အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
🍃 Chapter 99
ကျီချောင်ချင်မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမကိုယ်သူမ ရှန်ကျွင်း၏ ကျောပေါ်တွင်ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူတို့အဖွဲ့ထဲတွင် ဆရာတော်ချင်းချီကိုမတွေ့ရတော့ပေ။ ဂိုဏ်းသားများက ရှန်ကျွင်းနောက်ခပ်လှမ်းလှမ်းမှလိုက်ပါလာကြသည်။ ရှန်ကျွင်းကတော့ သူမကို ကုန်းပိုးလျက် ရှေ့ဆုံးမှလမ်းလျှောက်နေသည်။ အချိန်မည်မျှကြာအောင် လျှောက်နေရသည်ကိုတော့ သူမလည်းမသိပေ။
ထိုနေရာသည် တောတောင်စိမ့်စမ်းတို့ပေါများသော သစ် တောတစ်ခုဖြစ်ပုံရသည်။ လေထုကအေးစက်စက်ရှိပြီး တစ်ခါတစ်ရံ ငှက်အော်သံများ လေထဲတွင်ပဲ့တင်ထပ်နေသည်။ သူတို့သည် မိစ္ဆာဘုံမှထွက်ခွာလာပြီး လူ့လောကသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
သူမသည် ရှန်ကျွင်းဆီမှထွက်ပေါ်လာသော နွေးထွေးမှုကိုခံစားမိသည်နှင့် သူသည် သူမကိုယ်ခန္ဓာနွေးထွေးစေရန် ဝိညာဉ်စွမ်းအင်ကိုအသုံးပြုနေမှန်း ကျီချောင်ချင်သိလိုက်သည်။ သူမ တိုးတိုးလေး ရယ်မောလိုက်ပြီး "ရှန်ကျွင်း... ကျွန်မလေးနေလား၊ ရှင်ပင်ပန်းနေပြီလား"
ရှန်ကျွင်း "မလေးပါဘူး"
ကျီချောင်ချင်သည် မသိမသာပင် ရှန်ကျွင်း၏ပခုံးပေါ်တွင်ပါးအပ်လိုက်မိသည်။ သူ့ကိုယ်သင်းနံ့က နှင်းဖတ်များအရည်ပျော်ကျသကဲ့သို့ မွှေးပျံ့လတ်ဆတ်သည်။
"ရှန်ကျွင်း... အားလုံးပြီးသွားရင် ရှင်ဘာလုပ်ချင်လဲ"
ရှန်ကျွင်းက ဖြေလိုက်သည်။
"တောင်ဘက်နယ်စပ်ကိုသွားပြီး ဂိုဏ်းတစ်ခုတည်ထောင်မယ်"
ကျီချောင်ချင်သည် အနည်းငယ်စိတ်ဝင်စားသွားသည်။ သူမသည် ရှန်ကျွင်းကဂိုဏ်းထောင်ချင်သည်ဆိုချိန်တွင် အံ့သြမိသော်လည်း ဖြစ်သင့်သည်ဟု တွေးလိုက်မိသည်။ ရှန်ကျွင်းတွင် ကျင့်ကြံသူတစ်ယောက်၏အငွေ့အသက်ရှိသည်။ သူသည် အမြဲတစေသနားကြင်နာတတ်ပြီး စိတ်ထားနူးညံ့သည်။ နောင်တစ်ချိန် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာဖို့က သူ့အတွက်သင့်လျော်သည်။
"ဘာလို့ တောင်ဘက်နယ်စပ်ကိုသွားမှာလဲ"
ရှန်ကျွင်းက မေးခွန်းကိုတိုက်ရိုက်မဖြေဘဲ ကျီချောင်ချင်ကို ပြန်မေးလိုက်သည်။
"မင်းရော တောင်ဘက်နယ်စပ်ကိုသွားမှာလား"
ကျီချောင်ချင် ခဏစဉ်းစားလိုက်သည်။ အကယ်၍ သူမ ကိုယ်ပိုင်ဂိုဏ်းထောင်မည်ဆိုလျှင် သူမလည်း တောင်ဘက်နယ်စပ်ကိုပဲရွေးချယ်မည်ဖြစ်သည်။ ၎င်းသည် အလယ်ပိုင်းလွင်ပြင်လောက်မစည်ကားပဲ၊ မြောက်ဘက်နယ်စပ်လောက် မကျယ်ဝန်းသော်ငြား၊ တောင်ဘက်နယ်စပ်သည် တစ်နှစ်ပတ်လုံး နွေဦးပေါက်ရာသီဥတုကဲ့သို့ သာယာသည်။ ထိုဒေသမှလူများသည် အလွန်ချောမောလှပကြပြီး စကားပြောလျှင်လည်းနူးညံ့သိမ်မွေ့သည်။ အနားယူအပန်းဖြေရန်အကောင်းဆုံးနေရာဖြစ်သည်။။ ကျီချောင်ချင်က နွေးထွေးသောနေရာများကို အနှစ်သက်ဆုံးပင်။ အမြဲတမ်းအေးစက်နေသော မြောက်ဘက်နယ်စပ်နှင့် အန္တရာယ်များသောအလယ်ပိုင်းလွင်ပြင်ကိုမုန်းသည်။
