အချပ်ပို (၂) သူသာ မင်ဝမ် မဖြစ်လာဘူးဆိုရင် အရာရာ အဆင်ပြေပါတယ်...
Vol. 22 Ch. 217
အပိုင်း (၂၁၇.၁) အချပ်ပို (၂) သူသာ မင်ဝမ် မဖြစ်လာဘူးဆိုရင် အရာရာ အဆင်ပြေပါတယ်...
မင်ဝမ်သည် အားချန်၏ စိတ်နေသဘောထားကို အလွန် သဘောကျလေသည်။ သူ့အမြင်တွင် လက်ထပ်ခြင်းကိစ္စ၌ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရှိလျှင် တိုက်ရိုက်ပင် လက်ခံအတည်ပြုလိုက်သင့်သည်။ သားဖြစ်သူသည် မိန်းကလေးရှေ့တွင် အဖိုးမတန်သည့်ပုံ ပေါက်နေသော်လည်း အနည်းဆုံးတော့ သူ ရွေးချယ်တတ်သည့် အကြည့်ကတော့ ကောင်းမွန်ပေသည်။
"ဒီလိုဆိုမှတော့ ဒီမင်္ဂလာကိစ္စကို အတည်ပြုလိုက်ပြီ" မင်ဝမ်က သူ့နောက်ဘက်သို့ လက်ဝှေ့ယမ်းပြလိုက်ရာ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသူများသည် သေတ္တာများကို တစ်လုံးပြီးတစ်လုံး သယ်ဆောင်ကာ ဝင်ရောက်လာကြပြီး နောက်ဆုံးတွင် ငန်းရိုင်း (၃)စုံပါ ပါလာလေသည်။ ထိုလူများထဲတွင် တစ်ဦးတည်းသော အိမ်ထောင်သည်ဖြစ်သည့် ချန်ဟွေ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
'ကမ်းလှမ်းရုံ သက်သက်ပဲလေ... အခန်းတစ်ဝက်လောက် ပြည့်သွားမယ့် လက်ဖွဲ့တွေ ပေးဖို့ လိုလို့လား'
အတူလိုက်ပါလာကြသော ဓလေ့ထုံးတမ်းရာဌာနမှ လက်ထောက်အမတ်နှင့် နက္ခတ္တဗေဒဌာနမှ အရာရှိတို့မှာ ဘာမှမပြောရဲဘဲ ခေါင်းငုံ့နေကြရသည်။ ဝမ်ရယ်က တခါမှ လက်မထပ်ဖူးသဖြင့် စည်းမျဉ်းစည်းကမ်းတွေကို နားထောင်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် လက်ဖွဲ့ကြီးကြီးမားမား ပေးလိုက်ရင် ပြီးတာပဲဟု တွေးနေပုံရသည်။
အားချန်သည် ပြည့်ကျပ်နေအောင် စီထားသော သေတ္တာများကို လိုက်လံကြည့်ရှုလိုက်ရာ သေတ္တာထဲတွင် သေသပ်လှပသော ပိုးထည်များ၊ တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် မစီခြယ်ရသေးသော ကျောက်မျက်ရတနာ အလုံးကြီးများ ပါဝင်သည်ကို တွေ့လိုက်ရ၏။
မင်ဝမ်က အားချန်ကို ပြောလိုက်သည်။ "ပစ္စည်းတွေက သိပ်မများပါဘူး။ ယူပြီး ကစားလိုက်ပါ"
"ကျေးဇူးတင်ပါတယ် ဝမ်ရယ်။ ကျွန်မ သဘောကျပါတယ်" အားချန်က မျက်လုံးလေးများ ကွေးသွားအောင် ပြုံးလိုက်ပြီး ဤလက်ဆောင်များကို သဘောကျကြောင်း ဖုံးကွယ်မထားဘဲ ထုတ်ပြလိုက်၏။
မင်ဝမ်လည်း ကျေနပ်သွားလေသည်။ လက်ဆောင်ပေးတယ်ဆိုတာ တဖက်လူ ကြိုက်နှစ်သက်ဖို့ မျှော်လင့်တာပဲ မဟုတ်လား။ ဒီမိန်းကလေးက တကယ့်ကို သူ့အဖေလိုပဲ လှပခမ်းနားတဲ့ ပစ္စည်းတွေကို ကြိုက်တတ်တာပဲ။
ထို့နောက် သူက ဓလေ့ထုံးတမ်းရာဌာနမှ အမတ်ဘက်သို့ လှည့်မေးလိုက်၏။ "နောက်တစ်ဆင့်က ဇာတာ စစ်ရမှာ မဟုတ်လား"
အမတ်က ရှေ့သို့ တစ်လှမ်းတိုးကာ အရိုအသေပေးပြီး ရိုရိုသေသေ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်"
နာမည်မေးသည့် အခမ်းအနားနှင့် လက်ဆောင်ပေး ကမ်းလှမ်းသည့် အခမ်းအနားကို တစ်ရက်တည်း လုပ်လို့မရဘူးဟု မည်သူကမှ စည်းကမ်းသတ်မှတ်မထားပေ။ ဝမ်ရယ်က ရတယ်လို့ ပြောရင် သေချာပေါက် ရတာပါပဲ။
မင်ဝမ်က အားချန်ဘက်သို့ ခေါင်းလှည့်လာပြီး ခဏလောက် ရပ်တန့်သွားပြီးမှ မေးလိုက်၏။ "အခု မင်းနာမည်က အားချန် နော်"
အားချန် ခေါင်းညိတ်ပြလိုက်သည်။
သူမသည် ကျိချန်၏ နာမည်ကို ဆက်မသုံးတော့သဖြင့် ကျိချန်၏ မွေးသက္ကရာဇ် ဇာတာကိုလည်း သုံး၍ မရတော့ပေ။ သူမ၏ အစစ်အမှန် မွေးသက္ကရာဇ်ကိုသာ ပြောလိုက်လျှင် နှစ်ပေါင်းရာချီ နောက်ပြန်ဆုတ်သွားရမည်ဖြစ်ရာ လူများကို ခြောက်လှန့်မိသလို ဖြစ်သွားပေလိမ့်မည်။
မင်ဝမ်သည် ထိုတစ်ခွန်းသာ မေးလိုက်ပြီး ဘေးနားရှိ နက္ခတ္တဗေဒဌာနမှ အရာရှိကို ပြောလိုက်၏။ "ဇာတာ စစ်စရာ မလိုတော့ဘူး။ နာမည်သိရင် ရပြီ။ အားချန်နဲ့ ငါ့သားရဲ့ မင်္ဂလာပွဲက ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ ဖူးစာပဲ။ ခင်ဗျားတို့ ပြန်ရောက်ရင် မင်္ဂလာစကား နည်းနည်းလောက် ပိုစီစဉ်ထားလိုက်"
