← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

🍃 Chapter 89

မြေခွေးမိစ္ဆာမမှာ ထွက်ပြေးသွားခဲ့သည်။ ဤဘဝတွင် ၎င်းတို့နောက်ထပ် ဘယ်တော့မှပြန်မတွေ့ရတော့ဘူးဟုထင်ခဲ့သည်။ သို့သော်မထင်မှတ်စွာ မကြာခင်မှာပင် သူမသည် ဟွာကျစ်နှင့်တွေ့ဆုံခဲ့ရသည်။

မြေခွေးမိစ္ဆာမသည် အမြီးကိုးချောင်းဝိညာဉ်မြေခွေး မျိုးနွယ်စု၏ နောက်ဆုံးကျန်ရစ်သူဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က အမြီးကိုးချောင်းဝိညာဉ်မြေခွေးမျိုးနွယ်စုသည် မိစ္ဆာမျိုးနွယ်တွင်မပါဝင်ခဲ့ပေ။ သူတို့သည် ကောင်းကင်ဘုံလမ်းစဉ်၏ မျက်နှာသာပေးမှုကိုခံရသော တစ်ခုတည်းသောဝိညာဉ်မျိုးနွယ်စုဖြစ်သည်။

ကောင်းကင်ဘုံလမ်းစဉ်၏မျက်နှာသာပေးမှုကို ခံရသဖြင့် အမြီးကိုးချောင်း ဝိညာဉ်မြေခွေးမျိုးနွယ်စုသည် အလွန်လျင်မြန်စွာကျင့်ကြံနိုင်ပြီး တစ်ယောက်စီတိုင်းတွင် ထူးခြား သောစွမ်းရည်များရှိကြသည်။ ထို့အပြင် သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည်ရတနာများဖြစ်ကြသည်။ သူတို့၏ အသားကို ဆေးဝါးအဖြစ်သုံးနိုင်သလို သားမွေးများကို ခံစစ်လက်နက်များအဖြစ်သုံးနိုင်သည်။

ထို့ကြောင့် အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုသည် အခြားမျိုးနွယ်စုများ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ယခုအခါ မြေခွေးမိစ္ဆာမတစ်ကောင်တည်းသာ ကျန်ရစ်တော့သည်။

ဤအရေးကြီးသောအချိန်တွင် မြေခွေးမိစ္ဆာမသည် သူမအမှတ်အသားကို လုံးဝထုတ်ဖော်၍မဖြစ်ပေ။ သူမသည် ဟွာကျစ်၏ရှေ့တွင် သာမန်မြေခွေးမိစ္ဆာမလေးတစ်ကောင်အဖြစ်ဟန်ဆောင်ခဲ့သော်လည်း ဟွာကျစ်သည် အစကတည်း က သူမကို လာရှာခြင်းဖြစ်ကြောင်းမသိခဲ့ပေ။ ဟွာကျစ်သည် အခြားသူတစ်ဦး၏ဒဏ်ရာကို ကုသရန်အတွက် သူမကို သတ်ဖြတ်လိုခြင်းဖြစ်သည်။

မြေခွေးမိစ္ဆာမသည် အလွယ်တကူအရှုံးမပေးဘဲ ဟွာကျစ်နှင့် အချိန်အကြာကြီးတိုက်ခိုက်ခဲ့သည်။ သူတို့၏စွမ်းရည်များမှာ တူညီလုနီးပါးဖြစ်သော်လည်း ဟွာကျစ်သည် ကောက်ကျစ်ပြီး လျှို့ဝှက်လက်နက်များကိုအဆက်မပြတ်သုံးစွဲသဖြင့် မြေခွေးမိစ္ဆာမမှာ ပင်ပန်းနွမ်းနယ်လာပြီး အဆုံးတွင်မယှဉ်နိုင်တော့ပေ။

သူမ လည်ပင်းညှစ် အသတ်ခံရတော့မည့်ဆဲဆဲတွင် ဖေးယီမင် အချိန်မီရောက်ရှိလာခဲ့သည်။ သူမတို့နှစ်ဦးပူးပေါင်းလိုက်သဖြင့် တိုက်ပွဲအခြေအနေမှာ ပြောင်းလဲသွားပြီးအနိုင် ရခဲ့ကြသည်။

ဖေးယီမင်သည် သေမင်းလက်တွင်းမှနှစ်ကြိမ်တိုင်လွတ် မြောက်ခဲ့ပြီးနောက် သူမနောက်သို့ မနားမနေ လိုက်လံဖမ်းဆီးခြင်းမပြုတော့ဘဲ လူသားမိန်းကလေးတစ်ယောက်လိုဆက်ဆံလာသည်။ မြေခွေးမိစ္ဆာမကလည်း ဖေးယီမင်ကို ကပ်ရောဂါပိုးကောင်လိုသဘောထားပြီး မရှောင်တိမ်းတော့ပေ။

၎င်းတို့ ဒုက္ခများမှလွတ်မြောက်လာပြီးနောက် တောထဲတွင် လှဲလျောင်းအနားယူနေကြသည်။ ဟွမ်ရှသည် တောက်ပစွာပြုံးကာ မိတ်ဆက်လိုက်သည်။

"ကျွန်မနာမည်ကဟွမ်ရှပါ၊ ရှင်နဲ့ တွေ့ရတာဝမ်းသာပါတယ်"

ထိုအခါမှ ဖေးယီမင်သည် သူတို့နှစ်ဦးအလွန်နီးကပ်နေကြောင်းသတိထားမိလိုက်သည်။ သူမ ပြုံးလိုက်သည့်အခါ သူ့ရင်ထဲတွင် ဗရမ်းဗတာခုန်လှုပ်သွားပြီး နောက်သို့ အသည်းအသန်ဆုတ်လိုက်မိသည်။

