← Chapters

အချပ်ပို(၁) ဖုဝမ်ကို ဒုက္ခပေးရပါတော့မယ်၊ သားအတွက် သွားပြီး ကမ်းလှမ်းပေးပါဦး

Vol. 22 Ch. 216

အချပ်ပို(၁) ဖုဝမ်ကို ဒုက္ခပေးရပါတော့မယ်၊ သားအတွက် သွားပြီး ကမ်းလှမ်းပေးပါဦး

Vol. 22 Ch. 216

မြို့တော်မှ ထွက်ခွာခဲ့သည်မှာ (၁၀)ရက်ကျော်မျှသာ ရှိသေးသော်လည်း ရှန်ကျင်းမြို့တော်သည် ရာသီဥတု ပိုမိုပူပြင်းလာသည်မှလွဲ၍ ပြောင်းလဲသွားခြင်း မရှိသယောင်ပင်။ မြို့ထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် လွန်ခဲ့သည့်ရက်အနည်းငယ်က ကျဆင်းခဲ့သော ဆီးနှင်းမုန်တိုင်းအကြောင်း လူအများ ပြောဆိုနေကြသည်ကို အားချန် ကြားလိုက်ရ၏။

မြို့ဝင်ရန် တန်းစီနေကြသည့် လူအုပ်ကြီးထဲမှ ရှေ့ဆုံးရှိလူက တရားပျက်ယွင်းပြီး အကျင့်စာရိတ္တ မကောင်းသော အရာရှိတစ်ဦးသည် ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေသဖြင့် ပြည်သူများမှာ ဆက်လက် ရှင်သန်ရန် မဖြစ်နိုင်တော့ဘဲ ကောင်းကင်ကြီးကို တိုင်တည်အော်ဟစ်ခဲ့ရာမှ နောက်ဆုံးတွင် ကောင်းကင်ဘုံက တုန်လှုပ်ကာ ဤဆီးနှင်းမုန်တိုင်းကို ချပေးလိုက်ခြင်းဖြစ်ကြောင်း အာဘောင်အာရင်းသန်သန် ပြောဆိုနေလေသည်။

ဤစကားလမ်းကြောင်းသည် လူအုပ်ကြီးကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့ပြီး လူတိုင်းက တယောက်တစ်ပေါက် ပြောဆိုဆွေးနွေးလာကြကာ မည်သည့်ဒေသမှ အရာရှိက ဤမျှ မိုက်မဲဆိုးသွမ်းရသနည်းဟု စတင် ခန့်မှန်းလာကြတော့သည်။

အားချန်သည် ဤစကားဝိုင်း၏ ဦးတည်ချက်ကို သိပ်ပြီး နားမလည်နိုင်ချေ။ သူမသည် ပိုင်ရှိုးမင်၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး သူက ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ပေးလာသည့်အချိန်တွင် သူ့နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်၏။ "ဘာလို့ ဘယ်သူကမှ သဘာဝဘေးအန္တရာယ်ရဲ့ နိမိတ်လို့ မပြောကြတာလဲ"

ဆီးနှင်းမုန်တိုင်း မည်သို့ဖြစ်ပေါ်လာသည်ကို သူမ သိထားသော်လည်း ဘာမှမသိနားမလည်ကြသည့် ပြည်သူများအတွက်မူ သဘာဝဘေးအန္တရာယ်ဟု ခန့်မှန်းခြင်းက လူကြောင့်ဖြစ်ရသည်ဟု ပြောခြင်းထက် ပိုပြီး ယုံကြည်စရာ ကောင်းသည် မဟုတ်ပါလား။

သူမ၏ နူးညံ့ပြီး တိုးဖျော့ဖျော့ လေငွေ့လေးများသည် ပိုင်ရှိုးမင်၏ နားရွက်ဘေးသို့ ကျရောက်လာပြီး ယားကျိကျိ ခံစားမှုလေးကို သယ်ဆောင်လာခဲ့သည်။ ပိုင်ရှိုးမင်၏ မျက်ဝန်းအိမ်သည် နက်မှောင်သွားပြီး သူမ၏ ဖြူဝင်းနုဖတ်နေသော မျက်နှာလေးပေါ်တွင် သိချင်စိတ်များ ပြည့်နှက်နေသည်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပါးစပ်ဟလာ၏။ "အဲဒီလို ပြောရဲတဲ့လူတွေက အခုဆိုရင် အချုပ်ထဲမှာ ကိုယ့်အမှားကိုယ် ပြန်သုံးသပ်နေကြလောက်ပြီ"

"အတွေ့အကြုံရင့်လှချည်လား။ လူကြီးမင်ပိုင်က ဒီလို မကောင်းမှုမျိုး အမြဲလုပ်နေတာလား"

.....

