← Chapters

အချပ်ပို (၄) တစ်လှေထဲစီးသူနှစ်ယောက်...

Vol. 22 Ch. 219

အချပ်ပို (၄) တစ်လှေထဲစီးသူနှစ်ယောက်...

Vol. 22 Ch. 219

အားချန်တစ်ယောက် အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ဖိတ်စာတစ်စောင်တည်း ပို့လိုက်လို့တော့ မဖြစ်ဘူးဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် အားမန် ဒေါသထွက်ပြီး သတိမေ့သွားနိုင်သည်။

တစ်လအကြာတွင် သာ့ရှမှ သံတမန်က ဖိတ်စာကို ယဲ့ချန်လက်ထဲသို့ အပ်လိုက်ချိန်တွင် အားမန်လည်း အားချန်ထံမှ ကိုယ်တိုင်ရေး ပေးစာကို လက်ခံရရှိလေသည်။ အားမန်သည် ယဲ့ချန် ချောင်းကြည့်မည် စိုးသဖြင့် စာရသည်နှင့် ထွက်ပြေးသွားတော့ရာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို သတိမထားမိလိုက်ပေ။

ယဲ့ချန်သည် သံတမန်လက်ထဲမှ ပိတ်မထားသော စာအိတ်ကို ယူလိုက်ပြီး အတွင်းထဲမှ မင်္ဂလာဖိတ်စာ တစ်စောင်ကို ဆွဲထုတ်လိုက်သည်။

သူက မျက်မှောင်ကြုတ်လျက် ဖိတ်စာကို ဖွင့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ပြီးသည်နှင့် ဖတ်! ကနဲ ပြန်ပိတ်လိုက်ပြီး ခဏနေတော့ သူ မျက်စိမှားတာများလားဟု သက်သေရှာရန် ထပ်ဖွင့်ကြည့်လိုက်ပြန်သည်။ သို့သော် မအောင်မြင်ခဲ့ပေ။

ပူလောင်နေသော အာလူးပူကြီးကို ကိုင်ထားရသလို ခံစားရပြီးနောက် စိတ်ထဲတွင် ရေတွက်လိုက်သည်။ ၃... ၂... ၁...

နန်းတော်အပြင်ဘက်တွင် မိုးများက အိုးဖြင့်လောင်းချသကဲ့သို့ ရုတ်တရက် ရွာချလာတော့သည်။

လာမယ့်တစ်လလုံး သူ နေရောင်ခြည်ကို မြင်ရတော့မည် မဟုတ်ကြောင်း ယဲ့ချန် ကြိုမြင်လိုက်တော့သည်။ သူက ဖိတ်စာကို ရွံရှာသလို ကြည့်လိုက်ပြီး ဘေးနားတွင် ရိုရိုသေသေ ရပ်နေသော သံတမန်ကို မေးလိုက်၏။ "မင်းတို့ လူသားတွေက ဘာလို့များ လက်ထပ်ရတာကို ဒီလောက် ကြိုက်ကြတာလဲ"

သံတမန်က ပါးစပ်ဟလိုက်ပြီး တွန့်ဆုတ်စွာဖြင့် ဖြေလိုက်သည်။ "ဟို... တရားဝင် ဂုဏ်ပုဒ် လိုချင်လို့များလား"

ယဲ့ချန်က "ကျွတ်!" ကနဲ စုပ်သပ်လိုက်ပြီး "ပိုင်ရှိုးမင်ရဲ့ ဒီမင်္ဂလာပွဲက မလုပ်လို့ မရဘူးလား"

သံတမန်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးအမျှင်များ ထောင်တက်သွားတော့သည်။ နဂါးမျိုးနွယ်စုဆီ စာလာပို့ရတာ လွယ်မယ်ထင်ခဲ့တာ။ ဘာလို့ ဒီနဂါးဘုရင်က ပိုင်လူကြီးမင်းကို သိပ်မကျေနပ်တဲ့ပုံ ပေါက်နေရတာလဲ။