"ကျား... ကျားနဲ့ မကမထိတွေ့ရဘူးလေ၊ ဘယ်လိုလုပ် ငါ မင်းနဲ့ ဒီလောက်နီးနီးကပ်ကပ်နေလို့ရမှာလဲ"

သူ့မျက်နှာသည်နီရဲနေပြီး စကားများပင်ထစ်ငေါ့နေသည်။ ဟွမ်ရှက ပြုံးရုံသာပြုံးလိုက်ပြီး ကြယ်များကိုမော့ကြည့်နေသည်။

"ဖေးယီမင်... ဟွာကျစ်က ဘာလို့ ကျွန်မကိုသတ်ချင်လဲဆိုတာ ရှင်သိလား"

သူမစကားလမ်းကြောင်းလွှဲတာမြန်လွန်းသဖြင့် ဖေးယီမင် ကြောင်သွားသည်။

"ဘာလို့လဲ"

ဟွမ်ရှမျက်ခုံးပင့်လိုက်ပြီး သူမ၏မျက်လုံးများ တောက်ပနေသည်။

"ဘာလို့လဲဆိုတော့ ကျွန်မက အမြီးကိုးချောင်းမြေခွေးမိစ္ဆာမ မို့လို့လေ"

သူမစကားဆုံးသည်နှင့် သူမ၏မူလခန္ဓာကိုယ် အစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်သည်။ သူမ၏ လူသားပုံစံသည်လှပသော်လည်း မူလပုံစံမှာပိုမိုလှပပေသည်။

ကြီးမားသောငွေရောင်မြေခွေးကြီး၏သားမွေးများသည် လရောင်အောက်တွင်တောက်ပနေပြီး ဖြူဖွေးပွယောင်းနေသော အမြီးခြောက်ချောင်းသည် သူမနောက်တွင်ယိမ်းနွဲ့နေသည်။ သူမအနောက်တွင် အဆုံးမရှိသောလွင်ပြင်ကျယ်ကြီးရှိနေပြီး အပေါ်တွင် ကြယ်များစုံလင်နေသောကောင်း ကင်ကြီးရှိနေသည်။ မြက်ခင်းရနံ့သင်းပျံ့နေသော လေနုအေးလေးတိုက်ခတ်လာချိန်တွင် သူ့ရင်အစုံကိုမွှေနှောက်သွားစေသည်။

လရောင်အောက်တွင်ငွေရောင်မြေခွေးကြီးက ခေါင်းငုံ့ကာ ဖေးယီမင်ကိုတိတ်ဆိတ်စွာကြည့်နေသည်။ သူမ၏ လှပသောမျက်ဝန်းကျဉ်းများထဲတွင် အပြုံးတစ်ခုရှိနေပြီး ၎င်း၏ပြောင်မြောက်သောပုံရိပ်သည် မိစ္ဆာနှင့်မတူဘဲ နတ်သမီးတစ်ပါးနှင့်ပိုတူနေသည်။

ဖေးယီမင် စကားမပြောနိုင်ဘဲငေးကြည့်နေမိသည်။

နောက်တစ်စက္ကန့်တွင် ဟွမ်ရှသည် လူသားပုံစံသို့ပြန်ပြောင်းလိုက်သည်။ သူမသည် မော့ကြည့်လာပြီး ဂုဏ်ယူစွာမေးလိုက်သည်။

"မလှဘူးလား"

ဖေးယီမင်က စိတ်ထဲတွင် 'အင်း... ဟုတ်တယ်၊ အရမ်းလှတယ်' ဟုဖြေလိုက်သော်လည်း သူ့ပါးစပ်ကမူ "အင်း... မဆိုးပါဘူး"

မြေခွေးမိစ္ဆာမ ဒေါသထွက်သွားပြီး သူ့ကိုကောင်းကောင်းကြီးရိုက်နှက်လိုက်သည်။ မြေခွေးမိစ္ဆာမသည် ဒဏ်ရာအပြင်းအထန်ရထားပြီး ယခုတစ်ကြိမ်တွင် ဖေးယီမင်ကယ်တင်ရမည့် အလှည့်ဖြစ်လာသည်။

သို့သော် သူမသည် မိစ္ဆာတစ်ကောင်ဖြစ်ပြီး ဖေးယီမင်သည် မိစ္ဆာတစ်ကောင်ကို တစ်ခါမျှမကယ်တင်ဖူးပေ။ သူသည် သူမကို သူ့ဘေးတွင်ခေါ်ထားပြီး နည်းနည်းချင်းစီကုသပေးရုံသာ တတ်နိုင်ခဲ့သည်။

နတ်ဆိုးများကိုအမြဲမုန်းတီးခဲ့သော ဖေးယီမင်သည် တစ်နေ့တွင် မိစ္ဆာတစ်ကောင်နှင့်လမ်းတစ်ခုတည်း အတူလျှောက်လှမ်းရလိမ့်မည်ဟု မည်သူထင်ထားမိမည်နည်း။ သို့သော် ယခုလိုနေရတာ ကောင်းသည်ဟုသူခံစားမိသည်။ ဖေးယီမင်သည် ဖုန်းလိုင်ဂိုဏ်း၏ စီနီယာတပည့်ဖြစ်ပြီး နတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ၏ ဖိအားများကို ထမ်းပိုးထားရသူဖြစ် သည်။ ဂိုဏ်းသားအားလုံးက သူ့ကိုလေးစားကြသော်လည်း မည်သူကမျှ သူ့ကိုရင်းရင်းနှီးနှီးမပေါင်းသင်းရဲကြပေ။

