိန်မရွေးလွတ်ထွက်သွားတော့မည့်ပုံ ပေါက်နေသည်။
ရှန်ကျွင်း ဓားကိုကိုင်လိုက်သည့်အချိန်တွင် ဓားနှင့် သူ့ကိုဆက်သွယ်ပေးထားသော အငွေ့အသက်တစ်ခုကိုခံစားလိုက်ရသည်။ သူအပြည့်အဝမခံစားရခင်မှာပင် ဓားကပျံထွက်သွားချင်နေသည်ကို သတိထားမိလိုက်ပြီး ပြင်းထန်သောဓားအရှိန်အဝါကို အတင်းအကြပ်ဖိနှိပ်လိုက်ရသည်။ ခဏအကြာတွင် ခွင်းလွန်ဓားငြိမ်သက်သွားသည်။
ကျီချောင်ချင်သည် ရှန်ကျွင်းထံမှ ဓားကိုပြန်မတောင်းဘဲ မျက်မှောင်ကြုတ်ကာဓားရှည်ကိုကြည့်နေမိသည်။ ကျီချောင်ချင် ဤဓားကိုရပြီးကတည်းက ထိန်းချုပ်မရဖြစ်သွားသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။
ပထမအကြိမ်က ထျန်းရွှမ်ဂိုဏ်းမှာဖြစ်သည်။ ကျီချောင်ချင်သည် ခွင်းလွန်ဓားကိုမလိုချင်သလို ဟန်ဆောင်ပြီး ဂိုဏ်းအပေါ်တွင် ခဏလောက်ပျံဝဲနေစေခဲ့ကာ အခြားသခင်သစ်ရှာခိုင်းခဲ့သည်။ သို့သော် မထင်မှတ်စွာ ခဏအကြာတွင် သူမနှင့် အဆက်အသွယ်ပြတ်တောက်သွားသည်။ ဓားသည် တစ်ညလုံး ကောင်းကင်ပေါ်တွင်ပျံဝဲနေပြီးမှ အဆုံးတွင် သူမနှင့်ပြန်လည်ချိတ်ဆက်မိခဲ့သည်။
ဘာလို့လဲ၊ သခင်ဖြစ်တဲ့သူမက အရည်အချင်းမမီတော့လို့ သခင်သစ်ရှာချင်နေတာများလား?
🍃 Chapter 86
ရှေးခေတ်ကတည်းက အသိဉာဏ်ရှိသောဓားများမှာ သခင်ကိုသစ္စာဖောက်သည့်ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ ကျီချောင်ချင်သည် ထိုအရာကိုဒဏ္ဍာရီဟုထင်ခဲ့သော်လည်း ယခုအခါအမှန်ဖြစ်ပုံရသည်။
စဉ်းစားကြည့်ရင်လည်းဟုတ်တော့ဟုတ်တာပဲ၊
နတ်ဘုရားဓားဆိုတာ စွမ်းအားကြီးတဲ့သူနဲ့ပဲလိုက်ဖက်တာလေ၊ ခွင်းလွန်ဓားအတွက် သခင်သစ်ရှာပေးဖို့အချိန်တန်ပြီထင်တယ်...
ကျီချောင်ချင် ဝမ်းမနည်းမိပေ။ သူမသည် ငယ်စဉ်ကတည်း က သစ္စာဖောက်မှုများနှင့် ခက်ခဲသော ရွေးချယ်မှုများကိုအများကြီးကြုံတွေ့ခဲ့ရပြီးဖြစ်၍ တည်ငြိမ်သောစိတ်ထားကို မွေးမြူထားနိုင်ခဲ့သည်။ ထို့အပြင် အမြဲပြောင်းလဲနေသည့်စစ်မြေပြင်တွင် သခင်နှင့်မကိုက်ညီသော ဓားတစ်လက်ရှိနေသည်မှာ အသက်အန္တရာယ်ရှိစေနိုင်သည်။ သူမ ထိုသို့အဖြစ်မျိုးအဖြစ်ခံလို့မရပေ။
"ရှန်ကျွင်း... ကျွန်မအစား ခွင်းလွန်ဓားကိုခဏကိုင်ထားပေးပါ"
ခွင်းလွန်ဓားသွားမှ မမြင်နိုင်လောက်သောအနက်ရောင်အငွေ့အသက်တစ်ခုသည် ရှန်ကျွင်းလက်ထဲသို့ရစ်ပတ်ဝင်ရောက်သွားသည်ကို မည်သူမျှသတိမထားမိလိုက်ကြပေ။
ကျီချောင်ချင် ဒူးထောက်ထိုင်လိုက်သည်။ မြေခွေးမိစ္ဆာမ၏အသိစိတ်များမှာဝေဝါးနေပြီဖြစ်ရာ မည်သည့်ပြဿနာမျှထပ်မရှာနိုင်တော့ပေ။
ကျီချောင်ချင်က ပြောလိုက်သည်။
"မြေခွေးမိစ္ဆာမ... ဖေးယီမင်ဘယ်မှာလဲ၊ နင် သူ့ကို ကယ်ချင်ရင် သူဘယ်မှာလဲဆိုတာပြောပြ"
မြေခွေးမိစ္ဆာမ၏ မျက်လုံးများမှုန်ဝါးလာပြီး တီးတိုး ရေရွတ်လိုက်သည်။
"မဖြစ်နိုင်ဘူး၊ ငါမပြောနိုင်ဘူး..."
