အချပ်ပို(၇) လူအများကြီးရဲ့ အတိတ်နဲ့ အနာဂတ် (၂)
Vol. 22 Ch. 222
(၇)
အားစုန့် မွေးဖွားပြီး မကြာခင်မှာပင် ဖခင်ဖြစ်သူသည် အမဲလိုက်ရင်း သေဆုံးသွားခဲ့သည်။ မိခင်က နောက်အိမ်ထောင်ပြုသွားသဖြင့် သူမသည် မျိုးနွယ်စုထဲက မိဘမဲ့ကလေးများနည်းတူ အဘိုးအို ယဇ်ပုရောဟိတ်၏ အိမ်ဝန်းထဲတွင် ကြီးပြင်းလာခဲ့ရသည်။
နောက်ပိုင်းတွင် သူမ၏ ပါရမီများ ထွက်ပေါ်လာသဖြင့် ယဇ်ပုရောဟိတ်၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံရပြီး ယဇ်ပုရောဟိတ် ဘေးနားတွင် နေထိုင်ခွင့် ရခဲ့ကာ 'ဝူ(စုန်း)' ဟူသော မျိုးရိုးအမည်ကိုလည်း ရရှိခဲ့သည်။
ထို့နောက် ယဇ်ပုရောဟိတ်သည် မျိုးနွယ်စုချင်း တိုက်ခိုက်ရာတွင် ရှုံးနိမ့်ပြီး ဒဏ်ရာရရှိခဲ့ကာ မကြာမီ ဘိုးဘေးများထံ သွားရောက်ခဲ့လေသည်။
ထိုအချိန်မှစ၍ သူမသည် ယိုရှန်းမျိုးနွယ်စု၏ ယဇ်ပုရောဟိတ် ဖြစ်လာခဲ့သည်။ ယိုရှန်းမျိုးနွယ်စုသည် သိပ်မကြီးမားသော်လည်း စည်းလုံးညီညွတ်ကြသည်။ ထိုအချိန်က အားစုန့်၏ ဆန္ဒသည် မျိုးနွယ်စုဝင်အားလုံးကို ကောင်းမွန်စွာ နေထိုင်စေချင်ခြင်း ဖြစ်သည်။
သူမသည် ထိုဆန္ဒ ပြည့်ဝဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ ယိုရှန်းမျိုးနွယ်စုသည် ပတ်ဝန်းကျင်တွင် အကြီးမားဆုံး မျိုးနွယ်စု ဖြစ်လာပြီး အခြားသူများ၏ အနိုင်ကျင့်ခြင်း မခံရတော့သည့်အချိန်မှသာ သူမ၏ဘဝသည် တဖြည်းဖြည်း တည်ငြိမ်အေးချမ်းလာခဲ့သည်။
အားစုန့်သည် စူးစမ်းလိုစိတ် ပြင်းပြသူဖြစ်ပြီး တည်ငြိမ်သော ဘဝနေထိုင်မှုကြောင့် ပြင်ပကမ္ဘာကို စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
အခြားမျိုးနွယ်စုမှ ယဇ်ပုရောဟိတ်များသည် မျိုးနွယ်စုမှ ခွာလေ့မရှိကြသော်လည်း သူမကတော့ မတူပေ။ သူမတွင် ဘိုးဘေးများ၏ ကာကွယ်စောင့်ရှောက်မှု ရှိပြီး တောတောင်ရေမြေ သဘာဝတရားများနှင့် ဆက်သွယ်နိုင်ကာ သူတို့၏ ချစ်ခင်မှုကို ရရှိထားသဖြင့် လမ်းပြခိုင်း၍ ရလေသည်။
တစ်ခါက ရှေးဟောင်းကျမ်းစာအုပ်တွင် ဇာမဏီငှက်အုပ်စုသည် မျိုးနွယ်စု အနောက်ဘက်ရှိ တောင်တန်းများတွင် နေထိုင်ခဲ့ဖူးကြောင်း၊ ထိုတောင်တန်းများတွင် ဇာမဏီငှက်များ ကြိုက်နှစ်သက်သော ရွှေရောင်အရွက်နှင့် ဝူထုန်းပင်များ ပေါများကြောင်း ဖတ်လိုက်ရသည်။
ဇာမဏီငှက်များသည် လောကမှ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော်လည်း သူမသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဇာမဏီငှက်များ နေထိုင်ခဲ့ဖူးသော နေရာကို သွားရောက် ကြည့်ရှုချင်မိသည်။
မျိုးနွယ်စုနှင့် သိပ်မဝေးသဖြင့် အားစုန့်သည် နောက်လိုက် အနည်းငယ်ကိုသာ ခေါ်ဆောင်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် သစ်ပင်စောင့်နတ်များ လမ်းပြပေးသဖြင့် သူတို့သည် အလွယ်တကူပင် တောင်ပေါ် ရောက်လာခဲ့သည်။ တောင်ပေါ်တွင် ဝူထုန်းပင် အများအပြား ရှိသည်။ အစပိုင်းတွင် သတိမထားမိသော်လည်း နောက်ပိုင်းတွင်မှ ဝူထုန်းပင်များသည် အလေ့ကျ ပေါက်ရောက်နေသည် မဟုတ်ကြောင်း သတိထားမိလိုက်သည်။ သူမ သတိထားမိချိန်တွင် သူမနှင့် နောက်လိုက်များသည် လူစုကွဲနေပြီ ဖြစ်သည်။
ထိုအချိန်တွင် တောင်ပေါ်ရှိ ဝူထုန်းပင်များသည် သူမ၏ ခေါ်သံကို တုံ့ပြန်လာပြီး သူမ သွားချင်သော နေရာနှင့် အလွန် နီးကပ်နေပြီဖြစ်ကြောင်း ပြောပြကြသည်။
