အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
🍃 Chapter 97
အဲဒီ့အရူးတွေကို နင့်ရဲ့ကြီးကျယ်တဲ့ရည်မှန်းချက်တွေပျက် စီးအောင်အလုပ်မခံနဲ့၊ နင့်ရဲ့အမုန်းတရားကို ဘယ်တော့မှမမေ့နဲ့၊ လူတိုင်း နင့်ကိုအကြွေးတင်နေကြတာ၊ နင်ဘာမှမမှားဘူး၊ ဖေးယီမင်က နင်ကြုံတွေ့ခဲ့ရတာတွေကို ကြုံဖူးတာမှမဟုတ်တာ၊ နင်က ဘာလိုအပြစ်ရှိသလိုခံစားနေရမှာလဲ၊ လောကကြီးတစ်ခုလုံး နင့်ကိုအကြွေးတင်နေတာ...
ကျီချောင်ချင်သည် တဖြည်းဖြည်းတည်ငြိမ်သွားသည်။
ဟုတ်တယ်... နောက်ဆုံးကျတော့ ဖေးယီမင်က အရမ်းအတာကိုး၊ အချိန်တွေကုန်လွန်သွားပြီ၊ အဲဒီတုန်းက ဂိုဏ်းတူမောင် နှမတွေလည်းပြောင်းလဲသွားကြပြီ၊ ဟို အသုံးမကျတဲ့ကျိုးကျွင်းလန်တောင် သူမကို ချောက်ကမ်းပါးထဲတွန်းချရဲသေးတာပဲ၊ သူမကရော ဘာလိုလောကကြီးကိုမှောက်လှန်ပစ်လိုမရရမှာလဲ...
လူတိုင်းပြောင်းလဲသွားကြတာကို ဖေးယီမင် တစ်ယောက် တည်း မပြောင်းလဲခဲ့တာ...
သူမ လုပ်သမျှ အားလုံးမှန်ကန်တယ်၊ သူများတွေပဲ မှားတာ...
ကျီချောင်ချင်က သက်ပြင်းချလိုက်သည်။ သူမလက်ထဲမှ အစီအရင်ဗဟိုချက်ကိုထုတ်ယူလိုက်သည်။
အစီအရင်ဗဟိုချက်ကို ဖေးယီမင်၏ခန္ဓာကိုယ်ထဲမှ ထုတ်ယူခဲ့ပြီး ဟွမ်ယွမ်ပုလဲဖြင့် သေချာစွာကာကွယ်ထားခဲ့ခြင်းဖြစ် သည်။ ကျီချောင်ချင်သည် အစီအရင်ဗဟိုချက်ကို ဟွမ်ယွမ်ပုလဲမှခွဲထုတ်လိုက်ပြီးချက်ချင်းပင် ရှန်ကျွင်း၏ရင်ဘတ်ထဲသိုထည့်လိုက်တော့သည်။
ရှန်ကျွင်းမျက်မှောင်ကြုတ်သွားကာ နေရထိုင်ရခက်သွားပုံရသည်။
ကျီချောင်ချင်က မေးလိုက်သည်။
"ဘယ်လိုနေလဲ"
ရှန်ကျွင်းသည် ပြန်မဖြေချေ။ သူ လက်ကိုဆန့်ထုတ်လိုက်ရာ ကြည်လင်သန့်ရှင်းသောဝိညာဉ်စွမ်းအင် ဘောလုံးတစ်လုံး သူ့လက်ဖဝါးပေါ်တွင်ပေါ်လာလေသည်။
ဤသည်မှာ ကပ်ဘေးကျော်လွှားအဆင့်ရောက်နေသူများသာ ပိုင်ဆိုင်နိုင်သောဝိညာဉ်စွမ်းအင်ဖြစ်သည်။
ရှန်ကျွင်းနှင့် စတွေ့စဉ်က သူသည် ဝိညာဉ်စွမ်းအင်မရှိဘဲနှင့် ကပ်ဘေးကျော်လွှားအဆင့်ရှိသော ကျိုးကျွင်းလန်ကိုယှဉ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် မည်သိုမည်ပုံမသိ ဝိညာဉ်စွမ်းအင်ရရှိလာပြီး မူလဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်လာကာ ဟွာကျစ်ကိုပင်ယှဉ်နိုင်ခဲ့သည်။ ယခု သူသည်ကပ်ဘေးကျော် လွှားအဆင့်ကိုရောက်ရှိသွားသည်။
ကျီချောင်ချင်လည်း အံ့သြသွားသည်။
"ရှင့်ရဲ့ ဝိညာဉ်စွမ်းအားက ဘယ်လိုလုပ်ဒီလောက်မြန်မြန် တက်လာရတာလဲ"
ရှန်ကျွင်းသည် ခဏစဉ်းစားလိုက်ပြီး "အစီအရင်ဗဟိုချက်"
အစီအရင်ဗဟိုချက် ဟုတ်လား...
