← Chapters

အချပ်ပို (၆) လူအများကြီးရဲ့ အတိတ်နဲ့ အနာဂတ် (၁)

Vol. 22 Ch. 221

အချပ်ပို (၆) လူအများကြီးရဲ့ အတိတ်နဲ့ အနာဂတ် (၁)

Vol. 22 Ch. 221

(၁)

အားမန်သည် မှတ်မိသည့်အချိန်ကတည်းက ချင်းယွီတောင်ပေါ်တွင်သာ နေထိုင်ခဲ့သည်။ သူမသည် အခြားမြေခွေးမိစ္ဆာများနှင့် မတူညီပေ။ မြေခွေးမျိုးနွယ်သွေး ပါဝင်သော်လည်း သူမသည် မြေခွေးပုံသဏ္ဍာန်ကို ကြာကြာ မထိန်းထားနိုင်ပေ။

တောင်ပေါ်ရှိ မြေခွေးများအားလုံးထဲတွင် သူမတစ်ယောက်တည်းသာ ထူးဆန်းနေသည်။ မိစ္ဆာလောကတွင် အားနည်းသူက အားကြီးသူ၏ အစားခံရသည်မှာ သဘာဝတရားပင်။ သူမ၏ အားနည်းမှုနှင့် ထူးခြားမှုကြောင့် အပယ်ခံရကာ အနိုင်ကျင့်ခံရဖို့ ဖန်တီးထားသလို ဖြစ်နေသည်။ သူမအပေါ် မုန်းတီးကြသည်ကို အကြိမ်ကြိမ် ကြုံဖူးခဲ့သည်။

သို့သော် ကြီးပြင်းလာရသည့် ကာလတစ်လျှောက်လုံးတွင် သူမ ဒဏ်ရာရခဲ့သည်မှာ မရှိသလောက်ပင်။ အကြောင်းမှာ ဒဏ်ရာရတိုင်း အားချန်ကသာ အမြဲတမ်း ခံစားရသောကြောင့် ဖြစ်သည်။ အားချန်က တစ်ယောက်တည်း ရှိပြီး တခြားမြေခွေးလေးတွေက အများကြီး ရှိသည်။ ရန်ဖြစ်တိုင်း အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ ဒဏ်ရာအပြင်းထန်ဆုံး ရသွားသူမှာ အားချန်သာ။

သူတို့က အားချန်ကို မနိုင်သည့်အခါ အားမန်နားကပ်ပြီး ကုန်းတိုက်စကားများ ဆိုကြသည်။ သူတို့နှစ်ယောက်က ညီအစ်မချင်း ဖြစ်သော်လည်း သူမက ရုပ်ဆိုးကြောင်း၊ သူမက အသုံးမကျသော်လည်း အားချန်ကတော့ အဖေ့ဆီမှ ပါရမီများ အကုန်ရထားကြောင်း၊ သူမက အားချန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း ပြောဆိုကြသည်။ ထိုအကောင်တွေ ထင်နေကြတာက ဒီလိုစကားတွေ ပြောရင် သူမတို့ ညီအစ်မ နှစ်ယောက်ကြား သွေးကွဲသွားလိမ့်မည် ဟူ၍ပင်။

သူတို့ နားမလည်တာက အားမန်အနေဖြင့် သူမထက် လှပ၊ ပါရမီရှိပြီး တော်သော အားချန်ကို ဘယ်တော့မှ မနာလိုဖြစ်မည်မဟုတ်သည့် အကြောင်းပင်။ ဒီလောက် ကောင်းမွန်တဲ့ အစ်မက သူမအပိုင်ပဲလေ။ တခြားလူတွေမှာ မရှိကြဘူး။ မနာလိုဖြစ်ရမှာက သူတို့တွေလေ။

သူမနှင့် အားချန် ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ခဲ့သည်။ သူမတို့ ရန်ဖြစ်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ တခါမှ မမြင်ဖူးသော မိဘနှစ်ပါးကြောင့် ဖြစ်ခဲ့သည်။ အားချန်က မိဘများအပေါ် မျှော်လင့်ချက် ထားနေရသည့်အကြောင်းအရင်းကို အားမန် နားမလည်နိုင်ပေ။

သူတို့ စွန့်ပစ်ခံထားရတာ ရှင်းနေတာပဲ။ မိဘတွေက သူတို့ကို လာကြိုမှာ မဟုတ်ဘူး။ ဒါပေမဲ့ အားချန်က သူတို့ကို လိုက်ရှာချင်နေတုန်းပဲ။