အားစုန့်သည် သူတို့၏ လမ်းညွှန်မှုဖြင့် ဇာမဏီငှက်များ နေထိုင်ခဲ့ဖူးသော နေရာကို ရှာတွေ့ခဲ့သည်။ ထိုနေရာတွင် ကြီးမားသော ဝူထုန်းပင်ကြီးတစ်ပင် ရှိပြီး နှစ်ပေါင်းသောင်းချီ သက်တမ်းရှိပုံရသည်။ ထိုသစ်ပင်ကြီး၏ တစ်ဝက်မှာ ကောင်းမွန်နေသော်လည်း ကျန်တစ်ဝက်တွင် အနက်ရောင် အဖုအပိမ့်များ ထွက်နေပြီး ထိုအဖုများမှ ထွက်သော အစေးများသည် ညှီစော်နံသော်လည်း ချိုအီအီ အနံ့လေး ရောနေသည်။ သစ်ပင်အောက်တွင် အရိုးဖြူဖြူများ အထပ်လိုက် ပုံနေပြီး တော်တော် မြင့်နေပြီ ဖြစ်သည်။ ထိုအရိုးပုံထဲတွင် လူခေါင်းခွံများကိုပါ တွေ့လိုက်ရ၏။
ဇာမဏီငှက်များ အမြတ်တနိုးထားခဲ့သော ဤဝူထုန်းပင်ကြီးသည် မျိုးရိုးဗီဇ ပြောင်းလဲသွားပြီး သွေးနှင့် အသားများကို စားသုံးလာပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။
သစ်ပင်ကြီးသည် သူမကို တိုက်ခိုက်ခြင်း မရှိပေ။ သူမ၏ ပါရမီကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အားစုန့်သည်လည်း ထိုသစ်ပင်ကြီးနှင့် အသက်လု တိုက်ခိုက်ဖို့ စိတ်ကူးမရှိပေ။
သူမသည် ဖြည်းညင်းစွာ နောက်ဆုတ်လိုက်ပြီး ဒီနေရာကနေ အရင် ထွက်ခွာကာမှ ရှေ့ဆက် ဘာလုပ်မလဲ စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် တိုးဖျော့သော အသံလေးကို ကြားလိုက်ရသည်။ သစ်ရွက်များ လှုပ်ခတ်သံများကြားတွင် ထိုအသံလေးက ထင်ရှားနေသည်။ သူမသည် အသံလာရာ လမ်းကြောင်းအတိုင်း ဝူထုန်းပင်ကြီးကို ကွေ့ပတ်သွားလိုက်ရာ အသံပိုင်ရှင်လေးကို တွေ့လိုက်ရသည်။
အဖြူရောင် မြေခွေးလုံးလေး ဖြစ်နေသည်။ လုံးလုံးတုတ်တုတ်နှင့် အမွေးပွပွလေး ဖြစ်ကာ ခြေလက်လေးဖက်ကို သစ်ကိုင်းများဖြင့် ရစ်ပတ်ထားခြင်း ခံရသဖြင့် ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားနေရှာသည်။
သူမ ကြည့်နေသည်ကို သတိထားမိပြီး မြေခွေးလေးက ခေါင်းလှည့်လာကာ 'အိ... အိ...' ဟု အော်လိုက်သည်။
ဒီမြေခွေးလေးက တော်တော် လှတာပဲ။ မြေခွေးတစ်ကောင်ကို 'လှတယ်' ဟု သုံးနှုန်းမိသည့် အကြောင်းအရင်းကိုတော့ အားစုန့် ကိုယ်တိုင်လည်း နားမလည်ပေ။ ဘာပဲဖြစ်ဖြစ် သူမ မျက်စိထဲတွင် အဆင်ပြေနေသော အလှတရားလေးကို ကယ်တင်ဖို့ ဝူထုန်းပင်ကြီးလက်ထဲမှ ဆွဲထုတ်ပေးလိုက်သည်။
ဒီမြေခွေးလေးကို မျိုးနွယ်စုဆီ ပြန်ခေါ်သွားပြီး မွေးစားထားမယ်လို့လည်း စိတ်ကူးလိုက်သည်။
ထိုသို့ လုပ်လိုက်ခြင်း၏ တန်ဖိုးကတော့ သူမသည် မြေခွေးလေးကို ပွေ့ပြီး ဒေါသထွက်နေသော ဝူထုန်းပင်ကြီး၏ လိုက်လံတိုက်ခိုက်မှုကို တောင် (၃)လုံးကျော်သည်အထိ ထွက်ပြေးလိုက်ရခြင်းပင်။
ထွက်ပြေးနေရင်း အားစုန့် စဉ်းစားမိသည်။ ဒီလောက် သေးသေးလေးဖြစ်တဲ့ မြေခွေးလေးကို ဝူထုန်းပင်ကြီးက ဘယ်လောက်တောင် ဆာလောင်နေလို့ အငမ်းမရ စားချင်နေရတာလဲ။
နောက်ဆုံးတွင် ထိုသစ်ပင်ကြီး၏ ပိုင်နက်မှ လွတ်မြောက်လာပြီးနောက် အားစုန့်သည် သစ်ပင်အောက်တွင် ထိုင်နားလိုက်၏။ မြေခွေးလေးကို မျက်နှာချင်းဆိုင် ကျောက်တုံးပေါ် တင်ထားပြီး လေးလေးနက်နက် ပြောလိုက်၏။ "ငါက နင့်အသက်ကို ကယ်ဖို့ တော်တော် အားစိုက်လိုက်ရတယ်နော်"
"အိ..." မြေခွေးလေးက ခေါင်းစောင်းပြီး ကြည့်နေသည်။
"နင် အသက် ဘယ်လောက် ရှိပြီလဲ။ ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် နင့်အသက်က မငယ်တော့ဘူးဆိုတော့ ကျေးဇူးသိတတ်ရမယ်နော်... ကြားလား" အားစုန့်က မြေခွေးလေး၏ နှာခေါင်းကို တို့ထိလိုက်သည်။
"အိ..." မြေခွေးလေးက လျှာထုတ်ပြီး သူမလက်ချောင်းကို လျက်လိုက်သည်။
"နင့်မှာ နေစရာအိမ် မရှိဘူးဆိုရင် ငါနဲ့လိုက်ခဲ့။ နောက်ပိုင်း ငါ နင့်ကို ကျွေးမွေးစောင့်ရှောက်မယ်"
"... အိ... အိ...?"