ဖေးယီမင်သည် အမြဲတမ်းတစ်ယောက်တည်းဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ လူများစုဝေးနေသည်ကို မြင်၍ ဝင်ရောရန်ကြိုးစားတိုင်း သူတို့က ရိုသေစွာမတ်တပ်ရပ်ပြီး "ရှစ်ရှုန်း" ဟုနှုတ်ဆက်တတ်ကြသည်။

ဖေးယီမင်သည် အခြားသူတစ်ယောက်နှင့်ခရီးသွားဖူးခြင်းမရှိခဲ့ပေ။ သူ စကားပြောစရာပင်မလိုပဲ ဟွမ်ရှတွင် ပြောစရာစကားများအများကြီးရှိသည်။ သူမသည် စတွေ့တုန်းကလို ဟန်ဆောင်နေသောပုံစံမျိုးနှင့် လုံးဝမတူတော့ပေ။ သူမသည် သက်ဝင်လှုပ်ရှားပြီး စူးစမ်းလိုစိတ်ပြင်းပြသည်။ သို့သော် သူမ၏ အဆင့်အတန်းကြောင့် ပြင်ပလူများကိုအလွန်သတိထားသည်။

သူမသည် ဖေးယီမင်မရှိသည့်အချိန်များတွင်ရင့်ကျက်ပြီးအလွယ်တကူအရူးလုပ်၍မရနိုင်သော ပုံစံဖြင့်ဟန်ဆောင်လေ့ရှိသည်။ ထိုအရာကိုသိသော ဖေးယီမင်သည် သူမအနားမှထွက်သွားခဲလှသည်။

သူသည် ဖြောင့်မတ်လမ်းစဉ်ကြီးမဟုတ်သလို ‌ဟွမ်ရှသည်လည်း နတ်ဆိုးမဟုတ်ပေ။ ၎င်းတို့သည် ရှေးအစွဲများကိုဘေးဖယ်ထားလိုက်သည့်အခါ မထင်မှတ်ထားသော နားလည်မှုများရှိနေသည်ကိုတွေ့လိုက်ရသည်။

သူသည် နတ်ဆိုးများကိုတိုက်ခိုက်ချိန် သူမက

လက်စဖျောက်ပေးသည်။ သူကလူကယ်ချိန် သူမက ဆေးကုသပေးသည်။ နှစ်ယောက်သားအတူတူ ခရီးသွားကာ မိစ္ဆာများကိုနှိမ်နင်းပြီး လူများကိုကုသပေးခဲ့ကြသည်။ သူမ၏ အသက်ကယ်နိုင်သောစွမ်းရည်သည် ဖေးယီမင်ထက်ပင်သာလွန်ပြီး သူတို့နှစ်ယောက်ပေါင်းကာ လူပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ အချိန်ကြာလာသောအခါ လူသားလောကမှလူများက သူတို့ကို ပုံရိပ်ယောင် ချိုးဖျက်စုံတွဲဟုခေါ်ဝေါ်လာကြသည်။

ပုံရိပ်ယောင်ချိုးဖျက်ဆိုသည်မှာ ဖေးယီမင်၏ ဝိညာဉ်ဓားအမည်လည်းဖြစ်သည်။ ဖေးယီမင်နှင့် ဟွမ်ရှတို့သည် အလွန်လိုက်ဖက်ညီလွန်းသဖြင့် ဖေးယီမင်အနေဖြင့် သူ့ဘဝကို ဤအတိုင်းကုန်ဆုံးလိုက်ရလျှင် ကောင်းမှာပဲဟုတွေးမိလာသည်။

နတ်ဆိုးနှိမ်နင်းရေးစစ်ပွဲပြီးဆုံးပြီးနောက် မည်သည့်အရာ၊ မည်သည့်သူကမျှ သူ့ကိုပျော်ရွှင်မှုမပေးနိုင်တော့ပေ။ သူသည် ဟွမ်ရှနှင့်အတူရှိနေချင်မိသည်။

ကံဆိုးစွာပင် အချိန်ကုန်တာမြန်ဆန်လွန်းလှသည်။ သုံးနှစ်ကြာပြီးနောက် သူတို့သည် ဖုန်းလိုင်ဂိုဏ်းမှ တပည့်များနှင့်ဆုံတွေ့ခဲ့ကြသည်။

ဖေးယီမင်သည် ဟွမ်ရှအတွက်ဆေးကျိုပေးနေစဉ် သူမသည် နောက်ထပ်ဆေးတစ်ခွက်အတွက် အပြင်ထွက်ရှာရန်သွားခဲ့သည်။ သို့သော် အချိန်ကြာမြင့်စွာအထိ သူမပြန်မရောက်လာခဲ့ပေ။

ဖေးယီမင်၏ဆေးအိုးသည် အကြိမ်ကြိမ် ဆူပွက်လိုက်၊ အေးသွားလိုက်ဖြစ်နေချိန်မှ သူသည် ဟွမ်ရှ တစ်ခုခုဖြစ်နေပြီဟု သတိထားမိလိုက်သည်။ ထို့ကြောင့် သူ့ဓားကိုဆွဲ၍ အပြင်ထွက်ရန်ပြင်လိုက်သည်။

သို့သော် မထင်မှတ်ထားစွာပင် သူတည်းခိုခန်းအဝသို့ရောက်သည်နှင့် ဖုန်းလိုင်ဂိုဏ်းသားများက ဟွမ်ရှကို တည်းခိုခန်းထဲသို့ တရွတ်တိုက်ဆွဲခေါ်လာသည်ကိုတွေ့လိုက်ရသည်။

ဂိုဏ်းသားများသည် မျက်စိလျင်စွာဖြင့် ဖေးယီမင်ကိုမြင်လိုက်ပြီး ဝမ်းသာအားရအော်ဟစ်ကာပြေးလာကြသည်။

"ရှုစ်ရှုန်း! ရှုစ်ရှုန်း!"