"သူတို့နဲ့ ငါတို့က မတူဘူးလေ"

သဘာဝဘေးအန္တရာယ် နိမိတ်ဆိုသည်မှာ မလိုသူတို့က ဧကရာဇ်မင်းမြတ်အပေါ် အပုပ်ချရန်အတွက် အခွင့်ကောင်းယူ အသုံးချတတ်ကြသဖြင့် အောက်ခြေရှိ လူများက သဘာဝကျစွာပင် ပေါ့ပေါ့ဆဆ မနေရဲကြချေ။

အားချန်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်၏။

ပိုင်ရှိုးမင်က နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားအောင် ပြုံးလိုက်ပြီး "အရင်ကတော့ မလုပ်ဖူးဘူး။ ဒါပေမဲ့ အခု စလုပ်လို့ရတယ်။ မင်းကလည်း ခုနက မပြောသင့်တာကို ပြောလိုက်မိတယ်လေ။ ဒီအရာရှိပါးစပ်ပိတ်သွားအောင် ဘယ်လို လာဘ်ထိုးရမလဲဆိုတာ စဉ်းစားပြီးပြီလား"

"စဉ်းစားပြီးပြီ" အားချန်က သူ့နားနားသို့ ကပ်သွားပြီး စကားအနည်းငယ် ပြောလိုက်၏။ ပိုင်ရှိုးမင်၏ မျက်ဝန်းများသည် ရုတ်တရက် ကျူးကျော်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့၏။ သူသည် စိတ်လှုပ်ရှား တက်ကြွနေပုံရပြီး ယခုချက်ချင်းပင် အားချန်ကို ခေါ်ထုတ်သွားကာ သူမ ခုနက ပေးခဲ့သည့် ကတိကို အကောင်အထည် ဖော်လိုနေသယောင်ပင်။

အားချန်သည် သူ့စိတ်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သဖြင့် သူမ၏လက်ချောင်းဖြင့် သူ့နှုတ်ခမ်းကို ဖိကာ ပန်းပွင့်လေးသဖွယ် ပြုံးလိုက်ပြီး "ကျွန်မ ကြားဖူးတာတော့ လူသားတွေက လက်မထပ်ခင်မှာ သီးသန့် တွေ့ဆုံလေ့ မရှိကြဘူးတဲ့"

ပိုင်ရှိုးမင် : "......"

ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ဝင်ရောက်လာ၏။

အားချန်၏ လက်ချောင်းထိပ်လေးများသည် သူ့နှုတ်ခမ်းပေါ်မှ လျှောကျသွားပြီး သူ့ရင်ဘတ်ဆီသို့ ရောက်သွားကာ တို့ထိလိုက်လေသည်။ "လူကြီးမင်ပိုင်က လက်ထပ်ချင်တာလား၊ ဒါမှမဟုတ် ကျွန်မရဲ့ လာဘ်ထိုးတာကို လိုချင်တာလား"

ပိုင်ရှိုးမင်သည် သူမ၏လက်ချောင်းများကို ဖမ်းဆုပ်လိုက်ပြီး ချော့မော့ပြောဆိုလိုက်၏။ “သူတို့တွေက ကိုယ်တို့နဲ့ မတူဘူးလေ”

အားချန်က မျက်လွှာချလိုက်ရာ သူမ၏ ဆံပင်ဖျားလေးများအထိ ဝမ်းနည်းမှုများ ပြည့်နှက်နေသယောင် ထင်ရလေသည်။ "အဲဒါကြောင့် သူများတွေမှာရှိတာ ကျွန်မမှာတော့ မရှိရဘူးလား"

သူက မရှိရဘူးလို့ ပြောရဲပါ့မလား။

ပိုင်ရှိုးမင်မှာ ကံတရားကို လက်ခံလိုက်ရသလို ပြောလိုက်ရတော့သည်။ "ကောင်းပြီလေ။ မင်းသဘောအတိုင်းပဲ ဖြစ်စေရမယ်"

အားချန်သည် ချက်ချင်းပင် မျက်လုံး ပြန်ဖွင့်ကြည့်လိုက်ရာ သူမမျက်လုံးထဲတွင် ဝမ်းနည်းရိပ် တစ်စွန်းတစ်စပင် မရှိတော့ဘဲ ကျေနပ်အားရမှုများသာ ပြည့်နှက်နေတော့၏။ "ဒါဆိုရင် ကတိတည်ကြေးနော်"

ပြောပြီးသည်နှင့် သူမက လက်ကို ဆန့်ထုတ်လိုက်ပြီး ပိုင်ရှိုးမင်အား လက်သန်းချင်း ချိတ်ဆက်ရန် လုပ်လိုက်သည်။

ထိုအခိုက်အတန့်လေးတွင် ပိုင်ရှိုးမင်သည် သူ့ဝိညာဉ်ကို တစ်စုံတစ်ယောက်က ချိတ်ယူဖမ်းစားသွားသလို ခံစားလိုက်ရ၏။

သူက ဘာမှပြန်မလုပ်ဘဲ ငြိမ်နေသည်ကို မြင်သောအခါ အားချန်က တိုက်ရိုက်ပင် သူ့လက်သန်းလေးကို လှမ်းချိတ်လိုက်ပြီးနောက် ယမ်းခါလိုက်သေးသည်။ အခမ်းအနား တစ်ခုလိုပင်။