ကံဆိုးသည်မှာ သူမအသက်ရှင်ရန် နှစ်အနည်းငယ်သာကျန်တော့သည့်အပြင် ဂိုဏ်းထောင်ရန်လည်း စိတ်ကူးမရှိပေ။ တစ်ရက်ချင်းစီကုန်ဆုံးသွားသည်ကိုပဲ ကျေနပ်နေမိသည်။
ထိုသို့တွေးကာ ကျီချောင်ချင်ကပြောလိုက်သည်။
"ရှင် နေရာရွေးတာတော်တော်ကောင်းတာပဲ၊ ကျွန်မက ရှင် မြောက်ဘက်နယ်စပ်ကိုရွေးမယ်ထင်နေတာ"
မြောက်ဘက်နယ်စပ်တွင် ဆီးနှင်းဖုံးတောင်တန်းများရှိသည်။ အမြင့်ဆုံးတောင်ထိပ်များသည် ထာဝစဉ် ရေခဲနှင်းများဖုံးလွှမ်းနေပြီး ကျော်ဖြတ်ရန်မဖြစ်နိုင်သလောက်အန္တရာယ်များသည်။ ခန့်ညားထည်ဝါပြီး ကြောက်ရွံ့ဖွယ်ကောင်းသောထိုနေရာသည် ရှန်ကျွင်း၏စရိုက်သဘာဝနှင့် အလွန်လိုက် ဖက်သည်ဟု သူမထင်သည်။
ရှန်ကျွင်းက သူလိုချင်သောအဖြေကိုမရသဖြင့် ခေါင်းကိုအနည်းငယ်စောင်းကာ ပြောလိုက်သည်။
"ကိုယ် အရမ်းအေးတဲ့ နေရာတွေကိုမကြိုက်ဘူး"
တိုက်ဆိုင်လိုက်တာ၊ သူမလည်းမကြိုက်ဘူး။
ကျီချောင်ချင် တစ်စုံတစ်ခုပြောရန်ပြင်လိုက်စဉ် အဝေးမှ ဟိန်းဟောက်သံကြီးတစ်ခုကိုကြားလိုက်ရသည်။
"ဟေ့ကောင်လေးတွေ... မင်းတို့ ပြန်လာတတ်ပြီပေါ့လေ"
"ဒီကို လာခဲ့စမ်း"
"သား... ဘာလို့ ဒီလောက်ကြာနေရတာလဲကွ"
"..."
ကျီချောင်ချင်သည် တစ်ခုခုလွဲနေပြီမှန်းသိလိုက်သည်။ ဤနေရာသို့လာနေကြသူများမှာ ဂိုဏ်းအသီးသီးမှ ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။ သူမသည် ရှန်ကျွင်း၏လည်ပင်းကြားတွင် မျက်နှာအပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မြန်မြန်သွားကြစို့၊ သူတို့ ငါ့ကိုတွေ့သွားရင် သတ်ရင်သတ်၊ မသတ်ရင် ဂိုဏ်းကိုပြန်ခေါ်သွားပြီး စစ်ဆေးမေးမြန်းတော့မှာ"
ရှန်ကျွင်း မလှုပ်ရှားနိုင်ခင်မှာပင် ဂျူနီယာလေးတစ်ယောက်က လှမ်းပြောလိုက်သည်။
"ကျွန်တော်တို့ကို မိစ္ဆာဂိုဏ်းက ဟွာကျစ်ဖမ်းထားတာပါ၊ စီနီယာကျီနဲ့ စီနီယာရှန်ကကယ်လိုက်တာပါ"
ထိုစကားသည် သိပ်ပြီးလှုပ်လှုပ်ရှားရှားမဖြစ်စေပေ။ ရှန်ကျွင်းဆိုတာ သူတို့အတွက်သူစိမ်းဖြစ်ပြီး ကျီမျိုးရိုး အမည်ရှိသောစီနီယာဆိုတာ ကျီချောင်ချင်တစ်ယောက်တည်းရှိတာမဟုတ်ပေ။ ထို့ကြောင့် မည်သူမှသူမကိုသတိမထားမိကြပေ။
သို့သော် ထိုတပည့်လေး၏စကားကြောင့် လူအများအပြားက ကျီချောင်ချင်နှင့်ရှန်ကျွင်းကို အာရုံစိုက်လာကြသည်။ ရှန်ကျွင်းသည် ကျီချောင်ချင်ကိုခေါ်ပြီးထွက်သွားရန်ပြင်လိုက်စဉ် စိတ်အားထက်သန်သောတပည့်တစ်စုက မိတ်ဆက်ပေးလာကြသည်။
ဂိုဏ်းတစ်ခုမှ အကြီးအကဲတစ်ဦးက လေးလေးစားစားပြောလိုက်သည်။
"မောင်ရင်တို့ နှစ်ယောက်ကို မသိ..."