ရန်ဖြစ်ပြီးသည့်အခါ သူမ အိပ်လိုက်သည်။ နိုးလာသည့်အခါ ခေါင်းရင်းတွင် သေဆုံးနေသော တောကြက်တစ်ကောင် ရှိနေသည်။ သူမသည် ကြက်ကို ကင်လိုက်ပြီး အားချန်ကို ခေါ်ကာ တစ်ယောက်တစ်ဝက် စားလိုက်ကြပြီးနောက် ပြန်တည့်သွားကြသည်။

သူမနှင့် အားချန် ထာဝရ အတူရှိနေမည်ဟု သူမ ထင်ခဲ့သည်။ တနေ့ကျရင် သူတို့နှစ်ယောက် ချင်းယွီတောင်မှ ထွက်ပြီး ပြင်ပလောကကြီးကို သွားကြမည်။ အားချန်က မိဘများကို လိုက်ရှာချင်ရင်လည်း သူမ အဖော်လိုက်ပေးမည်။

သို့သော် မတော်တဆမှုက ရုတ်တရက် ရောက်ရှိလာခဲ့သည်။

ထိုနေ့က အားချန်ကို သူတို့ မျှားခေါ်သွားပြီး သူမကို ရေကန်ထဲ တွန်းချလိုက်ကြသည်။

ရေကန်ရေများသည် အလွန် အေးစက်လှသည်။ သူမခန္ဓာကိုယ်က အားနည်းသဖြင့် အားချန်က သူမကို ဒီနေရာသို့ လုံးဝ မခေါ်လာဖူးပေ။ ရေထဲ ကျသွားမှ အားချန်ပြောတာ မှန်ကြောင်း သိလိုက်ရသည်။ ရေက အရမ်း အေးလွန်းသည်။ သူမခန္ဓာကိုယ် ရေထဲ နစ်မြုပ်သွားသည်နှင့် ခြေလက်များ တောင့်တင်းသွားပြီး ရုန်းကန်ဖို့ပင် မလုပ်နိုင်တော့ပေ။

သူမ တဖြည်းဖြည်း နစ်မြုပ်သွားစဉ် မှုန်ဝါးဝါး မြင်ကွင်းထဲတွင် မြေခွေးလေးများ၏ ရက်စက်သော အပြုံးများကိုသာ မြင်နေရသည်။

သူမ သေရမှာ ကြောက်သည်။ အားချန် သူမကို ရှာမတွေ့ရင် စိတ်ပူနေမှာကို ကြောက်သည်။ အားချန် သူမကို ရှာတွေ့ရင်လည်း ဝမ်းနည်းသွားမှာကို ကြောက်သည်။

ဘယ်သူများ သူမကို ကယ်ကြပါ့မလဲ။

အသိပြန်ဝင်လာသည့်အချိန်မှာ ဘယ်လောက်ကြာသွားပြီမှန်း မသိတော့ပေ။ ညအချိန် ရောက်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်။ ရေကန်ဘေးပတ်လည်တွင် တိတ်ဆိတ်နေပြီး မိုးရေစက်များ ရေကန်ထဲ ကျဆင်းသံများသာ ကြားနေရသည်။ သူမတွင် ခန္ဓာကိုယ် မရှိတော့သလို လှုပ်ရှားလို့လည်း မရတော့ဘဲ အအေးဒဏ်ကိုလည်း မခံစားရတော့ပေ။ သို့သော် ရေပြင်ပေါ်မှ မြင်ကွင်းကိုတော့ ရှင်းလင်းစွာ မြင်နေရသည်။

လေထုထဲတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး သွယ်လျသော လက်တစ်ဖက် ထွက်ပေါ်လာကာ အက်ကြောင်းကို ဆွဲဖြဲလိုက်ပြီး လူတစ်ယောက် ထွက်လာခဲ့သည်။ ထိုလူတွင် ရွှေရည်ကဲ့သို့ တောက်ပသော မျက်ဝန်းတစ်စုံ ရှိသည်။ သူ့ကိုယ်ပေါ်တွင် အားမန် နှစ်သက်သော ရေငွေ့အေးအေး အနံ့လေး ရနေသည်။ မလှုပ်ရှားနိုင်သော ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားနိုင်သွားပြီး အားမန်သည် ရေထဲတွင် မျောပါရင်း ထိုလူရှိရာသို့ ဦးတည်သွားမိသည်။

