အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
🍃 Chapter 101
ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်သည်။ သူမ အဆောင်လက်ဖွဲ၊ အစီအရင်အားလုံးသည် ထိုမျှများပြားသော ပညာ ရှင်များရှေ့မှာအသုံးမဝင်တော့ပေ။ အကြွင်းမဲ့အင်အားကြီး မားမှုရှေ့တွင် လှည့်ကွက်အားလုံးသည် စက္ကူကျားများသာဖြစ်ချေသည်။
ထိုအချိန်တွင် ရှန်ကျွင်း ရုတ်တရက် ကျီချောင်ချင်ကိုလှမ်းကြည့်လိုက်သည်။ သူ့မျက်နှာထားမှာအေးစက်သွားသည်။
တချိန်တည်းမှာပင် ကျီချောင်ချင်၏ဘေးတွင် အေးစက်သောအငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူမ မတုံပြန်နိုင်ခင်မှာပင် ရှန်ကျွင်းသည် ဝိုင်းထားသည့်ကြားမှဖောက်ထွက်လာပြီး ဓားဖြင့် သူမကျောဘက်သို တုံဆိုင်းခြင်းမရှိထိုးစိုက်လိုက်လေသည်။
ရွှပ်...
ဓားသည် အသားထဲသိုစိုက်ဝင်သွားပြီး ကျိုးပဲ့နေသောဓားသွားတလျှောက် သွေးများစီးကျလာသည်။
သိုသော်... ကျီချောင်ချင် နာကျင်မှုကိုမခံစားရပေ။
ရှန်ကျွင်း၏ဓားကျိုးသည် ကျီချောင်ချင်ဘေးမှ ကပ်လျက်ဖြတ်သန်းသွားပြီး သူမနောက်တွင် အလစ်ဝင်တိုက်ရန်ချောင်းနေသော ကျိုးကျီအန်း၏ ရင်ဘတ်ကိုထိုးဖောက်သွားခြင်းဖြစ်သည်။
ကျိုးကျိအန်း စကားတစ်ခွန်းမျှမပြောနိုင်တော့ချေ။ သူသည် နာကြည်းခြင်း၊ မကျေနပ်ခြင်းများဖြင့် သူ့ရင်ဘတ်ကိုငုံကြည့်ပြီးနောက် မြေပြင်ပေါ်သို ဘုန်းခနဲလဲကျသွားလေသည်။
ကျိုးကျီအန်း၏သွေးစက်အချိုမှာ ရှန်ကျွင်း၏ မျက်နှာပေါ်သိုလွင့်စင်ကျရောက်သွားသည်။
ရှန်ကျွင်း၏ခန္ဓာကိုယ်မှာတောင့်တင်းသွားပြီး မျက်နှာကို တွေဝေစွာသုတ်လိုက်မိသည်။
အစောကမှ အသက်ရှင်လှုပ်ရှားနေသောလူတစ်ယောက် အခုတော့ သူ့ဓားအောက်မှာသေဆုံးသွားခဲ့သည်။ ရှန်ကျွင်းသည် ယခင်က နတ်ဆိုးများကိုသာ သတ်ဖူးသဖြင့် လူတစ်ယောက်ကိုသတ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုလူသည်လည်း တစ်ချိန်ကဖြောင့်မတ်ပြီး သတ္တိရှိခဲ့ဖူးသူဖြစ်ကာ မကောင်းမှုမလုပ်ဖူးသူ တစ်ယောက်ဖြစ်နေပြန်သည်။
သိုသော် သူ ကျိုးကျီအန်းကိုသတ်လိုက်ရသည့်အတွက်နောင်တမရပေ။ အကယ်၍ သူသာ မသတ်ခဲ့လျှင် ကျီချောင်ချင်သေဆုံးသွားရလိမ့်မည်။ ရှန်ကျွင်း ကြောင်အမ်းသွားခြင်းမှာ ရုတ်တရက် ကြုံတွေ့လိုက်ရသောအခြေအနေကြောင့် ဇဝေဇဝါဖြစ်သွားခြင်းသာ။
သိုသော် သူ့မှာကြောင်အမ်းနေဖိုအချိန်မရှိပဲ မူလဝိညာဉ်အဆင့်ကျင့်ကြံသူအများအပြားက အလျင်အမြန် တိုက်ခိုက်လာကြပြန်ကာ ကျီချောင်ချင်ကို တစ်စုံတစ်ရာပြောချိန်ပင်မရလိုက်ဘဲ တိုက်ပွဲထဲသို ပြန်လည်ရောက်ရှိသွားပြန်သည်။
ရှန်ကျွင်းသည် သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။ ကျီချောင်ချင် ခဏမျှတွန့်ဆုတ်နေပြီးနောက် လက် ချောင်းထိပ်ကိုကိုက်ဖောက်ပြီး ကိုယ်ပိုင်သွေးကို ဓာတ်ကူ ပစ္စည်းအဖြစ်အသုံးပြုကာ လက်အုပ်ချီလိုက်သည်။