ထိုအရာရှိသည် မင်ဝမ်၏ စကားကို အနည်းငယ်မျှပင် သံသယ မဝင်ရဲဘဲ အပြုံးတစ်ခုကို ညှစ်ထုတ်ကာ "ဟုတ်ကဲ့ပါ ဝမ်ရယ်" ဟုသာ ပြန်ဖြေရတော့သည်။
မူလက သူ့အလုပ်သည် ဇာတာတိုက်ပေးရန် ဖြစ်သော်လည်း ယခုတော့ မင်္ဂလာစကား စဉ်းစားပေးရသူ ဖြစ်သွားခဲ့ရပြီ။ သူတို့ နက္ခတ္တဗေဒဌာနက ဓလေ့ထုံးတမ်းရာဌာနထက် ပိုအသုံးဝင်သလို ခံစားလိုက်ရ၏။
မင်ဝမ် ပါဝင်ပတ်သက်လာမှုကြောင့် ပိုင်ရှိုးမင်၏ အမြန်ဆုံး လက်ထပ်လိုသော ဆန္ဒ ပြည့်ဝသွားခဲ့လေသည်။ သူနှင့် အားချန်၏ စေ့စပ်မင်္ဂလာ အချိန်ကာလသည် များစွာ တိုတောင်းသွားပြီး ဓလေ့ထုံးတမ်းရာဌာနနှင့် နက္ခတ္တဗေဒဌာနတို့၏ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားဆောင်ရွက်မှု၊ မိဖုရားခေါင်ကြီး ကိုယ်တိုင် ကြပ်မတ်မှုတို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် မင်္ဂလာအခမ်းအနား အဆင့် (၃)ဆင့် ပြီးမြောက်သွားပြီး တင်တောင်းလက်ဖွဲ့ပစ္စည်း ပေးအပ်သည့် အဆင့်သို့ တန်းရောက်သွားတော့သည်။
မင်္ဂလာဆောင်ရန် နီးကပ်လာပြီဖြစ်၍ ချန်ဟွေ့သည် အားချန်နှင့် တိုင်ပင်ကာ ချုံးမင်ဖန်း ရပ်ကွက်ရှိ အိမ်သို့ ပြန်ပြောင်းနေရန် စီစဉ်ရတော့သည်။ မင်ဝမ်၏ လက်ဖွဲ့ပုံစံကို မြင်ဖူးထားပြီးဖြစ်ရာ လက်ဖွဲ့ပစ္စည်းများ လာပို့သည့်နေ့တွင် နေရာမလောက်မည်ကို ချန်ဟွေ့မှာ အမှန်တကယ် စိုးရိမ်မိသောကြောင့်ပင်။
အားချန်တွင် ကန့်ကွက်စရာ မရှိပေ။ ထိုအိမ်နှင့် လင်းစွေ့တို့အိမ်က မျက်နှာချင်းဆိုင် ဖြစ်သဖြင့် လင်းစွေ့ကို အိမ်သို့ လာလည်ရန် ခေါ်လို့ရသည် မဟုတ်လား။
လင်းစွေ့သည် အားချန် ပြန်ပြောင်းလာမည်ကို သိသောအခါ အလွန် ဝမ်းသာသွားသော်လည်း လက်ထပ်ဖို့ ပြင်ဆင်ရန် ပြန်ပြောင်းလာမှန်း သိလိုက်ရသည့်အခါ တစ်ကိုယ်လုံး တွေဝေ ငေးငိုင်သွားရတော့သည်။
သူမသည် အချိန်အကြာကြီး အောင့်ထားသော်လည်း ပိုင်ရှိုးမင်နှင့် ပတ်သက်ပြီး မကောင်းပြောစရာ စကားလုံး ရှာမတွေ့တော့ဘဲ နောက်ဆုံးတွင် အားချန်တစ်ယောက် သူများမယား ဖြစ်တော့မည့် အချက်ကို လက်မခံချင်ဘဲ လက်ခံလိုက်ရတော့၏။
ညနေစောင်းအချိန်တွင် ချန်ဟွေ့သည် ဟင်းပွဲကောင်းများဖြင့် စားပွဲပြင်ထားပြီး ချိုမြိန်လှသည့် အရက်ကိုပါ ထည့်သွင်း ပြင်ဆင်ထားလေသည်။ လူ ၃ယောက် ထမင်းစားနေကြစဉ် အပြင်ဘက်မှ တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရ၏။
နွေရာသီမို့ နေဝင်ချိန် နောက်ကျသဖြင့် ယခုအချိန်ထိ မိုးကောင်းကင်က လင်းထိန်နေဆဲပင်။ တံခါးခေါက်သံက အလောတကြီး နိုင်နေသဖြင့် သူတို့သည် တူများကို ချထားလိုက်ကြပြီး ချန်ဟွေ့က တံခါးသွားဖွင့်ပေးလိုက်သည်။
တံခါးပွင့်သွားသည့်အခါ အပြင်ဘက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသား (၂)ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။ တစ်ယောက်ကို ချန်ဟွေ့ ရင်းနှီးသလို ရှိသဖြင့် ခဏလောက် စဉ်းစားလိုက်ရာ ထိုသူမှာ ကျိချန်၏ ဒုတိယဦးလေး လင်းချန်ဟယ် ဖြစ်ပြီး အားချန်ကို ရှာရန် ဆိုင်သို့ တစ်ခေါက် ရောက်ဖူးကြောင်း မှတ်မိလိုက်သည်။ ကျန်တစ်ယောက်မှာ ကျိချန်၏ ဦးလေးကြီး လင်းချန်လိ ဖြစ်တန်ရာသည်။
သူတို့နှစ်ယောက်သည် မြင်းစီးပြီး ရောက်လာကြခြင်း ဖြစ်သည်။ ပုံစံများက အနည်းငယ် ဖရိုဖရဲ ဖြစ်နေကာ နဖူးပေါ်တွင် ချွေးများဖြင့် ပြည့်နှက်နေပြီး နားထင်စပ်မှ ဆံပင်များပင် စိုရွှဲနေသဖြင့် အလောတကြီး လာခဲ့ရမှန်း သိသာလှသည်။
လင်းချန်ဟယ်သည် ချန်ဟွေ့ကို မှတ်မိသဖြင့် သူ့အသက်ရှူသံကို အနည်းငယ် တည်ငြိမ်အောင် ထိန်းညှိပြီးမှ မေးလိုက်လေသည်။ "ဟို... အားချန် အိမ်မှာ ရှိလားမသိဘူး။ ကျွန်တော်တို့ သူ့ကို တွေ့ချင်လို့ပါ"