"အဲ... အဲဒါကတော့... ကျွန်တော်မျိုးလည်း ဆုံးဖြတ်ပေးလို့ မရပါဘူး" သံတမန်မှာ ငိုမဲ့မဲ့ မျက်နှာဖြင့် ပြန်ဖြေရသည်။

သူက စာပို့သမားလေးပဲလေ။ ပိုင်လူကြီးမင်းရဲ့ မင်္ဂလာကိစ္စကို သူက ဘာပြောပိုင်ခွင့် ရှိမှာလဲ။

ယဲ့ချန်သည် ဖိတ်စာကို ဘေးသို့ ပစ်လိုက်ပြီး "ရပြီ... မင်း သွားလို့ရပြီ"

သံတမန်သည် သက်ပြင်းချလိုက်ပြီး အရိုအသေပြုကာ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။ စိတ်ကြီးတဲ့ နဂါးဘုရင် စိတ်ပြောင်းပြီး ပြဿနာ ရှာလာမှာ ကြောက်ရသည် မဟုတ်လား။

မိုးက (၂)နာရီကျော်ကြာသည်အထိ ရွာသွန်းနေဆဲဖြစ်ပြီး မိုးချုပ်တော့မည့်တိုင် လျော့သွားမည့် အရိပ်အယောင် မရှိပေ။

သူ ခဏလောက် ထပ်စောင့်လိုက်သော်လည်း အားမန် ပြန်ရောက်မလာသဖြင့် ထရှာရတော့သည်။

အားမန်၏ အငွေ့အသက်ကို ခြေရာခံရင်း နဂါးရေကန်သို့ ရောက်လာခဲ့သည်။ နဂါးရေကန်သည် မျိုးနွယ်စုထဲက နဂါးငယ်လေးများ ကျင့်ကြံရာနေရာဖြစ်ပြီး ရေကန် အကြီးအသေး ရာချီရှိသည်။ ယဲ့ချန် ရောက်သွားချိန်တွင် တောင်ခါးပန်းရှိ ရေကန်ကြီးတစ်ခုတွင် နဂါးငယ်လေးများ ရန်ဖြစ်ပြီး နေရာလုနေကြသည်ကို တွေ့လိုက်ရသည်။ သူ တစ်ချက်သာ ကြည့်လိုက်ပြီး အကြည့်လွှဲကာ တောင်ပေါ်သို့ တက်လာခဲ့သည်။

တောင်ထိပ်တွင် အပူချိန်နိမ့်ပြီး အအေးဓာတ် လွန်ကဲကာ ရေကန်လည်း သေးသောကြောင့် နဂါးငယ်လေးများ လာလေ့မရှိပေ။ သို့သော် ရံဖန်ရံခါ ခြွင်းချက်တော့ ရှိတတ်သည်။ အားမန်ကို မတွေ့ခင်မှာပင် ယဲ့ချန်သည် နဂါးဖြူလေး တစ်ကောင်ကို အရင်တွေ့လိုက်ရသည်။ နဂါးဖြူလေး စိမ်နေသော ရေကန်မှာ အနည်းငယ် သေးငယ်ပြီး သူ့အမြီးလေးက အပြင်ဘက်သို့ ထွက်နေကာ မကြာခဏ လှုပ်ရမ်းနေသည်။

သူ့ကိုယ်ပေါ်က နဂါးကြေးခွံများက တခြားနဂါးငယ်လေးများလောက် လှပခြင်း မရှိဘဲ အကွက်အထပ်များ ဖြစ်နေသည်ကို မြင်နေရသော်လည်း သပ်ရပ်ညီညာမှုတော့ ရှိသည်။ ကြေးခွံများကို ကြည့်ခြင်းအားဖြင့် သူသည် ကျန်းမာသန်စွမ်းသော နဂါးငယ်လေးတစ်ကောင် ဖြစ်နေပြီ။