ရုတ်တရက် ကျိုးကျီအန်းက ကျီချောင်ချင်ကို လက်ညှိုးထိုးပြီးအော်ပြောလိုက်သည်။
"သူက မိစ္ဆာမကျီချောင်... အဟမ်း သူက ကျီချောင်ချင်ပါ၊ ပြီးတော့ ဟိုလူ့လက်ထဲကဓားက ရေခဲချိုးဖျက်ဓားပဲ"
လူတိုင်းသည် အလိုအလျောက်လှမ်းကြည့်လိုက်ရာ ရှန်ကျွင်းလက်ထဲမှဓားရှည်သည် အမှန်ပင် ရေခဲချိုးဖျက်ဓားဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် အားလုံးက မိမိတို့၏မွေးရာပါ မှော်လက်နက်များကိုထုတ်ယူပြီး ကျီချောင်ချင်နှင့်ရှန်ကျွင်းကို ချိန်ရွယ်လိုက်ကြသည်။
"ကျီချောင်ချင်ရဲ့ရေခဲချိုးဖျက်ဓား... တကယ်ကြီးပဲဟ"
ရုတ်တရက် တင်းမာသွားသောအခြေအနေကို မြင်သောအခါ တပည့်များကဝိုင်းဝန်းရှင်းပြကြသည်။
"မဟုတ်ဘူး... သူက ကျီချောင်ချင်ဆိုတာဟုတ်ပေမဲ့၊ သူက တကယ်ပဲ ကျွန်တော်တို့ကိုကယ်ခဲ့တာပါ"
"စီနီယာကျီအပေါ် အားလုံးအထင်လွဲနေကြပြီထင်တယ်၊ အားလုံးထိုင်ပြီး လက်ဖက်ရည်သောက်ရင်း စကားပြောကြရင်မကောင်းဘူးလား"
"အဖေ... စီနီယာကျီကို ဓားနဲ့မချိန်ပါနဲ့၊ သမီးကို သူက အခုလေးတင်ကယ်ခဲ့တာလေ၊ အဖေက သမီးကို ကျေးဇူးကန်းတဲ့သူဖြစ်အောင်လုပ်နေတာလား"
"..."
တချို့တပည့်များက ကျီချောင်ချင်ဘက်မှရှင်းပြနေကြသော်လည်း တချို့မှာမူ မိဘများ၏ဆွဲခေါ်ခြင်းခံရပြီး လူအုပ်ထဲသို့ရောက်သွားကြသည်။
တပည့်များ၏စိုးရိမ်ပူပန်မှုနှင့်ယှဉ်လျှင် လူကြီးများကပို၍တည်ငြိမ်ကြသည်။ သူတို့သည် ကလေးများ၏ရှင်းပြချက်ကို လုံးဝနားမထောင်ဘဲ ရှန်ကျွင်းကျောပေါ်မှ အနီရောင်ဝတ်စုံနှင့်အမျိုးသမီးကို အန္တရာယ်ကောင်ကြီးသဖွယ်ကြည့်နေကြသည်။
"ကျီချောင်ချင်! မင်းကိုး"
ကျီချောင်ချင် သက်ပြင်းတစ်ချက်ချလိုက်ကာ ရှန်ကျွင်း ကျောပေါ်မှဆင်းလိုက်သည်။ သူမ မြေကြီးပေါ် ခြေချလိုက်ချိန်တွင် ခြေလှမ်းအနည်းငယ်ယိုင်သွားသော်လည်း ချက် ချင်းပြန်ထိန်းလိုက်ပြီး တည်ငြိမ်စွာပြုံးကာ ဘေးသို့နှစ်လှမ်းခန့်ရွှေ့ပြီး ရှန်ကျွင်းနှင့် ခပ်ခွာခွာနေလိုက်သည်။
"ဘာလို့ အားလုံးက ဒီလောက်ခက်ထန်နေကြတာလဲ၊ ရာသီ ဥတုကအေးပါတယ်ဆို၊ ကိုယ့်နေရာကိုယ်ပြန်ပြီး လူစုခွဲလိုက်ကြပါလား"
ကျီချောင်ချင်၏မျက်နှာကို မြင်လိုက်ရသောအခါ အားလုံးမှာပိုခက်ထန်သွားကြသည်။
"ကျီချောင်ချင်... လွန်ခဲ့တဲ့လပိုင်းလောက်က မင်း ထျန်းရွှမ်ဂိုဏ်းကိုမြေလှန်ပစ်ခဲ့တယ်၊ မင်းကို မိစ္ဆာပူးသွားပြီလို့ သတင်းတွေထွက်နေတာ၊ ဒီကလေးတွေကိုဘယ်ခေါ်သွားတာလဲ၊ ဘာလုပ်ဖို့ကြံစည်နေတာလဲ"
သနားစရာကလေးတချို့က ဝင်ရောက်ရှင်းပြရန် ကြိုးစားသော်လည်း ဘေးနားမှလူကြီးများ၏ ပါးရိုက်ခြင်းကိုခံလိုက်ရသည်။
ကျီချောင်ချင်က ကြည့်နေရင်းရယ်ချင်မိသွားသော်လည်း ပါးရိုက်ခံလိုက်ရသောကလေးများကို သနားမိသွားသည်။
"ကျွန်မ ဘာမှလုပ်ဖို့အကြံမရှိပါဘူး၊ ဒီကလေးတွေကတုံးလွန်းလို့ မိစ္ဆာတွေ ဖမ်းတာခံလိုက်ရတာလေ၊ ကျွန်မက မိစ္ဆာတွေနဲ့ကိစ္စရှိလို့သွားရင်း လမ်းကြုံလို့ ကယ်လာခဲ့တာ၊ ဒါပါပဲ"
သူမကိုယ်တိုင်လည်း မိစ္ဆာများဖမ်းတာခံခဲ့ရသည်ကိုတော့ထည့်မပြောတော့ပေ။ ကျိုးကျီအန်းကချက်ချင်း ပြန်အော်သည်။
"မဟုတ်ဘူး၊ ကျီချောင်ချင်ကဟွာကျစ်နဲ့ပေါင်းပြီး ကျွန်တော်တို့ကိုဖမ်းခဲ့တာ၊ ကျွန်တော်တို့ကိုအသုံးချပြီး ဂိုဏ်းကြီးတွေကိုခြိမ်းခြောက်ဖို့ နတ်ဆိုးချေမှုန်းစစ်ပွဲတုန်းက အဖြစ်ဆိုးကြီးကိုပြန်ဖန်တီးဖို့ ဒီကိုခေါ်လာတာ!"
