အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
🍃 Chapter 87
အခြားသူ၏ ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်ရောက်သွားပါက ကိုယ်တိုင်လည်းလွယ်ကူစွာပိတ်မိသွားနိုင်သည်။ ရုတ်တရက်ပင် ဖေးယီမင်သည် သူ့ဓားရှည်ကိုမြှောက်ကာ ကျီချောင်ချင်နှင့် အခြားသူများထံသို့ တည့်တည့်ချိန်ရွယ်လိုက်သည်။ ဂိုဏ်းသားများပိုမိုတောင့်တင်းသွားပြီး တချို့ဆိုလျှင် ဖေးယီမင်ကိုရင်ဆိုင်ရန် ဓားများပင်ဆွဲထုတ်ထားကြပြီ ဖြစ်သည်။
ကျီချောင်ချင် လှည့်ကြည့်လိုက်သောအခါ သူတို့နောက်တွင် မြေခွေးမိစ္ဆာမတစ်ကောင်ကိုတွေ့လိုက်ရသည်။ ဤသည်မှာယခင်ကတွေ့ခဲ့သော မြေခွေးမိစ္ဆာများနှင့်မတူဘဲ သူမသည်ပိုမိုလှပပြီး မျက်လုံးနှင့် မျက်ခုံးများမှ ဆွဲဆောင်မှုများစွာထွက်ပေါ်နေသည်။ သူမသည် အမျိုးသားတစ်ဦးနှင့် ပရောပရည်လုပ်နေပြီး ထိုအမျိုးသား၏လက်မှာ သူမပခုံးပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။
မြေခွေးမိစ္ဆာမသည် တစ်စုံတစ်ရာကိုအာရုံခံမိသည့်အလား လှည့်ကြည့်လိုက်ရာ ဖေးယီမင်ကိုတွေ့လိုက်ရသည်။ သူမသည် သူ့ကို အပေါ်အောက်ကြည့်လိုက်ပြီးနောက် ဆွဲဆောင်မှုရှိစွာပြုံးလိုက်သည်။
"အိုး... ကျင့်ကြံသူလေး... ရှင် ဘယ်တော့မှရပ်မှာလဲ"
သူမသည် တကယ့်ကိုလှပလွန်းလှသည်။ သူမ၏ ဆွဲဆောင်မှုသည် အရိုးထဲထိစွဲနေသည့်ပမာထင်ရသည်။ သူမ၏တစ်ချက်အကြည့်က လူတစ်ယောက်ကို ကျောချမ်းသွားစေရန်လုံလောက်သည်။
ဖေးယီမင်သည် မျက်ကန်းတစ်ယောက်ကဲ့သို့ အေးစက်စွာပြောလိုက်သည်။
"မြေခွေးမိစ္ဆာမ! မင်းကို ငါသေလမ်းပို့ပေးမယ်"
ထိုစကားကို ကြားသောအခါ မြေခွေးမိစ္ဆာမသည် သူမဘေးမှ အမျိုးသားကိုပြုံးပြလိုက်သည်။
"သခင်လေး... ကြည့်ပါဦး၊ သူက ကျွန်မကို မြေခွေးမိစ္ဆာမတဲ့၊ ကျွန်မကိုကြည့်၊ ကျွန်မက မြေခွေးမိစ္ဆာမ လုံးဝ မဟုတ်ပါဘူး၊ သူသာ ကျွန်မကို ဆက်ပြီးစွပ်စွဲနေမယ်ဆိုရင် ရေကန်ထဲခုန်ချလိုက်တော့မယ်"
မြေခွေးမိစ္ဆာမသည် အလွန်လှပပြီးချစ်စရာကောင်းသည်။ ယခုအချိန်တွင် လှပသောအမျိုးသမီး၏ မျက်ရည်များဖြင့် ဝမ်းနည်းပက်လက်ဖြစ်နေပုံမှာ တကယ့်ကို သနားစရာကောင်းလှသည်။
ခဏချင်းမှာပင် လူများဝိုင်းအုံလာကြပြီး ဖေးယီမင်ကိုလက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြသည်။
"ဒီမိန်းကလေးကို အကြောင်းမဲ့သက်သက် မြေခွေးမိစ္ဆာမလို့စွပ်စွဲနေတာပဲ၊ ဒါ လွန်လွန်းတယ်"
"ကျင့်ကြံသူ... ခင်ဗျား ဗုဒ္ဓစာပေတွေမရွတ်တာက ထားပါတော့၊ ဘာလို့ ဒီမိန်းကလေးကိုအနိုင်ကျင့်နေရတာလဲ"
ဖေးယီမင်၏မျက်နှာမှာအေးစက်သွားပြီး သူ၏မိစ္ဆာဖော် ထုတ်မှန်ကိုထုတ်ကာ မြေခွေးမိစ္ဆာမထံသို့ချိန်လိုက်သည်။ မြေခွေးမိစ္ဆာမသည် ဖေးယီမင် ရုတ်တရက် ယခုလိုထလုပ်မည်ဟုထင်မထားခဲ့ပေ။ သူမသည် ရေကန်ထဲသို့တန်းခုန်ချလိုက်ပြီးမြေအောက်မြစ်ကြောင်းအတိုင်း ရေကူးထွက်သွားလေသည်။
