အခန်း (၂၉၇-၂၉၈)
Vol. 30 Ch. 297-298
အခန်း ၂၉၇ - ရှကျီ
နာရီဝက်ခန့် ကြာပြီးနောက် မန်နေဂျာလင်းသည် အပြေးအလွှား ပြန်ရောက်လာပြီး အရောင်းအဝယ်ကို အပြီးသတ်နိုင်ခဲ့သည်။
ရတနာအများစုမှာ ဝိညာဉ်တံဆိပ် (၂၀) ခန့်သာ ပါဝင်သော်လည်း တစ်ခုမှာမူ ဝိညာဉ်တံဆိပ် (၃၀) အထိ ပါဝင်သည်။
မန်နေဂျာလင်း၏ အဆိုအရ ၎င်းမှာ သူတို့ဆိုင်၏ တန်ဖိုးအရှိဆုံး ပစ္စည်းဖြစ်ပြီး စုစုပေါင်း ကျသင့်ငွေ၏ ငါးပုံတစ်ပုံခန့် တန်ကြေးရှိသည်။
တစ်ကြိမ်တည်းနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၁,၀၀၀) ကျော် သုံးစွဲပြီးနောက် ဖန့်ချန် သည် သူ၏ သိုလှောင်လက်စွပ်ကို ကြည့်လိုက်သည်။
သူ၏ ဝိညာဉ်ကျောက်တုံးများမှာ (၁၆,၀၀၀) ကျော်မှ (၅,၀၀၀) ခန့်သို့ လျော့ကျသွားသည်။
ကြီးမားသော အသုံးစရိတ်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သူသည် ထိုကောင်းကင်ရတနာခန်းမ၏ ဘဏ္ဍာတိုက်ကို ပြောင်သလုနီးပါး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သူ့အတွက်တော့ ဝိညာဉ်ကျောက်တုံးဆိုသည်မှာ ကျင့်ကြံခြင်းအတွက် အသုံးပြုမှသာ တန်ဖိုးရှိပြီး မဟုတ်ပါက အလကား ကျောက်တုံးများသာ ဖြစ်သည်။
"မန်နေဂျာလင်း ငါ့ကို အဆောင် လုပ်ဖို့ ဝိညာဉ်ပစ္စည်းတွေလည်း လိုချင်သေးတယ် မင်းတို့ဆီမှာ ရှိလား"
ဟု ဖန့်ချန်က မေးလိုက်သည်။
"အဆောင်လုပ်တဲ့ ပစ္စည်းတွေလား ရှိပါတယ်ခင်ဗျာ ဘယ်လိုအဆင့်မျိုးကို ရှာနေတာလဲ အဝါရောင်အဆင့်လတ် ဆိုရင် အဆင်ပြေမလား"
ဟု မန်နေဂျာလင်းက စိတ်အားထက်သန်စွာ မေးသည်။
ာ
"အဆင်ပြေတာပေါ့"
ဖန့်ချန် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
သူ အရင်က သုံးခဲ့သော ပစ္စည်းများမှာ အဝါရောင်အဆင့်နိမ့်ထဲမှာပင် သာမန်အဆင့်သာ ဖြစ်ပြီး အဆင့်လတ်သို့ မရောက်ပေ။
သို့သော်လည်း သူသည် ထိပ်တန်းအဆင့် ခရမ်းရောင်လျှပ်စီးအဆောင်များကို အလွယ်တကူ ပြုလုပ်နိုင်ခဲ့သည်။
အကယ်၍ သူသာ အဝါရောင်အဆင့်လတ် အဆောင်ပြုလုပ်နည်း အမွေအနှစ်ကို မတော်တဆ ရရှိခဲ့လျှင် အဆင်သင့်ဖြစ်စေရန် ယခု ပစ္စည်းများကို ဝယ်ထားခြင်း ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် ရရန်ခဲယဉ်းပြီး ကံပေါ်တွင်သာ မူတည်ပေသည်။
မကြာမီမှာပင် ပြည့်စုံသော ပစ္စည်းတစ်စုံ ဖန့်ချန်ရှေ့သို့ ရောက်လာသည်။
အဆောင်ရေးသည့် စုတ်တံတစ်ချောင်း၊ အဆောင်စက္ကူ (၂၀၀) နှင့် ပြဒါး မှင် တစ်ပိဿာ ထိုပစ္စည်းသုံးမျိုးစလုံးမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေပြီး မီးဓာတ်စွမ်းအားများ ကိန်းအောင်းနေသည်။
"အမှန်အတိုင်း ပြောရရင် ဒီပစ္စည်းတွေက တခြားလူ တစ်ယောက်က ကြိုမှာထားတာပါ ဒါပေမဲ့ ဒီနေ့ မင်းနဲ့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ စီးပွားရေး ပမာဏအရ ဒီပစ္စည်းတွေကို မင်းကိုပဲ ရောင်းပေးလိုက်ပါ့မယ်"
ဟု မန်နေဂျာလင်းက ပြုံးလျက် ဆိုသည်။
"ဒီပစ္စည်းတွေမှာ မီးဓာတ်အားတွေ ပြည့်နေတာမို့ မီးဓာတ်အခြေခံ အဆောင်တွေ လုပ်တဲ့အခါမှာ ပိုပြီး တည်ငြိမ်သလို စွမ်းအားလည်း ပိုကြီးလိမ့်မယ်"