ကျီချောင်ချင်သည် ခဏမျှဇဝေဇဝါဖြစ်သွားပြီးနောက် သတိထားမိလိုက်သည်မှာ ရှန်ကျွင်း၏ ဝိညာဉ်စွမ်းအားတိုးတက်လာတိုင်း အစီအရင်ဗဟိုချက်သူ့ကိုယ်ထဲဝင်ရောက်ပြီးနောက်မှဖြစ်လာခြင်းဖြစ်သည်။
ဘာကြောင့်ဒီလိုဖြစ်ရတာလဲ၊ ရှန်ကျွင်းနဲ့ ဒီအစီအရင်ဗဟို ချက်ကြားမှာ ဘာပတ်သက်မှုရှိနေတာလဲ...
ကျီချောင်ချင်က မေးလိုက်သည်။
"ရှင် ဝိညာဉ်စွမ်းအားသုံးတဲ့အခါ နေမထိထိုင်မသာဖြစ်တာမျိုးရှိလား"
ကျီချောင်ချင်ကိုယ်တိုင်ပင် ဤမေးခွန်းကိုမယုံကြည်နိုင်ဖြစ်နေသည်။ ထိုမျှလောက် ကြည်လင်သန့်ရှင်းသောဝိညာဉ်စွမ်းအားက ရှန်ကျွင်းကိုမည်သိုဒုက္ခပေးနိုင်မည်နည်း။
သူမ ထင်ထားသည့်အတိုင်းပင် ရှန်ကျွင်းကခေါင်းခါပြလိုက်သည်။
ကျီချောင်ချင်သည် သူမ၏ဆရာရှန်တုပိုင်ကို သတိရသွားသည်။ သူမကိုယ်ပေါ်တွင် တံဆိပ်အစီအရင်ဗဟိုချက်ကိုထည့်သွင်းစဉ်က သူမ၏ခန္ဓာကိုယ်သည် မိစ္ဆာစွမ်းအင်ကြောင့် တိုက်ရိုက်လောင်ကျွမ်းခံခဲ့ရပြီး သတိလစ်မေ့မြောကာ စိတ်အာရုံများဝေဝါးခဲ့ရသည်။ သူမ၏ဆရာက အစီအရင်ဗဟိုချက်ကိုငါးပိုင်းခွဲပြီးမှ အဓိကအစီအရင်ဗဟိုချက်ကို သူမကိုယ်ထဲထည့်သွင်းပေးခဲ့သဖြင့် အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။
ဘာကြောင့် ဒီအစီအရင်ဗဟိုချက်က ရှန်ကျွင်းကိုကျတော့ ကပ်ဘေးကျော်လွှားအဆင့်ဝိညာဉ်စွမ်းအား ပေးနိုင်ရတာလဲ? ဘာကြောင့် သူမရယ်၊ ချန်ကျင်းကျစ်ရယ်၊ ဖေးယီမင်ရယ်ကျတော့မှ အစီအရင်ဗဟိုချက်က ဖြည်းဖြည်းချင်းဝါးမြိုဖျက်ဆီးနေရတာလဲ၊ ဘာကြောင့်လဲ...
ကျီချောင်ချင်သည် ရုတ်တရက်သတိရသွားပြီး
"ဒါဆို ရှင် အစီအရင်ဗဟိုချက်ကိုပြန်ထုတ်လိုရသေးလား"
ရှန်ကျွင်းက ချက်ချင်းတုံပြန်လိုက်ပြီး ဝိညာဉ်စွမ်းအင်ကိုအသက်သွင်းလိုက်သည်။ သူ့ကိုယ်ခန္ဓာအနှံလှည့်ပတ်လိုက်သော်လည်း ဝိညာဉ်စွမ်းအင်များပြည့်ဝနေသည်မှလွဲ၍ ဘာမှမခံစားရပေ။
သူ ထပ်မံစစ်ဆေးကြည့်လိုက်သောအခါ အစီအရင်ဗဟိုချက်သည် သူ့ခန္ဓာကိုယ်ထဲမှပျောက်ကွယ်သွားပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။
ကျီချောင်ချင်၏ရင်ထဲတွင် မနာလိုစိတ်များလှိုင်လှိုင်ထလာသည်။
သူမ ဤမျှလောက်အပင်ပန်းခံရှာဖွေခဲ့ရသော အစီအရင် ဗဟိုချက်ကို ရှန်ကျွင်းခန္ဓာကိုယ်ကဝါးမြိုပစ်လိုက်ပြီတဲ့လား။
ကျီချောင်ချင်သည် အစီအရင်ဗဟိုချက်အတွက် လက်ခံမည့်ခန္ဓာကိုယ်အသစ်တစ်ခု ထပ်ရှာရမလား စဉ်းစားရတော့ သည်။
ဒါပေမဲ့ ခန္ဓာကိုယ်အသစ်လဲလိုက်ရင်ရော ဘာဖြစ်လာမှာလဲ၊ အရင်အစီအရင်ဗဟိုချက်နှစ်ခုက ပြန်ရောက်လာမှာလား ရှန်ကျွင်းကိုသတ်လိုက်ရင် အစီအရင်ဗဟိုချက်ပါပျက်စီးသွားမှာလား?