"ရှုစ်ရှုန်း... ကျွန်တော်တို့ ရှုစ်ရှုန်းနာမည်ကို ဖျက်ဆီးနေတဲ့ မိစ္ဆာမကိုဖမ်းမိထားတယ်၊ ဘယ်လို စီရင်ရင် ကောင်းမလဲ"

"ရှုစ်ရှုန်း... ဒီမိစ္ဆာမကသေသင့်တယ်၊ သူ့အပေါင်းအပါတွေက ကျွန်တော်တို့ဂိုဏ်းသားတွေကိုသတ်ပြီး ဝိညာဉ်အမြုတေတွေခိုးသွားကြတယ်၊ ရှုစ်ရှုန်း သူ့ကိုအပြစ်ပေးမှဖြစ်မယ်၊ သူ့ဝိညာဉ်အမြုတေကို ထုတ်ယူပြီး အမှုန့်ကြိတ်ပစ်လိုက်ရင်မကောင်းဘူးလား"

ဖေးယီမင်၏အကြည့်များ ဟွမ်ရှအပေါ် ကျရောက်သွားသည်။ ဟွမ်ရှ ပါးစပ်ကိုပိတ်ထားပြီး အဝတ်အစားများလည်းစုတ်ပြဲနေသည်။ သူမသည် ဖေးယီမင်ကို နာကြည်းသောမျက်လုံးများဖြင့်ကြည့်နေသည်။

ဖေးယီမင်သည် တွန့်ဆုတ်မနေဘဲပြောလိုက်သည်။

"သူ့ကို လွှတ်ပေးလိုက်"

ဂိုဏ်းသားများ နားမလည်နိုင်ဖြစ်သွားသည်။

"ရှုစ်ရှုန်းက ဘာကိုဆိုလိုတာလဲ၊ ဘာလို့လွှတ်ပေးရမှာလဲ"

"ရှုစ်ရှုန်း ပြောတာက သူ့ကိုကြိုးတုပ်ပြီး မြေကြီးပေါ် ပစ်ထားဖို့ပြောတာဖြစ်မယ်၊ ငါတို့က မြေခွေးမိစ္ဆာမကိုကိုင်ထားရတာ ဘယ်လောက်ညစ်ပတ်လဲ"

ဖေးယီမင်၏ အသံမှာအေးစက်သွားသည်။

"ငါပြောနေတယ်... သူ့ကိုလွှတ်ပေးလိုက်လို့"

ဂိုဏ်းသားများအားလုံး ဖေးယီမင်၏အသံကြောင့် ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားကြသည်။ ဟွမ်ရှကိုဖမ်းချုပ်ထားသော ဂိုဏ်းသားများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မလွှတ်ပေး၍မရတော့သဖြင့် လွှတ်ပေးလိုက်ကြသည်။

သူတို့ လွှတ်လိုက်လိုက်ချင်း ဟွမ်ရှ၏ပထမဆုံး လုပ်ရပ်မှာ အဝတ်အစားများကိုပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်။ သူမသည် ဖေးယီမင်ဘေးတွင် သွားမရပ်ဘဲ အဝေးသို့ခြေလှမ်းအနည်းငယ်လျှောက်သွားလိုက်သည်။

"ရှင်တို့ အင်မော်တယ်ဂိုဏ်းက တကယ့်ကိုပေါက်ကရတွေပဲ၊ ကျွန်မ ရန်ဖြစ်သံကြားလို့ လာကြည့်တာကို ဒီလိုလုပ်ကြတယ်ပေါ့"

🍃 Chapter 90

ထိုသို့ပြောပြီးသည်နှင့် ဟွမ်ရှလှည့်ထွက်သွားရန် ပြင်လိုက်သည်။ ဖေးယီမင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဟွမ်ရှလက်ကို ဖမ်းဆွဲလိုက်သည်။

ဟွမ်ရှက ပြန်လှည့်ကြည့်ပြီး စူးစူးဝါးဝါးပြောလိုက်သည်။

"ဘာလဲ၊ ရှင်က တကယ်ပဲ ကျွန်မကိုမယုံဘူး မဟုတ်လား၊ ရှင်တို့ဂိုဏ်းသားတွေက အချင်းချင်းပဲ ကာကွယ်ပေးတတ်ကြတယ်ဆိုတာ ကျွန်မ မသိဘူးမထင်နဲ့"

သူမ မျက်လုံးများတွင် မျက်ရည်များပြည့်လျှံနေပြီး ခေါင်းမာကာဒေါသကိုမြိုသိပ်ထားသော သူမ ပုံစံကြောင့် ဖေးယီမင် စိတ်မကောင်းဖြစ်သွားသည်။ သူက မျက်မှောင် ကြုတ်လိုက်ကာ "ပေါက်ကရတွေ မပြောနဲ့"

အင်မော်တယ်ဂိုဏ်းသားများ အချင်းချင်းကာကွယ်ပေး တတ်ကြသည်ဆိုတာမှန်ပေသည်။ ဒါပေမယ့် ဖေးယီမင်နဲ့ သူမအတူကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေကကောအလကားလား? ဘာလို့ သူ့အဖြေကိုမစောင့်ဘဲထွက်သွားရတာလဲ၊ သူမ သူ့ကို တကယ်မကြိုက်ဘူးလား၊ သူ့ကိုလက်ထပ်မယ်လို့ ပြောခဲ့တဲ့ ကတိတွေကအလိမ်အညာတွေလား?