ကျီချောင်ချင် ဆက်ပြောလိုက်သည်။
"သူ့ဆီမှာ ငါလိုချင်တဲ့ ပစ္စည်းတစ်ခုရှိတယ်၊ ငါသူ့ကို ရှာကိုရှာရမယ်၊ ငါလိုချင်တာမရမချင်း သူ့ကိုအသေခံမှာ မဟုတ်ဘူး"
မြေခွေးမိစ္ဆာမ မျက်လုံးများပြန်လည်စူးရှလာပြီး ကျီချောင်ချင်ကိုကြည့်လိုက်သည်။
"ငါ နင့်ကိုမယုံဘူး... အင်မော်တယ်ဂိုဏ်းကလူတွေအကုန်လုံးက အတ္တကြီးပြီး သွေးအေးတဲ့ကောင်တွေချည်းပဲ"
ထိုစကားဆုံးသည်နှင့် မြေခွေးမိစ္ဆာမသည် ရုတ်တရက်လူတိုင်းအပေါ်သို့ မိစ္ဆာစွမ်းအင်များ ထုတ်သုံးလိုက်သည်။
ကျီချောင်ချင်ကို ရှန်ကျွင်းကကာကွယ်ပေးလိုက်သည်။ သူမမော့ကြည့်လိုက်သောအခါ ဤမြေခွေးမိစ္ဆာမသည်သာမန်မဟုတ်ဘဲ အမြီးကိုးချောင်းပါ ဝိညာဉ်မြေခွေးဖြစ်နေကြောင်းသိလိုက်ရသည်။
သို့သော် အကြောင်းတစ်ခုခုကြောင့် မြေခွေးမိစ္ဆာမ၏ မူလအမြီးကိုးချောင်းပြတ်တောက်သွားပြီး နှစ်ချောင်းသာကျန်တော့သည်။ ယခုအခါဓားထိုးခံရပြီး ခွင်းလွန်ဓား၏ရိုက် ချက်ကြောင့် နောက်ထပ်တစ်ချောင်းသာကျန်တော့သည်။
ထိုကျန်ရှိသော အမြီးနှစ်ချောင်းလေးနှင့်တောင် ရှန်ကျွင်းမှာ မနည်းတောင့်ခံနေရသဖြင့် သူမတွင် အမြီးကိုးချောင်းအပြည့်ရှိနေမည်ဆိုပါက သူ့စွမ်းအားကို ခန့်မှန်းလို့တောင်ရမှာမဟုတ်ပေ။
ကျီချောင်ချင်သည် သူမ၏ပြိုင်ဘက်မှာ မည်မျှ ကြောက်စရာကောင်းကြောင်း သဘောပေါက်လိုက်ပြီးအော်ဟစ်လိုက်သည်။
"ပြန်ဆုတ်ကြ!"
မြေခွေးမိစ္ဆာမက မဲ့ပြုံးပြုံးလိုက်သည်။
"ပြေးဖို့ ကြိုးစားနေတာလား၊ နင်တို့အသက်တွေထားခဲ့လိုက်စမ်း"
ကြီးမားကျယ်ပြန့်သောမြူထုကြီးမှာ သူတို့ရှေ့တွင် ပေါ်လာပြီး ပတ်ဝန်းကျင်မြင်ကွင်းတစ်ခုလုံးကို လုံးဝဖုံးကွယ်သွားစေသည်။ ဂိုဏ်းသားများမှာလန့်ဖျပ်ပြီး အော်ဟစ်လိုက်ကြသည်။
"ငါ ဘာမှ မမြင်ရတော့ဘူး!"