ရှန်ကျွင်းသည် ကျိုးကျီအန်းကိုကြည့်လိုက်ကာ သူ့မျက်နှာ ထားမှာအေးစက်သွားသည်။
စစ်ပွဲဆိုသောစကားလုံးသည် ဗုံးတစ်လုံး၏မီးစာကဲ့သို့ပင်။ လူတိုင်း၏မျက်လုံးများက အမုန်းတရားများဖြင့် ကျီချောင်ချင်ထံရောက်ရှိလာကြသည်။
"ကျီချောင်ချင်... အဲဒီတုန်းက မင်းကလက်စားချေဖို့ဆိုပြီး လူနည်းနည်းကိုဦးဆောင်ပြီး မိစ္ဆာဘုံကိုသွားခဲ့တယ်၊ ရလဒ်က ဂိုဏ်းအသီးသီးကကလေးတွေ အများကြီး မင်းကြောင့် မိစ္ဆာဘုံထဲရောက်ပြီးသေခဲ့ရတယ် သူတို့သေပုံကအရမ်းဆိုးတယ်၊ နောက်ပိုင်းမှာ ဂိုဏ်းကြီးတွေက မင်းကိုသနားလို့ခွင့်လွှတ်ပေးခဲ့တာ၊ အခု မင်းက နောက်တစ်ခါထပ်လုပ်ချင်ပြန်ပြီလား"
"အဲဒီတုန်းက ငါ့အစ်ကိုအလောင်းတောင်ပြန်မရခဲ့ဘူး၊ ငါ့အမေဆိုငိုလွန်းလို့ မျက်လုံးကွယ်တဲ့အထိပဲ၊ ကျီချောင်ချင်... နင် ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို ထပ်လုပ်ရက်ရတာလဲ၊ နင်က တကယ့်မိစ္ဆာမပဲ"
"ကျီချောင်ချင်! ဒီနေ့ မင်းကိုအလွတ်မပေးနိုင်ဘူး၊ မင်းအစွမ်းဘယ်လောက်မြင့်မြင့် ငါတို့ မင်းကိုသတ်မယ်၊ ကျင့်ကြံခြင်းလောကရဲ့ကပ်ပါးကောင် မင်းကို ဖယ်ရှားပစ်မယ်"
လာပြန်ပြီ...