ကျီချောင်ချင်သည် အံများကိုမသိမသာကြိတ်လိုက်မိသည်။
ထိုသို့တွေးလိုက်မှ ကျီချောင်ချင်၏စိတ်အာရုံ အနည်းငယ်ကြည်လင်သွားသည်။ အကယ်၍ ရှန်ကျွင်းကသာ အစီအရင်ဗဟိုချက်ကို အမှန်တကယ်ဝါးမြိုလိုက်ပြီဆိုလျှင် ယခုချိန်၌ တံဆိပ်မှာ ချိုးဖျက်ခံလိုက်ရပြီဖြစ်ရပေမည်။
ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုသာကျန်တော့သည်။ အစီအရင်ဗဟိုချက်သည် ရှန်ကျွင်းခန္ဓာကိုယ်နှင့် အမှန်တကယ်ပေါင်းစပ်သွားခြင်းဖြစ်မည် ။တစ်နည်းအားဖြင့် သူသည် အစီအရင်ဗဟိုချက် ကိုယ်တိုင်ဖြစ်သွားခြင်းပင်။
အကယ်၍ သူမ အစီအရင်ဗဟိုချက်အားလုံးကို စုစည်းပြီးဖျက်ဆီးပစ်ချင်လျှင် ရှန်ကျွင်းကို သတ်ရပေတော့မည်။
ကျီချောင်ချင်သည် နောင်တစ်ချိန်တွင် ရှန်ကျွင်းကို သတ် ဖြတ်မည့်အစီအစဉ်ကို စဉ်းစားနေသော်လည်း တည်ငြိမ်စွာပင်ပြောလိုက်သည်။
"ကျွန်မတို့ အစီအရင်ဗဟိုချက်ရော၊ နတ်ဘုရားလက်နက်ကိုပါရပြီးပြီဆိုတော့ ပြန်ကြစို့"
ရှန်ကျွင်းက ပြောလိုက်သည်။
"ကိုယ်က ပြောင်းလဲနိုင်တဲ့အခြေအနေတစ်ခုပဲ၊ တကယ်လို့ နောင်တစ်ချိန်မှာ အစီအရင်ဗဟိုချက်ကို ပြန်ယူဖို့လိုအပ်လာရင် ကိုယ့်ကိုသတ်လိုက်ပါ"
ကျီချောင်ချင် မျက်ခွံများ အနည်းငယ်တုန်ခါသွားသည်။
"ရှင် ဘာတွေလျှောက်ပြောနေတာလဲ၊ ကျွန်မ ရှင့်ကို ဘယ် တော့မှမသတ်ဘူး"
သူ သူမတွေးနေတာကိုသိသွားတာလား၊ အဓိပ္ပာယ်မရှိလိုက် တာ၊ ရှန်ကျွင်းက အမြဲတမ်းသနားတတ်ပြီး စိတ်ထားနူးညံ့တဲ့သူပဲ၊ လူတွေရဲ့စိတ်နှလုံးယုတ်မာတတ်ပုံကို သူဘယ်လိုလုပ်တွေးတတ်မှာလဲ
ရှန်ကျွင်းသည် ဘာမှဆက်မပြောဘဲ ရှေ့သို့တည့်တည့်လျှောက်သွားလေသည်။
ကျီချောင်ချင် အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။ နောင်တစ်ချိန် ရှန်ကျွင်းကိုဘယ်လိုသတ်ရမလဲဟု စဉ်းစားနေစဉ်မှာပင် ရှန်ကျွင်းက ရုတ်တရက်ပြောလာသည်။
"မင်းကို မေးစရာရှိတယ်"
ကျီချောင်ချင်သည် အတွေးထဲမှရုန်းထွက်လိုက်သည်။
"ဖေးယီမင်ပြောသွားတဲ့ ကျွန်မရဲ့ကမ္ဘာဖျက်စီးမယ့်ကိစ္စကိုမေးချင်လို့လား"
ရှန်ကျွင်းသည် ကျီချောင်ချင်ကိုစူးစိုက်ကြည့်နေသည်။
သူ့မျက်လုံးများမှာ သိပ်ကိုကြည်လင်သန့်ရှင်းပြီး မည်သည့်သံသယမှမရှိသော ယုံကြည်မှုများပါဝင်နေသည်။ ဖေးယီမင် အဘယ်ကြောင့် ထိုသို့ပြောရသလဲဆိုတာကိုသာ ရှန်ကျွင်းသိချင်နေခြင်းဖြစ်ပြီး ကျီချောင်ချင်အနေဖြင့် မလုပ်သင့်မလုပ်ထိုက်တာ လုပ်ခဲ့တယ်လို့ သူသံသယဝင်နေခြင်းမဟုတ်မှန်း ကျီချောင်ချင်သိလိုက်သည်။
ထိုအချိန်တွင် သူမ ရှန်ကျွင်းကိုသတ်ချင်နေသည်ကို ရှန်ကျွင်းမရိပ်မိသည့်အပြင် သူမကိုလည်း သံသယမဝင်ကြောင်း ကျီချောင်ချင်သေချာသွားသည်။
သို့သော် ဤအချက်ကိုသဘောပေါက်လိုက်သည်နှင့် ကျီချောင်ချင် ရှန်ကျွင်း၏အကြည့်ကိုရှောင်ဖယ်ချင်သွားသည်။
သူမက သူ့ကိုသတ်ဖို့ကြံစည်နေချိန်မှာ သူက သူမကို ဘာသံသယမှမရှိဘဲ ယုံကြည်နေတယ်...