အားလုံးက မြေခွေးမိစ္ဆာမသည် ဂုဏ်သိက္ခာကို တန်ဖိုးထားသော အမျိုးသမီးကောင်းလေးဖြစ်၍ အရှက်ကွဲခြင်းကိုသည်းမခံနိုင်ဘဲ ခုန်ချသွားသည်ဟု ထင်မှတ်ကြသည်။ အချို့က ကယ်ဆယ်ရန်ခုန်ဆင်းကြသော်လည်း မည်သည့်အရာမှရှာမတွေ့ကြပေ။
"သွားပြီ! အဲဒီကောင်မလေး မြေအောက်မြစ်ထဲမျောပါသွားလောက်ပြီ"
"သောက်ရူးကျင့်ကြံသူ... ခင်ဗျား လူသတ်လိုက်တာပဲ"
ဖေးယီမင်သည် မျက်နှာထားအေးစက်လျက် လူအုပ်ကြီး၏ ပြစ်တင်ရှုတ်ချမှုများကို လုံးဝလျစ်လျူရှုလိုက်သည်။ သူထွက်သွားရန်ပြင်လိုက်စဉ် အမှန်တရားကိုမသိသောသူများက တားဆီးလိုက်ကြသည်။
"ခင်ဗျား သွားလို့မရဘူး! ကျွန်တော်တို့နဲ့အတူ အရာရှိတွေဆီလိုက်ခဲ့ရမယ်"
"ခင်ဗျားတို့လူအုပ်ကြီးကအရူးတွေပဲ၊ အဲဒီမိန်းမက မိစ္ဆာမ၊ ခင်ဗျားတို့အကုန်လုံး ပြုစားခံထားရတာ... တကယ့်ကိုတုံးအလိုက်ကြတာ"
ဖေးယီမင်သည် ဓားရှည်ကိုဆွဲထုတ်လိုက်သော်လည်း သူသည်ကျင့်ကြံသူဖြစ်၍ သာမန်လူများကို လက်ဖျားနှင့်ပင်မထိရကြောင်း သတိရသွားသည်။ သူသည် ဒေါသကိုမြိုသိပ်ကာ လူတိုင်း၏ ရှေ့မှောက်တွင် ဓားပျံစီးပြီးပျံသန်းထွက်ခွာသွားလေသည်။
ကျီချောင်ချင်သည် ဖေးယီမင်၏အပြုအမူကို လုံးဝ သဘောမကျနိုင်ပေ။ အကယ်၍ သူ့ထံတွင်မြင့်မားသောကျင့်ကြံမှုအဆင့်မရှိပါက အရိုက်ခံရ၍ သေနေလောက်ပြီဖြစ်သည်။
နတ်ဆိုးနှိမ်နင်းရေးစစ်ပွဲအတွင်းတွင်လည်း ဤအတိုင်းပင်။ ကျီချောင်ချင်သည် ခေါင်းဆောင်ဖြစ်သော်လည်း သူမချမှတ်လိုက်သောဆုံးဖြတ်ချက်တိုင်းကို ခေါင်းမာလှသောဖေးယီမင်က မေးခွန်းထုတ်လေ့ရှိသည်။
ကံကောင်းစွာပင် ချန်ကျင်းကျစ်နှင့်ချန်ချီကျစ်တို့က ကြားဝင်ဖျန်ဖြေပေးခဲ့သဖြင့် နှစ်ယောက်သား ပြန်လည်သင့်မြတ်သွားပြီး သွေးသောက်ညီအစ်ကိုများဖြစ်သွားကြသည်။ သို့မဟုတ်ပါက ကျီချောင်ချင် သူ့ကိုသတ်ပစ်လိုက်သည်မှာ ကြာပြီဖြစ်သည်။
တောင်တန်းများကြားရှိမြစ်တစ်စင်းထဲမှ မြေခွေးမိစ္ဆာမတစ်ကောင်ပေါ်လာသည်။ သူမသည် အကြောဆန့်လိုက်ပြီး နေစာလှုံရန်သစ်ပင်ပေါ်သို့တက်အိပ်မည့်ဆဲဆဲတွင် အမျိုးသမီးတစ်ဦး မြစ်ထဲသို့ခုန်ချရန်ပြင်နေသည်ကိုတွေ့လိုက်ရသည်။
မြေခွေးမိစ္ဆာမ သတိပေးလိုက်သည်။
"မိန်းကလေး... ရေကအရမ်းနက်တယ်၊ ရေကူးဖို့
မကောင်းဘူးနော်"
အမျိုးသမီးက သူမ သတိပေးချက်ကို လျစ်လျူရှုပြီး တန်းခုန်ချလိုက်သည်။ မြေခွေးမိစ္ဆာမမှာ နားမလည်နိုင်ဖြစ်သွားသည်။ သူမ အောက်သို့သေချာ ငုံ့ကြည့်လိုက်သောအခါ အမျိုးသမီးခုန်ချသွားသည့် နေရာမှ ပူပေါင်းများတက်လာသည်ကိုတွေ့ရသည်။ ဒီမိန်းမ ရေကူးဖို့ ခုန်ချတာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ခုန်ချတာပဲ...