"သတ္တဝါတိုရဲ့ဘုံခြောက်ပါး... ငါ့အမိန့်ကိုနာခံကြစမ်း"
ထိုသည်မှာ ကျီချောင်ချင်၏ပုံမှန်အသံနှင့်မတူဘဲ သူ့အသံမှာအက်ကွဲပြီး ထူးဆန်းနေသည်။ သူမရွတ်ဆိုလိုက်သော စကားတစ်လုံးချင်းစီကြောင့် ကောင်းကင်နှင့်မြေကြီးပင် အရောင်ပြောင်းသွားသည်။ လေပြင်းများတိုက်ခတ်လာပြီး သွေးညှီနံ့များ လေထုထဲတွင်လွှမ်းခြုံလာသည်။ ဝေးလံသော တောင် တန်းများဆီမှ တစ္ဆေသရဲများ၏ငိုကြွေးမြည်တမ်းသံများပဲ့တင်ထပ်လာသည်။ ထိုစဥ် တစ်စုံတစ်ခုသည် တောင်ထိပ်ပေါ်သို တရှိန်ထိုးပြေးတက်လာနေသကဲ့သို မြေကြီးများတုန်ခါသွားလေသည်။
"ငါ့ရဲ့ သွေးနဲ့အသက်စွမ်းအင်ကိုစားသုံးပြီး ငါ့ကို အမိန့်နာခံကြ၊ ငါ့ကိုဆန့်ကျင်သူမှန်သမျှကို သတ်ဖြတ်ဖို့ နင်တို့ရဲ့စွမ်းအားကို ငါ ငှားရမ်းမယ်"
ထိုစဉ်ရေတွက်၍မရနိုင်သော နတ်ဆိုးသတ္တဝါများသည် မြေကြီးထဲနှင့် ဝေးလံသောတောင်တန်းများဆီမှထွက်ပေါ် လာကြသည်။ ၎င်းတို့သည် အဆင့်မြင့်မိစ္ဆာများမဟုတ်ကြသဖြင့် ဉာဏ်ရည်ပင်မရှိကြပေ။ သို့သော် အရေအတွက်မှာအလွန်များပြားလှပြီး ကျိုင်းကောင်အုပ်ကြီးကဲ့သို့ ဒရဟောတိုးဝင်လာကြသည်။
မည်းမှောင်အုံ့ဆိုင်းနေသော ကောင်းကင်အောက်တွင် ကျီချောင်ချင်မလှုပ်မယှက်ရပ်နေသည်။ လေပြင်းများကြောင့် သူမ၏ဆံနွယ်များ ဖရိုဖရဲလွင့်ပျံနေပြီး နက်မှောင်သောဆံပင်အရောင်က သူမ၏ဖြူဖျော့သောမျက်နှာကိုပိုပေါ်လွင်စေသည်။ သူ့မျက်လုံးများသည် မည်းမှောင်နက်ရှိုင်းနေပြီး လူအုပ်ကြီးကိုစူးစိုက်ကြည့်နေသည်မှာ မြေကြီးထဲမှ ထွက်ပေါ်လာသော လှပသော်လည်းရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာမတစ်ဦးကဲ့သို့ပင်။
ဂိုဏ်းသားများသည် ဤကဲ့သို့သောမြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးသဖြင့် ဆရာသမားများနှင့်လူကြီးများ၏ နောက်ကွယ်တွင် ဝင်ပုန်းနေကြရသည်။
"ကျီချောင်ချင်ကို တကယ်ပဲ မိစ္ဆာပူးသွားပြီဟေ့၊ သူက မကောင်းဆိုးဝါးဝိညာဉ်တွေကိုတောင် ဆင့်ခေါ်နိုင်တယ်"
"ပြေးကြ! ကျီချောင်ချင်ရူးသွားပြီ"
"ဒီမကောင်းဆိုးဝါးဝိညာဉ်တွေကို အပြီးသတ်လို့မရဘူး၊ သေပြီးရင်ပြန်ရှင်လာကြတာ၊ သူတို့က မြစ်ဝါရဲ့အနက်ရှိုင်းဆုံးနေရာကနေ တွားတက်လာကြတာများလား"
"အကြီးအကဲလုက မျက်စိရှင်သားပဲ" ကျီချောင်ချင် နှုတ် ခမ်းတွန့်ရုံပြုံးလိုက်သည်။
"ဒါတွေက မြစ်ဝါမြစ်ရဲ့အနက်ရှိုင်းဆုံးနေရာက မကောင်း ဆိုးဝါးဝိညာဉ်တွေပဲ၊ သူတို့ နင်တို့အနားရောက်လာရင် နင်တို့လည်း သရဲစွမ်းအင်ပူးကပ်ခံရပြီး ပျက်စီးသွားလိမ့်မယ်၊ နင်တို့ရဲ့ကျင့်ကြံစွမ်းအားတွေလည်း ထိခိုက်ကုန်လိမ့်မယ်"
"မြန်မြန်! နောက်ဆုတ်ကြ!"