"ကဲ... သဘောတူလိုက်ပြီနော်" အားစုန့်က လက်ဖဝါး ဖြန့်ပေးလိုက်သည်။ မြေခွေးလေးက မော့ကြည့်လိုက်ပြီး သူမ၏ တောက်ပသော အပြုံးကို မြင်သောအခါ တွန့်ဆုတ်စွာဖြင့် လက်ဖဝါးလေးကို မကာ သူမလက်နှင့် ထိကပ်လိုက်သည်။
လှပသော မြေခွေးလေးတစ်ကောင် ကောက်ရလိုက်သဖြင့် ဝူထုန်းပင်ကြီးကို ပြဿနာ ရှာမိခဲ့သော်လည်း အားစုန့် ပျော်ရွှင်နေမိသည်။
သူမသည် မြေခွေးလေးကို ပွေ့ချီပြီး လာလမ်းအတိုင်း ပြန်လျှောက်ကာ လူစုကွဲသွားသော နောက်လိုက်များကို ရှာဖွေလိုက်သည်။ လူမတွေ့ရသေးခင်မှာပင် ရှပ်ရှပ် ရှပ်ရှပ် ဟူသော အသံများကို ကြားလိုက်ရပြီး တစ်စုံတစ်ခုက သူမနောက် လိုက်လာနေသကဲ့သို့ ခံစားရသည်။
အားစုန့်၏ ခြေလှမ်းများက နှေးသွားသည်။ သူမ ခါးတွင် ချိတ်ထားသော ရေအိတ်ကို ဖြုတ်ပြီး အထဲမှ အနီရောင် အရည်များကို နောက်ဘက်သို့ ပက်လိုက်သည်။ မြေကြီးအောက်မှ ပုန်းကွယ်နေသော သစ်စ်မြစ်ကြီးများသည် မြွေများကဲ့သို့ ခုန်ထွက်လာကြသည်။
သူမ ရင်ခွင်ထဲမှ မြေခွေးလေး လှုပ်ရှားလာသည်။ အားစုန့်သည် မြေခွေးလေးကို ဇောက်ထိုးအနေအထားဖြင့် အင်္ကျီရင်ဘတ်ထဲ ထိုးထည့်လိုက်ရာ အမွေးပွပွ အမြီးလေးသာ အပြင်ထွက်နေတော့သည်။ မြေခွေးလေး ခက်ခက်ခဲခဲ ခေါင်းပြန်ဖော်လာသည့်အချိန်တွင် မြေကြီးပေါ်၌ မည်းတူးပြီး အသက်မဲ့နေသော သစ်မြစ်များသာ ကျန်ရစ်တော့သည်။
အားစုန့်သည် မြေခွေးလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရာ နားရွက်လေးနှစ်ဖက် ဘေးသို့ ကားထွက်သွားပြီး ပိုချစ်စရာ ကောင်းသွားသည်။ သို့သော် အခြေအနေက မကောင်းလှပေ။ ဝူထုန်းပင်ကြီးက သူမကို မှတ်ထားလိုက်ပြီ ဖြစ်သဖြင့် အားစုန့်သည် မြေခွေးလေးကို အာရုံမစိုက်နိုင်တော့ဘဲ ခရီးနှင်ဖို့ ပြင်ရတော့သည်။
မကြာမီ တောင်ခါးပန်းတွင် နောက်လိုက်အချို့၏ ခြေရာလက်ရာကို တွေ့လိုက်ရသည်။
အဝေးမှနေ၍ လူအချို့က သူမကို လက်ပြနေသည်ကို မြင်လိုက်ရသည်။ သူမ ထိုနေရာသို့ သွားနေရင်း ခြေလှမ်း တဖြည်းဖြည်း နှေးကွေးသွားပြီး ရပ်တန့်လိုက်သည်။
သူမ ဆက်မသွားတော့သည်ကို မြင်သောအခါ ထိုလူများသည် ဒေါသတကြီး အော်ဟစ်လာကြသည်။ မျက်နှာနှင့် ခန္ဓာကိုယ်များ တွန့်လိမ်ရှည်ထွက်လာပြီး ကိုယ်ပေါ်တွင် အနက်ရောင် အဖုအပိမ့်များ ထွက်ပေါ်လာကာ တောင်ပေါ်မှ ဝူထုန်းပင်ကြီးနှင့် တူလာတော့သည်။
သူတို့သည် ပူးပေါင်းသွားကြပြီး နောက်ဆုံးတွင် သစ်ပင်စည် ပုံသဏ္ဍာန် ဖြစ်သွားကာ ဝူထုန်းပင်ကြီး၏ ကိုယ်ပွားတစ်ခု ဖြစ်လာတော့သည်။
အားစုန့်သည် ရှေ့မှ ဝူထုန်းပင် ကိုယ်ပွားကို အာရုံစိုက်နေသဖြင့် တောင်ပေါ်ရှိ ဝူထုန်းပင် အစစ်က သူမနောက်သို့ တိတ်တဆိတ် ရောက်လာသည်ကို သတိမထားမိလိုက်ပေ။ ဝူထုန်းပင်ကြီးက နောက်မှ ဝင်တိုက်လိုက်သည့်အချိန်တွင် အားစုန့်သည် ကြီးမားသော အားတစ်ခုကြောင့် မြေကြီးပေါ် လဲကျသွားတော့သည်။