ယဲ့ချန်၏ အငွေ့အသက်ကို ခံစားမိပုံရပြီး နဂါးဖြူလေးက ခေါင်းမော့လာကာ ကြည်လင်ပြတ်သားသော အသံဖြင့် "လုံဝမ်" ဟု နှုတ်ဆက်လိုက်သည်။

ယဲ့ချန် သူ့ကို မှတ်မိသည်။ လူသားများ၏ ဆွေမျိုးတော်စပ်ပုံအရ ပြောရလျှင် ဒီကောင်လေးက သူ့ကို ဘိုးလေး လို့ ခေါ်ရမည်။ ဒီနဂါးငယ်လေးက နဂါးမျိုးနွယ်စုထဲမှာ မွေးဖွားလာခြင်း မဟုတ်ဘဲ အပြင်လောကမှာ နှစ်အတော်ကြာ လေလွင့်နေခဲ့ပြီး ဒဏ်ရာများနှင့် ပြန်ရောက်လာခဲ့ခြင်းပင်။

အားမန်က ဒီနဂါးဖြူလေးကို သဘောကျပြီး မကြာခဏ သူနှင့် ကစားလေ့ရှိသည်။

"အင်း..." သူက ပေါ့ပေါ့ပါးပါး ပြန်ထူးလိုက်ပြီး "ဘာလို့ ဒီမှာ တစ်ကောင်တည်း ရှိနေတာလဲ။ အနိုင်ကျင့်ခံရလို့လား"

"မဟုတ်ပါဘူး။ သူတို့က အရမ်း ဆူညံလွန်းလို့" နဂါးဖြူလေးက မျိုးနွယ်စုထဲက အစ်ကိုတွေကို မနှစ်သက်ကြောင်း ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။

ယဲ့ချန် ပြုံးလိုက်ပြီး "အားမန် ဘယ်မှာလဲ သိလား"

"အားမန်က အပေါ်ဆုံး ရေကန်မှာ ရှိတယ်။ ခုနကတုန်းက ငိုသံ ကြားလိုက်ရသေးတယ်။ အခုတော့ အသံ မကြားရတော့ဘူး"

ယဲ့ချန် ခေါင်းညိတ်ပြလိုက်ပြီး ဆက်တက်လာခဲ့သည်။ တောင်ထိပ်သို့ ရောက်သည့်အခါ ခြေအောက်တွင် ထူထဲသော ရေခဲလွှာများ ဖုံးလွှမ်းနေပြီး ကောင်းကင်မှ ကျဆင်းလာသော မိုးရေစက်များတွင် ရေခဲစများ ပါဝင်နေသယောင်ပင်။

တောင်ထိပ်တွင် ရေကန် တစ်ကန်သာ ရှိပြီး အအေးဓာတ်များ ပျံ့လွင့်နေသည်။ ရေကန်ဘေးပတ်လည်တွင် ထူထဲသော ရေခဲများ ဝန်းရံထားသည်။

ရေကန်ထဲတွင် လူရိပ်မတွေ့ရသော်လည်း ပုံမှန် ကြည်လင်နေတတ်သော ရေကန်မျက်နှာပြင်တွင် ပူပေါင်းများ တပွက်ပွက် ထနေသည်။ ယဲ့ချန် ရေကန်ဘေးတွင် ရပ်ပြီး ခဏလောက် ကြည့်နေလိုက်၏။ ရေကန်ထဲမှ ပူပေါင်းများ တဗြောင်းဗြောင်း ပေါက်ကွဲနေပြီး ပူပေါင်းအသစ်များ ထပ်ထွက်လာပြန်သည်။

နဂါးဖြူလေး ငိုသံမကြားရတော့တာ မဆန်းပါဘူး။ ဒီကောင်မလေးက ကိုယ့်ကိုယ်ကိုယ် အရည်ပျော်အောင် ငိုနေတာကိုး။