သူမ သူ့ကိုဆက်ပြီး လိမ်ညာသင့်သေးရဲ့လား၊ သူမကိုယုံကြည်ပြီး သူမအတွက်အသေခံပေးဖို့ ဝန်မလေးတဲ့ ကမ္ဘာပေါ်ကတစ်ဦးတည်းသောလူသားကို သူမ လှည့်စားနေရတာလေ...
ကျီချောင်ချင်သည် လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး အင်္ကျီလက်စကိုတင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
"အဲဒီတုန်းက ဖေးယီမင်က မိစ္ဆာစိတ်ဝင်နေပြီလေ၊ သူ လူတွေအများကြီးကိုသတ်ခဲ့တယ်၊ သူ့စိတ်က ပုံမှန်လူတစ်ယောက်ရဲ့စိတ်မျိုးမဟုတ်တော့ဘူး"
ကျီချောင်ချင်သည် စကားကိုခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"သူ့မှာ ဝဋ်ကြွေးတွေအများကြီးရှိနေမှာပဲ၊ နင် မြင်နိုင်မှာပါ"
ယခင်က ရှန်ကျွင်းကို တစ်ဖက်သားအား ဝဋ်ကြွေးဖြင့်မဆုံးဖြတ်ရန် တားမြစ်ခဲ့ဖူးသောကျီချောင်ချင်သည် ယခုအခါ ဖေးယီမင် လူကောင်း၊လူဆိုး ဖြစ်ကြောင်းသက်သေပြရန် ဝဋ်ကြွေးကိုအသုံးပြုနေရချေသည်။ သူမထိုစကားကိုပြောနေရာမှ ဖေးယီမင်မသေခင် သူမကို နောက်ဆုံးကြည့်သွားသည့် အကြည့်ကိုအကြောင်းမဲ့သတိရလိုက်မိသည်။
စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျည်းခြင်း...
ကျီချောင်ချင်၏ အတွေးများရှုပ်ထွေးလာပြီး ခေါင်းပိုကိုက်လာသည်။ ရှန်ကျွင်း ယုံကြည်လာအောင် ဆက်ပြောမည်ပြုစဉ် ရှန်ကျွင်းကကြားဖြတ်ပြောလိုက်သည်။
"လောကကြီးမှာရှိတဲ့အရာတွေက ရှုပ်ထွေးတယ်၊ ဝဋ်ကြွေးဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ အနှစ်ချုပ်လို့ မရဘူး၊ ကိုယ် မင်းကိုပဲယုံတယ်၊ သူ့ကိုမယုံဘူး"
ဤသည်မှာ ကျီချောင်ချင်က ရှန်ကျွင်းကိုပြောဖူးသောစကားများဖြစ်သည်။ သူ သေချာမှတ်ထားတာပဲ၊ ကျီချောင်ချင်၏ရှင်းပြချက်က ရှေ့နောက်မညီ ဖြစ်နေသော်လည်း သံသယမဝင်ဘဲယုံကြည်ပေးသည်။ သူမဘာပြောပြော သူယုံကြည်ပေးမည့်ပုံပင်။
ကျီချောင်ချင်၏ရင်ထဲတွင် ဖော်ပြရခက်သောခံစားမှုတစ်ခုလှိက်တက်လာသည်။ တကယ်... တကယ်လိုများ ထျန်းရွှမ်ဂိုဏ်းမှာရှိတုန်းက တစ်စုံတစ်ယောက်ကသာ သူမကို ဒီစကားမျိုးပြောခဲ့မယ်ဆိုရင် သူမဒီလိုအခြေအနေမျိုးရောက်လာမှာ မဟုတ်ဘူး၊ ရှန်ကျွင်းပေါ်လာတာ အရမ်းနောက်ကျသွားပြီထင်ပါရဲ့...