မြေခွေးမိစ္ဆာမသည် သေချင်နေသူကိုစိတ်မဝင်စားသော် လည်း ခဏမျှစဉ်းစားပြီးနောက် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် သူမ မြစ်ထဲသို့ဆင်းပြီး အမျိုးသမီးကိုဆွဲတင်လိုက်သည်။ သူမထွက်သွားရန်ပြင်လိုက်စဉ် ကမ်းပါးပေါ်တွင် စုံစမ်းထောက်လှမ်းနေသောဖေးယီမင်ကို မော့ကြည့်မိလိုက်သည်။
မြေခွေးမိစ္ဆာမ မျက်မှောင်ကြုတ်လိုက်သည်။ ဒီကျင့်ကြံသူကဇွဲကောင်းလိုက်တာ၊ ငါ့အသက်ကိုယူဖို့ သေချာပေါက် ဆုံးဖြတ်ထားပုံရတယ်၊ ဒါပေမဲ့ ငါသာမထွက်ရင် ဒီမိန်းက လေးတော့ရေနစ်သေတော့မယ်...
ထို့နောက် မြေခွေးမိစ္ဆာမသည် ရုတ်တရက် အကြံတစ်ခုရသွားသကဲ့သို့ အမျိုးသမီးကိုပွေ့ချီပြီး ကမ်းပေါ်သို့တက်လိုက်သည်။ သူမ ကမ်းပေါ်ရောက်သည်ကိုမြင်သည်နှင့် ဖေးယီမင်က ဓားဖြင့်ထိုးလိုက်သည်။
မြေခွေးမိစ္ဆာမမှာ မရှောင်တိမ်းပေ။ ထိုအစား သူမသည် ချောင်းဆိုးနေသောအမျိုးသမီးကို သူမရှေ့တွင်ကာထားလိုက်ပြီး တခစ်ခစ်ရယ်မောလိုက်သည်။
"ကျင့်ကြံသူ... သေချာကြည့်နော်၊ ငါက လူကယ်နေတာ"
ဖေးယီမင် ဓားကိုပြန်သိမ်းလိုက်သည်။
အမျိုးသမီးက ငိုကြွေးလာသည်။
"ဘာလို့ ကျွန်မကို ကယ်တာလဲ၊ ကျွန်မ သေချင်နေတာ"
မြေခွေးမိစ္ဆာမ သက်ပြင်းချလိုက်ပြီး အမျိုးသမီး၏ ကျော ဘက်တွင်တွယ်ကပ်လျက် ချိုသာစွာပြောလိုက်သည်။
"နင်ကသိပ်တုံးတာပဲ၊ နင် သေသွားရင် ဘာမှကျန်မှာမဟုတ်တော့ဘူး၊ နင့်ပုံစံကြည့်ရတာ ယောက်ျားတစ်ယောက်ရဲ့ စွန့်ပစ်တာခံထားရပုံပဲ၊ ငါသာ နင့်နေရာမှာဆိုရင် အဲဒီယောက်ျားကို သူများလက်ထဲကနေ နည်းလမ်းပေါင်းစုံနဲ့ပြန်လုမယ်၊ ပြီးရင် သူ့ကိုပြန်စွန့်ပစ်လိုက်မယ်၊ ဒါမှ သူတစ်သက်လုံး နောင်တရနေမှာ၊ အခုလိုရေထဲခုန်ချပြီးသတ်သေတော့ဘာအသုံးကျမှာလဲ၊ သူက ဝန်ထုတ်ဝန်ပိုးတစ်ခုလျော့သွားပြီဆိုပြီး စိတ်သက်သာရာရသွားမှာပေါ့"
ထို့နောက် မြေခွေးမိစ္ဆာမသည် အမျိုးသမီး၏ကျောကိုရိုက်လိုက်ရာ လည်ချောင်းထဲမှ ရေများအန်ထွက်လာသည်။
မြေခွေးမိစ္ဆာမ၏ စကားကိုကြားသောအခါ အမျိုးသမီးသည် ခဏမျှစဉ်းစားလိုက်ပြီး မျက်ရည်များကိုသုတ်လိုက်သည်။
"နင်ပြောတာ မှန်တယ်၊ ငါ သူတို့ကို အလွတ်ပေးလို့မဖြစ်ဘူး"
မြေခွေးမိစ္ဆာမ ပြုံးလိုက်ပြီး သူမခေါင်းမှဆံထိုးတစ်ခုကိုဖြုတ်ကာ အမျိုးသမီးကိုပေးလိုက်သည်။
"ရော့... ဒါလေးယူထား၊ အရေးကြုံရင် နင့်အသက်ကိုကယ်ပေးနိုင်လိမ့်မယ်"
အမျိုးသမီးက ကျေးဇူးတင်စွာဖြင့်လက်ခံလိုက်သည်။
"မိန်းကလေး နာမည်လေးသိပါရစေ၊ နောင်ကျရင် ကျေးဇူး ဆပ်ခွင့်ရအောင်လို့ပါ"
မြေခွေးမိစ္ဆာမက ပြောလိုက်သည်။
"ရှင်သာ အကြွေးကို အတိုးနဲ့အရင်းပေါင်းပြီးပြန်ယူနိုင်ရင် အဲ့ဒါ ကျွန်မကိုကျေးဇူးဆပ်တာပါပဲ"
အမျိုးသမီး ထွက်သွားပြီးနောက် မြေခွေးမိစ္ဆာမသည် အရိုးမရှိသကဲ့သို့ ဘေးနားရှိသစ်ပင်ပင်စည်ပေါ်တွင်လှဲလိုက်ပြီး ဖေးယီမင်ကိုပြုံးပြလိုက်သည်။