နှစ်ယောက်သား လက်ချင်း လွှတ်လိုက်သည့်အခါတွင် သူမက တမင်တကာ သတိပေးလိုက်သေးသည်။ "ဒါနဲ့... လက်မထပ်ခင်မှာ အရင်ဆုံး လာကမ်းလှမ်းရဦးမှာ မဟုတ်လား"

ပိုင်ရှိုးမင်သည် လျှာဖျားဖြင့် သူ့ပါးစောင်ကို ထိုးလိုက်ပြီး "ဟုတ်တယ်"

ကမ်းလှမ်းခြင်း အခမ်းအနား အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ လက်ထပ်သည့် အဆင့်ရောက်ရန် အမြန်ဆုံးဆိုလျှင် (၃)လလောက် ကြာလိမ့်မည်။ ဆိုလိုသည်မှာ သူ ဒီနေ့ သဘောတူလိုက်ပြီးနောက် အနည်းဆုံး (၃)လလောက် သူမနှင့် တွေ့ခွင့်ရမည် မဟုတ်တော့ပေ။

သူက အားချန်ကို မေးလိုက်၏။ "မင်းက နေ့တိုင်း ကို့ကို ဘယ်လိုအကွက်ဆင်ရမလဲဆိုတာပဲ တွေးနေတာလား"

"ဘယ်ကသာလေ" အားချန်က လျင်မြန်စွာ ငြင်းလိုက်သည်။ "ဒါတွေအားလုံးက ပုံမှန် လုပ်ရိုးလုပ်စဉ်တွေပဲလေ။ တခြားလူတွေလည်း ဒီလိုပဲ ဖြတ်သန်းကြတာပဲ။ ရှင်က အဆင်မပြေလို့လား"

ပိုင်ရှိုးမင်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး "..... အဆင်ပြေပါတယ်"

သူက အဆင်ပြေတာမဟုတ်၊ ကံတရားကို လက်ခံလိုက်ရခြင်းသာ။

အားချန်က မူနေဟန်ဆောင်ကာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။ "ဒါဆိုရင် ကျွန်မကို အိမ်ပြန်မပို့ပေးတော့ဘူးလား"

ပိုင်ရှိုးမင်သည် သူ့စိတ်ထဲက တက်ကြွလှုပ်ရှားနေမှု အားလုံးကို သိမ်းဆည်းလိုက်ပြီး သူ့အချစ်ကလေးကို ချန်းဖိင်ဖန်း ရပ်ကွက်သို့ ပြန်ပို့ပေးလိုက်ရတော့သည်။

ချန်းဖိင်ဖန်း ရပ်ကွက်မှ ထွက်လာပြီးနောက် သူသည် မင်ဝမ်အိမ်တော်သို့ တန်းသွားလိုက်တော့သည်။ ဖြစ်နိုင်လျှင် ကမ်းလှမ်းခြင်း အဆင့်ကို သူကိုယ်တိုင်ပဲ လုပ်ချင်သော်လည်း ဤကိစ္စတွင် အိမ်တော်မှ လူကြီးမိဘများ မျက်နှာပြမှသာ သင့်တော်မည် ဖြစ်လေသည်။

အိမ်တော်သို့ ရောက်မှသာ ပိုင်ရှိုးမင်သည် ယနေ့ ရုံးပိတ်ရက်ဖြစ်ကြောင်း သတိရတော့သည်။ အိမ်တော်ထိန်း မိန်းမစိုးကြီး ပြောပြချက်အရ အမတ်ကြီး ဝမ်ကျုံးသည် အိမ်တော်သို့ အလည်ရောက်နေကြောင်း သိလိုက်ရ၏။

အမတ်ကြီးဝမ်ကလည်း လူရင်းဖြစ်သဖြင့် ပိုင်ရှိုးမင်သည် သူ့ကို ရှောင်ဖယ်မနေတော့ဘဲ အိမ်တော် နောက်ဖေးဥယျာဉ်သို့ တန်းသွားလိုက်သည်။

မင်ဝမ်နှင့် ဝမ်ကျုံးတို့သည် ဥယျာဉ်ရေကန်ဘေးတွင် ငါးမျှားနေကြ၏။ ပိုင်ရှိုးမင် အနားသို့ မရောက်သေးခင်မှာပင် စကားပြောသံများကို ကြားလိုက်ရသည်။ "ကျုပ်အိမ်တော်က ငါးတွေက ပျင်းလွန်းတယ်ဗျာ။ မျှားရတာ အရသာမရှိဘူး။ ပိုင်ရှိုးမင်ဆိုတဲ့ ကောင်စုတ်လေးအိမ်မှာ နဂါးငါးကြင်းတွေ တစ်ကန်လုံး မွေးထားတာ။ နောက်တစ်ခေါက် ကျုပ်တို့ အဲဒီဘက်သွားပြီး ငါးမျှားကြမယ်"

"အဲဒါဆိုရင် လူကြီးမင်ပိုင် မြို့တော်မှာ မရှိတဲ့အချိန်ကို ရွေးသွားမှ ဖြစ်မယ်။ မဟုတ်ရင် ငါးမျှားပြီးမှ ပြန်ယူမသွားနိုင်ဘဲ နေဦးမယ်" ဝမ်ကျုံးက ပြန်ပြောလိုက်သည်။