သူမ ရင်ခွင်ထဲမှ လက်ဝါးနှစ်ဖက်စာလောက်သာ ရှိသော မြေခွေးလေးသည် ရုတ်တရက် ခန္ဓာကိုယ် ကြီးထွားလာပြီး အမွေးပွပွ အမြီးလေးသည် (၉)ချောင်း ကွဲထွက်သွားကာ လက်သည်းတစ်ချက်တည်းဖြင့် ဝူထုန်းပင်ကြီး၏ တစ်ဝက်ခန့်ကို မြေကြီးထဲ ရိုက်ထည့်လိုက်လေသည်။
အနှောင့်အယှက်ပေးနေသော ဝူထုန်းပင်ကြီးကို ရှင်းပြီးသည့်နောက် ရှီးကျင်သည် ရွံရှာစွာဖြင့် ကြီးမားသော လက်သည်းများကို ခါလိုက်ပြီး မူလအရွယ်အစားသို့ ပြန်ပြောင်းလိုက်သည်။
သူသည် လှည့်လာပြီး မြေကြီးပေါ် ထိုင်ချလိုက်ကာ အမြီး (၉)ချောင်းကို ပန်းပွင့်သဖွယ် ဖြန့်ကျက်ထားပြီး ခေါင်းမော့ကာ မျက်လုံးတောက်တောက်လေးများဖြင့် အားစုန့်ကို ကြည့်လိုက်၏။ "အိ..."
အားစုန့် : "....."
သူမ ဒီလောက် အရှက်မရှိတဲ့ မိစ္ဆာမျိုး တခါမှ မတွေ့ဖူးဘူး။
(၈)
"ကြားပြီးပြီလား... ယဇ်ပုရောဟိတ်က အပြင်ကနေ မြေခွေးမိစ္ဆာတစ်ကောင် ကောက်လာတယ်တဲ့"
"ကြားတာပေါ့။ ယဇ်ပုရောဟိတ် ခေါ်လာတုန်းက ငါ ကိုယ်တိုင် မြင်လိုက်တာ။ အဲဒီမြေခွေးမိစ္ဆာက တော်တော် ချောတယ်"
"မိစ္ဆာမျိုးနွယ်တွေက ကောက်ကျစ်စဉ်းလဲပြီး မကောင်းမှု ဒုစရိုက် လုပ်တတ်ကြတာ။ ယဇ်ပုရောဟိတ်ကြီး အလိမ်ခံလိုက်ရတာများလား"
အားစုန့်က အရှက်မရှိသော မြေခွေးလေးကို မျိုးနွယ်စုသို့ ခေါ်လာချိန်တွင် မျိုးနွယ်စုဝင်များ၏ သံသယနှင့် စိုးရိမ်ပူပန်မှုများသည် နေရာတိုင်းတွင် ပြည့်နှက်နေသည်။
ရှီးကျင် အမည်ရသော မြေခွေးကတော့ သူတို့ပြောစကားများကို လုံးဝ ဂရုမစိုက်ပေ။ သူသည် သူမအိမ်တွင် ကပ်နေပြီး သူမ၏ အသက်သခင် ကျေးဇူးရှင်အဖြစ် နေထိုင်လေသည်။
သို့သော် မျိုးနွယ်စုတွင် ယဇ်ပုရောဟိတ်၏ အသက်သခင် ဖြစ်နေရင်တောင် ထမင်းစားချင်ရင် အလုပ်လုပ်ရသည်။ မျိုးနွယ်စုက အမဲလိုက်အဖွဲ့ ဖွဲ့စည်းပြီး အပြင်ထွက်လေ့ရှိသည်။ အစပိုင်းတွင် မိစ္ဆာဖြစ်သော ရှီးကျင်ကို မည်သူကမှ အဖွဲ့ထဲ မထည့်ချင်ကြပေ။ သူကလည်း စိတ်မဆိုးပါ။ နောက်ပိုင်းတွင် အားစုန့်အိမ်၌ အလုပ်လာကူလုပ်ပေးသော လျဲ့ညီအစ်ကိုများနှင့် ရင်းနှီးလာပြီး အမဲလိုက်အဖွဲ့သို့ ဖိတ်ခေါ်ခြင်း ခံရသည်။
အားစုန့် သတိမထားမိလိုက်ခင်မှာပင် ရှီးကျင်သည် မျိုးနွယ်စုနှင့် တသားတည်း ဖြစ်လာသည်။ သူ လမ်းလျှောက်သွားလျှင် နှုတ်ဆက်သူ ပိုများလာပြီး ကလေးများပင် သူ့ကို မကြောက်တော့ပေ။
သူသည် နွေဦးရာသီတွင် ရောက်လာပြီး ဆောင်းရာသီ ရောက်သည်အထိ ပြန်မသွားသေးပေ။ ဒီနှစ် ဆောင်းရာသီက အတော်လေး အေးသည်။ အားစုန့်က ယဇ်ပုရောဟိတ် ဖြစ်သော်လည်း လူသားမို့ ဖျားနာတတ်သည်။ နှစ်တိုင်း ဆောင်းရာသီတွင် ရက်အနည်းငယ် ဖျားလေ့ရှိသော်လည်း ဒီနှစ်တော့ အနည်းငယ် ကွဲပြားနေသည်။
သူမ အိမ်ထဲတွင် ဆေးဖော်နေချိန်တွင် ရှီးကျင်က မြေခွေးကြီးအဖြစ် ပြောင်းလဲပြီး သူမကို ဝိုင်းပတ်ထားပေးသည်။ သူ့အမွေးများက နူးညံ့ပြီး နွေးထွေးကာ ခန္ဓာကိုယ်ကလည်း အပူဓာတ် ထုတ်ပေးနေသဖြင့် အားစုန့် သူ့ကို မှီထားသည့်အခါ တစ်ကိုယ်လုံး နွေးထွေးသွားသည်။