ချန်ဟွေ့က အကြည့်လွှဲလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ "ကျွန်မနောက် လိုက်ခဲ့ပါ"
လင်းညီအစ်ကို နှစ်ယောက်သည် ချန်ဟွေ့နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ကြသည်။ မကြာမီပင် ဧည့်ခန်းမဆောင်သို့ ရောက်လာပြီး ခြံဝင်းထဲရှိ စားပွဲဝိုင်းတွင် ပြင်ဆင်ထားသော ဟင်းပွဲများနှင့် စားပွဲဘေးတွင် ထိုင်နေကြသော အားချန်နှင့် လင်းစွေ့တို့ကို တွေ့လိုက်ရသည်။
အားချန်သည် ထိုသူနှစ်ဦး ရောက်လာခြင်းအပေါ် အနည်းငယ် အံ့ဩသွားသော်လည်း သိပ်ပြီး ထူးဆန်းမနေခဲ့ပေ။
လင်းစွေ့သည် ဧည့်သည်လာသည်ကို မြင်သောအခါ ချန်ဟွေ့ကို လှမ်းကြည့်လိုက်သည်။ ချန်ဟွေ့က လက်ပြလိုက်သဖြင့် သူမ ထရပ်လိုက်ပြီး သူမတို့နှစ်ယောက် အတူတူ အပြင်သို့ ထွက်သွားပေးကြကာ အားချန်နှင့် လင်းညီအစ်ကိုတို့ကို လွတ်လပ်စွာ စကားပြောခွင့် ပေးလိုက်တော့သည်။
အားချန်လည်း ထရပ်လိုက်ပြီး ထိုနှစ်ယောက်ကို ပြောလိုက်၏။ "နှစ်ယောက်လုံး... ထိုင်ကြပါဦး"
သူမသည် သူတို့ကို 'ဦးလေး' ဟု မခေါ်တော့ပေ။ သူတို့ရင်ထဲတွင်လည်း အကြောင်းရင်းကို သိနေကြပြီး ဖြစ်လောက်သည်။
လင်းချန်လိ၏ မျက်ဝန်းအိမ်များ နီရဲနေပြီး စိတ်လှုပ်ရှား ခံစားလွယ်နေပုံရသည်။ လင်းချန်ဟယ်ကမူ နှိုင်းယှဉ်ချက်အရ ပိုမိုတည်ငြိမ်ပြီး သူ့အစ်ကိုကို ဆွဲကာ စားပွဲဝိုင်းတွင် ဝင်ထိုင်ခိုင်းလိုက်သည်။ သူတို့ လှုပ်ရှားနေစဉ်တစ်လျှောက်လုံး အားချန်ကိုသာ စိုက်ကြည့်နေကြပြီး သူမမျက်နှာပေါ်မှ တစ်စုံတစ်ခုကို အဖြေရှာချင်နေသယောင်။
ထိုင်ပြီးသွားသည့်နောက် လင်းချန်လိသည် သည်းမခံနိုင်တော့ဘဲ တုန်ခါနေသောအသံဖြင့် စကားစပြောလိုက်၏။ "ဒီနေ့ ကျွန်တော်တို့ မြို့ပြင်ထွက်ပြီး... အားချန်ရဲ့ အုတ်ဂူကို တွေ့ခဲ့တယ်"
လွန်ခဲ့သည့်တစ်ခေါက်က လွီရသေ့၏ သွေးထိုးစကားကြောင့် အားချန်၏ အထောက်အထားကို သံသယဝင်ကာ အာဏာပိုင်အဖွဲ့ကို တိုင်ကြားခဲ့ဖူးသည်။ နောက်ပိုင်းတွင် မင်ကျင့်စီးမှ တပ်ဖွဲ့ဝင်များ ပြောပြချက်အရ လွီရသေ့မှာ မိစ္ဆာလမ်းလိုက်သော ရသေ့မှန်း သိလိုက်ရပြီးနောက် သူတို့ အားချန်ကို ထပ်မဆက်သွယ်ရဲတော့ပေ။ မင်ကျင့်စီးမှ သူတို့၏ တိုင်ကြားစာကို ဘာမှ အရေးမလုပ်ခဲ့သော်လည်း သူတို့စိတ်ထဲတွင် အားချန်က ပုံမှန်မဟုတ်ဘူးဟု ခံစားနေရဆဲပင်။
ယခုတစ်ခေါက်တွင် အိမ်မှ အဘိုးဖြစ်သူ အသည်းအသန် ဖျားနာနေချိန်တွင် မြေကြီးအောက်မှ သမီးကြီးက ချမ်းတယ်၊ အဝတ်အစားနဲ့ ငွေကြေး လာပို့ပေးပါဟု အိပ်မက်မက်ကြောင်း ယောင်ယမ်း ပြောဆိုလာခဲ့သည်။ ထို့ကြောင့် သူတို့သည် အရင်က အားချန် ပြောပြဖူးသော ကျိချန်၏ အမေ မြှုပ်နှံထားရာနေရာသို့ သွားရောက် ကန်တော့ခဲ့ကြသည်။
သို့သော် ထိုနေရာသို့ ရောက်သည့်အခါ ညီမဖြစ်သူ၏ အုတ်ဂူဘေးတွင် အုတ်ဂူအသစ်တစ်လုံးကို တွေ့လိုက်ရပြီး ကျောက်တိုင်ပေါ်တွင် 'ကျိချန်' ဟူသော နာမည်ကို ထွင်းထုထားသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်။ သူတို့ အားချန်ကို သွားမရှာဖြစ်သော်လည်း သူမ ကောင်းကောင်းမွန်မွန် ရှိနေသည်ကို သိနေကြသည်။ သို့ဆိုလျှင် ဤအုတ်ဂူက ဘာသဘောဖြစ်ပါမည်နည်း။
ညီအစ်ကို နှစ်ယောက်သည် ကျောက်တိုင်ကို ကြည့်ပြီး ကြက်သီးမွေးညှင်း ထလာရသည်။ စိတ်ထဲတွင် ထင်ကြေးများ ရှိခဲ့ဖူးသော်လည်း တကယ်တမ်း အုတ်ဂူကို မြင်လိုက်ရသည့်အခါ ကြီးမားသော ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။
သူတို့သည် အချိန်အကြာကြီး တိုင်ပင်ပြီးနောက် အားချန်ကို လာတွေ့ရန် ဆုံးဖြတ်လိုက်ကြသည်။ သူမ၏ ဖြစ်တည်မှုက ထူးဆန်းနေသော်လည်း လင်းမိသားစုအပေါ် ရန်လိုခြင်း မရှိသဖြင့် သူမဆီကသာ အမှန်တရားကို သိနိုင်မည်ဟု ယူဆသောကြောင့်ပင်။
"အဲဒါက ကျိချန်အတွက် ကျွန်မ လုပ်ပေးထားတဲ့ အထိမ်းအမှတ် ဂူပါ"