ဟွမ်ရှ ဒေါသတကြီးရယ်မောလိုက်ပြီး ဖေးယီမင် လက်ကိုရုန်းထွက်ရန်ကြိုးစားသော်လည်းမရပေ။ မျက်ရည်များမှာ သူမပါးပြင်ပေါ်သို့စီးကျလာ‌သော်လည်း ပါးစပ်ကမူခေါင်းမာစွာပြောနေဆဲဖြစ်သည်။

"ရယ်ရလိုက်တာ... ကျွန်မ ဒဏ်ရာရနေလို့ ရှင် ကျွန်မကိုအနိုင်ကျင့်လို့ရမယ်မထင်နဲ့၊ မှတ်ထား... နင်တို့ဘယ်သူမှ ငါ့ကိုစွပ်စွဲလို့မရဘူး၊ ရှင်လည်းမရဘူး"

ဖေးယီမင် သူမ၏အကြည့်ကြောင့် ပူလောင်သွားသလိုခံစားလိုက်ရသည်။

"မင်းဒဏ်ရာတွေ မပျောက်သေးဘူး"

ဟွမ်ရှ "ဒါဆိုလည်း ရှင့်အကူအညီမလိုဘူး၊ ရှင်တို့ အင်မော်တယ်ဂိုဏ်းသားတွေ အကုန်လုံးက ဒီလိုချည်းပဲ၊ အမှားအမှန်မခွဲခြားဘဲ လူကိုတိုက်ခိုက်တယ်၊ ကတိမတည်ဘူး၊ တကယ့်ကိုယုတ်မာတဲ့ ကောင်တွေ"

သူမသည် ထွက်သွားရန် ဆုံးဖြတ်ချက်ခိုင်မာလွန်းနေသဖြင့် ဖေးယီမင် ပထမဆုံးအကြိမ်ထိတ်လန့်သွားမိသည်။

"ကိုယ်ပြောတယ်လေ... ဖုန်းလိုင်ဂိုဏ်းကိုပြန်ရောက်ရင် မင်းကို တင်တောင်းလက်ထပ်ပါ့မယ်လို့၊ ကိုယ်ကသူတို့ကိုယုံပြီး မင်းကိုမယုံဘူးလို့ ဘာလို့ထင်နေရတာလဲ"

ဤစကားများသည် လူတိုင်းကိုတုန်လှုပ်သွားစေသည်။

"ရှုစ်ရှုန်း!"

"ရှုစ်ရှုန်း... ဒီမိန်းမကမိစ္ဆာလေ၊ သူက မိစ္ဆာမပါ၊ ရှုစ်ရှုန်းက ဘယ်လိုလုပ်ပြီး မိစ္ဆာမကိုလက်ထပ်မှာလဲ"

ဖေးယီမင်ကို အလေးစားဆုံးဖြစ်ကြသော ဖုန်းလိုင်ဂိုဏ်းသားများသည် သူ့စကားကိုလက်မခံနိုင်ဖြစ်နေကြသည်။

ဟွမ်ရှလည်းကြောင်အမ်းသွားသည်။ ဖေးယီမင် လူရှေ့ သူရှေ့မှာပြောရဲလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ သူမကို ဟွာကျစ်လက်ထဲက ကယ်ထုတ်ပေးခဲ့ကတည်းက သူတို့ကြားကအကြွေးကျေပြီဟု သတ်မှတ်ထားခဲ့ပြီး သူပြောခဲ့သည်များကိုအမှန်ဟု မထင်ခဲ့ပေ။

ဖေးယီမင်က လူတိုင်းကိုကြည့်လိုက်သည်။

"သူက ငါ့ရဲ့စေ့စပ်ထားသူပဲ၊ သူ့အကျင့်စာရိတ္တကို ငါယုံကြည်တယ်"

ဟွမ်ရှသည် မယုံကြည်နိုင်စွာမော့ကြည့်လိုက်သည်။ ဖေးယီမင်က ဖုန်းလိုင်ဂိုဏ်းရဲ့စီနီယာတပည့်၊ နောက်ထပ်ဂိုဏ်းချုပ်ဖြစ်လာဖို့ အလားအလာအရှိဆုံးသူပဲ၊ သူဘာပြောနေလဲဆိုတာ သူသိရဲ့လား?

ဂိုဏ်းသားများသည်လည်း ဟွမ်ရှနည်းတူ တုန်လှုပ်နေကြသည်။ သူတို့လေးစားရသော ရှုစ်ရှုန်းသည် အပြင်လောကသို့ရောက်သွားပြီး နှစ်အနည်းငယ်အတွင်း ယခုလောက်ကြီးပြောင်းလဲသွားလိမ့်မည်ဟု လုံးဝထင်မထားခဲ့ကြပေ။

ထိုအချိန်တွင် ဂိုဏ်းသားအချို့သည် မိစ္ဆာနှိမ်နင်းရေးပုလင်းကို ကိုင်ဆောင်လျက်ပြေးလာကြသည်။

"မိပြီဟေ့... သူတို့ ဝန်ခံလိုက်ပြီ၊ ဒီမိစ္ဆာတွေက အသုံးမကျတဲ့ကောင်တွေ... ဟာ... မိစ္ဆာမပဲ"

ဂိုဏ်းသားတစ်ယောက်က ပုလင်းကို ဟွမ်ရှထံသို့ဖွင့်ပြလိုက်သည်။ သို့သော် မထင်မှတ်ထားစွာပင် ပုလင်းကလုံးဝတုံ့ပြန်မှုမရှိပေ။

မိစ္ဆာနှိမ်နင်းရေးပုလင်းသည် မကောင်းမှုကိုနှိမ်နင်းနိုင်သည်။ ဟွမ်ရှသာ မကောင်းမှု တစ်စုံတစ်ရာလုပ်ထားပါက ပုလင်းကတုံ့ပြန်မှုမရှိသည်မှာမဖြစ်နိုင်ပေ။