"ဘယ်... ဘယ်ရောက်သွားကြတာလဲ၊ ငါ့ကို တစ်ယောက် တည်းမထားခဲ့ကြပါနဲ့!"
"အမေရေ... ကြောက်တယ်လို့!"
"..."
ဆူညံသံများမှာ နေရာအနှံ့ပြည့်နှက်နေသည်။ လမ်းကြောင်းကိုဂရုတစိုက်ရှာဖွေနေသော ကျီချောင်ချင်သည် ထိုဆူညံသံများကြောင့်စိတ်တိုလာသည်။
"အားလုံး... နေရာမှာပဲနေကြ၊ လက်တွေကိုဆန့်ထုတ်ပြီး ဘေးနားမှာ လူရှိမရှိစမ်းကြည့်၊ လူတစ်ယောက်ယောက်ကိုစမ်းမိရင် လက်ချင်းချိတ်ထားပြီး လွှတ်မပေးနဲ့"
"ချန်ယွမ် ... မင်းလား?"
"ငါပါ! ငါပါကွ! မင်းအသံကိုငါမှတ်မိတယ်"
"မင်ကျစ်... ငါမင်းကို မိပြီ"
"အရူးကောင်... ငါက မင်းကိုဖမ်းမိတာကွ"
"..."
ဆူညံနေသော ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ကောင်လေးတစ်သိုက်ကြောင့် ကျီချောင်ချင်ခေါင်းကိုက်သွားသည်။ တော်သေးသည်မှာ ငိုသံများ၊ အော်သံများ ရပ်သွားသောကြောင့်ဖြစ် သည်။ သူမ စိတ်နည်းနည်း ရှုပ်သွားသော်လည်း ဆက်လက်စူးစမ်းရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ထိုစဉ် ရုတ်တရက် လက်တစ်ဖက်ကသူမလက်ကို လှမ်းဆွဲလိုက်သည်။ ထိုလက်ဖဝါးသည် ခြောက်သွေ့၍သန်မာကာ သူမ၏လက်တစ်ခုလုံးကို ဆုပ်ကိုင်ထားသည်။ နှင်းဖုံးတောင်တန်းမှလွင့်ပျံလာသော သန့်ရှင်းသည့်နှင်းစက်များကဲ့သို့ သင်းပျံ့အေးမြသောရနံ့တစ်ခုကို သူမရလိုက်သည်။
သူမ၏နှလုံးသားတစ်လုံး ရုတ်တရက်တည်ငြိမ်သွားသည်။
"ရှန်ကျွင်းလား"
"အင်း"
မြူခိုးများသည် အဆုံးအစမရှိနိုင်အောင်ဖြစ်နေပြီး ဤနေရာသည် ဂူတစ်ခုမဟုတ်တော့ပေ။ ကျီချောင်ချင်သည် နံရံတစ်ခုနှင့်မျှမတွေ့ရဘဲ အတော်ကြာ လျှောက်ခဲ့ပြီးပြီဖြစ်သည်။ သူတို့တွင် ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။ သူတို့မှာ ဂူထဲတွင်မဟုတ်တော့ခြင်း သို့မဟုတ် သူတို့အားလုံး ပုံရိပ်ယောင်အစီအရင်တစ်ခုထဲသို့ အတူတူဝင်ရောက်မိသွားခြင်းဖြစ်နိုင်သည်။
ကျီချောင်ချင်သည် ပိုဆိုးရွားသောဒုတိယအချက် ဖြစ်နိုင်သည်ဟုတွေးမိကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ရှန်ကျွင်းက ပြောသည်။
"ဒီပုံရိပ်ယောင်နယ်မြေရဲ့ သခင်ကစွမ်းအားအရမ်းကြီးတယ်၊ ကိုယ်တို့နှစ်ယောက်လုံး အစီအရင်ကိုဖွင့်လို့မရဘူး"