"သွားကြ! မကောင်းဆိုးဝါးဝိညာဉ်တွေ အထိမခံနဲ့"
အားလုံးနောက်ဆုတ်ပြေးနေကြသော်လည်း ရှန်ကျွင်းတစ် ယောက်တည်းသာ ကျီချောင်ချင်ဆီသို့ လျှောက်သွားနေသည်။
အားလုံးကြောက်လန့်နေကြသဖြင့် တစ္ဆေလေးများက ကျီချောင်ချင်ကိုပါပြန်တိုက်ခိုက်နေသည်ကို ရှန်ကျွင်းမှလွဲ၍ မည်သူမျှသတိမထားမိကြပေ။
ကျီချောင်ချင်သည် သူမလမ်းဆုံးရောက်ပြီဟုခံစားလိုက်ရသည်။ သူမခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင် အားလုံးကို ဤမကောင်းဆိုးဝါးဝိညာဉ်များက စုပ်ယူဝါးမြိုတော့မည်။
ရှန်ကျွင်းသည် ကျီချောင်ချင်၏အသက်စွမ်းအင်ကို စားသုံးနေသောတစ္ဆေကို သတ်ဖြတ်လိုက်သည်။ ကျီချောင်ချင်က အမောတကောပြောလိုက်သည်။
"သွားတော့... ငါ ဆက်ပြီးမတောင့်ခံနိုင်တော့ဘူး"
ရှန်ကျွင်းသည် ကျီချောင်ချင်၏လက်မောင်းကို ဆွဲကိုင်လိုက်သည်။
"အတူတူ သွားမယ်"
ရှန်ကျွင်း၏ ခေါင်းမာသောစရိုက်ကို ကျီချောင်ချင် သိသည်။ သူ ဘယ်တော့မှ သူမကို ထားခဲ့မည် မဟုတ်မှန်းသိသဖြင့် သူမ၏တိုက်ခိုက်မှုကိုရပ်တန့်ပြီး ဖရိုဖရဲဖြစ်နေချိန်တွင် ရှန်ကျွင်းနှင့်အတူ ထွက်ပြေးရန်ကြိုးစားလိုက်သည်။
ကျီချောင်ချင် ရပ်တန့်ရန်ပြင်လိုက်စဉ် မတော်တဆမော့ ကြည့်လိုက်ရာ ရှန်ကျွင်း၏နောက်ကျောဘက်တွင် မူလဝိညာဉ်နှောင်းပိုင်းအဆင့် ရောက်နေသော ကျင့်ကြံသူတစ်ဦးပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုကျင့်ကြံသူ၏အကြည့်က ရှန်ကျွင်းလက်ထဲမှ ရေခဲချိုးဖျက်ဓားပေါ်သို့ရောက်နေသည်။ သူသည် ဓားကိုလိုချင် ၍လာခြင်းပင်။ သူ့ဓားချက်က ရှန်ကျွင်းကျောဘက်သို့ ဦးတည်နေသည်။
ထိုကျင့်ကြံသူ၏အဆင့်ကမြင့်လွန်းပြီး ရှန်ကျွင်းသည် ကပ်ဘေးကျော်လွှားအဆင့်အစောပိုင်းသာရှိသေးသဖြင့် လုံးဝသတိမထားမိပဲရှိကာ ကျီချောင်ချင်ကိုခေါ်ထုတ်သွားရန်သာ စိုးရိမ်တကြီးကြည့်နေသည်။
ကျီချောင်ချင်သည် စဉ်းစားချိန်မရတော့ဘဲ လျှပ်တစ်ပြက်အတွင်း လက်တစ်ဖက်ဖြင့် ရှန်ကျွင်းကိုတွန်းထုတ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် တောင်ပင်လယ်ပုလဲကိုအသုံးပြုကာ ကာကွယ်လိုက်သည်။
"ဝုန်း..."