"အကြံကောင်းပဲ"

ထို့နောက် ပန်းခြံထဲတွင် နှစ်ယောက်သား၏ ရယ်မောသံများ ထွက်ပေါ်လာတော့၏။

စကားဝိုင်း၏ အဓိက ခေါင်းစဉ်ဖြစ်နေသူ ပိုင်ရှိုးမင်သည် ခြေသံကို ပြင်းပြင်းနင်းလိုက်ပြီး ထိုနှစ်ယောက်၏ အာရုံကို သူ့ဆီသို့ ဆွဲယူလိုက်သည်။

အိမ်တော်မှ အစေခံများ လာသည်ဟု ထင်မှတ်ထားသော်လည်း လှည့်ကြည့်လိုက်သည့်အခါ ပိုင်ရှိုးမင်၏ မျက်နှာကို တွေ့လိုက်ရသဖြင့် ဝမ်ကျုံးမှာ အနည်းငယ် အနေရခက်သွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ဦးစွာ နှုတ်ဆက်လိုက်လေသည်။ "လူကြီးမင်ပိုင် ပြန်ရောက်လာပြီပဲ"

"ဖုဝမ်... လူကြီးမင်းဝမ်"

"ဒီလောက် မြန်မြန် ပြန်ရောက်လာတာလား။ ယဲ့ချန်ရော" မင်ဝမ်က ကိုယ်ကိုလှည့်ကာ သူ့သားကို အပေါ်အောက် ဝေ့ကြည့်လိုက်ပြီး ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာ၏။ အတော်ပဲ၊ ဒဏ်ရာမရလာဘူး။

ကျိဟန်ကိစ္စနှင့် ပတ်သက်ပြီး မင်ဝမ်က သိပ်မလောပေ။ အခု မသတ်ရသေးရင်လည်း သူ ရာထူးစွန့်လွှတ်ပြီးမှ သတ်လည်း နောက်မကျပါဘူး။

ဒါပေမဲ့ သူ့သားက စိတ်လောနေပြီး ယဲ့ချန်ကို ဘယ်လိုနည်းလမ်း သုံးလိုက်မှန်းမသိဘဲ ပြောဆိုစည်းရုံးခဲ့တယ်လေ။

မင်ဝမ်သည် ဤကာလတစ်လျှောက်လုံး နားမလည်နိုင် ဖြစ်နေခဲ့ရ၏။ ယဲ့ချန်နှင့် သူသည် ဓာတ်မတည့်သူများ ဖြစ်ကြရာ သူ့သားနှင့် အဆင်ပြေပြေ ပေါင်းသင်းနိုင်စရာ အကြောင်းမရှိပေ။ ဒီကိစ္စက အတော်လေး ထူးဆန်းသည်။

ပိုင်ရှိုးမင်က ပြန်ဖြေလိုက်၏။ "သူက နဂါးပုလဲကို ရသွားပြီး နဂါးမျိုးနွယ်ဆီ တန်းပြန်သွားပါပြီ"

မင်ဝမ်က ကျေနပ်သွားပြီး "ကောင်းတယ်။ နောက်ဆုံးတော့ ထွက်သွားပြီပေါ့"

ထို့နောက် ပိုင်ရှိုးမင် ပြောလိုက်သည်ကို ကြားလိုက်ရပြန်သည်။ "ဒါပေမဲ့ နောက်ထပ် အချိန်တစ်ခုကြာရင် သူ ပြန်လာလိမ့်ဦးမယ် ထင်တယ်"

အကယ်၍ သူနှင့် အားချန် လက်ထပ်လျှင် ညီမဖြစ်သူ အားမန်သည် သေချာပေါက် ရှိနေရလိမ့်မည်။

"ဘာလို့ အဲလောက်ဇွဲကောင်းနေရတာလဲ" မင်ဝမ်က ရွံရှာစွာ ညည်းညူလိုက်ပြီးမှ ပြန်သတိဝင်လာ၏။ "နေပါဦး... သူက နောက်ထပ် အချိန်တစ်ခုကြာရင် ဘာလာလုပ်မှာလဲ"

"ကျွန်တော့်မင်္ဂလာပွဲ လာတက်မှာလေ" ပိုင်ရှိုးမင်က အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး "သားက လက်ထပ်ဖို့ လောနေပြီမို့ ဖုဝမ်ကို ဒုက္ခပေးရပါတော့မယ်။ သားအတွက် သွားပြီး ကမ်းလှမ်းပေးပါဦး"

မင်ဝမ်သည် လက်ထဲမှ ငါးမျှားတံကို မတော်တဆ ချိုးမိသွားတော့သည်။ ဟိုတုန်းက ရှီးကျင်က သူ့ကို မိစ္ဆာဘုရင်အား သတ်ရန် ချိန်းဆိုတုန်းကတောင် သူ ဒီလောက် မတုန်လှုပ်ခဲ့ဖူးပေ။ "မင်းက လက်ထပ်တော့မယ် ဟုတ်လား။ ငါ ဘာလို့ မသိရတာလဲ"