"ကျွန်မက ဘယ်သူ့ကိုမှမသတ်ဖူးပါဘူး... ယောက်ျားတချို့ဆီက အသက်စွမ်းအင် နည်းနည်းပါးပါးလေးစုပ်ယူရုံပါပဲ၊ ရှင်က ဘာလို့နောက်ကနေ တကောက်ကောက်လိုက်နေရတာလဲ၊ သခင်လေးကများ ငါ့ကိုစိတ်ဝင်စားပြီး တစ်ညလောက်အတူနေချင်လို့လား"
ဖေးယီမင်သည် ဓားကိုဓားအိမ်ထဲပြန်ထည့်ပြီး အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
"မင်းက ဟိုအမျိုးသမီးကိုကယ်လိုက်လို့ ဒီတစ်ခါ မင်းအသက်ကိုလွှတ်ပေးမယ်၊ ဒါပေမဲ့ လူစိတ်ဆိုတာ ခန့်မှန်းရခက်တယ်၊ မင်း တစ်နေ့ကျရင် လူသတ်လာနိုင်တယ်၊ ဒါကြောင့် မင်းကို ဖုန်းလိုင်ဂိုဏ်းရဲ့ မိစ္ဆာချုပ်နှောင်မျှော်စင်ထဲကိုပို့ပြီး ကျင့်ကြံစေချင်တယ်၊ အဲဒီကနေ ဘယ်တော့မှပြန်မထွက်လာနဲ့"
သူသည် အမှန်တကယ်ကိုအေးစက်ပြီးမောက်မာသော်လည်း မယုံနိုင်လောက်အောင်ရိုးအလှသည်။ သူ့စကားများသည် မြေခွေးမိစ္ဆာမကိုသက်ညှာသဖြင့်ပြောသည်ဟုထင်သော် လည်း မြေခွေးမိစ္ဆာမ၏မျက်နှာထားကို သူသတိမထားမိလိုက်ပေ။
မြေခွေးမိစ္ဆာမ၏မျက်ဝန်းများ အနည်းငယ်အေးစက်သွားသည်။ မိစ္ဆာချုပ်နှောင်မျှော်စင်ထဲပို့တာက သတ်လိုက်တာထက်ပိုဆိုးတယ်ဟ! ဖုန်းလိုင်ဂိုဏ်းက ဒီဖေးယီမင်ဆိုတဲ့ကောင်က သိပ်ကိုရိုးအလွန်းအားကြီးတာပဲ...
ဂိုဏ်းသားများသည် ချောင်ယွီရန်ကိုစိတ်မကောင်းစွာကြည့်လိုက်ကြသော်လည်း သူသည် အားလုံးကိုပြန်စိုက်ကြည့်လိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။
"ဒါ... ဒါက ငါတို့ဂိုဏ်းရဲ့စည်းမျဉ်းပဲ၊ ပြီးတော့ ဖေးယီမင်က ဖုန်းလိုင်ဂိုဏ်းရဲ့သစ္စာဖောက်ဖြစ်တာ ကြာလှပြီ၊ သူ့စကားကိုနားထောင်စရာမလိုဘူး"
အမှန်တွင် ဂိုဏ်းတိုင်း၌ နတ်ဆိုးလမ်းစဉ်နှင့် ပတ်သက်သောစည်းမျဉ်းများ ရှိကြသည်။ ဥပမာ ထျန်းရွှမ်ဂိုဏ်းသည် နတ်ဆိုးကိုမြင်သည်နှင့် သတ်ပစ်လေ့ရှိပြီး အသက်ရှင်ခွင့်ပေးစရာအကြောင်းပြချက်မရှိပေ။ ထို့ကြောင့်လည်း နတ်ဆိုးလမ်းစဉ်သည်ရာစုနှစ်များစွာတိုင်အောင်ပြန့်ကျဲနေပြီး အရေးပါအရာရောက်ခြင်းမရှိခဲ့ပေ။
ထိုသည်မှာ ကျင့်ကြံသူဂိုဏ်းများက ထွက်ပေါက်မပေးချင်၍မဟုတ်ဘဲ အတိတ်ကနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲသည် ကြောက်မက်ဖွယ်ကောင်းလွန်းခဲ့သောကြောင့်ဖြစ်သည်။
ဖုန်းလိုင်ဂိုဏ်းတွင် မိစ္ဆာချုပ်နှောင်မျှော်စင်ရှိနေခြင်းကို ကျီချောင်ချင်မအံ့သြသော်လည်း ဖေးယီမင်ကို ဖုန်းလိုင်ဂိုဏ်း၏ သစ္စာဖောက်ဟုခေါ်ဆိုနေခြင်းကိုမူ သူမအလွန်အံ့အားသင့်သွားသည်။
🍃 Chapter 88
ဖေးယီမင်သည် အလွန်ခေါင်းမာသူဖြစ်သော်လည်း စိတ်အားထက်သန်သူတစ်ဦးဖြစ်ကြောင်း သူမသိသည်။ သူ့ကိုသာ နားဝင်အောင်ပြောနိုင်ခဲ့လျှင် သူသည်သေသည်အထိ သူ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်မည့်သူဖြစ်သည်။
သူသည် ငြိမ်းချမ်းရေးကိုအလိုလားဆုံးနှင့် မိစ္ဆာများကိုသုတ်သင်ရှင်းလင်းရန်တာဝန်ယူထားသော စိတ်ဓာတ်ပြင်းပြပြီး ရိုးသားသည့်လူတစ်ယောက် ဖြစ်သည်။ ဘယ်လိုလုပ်ပြီး သူက... ဖုန်းလိုင်ဂိုဏ်းရဲ့သစ္စာဖောက်ဖြစ်သွားရတာလဲ?