ကျီချောင်ချင် ခေါင်းပိုမူးလာသဖြင့် ခေါင်းခါလိုက်ရသည်။
ရှန်ကျွင်းသည် သူမ နေထိုင်မကောင်းဖြစ်နေသည်ကိုသတိထားမိသည့်အလား ကျီချောင်ချင်ကိုကူတွဲပေးလိုက်သည်။
"မင်း ပုံစံကြည့်ရတာသိပ်မကောင်းဘူး၊ နားဖိုလိုနေပြီ"
ထိုအချိန်တွင် ဂိုဏ်းသားတစ်စုပြေးလာကြပြီး ကျီချောင်ချင်နှင့် ရှန်ကျွင်း ဘေးကင်းသည်ကိုမြင်သောအခါ သက်ပြင်းချနိုင်ကြတော့သည်။
🍃 Chapter 98
"စီနီယာကျီ... ဒါ ဟွမ်ယွမ်ပုပုလဲလားဟင်"
ကျီချောင်ချင် "ဟုတ်တယ်"
ဂိုဏ်းသားများ အံ့သြတကြီးရေရွတ်လိုက်ကြသည်။
"နတ်ဘုရားလက်နက်ကို ကိုယ်တိုင်မြင်တွေ့ရလိမ့်မယ်လို တစ်ခါမှမတွေးဖူးခဲ့ဘူး"
"ဟွမ်ယွမ်ပုလဲကအရမ်းလှတာပဲနော် စီနီယာကျီ၊ ဒဏ္ဍာရီတွေအရဆိုရင် နတ်ဘုရားလက်နက်လေးမျိုးစလုံးကိုစုစည်းနိုင်ရင် ကမ္ဘာကြီးကိုဖျက်ဆီးနိုင်တဲ့ စွမ်းအားရနိုင်တယ်ဆို၊ တကယ်လားဟင်"
"ငါကြားတာတော့ နတ်ဘုရားခြောက်ခုမှတ်တမ်းက အခု ချန်ချင်းဂိုဏ်းလက်ထဲမှာရှိနေတာတဲ့၊ ငါသိတဲ့ ချန်ချင်းဂိုဏ်းသားတွေပြောပြတာလေ"
ကျိုးကျီအန်းက ဝင်ပြောလာသည်။
"စီနီယာကျီ... ဟွမ်ယွမ်ပုလဲကို ဂိုဏ်းကအကြီးအကဲတွေလက်ထဲအမြန်အပ်လိုက်ကြစို၊ မိစ္ဆာလမ်းစဉ်သမားတွေကကောက်ကျစ်တယ်၊ သူတိုခိုးသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်"
ကျိုးကျီအန်း ပြောသည်မှာအဓိပ္ပာယ်ရှိသည်။ ကံဆိုးသည်မှာ ဖန်သားမီးအိမ်သည် ဟွာကျစ်လက်ထဲ ပါသွားပြီဖြစ်ပြီး မိစ္ဆာလမ်းစဉ်သမားများက နတ်ဘုရားလက်နက်လေးမျိုးကိုရသွားလျှင် ဘာလုပ်ကြမည်ကို မည်သူမှမသိနိုင်ပေ။
ထိုအချိန်တွင် လေပြေတစ်ချက်တိုက်ခတ်သွားသည်။
ကျီချောင်ချင်သည် လက်ထဲမှဟွမ်ယွမ်ပုလဲကို ကြည့်လိုက်ပြီး ကျိုးကျီအန်းထံကမ်းပေးလိုက်သည်။
"အကြီးအကဲတွေလက်ထဲမအပ်ခင် နင့်ကိုထိန်းသိမ်းဖိုအပ် ထားမယ်၊ တကယ်လို မိစ္ဆာကျင့်ကြံသူတွေက ဒါကိုလိုချင်ရင် နတ်ဘုရားလက်နက်က ငါနဲ့ ရှန်ကျွင်းလက်ထဲမှာရှိတယ်လိုပဲထင်ကြမှာ"
ကျိုးကျီအန်းက ကျီချောင်ချင် သူ့ကို ဤမျှယုံကြည်လိမ့်မည်ဟုထင်မထားခဲ့ပေ။ သူသည် အခြေအနေကိုသဘောပေါက်လိုက်ပြီး ဟွမ်ယွမ်ပုလဲကို အလျင်အမြန်လှမ်းယူလိုက်သည်။
"ဟုတ်ကဲ့... တပည့် သေချာပေါက်..."
ကျိုးကျီအန်း စကားမဆုံးခင်မှာပင် ထက်ရှသော မြားတစ်စင်း သူ့ထံတည့်တည့်ပျံသန်းလာလေသည်။
ကျိုးကျီအန်းသည် လက်ကိုကပ်သီးကပ်သပ်ရုတ်သိမ်းလိုက်ရသောကြောင့် ဟွမ်ယွမ်ပုလဲမှာ မြေကြီးပေါ်သိုကျသွားတော့သည်။
နောက်တစ်ခဏတွင် အနက်ရောင်လက်အိတ်ဝတ်ထားသောလက်တစ်ဖက်က ဟွမ်ယွမ်ပုလဲကိုဖမ်းယူသွားလေသည်။
ဤအဖြစ်အပျက်မှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားသဖြင့် မည်သူမျှတုံပြန်ချိန်မရလိုက်ပေ။ အားလုံးသတိဝင်လာချိန်တွင် ဟွမ်ယွမ်ပုလဲမှာလီမင်လော့လက်ထဲသို ရောက်ရှိနေပြီဖြစ်သည်။
လီမင်းလော့က မဲ့ပြုံးပြုံးလိုက်သည်။
"ကျေးဇူးပါပဲရှစ်ကျဲ၊ ဒါကို ကျွန်တော်ယူသွားပြီနော်"
ထိုသိုပြောပြီးနောက် လီမင်လော့သည် မီးခိုးငွေ့အဖြစ်ပြောင်းလဲပျောက်ကွယ်သွားလေသည်။
ရှန်ကျွင်း လိုက်ဖမ်းရန်ပြင်လိုက်စဉ် ကျီချောင်ချင်က ရုတ်တရက်မူးဝေလာသည်။
"ငါ... ငါ သိပ်နေလိုမကောင်းဘူး..."