"အခု ဖုဝမ် သိသွားပြီပဲလေ" ပိုင်ရှိုးမင်၏ လေသံက အလွန် တည်ငြိမ်နေ၏။

"ဒီကောင်စုတ်! မင်းပြောတာက အဓိပ္ပါယ် ရှိသေးသလား" မင်ဝမ်မှာ ဒေါသထွက်လာတော့သည်။ ဘယ်အိမ်က သားသမီးကများ လက်ထပ်တော့မည်ကို အဖေဖြစ်သူအား အသိပေးရုံပဲ ပေးတာ ရှိလို့လဲ။

"ကျွန်တော်က စိတ်လောနေလို့ပါ။ ဖုဝမ် နားလည်ပေးပါ"

ပိုင်ရှိုးမင်၏ စကားသည် မီးလောင်ရာ လေပင့်သလို ဖြစ်သွားပြီး မင်ဝမ် ထပြီး သူ့သားကို ရိုက်နှက်တော့မည့်အဆဲတွင် ဝမ်ကျုံးက အချိန်ကိုက် ဝင်မေးလိုက်လေသည်။ "လူကြီးမင်ပိုင်ရဲ့ ချစ်သူက ဘယ်သူများလဲ မသိဘူး"

"သူမ နာမည်က အားချန်ပါ"

"အားချန်?" ဝမ်ကျုံးက တွန့်ဆုတ်စွာဖြင့် မေးလိုက်၏။ "ဟို... မိန်းကလေး ကျိ လား"

လွန်ခဲ့သည့် ရက်အနည်းငယ်က သူ နံ့သာဆိုင်သို့ ခြင်ပြေးဆေးလုံး ဝယ်ရန် သွားခဲ့သော်လည်း မိန်းကလေး ကျိ မှာ အိမ်တွင် မရှိခဲ့ပေ။

"သူပါပဲ"

သူတို့နှစ်ယောက် ပြောစကားကို နားထောင်ပြီး သူ လက်ထပ်ချင်တာ အားချန်မှန်း သိလိုက်ရသည့်အခါ မင်ဝမ်၏ ဒေါသအနည်းငယ် ပြေလျော့သွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "မင်းတို့နှစ်ယောက် လုပ်ရပ်က ဘာခေါ်လဲ သိလား။ ကိုယ့်သဘောနဲ့ကိုယ် တိတ်တိတ်လေး ပေါင်းဖက်ကြတာလို့ ခေါ်တယ်။ တကယ်လို့ ရှီးကျင်သာ ရှိနေသေးရင် မင်း အသတ်ခံရလောက်တယ်"

ပိုင်ရှိုးမင်လည်း မတတ်သာပေ။ သူ့စကားမှ အရာမဝင်ဘဲ။

"ဒါဆို ကမ်းလှမ်းဖို့ကိစ္စ ဖုဝမ်ကို ဒုက္ခပေးရတော့မှာပေါ့"

"ဒုက္ခပေးရမှာပေါ့တဲ့... ဖွီး! မင်း နန်းတော်ထဲသွားပြီး ဧကရာဇ်ကို သွားရှာချေ။ မိဖုရားခေါင်ကြီးကို စီစဉ်ခိုင်းလိုက်။ ကမ်းလှမ်းမယ့်ရက် သတ်မှတ်ပြီးရင် ငါကိုယ်တိုင် သွားမယ်"

မင်ဝမ်သည် ကမ်းလှမ်းခြင်း အခမ်းအနား အဆင့်ဆင့်ကို လုံးဝ နားမလည်သဖြင့် နန်းတော်ထဲတွင် ဘာမှမသိနားမလည်ဘဲ နေနေသည့် ဧကရာဇ် မိသားစုထံ လွှဲချလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် ဧကရာဇ်မှာ သားတော်တွေ အများကြီး ရှိပြီး ရံဖန်ရံခါ မင်းသားတစ်ပါးပါး လက်ထပ်လေ့ရှိရာ သူတို့က သေချာပေါက် ကျွမ်းကျင်နေပေလိမ့်မည်။

ပိုင်ရှိုးမင်သည် ရှုပ်ထွေးပြီး ကြာရှည်လှသော နန်းတွင်းမင်္ဂလာပွဲများကို ပြန်စဉ်းစားလိုက်မိသည်။ သိပ်ပြီး သဘောမကျသော်လည်း ဒီလမ်းကိုပဲ ရွေးရတော့မည့်ပုံပင်။

.....