ကျီချောင်ချင်သည် ထိုလူများ၏ ဖြောင့်မတ်မှန်ကန်ချင်ယောင်ဆောင်နေတဲ့ပုံစံများကို အေးစက်စက် ကြည့်လိုက်သည်။ သူမ ရုတ်တရက် ပျင်းရိငြီးငွေ့သွားမိသည်။ ထိုလူများ၏မျက်နှာဖုံးများသည် လွန်ခဲ့သောနှစ်တစ်ရာတုန်းကအတိုင်းဖြစ်ကာ ယခုလည်း ထိုသို့ဖြစ်ပြီး နည်းနည်းလေးမှမပြောင်းလဲသလို ကျိန်ဆဲစရာစကားလုံးအသစ်ပင်မရှိကြချေ။ သို့ဖြစ်ရာ သူမ ပြန်ပြီးကျိန်ဆဲချင်စိတ်တောင်မရှိတော့ပေ။
လူအုပ်ကြီးဒေါသထွက်နေစဉ် ဆေးတောင်ကြားမှ ဂိုဏ်းသားတစ်ယောက်ကပြောလိုက်သည်။
"ကျီအန်းရှစ်ရှုန်း... ရှစ်ရှုန်းက ဘယ်လိုလုပ် အမှန်တရားကိုလိမ်ညာပြောဆိုရတာလဲ၊ အဲဒီတုန်းက စီနီယာကျီ ကျွန်တော်တို့ကို မိစ္ဆာထောင်ထဲကကယ်ထုတ်တုန်းက ရှစ်ရှုန်းက သူ့ကိုပထမဆုံးယုံကြည်ခဲ့သူ၊ ထောင်ထဲက ပထမဆုံးထွက်လာခဲ့သူလေ၊ ဘာလို့ အခုလိမ်ပြောနေရတာလဲ"
🍃 Chapter 100
ကျိုးကျီအန်း၏မျက်လုံးထဲတွင် နာကြည်းရိပ်တစ်ချက်ဖြတ်ပြေးသွားပြီး ချက်ချင်းပင် ပိုဒေါသထွက်သွားပုံဖြင့်
"အဲဒီတုန်းက သူက စီနီယာဖေးယွမ်ပုံစံဟန်ဆောင်ပြီး ငါတို့ကိုကယ်ခဲ့တာလေ၊ ငါအလိမ်ခံလိုက်ရတာ၊ အခု သူ့အကြောင်းအမှန်သိရပြီဆိုတော့ သူ့သဏ္ဍာန်မှန်ကိုဖော်ထုတ်ရမှာပေါ့"
ကျီချောင်ချင်သည် ကျိုးကျီအန်းကိုမှတ်မိလိုက်သည်။ သူမ ထိုတပည့်များကိုကယ်ဆယ်စဉ်က သူသည် သူမကို ပထမဆုံးယုံကြည်ခဲ့သူဖြစ်သည်။ နောက်ပိုင်း ဟွာကျစ်ကိုသတ်ရန်အစီအရင်ပြောင်းလဲရာတွင်လည်း သူသည် လျင်မြန်စွာတုံ့ပြန်ပြီး ဟွာကျစ်ကို ထိန်းထားနိုင်ရန်ကူညီပေးခဲ့သည်။
ကျီချောင်ချင်သည် သူ့ကိုသတ္တိရှိပြီး ဖြောင့်မတ်သူ၊ အလား အလာရှိသူဟုထင်မှတ်ခဲ့သည်။ သူမကိုသတ်ချင်လွန်း၍ လူတိုင်းကိုလိမ်ညာလှည့်စားရဲသည်အထိမုန်းတီးနေလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။
ကျီချောင်ချင်က မေးလိုက်သည်။
"ကျိုးကျီအန်း... နင် ဘာလို့ ငါ့ကိုဒီလောက်မုန်းနေရတာလဲ"
ကျိုးကျီအန်းသည် ငယ်ရွယ်သူပီပီ မျက်လုံးထဲတွင် အမုန်းတရားကြောင့် မျက်ရည်များဝဲတက်လာသည်။
"ကျီချောင်ချင်! ထျန်းရွှမ်ဂိုဏ်းပျက်စီးတုန်းက သေသွားတဲ့အထဲမှာ ကျွန်တော့်အဖေပါတယ်! ခင်ဗျား ကျွန်တော့်အဖေကိုသတ်ခဲ့တာ!"
ကျီချောင်ချင် စဉ်းစားလိုက်သည်။ ထိုနေ့က အလွန် ရှုပ်ထွေးခဲ့သဖြင့် ဆေးပညာတောင်ကြားမှ လူတချို့လည်းရှိနေခဲ့လောက်သည်။
ဒါပေမဲ့ဘာဖြစ်လဲ၊ အဲဒီနေ့က ထျန်းရွှမ်ဂိုဏ်းမှာရှိနေတဲ့သူတွေထဲမှာ ဘယ်သူကများ ကောက်ကျစ်စဉ်းလဲတဲ့သူမဟုတ်လို့လဲ...
"သြော်... ဒီလိုကိုး"
ကျီချောင်ချင် တစ်စုံတစ်ခုပြောရန်ပြင်လိုက်စဉ် ကျိုးကျီအန်းက "စီနီယာတို့... ကျီချောင်ချင်က ဝိညာဉ်စွမ်းအင်တွေအကုန်ဆုံးရှုံးသွားပြီ၊ ကြောက်စရာလုံးဝမလိုတော့ဘူး၊ သူ့ဘေးက လူကသာ နည်းနည်းဒုက္ခပေးနိုင်တာ၊ သူတို့နှစ်ယောက်က လည်ပင်းဖက်ပေါင်းနေတဲ့မိစ္ဆာစုံတွဲတွေပဲ"
ကျီချောင်ချင်၏ မျက်လုံးများအေးစက်သွားသည်။
"နင် မှားနေပြီ၊ ရှန်ကျွင်းကို ဘယ်လိုလူလို့ထင်နေလဲ၊ သူကလည်း နင်တို့လိုပဲ ငါ့ရဲ့ပြုစားတာခံထားရပြီး အသုံးချခံနေရတဲ့သူပဲ၊ အစက သူ့ကိုအလွယ်လေးပြုစားနိုင်မယ်ထင်ခဲ့တာ၊ ဒါပေမဲ့ သူက ဒီလောက် စိတ်ထားနူးညံ့ပြီး နင်တို့ကိုကယ်ဖို့ ငါ့ကိုဇွတ်အတင်း တိုက်တွန်းလိမ့်မယ်လို့ထင်မထားခဲ့ဘူး၊ အခု ငါ သူ့ကို ဆက်ပြီးလိမ်ညာဖို့ပျင်းနေပြီ၊ သူ့ကို ငါနဲ့ လာမပတ်သက်စေနဲ့၊ သူနဲ့မတန်ဘူး၊ နင်တို့နဲ့လည်းမတန်ဘူး"
ထိုစကားကိုကြားသောအခါ တပည့်များအတော်လေးအံ့သြသွားကြသည်။ ကျီချောင်ချင်မှာ ရုတ်တရက်လေသံပြောင်းသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ရှန်ကျွင်းက ကျီချောင်ချင်ကိုကြည့်ပြီး နှုတ်ခမ်းကိုတင်း တင်းစေ့လိုက်သည်။
သူမ ထပ်လုပ်ပြန်ပြီ၊ အမြဲတမ်းဒီလိုချည်းပဲ၊ သူမ မထိန်း ချုပ်နိုင်တဲ့ အန္တရာယ်ကြုံလာတိုင်း သူ့ကိုပါ ရောပါသွားမှာစိုးလို့ အဝေးကိုတွန်းထုတ်တတ်တယ်..