မူလဝိညာဉ်နှောင်းပိုင်းအဆင့်ကျင့်ကြံသူ၏ စွမ်းအားမှာပြင်းထန်လွန်းလှသည်။
ရှန်ကျွင်း၏အံ့ဩနေသောအကြည့်အောက်မှာပင် ပုလဲသည် တစ်စစီကြေမွသွားသည်။ ဓားသည် ကျီချောင်ချင်၏ ရင်ဘတ်ကိုထိုးဖောက်သွားသည်။ သူမသည် နာကျင်မှုကြောင့် မတ်တပ်မရပ်နိုင်တော့ဘဲ ယိုင်နဲ့စွာလဲကျသွားပြီး သွေးများအန်ထုတ်လိုက်ရသည်။
ရှန်ကျွင်းသည် ကျီချောင်ချင် သူ့ကိုတွန်းထုတ်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ သူရှေ့သို့တိုးသွားပြီး သူမကိုပွေ့ဖက်လိုက်သည်။ သူသည် တုန်ယင်နေသောလက်များဖြင့် သူမကိုသွေးတိတ်အောင်ကြိုးစားနေမိကာ "ဘာလို့လဲ"
ရှန်ကျွင်း၏ပုံစံမှာ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေပြီး သူ့မျက် ဝန်းများမှာ သနားစဖွယ်ကောင်းလွန်းနေသည်။ ကျီချောင်ချင်သည် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
"ကျွန်မကို အဲဒီလိုမကြည့်ပါနဲ့၊ ကျွန်မကလူကောင်းမဟုတ်ဘူး၊ ဒီဒဏ်ရာက ကျွန်မကိုမသေစေပါဘူး၊ ဒါပေမဲ့ ရှင့်ကိုဆိုရင်တော့ သေကောင်းသေစေနိုင်တယ်"
ထိုသို့ပြောရင်းဖြင့် ကျီချောင်ချင်သည် သူမ၏ ဒဏ်ရာကိုငုံ့ကြည့်လိုက်သည်။
"နှမြောစရာပဲ... ဒီအမာရွတ်ကရုပ်ဆိုးလိုက်တာ၊ နောက်ထပ်တစ်ချက်လောက် ထပ်အထိုးခံလိုက်ရရင် အစုံဖြစ်ပြီးကြည့်ကောင်းသွားမလားပဲ...စိတ်မပူပါနဲ့၊ ရှင် အရင်ထွက်ပြေးတော့၊ ကျွန်မ မသေပါဘူး..."
ထိုနောက် ဖြည်းဖြည်းချင်းပင် ကျီချောင်ချင် သတိလစ်သွားတော့သည်။
"ဟေ့... အားလုံးကြည့်ကြစမ်း၊ ကျီချောင်ချင်သေသွားပြီ"
"ကျီချောင်ချင် တကယ်သေသွားပြီလား၊ ဝမ်းသာစရာပဲကွာ၊ ငါတိုကလေးတွေ သူခြိမ်းခြောက်တာမခံရတော့ဘူးဟေ့"
"သူ သေသင့်တာကြာပြီ၊ ဟားဟားဟား"
"ဒီမိစ္ဆာမ နောက်ဆုံးတော့သေပြီပဲ၊ မကောင်းဆိုးဝါး ဝိညာဉ်တွေကိုအသုံးပြုတာက လုံးဝခွင့်လွှတ်လိုမရဘူး"
ရှန်ကျွင်းသည် ကျီချောင်ချင်ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသည်။ သူ့မျက်နှာထားမှာ ရေခဲတမျှ အေးစက်နေသည်။
ကျီချောင်ချင်၏သွေးများမှာ တိတ်သွားပြီဖြစ်သော်လည်း အစောကစီးကျလာသောသွေးများကြောင့် ရှန်ကျွင်း၏ အဝတ်အစားများနှင့် သူမ အဝတ်အစားများပါ သွေးချင်း ချင်းနီနေပြီ ဖြစ်သည်။ ရှန်ကျွင်း၏အဖြူရောင်ဝတ်ရုံမှာ သွေးရောင်လွှမ်းသွားခဲ့သည်။
သူ ယခင်တုန်းက ကျီချောင်ချင် အဘယ်ကြောင့်ထျန်းရွှမ် ဂိုဏ်းကလူတွေကို သတ်ချင်ရသလဲဆိုတာကို နားမလည်ခဲ့ပေ။ ကျီချောင်ချင်သည် မကောင်းသည့်လူများကိုပဲသတ်တာပါဟု ကိုယ့်ကိုကိုယ် ဖြေသိမ့်ဖိုကြိုးစားခဲ့သော်လည်း သူ့ရင်ထဲတွင် ဖြေမဆည်နိုင်သော အဖုအထစ်တစ်ခုရှိနေခဲ့သည်။
ယခုတော့ ကျီချောင်ချင် အဘယ်ကြောင့် ထိုလူများကိုသတ်ချင်ရသလဲဆိုတာ သူ ကောင်းကောင်းကြီး နားလည်သွားသည်။
🍃 Chapter 102
လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက်တွေကြောင့်ပဲလေ၊ သူတိုကယ်တင်ခဲ့တဲ့လူတွေက မျက်တောင်တစ်ခတ်အတွင်း ရန်သူတွေဖြစ်သွားကြတယ်၊ ဓားတွေ ဆွဲထုတ်ပြီးပြန်တိုက်ခိုက်ကြတယ်၊ သူတိုရှင်းပြတာကိုလည်းနားမထောင်ဘူး၊ အကြောင်း ပြချက်တွေကို ဂရုမစိုက်ဘူး နာခံမှုဆိုတာကဟန်ဆောင်မှု သက်သက်ပဲ၊ သူတိုမှာ ကျီချောင်ချင်ကိုသတ်ချင်တဲ့ ဆန္ဒတစ်ခုပဲ အစစ်အမှန်ရှိတာ...