ဖေးယီမင်က ဦးဆုံးတုံ့ပြန်လိုက်သည်။ မိစ္ဆာနှိမ်နင်းရေးပုလင်းက ဟွမ်ရှ ဘာအမှားမှမလုပ်ထားကြောင်း သက်သေ ပြလိုက်ပြီဖြစ်သည်။ ဤသည်မှာသူမ၏အပြစ်ကင်းစင်မှုကို သက်သေပြရန်လုံလောက်သည်။

"မိစ္ဆာနှိမ်နင်းရေးပုလင်းက မတုံ့ပြန်ဘူးဆိုတော့ သူမ ဘာအမှားမှမလုပ်ထားလို့ပဲ၊ တောင်းပန်ကြ"

ဖေးယီမင် ဤမျှလောက်ထိလုပ်လိမ့်မည်ဟု ဟွမ်ရှကိုယ်တိုင်ပင် ထင်မထားခဲ့ပေ။ ဂိုဏ်းသားများလည်း ပိုမိုတုန်လှုပ်သွားကြသည်။

"ရှုစ်ရှုန်းက ကျွန်တော်တို့ကို ဒီမိစ္ဆာမကိုတောင်းပန်ခိုင်းနေတာလား၊ ရှုစ်ရှုန်း... ရှုစ်ရှုန်း ဘာပြောနေလဲ သိရဲ့လား"

"ရှုစ်ရှုန်း... ကျွန်တော်တို့က ရှုစ်ရှုန်းကို စံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားကြတာ၊ ဒီနေ့ ဘာဖြစ်သွားတာလဲ၊ ဒီကိစ္စပြီးရင် ကျွန်တော်တို့ မျက်နှာချင်းဘယ်လိုဆိုင်ရမလဲ"

"ရှုစ်ရှုန်း... ဒီနေ့ ကျွန်တော်တို့ကို ဒီမိစ္ဆာမကို တောင်းပန်ခိုင်းရင် မနက်ဖြန်ကျရင် ဂိုဏ်းချုပ်က မိစ္ဆာချုပ်နှောင်မျှော်စင်ထဲက မိစ္ဆာတွေအကုန်လုံးကို တောင်းပန်ရတော့မှာလား"

"အကောင်းနဲ့အဆိုးက ဘယ်တော့မှ အတူယှဉ်တွဲမနေနိုင်ဘူး"

ဂိုဏ်းသားများက တစ်စုံတစ်ရာထပ်ပြောချင်ကြသော်လည်း ဖေးယီမင်၏အေးစက်သော မျက်နှာထားကြောင့် အဆုံးတွင်တောင်းပန်လိုက်ကြရသည်။ ထိုကိစ္စပြီးနောက် ဖေးယီမင် သည် သူ့စိတ်ကိုဆုံးဖြတ်ပြီးသွားသည်။ သူ ဟွမ်ရှကို အဆုံးရှုံးမခံနိုင်ပေ။ သူ့ခံစားချက်ကိုသက်သေပြရန်အတွက်

ဟွမ်ရှကို ဖုန်းလိုင်ဂိုဏ်းသို့ခေါ်သွားပြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်သည်။

ဟွမ်ရှက သဘာဝကျကျပင် ငြင်းဆန်လိုက်သည်။

"ကျွန်မက ဘာလို့လက်ခံရမှာလဲ၊ ရှင့်ကို ဘာလို့ယုံရမှာလဲ"

ဖေးယီမင် ပြတ်သားစွာပြောလိုက်သည်။

"မင်း ကိုယ့်ကို ဘယ်လိုလုပ်မှယုံနိုင်မလဲ ပြောပါ"

ဟွမ်ရှ၏မျက်ဝန်းထဲတွင် မီးတောက်တစ်ခုလက်ခနဲ ဖြစ်သွားသည်။

"ရှင် ကျွန်မကို ယုံစေချင်ရင် ရှေးဟောင်းနတ်ဘုရားလက် နက်လေးပါးထဲကတစ်ခုဖြစ်တဲ့ ဟွမ်ယွမ်ပုလဲကိုယူပေးရမယ်၊ ကျွန်မသာ ဖုန်းလိုင်ဂိုဏ်းကို မိစ္ဆာတစ်ကောင်အနေနဲ့ဝင်သွားရင် သေချာပေါက်သေမှာပဲ၊ ဟွမ်ယွမ်ပုလဲကပဲ ကျွန်မရဲ့ အငွေ့အသက်နဲ့ ရုပ်သွင်ကိုဖုံးကွယ်ပေးနိုင်ပြီး ဖုန်းလိုင်ဂိုဏ်းထဲကို လူသားတစ်ယောက်အနေနဲ့ဝင်ခွင့်ရစေမှာ၊ အဲဒါမှ ကျွန်မအသက်ဘေးကလွတ်မှာ"

ဟွမ်ယွမ်ပုလဲသည် ဖုန်းလိုင်ဂိုဏ်းမှ လွန်ခဲ့သောဆယ်စုနှစ်များစွာက ပျောက်ဆုံးသွားခဲ့သောရတနာဖြစ်ပြီး ကောင်း ကင်ဘုံရေကန်ထဲတွင်ရှိနေသည်ဟု ကောလာဟလထွက်နေသည်။ ကောင်းကင်ဘုံရေကန်မှရေသည် အညစ်အကြေးအားလုံးကို ဆေးကြောပေးနိုင်ပြီး နတ်ဘုရားသားရဲလေးကောင်ကစောင့်ကြပ်လေ့ရှိသည်။ ထိုစဉ်က ကျီချောင်ချင်တောင်မှ သွားဖို့ နှစ်ခါပြန်စဉ်းစားရသဖြင့် ဖေးယီမင်ဆိုပြောဖို့ပင်မလိုချေ။