ဒီနေ့သုံးမည့် ဆေးထုပ်ကို ထုပ်ပိုးပြီးသည့်အခါ အားစုန့်သည် သူမကိုယ်ပေါ် လာပတ်နေသော အမြီးများကို တွန်းထုတ်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်၏။ "နင် ငါ့ဆီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ။ အိမ်ပြန်စရာ မလိုဘူးလား"
ပျင်းရိနေသော မြေခွေးကြီးက သမ်းဝေလိုက်ပြီး ခေါင်းရွှေ့ကာ အားစုန့် ပေါင်ပေါ် တင်အိပ်ချင်သော်လည်း သူမကို ဖိမိမှာစိုးသဖြင့် ခြေထောက်နား ကပ်ကာ ပွတ်သပ်လိုက်သည်။ "တစ်ကောင်တည်းမြေခွေးပါ... ပြန်စရာအိမ် မရှိပါဘူး"
အားစုန့် စိတ်မထိန်းနိုင်ဘဲ လှမ်းပွတ်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။ 'ကောင်းပြီလေ... ငါပဲ ဆက်မွေးထားလိုက်ပါတော့မယ်'
ဒီနှစ် ဆောင်းရာသီတွင် မျိုးနွယ်စုဝင် အချို့သည် သယံဇာတ ပေါကြွယ်ဝသော မြေအောက်လှိုဏ်ဂူတစ်ခုကို ရှာတွေ့ခဲ့ကြသည်။
ထိုနေရာမှ ပစ္စည်းများကို တစ်ဦးတည်း ပိုင်ဆိုင်ချင်သဖြင့် ပြန်ရောက်သည့်အခါ အခြားသူများကို အသိမပေးဘဲ မိသားစုဝင်များကို တိတ်တဆိတ် ခေါ်ဆောင်ကာ ထိုလှိုဏ်ဂူသို့ သွားရောက်ခဲ့ကြသည်။
မိသားစု၅ခု ထွက်သွားပြီး ပြန်မလာတော့မှ အားစုန့်ကို လာပြောကြသည်။ (၃)ရက်တောင် ကြာသွားခဲ့ပြီ။
သူမ နိမိတ်ဖတ်ကြည့်လိုက်ရာ လူတွေ အသက်ရှိသေးသော်လည်း ရောက်နေသည့်နေရာက အလွန် အန္တရာယ်များကြောင်း တွေ့လိုက်ရသည်။ မျိုးနွယ်စု ပတ်ဝန်းကျင်တွင် အန္တရာယ်များသော နေရာများ ရှိသော်လည်း ဤနေရာကို သူမ မသိပေ။ တကယ်လို့ လူလွှတ်ပြီး ကယ်ခိုင်းလျှင် ပိတ်မိနေသူရော၊ သွားကယ်သူပါ အန္တရာယ် ရှိနိုင်သည်။
အကောင်းဆုံး နည်းလမ်းမှာ အားစုန့် ကိုယ်တိုင် သွားခြင်းပင်။ အနည်းဆုံးတော့ သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသည်။
အားစုန့်သည် သူမ၏ ဆုံးဖြတ်ချက်ကို မျိုးနွယ်စုဝင်များအား ပြောပြပြီး မထွက်ခွာမီ ဘိုးဘေးများကို ပူဇော်ပသရန် ပြင်ဆင်လိုက်သည်။
အချိန်ကပ်နေသဖြင့် သူမ အလုပ်ရှုပ်နေကာ သူမနားတွင် အမြဲရှိနေတတ်သော ရှီးကျင် ပျောက်နေသည်ကို သတိမထားမိလိုက်ပေ။
ထိုနေ့ည ပူဇော်ပွဲ မစခင်မှာပင် ပျောက်ဆုံးနေသော လူများ ပြန်ရောက်လာပြီဟု လာပြောကြသည်။
အားစုန့် အပြေးသွားကြည့်လိုက်ရာ ဘာမှမဖြစ်ဘဲ ပြန်ရောက်လာကြသော လူများကို တွေ့လိုက်ရသည်။ သူမ လူအုပ်ကြား တိုးဝင်သွားပြီး အနောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲကောင်ကြီးတစ်ကောင်ကို ဆွဲလာသည့် ရှီးကျင်ကို တွေ့လိုက်ရသည်။
သူ့ကိုယ်ပေါ်တွင် သွေးများ ပေကျံနေပြီး မျက်နှာတွင် နက်ရှိုင်းသော ဒဏ်ရာအချို့ ရထားသည်။
အားစုန့် ပြေးလာသည်ကို မြင်တော့ ရှီးကျင်က ပြုံးပြလိုက်သည်။ "ကြည့်... မင်းအတွက် ချုံးချီကောင်ကြီး ဖမ်းလာတယ်"
(၉)