ပိုင်ရှိုးမင် နန်းတော်ထဲသို့ဝင်ပြီး ဧကရာဇ်ကို သွားရှာနေချိန်တွင် အားချန်သည် ချန်ဟွေ့နှင့် ဤအကြောင်းကို ပြောပြနေလေသည်။

"နင် ပြောတာက... နင် လူကြီးမင်ပိုင်နဲ့ လက်ထပ်တော့မယ် ဟုတ်လား"

ချန်ဟွေ့သည် အားချန်တစ်ယောက် မိစ္ဆာမျိုးနွယ်စုထံ သွားရာမှ ပြန်လာပြီးသည်နှင့် လက်ထပ်ဖို့ စိတ်ကူးရလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"အင်း... အဲဒီလို စိတ်ကူးရှိတယ်" အားချန်သည် သစ်သီးခြောက် တစ်ခုကို ကိုင်ကာ ကိုက်လိုက်သည်။ ချိုချဉ်အရသာ ပါးစပ်ထဲ ဝင်ရောက်လာသောအခါ သူမ မျက်လုံးလေးများ မှေးသွား၏။

"ဘာလို့ ရုတ်တရက်ကြီး လက်ထပ်ချင်သွားတာလဲ။ ငါထင်တာ နင်က ဂုဏ်ပုဒ်တွေ ဘာတွေ သိပ်ဂရုစိုက်တာ မဟုတ်ဘူးမလား" ချန်ဟွေ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကျွန်မက သိပ်ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူက ကျွန်မကို အရမ်းလက်ထပ်ချင်နေပုံရတယ်။ အကြိမ်ကြိမ် ပြောဖူးတယ်"

သူမ ဘာလုပ်ချင်သည်ဖြစ်စေ ပိုင်ရှိုးမင်က ဘယ်တော့မှ ငြင်းဆန်လိမ့်မည် မဟုတ်။ သူ လိုချင်သည့်အရာကိုလည်း သူမက ရစေချင်သည်။

အားချန်သည် ထိုနေ့က သူမ ပြန်လာပြီး လက်ထပ်ကြစို့ဟု ပြောလိုက်ချိန်တွင် ကြားလိုက်ရသည့် သူ့နှလုံးခုန်သံ ပြင်းပြင်းကို ပြန်အမှတ်ရမိသည်။

'သူ့နဲ့ လက်ထပ်ပြီးနောက် အတူတူ နေထိုင်သွားရမယ့်အရေးက မျှော်လင့်စရာ ကောင်းပုံရပါတယ်လေ'

အားချန်၏ မျက်လုံးထဲမှ အပြုံးရိပ်ကို မြင်လိုက်ရသည့်အခါ ချန်ဟွေ့လည်း လိုက်ပြုံးမိတော့သည်။

သူမသည် ထရပ်ပြီး ဒုတိယထပ်သို့ တက်သွားကာ စာရင်းစာအုပ် အပုံလိုက်ကို ယူလာပြီး လှန်လှောကြည့်ရှုရင်း အားချန်ကို ပြောလိုက်၏။ "လက်ထပ်တာက ကိစ္စကြီးလေ။ ငါတို့လည်း ကြိုတင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်။ မင်္ဂလာဝတ်စုံကို အခုမှ စချုပ်ရင် မီသေးတယ်။ နင့်လက်ထဲက လယ်ယာမြေတွေကိုလည်း စာရင်းပြန်စစ်ပြီး မင်္ဂလာလက်ဖွဲ့အဖြစ် ထည့်ရမယ်"

ချန်ဟွေ့က မင်္ဂလာလက်ဖွဲ့အကြောင်း ပြောလာသည့်အခါ အားချန် အနည်းငယ် ငေးငိုင်သွားသည်။

သူမ ဘာမှပြန်မပြောဘဲ နေနေသည်ကို မြင်တော့ ချန်ဟွေ့က မေးလိုက်၏။ "ဘာဖြစ်လို့လဲ"

အားချန်က ခေါင်းခါလိုက်ပြီး "ရုတ်တရက် တွေးမိလို့ပါ။ ကျွန်မလက်ထဲက ဒီလယ်ယာမြေတွေ အကုန်လုံးက အစက ကျိချန်ရဲ့ အမေရဲ့ လက်ဖွဲ့ပစ္စည်းတွေလေ။ အခုတော့ ကျွန်မအတွက် အချောင်ရသလို ဖြစ်နေပြီ"

ချန်ဟွေ့က ခဏလောက် ကြောင်သွားပြီးမှ ပြောလိုက်သည်။ "တကယ်လို့များ သူတို့ ဝိညာဉ်တွေ ရှိနေသေးရင် နင်က သူတို့အတွက် ကလဲ့စားချေပေးခဲ့တာ သိပြီး ဒီပစ္စည်းတွေကို နင့်အတွက် ကြည်ကြည်ဖြူဖြူ ပေးခဲ့မှာပါ"

ကျိချန်ကို ပေးခဲ့ဖူးသည့် ကတိတစ်ခုအတွက် အဆင့်(၅)ကျင့်ကြံသူ တစ်ယောက်ကို သွားသတ်ပေးခဲ့သည်။ ဒီလိုအလုပ်မျိုးကို အားချန်တစ်ယောက်သာ လုပ်ပေးနိုင်သည်။ သူမ လုပ်ပေးခဲ့သည်များနှင့် ယှဉ်လျှင် ထိုလယ်ယာမြေ ပိုင်ဆိုင်မှုများက ပြောပလောက်သည် မဟုတ်ပေ။

"ချန်ဟွေ့... နောက်ရက်နည်းနည်းလောက်နေရင် ကျိချန်အတွက် အထိမ်းအမှတ် ဂူသွားလုပ်ပေးရအောင်။ သူ့အမေ ဘေးမှာလေ"