သူသည် ကမ်းစပ်တွင် ခဏရပ်နေပြီးနောက် ရေကန်ထဲသို့ ဆင်းလာခဲ့သည်။

ဒီရေတွေက အရမ်းအေးကြောင်း အားမန် သတိပေးချင်သော်လည်း သူက ရေထဲသို့ တစ်ကိုယ်လုံး ဝင်ရောက်လာပြီး ဖြစ်သည်။

သူသည် သူမလို ရေခဲရိုက်ပြီး သေသွားခြင်း မရှိဘဲ ငွေဖြူရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ဒါက အားမန် ပထမဆုံး မြင်ဖူးသော အသက်ရှင်နေသည့် နဂါးတစ်ကောင်။ သူ့အရွယ်အစားက မူလခန္ဓာကိုယ်လောက် မကြီးမားသော်လည်း ခန့်ညားထည်ဝါပြီး သူမ စိတ်ကူးထဲက နဂါးထက် ပိုမို လှပနေသည်။

အမြီး (၈)ချောင်းပါပြီး အမွေးပွပွလေးနှင့် အားချန်က အချစ်စရာဆုံးလို့ သူမ အမြဲ တွေးခဲ့သော်လည်း ဒီနဂါးကြီးကိုလည်း သူမ သဘောကျမိသည်။ သူ့ကို မွေးစားချင်လိုက်တာ။

သူ့ကိုယ်ပေါ်ရှိ ငွေဖြူရောင် ကြေးခွံများမှ အလင်းရောင် ဖြာထွက်နေပြီး မှောင်မိုက်နေသော ရေကန်အောက်ခြေကို လင်းထိန်သွားစေသည်။

သူသည် ရေကန်ထဲတွင် ဖြည်းညင်းစွာ ကူးခတ်နေပြီး သူ့ပိုင်နက်ကို စစ်ဆေးနေသကဲ့သို့ပင်။

နောက်ဆုံးတွင် သူသည် သူမ၏ အကြည့်ကို သတိထားမိသွားပြီး သူမဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်လာကာ လက်ဝါးထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်လေသည်။

(၂)

နဂါးမျိုးနွယ်၏ သက်တမ်းသည် အလွန် ရှည်လျားလှသည်။ ပိုစွမ်းအားကြီးလေ ပိုအသက်ရှည်လေပင်။ လူသားမျိုးနွယ် မျိုးဆက်ပေါင်း ဆယ်ချီ ပြောင်းလဲသွားလျှင်ပင် ပထမမျိုးဆက် နဂါးဘိုးဘေးကြီးက ဂူထဲမှာ အိပ်နေတုန်း ရှိဦးမည်။

ယဲ့ချန်သည် ထိုကဲ့သို့သော နဂါးတစ်ကောင် ဖြစ်ပေသည်။

သူက ငယ်ရွယ်သေးသော်လည်း အဆုံးမရှိသော သက်တမ်းကို ပိုင်ဆိုင်ထားသည်။

အသက်ရှည်သော မျိုးနွယ်စုများက ပိုမို အေးစက်တတ်ကြသည်။ ဒါက သဘာဝတရားကြောင့် ဖြစ်နိုင်သလို အတွေ့အကြုံကြောင့်လည်း ဖြစ်နိုင်သည်။ နှစ်ပေါင်းထောင်ချီအတွင်း အခြားနဂါးများကဲ့သို့ပင် သူသည် လူသားများ မွေးဖွားသေဆုံးခြင်း၊ မိစ္ဆာများ တိုက်ခိုက်သတ်ဖြတ်ခြင်းတို့ကို အေးစက်စွာ ကြည့်ရှုခဲ့သည်။ အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးစေပြီး ရံဖန်ရံခါတွင်တော့ နဂါးမျိုးနွယ်စု၏ လာဘ်ကောင်အဖြစ် ကိုးကွယ်ခြင်း ခံရသည်။

တနေ့တွင် မြေခွေးတစ်ကောင်သည် သူအိပ်နေသော ဂူကို တူးဖောက် ဝင်ရောက်လာခဲ့သည်။ ကြားရသည်မှာ သူ့သခင်အတွက် နဂါးသွားရည် လာခိုးခြင်းတဲ့။

ဝမ်းနည်းစရာက ယဲ့ချန် အိပ်ရင် သွားရည်မကျတတ်ဘူး။ သူတို့နှစ်ယောက် တိုက်ခိုက်ကြပြီး နောက်ဆုံးတော့ နှစ်ယောက်လုံး ဒဏ်ရာရကာ ပြိုကျလာသော ဂူထဲတွင် ပိတ်မိနေခဲ့သည်။