သူ ရယ်ရမလို ငိုရမလို ဖြစ်သွားပြီး ရှေ့သို့ တိုးကာ ကိုယ်ကိုကိုင်းပြီး ရေကန်ထဲသို့ လက်ထည့်လိုက်သည်။ အေးစက်နေသော ရေများက ယဲ့ချန်၏ လက်ချောင်းကြားမှ စီးဆင်းသွားပြီး ရေသာရှိသော ကန်ထဲတွင် လူပုံသဏ္ဍာန် အရိပ်တစ်ခု ပေါ်လာသည်။ ထိုအရိပ်က တဖြည်းဖြည်း ပီပြင်လာပြီး နောက်ဆုံးတွင် အားမန် ပုံစံ ဖြစ်သွားတော့သည်။

အားမန်သည် ရေထဲတွင် ရှိုက်ငိုနေဆဲ။ ယဲ့ချန်က သူမလက်ကို ဆွဲပြီး ရေကန်ထဲမှ ဆွဲထုတ်လိုက်သည်။ ရေကန်ထဲမှ ထွက်လာသော အားမန်၏ ကိုယ်ပေါ်မှ ရေများသည် မြေကြီးပေါ်သို့ တသွင်သွင် စီးကျနေသော်လည်း သူမ အေးပုံမရဘဲ ဝမ်းနည်းပူဆွေးမှုထဲတွင်သာ နစ်မြောနေလေသည်။

"ဘယ်လောက်ကြာကြာ ထပ်ငိုဖို့ စဉ်းစားထားလဲ" ယဲ့ချန်က မေးရင်း သူမလက်ကို ဆွဲကာ တောင်အောက်သို့ ဆင်းလာခဲ့သည်။

"ကျွန်မ ကိစ္စ ရှင် ဝင်မပါနဲ့! ကမ္ဘာပျက်တဲ့အထိ ငိုမှာ!" အားမန်က အချိန်လုပြီး ယဲ့ချန်ကို မျက်စောင်းထိုးလိုက်သေးသည်။ "ဒါတွေအားလုံး ရှင် ကျွန်မကို ခေါ်လာခဲ့လို့ ဖြစ်တာ။ ဒါကြောင့် အားချန်က ကောက်ကျစ်တဲ့ လူသားတွေရဲ့ လှည့်စားပြီး လက်ထပ်တာ ခံလိုက်ရပြီ!"

ယဲ့ချန်သည် အားမန်က ပိုင်ရှိုးမင်ကို 'ကောက်ကျစ်တယ်' လို့ သုံးနှုန်းတာ မှန်တယ်လို့ ထင်ပေမယ့် လှည့်စားပြီး လက်ထပ်တယ် ဆိုတာကတော့... သူမ အစ်မဖြစ်သူနှင့် ပတ်သက်ပြီး အထင်လွဲနေပုံရသည်။

တကယ်လို့ လှည့်စားပြီး လက်ထပ်ခံရတယ် ဆိုရင်တောင် စိတ်ပူပေးရမှာက ပိုင်ရှိုးမင်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အားမန်ကို ပြုစုပျိုးထောင်ရင်းနဲ့ ယဲ့ချန် သင်ခန်းစာတစ်ခု ရလိုက်တာက သူမ ယုတ္တိမရှိ စကားပြောနေတဲ့အချိန်မှာ လုံးဝ ယုတ္တိသွားမရှာနဲ့ ဆိုတာပါပဲ။

"ဒါဆို မင်း သူတို့ မင်္ဂလာဆောင် မသွားတော့ဘူးလား"

"သွားမှာပေါ့!" အားမန်က ပိုကျယ်လောင်စွာ အော်ငိုလိုက်တော့သည်။

ဆောင်းဦးပေါက်ခါနီးအချိန်တွင် မိုးသည် နဂါးမျိုးနွယ်စုမှ ရှန့်ကျင်းမြို့တော်အထိ ဆက်တိုက် ရွာသွန်းနေလေသည်။