အားချန်သည် သူတို့ကို စကားဝှက်မနေတော့ပေ။ ကျောက်တိုင် စိုက်ထူကတည်းက လင်းမိသားစုဝင်တွေ လာတွေ့မည့်ရက်ကို သူမ သိပြီးသာပင်။ ပိုင်ရှိုးမင် ပြောပြချက်အရ လင်းမိသားစုဝင်များက သူမကို သံသယဝင်ပြီး မင်ကျင့်စီးသို့ သွားတိုင်ဖူးကြောင်း သူမ သိထားသည်။ ကျိချန်၏ မှတ်ဉာဏ်ထဲတွင် ဦးလေးနှစ်ယောက်နှင့် သိပ်မရင်းနှီးခဲ့သော်လည်း သူတို့က ထူးခြားမှုကို သတိထားမိပြီး တိုင်ချက်ဖွင့်သည်အထိ ဂရုစိုက်ကြသည်ကို တွေ့ရသဖြင့် အားချန် သက်ပြင်းချမိသည်။
"အထိမ်းအမှတ် ဂူ ဟုတ်လား။ ဒါဆို သူ့အလောင်းကရော" လင်းချန်လိက ခက်ခဲစွာ မေးလိုက်၏။
ညီအစ်ကို နှစ်ယောက်လုံး အားချန်ကို စိုက်ကြည့်နေကြသည်။ သူမသည် သူတို့တူမလေးနှင့် တစ်ပုံစံတည်း တူနေသည် မဟုတ်ပါလား။
"သူ မသေခင် သူ့ခန္ဓာကိုယ်ကို ကျွန်မဆီ ပေးခဲ့လို့ အလောင်းမကျန်ခဲ့ဘူး"
ဤစကားသည် ကြောက်မက်ဖွယ် ကောင်းနေသော်လည်း သူတို့ ဆက်ပြီး မစုံစမ်းမနေချင်တော့ပေ။ "သူ ဘယ်လို သေသွားရတာလဲ" ဟုသာ ထပ်မေးလိုက်တော့သည်။
သူတို့က အားချန်၏ စကားကို ယုံကြည်နှင့်ပြီးသားပင်။ သို့မဟုတ်လျှင် အားချန်နှင့် သူတို့တူမလေး ဘာကြောင့် တစ်ပုံစံတည်း တူနေသလဲ ဆိုသည်ကို ရှင်းပြရန် နည်းလမ်း မရှိပေ။
"မနှစ်က မီးပုံးပွဲတော်ညမှာ ကျိဟန်ရဲ့ နောက်မိန်းမ ရွှဲရှီက ကျိချန်ကို လက်မခံနိုင်တော့လို့ သူ့မောင် ရွှဲမင်ထန်ကို လွှတ်ပြီး ကျိချန်ကို သတ်ခိုင်းခဲ့တာ။ ကျွန်မနဲ့ တွေ့တဲ့အချိန်မှာ သူ မြှားမှန်ထားပြီးပြီ"
အားချန်သည် အရာအားလုံးကို အကုန် ဖွင့်မပြောဘဲ သူတို့ စုံစမ်းလို့ရနိုင်မည့် အမှန်တရားကိုသာ ပြောပြလိုက်သည်။
"ဒါဆို ရွှဲမင်ထန်က အခု ဘယ်မှာလဲ"
"သေပြီ" အားချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "သူက ပထမဆုံး သေတဲ့လူပဲ"
ညီအစ်ကို နှစ်ယောက်လုံး အားချန်ကို ပြိုင်တူ ကြည့်လိုက်မိကြသည်။ သူမစကားထဲတွင် အဓိပ္ပါယ်တွေ အများကြီး ပါဝင်နေသည်။
သူတို့ အရင်က စုံစမ်းမိသလောက် ကျင့်ယန်မြို့စားအိမ်တော်တွင် ဤတစ်နှစ်အတွင်း ကံဆိုးမိုးမှောင်ကျမှုများ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး မကြာသေးမီကမှ ကျိမျိုးနွယ် တစ်ခုလုံး အပြစ်ပေး ခံလိုက်ရသည်ကို ပြန်စဉ်းစားမိလိုက်ကာ စိတ်ထဲတွင် အဖြေတစ်ခု ပေါ်လာတော့သည်။
"ဒါဆို ကျင့်ယန်မြို့စားအိမ်တော် ဖြစ်ပျက်ခဲ့တာတွေက... မင်း လက်ချက်လား" လင်းချန်လိက မသေချာသလို မေးလိုက်၏။
ထိုကိစ္စက အလွန် ထူးဆန်းပြီး တိုက်ဆိုင်လွန်းနေသည်။ ကျင့်ယန်မြို့စား၏ မယားငယ်က မွေးသော သားသမီးနှစ်ယောက် တစ်နှစ်အတွင်း မတော်တဆမှုဖြင့် ဆက်တိုက် သေဆုံးသွားခြင်း၊ ထို့နောက် မယားငယ် အပြစ်ပေးခံရခြင်း၊ မြို့စားကြီး ကိုယ်တိုင် ရာထူးရောင်းစားမှုဖြင့် စစ်ဆေးခံရပြီး ဆွေမျိုးပါ ပြုတ်သွားခြင်းများသည် 'မတော်တဆ' ဟူသော စကားဖြင့် ရှင်းပြ၍ မရနိုင်ပေ။ အားချန်၏ စကားကသာ ကျင့်ယန်မြို့စားအိမ်တော် ဘာကြောင့် ဒီလို ဇာတ်သိမ်းသွားရသလဲ ဆိုတာကို အဖြေပေးနိုင်လေသည်။
သူတို့အနေဖြင့် အားချန်တစ်ယောက် ဒါတွေအားလုံးကို ဘယ်လို လုပ်ခဲ့သလဲဆိုတာ စဉ်းစားလို့ မရနိုင်သော်လည်း ရလဒ်ကတော့ တကယ့်ကို ကျေနပ်စရာ ကောင်းလှသည်။
"ကျိချန်က ကျွန်မအသက်ကို ကယ်ခဲ့တယ်။ ကျွန်မက သူ့အတွက် လက်စားချေပေးတာ သဘာဝကျပါတယ်"
လင်းချန်လိသည် အချိန်အတော်ကြာ ငေးငိုင်နေပြီးမှ ရုတ်တရက် သွားများပေါ်သည်အထိ ပြုံးလိုက်လေသည်။ "ကောင်းတယ်။ လုပ်တာ ကောင်းတယ်။ သူတို့အားလုံး သေသင့်တာ"
ပြောပြီးသည်နှင့် လက်ဝါးဖြင့် မျက်နှာကို အုပ်ကာ ပခုံးများ တုန်ခါလာပြီး ဗလုံးဗထွေး ပြောရှာတော့၏။ "ငါ ညီမလေး ယွဲ့ညန်နဲ့ အားချန်အပေါ် စိတ်မကောင်းဖြစ်လိုက်တာ..."