မြေခွေးမိစ္ဆာမသည် ဖေးယီမင်နှင့်ပြန်လိုက်သွားရန် ငြင်းဆန်ခဲ့ပြီး နှစ်ယောက်သား တစ်နှစ်ပတ်လုံးလိုက်တမ်းပြေးတမ်း ကစားခဲ့ကြသည်။
တစ်နှစ်ကြာပြီးနောက် တစ်နေ့တွင် မြေခွေးမိစ္ဆာမသည် တောင်ကြားတစ်ခု၌ နေနှင့်လ၏အနှစ်သာရများကိုစုပ်ယူနေစဉ် မျက်လုံးဖွင့်ကြည့်လိုက်ရာ အနီးနားတွင် ဝိညာဉ်စွမ်းအင်များလှုပ်ရှားနေသည်ကို သတိထားမိလိုက်သည်။ သူမအနံ့ခံကြည့်လိုက်ချိန် သောက်ရူးကျင့်ကြံသူမှာ သူမနောက်လိုက်လာသည်ကိုသိလိုက်ရသဖြင့် သူဒုက္ခရောက်နေပြီဟုခန့်မှန်းမိကာရယ်မောလျက် စွမ်းအင်လှုပ်ရှားရာနေရာသို့ ပျော်ရွှင်စွာပွဲသွားကြည့်လိုက်သည်။
သူမ မြင်လိုက်ရသည်မှာအံ့သြစရာပင်။ မိစ္ဆာဟွာကျစ်သည် ဖေးယီမင်ကို ကမ်းပါးအစွန်းသို့ ရောက်အောင်တိုက်ထုတ်လိုက်သည်။ ဖေးယီမင်သည် လဲကျလုနီးပါးဖြစ်နေပြီး ပြုတ်ကျသွားပါက ကျိန်းသေပေါက်သေဆုံးမည်ဖြစ်သည်။
သူမကြည့်လေလေ ဖေးယီမင် တုံးအပုံပေါ်လေလေပင်။ သူသည်သေခါနီးဖြစ်နေသော်လည်း အားကုန်သုံး၍တိုက်ခိုက်နေရုံသာမက ပါးစပ်ကလည်း မရပ်မနားပြောဆိုနေကာ မိမိကိုယ်ကိုအမုန်းခံရအောင် တမင်လုပ်နေသကဲ့သို့ရှိသည်။ သူသည်မီးထဲတိုး၀င်သည့်ပိုးဖလံကဲ့သို့ပင် ဟွာကျစ်ကို သတ် ဖြတ်ရန် မဆင်မခြင်ကြိုးစားနေသည်။
ခဏအကြာတွင် ဖေးယီမင် ကမ်းပါးပေါ်မှပြုတ်ကျသွားလေသည်။ သူပြုတ်ကျသွားသည်ကိုမြင်လိုက်ရသည့်အခါ မြေခွေးမိစ္ဆာမ၏ရင်ဘတ်တစ်ခုလုံး အေးစက်သွားသည်။ သူမသည် ဟွာကျစ်လှည့်မကြည့်ဘဲ ထွက်သွားသည်ကိုမြင်သောအခါ သူမကိုယ်တိုင် ကမ်းပါးအောက်သို့ အမြန်ပျံဆင်းလိုက်သည်။
ဤနေရာသည် တောတောင်များဝန်းရံထားပြီး သားရဲ တိရစ္ဆာန် များပေါများရာနေရာဖြစ်သဖြင့် ဖေးယီမင် အစားခံရမည်ကို စိုးရိမ်သောကြောင့် မြေခွေးမိစ္ဆာမသည် ရေမသောက်၊ အစာမစားဘဲ တစ်ရက်နှင့်တစ်ညလုံး ရှာဖွေခဲ့ရာ အဆုံးတွင် သစ်ပင်တစ်ပင်ပေါ်၌ သူ့ကိုတွေ့ရှိခဲ့သည်။
ထိုအချိန်တွင် ဖေးယီမင်သည် အသက်ရှူရုံသာရှိတော့ပြီး အလောင်းကောင်တစ်ကောင်နှင့် မခြားနားတော့ပေ။ မြေခွေးမိစ္ဆာမသည် သူ့ကို ဝိညာဉ်စွမ်းအင်ပေါများသောနေရာတစ်ခုသို့ဆွဲခေါ်သွားပြီး သူ့ဘာသာ သူသေစေရန် ပစ်ထားလိုက်ချင်သည်။
"ကျင့်ကြံသူ... ကျွန်မတို့ တွေ့ခဲ့ကြဖူးတာဆိုတော့ ဒီတစ်ခါတော့ကူညီလိုက်မယ်၊ နောက်တစ်ခါ ကျွန်မကိုလာမရှုပ်နဲ့တော့"
ထိုသို့ပြောပြီး သူမလှည့်ထွက်ပြီး ခြေနှစ်လှမ်းသာလှမ်းရသေးသော်လည်း ရပ်တန့်လိုက်သည်။ သူမ ပြန်လှည့်လာပြီး ဖေးယီမင်၏မျက်နှာကိုကိုင်ကာ အေးစက်စွာပြောလိုက်သည်။