ဟိုတုန်းက ကတိကလည်း တည်ခဲ့ပြီဖြစ်၍ ကျိချန်ရဲ့ နာမည်ကို သူမအား ပြန်ပေးသင့်လေပြီ။

"ကောင်းပြီလေ"

ချန်ဟွေ့၏ လုပ်ရည်ကိုင်ရည်မှာ အလွန် မြန်ဆန်လှသည်။ အားချန်က အထိမ်းအမှတ် ဂူလုပ်ပေးချင်သည်ဟု ပြောသည်နှင့် သူမသည် ကျောက်စာထွင်းရန် လူသွားရှာပြီး ၅ရက်အတွင်း အားလုံး အဆင်သင့် ဖြစ်သွားခဲ့သည်။

အုတ်ဂူတည်မည့်နေ့တွင် ချန်ဟွေ့သည် မြင်းလှည်းမောင်းကာ တမင်တကာ လမ်းကွေ့ပြီး ကျင့်ယန်မြို့စားအိမ်တော်သို့ ဝင်ခဲ့သည်။

ယခုအခါ ကျင့်ယန်မြို့စားအိမ်တော်၏ တံခါးမကြီးမှာ ပိတ်ထားပြီး တံခါးပေါ်တွင် အရာရှိများက ချိတ်ပိတ်ထားသည့် စာရွက်များ ကပ်ထားသည်။ အနီရောင် တံခါးမကြီးသည် အရောင်များ လွင့်ပြယ်ပြီး မှေးမှိန်နေသယောင် ရှိကာ အိမ်တော်ရှေ့ မျက်နှာစာမှ ဆိုင်းဘုတ်ကိုလည်း ဖြုတ်ချထားပြီး ဖြစ်သည်။

တစ်ချိန်က တန်ခိုးထွားခဲ့သော ကျင့်ယန်မြို့စားအိမ်တော်သည် လုံးဝ ကျဆုံးသွားခဲ့လေပြီ။

မြင်းလှည်းသည် အိမ်တော်ရှေ့မှ ဖြည်းညင်းစွာ ဖြတ်သန်းသွားပြီး လမ်းထိပ်ရှိ မုန့်ဆိုင်တစ်ဆိုင် ရှေ့တွင် ရပ်လိုက်သည်။ အားချန်သည် ဗာဒံစေ့မုန့် တစ်ထုပ်ကို ဆင်းဝယ်လိုက်၏။ ဒါက ကျိချန် ငယ်ငယ်ကတည်းက အကြိုက်ဆုံး မုန့်ဖြစ်သည်။

သူမ ပထမဆုံးအကြိမ် စားဖူးသည်မှာ ကျိဟန် ဝယ်လာပေးခဲ့ခြင်း ဖြစ်သည်။ သူမသည် အမြဲတမ်း စိတ်ထဲမှတ်ထားခဲ့ပြီး သူမ၏ မှတ်ဉာဏ်များကို ရရှိထားသည့် အားချန်ကပါ ကျိဟန် ဆောင့်ကြောင့်ထိုင်ကာ ကျိချန်ကို မုန့်ပေးခဲ့သည့် မြင်ကွင်းကို မှတ်မိနေခဲ့သည်။

သို့သော် ကျိချန်သည် သူမ၏ မှတ်ဉာဏ်ထဲက ထိုလူသည် သူမ၏ ဖခင်အရင်း မဟုတ်မှန်း ဘယ်တော့မှ သိနိုင်တော့မည် မဟုတ်ပေ။ သူ ပေးခဲ့သည့် ပစ္စည်းများ၌ပင် လှည့်ဖြားခြင်း အလွှာပါးလေးများ ဖုံးအုပ်ထားခဲ့သည်။

ချန်ဟွေ့နှင့် အားချန်တို့ သင်္ချိုင်းသို့ ရောက်သည့်အခါ သူမတို့ ငှားလာသည့် လူများက မြေစတင် တူးကြပြီး လူအုပ်စုလိုက်မို့ မကြာမီပင် မြေပုံတစ်ခု ပေါ်လာတော့သည်။

အထိမ်းအမှတ် ဂူထဲတွင် အခေါင်းလွတ် တစ်လုံးသာ ရှိပြီး အခေါင်းထဲတွင် ဘာပစ္စည်းမှ ထည့်မထားပေ။

မြေပြန်ဖို့ပြီး၍ ကျောက်တိုင် စိုက်ထူပြီးနောက် အလုပ်သမားများသည် တဖွဲ့ပြီးတဖွဲ့ တောင်အောက်သို့ ဆင်းသွားကြ၏။ အားချန်သည် သူမနှင့် လင်းရှီတို့အတွက် အမွှေးတိုင် သုံးတိုင်စီ ဦးစွာ ထွန်းညှိလိုက်ပြီးနောက် ဝယ်လာသည့် ဗာဒံစေ့ မုန့်များကို ကျောက်တိုင်ရှေ့တွင် စေတီပုံသဏ္ဍာန်ဖြစ်အောင် တစ်ခုချင်းစီ စီကာ တင်လိုက်သည်။