သူ့ညီမလေးရဲ့ တစ်ဦးတည်းသော သွေးသားရင်းချာလေးကို နောက်ဆုံးတော့ သူတို့ မထိန်းသိမ်းနိုင်ခဲ့ပါလား။
လင်းချန်ဟယ်လည်း မျက်ရည်သုတ်ရင်း သူ့အစ်ကို၏ ကျောပြင်ကို ပုတ်ပေးနေလေသည်။
အချိန်အတော်ကြာမှ သူတို့ စိတ်ငြိမ်သွားကြပြီး လင်းချန်လိက ညီဖြစ်သူကို ဆွဲထူကာ မတ်တပ်ရပ်လိုက်လေတော့သည်။
.
အပိုင်း (၂၇၁.၂)
လင်းချန်လိသည် လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး "အရင်တုန်းက မိန်းကလေးရဲ့ အထောက်အထားအပေါ် သံသယဝင်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ အားချန်အတွက် လက်စားချေပေးခဲ့တာကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က ကျေးဇူးတင်ပါတယ်"
အားချန်သည် သူတို့၏ အရိုအသေပြုမှုကို လက်ခံလိုက်ပြီးမှ ပြောလိုက်၏။ "မလိုပါဘူး။ ကျွန်မ စိတ်မဆိုးပါဘူး။ အခုတော့ သူ့အတွက် လက်စားချေပေးပြီးပြီမို့ သူ့နာမည်ကို ပြန်ပေးလိုက်ပါပြီ။ သူလည်း သူ့အမေနဲ့အတူ နေရတာကို ပျော်နေမှာပါ"
လင်းချန်လိက ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်ပြီး "အဲဒီကလေးလေး သေချာပေါက် ပျော်နေမှာပါ"
ပြောစရာရှိသည်များကို ပြောပြီးပြီမို့ လင်းချန်လိ ညီအစ်ကိုနှစ်ယောက်သည် မတ်တပ်ရပ်ပြီး နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်ကြသည်။
အားချန်သည် သူတို့ကို လိုက်ပို့ပေးနေစဉ် သူတို့ ရုတ်တရက် လှည့်လာပြီး လေးလေးနက်နက် ကတိပေးလိုက်၏။ "မိန်းကလေး ဒီနေ့ပြောပြခဲ့တာတွေကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် တစ်သက်လုံး ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး"
အားချန် နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် တွန့်ကွေးသွားပြီး "ကောင်းကောင်း ပြန်ကြပါရှင်"
လင်းမိသားစုဝင်များက လျှို့ဝှက်ထားပေးသည် မပေးသည်ကို အားချန် ဂရုမစိုက်ပေ။ ကျိချန်အပေါ် ဂရုစိုက်ပေးမည့်သူ တစ်ယောက်မှ မရှိတော့တာတော့ မဟုတ်ဘူးပဲ... သူမက ကံဆိုးလွန်းခဲ့တာပါလားဟုသာ စိတ်ထဲတွင် သက်ပြင်းချမိတော့သည်။
လင်းညီအစ်ကိုများ ရောက်လာခြင်းက အားချန်အတွက် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိသော်လည်း ပိုင်ရှိုးမင်ဘက်တွင်မူ ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်နေလေသည်။
ပိုင်ရှိုးမင်၏ အဆင့်အတန်းမှာ မတူညီတော့ဘဲ ယခုဆိုလျှင် မင်ဝမ်အိမ်တော်၏ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံထားရပြီဖြစ်ရာ မင်ဝမ်ကိုယ်တိုင် ကမ်းလှမ်းပေးသည့် မင်္ဂလာကိစ္စသည် လူအများအပြားကို တုန်လှုပ်စေခဲ့သည်။
ဤကိစ္စကို အစကတည်းက ဖုံးကွယ်မထားခဲ့သဖြင့် မကြာမီပင် နန်းတွင်းနှင့် ပြည်သူများအကြား ပျံ့နှံ့သွားခဲ့တော့သည်။
ထို့ကြောင့် ကျိချန်၏ နောက်ခံရာဇဝင်ကိုလည်း လူအများက ပြန်လည် တူးဖော်လာကြသည်။
ကျင့်ယန်မြို့စား၏ ဆွေမျိုးတစ်စုလုံး အပြစ်ပေးခံရသော်လည်း မြို့သား၏ တရားဝင် သမီးအရင်းဖြစ်သူ ကျိချန်မှာ အမှုပတ်ခြင်း မရှိရုံသာမက မင်ဝမ်အိမ်တော်သို့ လက်ထပ်ဝင်ရောက်ကာ ဆွေတော်မျိုးတော် ဖြစ်လာတော့မည်ကို သိလိုက်ရသည့်အခါ ဘိုးဘွားစဉ်ဆက် စည်းမျဉ်းစည်းကမ်းများကို ဖက်တွယ်ထားကြသော ဝမ်ရယ်ကြီးများသည် ဖင်ပူအောင် ထိုင်မရ ဖြစ်လာကြတော့သည်။
အစပိုင်းတွင် သူတို့သည် မိမိတို့ အိမ်တော်မှ အမျိုးသမီးများကို စေလွှတ်ကာ မိဖုရားခေါင်ကြီး၏ သဘောထားကို သွယ်ဝိုက် စုံစမ်းခိုင်းခဲ့ကြသည်။ ပိုင်ရှိုးမင်၏ မင်္ဂလာကိစ္စကို မိဖုရားခေါင်ကြီး ကိုယ်တိုင် စီစဉ်နေကြောင်း သိလိုက်ရသည့်အခါ ဧကရာဇ်မင်းမြတ်ထံ ဝင်ရောက်တွေ့ဆုံပြီး ရှင်းလင်းချက် တောင်းဆိုကြတော့သည်။