သူ့ဆန္ဒကို သူမ ဘယ်တုန်းကမှမမေးခဲ့ဖူးဘူး၊ တကယ်တော့ သူက သူမနဲ့အတူ သေအတူတူ ရှင်အတူတူ ရင်ဆိုင်ချင်နေတာလည်းဖြစ်နိုင်တာပဲလေ...
ဆေးပညာတောင်ကြားမှ အကြီးအကဲရီကမေးလိုက်သည်။
"မောင်ရင်... ကျီချောင်ချင်က မောင်ရင့်ကိုလိမ်ညာထားတာဆိုတော့ မြန်မြန်ဒီဘက်ကိုလာခဲ့ပါ၊ သူ့အနားမှာဆက်မနေပါနဲ့တော့"
ကျီချောင်ချင်က တိုးတိုးလေးပြောလိုက်သည်။
"ရှန်ကျွင်း... ရှင်က ကိုယ်ပိုင်ဂိုဏ်းထောင်ချင်တဲ့သူပဲ၊ ဒီလူတွေကိုသွားမငြိနဲ့၊ ကျွန်မ ဘာသာနေလို့ရတယ်၊ နောက်မှ အစီအရင်ဗဟိုချက်ကိုဆက်ရှာကြတာပေါ့၊ အခု ဒီနေရာမှာ တစ်ခါတည်းအသေမခံနဲ့ ရှင်..."
"ငါ ဟိုဘက်ကိုမသွားဘူး" ရှန်ကျွင်း၏မျက်နှာထားမှာ အလွန်အေးစက်နေသည်။
"ငါလုပ်သမျှ အရာအားလုံးက ငါ့ဆန္ဒအရလုပ်တာ၊ ကျီချောင်ချင် ငါ့ကို မပြုစားထားဘူး"
ထိုသို့ပြောပြီးနောက် ရှန်ကျွင်းက ကျီချောင်ချင်ကို ကြည့်လိုက်သည်။
"ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်၊ မင်းက ဘာလို့ ငါ့ကို အမြဲတမ်းတွန်းထုတ်နေရတာလဲ"
တစ်ခဏအတွင်း လူအများအပြားက ဓားများကို ရှန်ကျွင်း ထံချိန်ရွယ်လိုက်ကြသည်။
ကျီချောင်ချင် ကြောင်အမ်းသွားပြီးနောက် ရယ်မောလိုက်မိသည်။ ရှန်ကျွင်းက ပြင်ပလူတစ်ယောက်ကို စကားအများကြီးပြောသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် သူမဘက်ကရပ်တည်မည်ဟု လူသိရှင်ကြားပြောတာလည်း ပထမဆုံးဖြစ်သည်။
ဟုတ်သားပဲ... သူမ အမြဲတမ်းတွန်းထုတ်နေစရာမလိုပါဘူး၊ လောကကြီးတစ်ခုလုံးနဲ့ရန်ဖြစ်ရတာ အရသာတော့မရှိလှဘူး၊ သူမ အမြဲတမ်း ဒီလိုလုပ်နေရတာက... ရှန်ကျွင်းအတွက် ထွက်ပေါက်တစ်ခုပေးထားချင်လို့ပဲ၊ တကယ်လို့နောင်တစ်ချိန် သူနောင်တရခဲ့ရင် သွားစရာနေရာလေးတစ်ခုရှိနေစေချင်လို့၊ သွားစရာနေရာမရှိတဲ့ခံစားချက်က ဘယ် လောက်ဆိုးရွားတယ်ဆိုတာ သူမ ကောင်းကောင်းကြီးသိတယ်လေ...
ကျီချောင်ချင်သည် ရှန်ကျွင်း၏အကြည့်ကို ပြန်ကြည့်လိုက်သည်။ တကယ်လို့ သူ နောင်တစ်ချိန် ဂိုဏ်းထောင်ချင်တယ်ဆိုရင်တော့ ခက်ခဲတော့မှာပဲ...