"ဒီအမကြီးက ဒီနေ့ နင့်ကိုကယ်လိုက်မယ်၊ ဒါပေမဲ့ နောက်ကျရင် နင့်ခန္ဓာကိုယ်နဲ့ပြန်ပေးဆပ်ရမယ်၊ ကြားလား"
ထိုသို့ပြောပြီးသည်နှင့် သူမ အဝတ်အစားများကို ချွတ်လိုက်ပြီး ရင်ဘတ်ကိုဓားဖြင့်ခွဲလိုက်ရာ သွေးများချက်ချင်းစီးကျလာသည်။ မြေခွေးမိစ္ဆာမသည် ကြာရွက်တစ်ရွက်ဖြင့် သွေးများကိုခံယူလိုက်ပြီး ခဏအကြာတွင် သူမ၏ဒဏ်ရာကို ပြန်လည်ကုသလိုက်သည်။
"ဒီတစ်ခါ နင့်အတွက် ငါ့နှလုံးသွေးတွေအများကြီး ပေးလိုက်ရတယ်၊ တကယ်လို့ ငါ့မှာအမာရွတ်ကျန်ခဲ့ရင် နင့်ရဲ့ချောမောတဲ့မျက်နှာလေးကို အစိပ်စိပ်အမွှာမွှာဖြစ်အောင်လုပ်ပစ်မယ်"
သန်းခေါင်ယံအချိန်၌ ဖေးယီမင်သည် ရုတ်ခြည်း အဖျား တက်လာခဲ့သည်။ ဤသည်ကိုမြင်သောအခါ မြေခွေးမိစ္ဆာမသည် အခြားနည်းလမ်းမရှိတော့သဖြင့် နှစ်ဦးစလုံး၏ အဝတ်အစားများကိုချွတ်ကာ ခန္ဓာကိုယ်ချင်း ပူးကပ်၍အနွေးဓာတ်ပေးလိုက်တော့သည်။
မြေခွေးမိစ္ဆာမ အဝတ်အစားချွတ်လိုက်သည့်အချိန်တွင် ဂိုဏ်းသားများအားလုံး ရှက်ရွံ့စွာဖြင့်အကြည့်လွှဲလိုက်ကြသည်။ ကျီချောင်ချင်သည် မြေခွေးမိစ္ဆာမ၏ခန္ဓာကိုယ်အချိုးအစားကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် တိတ်တ ဆိတ်ချီးကျူးလိုက်မိသည်။
ခန္ဓာကိုယ်အချိုးအစားက တကယ့်ကိုအမိုက်စားပဲ၊ ဘာလို့များ ဒီလောက်တုံးအတဲ့ ဖေးယီမင်နဲ့မှလာဆုံရတာလဲ၊ နှမြောစရာကောင်းလိုက်တာ...
ကျီချောင်ချင် နှမြောတသဖြစ်နေစဉ် ရှန်ကျွင်းက သူမ မျက်လုံးများကို လက်ဖြင့်လှမ်းအုပ်လိုက်သည်။
ကျီချောင်ချင် "... ကျွန်မက မိန်းမတစ်ယောက်လေ၊ ရှက်စရာဘာရှိလို့လဲ"
ရှန်ကျွင်း "ဖေးယီမင်က ယောက်ျားလေ"
ကျီချောင်ချင်သည် ရှန်ကျွင်း လက်ကိုဖယ်ရှားလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် အတိတ်အကြောင်းကို ပြောလိုက်သည်။
"ဟေး... သူက ကိုယ်လုံးတီးဖြစ်နေရုံလေးပဲမဟုတ်ဘူးလား၊ အရင်တုန်းက နတ်ဆိုးနှိမ်နင်းရေးစစ်ပွဲတုန်းက ကျွန်မတို့မောင်နှမတွေ မိစ္ဆာတစ်ကောင်ရဲ့ ထောင်ချောက်ထဲမိပြီး အဝတ်အစားတွေ အချွတ်ခံလိုက်ရသေးတယ်၊ ကျွန်မဆို အတွင်းခံဘောင်းဘီလေးပဲကျန်တော့တာ၊ ကံကောင်းလို့ ချန်ကျင်းကျစ်က အပြင်းအထန်ခုခံပေးလို့ ကျွန်မတို့ထွက်ပြေးဖို့ အချိန်ရခဲ့တာလေ၊ လွတ်သွားတော့လည်း ကျွန်မတို့ကအဝတ်အစားမပါဘဲနဲ့ အဲဒီမိစ္ဆာနောက်ကို မိုင်ပေါင်းများစွာလိုက်ပြီးဖမ်းခဲ့ကြတာပဲ၊ အဲဒီတုန်းက တစ်ယောက်ခန္ဓာကိုယ်တစ်ယောက် အကုန်မြင်ဖူးနေကြပြီ၊ ဖေးယီမင်ကလွဲလို့ပေါ့..."