နက္ခတ္တဗေဒဌာနမှ အရာရှိများသည် နေ့တိုင်း ဘဝကို သံသယဝင်ကာ တုန်လှုပ်ချောက်ချားနေကြသည်။ သူတို့ နက္ခတ်တာရာ ကြည့်ပြီး ရက်ရွေးပေးခဲ့တုန်းက ပိုင်လူကြီးမင်း မင်္ဂလာဆောင်မည့် ရက်ဝန်းကျင်မှာ နေသာမယ်လို့ တွေ့ခဲ့တာလေ။ ဘာလို့ ရုတ်တရက် မိုးတွေ သည်းကြီးမည်းကြီး ရွာနေရတာလဲ။

မင်္ဂလာရက် ရောက်ဖို့ ၅ရက်လောက်သာ လိုတော့သဖြင့် နက္ခတ်တာရာ တွက်ချက်ပေးခဲ့သော အရာရှိများမှာ ဆံပင်တွေ ကျွတ်ကုန်လုမတတ် ဖြစ်နေကြပြီ။ တကယ်လို့ မင်္ဂလာဆောင်တဲ့နေ့ထိ မိုးရွာနေရင် ဆံပင်တင်မကဘူး၊ ခေါင်းပေါ်က ဦးထုပ်တွေပါ ပြုတ်ကုန်တော့မှာပဲ။

နောက်ဆုံး မတတ်သာသည့်အဆုံး သတင်းစုံစမ်းရတာ မြန်သော အရာရှိတစ်ဦးက အကြံပြုလာသည်။ "ကြားတာတော့ ပိုင်လူကြီးမင်းက နဂါးဘုရင် တစ်ပါးကို မင်္ဂလာပွဲ လာတက်ဖို့ ဖိတ်ထားတယ်တဲ့။ တကယ်လို့ မိုးမတိတ်ရင် ဌာနမှူးကို ပြောပြီး အဲဒီ နဂါးဘုရင်ကို ကူညီခိုင်းရင် ကောင်းမလား"

အကြံပေးသော အရာရှိကို လုပ်ဖော်ကိုင်ဖက်များက ခဏလောက် စိုက်ကြည့်ပြီးနောက် နောက်ဆုံးတော့ ဒီအကြံကိုပဲ အရန်အစီအစဉ်အဖြစ် သတ်မှတ်လိုက်ကြသည်။

ကံဆိုးစွာဖြင့် ကြီးမြတ်လှသော နဂါးဘုရင်သည် ရှန့်ကျင်းမြို့တော်၏ မိုးလေဝသကို ပြောင်းလဲပေးနိုင်စွမ်း မရှိခဲ့ပေ။ မိုးတိတ်အောင် လုပ်ပေးနိုင်သော တစ်ဦးတည်းသောသူ အားချန်ကတော့ ညီမလေး ကုတင်ပေါ်မှာ လူးလှိမ့်နေသည်ကို ကြည့်ပြီး လက်သည်းထိုင်ညှပ်နေလေသည်။

အားမန် လူးလှိမ့်လို့ ဝသွားမှ ဆံပင်ဖွာဖွာဖြင့် အားချန်၏ ကုတင်ပေါ်တွင် ထထိုင်လိုက်ပြီး စူပုတ်ပုတ်ဖြင့် မေးလိုက်၏။ "နင် အဲဒီလူသားရဲ့ လှည့်စားတာ ခံလိုက်ရတာလား"

"ငါက အလှည့်စားခံရမယ့် ရုပ်ပေါက်နေလို့လား"

အားမန် သေချာ စဉ်းစားကြည့်တော့လည်း ဒီထင်ကြေးက သိပ်မဖြစ်နိုင်ဘူးလို့ တွေးမိပြီး နောက်ထပ် ထပ်ခန့်မှန်းပြန်သည်။

"ဒါဆို သူ နင့်ကို မြှူဆွယ်တာပဲ ဖြစ်မယ်။ နင် သူ့အလှအောက်မှာ ကျရှုံးသွားတာ။ တကယ့်ကို အရှက်မရှိတဲ့လူပဲ!"