သူမ ရယ်လိုက်သည်။ အနာဂတ်အတွက် ဘာလို့ ပူပန်နေရမှာလဲ၊ သူမ ဘေးမှာတစ်ယောက်ယောက် ရှိနေတာကောင်းတာပဲလေ...
အစက သူမ ရှင်းပြဖို့စိတ်ကူးမရှိသော်လည်း ယခုအခါ ရှန်ကျွင်းအတွက်ကြောင့် သူမ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြောဆိုရတော့မည်။
"လူတိုင်းပဲ... ကျွန်မ ထျန်းရွှမ်ဂိုဏ်းကိုဖျက်ဆီးလိုက်ရတာက လူတွေအများကြီး ကျွန်မအပေါ်မကောင်းကြံပြီး ကျွန်မဆီကအမြတ်ထုတ်ချင်နေကြလို့ပါ၊ အဲဒီနေ့က ထျန်းရွှမ်ဂိုဏ်းမှာ သေသွားတဲ့သူတိုင်း အပြစ်ရှိတယ်၊ သေသင့်တဲ့သူတွေချည်းပဲလို့ ကျွန်မ အာမခံတယ်၊ ကျွန်မ..."
ကျီချောင်ချင် စကားမဆုံးခင် ဖြတ်ပြောခြင်းခံလိုက်ရသည်။
"ကျီချောင်ချင်! ကျင့်ကြံသူတွေကို ဒီလောက်လွယ်လွယ်ကူကူသတ်ပစ်လို့ရမလား၊ မင်း သိပ်ရောင့်တက်လွန်းနေပြီ၊ ဒီနေ့ ဒီမိစ္ဆာမကိုရှင်းပစ်ပြီး လောကကြီးကိုငြိမ်းချမ်းအောင် ငါလုပ်မယ်"
ထိုလူက ကျီချောင်ချင်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။ သူသည် ကပ်ဘေးကျော်လွှားအဆင့်နှောင်းပိုင်းရောက်နေသူဖြစ်ပြီး ဂိုဏ်းတစ်ခု၏အဖွဲ့ဝင်ဖြစ်ရာ အစီအရင်များစွာက သူ့အပေါ်သက်ရောက်မှုမရှိပေ။ ကျီချောင်ချင်သည် အနည်း ငယ်အကျပ်ရိုက်သွားပြီး ပိုကောင်းသည့်နည်းလမ်းတစ်ခုကို အလျင်အမြန်စဉ်းစားလိုက်ရသည်။
ရှန်ကျွင်းက ကျီချောင်ချင်၏ရှေ့တွင်ဝင်ရပ်လိုက်ပြီး ခွင်းလွန်ဓားကို သူမ ကာကွယ်ရန်ပစ်ပေးလိုက်သည်။ သူကိုယ် တိုင်သည်တော့ ကပ်ဘေးကျော်လွှားအဆင့်ရောက်နေသူကို ရင်ဆိုင်လိုက်လေသည်။
ကပ်ဘေးကျော်လွှားအဆင့်ရောက်နေသူသည် ရှန်ကျွင်း၏ ကျင့်ကြံဆင့်ကို အာရုံခံမိလိုက်သည်။ ၎င်းတို့နှစ်ယောက်စလုံး ကပ်ဘေးကျော်လွှားအဆင့်ဖြစ်သော်လည်း အစောပိုင်းအဆင့်နှင့်နှောင်းပိုင်းအဆင့်ကြားတွင် ကြီးမားသောကွာဟချက်ရှိသည်။ ရှန်ကျွင်းကဲ့သို့ အစောပိုင်းအဆင့်ကျင့်ကြံသူသည် သူ၏အားကုန်တိုက်ခိုက်မှုအောက်တွင် သေချာပေါက်သေဆုံးရမည်ဟု သူထင်မှတ်ထားခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ရှန်ကျွင်းက သူ့ကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။
ထိုကျင့်ကြံသူကြီးသည် ခြေလှမ်းအနည်းငယ်ယိုင်နဲ့စွာနောက်ဆုတ်သွားပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။
ဤသည်ကိုမြင်လိုက်ရချိန် ကပ်ဘေးကျော်လွှားအဆင့်နှင့် မူလဝိညာဉ်အဆင့်ကျင့်ကြံသူအများအပြားရှေ့ထွက်လာကြသည်။ ရှန်ကျွင်းအသုံးပြုသော ရေခဲချိုးဖျက်ဓားသည် နတ်ဘုရားလက်နက် ဖြစ်ကြောင်း အားလုံးရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ကြပြီဖြစ်သည်။ ထို့ကြောင့်လည်း ကပ်ဘေးကျော်လွှားအဆင့်အစောပိုင်း စွမ်းအားလောက်ဖြင့် နှောင်းပိုင်းအဆင့်ရောက်နေသူကို တွန်းလှန်နိုင်ခဲ့သည်။
သေချာပေါက် ဒီဓားကြောင့်ပဲဖြစ်ရမယ်...