ထို့အပြင် ဖေးယီမင်သည် သူ့အသက်ကိုရင်းပြီး ဟွမ်ယွမ် ပုလဲကိုယူခဲ့လျှင်တောင် ဖမ်းလိုင်ဂိုဏ်းအတွက်ဖြစ်သင့်ပြီး ဟွမ်ရှအတွက်မဖြစ်သင့်ပေ။

သို့သော် သူ ပြောလိုက်သည်။

"ကောင်းပြီ... ကိုယ် သဘောတူတယ်"

တစ်နှစ်ကြာပြီးနောက် ဖေးယီမင်သည် ဟွမ်ယွမ်ပုလဲကို ယူဆောင်လျက် ဟွမ်ရှထံပြန်ရောက်လာခဲ့သည်။

သူ့ပုံစံကအပေါ်ယံကြည့်လျှင် ပြောင်းလဲသွားခြင်း မရှိဘဲ အနည်းငယ်ပိန်ကျသွားရုံသာရှိသည်။ သို့သော် ဟွမ်ရှသည် သူ့ကိုတစ်ချက်ကြည့်လိုက်ရုံနှင့် သူအပြင်းအထန်ဒဏ်ရာရထားပြီး မီးစာကုန်ဆီခမ်းသည့် အခြေအနေသို့ရောက်နေကြောင်းရိပ်စားမိလိုက်သည်။

ဖေးယီမင်ကပြောလာသည်။

"ကိုယ် စဉ်းစားကြည့်ပြီးပြီ၊ မင်းပြောတာမှန်တယ်လို့ ကိုယ် ထင်တယ်၊ ကိုယ်တို့လျှောက်မယ့်လမ်းတွေက မတူကြဘူး၊ ဒါကြောင့် ဒီလက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ကြစို့"

ဟွမ်ရှ "ကျွန်မက ရှင် ကျွန်မကို တကယ်လက်ထပ်ချင်လားဆိုတာ သေချာအောင်လို့ ဟွမ်ယွမ်ပုလဲကိုသွားယူခိုင်းတာလေ၊ အခုပုလဲကို ရလာတော့မှ ဒီလိုစကားမျိုးပြောရတယ်လို့"

ဖေးယီမင် ခါးသက်စွာပြုံးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ကိုယ် နည်းနည်းပျင်းလာလို့ မင်းအချိန်တွေကိုဖြုန်းမနေချင်တော့တာ၊ ဒီဟွမ်ယွမ်ပုလဲကို ကိုယ့်ရဲ့တောင်းပန်ခြင်း လက်ဆောင်အဖြစ်သဘောထားလိုက်ပါ"

ဟွမ်ရှ ဘာမျှပြန်မပြောတော့ပေ။ သူမသည် သူ့ကို ရိုက်ပြီးသတိလစ်သွားစေလိုက်သည်။ ထို့နောက် သူမ သူ့အဝတ် အစားများကို ထပ်မံချွတ်လိုက်သည်။ သို့သော် သူမမြင်လိုက်ရသည်မှာ သူ့ခန္ဓာကိုယ်သည် ယခင်ကဒဏ်ရာရတုန်းကလောက်ပင်ကောင်းမွန်ခြင်းမရှိတော့ပဲ အသားစများ၊ သွေးများနှင့် ပြည့်နှက်နေပြီး ကိုယ်တွင်းကလီစာများကို မြင်နေရလောက်အောင် အပေါက်အပြဲများဖြစ်နေရှာသည်။

လက်ထပ်ပွဲဖျက်သိမ်းမယ်လို့ သူပြောတာ မဆန်းတော့ပါဘူး၊ သူက သူမနဲ့တစ်သက်လုံးအတူနေဖို့ အသက်စွမ်းအင်မှမကျန်တော့တာ...

ဟွမ်ရှသည် ဖေးယီမင်ကို ရှေးကျသော တောနက်ကြီးတစ်ခုအတွင်းသို့ခေါ်ဆောင်သွားလိုက်သည်။ တစ်ရက်အကြာ ဖေးယီမင်နိုးလာသောအခါ ခန္ဓာကိုယ်တစ်ခုလုံးလန်းဆန်းပေါ့ပါးနေသည်ကို ခံစားလိုက်ရသည်။

ဟွမ်ရှသည်ကုတင်ဘေးတွင်ရပ်နေသည်။ သူမနောက်တွင် နေဝန်းနီကတဖြည်းဖြည်း ထွက်ပေါ်လာပြီး ထိုအလင်းရောင်အောက်တွင် သူမက အပြစ်ပြောစရာမရှိလောက်အောင် လှပနေသည်။ သူမ ပြုံးပြီးပြောလိုက်သည်။

"ရှင်နိုးပြီဆိုတော့ ရှင့်အိမ်ကိုအတူတူပြန်ကြရအောင်... ယောင်္ကျားရေ"

ဖေးယီမင် ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ဟွမ်ရှနောက်သို့ လိုက်ပါပြီး ဖုန်းလိုင်ဂိုဏ်းသို့သွားသောလမ်းပေါ် ရောက်လာခဲ့သည်။ ဖေးယီမင်သည် ဖုန်းလိုင်ဂိုဏ်းနှင့် နီးလာလေလေ ပိုမိုစိတ်လှုပ်ရှားလာလေလေဖြစ် သည်။

ဟွမ်ရှရှေ့တောင်မှ ဖေးယီမင် သူ့ပုံစံ သူ မထိန်းနိုင်တော့ပေ။ အခြားသူများရှေ့တွင်တည်ငြိမ်ပြီး အားကိုးရသောရှုစ်ရှုန်းသည် ယခုအခါ အတွေ့အကြုံမရှိသော လူငယ်လေးတစ်ယောက်လို ဖြစ်နေသည်။