ထို့နောက် လူသားတစ်ယောက် ရောက်လာပြီး သူတို့နှစ်ယောက်လုံးကို ပိုက်ကွန်ဖြင့် ဖမ်းဆွဲသွားခဲ့သည်။

ပိုဒေါသထွက်စရာ ကောင်းတာက အဲဒီလူသားက နဂါးမျက်ရည် လာခိုးတာတဲ့။

ယဲ့ချန် နားမလည်နိုင် ဖြစ်ရသည်။ နဂါးမျိုးနွယ်စုမှာ သူတစ်ကောင်တည်း ကျန်တော့တာမို့လို့ သူ့ကိုပဲ လာဒုက္ခပေးနေကြတာလား။

ထို့နောက် သူနှင့် မြေခွေး ပူးပေါင်းကာ ထိုလူသားကို ဝိုင်းရိုက်ကြသည်။ လူသားတွေ စကားပုံအတိုင်း ရိုက်ရင်းနှက်ရင်းနဲ့ မိတ်ဆွေ ဖြစ်သွားကြပြီး လူတစ်ယောက်၊ မြေခွေးတစ်ကောင်၊ နဂါးတစ်ကောင် သူငယ်ချင်း ဖြစ်သွားကြသည်။ သူတို့က သူ့သွားရည်ကို လိုချင်လို့ သူငယ်ချင်း လာလုပ်တာလားလို့ သူ သံသယ ဝင်မိသေးသည်။ သူ့သူငယ်ချင်း လူသားက လောကကြီးက မတည်မြဲဘူးလို့ ပြောလေ့ရှိသည်။ ယဲ့ချန်ကတော့ နှာခေါင်းရှုံ့သည်။ သူ့အမြင်မှာတော့ လူသားတွေ ပြောတဲ့ 'ပင်လယ်က လယ်ကွင်းပြင် ဖြစ်သွားတယ်' ဆိုတာ ပုံမှန်ကိစ္စပါပဲ။

ဒါပေမဲ့ တစ်ခါတလေကျတော့ လူသားတွေက ဉာဏ်ရှိကြပါတယ်။

သူနဲ့တူတူ အသက်ရှည်ရှည် နေရမယ့် မြေခွေးကြီး သေသွားခဲ့ပြီ။ တကယ်ပဲ လောကကြီးက မတည်မြဲပါလား။

ရှီးကျင်သည် အသက်ရှင်စဉ်က သူ့ကို ဒုက္ခပေးရတာ ကြိုက်သလို မသေခင်မှာလည်း တွင်းတူးခဲ့သေးသည်။ သူသည် ရှီးကျင်၏ သမီးကို လွှင့်ပစ်လိုက်ရမလား၊ လွှင့်ပစ်လိုက်ရမလား ဆိုတာကို ခဏလောက် စဉ်းစားပြီးနောက် နောက်ဆုံးတော့ ခေါ်သွားလိုက်သည်။

သူမ ငိုသံက နားထောင်ရတာ ဆိုးလွန်းလို့ပါလေ။

ထိုမြေခွေးမလေးက ရှီးကျင်နဲ့ တစ်စက်မှ မတူဘူး။ လူကပ်တယ်၊ ငိုလည်း ငိုတယ်၊ ပြီးတော့ လက်တွေ့မကျတဲ့ အိပ်မက်တွေ မက်သေးတယ်။ ဥပမာ - နဂါးမွေးတာမျိုးပေါ့။

ခေါင်းပေါ်မှာ မိုးတွေ ရွာနေပြန်ပြီ။ ထားလိုက်ပါတော့လေ... သူ့ကို မွေးခိုင်းလိုက်ပါတော့မယ်။

(၃)

အချိန်အကြာကြီး နေပြီးနောက် ယဲ့ချန်သည် အိပ်စက်ခြင်းကို နှစ်သက်သော အကျင့်ကို မဖျောက်နိုင်သေးပေ။

ဒီတစ်ခါတော့ တဂျစ်ဂျစ် မြည်သံကြောင့် သူ နိုးလာခဲ့ရသည်။

သူ ခေါင်းလှည့်ကြည့်လိုက်ရာ အဖြူရောင် အလုံးလေးတစ်လုံးက သူ့ကြေးခွံကို ထွင်းနေတာ တွေ့လိုက်ရသည်။