ရှန်ကျွင်းသည် ကောင်းကင်ကိုမော့ကြည့်လိုက်သော်လည်း မှောင်မိုက်နေဆဲဖြစ်နေသည်မှာ ထွက်ပေါက်ဟူ၍မမြင်ရသလိုပင်။
"ဒီကောင်က ကျီချောင်ချင်နဲ့တစ်ဖွဲတည်းပဲ၊ အခု ကျီချောင် ချင်သေပြီဆိုတော့ သူ့ကိုပါတစ်ခါတည်း သတ်ပစ်လိုက်ကြစို"
"ဟုတ်တယ်၊ အဲ့ဒီမိစ္ဆာမ ကျီချောင်ချင်ရဲ့အလောင်းကိုပြန်ယူသွားပြီး ကြိမ်ဒဏ်ပေးမယ်၊ ထုံးစံဓလေ့ကို ဆန့်ကျင်တဲ့သူတွေ ဘာဖြစ်တတ်လဲဆိုတာ လောကကြီးသိအောင် သူ့ခေါင်းကိုမြိုရိုးပေါ်မှာချိတ်ထားမယ်"
"ငါ ကိုယ်တိုင်ခေါင်းဖြတ်မယ်၊ အဲဒီတုန်းက ကျီချောင်ချင် ငါ့သားကိုသတ်ခဲ့တာ၊ ငါ လက်စားချေရမယ်"
လူအုပ်ကြီးသည် ဒေါသအမျက်တခြောင်းခြောင်းထွက်နေကြကာ သူတိုနှစ်ယောက်လုံးကို အမြန်ဆုံး သတ်ပစ်ရန် ရှန်ကျွင်းထံသို တစ်လှမ်းချင်းတိုးကပ်လာကြသည်။
ဘာကြောင့်လဲ... ကျီချောင်ချင်ကို ဘာလိုလမ်းတစ်လမ်းလောက်တောင်ပေးမလျှောက်ချင်ကြတာလဲ ?
လောကကြီးအတွက်နှင့် သူမခန္ဓာကိုယ်ကို ပေတစ်ထောင်လောက်ရှိသော မိစ္ဆာစွမ်းအင်များ၏ဝါးမြိုတာခံခဲ့ရသည်။ နေ့စဥ်နေ့တိုင်း ပြင်းထန်သည့် နာကျင်မှုကိုခံစားနေခဲ့ရသည်။ ကျီချောင်ချင်၏ နာကျင်မှုကို သူသာမြင်ခဲ့ရသည်။ သူမက အရမ်း သနားစရာကောင်းလွန်းတာ...
ဘာကြောင့် လူတိုင်းက ကျီချောင်ချင်ကိုသေစေချင်ကြတာလဲ၊ ဘာကြောင့် သူမရှင်းပြချက်ကို နားမထောင်ကြတာလဲ၊ ဘာကြောင့် သူမအကြောင်းတွေကို လိမ်ညာပြီးပြောဆိုနေကြတာလဲ၊ သူမ ယူဆောင်ပေးခဲ့တဲ့ ငြိမ်းချမ်းရေးကိုတော့စံစားပြီး၊ ဘာကြောင့် သူမကိုကျတော့ အသက်ရှင်ခွင့်မပေးချင်ကြတာလဲ...
ရှန်ကျွင်းသည် မျက်နှာသေဖြစ်လာသည်။ သူသည် ကျီချောင်ချင်ကို မြေကြီးပေါ်သို ညင်သာစွာချပေးလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
ရေခဲချိုးဖျက်ဓားကို မူလဝိညာဉ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူကယူသွားသောကြောင့် ရှန်ကျွင်းသည် လက်ကောက်ဝတ်ကိုလှုပ်ရှားလိုက်ပြီး ကျီချောင်ချင်၏အင်္ကျီလက်ကြားထဲမှ ခွင်းလွန်ဓားကိုဆွဲထုတ်လိုက်သည်။ တခဏချင်းမှာပင် ခွင်းလွန်ဓား၏အနက်ရောင်အငွေ့သက်များသည် ရှန်ကျွင်း လက်ကို တိတ်တဆိတ်ရစ်ပတ်လိုက်လေသည်။
ရှန်ကျွင်းသည် ထိုအရာကိုသတိမထားမိပေ။ သူ့မျက်လုံးများသည် သူနှင့်ကျီချောင်ချင်ကို သတ်ချင်နေသူများအပေါ်တွင်သာရောက်နေသည်။
"ငါ တစ်ခွန်းပဲပြောမယ်" ရှန်ကျွင်းက အေးစက်စွာပြောလိုက်သည်။
"ရှေ့ကိုဆက်မတိုးလာနဲ့၊ တိုးလာရင် သေမယ်"
ဘယ်သူမှ ကျီချောင်ချင်ကို လမ်းမပေးချင်ကြဘူးဆိုရင် ငါကိုယ်တိုင်လမ်းဖောက်မယ်...