ရှီးကျင်သည် တကယ့်ကို ပြုစုရခက်သော မြေခွေးစုတ်လေး ဖြစ်သည်။
ဒဏ်ရာရထားလျက်နှင့် ကုတင်ပေါ် မနားချင်ဘဲ အားစုန့်နားမှာ လာကပ်နေသည်။ သူမ ဆေးပြုတ်ပြီး ပေးလိုက်သည့်အခါ သူက ရင်ဘတ်ကို ဖိပြီး လဲကျသွားကာ သူမပေါင်ပေါ် ခေါင်းအုံးပြီး ညည်းညူနေတော့သည်။ "ဒဏ်ရာက နာတယ်... လက်မမြှောက်နိုင်ဘူး" ဆိုပြီး သနားစရာ မျက်လုံးများဖြင့် ကြည့်နေသေးသည်။
အားစုန့်သည် ဆေးရည်ကို အအေးခံပြီး တစ်ဇွန်းချင်း တိုက်ရတော့သည်။ စိတ်ထဲတွင်တော့ တွေးနေမိသည်။ 'နင် ဒဏ်ရာရတာ ကျောဘက်မှာပါနော်'
ရှီးကျင် ယိုရှန်းမျိုးနွယ်စုသို့ ရောက်ရှိပြီး (၃)နှစ်အကြာတွင် တနေ့၌ အားစုန့်ကို ပြောလာသည်။ "ကျွန်တော့်အမေဆီက စာလာတယ်။ ပြန်တွေ့ဖို့ လိုမယ် ထင်တယ်။ အားစုန့်... ကျွန်တော် ပြန်လာရင် လက်ထပ်ကြမလား"
"ကောင်းပြီလေ"
(၁၀)
အားစုန့် အိပ်မပျော်တာ ကြာပြီ။ မျက်လုံးမှိတ်လိုက်တိုင်း သေဆုံးသွားသော မျိုးနွယ်စုဝင်များ၏ အလောင်းများကို မြင်နေရပြီး သူမက ဘေးမှာရပ်ပြီး ဘာမှ မလုပ်ပေးနိုင်ဘဲ ဖြစ်နေသည်။ ယဇ်ပုရောဟိတ်ဟောင်း အသတ်ခံလိုက်ရသည့် ချီရွှေမျိုးနွယ်စုနှင့် တုန်းလင်မျိုးနွယ်စုတို့တွင် တစ်ယောက်မှ အသက်မရှင်ခဲ့ကြပေ။ ဝူမျိုးနွယ်စု၏ အမွေအနှစ် တစ်ဝက်မှာ လုယူခံလိုက်ရပြီး ကျန်တစ်ဝက်မှာ ဖျက်ဆီးခံလိုက်ရသည်။ ကြီးမားလှသော ဝူမျိုးနွယ်စုကြီးတွင် အသက်ငွေ့ငွေ့သာ ကျန်တော့သော ယိုရှန်းမျိုးနွယ်စုလေးသာ ကျန်ရစ်ခဲ့သည်။
သူမသည် ဝူမျိုးနွယ်စု၏ တစ်ဦးတည်းသော ယဇ်ပုရောဟိတ် ဖြစ်လာခဲ့သည်။
တချိန်က သူမ နေ့တိုင်း ကြောက်လန့်နေခဲ့သည်။ သူမလက်ထဲတွင် ဝူမျိုးနွယ်စု ပျက်စီးသွားမှာ စိုးရိမ်ခဲ့သည်။
ကံကောင်းတာက မျိုးနွယ်စုဝင်တွေက ကြံ့ခိုင်ကြသည်။ မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ကောင်းကင်ပြိုမတတ်ပင်။ ဒီလောကကြီးမှာ အဆင့် (၅) ကျင့်ကြံသူတစ်ယောက် လျော့သွားပြန်ပြီ ထင်တယ်။ ဒီနေ့မနက်တော့ မိုးတိတ်သွားပြီး နေရောင်ခြည် ပြန်ထွက်လာပြီ။
သူမလည်း ပိုပြီး ကြံ့ခိုင်လာပါလိမ့်မည်။
(၁၁)
အားစုန့်သည် ချစ်စရာ သမီးလေးနှစ်ယောက် မွေးဖွားခဲ့သည်။ သူတို့ မွေးဖွားလာခြင်းက သူမ၏ အစီအစဉ်ထဲတွင် မပါဝင်ခဲ့ပေ။ တစ်ယောက်က အရမ်း ငြိမ်ပြီး အိပ်ပဲ အိပ်နေတတ်သည်။ နောက်တစ်ယောက်က သွက်လက်လွန်းပြီး ဂျွမ်းတစ်ခါထိုးလိုက်လျှင် မြေခွေးလေး ဖြစ်သွားတတ်သည်။
မြေခွေးလေးက ညီမလေးကို နှာခေါင်းဖြင့် ထိုးသော်လည်း ညီမလေးက ပြန်မတုံ့ပြန်သဖြင့် ဒယိမ်းဒယိုင်ဖြင့် အားစုန့်ဆီ လျှောက်လာသည်။ အရင်က ရှီးကျင် ပြောဖူးသည်။ မျိုးရိုးဗီဇ သန့်စင်သော မိစ္ဆာဆိုရင် ဉာဏ်ရည်ထက်မြက်ပြီး စောစောစီးစီး မှတ်ဉာဏ်ရတတ်တယ်တဲ့။ သူ မွေးတုန်းက သူ့အမေ ပြောတဲ့စကားကို မှတ်မိတယ်တဲ့။
အားစုန့်သည် မြေခွေးလေးကို အကြာကြီး စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူမ၏ ထိတွေ့မှုကို ရှောင်ဖယ်လိုက်သည်။