ဤတစ်ခါတော့ သူမ ဟန်ဆောင်နေခြင်းမဟုတ်ပဲ အမှန်တကယ်ပင် နေထိုင်မကောင်းဖြစ်နေခြင်းပင်။
ထိုသိုပြောပြီးသည်နှင့် ကျီချောင်ချင် လဲကျသွားတော့သည်။
ဒုန်း...
ရှန်ကျွင်းလန့်ဖျပ်သွားပြီး သူမကို ချက်ချင်းလှမ်းဖမ်းလိုက်ကာ သွေးခုန်နှုန်းစမ်းကြည့်လိုက်သည်။ သွေးခုန်နှုန်းမှာ သေလုမျောပါးလူနာတစ်ယောက်ကဲ့သို အလွန်ဖျော့တော့နေသည်ကိုတွေ့လိုက်ရသည်။
ဘယ်လိုဖြစ်ရတာလဲ
ရှန်ကျွင်း၏မျက်နှာတွင် ထိတ်လန့်ရိပ်များပေါ်လာပြီး သူ့ဝိညာဉ်စွမ်းအင်များကို အလကားရသည့်အလား ကျီချောင်ချင်၏ကိုယ်ထဲသို အတင်းအဓမ္မ ထည့်ပေးနေမိသည်။
ဂိုဏ်းသားများလည်းတုန်လှုပ်သွားကြသည်။
ရှန်ကျွင်းနှင့်စတွေ့ချိန်မှ ယခုထိတိုင် သူသည် အမြဲတမ်းတည်ငြိမ်အေးဆေးပြီး ခပ်တန်းတန်းနေတတ်သူဖြစ်သည်။ သူ့ပညာနှင့်အရှိန်အဝါကြောင့် မည်သူမျှလျှော့မတွက်ရဲကြပေ။
သူနှင့်ကျီချောင်ချင် ပူးပေါင်းလုပ်ဆောင်မှုမှာ အလွန်ပြည့်စုံလွန်းလှပြီး ဟွာကျစ်နှင့်လီမင်လော့တို၏ သေမင်းတမန်ထောင်ချောက်ကို ရင်ဆိုင်ရချိန်မှာတောင် သူကထူးထူးခြားခြားတည်ငြိမ်နေခဲ့သည်။ ယခုလို ထိတ်လန့်တကြားဖြစ်နေသောပုံစံကို မြင်ရသည်မှာ တကယ်ကိုအံ့သြစရာပင်။ ကျီချောင်ချင် သေတော့မှာလား...
ရုတ်တရက်ပင် ဆရာတော်ချင်းချီသည် ထိုနေရာတွင်ပေါ်လာလေသည်။ သူသည် နေရာအနှံအပြားရှိ အလောင်းကောင်များကိုမြင်သောအခါ သက်ပြင်းချလိုက်ပြီး ကျီချောင်ချင်အနားသိုအမြန်လျှောက်သွားကာဒူးထောက်ထိုင်လိုက်သည်။
ကျီချောင်ချင်၏ မျက်နှာမှာဖြူဖျော့နေသည်။ ဆရာတော်ချင်းချီက ကျီချောင်ချင်၏သွေးခုန်နှုန်းကို စမ်းသပ်ရန်ရှေ့တိုးလိုက်သည်။ သိုသော် သူ့လက်ကို ဓားတစ်ချောင်းကတားဆီးလိုက်သည်။
ရေခဲချိုးဖျက်ဓားသည် အေးစက်စွာတောက်ပနေပြီး သတ်ဖြတ်လိုသောအငွေ့အသက်များပြည့်နှက်နေသည်။ ဓား၏နောက်ကွယ်တွင် ပို၍အေးစက်သော မျက်လုံးတစ်စုံရှိနေသည်။
ဤသည်မှာ ဆရာတော်ချင်းချီကိုသတိပေးလိုက်ခြင်းပင်။ သူသည် ကျီချောင်ချင်အနားကို မည်သူ့ကိုမှအကပ်မခံနိုင်သလို ထိုနေရာကမည်သူ့ကိုမှ သူ မယုံကြည်ပေ။
ဆရာတော်ချင်းချီသည် နောက်တစ်လှမ်းဆုတ်လိုက်သည်။
အခြားဂိုဏ်းသားများလည်း အခြေအနေမဟန်သည်ကို ရိပ်မိလိုက်ကြသည်။ ရှန်ကျွင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖျတ်ခနဲပေါ်လာသဖြင့် သူတို့လည်း ဆရာတော်ချင်းချီနည်းတူ နောက်သို့ အလိုအလျောက်ဆုတ်လိုက်မိကြသည်။
ရှန်ကျွင်းနှင့်စတွေ့ကတည်းက သူသည်အေးစက်ပြီး အနားကပ်ရခက်သော မျက်နှာထားရှိသည်ကို အားလုံးသတိပြုမိကြသည်။ ကျီချောင်ချင်တစ်ဦးတည်းသာ သူ့ကို စကားပြောရဲ၊ နောက်ပြောင်ရဲသည်။ ကျီချောင်ချင် ပွင့်လင်းပြီး အနေ အစားမရွေးသည့်အတွက် လူတိုင်းနှင့်ခဏလေးအတွင်း ရင်းနှီးသွားကြသည်။