၎င်းတိုမြင်လိုက်ရသည်မှာ သွေးများပေကျံနေသော ရှန်ကျွင်းသည် သွေးရောင်လွှမ်းနေသောအဖြူရောင် ဝတ်ရုံ၊ ဖရိုဖရဲဖြစ်နေသောဆံနွယ်များနှင့်အတူ သူသည် ခွင်းလွန်ဓားကိုကိုင်ဆောင်ထားပြီး ခါးကိုမတ်နေအောင်ဆန့်ထားသည်။ ဤမျှ စုတ်ပြတ်သတ်နေသည့်တိုင် သူသည် ခန့်ညားထည်ဝါနေဆဲဖြစ်ကာ အရှိန်အဝါအပြည့်ရှိနေဆဲပင်။ ထိုအရှိန်အဝါများကြောင့် မည်သူမျှ သူ့မျက်နှာကိုမကြည့်ရဲဘဲ ကြောက်ရွံနေကြသည်။
စောင့်ကြည့်နေသောတပည့်များသည် ရှန်ကျွင်းကို ဓားဖြင့်ချိန်ရွယ်ရန် တွန့်ဆုတ်နေကြသည်။
ရေခဲချိုးဖျက်ဓားကိုရထားသော မူလဝိညာဉ်နှောင်းပိုင်းအဆင့်ကျင့်ကြံသူက ဟားတိုက်ရယ်မောလိုက်သည်။
"အားလုံးမကြောက်ကြနဲ့၊ မတိုက်ကြနဲ့၊ သူက ကပ်ဘေးကျော်လွှားအဆင့် အစောပိုင်းလေးပါကွာ၊ ရေခဲချိုးဖျက်ဓားနဲ့ ခွင်းလွန်ဓားမှာ ဘယ်ဟာကပိုစွမ်းလဲဆိုတာ ငါသိချင်နေတာ"
ထိုသို့ပြောပြီးနောက် ၎င်းကျင့်ကြံသူသည် ရေခဲချိုးဖျက်ဓားအတွင်းရှိ ကန့်သတ်ချက်များအားလုံးကိုဖျက်ဆီးပစ်လိုက်ပြီး ကျီချောင်ချင်နှင့်ရှန်ကျွင်း၏ အမှတ်အသားများကိုပါ ဖျောက်ပစ်လိုက်သည်။ ရေခဲချိုးဖျက်ဓားသည် မူလကနတ်ဘုရားလက်နက် ဖြစ်သဖြင့် မည်သူ့ပိုင်ဆိုင်မှုမှမဟုတ်ပေ။ ယခု ထိုကျင့်ကြံသူသည် မိစ္ဆာလမ်းစဉ်လိုက်သူမဟုတ်သည့်အပြင် ဓားပေါ်ရှိအမှတ်အသားများလည်း ပျက်ပြယ်သွားပြီဖြစ်၍ လွတ်လပ်စွာအသုံးပြုနိုင်ပြီ ဖြစ်သည်။
ဝိညာဉ်စွမ်းအင်များပြည့်ဝနေသော ရေခဲချိုးဖျက်ဓားသည် ရှန်ကျွင်းဆီသို့ လျင်မြန်ပြတ်သားစွာတိုးဝင်လာသည်။
ရှန်ကျွင်းသည် ထိုကျင့်ကြံသူကို တစ်ချက်ကလေးမျှပင်လှည့်မကြည့်ချေ။
"ကောင်းကင်ဘုံကသနားကြင်နာတတ်တယ်၊ ကျင့်ကြံသူမျိုးနွယ်ကို အသက်ရှည်စေဖို့၊ မသေမျိုးဖြစ်အောင်ကူညီဖို့ ဝိညာဉ်စွမ်းအင်တွေပေးသနားခဲ့တယ်၊ ကျင့်ကြံသူမျိုးနွယ်အနေနဲ့ လောကကြီးမှာ မတရားမှုတွေကိုပပျောက်အောင် လုပ်ဆောင်လိမ့်မယ်လို့မျှော်လင့်ခဲ့တာ၊ အခုနှစ်ပေါင်းတစ်သောင်း ကြာသွားပြီ၊ ကျင့်ကြံသူမျိုးနွယ်ကယိုယွင်းပျက်စီးပြီး အသုံးမကျတော့ဘူး၊ ငါတို့ရဲ့ယုံကြည်မှုနဲ့ မထိုက်တန်တော့ဘူး"
ရှန်ကျွင်းသည် မျက်လုံးများကိုပင့်ကြည့်လိုက်သည်။ သူ့လေသံသည်အေးစက်ပြီး မြင့်မြတ်လှသည်မှာ အထက်စီးမှနတ်ဘုရားတစ်ပါးကဲ့သို့ပင်။
"သူတို့က ငါတို့ရဲ့ယုံကြည်မှုနဲ့ မထိုက်တန်တော့ဘူးဆိုရင် ကောင်းကင်ဘုံရဲ့အမျက်ဒေါသကို ဖြေဖျောက်ဖို့ ကျင့်ကြံရေးလောကက ကောင်းကင်ဘုံရဲ့အပြစ်ဒဏ်ကို ခံယူရလိမ့်မယ်"
"ဒုန်း..."