သူ စိုက်ကြည့်နေတာကို မြင်တော့ အလုံးလေးက လှည့်လာပြီး ခေါင်းပေါ်က ဆံပင်စလေး လှုပ်သွားကာ ပြောင်းဖူးစေ့လောက် ရှိသော သွားဖြူဖြူလေး ပေါ်အောင် ရယ်ပြလိုက်သည်။ "ဦးဦး နိုးပြီလား။ သမီး ဦးဦးကို ပန်းပွင့်လေး ထွင်းပေးနေတာ"

ပြောပြီးသည်နှင့် အလုံးလေးက ဘယ်ကရမှန်းမသိသော ဓားမြှောင်ကို ပစ်ချလိုက်ပြီး သူ့ကိုယ်ပေါ် တက်လာလေသည်။

"ဦးဦး... သမီးရဲ့ညီမလေးရော"

"ညီမလေးက ဥထဲမှာပဲ ရှိသေးတယ်" သေချာကြည့်လျှင် အပြာရောင် ထူးဆန်းသော ဥတစ်လုံးကို ယဲ့ချန် ရင်ခွင်ထဲ ထည့်ထားသည်ကို တွေ့ရမည်။ ဥခွံက ပျော့ပျောင်းနေပြီး ဘေးပတ်လည်တွင် ရေငွေ့များ ရစ်ပတ်နေကာ အသက်ရှူနေသကဲ့သို့ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။

အလုံးလေးက ဥနားကို တွားသွားပြီး ကျွမ်းကျင်စွာ ပွတ်သပ်ပေးလိုက်သည်။ "ညီမလေး ကောင်းကောင်း အိပ်နော်။ အစ်မ ဦးဦးနဲ့ ကုန်းပိုးတမ်း ကစားလိုက်ဦးမယ်"

ယဲ့ချန်က သူ ကစားမယ်လို့ သဘောမတူထားကြောင်း ပြောချင်သော်လည်း အလုံးလေးက သူ့အမြီးပေါ် တက်ထိုင်နေပြီး မျှော်လင့်တကြီး ကြည့်နေလေပြီ။

ရှီးကျင်နဲ့ တူလွန်းသော မျက်နှာလေးကြောင့် ယဲ့ချန် မငြင်းရက်ပေ။ သူ့အမြီးဖြင့် အလုံးလေးကို မြှောက်တင်လိုက်၊ ပြန်ဖမ်းလိုက် လုပ်ပေးရတော့သည်။

ကစားနေတုန်း ခြောက်သွေ့နေသော ဂူထဲတွင် ရုတ်တရက် စိုစွတ်လာပြီး အလုံးလေးက "ညီမလေး နိုးတော့မယ်" ဟု အော်ဟစ်ကာ ပြေးသွားလေသည်။

အပြာရောင်ဥက ကွဲအက်သွားပြီး လက်ချောင်းလောက် အရွယ်ရှိသော အပြာရောင် နဂါးလေးတစ်ကောင် ထွက်လာကာ နူးညံ့သောအသံဖြင့် "ဖေဖေ... သမီးလည်း မြှောက်တမ်း ကစားချင်တယ်"

"မင်း ကစားလို့ မရဘူး။ ငယ်သေးတယ်" ယဲ့ချန်က သမီးဖြစ်သူကို ညင်သာစွာ ငြင်းလိုက်သည်။

"ဝါး... ဝါး..."

ဂူထဲတွင် ရေများက မျက်စိရှေ့မှာပင် တက်လာတော့သည်။

"မြှောက်မယ်... မြှောက်မယ်..."

တစ်ယောက်က အော်ငိုလိုက်၊ တစ်ယောက်က တဟားဟား ရယ်လိုက်။

ယဲ့ချန် သက်ပြင်းချလိုက်မိသည်။ ကြီးမြတ်လှသော နဂါးဘုရင်ကြီးက ဘယ်လိုလုပ် ကလေးထိန်း ဘဝ ရောက်သွားရတာလဲ။ ရှီးကျင် သူ့ကို ဂျင်းထည့်သွားတာ သေချာတယ်။

(၄)

ရှန်းဟွေရွှယ်သည် (၁၀)နှစ်ကြာမှ ကျန်းကျင်းဟွိုင်ကို ပြန်တွေ့ရသည်။

ထိုနှစ်တွင် သာ့ရှနှင့် တိုင်းတစ်ပါး စစ်ဖြစ်ရာ ဖြတ်သွားသော ဝူမျိုးနွယ်စု ကုန်သည်အဖွဲ့ပါ ရောနှော ဖမ်းဆီးခြင်း ခံလိုက်ရသည်။