ပိုင်ရှိုးမင်ကဲ့သို့ လူတစ်ယောက်သည် ဤကဲ့သို့ အဆင့်အတန်းနိမ့်သော မိန်းကလေးကို ဇနီးမယားအဖြစ် ရွေးချယ်ခြင်းသည် တော်ဝင်မိသားစုတစ်ခုလုံး၏ သိက္ခာကို ချနင်းခြင်းဖြစ်ပြီး ဘိုးဘွားများကို မရိုမသေ ပြုရာရောက်ကြောင်း ပြောဆိုလာကြသည်။
တချို့က ပိုင်ရှိုးမင်အနေဖြင့် သူမကို တကယ် သဘောကျနေလျှင် ဂုဏ်ရည်တူ အမျိုးသမီးတစ်ဦးကို တရားဝင် လက်ထပ်ပြီးမှ သူမကို ကိုယ်လုပ်တော်အဖြစ် ထားသင့်ကြောင်း အကြံပြုကြသည်။ ဧကရာဇ်သည် အသက်ကြီးမှ ဂုဏ်မောက်နေသော ဆွေတော်မျိုးတော်များကို သည်းမခံနိုင်တော့သော်လည်း စကားတစ်ခွန်းနှစ်ခွန်းကြောင့် သူတို့ကို ဖမ်းချုပ်ထား၍လည်း မဖြစ်သဖြင့် ကုန်းကုန်းကြီးကို လွှတ်ကာ ဝမ်ရယ်အိမ်တော်များသို့ သွားရောက် သတိပေးခိုင်းပြီး ကိစ္စကို ဖိနှိပ်ထားလိုက်ရသည်။
ဧကရာဇ်၏ သတိပေးခြင်း ခံလိုက်ရသောအခါ ဆွေတော်မျိုးတော်များ ငြိမ်ကျသွားသော်လည်း မကြာမီ ရက်ပိုင်းအတွင်း အမတ်များက ဆက်တိုက်ဆိုသလို ကန့်ကွက်လွှာများ တင်သွင်းလာကြပြန်သည်။ ဧကရာဇ်သည် ကန့်ကွက်လွှာများကို ဘေးဖယ်ထားပြီး ဘာမှ တုံ့ပြန်ခြင်း မပြုခဲ့ပေ။ သို့သော် ယနေ့ ညီလာခံပြီးခါနီးအချိန်တွင် ကွပ်ကဲရေး အရာရှိတစ်ဦး ရုတ်တရက် ထွက်လာခဲ့လေသည်။
ထွက်လာသူမှာ ဟန်မျိုးနွယ် ကွပ်ကဲရေး အရာရှိဖြစ်ပြီး ခါးကို မတ်မတ်ထားကာ အသံကျယ်ကျယ်ဖြင့် လျှောက်တင်လေသည်။ "အရှင်မင်းကြီး... မင်ဝမ်အိမ်တော် ဆက်ခံသူ ပိုင်ရှိုးမင်ဟာ ရာဇဝတ်သား ကျိဟန်ရဲ့ သမီးကို လက်ခံထားရုံသာမက သူမရဲ့ အထောက်အထားကိုပါ ဖုံးကွယ်ပေးထားပါတယ်။ ဒါကြောင့် သေချာ စိစစ်ပေးတော်မူပါ"
သူ ပြောပြီးသွားသည့်အခါ ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အမတ်အများအပြားက လှည့်ကြည့်လိုက်ကြသည်။ ဒီကိစ္စကို လူတိုင်း သိထားကြသော်လည်း ဘယ်သူမှ ညီလာခံမှာ ထုတ်မပြောရဲကြပေ။ ဟန်အရာရှိက မင်ဝမ်ရော ပိုင်ရှိုးမင်ပါ ရှိနေသည့်အချိန်ကို ရွေးပြီး ပြောရဲသည်မှာ တကယ့်ကို သေလမ်းရှာနေခြင်းပင်။
အမတ်တန်းတွင် ရပ်နေသော ပိုင်ရှိုးမင်သည် မျက်ခွံကို ပင့်ကာ စိတ်လှုပ်ရှားနေသော ဟန်အရာရှိကို တစ်ချက် ကြည့်လိုက်သည်။ မကြာသေးမီက ချင်ဟန် နှုတ်ထွက်စာ တင်ထားသော်လည်း ဖုဝမ်က ခွင့်မပြုသေးခင်မှာပင် ထိုလူ ထွက်ပြေးသွားခဲ့သည်။ ယခုအခါ မင်ကျင့်စီးတစ်ခုလုံး သူ့လက်ထဲ ရောက်နေပြီး လက်ထောက်လစာ ယူကာ ဌာနမှူးအလုပ်ကို လုပ်နေရသဖြင့် ခြေကုန်လက်ပန်းကျအောင် အလုပ်များနေရပြီး အားချန်နှင့် တွေ့ဖို့ပင် အချိန်မရတော့ပေ။ ဒါကို ဖုဝမ်က မကူညီသည့်အပြင် ယောက်ျားဆိုတာ အိမ်ထောင်မပြုခင် အလုပ်မှာ အောင်မြင်အောင် လုပ်ရတယ်၊ မဟုတ်ရင် မိန်းကလေးဘက်က အထင်သေးလိမ့်မယ်၊ စိတ်ရှည်စမ်းပါ၊ လက်ထပ်ပြီးရင် နေ့တိုင်း တွေ့ရမှာပဲ ဆိုပြီး လေလုံးထွားနေသေးသည်။
ပိုင်ရှိုးမင်သည် မူလကတည်းက စိတ်မကြည်မလင် ဖြစ်နေရသည့်အထဲ ယခု ညီလာခံတွင် သူ့ကို ပြဿနာ လာရှာနေသူ ပေါ်လာပြန်သည်။ ဧကရာဇ်၏ အကြည့်သည် ရှေ့ဆုံးတန်းရှိ ဝမ်ရယ်တချို့ထံ ရောက်သွားရာ ထိုဝမ်ရယ်များသည် မျက်လွှာချထားကြပြီး အကြည့်ချင်း မဆုံရဲကြပေ။
ဧကရာဇ်က ပိုင်ရှိုးမင်ကို လွှတ်ပေးထားလျှင် သူတို့က ကျေနပ်မည်မဟုတ်။ မင်ဝမ်က ပိုင်ရှိုးမင်ကို ဆက်ခံသူအဖြစ် တင်မြှောက်တာကို သူတို့ မတားဆီးနိုင်ခဲ့သော်လည်း တော်ဝင်မိသားစု ဂုဏ်သိက္ခာနှင့် ပတ်သက်နေသော မင်္ဂလာကိစ္စကိုတော့ ပေါ့ပေါ့ဆဆ အဖြစ်မခံနိုင်ကြပေ။
ဧကရာဇ်က မေးလိုက်၏။ "ပိုင်ရှိုးမင်... မင်း ပြောစရာ ရှိလား"
"အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ ဇနီးလောင်းက ကျင့်ယန်မြို့စားနဲ့ အဆက်အသွယ် ဖြတ်ထားပြီးသားမို့ ကျိမိသားစုဝင်လို့ မသတ်မှတ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျိမိသားစု အပြစ်ပေးခံရမှုနဲ့လည်း မသက်ဆိုင်တော့ပါဘူး"
ဤရှင်းပြချက်သည် ဟန်အရာရှိကို နောက်ဆုတ်သွားစေဖို့ မဖြစ်နိုင်သည့်အပြင် သူ့မျက်လုံးများ အရောင်လက်သွားကာ အပြစ်တစ်ခုကို ဖမ်းမိလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ "ပိုင်လူကြီးမင်း ပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး ကြားတာတော့ အဲဒီတုန်းက ကျင့်ယန်မြို့စားက သူ့ကို အိမ်က နှင်ထုတ်လိုက်တာဟာ ကျိမိသားစု သွေးသား မဟုတ်လို့ဆို။ ဒါဆိုရင် သူက တရားမဝင် ကလေး ဖြစ်နေပြီ။ ဒီလိုလူမျိုးက တော်ဝင်မိသားစုထဲ ဝင်ဖို့ ပိုလို့တောင် အရည်အချင်း မမီတော့ပါဘူး" ဟန်အရာရှိက ဧကရာဇ်ကို ဦးခိုက်လိုက်ပြီး "ကျွန်တော်မျိုး လျှောက်တင်တာတွေ အကုန် အမှန်တွေချည်းပါပဲ။ ဒီမိန်းကလေးရဲ့ နောက်ခံက တကယ့်ကို မသင့်တော်ပါဘူး။ အရှင်မင်းကြီး ဆုံးဖြတ်ပေးတော်မူပါ"
ထိုအချိန်တွင် ဆွေမျိုးအသိုင်းအဝိုင်းက တင်မြှောက်ထားသော မျိုးနွယ်စုခေါင်းဆောင်သစ် မင်ဝမ်ရယ်က အချိန်ကိုက် ဝင်ပြောလေသည်။ "အရှင်မင်းကြီး... ပိုင်ရှိုးမင်ရဲ့ မင်္ဂလာကိစ္စက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်သလို အရှင်မင်းကြီးရဲ့ မျက်နှာတော်နဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါကြောင့် သေချာ စဉ်းစားပေးတော်မူပါ"
ဧကရာဇ်သည် နဖူးကို လက်ဖြင့် ဖိနှိပ်လိုက်ပြီး 'ငါ့မျက်နှာ ငါ ဂရုမစိုက်ပါဘူး' ဟုသာ ပြန်ပြောလိုက်ချင်တော့သည်။
ဒီလူတွေက သူ့ကို စိတ်အေးလက်အေး နေခွင့်မပေးကြပေ။ မင်ဝမ်ကို ဒေါသထွက်အောင် လုပ်တာ သူတို့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ။ မင်ဝမ်ရယ်နှင့် ဟန်အရာရှိတို့သည် ဧကရာဇ်၏ အမိန့်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသော်လည်း ဘေးပတ်ဝန်းကျင်မှ အမတ်များ၏ ဆွေးနွေးသံများ ရုတ်တရက် တိတ်ဆိတ်သွားသည်ကို သတိမထားမိကြပေ။
မင်ဝမ်သည် ဖြည်းညင်းစွာ ကိုယ်ကို လှည့်လာပြီး ထိုနှစ်ယောက်၏ မျက်နှာကို ဝေ့ကြည့်ကာ ခန့်မှန်းရခက်သော အမူအရာဖြင့် မေးလိုက်၏။ "ခင်ဗျားတို့နှစ်ယောက်က ကျုပ်ရဲ့ အိမ်တွင်းရေးကို အရမ်း စိတ်ဝင်စားနေကြပါလား"
မင်ဝမ်ရယ်သည် မင်ဝမ်နှင့် နီးကပ်စွာ ရှိနေသဖြင့် မင်ဝမ်၏ စိုက်ကြည့်မှုကို ခံလိုက်ရသောအခါ မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိပြီး ပြင်ဆင်ထားသော စကားများကို မျိုချလိုက်ရသည်။
သို့သော် ဟန်အရာရှိကမူ အမှန်တရားဘက်က ရပ်တည်နေသယောင်ဖြင့် ပြောလိုက်၏။ "ကျွန်တော်မျိုး မရဲပါဘူး။ ဒါပေမဲ့ ဒီကိစ္စက ဝမ်ရယ် လက်ထပ်တာ မဟုတ်ဘဲ ဆက်ခံသူ ဇနီးရွေးတာ ဖြစ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာပါ"
ဆိုလိုသည်မှာ မင်ဝမ်က စည်းမျဉ်းမလိုက်နာတာကို လက်ခံနိုင်သော်လည်း ဆက်ခံသူက စည်းကမ်းဖောက်တာကိုတော့ လက်မခံနိုင်ဘူးဟူသော သဘောပင်။
မင်ဝမ်က သူ့ကို ခဏလောက် စိုက်ကြည့်ပြီးနောက် "ခင်ဗျား ပြောတာလည်း ဟုတ်တုတ်တုတ်ပဲ"
ဟန်အရာရှိ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသော်လည်း သူ မပျော်နိုင်ခင်မှာပင် မင်ဝမ် ပြောလိုက်သည့် စကားကို ကြားလိုက်ရသည်။ "သား... မင်း ဘယ်လို မြင်လဲ"
ပိုင်ရှိုးမင်၏ အသံ ထွက်ပေါ်လာ၏။ "မင်ဝမ် တစ်ယောက်တည်းပဲ စည်းမျဉ်းစည်းကမ်း လိုက်နာစရာ မလိုဘူးဆိုရင် သား မိုက်မဲစွာနဲ့ တောင်းဆိုပါရစေ။ ဖုဝမ်ရဲ့ ဝမ်ရယ်ရာထူးကို သားဆီ လွှဲပေးလိုက်ပါတော့"
"အဓိပ္ပါယ် မရှိတာ!"
"မဖြစ်နိုင်ဘူး!"
"လုံးဝ မဖြစ်နိုင်ဘူး!"