ရေခဲချိုးဖျက်ဓားမှာ ရှန်ကျွင်းအနားရောက်လာသည်နှင့် တစ်စစီကြေမွသွားပြီး အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲလွင့်စင်သွားလေသည်။
နတ်ဘုရားလက်နက်၏အပိုင်းအစများသည် မူလဝိညာဉ်နှောင်းပိုင်းအဆင့်ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအင်များပါဝင်နေသဖြင့် ဝိညာဉ်စွမ်းအင် နည်းပါးသော ကျင့်ကြံသူအများအပြားသည် ထိုအစအနများထိမှန်ပြီး ချက်ချင်းသေဆုံးကုန်ကြသည်။
နတ်ဆိုးများသောင်းကျန်းနေချိန် နတ်ဘုရားဓားမှာ ကြေမွသွားသဖြင့် မိစ္ဆာစွမ်းအင်များပြည့်နှက်နေသင့်သော ဤနေရာတွင် ကောင်းကင်ကြီးသည် ရုတ်တရက်လင်းထိန်လာသည်။
ပြာလဲ့သောကောင်းကင်အောက်တွင် ရွှေရောင်လျှပ်စီးများသယ်ဆောင်လာသော တိမ်တိုက်ဖြူများသည် အဝေးမှတရှိန်ထိုးပျံသန်းလာကြပြီး ရှန်ကျွင်းခေါင်းပေါ်တွင် ဝဲပျံနေကြကာ နေရာအနှံ့တွင်မိုးခြိမ်းသံများဆူညံနေသည်။
ရှန်ကျွင်း၏မျက်နှာထားသည် အေးစက်နေသော်လည်း ရွှေရောင်အလင်းတန်းအောက်တွင် ခန့်ညားထည်ဝါပြီး လေးနက်တည်ကြည်နေသည်။ သူသည် သွေးများပေကျံပြီး စုတ်ပြတ်သတ်နေသော်လည်း ဤအလင်းရောင်အောက်တွင် စုတ်ပြတ်သတ်နေပုံမပေါက်ဘဲ ဤနေရာတွင်ရှိနေသူအားလုံးထက် နတ်ဘုရားတစ်ပါးနှင့်ပိုတူနေသည်။
ရေတွက်၍မရနိုင်သော နတ်ဆိုးသတ္တဝါများသည် အော်ဟစ်ကာ ပြာမှုန်အဖြစ်ပြောင်းလဲသွားကြသည်။ ကျင့်ကြံသူများသည်လည်း ရွှေရောင်လျှပ်စီးများကို ကြောက်ရွံ့သဖြင့် အလုအယက်နောက်ဆုတ်ပြေးကြရာ အော်ဟစ်သံများနေရာအနှံ့ပဲ့တင်ထပ်နေသည်။
ရှန်ကျွင်းက တိုးတိုးလေးရေရွတ်လိုက်သည်။
"သေကြပေတော့"
တစ်ခဏချင်းမှာပင် မတ်တပ်ရပ်နေသော ကျင့်ကြံသူအား လုံး ရွှေရောင်လျှပ်စီးထိမှန်ပြီး ပြာမှုန်ဖြစ်သွားကြသည်။
ဆရာတော်ချင်းချီ အပြေးအလွှားရောက်လာချိန်တွင်ကျင့်ကြံသူအများအပြား လေထဲတွင် ပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရသည်။ သူထိတ်လန့်သွားပြီး နှလုံးရပ်မတတ်ခံစားလိုက်ရသည်။
"ဒကာလေး... ဘာတွေလုပ်လိုက်တာလဲ"
ဆရာတော်ချင်းချီ၏ အသံကိုကြားလိုက်ရမှ ရှန်ကျွင်းသည် ခွန်အားများကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး မြေကြီးပေါ်သို့လဲကျသွားတော့သည်။
တိမ်ဖြူများကွဲလွင့်သွားသည်။ လျှပ်စီးများပျောက်ကွယ်သွားသည်။
ညစ်ပေနေသောမြေကြီးနှင့် ဖုန်မှုန့်များက ရှန်ကျွင်းကိုအသိပြန်ဝင်လာစေသည်။ သူ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဖြည်းဖြည်းချင်းထထိုင်လိုက်သည်။
သူ လူတွေအများကြီးကိုသတ်လိုက်မိပြီထင်တယ်၊ အပြစ်မဲ့တဲ့လူတွေလည်း အများကြီးပါသွားပြီ...