စီပြီးသွားသည့်အခါ သူမ ခေါင်းမော့ပြီး အသစ်စက်စက် ထွင်းထားသည့် ကျောက်တိုင်ကို ကြည့်လိုက်၏။

ကျောက်တိုင်ပေါ်တွင် ကျိချန်၏ နာမည်နှင့် သူမ၏ မွေးသက္ကရာဇ်၊ ဆုံးပါးသည့်ရက်စွဲများကို ရေးထိုးထားသည်။

ကျိချန်သည် သူမ၏မိခင် ပေးခဲ့သော ဤနာမည်ကို အနှစ်သက်ဆုံး ဖြစ်ခဲ့သည်။ ထို့ကြောင့် အားချန်သည် သူမ၏ နာမည်ကို ဤနေရာတွင် ထာဝရ ချန်ထားခဲ့ပြီး သူမ၏ မိခင်နှင့် အဖော်ပြုပေးလိုက်တော့သည်။

အားချန်သည် ကျောက်တိုင်ပေါ်တွင် မင်အနက် ခြယ်ထားသော စာလုံးများကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး တိုးဖွဖွ ပြောလိုက်၏။ "ကျိဟန်ရဲ့ ဝိညာဉ်က ပျက်စီးသွားခဲ့ပါပြီ။ တကယ်လို့များ နောက်ဘဝဆိုတာ ရှိခဲ့ရင်တောင် နင်နဲ့ နင့်အမေတို့ သူနဲ့ ဘယ်တော့မှ ပြန်ဆုံရမှာ မဟုတ်တော့ပါဘူး"

ထိုအချိန်တွင် တောင်ပေါ်မှ လေတစ်ချက် တိုက်ခတ်လာရာ ကျိချန်က ပြန်လည် တုံ့ပြန်လိုက်သကဲ့သို့ပင်။

အမွှေးတိုင်များ ကုန်သွားမှ သူမတို့နှစ်ယောက် တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။ ချန်ဟွေ့ လှည်းမောင်းပြီး အားချန်နှင့်အတူ ချန်းဖိင်ဖန်းရပ်ကွက်သို့ ပြန်ရောက်သည့်အချိန်တွင် မနက် ၁၀နာရီ ထိုးနေလေပြီ။

သူမတို့ လှည်းပေါ်မှ ဆင်းလိုက်သည်နှင့် သူမတို့ ဆိုင်ရှေ့တွင် လူအချို့ ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူမှာ အရှိန်အဝါ ကြီးမားပုံရပြီး ထိုလူအုပ်ထဲတွင် ဝမ်ကျုံး ရှိနေသည်ကိုလည်း အားချန် မြင်လိုက်ရ၏။

ချန်ဟွေ့သည် ဤသို့သော အခင်းအကျင်းကို မြင်လိုက်ရသဖြင့် အချိန်ဆွဲမနေတော့ဘဲ ရှေ့တိုးသွားကာ တံခါးဖွင့်ပြီး လူများကို ဖိတ်ခေါ်လိုက်သည်။

ဤလူများ၏ ရည်ရွယ်ချက်ကို သူမ ရိပ်မိပြီးသား ဖြစ်သည်။ မည်သို့ စကားစရမည်ကို မစဉ်းစားရသေးခင်မှာပင် ခေါင်းဆောင်ဖြစ်သူက ပြောလာ၏။ "ကျုပ်နာမည် ပိုင်ယွိပါ။ ကျုပ်ရဲ့ သားမိုက် ပိုင်ရှိုးမင်အတွက် မိန်းကလေး အားချန်ကို လာရောက် တောင်းရမ်းတာပါ။ သဘောထား ဘယ်လိုရှိလဲ မသိဘူး"

မင်ဝမ်၏ နောက်ဘက်ရှိ ဝမ်ကျုံးသည် လက်ဖြင့် နဖူးကို အုပ်လိုက်မိတော့သည်။ လာတုန်းကတော့ တစ်ဖက်လူ လန့်မသွားအောင် အစပိုင်းမှာ ယဉ်ယဉ်ကျေးကျေး သွယ်ဝိုက် ပြောကြမယ်လို့ တိုင်ပင်ထားခဲ့ပြီးမှ ဝမ်ရယ်က တကယ်ပဲ တစ်ခွန်းမှ နားမထောင်ခဲ့ပါလား။

ချန်ဟွေ့သည် လေအေးတစ်ချက် ရှိုက်လိုက်မိသည်။ သူမ ရှေ့ကလူက တကယ်ပဲ မင်ဝမ် ဖြစ်နေတာကိုး။

သူမ အံ့ဩ၍ မဆုံးသေးခင်မှာပင် အားချန်သည် သူမ နောက်ကျောဘက်မှ ခေါင်းတစ်ဝက် ပြူထွက်လာပြီး "ကျွန်မ သဘောတူပါတယ်"

ဝမ်ကျုံး : ကောင်းရော... တစ်ယောက်မှ ပုံမှန်လမ်းစဉ်အတိုင်း မလာကြပါလား။

All Chapters