ထိုစကားကိုကြားသောအခါ ကျီချောင်ချင်သည် လူတိုင်းကို ထိုင်ပြီးအနားယူကြရန် ပြောလိုက်သည်။
"ဒါ ပုံရိပ်ယောင်နယ်မြေဆိုတော့ ပိုင်ရှင်ပေါ်လာမှာပဲ၊ စိတ်ရှည်ရှည်နဲ့စောင့်ကြတာပေါ့"
ရှန်ကျွင်းကဝင်မထိုင်သလို ကျီချောင်ချင်၏လက်ကိုလည်းလွှတ်မပေးပေ။ ကျီချောင်ချင်သည် ဤပုံစံမှာ ခွေးတစ်ကောင်ကို လမ်းလျှောက်ထွက်ပေးနေသည့်ပုံစံနှင့်တူနေသလို ခံစားလိုက်ရသည်။ သူမသည် မြေကြီးပေါ်တွင်ထိုင်နေပြီး ကြိုးဆွဲခေါ်ခံရသူနှင့်တူနေသည်။ ထို့ကြောင့် သူမ ရှန်ကျွင်းနှင့် ညှိနှိုင်းရန် ကြိုးစားလိုက်သည်။
"ရှန်ကျွင်း... ကျွန်မ လည်ပင်းကိုကိုင်ထားပေးလို့ရမလား၊ ဒါမှမဟုတ် ဆံပင်ကိုဖြစ်ဖြစ်ဆွဲထားပါလား"
ရှန်ကျွင်းသည် ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေပြီး ကျီချောင်ချင်၏မေးခွန်းကို ပြန်မဖြေပေ။ ကျီချောင်ချင်၏ ပခုံးများမှာ ညောင်းလာသလို ခံစားလိုက်ရသည်။
"ကျွန်မ ရှင့်ခြေထောက်ကိုဖက်ထားမယ်လေ၊ ရှင်က ရှင့်ခြေထောက်ကို လက်လို့သဘောထားလိုက်ရင်ရော?"
ရှန်ကျွင်း တိတ်ဆိတ်နေဆဲပင်။
"စီနီယာကျီ... နည်းနည်းလောက်ထိန်းသိမ်းပါဦး၊ စီနီယာ ပြောတဲ့စကားကို နားထောင်ကြည့်ဦး၊ ပုံမှန်လူက ဘယ်လက်ခံမှာလဲ"
"စီနီယာကျီက နေလို့မကောင်းဘူးလေ၊ သူက သက်တောင့်သက်သာနေချင်ရုံလေးပါ"
"ဒါဆိုလည်း ကျိုးကြောင်းဆီလျော်တဲ့ အကြံဉာဏ်ပေးလေ"
"မင်းက ကျိုးကြောင်းဆီလျော်တယ်ဆိုရင် မင်းပဲ ပေးလိုက်ပါလား"
ကျီချောင်ချင် ခေါင်းကိုက်လာသည်။
"နင်တို့ အကုန်လုံး ခဏလောက်ပါးစပ်ပိတ်ထားလို့ ရမလား"
"ကျွန်တော်အကြံပေးမယ်! စီနီယာကျီကို မြင်းစီးသိုင်းကွက်ပုံစံနေခိုင်းသင့်တယ်၊ အဲဒါဆို သူ သက်တောင့်သက်သာလည်းဖြစ်မယ်၊ သိုင်းလည်းကျင့်ပြီးသားဖြစ်မယ်လေ"
"ပေါက်ကရတွေ... စီနီယာကျီကအနားယူချင်တာကို မင်းက မြင်းစီးသိုင်းကွက်လုပ်ခိုင်းနေတယ်၊ အဲဒါ အနားယူတာလား"
"ဒါပေါ့... စီနီယာကျီက လွန်ခဲ့တဲ့နှစ်တစ်ရာကစစ်နတ်ဘုရားလေ၊ သူဆို မြင်းစီးသိုင်းကွက်လုပ်နေရင်းတောင် အိပ်ပျော်တယ်လို့ကြားဖူးတယ်၊ သူ့အတွက်တော့ အဲဒါကအနားယူတာပဲ"
"စကားမစပ်... အဲဒီတုန်းက စီနီယာကျီက..."