ဝူယန်က ကလေးနှစ်ယောက်ကို ခေါ်သွားခဲ့၏။ ထိုနေ့ကစပြီး သူမ သူတို့ကို ထပ်မတွေ့တော့ပေ။ အားစုန့် ထင်ခဲ့ဖူးသည်။ သူတို့ကို မွေးပြီး နောက်ထပ် မတွေ့တော့လျှင် သူမအပေါ် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဟူ၍။ သို့သော်လည်း ထင်သလောက် မလွယ်ကူခဲ့ချေ။ သူတို့ပုံရိပ်များက ရင်ထဲမှာ စွဲထင်နေပြီး မကြာခဏ ပေါ်လာတတ်သည်။
သူမ တွေးမိသည်။ သူတို့ မိစ္ဆာမျိုးနွယ်စုမှာ နေသားကျပါ့မလား။ အစားအသောက် အဝတ်အစား ပြည့်စုံပါ့မလား။ အနိုင်ကျင့်ခံရမလား။ သူမ လုပ်ပေးလိုက်တဲ့ အရုပ်တွေကို ကြိုက်ပါ့မလား။
သူမ စိတ်ထဲမှာပဲ အကြိမ်ကြိမ် တွေးနေပြီး လုပ်ထားတဲ့ အရုပ်တွေကို သေတ္တာထဲက ထုတ်လိုက်၊ ပြန်ထည့်လိုက်နဲ့ လုပ်နေမိသည်။ ဘယ်သူ့ကိုမှ မမြင်စေသလို ဘယ်သူ့ကိုမှလည်း ထုတ်မပြောခဲ့ပေ။
တနေ့ကျရင် သူမရော ကလေးနှစ်ယောက်ပါ တစ်ယောက်မရှိတဲ့ ဘဝကို နေသားကျပြီး လက်ခံနိုင်သွားကြမှာပါ။
သို့သော် ကံတရားက သနားကြင်နာခြင်း မရှိခဲ့ပေ။ ရှီးကျင် ကျိန်စာသင့်သွားပြီး ထိုကျိန်စာက သူ့သွေးသားရင်းချာတွေဆီ သက်ရောက်သွားမည်ဟု သိလိုက်ရတဲ့အချိန်တွင် သူမ ရယ်ချင်သွားတော့သည်။
ဘာဖြစ်လို့လဲ။ သူမ ကလေးတွေက ဘာလို့ ကောင်းကောင်းမွန်မွန် မနေရမှာလဲ။
သူမ ရှီးကျင်ကို သွားတွေ့သည်။ ရှီးကျင်က ကျိန်စာ ဖြေလို့မရဘူးလို့ ပြောသည်။ အားစုန့် ထိုစကားကို မယုံခဲ့ချေ။
ဒီလောကကြီးမှာ ဖြေလို့မရတဲ့ ကျိန်စာ မရှိဘူး။ ပေးဆပ်ရမယ့် တန်ဖိုး မလောက်လို့သာ ဖြစ်ရမယ်။
ဘိုးဘေးတွေ ထားခဲ့တဲ့ ကျမ်းစာအုပ်ထဲမှာ ကျိန်စာဖြေနည်း မပါရင် ကိစ္စမရှိဘူး။ သူမဘာသာ လေ့လာမယ်။
အားစုန့်တစ်ယောက် နှစ်ပေါင်းများစွာ အချိန်ပေးပြီး အကြိမ်ကြိမ် ကျရှုံးခဲ့ရသည်။ တန်ဖိုးများစွာ ပေးဆပ်ခဲ့ရပြီးနောက် နောက်ဆုံးတော့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့သည်။
အားစုန့်သည် ငရဲတံခါး ဖွင့်နည်းကို သိပြီးနောက် တစ်ယောက်တည်း အကြိမ်ကြိမ် ဝင်ခဲ့သည်။ ပြန်ထွက်လာတိုင်း မှတ်ဉာဏ်တချို့ ပျောက်ဆုံးသွားသည်။ သူမ အကြောင်းအရာ တော်တော်များများကို မေ့သွားခဲ့ပြီ။ ကလေးနှစ်ယောက်၏ ရုပ်ကိုတောင် သိပ်မမှတ်မိတော့။ သူမ ကိုယ်တိုင် ထုလုပ်ပေးခဲ့သော သစ်သားရုပ်တုလေးများကလည်း စိမ်းသက်လာသလို။
သူမ ဆက်စောင့်နေလို့ မဖြစ်တော့။
အစီအရင် ပြီးဆုံးသောနေ့တွင် ရာသီဥတု သာယာနေသည်။ အားစုန့်သည် အစီအရင် အလယ်တွင် ရပ်ပြီး လျှောက်လာနေသော လူကို ကြည့်လိုက်သည်။
သူမ သိသည်။ သူ့နာမည်က ရှီးကျင်။ သူတို့နှစ်ယောက်မှာ ကလေးနှစ်ယောက် ရှိတယ်။ သူတို့ ဒီမှာ ရပ်နေကြတာ ကလေးတွေရဲ့ အသက်ကို ကယ်ဖို့။
အားစုန့်သည် ရှီးကျင်က အလွန်ချောမောသည်ဟု စဉ်းစားလိုက်မိ၏။ အရင်တုန်းက သူမ မျက်လုံးတွေ ကောင်းခဲ့တာပဲ။