ရှန်ကျွင်းမျက်ဝန်းများ ပိုမိုအေးစက်လာသည်ကို မြင်မှ ကျီချောင်ချင်မှာ မိမိစကားများသွားကြောင်းသတိရလိုက်သည်။
ချောင်ယွီရန်သည်လည်း သည်းမခံနိုင်တော့ပေ။
"စီနီယာကျီ... မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ ဘယ်လိုလုပ်..."
သူ့ဘေးမှ ဂိုဏ်းသားတစ်ယောက်ကပြန်ပြောလိုက်သည်။
"အဲဒါ ဘာဖြစ်လဲကွ၊ ရန်သူနဲ့တိုက်ခိုက်နေရတာလေ၊ ငါသာ အဲဒီမှာရှိနေရင် စီနီယာကျီကို လေးစားမိမှာသေချာတယ်"
"ဟုတ်တယ်... သူက ငါတို့ရဲ့စံပြပဲ၊ ငါလည်း နောက်ကျရင် အဲဒီလို မိစ္ဆာတွေကိုလိုက်ဖမ်းချင်တယ်"
"..."
ကျီချောင်ချင် "အဟမ်း... တကယ်တော့ ကျွန်မလည်း သိပ်သေချာမမြင်လိုက်ရပါဘူး၊ ကဲ... အတားအဆီးပျောက်သွားပြီ၊ ဆက်ကြည့်ကြတာပေါ့"
...
ဖေးယီမင်နိုးထလာချိန်တွင် သူ့ကိုယ်ပေါ်၌ အဝတ်အစားမရှိသည်ကိုတွေ့လိုက်ရသည်။ သူ့မျက်နှာတစ်ခုလုံးနီရဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မိစ္ဆာမ... မင်း တော်တော်အရှက်မရှိတာပဲ"
မြေခွေးမိစ္ဆာမသည် ဖေးယီမင်၏နီရဲနေသော မျက်နှာကိုကြည့်ပြီး ရယ်မောလိုက်မိသည်။
"ကျင့်ကြံသူလေး... ရှင် မိန်းမတွေနဲ့ တစ်ခါမှ မထိတွေ့ဖူးဘူးမဟုတ်လား၊ ဒါ ရှင့်အတွက် ပထမဆုံးအကြိမ် မိန်းမတစ်ယောက်နဲ့အတူအိပ်ဖူးတာဆိုတော့... ကျွန်မကိုလက်ထပ်လိုက်လေ၊ ရှင့်မိန်းမလုပ်ပေးမယ် ဘယ်လိုလဲ?"
ဖေးယီမင်သည် သူ၏ဝိညာဉ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သတ်ဖြတ်လိုသောမျက်လုံးများဖြင့် မြေခွေးမိစ္ဆာမကိုကြည့်လိုက်သည်။
"ပေါက်ကရတွေ... ငါက ဖြောင့်မတ်လမ်းစဉ်ကို လိုက်တဲ့သူ၊ မင်းက နတ်ဆိုးလမ်းစဉ်ကမိစ္ဆာ၊ ဖြောင့်မတ်ခြင်းနဲ့ယုတ်မာခြင်းက ဘယ်တော့မှအတူမရှိနိုင်ဘူး၊ ငါမင်းကို ဘယ်တော့မှလက်မထပ်နိုင်ဘူး"
မြေခွေးမိစ္ဆာမ၏အပြုံးများ ရုတ်တရက်ပျောက်ကွယ်သွားပြီး သူမမျက်လုံးများက ခံစားချက်မဲ့သောမျက်လုံးများအဖြစ်ပြောင်းလဲသွားသည်။
"ကျွန်မသာ ကျွန်မရဲ့နှလုံးသွေးနဲ့မကယ်ခဲ့ရင် ရှင်အသက်ရှင်မှာမဟုတ်ဘူး၊ မနေ့ညက ရှင် အဖျားအရမ်းကြီးနေတာသိရဲ့လား၊ ကျွန်မသာ ရှင့်ကိုမဖက်ထားရင် ရှင်သေရင်သေ၊ မသေရင်တောင် ဦးနှောက်ပျက်သွားမှာ၊ ရှင် ကျွန်မကို သတ်ချင်ရင် သတ်လိုက်လေ၊ ရှင့်အသက်သခင်ကျေးဇူးရှင်ကို သတ်လိုက်စမ်းပါ"