ရေခဲချိုးဖျက်ဓား၏အံ့ဖွယ်အစွမ်းကို အားလုံးသိကြသော် လည်း ကျီချောင်ချင်၏ပစ္စည်းကို လုယူလိုသူနည်းပါးသည်။ လူနည်းစုလောက်ကသာ သူတို့ရေခဲချိုးဖျက်ဓားကိုရနိုင်ရင်ဟု တွေးနေကြသည်။
မူလဝိညာဉ်အဆင့်ကျင့်ကြံသူ အများအပြားသည် ရှေ့တိုးလာကြသည်။ ရှန်ကျွင်း၏ဝိညာဉ်စွမ်းအင် မည်မျှထူးကဲနေပါစေ၊ ဤလူအများကြီးကိုတော့ ယှဉ်နိုင်မည် မဟုတ်ပေ။
ကျီချောင်ချင်သည် ခွင်းလွန်ဓားကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမမျက်နှာထားသည် အေးစက်သွားသည်။
"ရောင့်တက်မလာကြနဲ့"
မူလဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်က ပြန်အော်သည်။
"ရောင့်တက်တော့ဘာဖြစ်လဲ၊ ကျီချောင်ချင်... ဒီနေ့ မင်း သေကိုသေရမယ်”
ကျီချောင်ချင်၏ သည်းခံနိုင်စွမ်းကုန်ဆုံးသွားလေသည်။ သူမသည် ဒေါသအိုးပေါက်ကွဲသွားသည့်နှယ် လက်ထဲမှဝိညာဉ်ကျောက်တုံးကို ကြိတ်ချေရန်ပြင်လိုက်သည်။ သိုသော် လျှပ်တစ်ပြက်မှာပင် ရှန်ကျွင်းက သူမလက်ထဲမှကျောက်တုံးကိုလုယူလိုက်လေသည်။
ခွပ်...
ရှန်ကျွင်းသည် ဝိညာဉ်ကျောက်တုံးကို လက်ဖြင့်ညှစ်ချေလိုက်ရာ သန့်စင်သောဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို တရှိန်ထိုးစီးဝင်သွားကြသည်။ သူသည် ဓားရှည်ကိုမြှောက်လိုက်ပြီး အေးစက်သော လေသံဖြင့်ဆိုလိုက်သည်။
"ကိုယ့်ကို လာကယ်ဖိုမလိုဘူး"
ရှန်ကျွင်း၏ စွမ်းအင်များထူးကဲနေသော်လည်း ယခုသူရင်ဆိုင်နေရသည်မှာ သာမန်လူများမဟုတ်ပေ။ မူလဝိညာဉ်အဆင့် ကျင့်ကြံသူအများအပြားကို သူတစ်ယောက်တည်း ဘယ်လိုမှနိုင်အောင် တိုက်နိုင်မည်မဟုတ်ပေ။ ကိုယ့်ထက် အဆင့်မြင့်သောသူများကို တစ်ယောက်တည်းစိန်ခေါ်ခြင်းသည် သေလမ်း မဟုတ်ပါက ဒဏ်ရာပြင်းထန်စွာရခြင်းဖြင့်သာ အဆုံးသတ်ရပေမည်။
မူလက သူမဘေးတွင် တစ်ယောက်ယောက်ရှိနေခြင်းကကောင်းသည်ဟု ကျီချောင်ချင်ထင်ခဲ့မိသော်လည်း ရှန်ကျွင်းဒဏ်ရာရနေသည်ကိုမြင်သောအခါ စိတ်မကောင်းဖြစ်မိသွားသည်။
"ရှန်ကျွင်း... ကျွန်မတိုက လမ်းခရီးမှာမတော်တဆ ဆုံခဲ့ကြတဲ့သူစိမ်းတွေပဲ၊ သူတိုကကျင့်ကြံသူတွေလေ၊ ရှင် သူတိုနဲ့..."
"ပါးစပ်ပိတ်ထား"
ကျီချောင်ချင်နှင့်ယှဉ်လျှင် ရှန်ကျွင်းက ပိုပြတ်သားသည်။ သူသည် ကပ်ဘေးကျော်လွှားအဆင့်ကျင့်ကြံသူတစ်ယောက်ကို လက်ဝါးဖြင့်ရိုက်ထုတ်လိုက်သော်လည်း နောက်တစ်ခဏတွင် မူလဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦး၏ ဓားချက်မိသွားလေသည်။
ရှန်ကျွင်းသည် လှည့်ပင်မကြည့်ဘဲ နောက်ပြန်ခုတ်ချလိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် မူလဝိညာဉ်အဆင့်ကျင့်ကြံသူ နောက်ဆုတ်သွားသော်လည်း ရှန်ကျွင်းဒဏ်ရာမှာ ပိုနက်သွားသည်။
ကျွမ်းကျင်အဆင့်ကျင့်ကြံသူတွေက အရမ်းများလွန်းတယ်၊ ဒီတိုင်းဆက်သွားရင် ရှန်ကျွင်းသေလိမ့်မယ်...