ကျီချောင်ချင်ကြောင့် နောက်ပိုင်းတွင်အားလုံးက ရှန်ကျွင်း သည်လည်း သူမလိုပင်အပေါ်ယံအေးစက်သော်လည်း သဘောကောင်းမည့်သူဟု မသိစိတ်မှ ထင်မှတ်လာကြသည်။
ယခုတော့ သူတို့ ထိုသို့မထင်ရဲကြတော့ပေ။ ရှန်ကျွင်းက သူတို့နောက်ပြောင်နိုင်မည့်သူမဟုတ်ချေ။ သူသည်သီးသန့်ဆန်ပြီး အရှိန်အဝါက လူတိုင်းကို အကွာအဝေးတစ်ခုတွင်ထားရှိကာ သူ့မျက်လုံးများထဲမှအေးစက်မှုက လူအများစုကိုအနားမကပ်ရဲအောင်တားဆီးထားသည်။ သူသည် သူတို့နှင့် ဘယ် တုန်းကမှမရင်းနှီးခဲ့ပဲ ကျီချောင်ချင်ကြောင့်သာသူတို့နှင့်လမ်းအတူလျှောက်ခဲ့ပြီး ကယ်တင်ခဲ့ခြင်းဖြစ်ရာ ထိုထက်မပိုချေ။
ယခုအချိန်တွင် ဂိုဏ်းသားများသည် ကျီချောင်ချင် အမြန်ဆုံးသတိရလာပါစေဟု ဆုတောင်းနေမိကြသည်။ ရှန်ကျွင်း၏လက်ရှိပုံစံက သူတို့ကိုကြောက်လန့်စေသည်။
"ဒကာလေးရှန်ကျွင်း... ကိုယ်တော်က မကောင်းတဲ့သဘောနဲ့လုပ်တာမဟုတ်ပါဘူး" ဆရာတော်ချင်းချီက ရိုသေစွာပြောလိုက်သည်။
"ကိုယ်တော့်မှာ ဆေးပညာဗဟုသုတ နည်းနည်းပါးပါးရှိပါတယ်၊ ကျီချောင်ချင်ရဲ့မျက်နှာကိုကြည့်ခွင့်ပေးပါ"
ရှန်ကျွင်းသည် နှုတ်ခမ်းကိုစေ့လိုက်ပြီး ကျီချောင်ချင်၏ ကိုယ်ကို အနည်းငယ်လှည့်ပေးလိုက်သည်။
ဆရာတော်ချင်းချီသည် ကျီချောင်ချင်၏မျက်နှာကို သေချာစွာစစ်ဆေးကြည့်လိုက်ရာ ဖြူဖျော့နေပြီး အပြာရောင်သန်းနေသည်ကို တွေ့လိုက်ရသည်။ သူ စဉ်းစားလေလေ သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာပေါ်လာလေလေဖြစ်သည်။
"ဒကာလေး ရှန်ကျွင်း... သူ့ကိုအစာမကျွေးတာ ဘယ်လောက်ကြာပြီလဲ၊ သူ အစာပြတ်ပြီး မူးလဲသွားတာပါ"
ထိုစကားက လူတိုင်းကိုအံ့အားသင့်သွားစေသည်။
ကျင့်ကြံသူများသည် အစာရှောင်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီးလျှင် အစားစားရန်၊ အိပ်စက်ရန်မလိုအပ်တော့ပေ။ စွမ်းအားနိမ့်ကျသော ဤနေရာရှိ ဂိုဏ်းသားများပင်လျှင် ထိုအဆင့်ကိုကျော်ဖြတ်ပြီးကြပြီဖြစ်သည်။ ကျီချောင်ချင်လို အစွမ်းထက်တဲ့သူက ဘယ်လိုလုပ်အစာငတ်ပြီးမူးလဲရတာလဲ?
ဂိုဏ်းသားများ အမျိုးမျိုးထင်ကြေးပေးလာကြသည်။ အမှန်တော့ လမ်းခရီးတစ်လျှောက်တွင် ကျီချောင်ချင်က စွမ်းအားသိပ်မသုံးခဲ့ပေ၊ မဟုတ်သေး... သူမသည် ဝိညာဉ်စွမ်းအင်ကိုလုံးဝမသုံးခဲ့တာဖြစ်သည်။
ကျီချောင်ချင်၏ဝိညာဉ်စွမ်းအင်သည် အလွန်နိမ့်ကျသောအဆင့်သို့ ကျဆင်းသွားသည်ဟု ခိုင်လုံမှုမရှိသောကောလ ဟာလများထွက်နေသည်။ကောလာဟလတွေကက မှန်နေတာလား...