"ဝမ်ရယ် ရာထူး လွှဲပြောင်းတာကို ဘယ်လိုလုပ် ကလေးကစားစရာလို သဘောထားလို့ ရမှာလဲ"
ဆွေတော်မျိုးတော်များနှင့် အမတ်များအားလုံး မျက်နှာပျက်သွားကြပြီး တစ်ယောက်တစ်ပေါက် ဝိုင်းဝန်း တားဆီးကြတော့သည်။
မင်ဝမ်က ညီလာခံ တက်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ပြဿနာ ရှာရမှာ ပျင်းသည့်ပုံစံ ပေါက်နေသော်လည်း သူ မွေးထုတ်ထားသော ပိုင်ရှိုးမင်ကမူ ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ တနေ့တနေ့ အိမ်တော်များကို ဝင်မွှေလိုက်၊ သိမ်းဆည်းလိုက်ဖြင့် အလုပ်ရှုပ်နေပြီး သူ့အဖေအရင်းကိုတောင် အလွတ်ပေးမည့်ပုံ မပေါ်ပေ။ အကယ်၍ သူ့ကိုသာ မင်ဝမ်ရာထူး ပေးလိုက်လျှင် ပိုလို့တောင် မိုးမမြင်လေမမြင် ဖြစ်လာပြီး သူတို့အတွက် လွတ်လမ်း ရှိပါဦးမလား။
ပိုင်ရှိုးမင်၏ စကားတစ်ခွန်းကြောင့် ညီလာခံတစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။ ယခုအခါ မည်သူကမှ သူ့မင်္ဂလာကိစ္စကို စိတ်မဝင်စားကြတော့ဘဲ မင်ဝမ်ရာထူး ဘယ်သူ့လက်ထဲ ရောက်မလဲ ဆိုတာကိုသာ စိုးရိမ်နေကြတော့သည်။ အဓိက သက်ဆိုင်သူ မင်ဝမ်မှာမူ စိတ်ဆိုးခြင်း အလျဉ်းမရှိဘဲ မျှော်လင့်ချက် အပြည့်ဖြင့် ဧကရာဇ်ကို မေးလိုက်၏။ "အရှင်မင်းကြီး ဘယ်လို သဘောရပါသလဲ"
အမတ်များက ဧကရာဇ်အနေဖြင့် ဤအဓိပ္ပါယ်မရှိသော အဆိုပြုချက်ကို ချက်ချင်း ပယ်ချလိမ့်မည်ဟု ထင်မှတ်ထားကြသော်လည်း ဧကရာဇ်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်မှာ "ဘိုးဘွားစဉ်ဆက် စည်းကမ်းအရ မင်ဝမ်ရာထူးဆိုတာ အရည်အချင်း ရှိသူသာ ရယူနိုင်တာမို့ တကယ်လို့ ပိုင်ရှိုးမင်ရဲ့ ကျင့်ကြံမှု အဆင့်ကသာ ပြည့်မီမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး"
နောက်ဆုံးတော့ သူလည်း ဘိုးဘွားစဉ်ဆက် စည်းကမ်းဆိုတာကို ထုတ်သုံးနိုင်ခဲ့ပြီ။ သူ့စကားက အပြစ်ပြောစရာ မရှိပေ။ တော်ဝင်မိသားစုတွင် မင်ဝမ်ရာထူး တစ်ခုတည်းသာ သားစဉ်မြေးဆက် ဆက်ခံခြင်း မဟုတ်ဘဲ စွမ်းအားရှိသူသာ ရယူနိုင်ခြင်း ဖြစ်သည်။
ပြောပြီးသည်နှင့် သူက မသိမသာ မေးလိုက်၏။ "အခု ပိုင်ရှိုးမင်ရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက် ရှိပြီလဲ"
မင်ဝမ်က ကြွားဝါသလို ပြောလိုက်၏။ "ကျွန်တော်မျိုးရဲ့ သားက ပါရမီ သိပ်မပါရှာဘူး။ မကြာသေးခင်ကမှ အဆင့်၅နယ်ပယ်ကို ရောက်တာပါ။ နည်းနည်း နှေးနေသေးတယ်"
ညီလာခံတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီးနောက် ဓလေ့ထုံးတမ်းရာဌာနမှ အမတ်ချုပ်က ဦးစွာ ထွက်လာပြီး လေးလေးနက်နက် လျှောက်တင်လေသည်။ "အရှင်မင်းကြီး... ဟန်အရာရှိက အထောက်အထား ခိုင်လုံမှု မရှိဘဲ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးအောင် ပြောဆိုတာဟာ တကယ့်ကို ယုတ်ညံ့လွန်းပါတယ်"
"အရှင်မင်းကြီး... ဟန်အရာရှိရဲ့ ကိုယ်ကျင့်တရားက ရာထူးနဲ့ မလိုက်ဖက်ပါဘူး။ အရာရှိ လုပ်ဖို့ မသင့်တော်ပါဘူး"
"ကျွန်တော်မျိုး ဟန်အရာရှိကို စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်..."
ရုတ်ချည်းဆိုသလို လေသံပြောင်းသွားကြသော အမတ်များကို ကြည့်ပြီး ဧကရာဇ်က မျက်နှာဖြူဖျော့နေသော မင်ဝမ်ရယ်ကို မေးလိုက်၏။ "မင်ဝမ်ရယ်ကရော ဘယ်လို သဘောရလဲ"
မင်ဝမ်ရယ်၏ ပါးစပ်ထဲတွင် ခါးသက်သက် အရသာကို ခံစားလိုက်ရပြီး ကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားမိ၏။ လူက ဘာလို့ ဒီလောက် အလုပ်ရှုပ်ချင်ရတာလဲ။ ကိုယ့်အိမ်တော်မှာကိုယ် အေးအေးဆေးဆေး နေပြီး ဧကရာဇ် ပြောသမျှ နာခံနေလိုက်ရင် ပြီးရော။ အခုတော့ ဆွေတော်မျိုးတော်တွေ မြှောက်ပေးတာနဲ့ ရှေ့ထွက်ပြီး အသေခံရတော့မယ်။
အခု ပိုင်ရှိုးမင်ကို သူ အပြစ်ပြုမိပြီ။ အရင်မျိုးနွယ်စုခေါင်းဆောင်တုန်းက ပိုင်ရှိုးမင် ကန်လိုက်တာ တစ်ချက်တည်းနဲ့ သေမလို ဖြစ်ခဲ့ရတာ။ အဲဒီတုန်းက သူက အဆင့်၄ပဲ ရှိသေးတာ။ အခု အဆင့်၅ ရောက်နေပြီဆိုတော့ တစ်ချက် ကန်လိုက်ရင် အသက်ရှင်ပါဦးမလား။
ဧကရာဇ် မေးသည်ကို ကြားလိုက်ရသည့်အခါ မင်ဝမ်ရယ်က အသံတုန်တုန်ဖြင့် ဖြေလိုက်သည်။ "ကျွန်တော်မျိုး... ကျွန်တော်မျိုး ထင်တာကတော့ မင်္ဂလာကိစ္စဆိုတာ မိဘသဘောထားနဲ့ အောင်သွယ်တော် စီစဉ်မှုသာ အဓိကမို့ ဘေးလူတွေက ဝင်မပြောသင့်ပါဘူး"
"ဟော... ဒါက မင်ဝမ်ရယ် တစ်ယောက်တည်းရဲ့ သဘောထားပဲလား။ ခင်ဗျား တစ်ယောက်တည်းနဲ့ တော်ဝင်မျိုးနွယ်စု တစ်ခုလုံးကို ကိုယ်စားပြုလို့ မရဘူးလေ"
ညီလာခံတွင် ရှိနေကြသော အခြား ဝမ်ရယ်များသည် နောက်ကျသွားမည် စိုးသဖြင့် အလုအယက် ပြောကြတော့သည်။ "မင်ဝမ်ရယ် ပြောတာ မှန်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်"
"ပိုင်လူကြီးမင်းရဲ့ မင်္ဂလာကိစ္စကို မင်ဝမ်ကပဲ ဆုံးဖြတ်သင့်ပါတယ်"
မင်ဝမ်ရာထူး လွှဲပြောင်းမည့် ကိစ္စကိုတော့ ဘယ်သူမှ စကားစ မဟရဲကြတော့ပေ။
ပိုင်ရှိုးမင် ဘယ်သူ့ကိုပဲ ယူယူ သူတို့ လက်ခံသည်။ သူသာ မင်ဝမ် မဖြစ်လာဘူးဆိုရင် အရာရာ အဆင်ပြေသည်ပင်...
...