အားမန်က ကိုယ့်ဘာသာ ဒေါသထွက်နေသော်လည်း အားချန် မျက်ခုံးပင့်လိုက်သည်ကို သတိမထားမိပေ။

ဒီထင်ကြေးက ပြဿနာ မရှိပေမယ့် အားမန်က ဘာလို့ ဒီဘက်ကို တွေးလိုက်ရတာလဲ။ သူမ အရင်က အားမန်နဲ့ ယဲ့ချန် အတူရှိနေတုန်းက အားမန်က မသိသေးဘူး ထင်ခဲ့တာ။ အခုကြည့်ရတာ ဟန်ဆောင်ကောင်းတာပဲ။

အားချန်သည် ကုလားထိုင်ပေါ်မှ ကုတင်စွန်းသို့ ရွှေ့ထိုင်လိုက်ပြီး အားမန်နား ကပ်ကာ မေးလိုက်၏။ "ဘာလို့ နင်က အတွေ့အကြုံ ရှိနေသလို ဖြစ်နေရတာလဲ"

အားမန် ရုတ်တရက် တောင့်တင်းသွားပြီး လျင်မြန်စွာ ငြင်းလိုက်သည်။ "မရှိပါဘူး"

"ဪ... တကယ်လား" အားချန် မယုံပေ။

အားမန် မျက်လုံးများ ဂယောက်ဂယက် ဖြစ်သွားသော်လည်း အားချန်၏ စကားလမ်းကြောင်း လွှဲတာကို မပါသွားဘဲ ပြန်ထိန်းလိုက်သည်။ "ဒါက အရေးမကြီးဘူး။ အခု လိုရင်းကို ပြောနေတာ"

"အေးပါ... ပြောပါ"

"နင်တို့ မင်္ဂလာပွဲကို ငါ သဘောမတူဘူး!" အားမန်က ခါးကို မတ်လိုက်ပြီး အရှိန်အဝါ တစ်ခု ထုတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ဒါဆို ငါ့ကို ခိုးပြေးဖို့ လမ်းကြောင်း စဉ်းစားပြီးပြီလား" အားချန်က ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် မေးလိုက်သည်။

"ဘယ်ကသာလေ" အရှိန်အဝါလေး ချက်ချင်း လျော့ကျသွားရှာသည်။

"ဒါဆို ဆက်ငိုလိုက်ဦး"

"ငါ သိသားပဲ... နင့်စိတ်ထဲမှာ သူပဲ ရှိတာ။ လက်ထပ်မယ်ဆိုတဲ့ ကိစ္စကြီးကို ငါ့ကို နောက်ဆုံးမှ အသိပေးတယ်... ဟီး... ဟီး..." အားမန်က မျက်ရည် ပြန်ညှစ်လိုက်တော့သည်။

အားချန် ပြောချင်တာက နင် နောက်ဆုံးမှ သိတာ မဟုတ်ပါဘူးလို့။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။

ခဏလောက် ငိုပြီးတာတောင် အားချန် လာမချော့သေးတာ မြင်တော့ အသံကို တစ်ဆင့်မြှင့်လိုက်သည်။ "ဝါး... ဝါး..."