ချက်ချင်းဆိုသလို ရှန်ကျွင်းမျက်နှာ ပိုဖြူဖျော့သွားသည်။
ဆရာတော်ချင်းချီက ပြောလိုက်သည်။
"ဒကာလေး... တကယ်မလုပ်ခဲ့သင့်ဘူး..."
ရှန်ကျွင်းသည် ဆရာတော်ချင်းချီကို လျစ်လျူရှုလိုက်သည်။ သူခေါင်းငုံ့လိုက်ပြီး လက်ပေါ်မှသွေးများကို သုတ်ဖယ်ဖို့ကြိုးစားသည်။ သို့သော် မည်မျှပင် ကြိုးစားသုတ်သုတ် သန့်စင်သွားခြင်းမရှိချေ။
သူသည် ခဏအကြာမှ ဝိညာဉ်စွမ်းအင်ရှိမှန်းသတိရသွားပြီး ကျီချောင်ချင်လုပ်သလိုမျိုး သန့်စင်ခြင်း ဂါထာကို အယောင်ယောင်အမှားမှား လိုက်လုပ်လိုက်သည်။ သူ ကိုယ့်ကိုကိုယ် သန့်ရှင်းရေးလုပ်ပြီးနောက် ကျီချောင်ချင်ရှိရာသို့ ယိုင်နဲ့နဲ့လျှောက်သွားပြီး သူမကိုပွေ့ချီလိုက်သည်။
ဒီနေရာက အရမ်းအေးလွန်းတယ်၊ သူမကို နွေးတဲ့နေရာတစ်ခုခုဆီ ခေါ်သွားမှဖြစ်မယ်…
ကျီချောင်ချင်သည် ကြာမြင့်စွာအမှောင်ထုထဲတွင်နစ်မြော ပြီးနောက် မျက်လွှာတိုကိုပင့်ယူလိုက်သည်။ သူမမျက်လုံးထဲသို အတင်းတိုးဝင်လာသော အလင်းရောင်သည် မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပလွန်းလှသည်။
သူမ မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်ရာ ဘေးတွင် ထိုင်နေသော ရှန်ကျွင်းကိုတွေ့လိုက်ရသည်။ သတိမကပ်နိုင်ဖြစ်နေသော သူမ၏အမြင်အာရုံထဲတွင် ရှန်ကျွင်းငိုကြွေးနေသည်ဟု ထင်ယောင်ထင်မှားဖြစ်သွားမိသည်။
"ရှင်... ဘာလို ငိုနေတာလဲ"
သူမ အသံမှာ တိုးညှင်းစွာထွက်ပေါ်သွားသည်။ ရှန်ကျွင်းက သူမကိုလှမ်းကြည့်လိုက်ပြီး တည်ငြိမ်သောလေသံဖြင့်ပြောလာသည်။
"မင်း နိုးလာပြီပဲ"
ထိုအခါမှ ကျီချောင်ချင် အသိစိတ်အနည်းငယ်ပြန်ဝင်လာတော့သည်။ ရှန်ကျွင်းသည် ငိုမနေခဲ့ချေ။ သူသည် သူမအားတည်ငြိမ်စွာကြည့်နေပြီး သူ့မျက်နှာပေါ်တွင်လည်း မျက်ရည်စွန်းထင်းသော အရိပ်အယောင်မျှမရှိပေ။
ဪ... သူမ စိတ်ထင်သွားခြင်းသာပဲ
ရှန်ကျွင်းသည် ကျီချောင်ချင်၏ရှေ့တွင် စားပွဲငယ်လေးတစ်လုံးလာချပေးသည်။ စားပွဲပေါ်၌ အငွေ့တထောင်း ထောင်းထနေသော ဟင်းပွဲအချိုကို သေသပ်စွာတည်ခင်းထားသည်။
"ဒါတွေအကုန်လုံးနဲ့ ဘာလုပ်မလိုလဲ"
"စားဖိုလေ"