ရှန်ကျွင်း "တိတ်စမ်း"
တစ်ခဏချင်းမှာပင် အားလုံးတိတ်ဆိတ်သွားကြသည်။
ကျီချောင်ချင် ပြောစရာစကားပျောက်သွားသည်။ ဒီကောင်စုတ်လေးတွေ... တစ်ယောက်မှ သူမကိုမကြောက်ကြဘူးပဲ...
တစ်ချိန်တည်းမှာပင် သူမ ပျင်းရိလာသလိုခံစားလိုက်ရသည်။ သူမ မတ်တပ်ထရပ်ရန်ပြင်လိုက်စဉ် ရှန်ကျွင်းက သူမလက်ကိုလွှတ်ပေးလိုက်သည်ကို ခံစားလိုက်ရပြီး အင်မော်တယ်ကြိုးက သူတို့နှစ်ဦးကြားတွင်ပေါ်လာသည်။
ကျီချောင်ချင် ပခုံးများသက်သာသွားပြီး မြေပြင်ပေါ်သို့ပျော်ရွှင်စွာလှဲချလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ယခုလို စိတ်လျှော့လိုက်ခြင်းသည် သူမကို လုံးဝပင်ပန်းနွမ်းနယ်သွားစေပြီး သူမ ဝိညာဉ်က အနားယူချိန်လေးတစ်ခုရှာတွေ့သွားသကဲ့သို့ခံစားလိုက်ရသည်။
ကျီချောင်ချင် ဤခံစားချက်ကိုထူးဆန်းသည်ဟု ထင်လိုက်မိသည်။ သူမ၏အာရုံခံစားမှုသည် ခဏတာမျှ အားလုံးပျောက်ဆုံးသွားသကဲ့သို့ဖြစ်သွားပြီး လက်များပျော့ခွေသွားသည်။
ရုတ်တရက်ပင် ရှန်ကျွင်းက သူမလက်ကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ရာ ရေနစ်နေသူတစ်ဦးကို ရေပေါ်သို့ပြန်ဆွဲတင်ခံလိုက်ရသကဲ့သို့ ကျီချောင်ချင်လန့်နိုးလာသည်။
အစောကခံစားချက်သည် မူးယစ်ချင်စရာကောင်းသလို ကြောက်မက်ဖွယ်လည်းကောင်းလှသည်။ ကျီချောင်ချင် အမြန်ထရပ်လိုက်ပြီး ရှန်ကျွင်းလက်ကို ပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။
"ဒီမြူခိုးတွေက ထူးဆန်းတယ်!"
ထိုစကားကိုကြားသောအခါ ငြိမ်သက်နေသော ဂိုဏ်းသားများနိုးကြားသွားကြသည်။ ကျီချောင်ချင်သည် ပတ်ဝန်း ကျင်ကိုလေ့လာလိုက်ရာ နောက်တစ်စက္ကန့်တွင် ဝတ်ရုံဖြူဝတ်ဆင်ထားသောအမျိုးသားတစ်ဦး အဝေးမှ လျှောက်လာသည်ကိုတွေ့လိုက်ရသည်။
ထိုအမျိုးသားနီးကပ်လာသောအခါ သူ၏ဝတ်စားဆင်ယင်မှုကို ရှင်းလင်းစွာမြင်လိုက်ရသည်။ သူသည် ဖုန်းလိုင်ဂိုဏ်းဝတ်စုံကိုဝတ်ဆင်ထားပြီး ရှေးဟောင်းဓားတစ်လက်ကို ကျောတွင်လွယ်ထားသည်။ သူ၏ဆံနွယ်နက်များကို ဖဲပြားလေးတစ်ခုဖြင့်သာစည်းနှောင်ထားသည်။ သူသည် မိန်းမပျိုလေးများကိုဖမ်းစားနိုင်လောက်အောင် ချောမောခန့်ညားသော်လည်း သူ၏အေးစက်ပြီး မောက်မာသောအမူအရာက ချစ်ရေးဆိုမည့်သူ အားလုံးကို မောင်းထုတ်နေသကဲ့သို့ရှိသည်။ ဤအမျိုးသားမှာ ဖုန်းလိုင်ဂိုဏ်း၏စီနီယာတပည့် ဖေးယီမင်ပင် ဖြစ်သည်။
ကျီချောင်ချင် ရှေ့သို့တက်ရန်ပြင်လိုက်စဉ် ရှန်ကျွင်းကတားလိုက်သည်။
"ဒါ ပုံရိပ်ယောင်ပဲ"