ဟွေရွှယ်သည် ရှီးလင်ကို ရောက်ဖူးသူဖြစ်၍ ယဇ်ပုရောဟိတ်မင်းက သူမနှင့် လျဲ့ရှင်းကို ဦးဆောင်စေပြီး လူသွားပြန်ခေါ်ခိုင်းလိုက်သည်။ နှစ်တွေအကြာကြီး နေမှ ရှီးလင်မြေကို ပြန်နင်းမိသော်လည်း သိပ်ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် ပြည်သူများက အရင်က ရှီးလင်ဝမ်အိမ်တော်နှင့် ရှန်းမိသားစုအကြောင်း မပြောကြတော့ဘဲ စစ်သူကြီးအိမ်တော် အကြောင်းသာ ပြောကြတော့သည်။ သူတို့ သွားရမည့်နေရာကလည်း စစ်သူကြီးအိမ်တော်ပင်။

အားချန်ကြောင့် ယခုနှစ်ပိုင်းတွေမှာ သာ့ရှနှင့် ဝူမျိုးနွယ်စု ဆက်ဆံရေး ကောင်းမွန်လာသဖြင့် သူတို့က လူသွားလုတာ မဟုတ်ဘဲ လူသွားပြန်တောင်းတာ ဖြစ်သည်။

လျဲ့ရှင်းက ယဇ်ပုရောဟိတ်မင်း၏ တံဆိပ်တုံးကို ယူပြီး စစ်သူကြီးအိမ်တော်ထဲ ဝင်သွားပြီး ဟွေရွှယ်ကတော့ လိုက်မဝင်ခဲ့ပေ။

သူမသည် အိမ်တော်နှင့် မလှမ်းမကမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ အနီရောင် တံခါးမကြီးကို လှမ်းကြည့်နေသည်။

ထိုနေရာက ကျန်းကျင်းဟွိုင်၏အိမ်မှန်း သူမ သိနေသည်။ နှစ်တွေ ကြာခဲ့သော်လည်း တစ်ခါတလေတော့ သူ့ကို သတိရမိသေးသည်။

ဒါပေမဲ့ သူတို့နှစ်ယောက်က ပြန်လည်ဆုံတွေ့ရမယ့် မိတ်ဆွေဟောင်းတွေ ဖြစ်ဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် တွေ့စရာ မလိုတော့ပါဘူး။

မကြာမီ တံခါးပွင့်လာပြီး (၆)နှစ်၊ (၇)နှစ်အရွယ် ကောင်လေးတစ်ယောက် ထွက်လာသည်။ သူမ သေချာကြည့်လိုက်၏။ ကျန်းကျင်းဟွိုင်နဲ့ တော်တော် တူတာပဲ။

လျဲ့ရှင်း ပြန်ထွက်လာတော့ အဆင်ပြေကြောင်း ပြောပြသည်။ စစ်သူကြီးက သဘောကောင်းကြောင်း၊ သူတို့ အထောက်အထား မှန်ကန်တာနဲ့ လူပြန်လွှတ်ပေးလိုက်ကြောင်း၊ ရွာအကြောင်းတွေ မေးမြန်းပြီး တနေ့ကျရင် ဝူမျိုးနွယ်စုဆီ အလည်လာဦးမယ်လို့ ပြောလိုက်ကြောင်း ပြောပြသည်။ လျဲ့ရှင်းကတော့ ယဉ်ကျေးမှုအရ ပြောတာလို့ ထင်ပေမယ့် စစ်သူကြီးကို သဘောကျသွားပုံရသည်။

"ဟွေရွှယ်... နင် အရင်က ရှီးလင်မှာ နေဖူးတယ်ဆိုတော့ အဲဒီစစ်သူကြီးကို သိလား" လျဲ့ရှင်းက မေးလိုက်သည်။

ဟွေရွှယ် ပြုံးလိုက်ပြီး "ကြားဖူးတယ်၊ ဒါပေမဲ့ မရင်းနှီးပါဘူး"

လျဲ့ရှင်း ခေါင်းညိတ်လိုက်သည်။ "စစ်သူကြီးက ငါတို့ကို ရက်နည်းနည်းလောက် နေသွားပါဦးလို့ ပြောပေမယ့် ဒီနှစ် ပွဲတော်ရက် နီးနေပြီဆိုတော့ လူခေါ်ပြီးရင် ပြန်ကြရအောင်"