ဒါပေမဲ့ နောက်ပိုင်း ဘာလို့ လမ်းခွဲခဲ့ကြတာလဲ။
သူမရဲ့ ကလေးတွေက ဘာလို့ သူမဘေးမှာ မကြီးပြင်းလာခဲ့ရတာလဲ။
အားစုန့် မမှတ်မိတော့ပေ။
သူမ သိသည်မှာ တစ်ခုသာ ရှိတော့သည်။ သူမ ဒီအစီအရင်ကို ဖွင့်ရမည်။ ရှီးကျင်က သူမကို လာကူညီခြင်းသာ။
သူမ အစီအရင်ကို ဖွင့်လိုက်သည်။ အစီအရင်ထဲမှ အပြာရောင် မီးတောက်များ ထွက်ပေါ်လာပြီး သူမကို မလောင်ကျွမ်းစေဘဲ ရှီးကျင်ကို ရစ်ပတ်လိုက်သည်။ အားစုန့်သည် ရှီးကျင်က ကြီးမားသော ကိုးမြီးမြေခွေးအဖြစ် ပြောင်းလဲသွားသည်ကို ကိုယ်တိုင် မြင်လိုက်ရသည်။ မီးတောက်များ သူ့ကိုယ်ပေါ် ပျံ့နှံ့သွားသော်လည်း သူ မရုန်းကန်ဘဲ အစီအရင်ထဲတွင် ငြိမ်သက်စွာ ဝပ်နေပြီး သူမကို စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် မီးတောက်များ သူ့ကို ဝါးမျိုသွားပြီး သူ့အရိုးများကို မြေကြီးအောက်သို့ ဆွဲချသွားသည်။
မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကောင်းကင်ကြီး မည်းမှောင်သွားသည်။ ငရဲတံခါး ထပ်မံ ပွင့်လာပြန်ပြီ။ သေးငယ်သော သက်ရှိတစ်ခုက သူ့ကို အတင်းအကျပ် အရောင်းအဝယ် လုပ်ခိုင်းလို့ ဒေါသထွက်နေပုံရသည်။
သို့ပေသိ အစီအရင်က ပြီးသွားပြီ။ ယဇ်ကောင် ဆက်သပြီးပြီ။ အရောင်းအဝယ်ကို ရပ်တန့်လို့ မရတော့။ အားစုန့်သည် မျက်နှာတွင် အပြုံးတစ်ခုဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူမ ဘာကြောင့် ပျော်နေမှန်း မသိသော်ငြား သေချာပေါက် ကောင်းတာတစ်ခု ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
မိုးကြိုးတစ်ချက် ကောင်းကင်မှ ကျဆင်းလာပြီး အားစုန့် ကိုယ်ပေါ် ကျရောက်လာသည်။ ပြီးတော့ ဒုတိယတစ်ချက်၊ တတိယတစ်ချက်...
မိုးကြိုးသံများ ပျောက်ကွယ်သွားပြီး လေပြေလေညှင်း တိုက်ခတ်လာချိန်တွင် အစီအရင်နေရာ၌ အမည်းရောင် အရာတစ်ခုသာ ကျန်ရစ်ခဲ့ပြီး လေတိုက်လိုက်သည့်အခါ လွင့်ပါးပျောက်ကွယ်သွားတော့သည်။
ဒဏ္ဍာရီအရ သက်ရှိများ ငရဲသို့ ရောက်သွားလျှင် အသက်ရှင်စဉ်က အပြစ်များကို စစ်ဆေးခံရပြီး ငရဲပြည်တွင် အပြစ်ဒဏ် ခံရကာ နောက်ဆုံးတွင် မှတ်ဉာဏ်များကို ဆေးကြောပြီး လူ့ပြည်သို့ ပြန်လည် ဝင်စားရသည်ဟု ဆိုသည်။
ရှီးကျင်ကတော့ မတူပေ။ သူ ငရဲသို့ ဝင်ရောက်ပြီးနောက် မီးအိမ်တစ်လုံးက သူ့ဘေးတွင် အမြဲရှိနေပြီး ငရဲတစ်ထပ်ပြီး တစ်ထပ် ဖြတ်ကျော်ရာတွင် လမ်းပြပေးခဲ့သည်။
နောက်ဆုံးတွင် ငရဲ၏ အောက်ဆုံးထပ်သို့ ရောက်ရှိသွားသည်။
ရှီးကျင် အရမ်း ပင်ပန်းနေပြီဖြစ်၍ ဆက်မလျှောက်နိုင်တော့ပေ။
သူသည် မြေကြီးပေါ်တွင် ဝပ်လိုက်ပြီး မီးငြိမ်းနေပြီဖြစ်သော မီးအိမ်လေးကို ရင်ခွင်ထဲ ထည့်ကာ မျက်လုံးမှိတ်လိုက်သည်။ သူ တွေးလိုက်မိ၏။
သူနဲ့ အားစုန့်က နောင်ဘဝဆိုတာ ရှိမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အားစုန့်က သူ့ဘေးမှာ အမြဲရှိနေရင် လုံလောက်ပါပြီ။
...
(ပြီးပါပြီ)