"ကိုယ့်ဆရာက အမြဲတမ်းကျိုးကြောင်းဆီလျော်တဲ့သူပါ

ကိုယ်တို့လက်ထပ်ပွဲကို သေချာပေါက်သဘောတူမှာပဲ၊ တကယ်လို့သဘောမတူရင်တောင် ကိုယ်ဆန္ဒပြပြီး သူသဘောတူတဲ့အထိ ဂျီကျမှာ"

ဖုန်းလိုင်ဂိုဏ်းချုပ်ဖေးယွမ်သည် ကြင်နာတတ်ပြီး လူကြီး လူကောင်းဆန်သူဖြစ်သည်။ အကယ်၍ ဖေးယီမင်သာတောင်းပန်ပါက ဖေးယွမ်သည် သူတို့လက်ထပ်ပွဲကို သေချာ ပေါက် သဘောတူမည်ဖြစ်သည်။

"ကိုယ်ပြန်ပြီး လက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်ရဦးမယ်၊ အဲဒီအတွက် တင်တောင်းလက်ဆောင်တွေလိုတယ်လေ၊ ဟွမ်ရှ... မင်းဘယ်မှာနေချင်လဲ၊ မင်းမိဘတွေက ဘယ်လိုသားမက်မျိုးကိုသဘောကျလဲ? ကိုယ့်ကိုရော မကြိုက်တာမျိုးရှိနိုင်လား"

"တင်တောင်းလက်ဆောင်အတွက်လည်းစိတ်မပူနဲ့၊ ဒီနှစ်တွေအတွင်း ကိုယ်ပိုက်ဆံတော်တော်များများ စုထားတယ်၊ မင်းကို သေချာပေါက်ခမ်းခမ်းနားနား လက်ထပ်နိုင်မှာပါ"

"ဟွမ်ရှ... မင်းက ဘယ်လိုမင်္ဂလာဝတ်စုံမျိုးကြိုက်လဲ ဟင်?၊ လူ့ပြည်က ဝတ်စုံမျိုးကြိုက်တာလား၊ ကိုယ်တို့ မြို့ငယ်လေးတစ်ခုကိုဖြတ်သွားတုန်းက လက်ထပ်နေတဲ့စုံတွဲတစ်တွဲကိုတွေ့ခဲ့တာမှတ်မိလား၊ ကိုယ့်စိတ်ထဲမှာတော့ မင်းကအနီရောင်နဲ့အလိုက်ဖက်ဆုံးပဲ"

ဖေးယီမင်သည် ပြောနေရာမှရုတ်တရက် ရပ်တန့်သွားပြီး ဟွမ်ရှ၏ လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ဟွမ်... ဟွမ်ရှ... တကယ်တော့ကိုယ်လေ... မင်းကို ပထမဆုံးမြင်ကတည်းက သဘောကျခဲ့တာပါ၊ ကိုယ် မင်းကို အခု ရှင်းရှင်းလင်းလင်းပြောပြမှဖြစ်မယ်၊ ကိုယ့် အဖေနဲ့အမေတုန်းကလည်း အခုလိုပဲဖြစ်ခဲ့ကြတာ၊ ကိုယ့်အမေက အဖေကိုပြောခဲ့ဖူးတယ်၊ အဖေသာ အမေ့ကို နိုင်အောင်တိုက်နိုင်ရင်လက်ထပ်မယ်တဲ့"

...ဒါကြောင့် ဖေးယီမင်က သူမကို တွေ့တွေ့ချင်း အဝေးကြီးကနေပြေးလာပြီး ရိုက်နှက်ခဲ့တာပေါ့လေ!

ဟွမ်ရှသည် သူတို့ ပထမဆုံးစတွေ့တဲ့အချိန်ကို ပြန်စဉ်းစားကြည့်လိုက်သည်။ အဲ့တုန်းက သူမ ယောက်ျားတစ်ယောက်နဲ့ပရောပရည် လုပ်နေတဲ့အချိန်လေ၊ အဲဒီအချိန်မှာ ဖေးယီမင်က သူမကိုကြိုက်သွားတယ်ပေါ့ ? သူ့အကြိုက်ကလည်း... တော်တော့်ကိုထူးဆန်းသားပဲ

ဖေးယီမင်သည် ဟွမ်ရှအထင်လွဲသွားသည်ကို သတိထားမိလိုက်ပြီး အမြန်ပြောလိုက်သည်။

"မဟုတ်ဘူး! ကိုယ်တို့ပထမဆုံးစတွေ့တာ အဲဒီအချိန် မဟုတ်ဘူး၊ အဲဒီ့မတိုင်ခင်စောစောကတည်းက တွေ့ခဲ့တာ၊ အဲဒီတုန်းက လမ်းပေါ်မှာ လူဆိုးတွေက မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်နေကြတာလေ၊ လူတိုင်းက ပြန်လက်စားချေခံရမှာကြောက်လို့ ဝင်မပြောရဲကြဘူး၊ မင်း ဝင်ကူညီပြီး လူဆိုးတွေကို အလွယ်တကူနှိမ်နင်းလိုက်တယ်၊ ပြီးတော့ အဲဒီမိန်းကလေးကိုအိမ်ပြန်ပို့ပေးခဲ့တယ်လေ၊ အဲဒီတုန်းက ကိုယ်က မင်းရဲ့မြေခွေးမျိုးနွယ် အမှတ်အသားကိုမမှတ်မိလိုက်ဘူး၊ မင်းလက်စားချေခံရမှာကြောက်လို နောက်ကနေ ခဏလောက်လိုက်ပြီး ကာကွယ်ပေးခဲ့သေးတယ်"

All Chapters