"ဒီနေရာထက် ကန္တာရကို ပိုသဘောကျတယ်"

"ဒါပေါ့"

နောက်ရက်တွင် စစ်သူကြီးအိမ်တော်မှ လူလွှတ်ပေးလိုက်သည်။ လျဲ့ရှင်းတို့က ရှီးလင်ဒေသထွက် ပစ္စည်းအချို့ ဝယ်ယူပြီး တတိယမြောက်နေ့ မနက်တွင် ပြန်ကြရန် ပြင်ဆင်လိုက်သည်။

ပြန်မည့်နေ့တွင်တော့ ရာသီဥတု သာယာနေလေသည်။

မြို့တံခါးမှ ထွက်လာပြီးနောက် ဟွေရွှယ် လှည့်ကြည့်လိုက်ရာ မြို့ရိုးပေါ်တွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

တစ်ချက်ကြည့်ရုံနဲ့ ကျန်းကျင်းဟွိုင်မှန်း သိလိုက်သည်။

သူ သူမကို မြင်လား မမြင်လားတော့ မသိသော်ငြား အရေးမကြီးတော့ချေ။

ဟွေရွှယ် ပြန်လှည့်လာခဲ့သည်။

ကျန်းကျင်းဟွိုင် အသက် (၃၅)နှစ်တွင် လီကော်ကုန်း ဖျားနာသဖြင့် ရှန့်ကျင်းမြို့တော်သို့ ပြန်သွားခဲ့သည်။ ရောဂါသည်းနေသော ဖခင်ဖြစ်သူသည် ထူးချွန်သော သားကြီးကို ကြည့်ပြီး အိမ်တော်အနာဂတ်အတွက် စိတ်မပူသော်လည်း ကိစ္စတစ်ခုကိုတော့ စိတ်မချနိုင် ဖြစ်နေခဲ့သည်။

သူက ကျန်းကျင်းဟွိုင်လက်ကို ကိုင်ပြီး မေးခဲ့သည်။ "ဒီနှစ်တွေထဲမှာ မင်း စေ့စပ်တာ (၃)ခါ ရှိပြီ။ (၃)ခါလုံး အမျိုးသမီးဘက်က အကြောင်းအမျိုးမျိုးနဲ့ ဖျက်သိမ်းသွားတာ မင်း လက်ချက်မလား"

ကျန်းကျင်းဟွိုင် အံ့ဩသွားပြီး ရယ်မောကာ "အဖေကလည်း... အဲဒါတွေက မတော်တဆတွေပါ။ သားက ဖူးစာမပါလို့ နေမှာပါ"

လီကော်ကုန်း မျက်လုံးမှိတ်လိုက်၏။ လွန်ခဲ့တဲ့ (၇)နှစ်၊ သားကြီးက ရှီးလင်တပ်မကို ထိန်းချုပ်နိုင်ပြီး မကြာခင်မှာ ပထမ စေ့စပ်ထားသူက စေ့စပ်ပွဲ ဖျက်သိမ်းသွားသည်။ နောက် (၃)နှစ်နေတော့ နောက်တစ်ယောက်၊ ပြီးတော့ နောက်တစ်ယောက်။ သားကြီးက သူ့နေရာကို ဆက်ခံပြီး အိမ်တော်ကို ဦးဆောင်နိုင်ပြီ။

"မင်း အိမ်ထောင်မပြုရင် အိမ်တော်ကို ဘယ်သူ ဆက်ခံမှာလဲ"

"စိတ်မပူပါနဲ့။ ဆွေမျိုးတွေထဲက ပါရမီရှိတဲ့ ကလေးတချို့ ရွေးထားပါတယ်။ အိမ်တော် မျိုးဆက်ပြတ်မှာ မဟုတ်ပါဘူး"

"ဒါဆို မင်းကရော"

"သား သူတို့ကို ပြုစုပျိုးထောင်ပေးပြီး အတော်ဆုံးတစ်ယောက်ကို ရွေးပြီး လွှဲပေးခဲ့မှာပါ။ အိမ်တော် ကျဆုံးသွားမှာ မဟုတ်ပါဘူး"

လီကော်ကုန်း တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။ "သူ(မ) မဟုတ်ရင် မဖြစ်ဘူးလား"