သူမပြောသည်မှာ အမှန်ချည်းပင်။ ဖေးယီမင်သည် ဓားကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီးမှ ပြန်ချလိုက်သည်။ သူ့မျက်နှာမှာပိုမိုနီရဲလာပြီး ဆုံးဖြတ်ချက်ကြီးတစ်ခုချလိုက်ရသကဲ့သို့ ဖြစ်နေသည်။
မြေခွေးမိစ္ဆာမက မဲ့ပြုံးပြုံးလိုက်သည်။
"ကျွန်မ ဘာမှပြန်မလိုချင်ပါဘူး၊ နောက်နောင် ကျွန်မနောက်ကို မလိုက်လာဖို့ပဲတောင်းဆိုချင်တယ်၊ ဒီမှာတင်လမ်းခွဲကြတာပေါ့"
ရုတ်တရက် ဖေးယီမင်က မြေခွေးမိစ္ဆာမ၏ လက်ကောက် ဝတ်ကိုလှမ်းဆွဲလိုက်သည်။ မြေခွေးမိစ္ဆာမအံ့သြသွားပြီး ဖေးယီမင်၏လက်မှ ရုန်းထွက်ရန်ကြိုးစားလိုက်သည်။
"ရှင် ဘာလုပ်တာလဲ"
ဖေးယီမင် အံကြိတ်လိုက်သည်။
"ငါ မင်းရဲ့ သန့်ရှင်းစင်ကြယ်မှုကိုဖျက်ဆီးမိသွားပြီ၊ ငါမင်းကို လက်ထပ်မယ်"
ထိုစကားကိုကြားသောအခါ မြေခွေးမိစ္ဆာမ ရုန်းကန်နေသည်ကိုရပ်တန့်လိုက်သည်။ သူမ ပြုံးလိုက်မိပြီး နွေဦးပေါက်မှ ရေစီးသံလေးကဲ့သို့ ဖြည်းညှင်းစွာဖြင့် ဖေးယီမင်အနားသို့တိုးကပ်သွားသည်။
သူတို့၏ဝင်သက်ထွက်သက်များလည်း ရောနှောယှက်နွယ်သွားကြသည်။ ဖေးယီမင်မှာမျက်မှောင်ကြုတ်လိုက်ကာ မျက်နှာလွှဲလိုက်သည်။
မြေခွေးမိစ္ဆာမက နှုတ်ခမ်းကိုစူလိုက်ပြီး မတ်မတ် ပြန်ထိုင်လိုက်သည်။
"ရှင် ဘာတွေလာပြောနေတာလဲ၊ ကျွန်မက ပြိုင်ဘက်ကင်းလောက်အောင်လှပပြီး အနာဂတ်တောက်ပတဲ့မြေခွေးမလေးနော်၊ ယောက်ျားပေါင်းများစွာ ဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းတာတောင် ငြင်းခဲ့တာ၊ ရှင်ကများ ကျွန်မကို လက် ထပ်မယ်လို့ပြောရဲတယ်ပေါ့၊ ကျွန်မက ရှင် ကျွန်မနောက်မလိုက်တော့အောင် ကယ်လိုက်တာ၊ အဲ့ဒါကို ရှင်က ကျွန်မကို ဇနီးမယားအရာမြှောက်ချင်သေးတယ်ပေါ့၊ အိပ်မက်မက်နေလိုက်"
ဖေးယီမင် မော့ကြည့်လိုက်သည်။
"ငါမင်းကို တရားဝင်ဇနီးမယားအဖြစ် လက်ထပ်မှာပါ"
ထိုသည်မှာ စာချုပ်စာတမ်း၊ မင်္ဂလာအခမ်းအနား၊ ဘိုးဘွားကန်တော့ခြင်း စသည့်ဓလေ့ထုံးတမ်းများနှင့်အညီ တရားဝင်လက်ထပ်ခြင်းကို ဆိုလိုသည်။ မြေခွေးမိစ္ဆာမသည် ဖေးယီမင်၏ဆိုလိုရင်းကို နားလည်လိုက်သော်လည်း ရယ်စရာဟုသာထင်လိုက်သည်။
"ရှင်ပြောတာမှန်ပါတယ်၊ ကျွန်မက မြေခွေးမိစ္ဆာမ၊ ရှင်က ဖုန်းလိုင်ဂိုဏ်းရဲ့စီနီယာတပည့်၊ ရှင်က ဖြောင့်မတ်လမ်းစဉ်၊ ကျွန်မကနတ်ဆိုးလမ်းစဉ်၊ ရှင်နဲ့ကျွန်မ ဘယ်တော့မှ လင်မယားဖြစ်လာနိုင်မှာမဟုတ်ဘူး၊ ရှင့်ဆရာတင်မကဘူး၊ ဖုန်းလိုင်ဂိုဏ်းကလူတိုင်းက လက်ခံမှာမဟုတ်ဘူး၊ နောက်မနေပါနဲ့... လမ်းခွဲကြရအောင်"