"ကဲပါ... တော်ပါတော့။ ငါသာ လက်မထပ်ရင် ငါတို့ ဘယ်တော့မှ ပြန်တွေ့ရမယ် မသိဘူး" အားချန်က အားမန်၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်ရာ ပိုရှုပ်သွားတော့သည်။

"ဟွန့်... ဒါတွေက ဆင်ခြေတွေပါ" အားမန်က ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။

အားချန်က လေးလေးနက်နက် ပြောလိုက်၏။ "အစက မင်္ဂလာပွဲကို (၅)နှစ်လောက်နေမှ လုပ်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ပြီးခဲ့တဲ့တခေါက် ခွဲခွာတုန်းက နင် အော်ဟစ် ငိုယိုကျန်ခဲ့တာ မြင်ပြီး စိတ်မကောင်းလို့ ငါ မင်္ဂလာပွဲကို စောလုပ်လိုက်တာလေ"

"တကယ်လား" အားမန် ရုတ်တရက် အားနာသွားမိသည်။ အဲဒီတုန်းက သူမ အကျင့်ပါနေလို့ ငိုလိုက်မိတာ။ အားချန်က အဲဒီလောက် စိတ်ပူသွားမယ်လို့ မထင်ထားဘူး။

"ဒါပေါ့... မဟုတ်ရင် ဘာလို့ဖြစ်ရဦးမှာလဲ" အားချန်က မျက်စောင်းထိုးလိုက်သည်။

အားမန်က ချက်ချင်းပင် အားချန်၏ လက်မောင်းကို ဖက်လိုက်ပြီး "အားချန်က ငါ့အပေါ် အကောင်းဆုံးပဲ ဆိုတာ ငါ သိတယ်"

အားချန်က နှာခေါင်းရှုံ့လိုက်ပြီး "သိရင် ပြီးတာပဲ"

"ဒါဆို ငါနဲ့ ပိုင်ရှိုးမင် ရေထဲ ပြိုင်တူကျရင် နင် ဘယ်သူ့ကို အရင်ကယ်မလဲ"

အားချန်တစ်ယောက် ကြောင်သွားသည်။

"ငါ သိသားပဲ! နင့်စိတ်ထဲမှာ ငါက အရေးအကြီးဆုံး မဟုတ်တော့ဘူး!" အားမန် အော်ငိုပြန်သည်။

အားချန်မှာ နဖူးကို လက်နဲ့ ဖိလိုက်မိသည်။ ညီမလေးကို အပြင်လွှင့်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။ ဘယ်သူများ သူမကို လာကယ်ကြပါဦး...

အားမန်က သဝန်တိုမှုလေး ထပေါက်ကွဲလိုက်သော်လည်း နောက်ဆုံးတော့ အားချန် ချော့သည်နှင့် စိတ်ပြေသွားပြီး ညီအစ်မနှစ်ယောက် ခေါင်းချင်းဆိုင်ကာ အားချန် မကြာသေးခင်က လက်ခံရရှိထားသော လက်ဝတ်ရတနာ လှလှလေးများကို ကြည့်ရှု ခံစားနေကြတော့သည်။

သူမ စိတ်ပျော်သွားသည့်အခါ အပြင်ဘက်တွင် ရက်ပေါင်းများစွာ ရွာသွန်းနေသော မိုးလည်း နောက်ဆုံးတော့ တိတ်သွားခဲ့လေသည်။

မိုးတိတ်သွားသော်လည်း ခေါင်မိုးပေါ်မှ ရေများသည် တစက်စက် ကျဆင်းနေဆဲပင်။ အခန်းထဲတွင် ပုံပြင်စာအုပ် ဖတ်နေသော ယဲ့ချန်သည် ရုတ်တရက် ခေါင်းမော့ပြီး အပြင်သို့ လှမ်းကြည့်လိုက်၏။ လူရိပ်တစ်ခု ခြံစည်းရိုးပေါ်မှ ကျော်ဝင်လာပြီး ခြံဝင်းထဲသို့ သက်သောင့်သက်သာ ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ လာသူမှာ ပိုင်ရှိုးမင် ဖြစ်ပြီး အနီရောင် ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထားကာ လက်ထဲတွင် အရက်အိုးတစ်လုံးကို ကိုင်ထားသည်။ ယဲ့ချန် လှမ်းကြည့်သည်ကို မြင်သောအခါ သူက အရက်အိုးကို လှမ်းပစ်ပေးလိုက်သည်။