ရှန်ကျွင်းသည် ခဏတိတ်ဆိတ်သွားပြီးနောက်မှ ပြန်ဖြေသည်။
"ကြာပြီ"
သူ့မှတ်ဉာဏ်ထဲတွင် ကျီချောင်ချင် နောက်ဆုံးအစာစားခဲ့သည်မှာ မဟာကျီတိုင်းပြည်တွင်ဖြစ်သည်။ ထိုစဉ်တုန်းကတောင် သူမက အရက်ပဲသောက်ပြီး တူကိုပင်မထိခဲ့ချေ။ သူမသည် ကိုယ့်ကိုယ်ကိုဗိုက်ဆာနေသည်ကိုပင် သတိထားမိပုံမရပေ။
ဆရာတော်ချင်းချီသည် အစာရှောင်အဆင့်ကို ကျော်ဖြတ်ပြီးသည်မှာကြာပြီဖြစ်၍ အစားအသောက် ဆောင်ထားလေ့မရှိပေ။ ထို့ကြောင့် သူ့တပည့်များကိုလှမ်းကြည့်လိုက်သည်။
ကျင့်ကြံအဆင့်နိမ့်သောတပည့်တစ်ယောက်က ရှန်ကျွင်းကိုမကြည့်ရဲဘဲ မုန့်ထုပ်တစ်ထုပ်လှမ်းပေးလိုက်သည်။ သူ့အကြည့်က ကျီချောင်ချင်၏မျက်နှာပေါ် ရောက်နေပြီး စိုးရိမ်တကြီးတုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
"ဒါ ခေါင်ရမ်းပန်းမုန့်ပါ၊ ချိုပြီးတော့ မိန်းကလေးတွေကြိုက်ကြပါတယ်..."
ရှန်ကျွင်းသည် မုန့်ကိုလှမ်းယူလိုက်သည်။ သို့သော် သူသည် ကျီချောင်ချင်ကို ချက်ချင်းမကျွေးသေးဘဲ ကိုယ်တိုင် အရင်နမ်းကြည့်လိုက်ကာ အဆင်ပြေကြောင်းသေချာမှ ရှန်ကျွင်းကပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ထိုတပည့်လေးမှာ တုန်တုန်ယင်ယင်နှင့်ခေါင်းခါပြပြီး ဂိုဏ်းသားများကြားထဲအမြန်ဝင်ပုန်းလိုက်တော့သည်။
အခြားဂိုဏ်းသားများက ရေနှင့်အခြားပစ္စည်းများ ကမ်းပေးကြရာ ဆရာတော်ချင်းချီက ရှန်ကျွင်းထံ လှမ်းပေးလိုက်သည်။
ကျီချောင်ချင် သတိလစ်နေသဖြင့် ရှန်ကျွင်းက မုန့်ကို အတုံးသေးသေးလေးတွေဖဲ့ကာ ဖြည်းဖြည်းချင်း ခွံ့ကျွေးလေသည်။ မကြာခင်မှာပင် မုန့်တစ်တုံးလုံး ကုန်သွားလေသည်။ သူ ကျီချောင်ချင်ကိုအလွန် ဂရုစိုက်ပြုစုနေသည်။
အားလုံးက ကျီချောင်ချင်ကိုစိုးရိမ်တကြီးကြည့်နေကြပြီး အမြန်ဆုံးသတိရလာပါစေဟု ဆုတောင်းနေကြသည်။
ယခင်တုန်းက ကျီချောင်ချင်သည် စကားပြောကောင်းသူဖြစ်သောကြောင့် ရှန်ကျွင်းကိုလည်း သဘောကောင်းမည့်သူဟု သူတို့မသိစိတ်မှယူဆထားခဲ့ကြသည်။ သူတို့က ကျင့်ကြံဖော်တွေပဲလေ၊ တအိပ်ရာတည်း အတူအိပ်တဲ့သူတွေဆိုတော့ ကိုယ်ရည်ကိုယ်သွေးသိပ်ကွာမယ်မထင်ဘူးပေါ့...
ယခုတော့ ကျီချောင်ချင်သည် သူ့နှင့်စရိုက်ချင်းလုံးဝမတူသည့်သူကို ရှာတွေ့ထားတာသေချာသွားသည်။ ဂိုဏ်းသားများအနေဖြင့် ရှန်ကျွင်းကို လူကောင်းတစ်ယောက်ဟုယုံကြည်ကြသည်။ ၎င်းသည် သူတို့ကို ကယ်ခဲ့ဖူးသည်။ သို့သော် သူ့အနားကပ်ဖို့နှင့်သူ့ရှေ့မှာ အသံကျယ်ကျယ်ပြောဖို့ကိုတော့ ကြောက်ကြသည်။
သွက်လက်တက်ကြွသောကလေးတစ်သိုက်သည် ငုံးကလေးများလို ရှန်ကျွင်းသတိထားမိမှာကြောက်ပြီး တစ်ခွန်းမှမဟရဲဖြစ်နေကြသည်။ ဆရာတော်ချင်းချီလည်း ဘာလုပ်ရမှန်းမသိဖြစ်နေရှာသည်။
မုန့်အနည်းငယ်စားပြီးနောက် ရှန်ကျွင်းသည် ဝိညာဉ်စွမ်းအင်သုံးကာ ရေကိုနွေးအောင်လုပ်ပြီး ကျီချောင်ချင်ကိုတိုက်လိုက်သည်။ ထို့နောက် သူမကိုကျောပိုးလိုက်လေသည်။
သူ သူမကိုခေါ်ကာ ထွက်သွားရန်ပြင်လေသည်။