အဲဒီတုန်းက သူ တွေးခဲ့တာက မိစ္ဆာသွေးပါတဲ့ မိန်းကလေးတစ်ယောက်၊ သူ့သားရဲ့ လမ်းခရီးကို ပိတ်ပင်မယ်ဆိုရင် ရှင်းထုတ်လိုက်တာ အကောင်းဆုံးပဲလို့။

အိမ်တော်က အားထားရတဲ့ သားကြီးက သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဇာတ်သိမ်းက သူ ထင်သလို ဖြစ်မလာခဲ့ဘူး။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။

ကျန်းကျင်းဟွိုင်က ငြင်းမနေတော့ဘဲ အေးဆေးစွာ ပြောလိုက်သည်။ "အဖေ အတွေးလွန်နေပါပြီ။ လူကြီးတွေက အသက်ကြီးလာရင် ခေါင်းမာလာတတ်တယ် ဆိုသလို သားလည်း အဲဒီလို ဖြစ်နေတာပါ။ စိတ်ကြိုက် မိန်းကလေး မတွေ့တော့ ဇွတ်မှိတ်ပြီး မယူချင်တော့တာပါ"

သူမ ထွက်သွားတဲ့နှစ်မှာ သူ့ကံတရားကို လက်ခံလိုက်ပါတယ်။ တခါတုန်းက စစ်မြေပြင်မှာ လုပ်ကြံခံရပြီး သေလုနီးပါး ဖြစ်တုန်းက သူမကို မြင်ယောင်မိပြီး မကျေနပ်စိတ်တွေ ဝင်လာခဲ့တယ်။

ဒီစိတ်တွေက သူ့ကို နှိပ်စက်နေရင်းနဲ့ နှစ်တွေ ကြာသွားခဲ့ပြီ။ သူက အဖေ မျှော်လင့်သလို အိမ်ထောင်ပြု သားသမီး မွေးတာ မလုပ်နိုင်ပေမယ့် သတ်မှတ်ထားတဲ့ လမ်းအတိုင်းတော့ လျှောက်လှမ်းခဲ့ပါတယ်လေ။

မကြာမီ လီကော်ကုန်း ဆုံးပါးသွားသည်။ ကျန်းကျင်းဟွိုင် အရိုက်အရာ ဆက်ခံပြီး မွေးစားထားသော သားကို ခေါ်ကာ ရှီးလင်သို့ ပြန်သွားခဲ့သည်။

နောက်ထပ် အနှစ် (၂၀) ကြာသည်အထိ ကျန်းကျင်းဟွိုင်သည် ရှီးလင်ကို စောင့်ရှောက်ခဲ့ပြီး တိုင်းတစ်ပါး ကျူးကျော်မှုတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ သူ့သားက အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီး မကြာမီ သူ ကွယ်လွန်သွားခဲ့သည်။ ဧကရာဇ်က သူ့သစ္စာရှိမှုကို ဂုဏ်ပြုသောအားဖြင့် တော်ဝင်သင်္ချိုင်းတွင် မြှုပ်နှံခွင့် ပေးသော်လည်း အမိန့်တော် ရောက်လာချိန်တွင် နောက်ကျသွားခဲ့ပြီ။ သားဖြစ်သူက ဖခင် မှာကြားချက်အတိုင်း မီးသင်္ဂြိုဟ်ပြီး အရိုးပြာအိုးကိုသာ ချန်ထားခဲ့သည်။

သားဖြစ်သူ အရိုးပြာအိုး သယ်ပြီး မြို့တော်သို့ ပြန်သွားချိန်တွင် မြို့ပြင်သို့ လူတစ်ယောက် ထွက်လာခဲ့၏။

မြို့တံခါးဝတွင် ရပ်ရင်း ထိုလူက လမ်းမကြီးကို ငေးကြည့်နေသည်။ သူ ဒီနေရာကနေ သူမ ထွက်ခွာသွားတာကို (၂)ခါတောင် ကြည့်ခဲ့ရဖူးသည်။ နောက်ဆုံးတွေ့ခဲ့တာ အနှစ် (၃၀) ကျော်ပြီ။

ဒီလမ်းဆုံးမှာ သူမကို ပြန်တွေ့ရနိုင်မလား။ ပြီးခဲ့တဲ့တခေါက်က စကားမပြောလိုက်ရဘူး။ ဒီတစ်ခါတော့ 'မတွေ့တာ ကြာပြီနော်' လို့ နှုတ်ဆက်ချင်မိတာပဲ။

....

All Chapters