ယဲ့ချန်က လက်လှန်ကာ ဖမ်းယူလိုက်ပြီး အဖုံးဖွင့် နမ်းကြည့်လိုက်သည်။ ဝိညာဉ်သစ်သီးနဲ့ ဖောက်ထားတဲ့ အရက် မဟုတ်ပေမယ့် အနံ့က မဆိုးဘူး။ အရက်ကောင်းပဲ။

စားပွဲပေါ်က ခွက်ကို ယူပြီး နှစ်ခွက်ငှဲ့လိုက်ကာ ပိုင်ရှိုးမင်ကို တစ်ခွက် တွန်းပေးလိုက်ပြီး သူ ထိုင်လိုက်သည့်အခါ မေးလိုက်၏။ "မင်းတို့ လူသားတွေက လက်မထပ်ခင် အမျိုးသားနဲ့ အမျိုးသမီး မတွေ့ရဘူး ဆို"

"မတွေ့ပါဘူး" ခဏရပ်ပြီး သူက ဖြည့်စွက်ပြောလိုက်သည်။ "သူ အခုချိန် ငါ့ကို တွေ့ဖို့ အားမနေဘူး"

အားချန် မအားရသည့် အကြောင်းအရင်းကို ယဲ့ချန် သေချာပေါက် သိလေသည်။

ဘာလို့လဲဆိုတော့ အားမန်လည်း သူ့ကို တွေ့ဖို့ မအားဘူးလေ။ ရှန့်ကျင်းမြို့တော် ရောက်ကတည်းက ညီအစ်မနှစ်ယောက်က ပူးကပ်နေကြပြီး တခြားလူ ဝင်ပါဖို့ နေရာမရှိတော့ဘူး။

ပိုင်ရှိုးမင်က ခွက်ထဲမှ အရက်ကို မော့သောက်လိုက်ပြီး ယဲ့ချန်ကို မေးလိုက်၏။ "မင်းတို့ ဘယ်တော့ ပြန်ကြမှာလဲ"

ယဲ့ချန်က လက်ထဲမှ ခွက်ကို လှည့်ကစားရင်း ပြောမပြတတ်သော မျက်နှာထားဖြင့် "ငါကတော့ အခုချက်ချင်း ပြန်ချင်တာပဲ။ မင်း ဘယ်လိုထင်လဲ"

ပိုင်ရှိုးမင် စဉ်းစားလိုက်တော့ သိပ်မဖြစ်နိုင်ဘူး ထင်သည်။

ယဲ့ချန်က သူ့ကို တစ်ချက်ကြည့်ပြီး လှောင်လိုက်သည်။ "ဒီကကောင်ကလည်း ကိုယ်တိုင် ဆုံးဖြတ်နိုင်တာ မဟုတ်ပါဘူး"

"ငါ့ကို မလာစေချင်ရင် နဂါးမျိုးနွယ်စုဆီ ဖိတ်စာ မပို့နဲ့လေ"

"ငါကရော ပို့ချင်လို့ ပို့တယ် ထင်နေလား" ပိုင်ရှိုးမင်က အရက်အိုးကို ဆွဲယူပြီး သူ့ဘာသာ ထပ်ငှဲ့သောက်လိုက်သည်။

"ဒါဆို ငါကရော လာချင်လို့ လာတယ် ထင်နေလား" ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။

ဝမ်းနည်းစရာက ဒီကိစ္စကို သူတို့နှစ်ယောက်လုံး ဆုံးဖြတ်ပိုင်ခွင့် မရှိကြပေ။

နှစ်ယောက်သား တိတ်ဆိတ်သွားကြပြီး ခွက်ချင်းတိုက်လိုက်ကြသည်။ သူတို့တွေက တစ်လှေထဲစီးသူတွေ ပါပဲလေ...

...

All Chapters