ဖန့်ချန် ခေတ္တစဉ်းစားပြီးနောက် ဝိညာဉ်ကျောက်တုံး (၂,၀၀၀) ကို ထုတ်ပေးလိုက်သည်။
စုတ်တံက (၃၀၀)၊ ပြဒါးမှင်က (၃၀၀) ဖြစ်ရာ ကျန်သည့် (၁,၄၀၀) မှာ အဆောင်စက္ကူများအတွက် ဖြစ်သည်။
စက္ကူတစ်ရွက်လျှင် ဝိညာဉ်ကျောက်တုံး (၈) တုံးခန့် ကျသင့်သဖြင့် အလွန်စျေးကြီးလှသည်။
၎င်းတို့မှာ အဆောင်များ မဟုတ်သေးဘဲ စက္ကူသက်သက်သာ ရှိသေးသော်လည်း တန်ဖိုးမှာ အလယ်လတ် ခရမ်းရောင်လျှပ်စီးအဆောင် တစ်ခုနှင့် ညီမျှနေပြီ ဖြစ်သည်။
ဖန့်ချန်၏ ပိုက်ဆံသုံးပုံကို မြင်သောအခါ မန်နေဂျာလင်းသည် ဖန့်ချန်၏ နောက်ခံမှာ အလွန်ကြီးမားကြောင်း ပို၍ ယုံကြည်သွားသည်။
ထို့ပြင် ဖန့်ချန်တွင် အလယ်လတ် အဆောင်ပြုလုပ်နည်း အမွေအနှစ်တစ်ခု ရှိနေလိမ့်မည်ဟုပင် သူ ထင်ကြေးပေးနေမိသည်။
ထို့နောက် ဖန့်ချန်နှင့် ကျန်နှစ်ဦးကို မန်နေဂျာလင်းက သီးသန့်ခန်းတစ်ခုသို့ ဖိတ်ခေါ်ကာ နောက်လအနည်းငယ်အတွင်း တာ့ချန်း အင်ပါယာ မြို့တော်၌ ကျင်းပမည့် ကုန်သွယ်မှု ညီလာခံအကြောင်း အသေးစိတ် ပြောပြလေသည်။
"ဒီပွဲကို အဆင့် (၄) အင်ပါယာဖြစ်တဲ့ ကျန့်ယွင် က ကုန်သည်တွေ ဦးဆောင်ကျင်းပတာလို့ ကြားတယ်၊ ကျန့်ယွင်အင်ပါယာထဲက အဓိကဂိုဏ်းကြီး သုံးဂိုဏ်းက ပူးပေါင်းကျင်းပတာပါ"
မန်နေဂျာလင်းက သက်ပြင်းချလိုက်သည်။
"သူတို့က ဖိတ်စာတွေ အများကြီး ပို့ထားတယ်အဆင့် (၅) အင်ပါယာ ၃၀ ကျော်နဲ့ အဆင့် (၆) အင်ပါယာ ရာနဲ့ချီတဲ့ ကျင့်ကြံသူတွေ တက်ရောက်ကြလိမ့်မယ် ဒါဟာ တာ့ချန်းအင်ပါယာမှာ နှစ်ပေါင်း ၂၀၀ အတွင်း အကြီးကျယ်ဆုံး ပွဲဖြစ်လိမ့်မယ်"
ကျန်းကျုံး၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။
တာ့ချန်းအင်ပါယာ စည်ကားလေလေ သူတို့အတွက် ပုန်းရှောင်ရန် ခက်ခဲလေလေ ဖြစ်ပေလိမ့်မည်။
ဖန့်ချန် တွေးတောနေမိသည်။
အကယ်၍ ထိုပွဲမှာ မန်နေဂျာလင်း ပြောသကဲ့သို့ တကယ်ကြီးကျယ်ပါက အဝါရောင်အဆင့်မြင့် ရတနာများကို အမှန်တကယ် ရနိုင်ပေလိမ့်မည်။
ပွဲမစမီ သူ ဝိညာဉ်ကျောက်တုံးအချို့ကို စုဆောင်းထားရန် လိုအပ်ပေမည်။
ရုတ်တရက် တံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး ချင်းဝေ အပြေးအလွှား ဝင်လာသည်။
"မန်နေဂျာလင်း ဆိုင်အပြင်ဘက်မှာ လူတစ်ယောက်က ဓားစာခံဖမ်းထားလို့ပါ"
သူသည် ဖန့်ချန်တို့ကို မကြည့်ရဲဘဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။
"ဘယ်သူက ငါတို့ ကောင်းကင်ရတနာခန်းမမှာ ပြဿနာလာရှာရဲတာလဲ"
မန်နေဂျာလင်း၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့်၏ ဝိညာဉ်အရှိန်အဝါများ ထွက်ပေါ်လာရာ ကျန်းကျုံး၊ ကျန်းထျန်းအိုက်နှင့် ချင်းဝေတို့ ဖိအားခံလိုက်ရသည်။
"အဲ့ဒီလူက တာ့ချန်းအင်ပါယာက ထင်တယ် ဒါပေမဲ့ ကျင့်ကြံမှုက မမြင့်ပါဘူး ချီသန့်စင်ခြင်းအဆင့် (၄) ပဲ ရှိသေးတာ ပြီးတော့ သူ့ကို ရင်ဆိုင်နေရတာက... ချင်းဟူ တော်ဝင်မိသားစုက လူတွေနဲ့ တူတယ်"
ဟု ချင်းဝေက အသံတိုးတိုးဖြင့် ပြောသည်။
တာ့ချန်းအင်ပါယာကလား မန်နေဂျာလင်း အံ့ဩသွားသည်။
၎င်းမှာ အဆင့် (၅) အင်ပါယာ ဖြစ်သည်။
ချင်းဟူ တော်ဝင်မိသားစုက လိုက်လံဖမ်းဆီးနေသည့် ကျင့်ကြံသူက ချီသန့်စင်ခြင်းအဆင့် (၄) ပဲ ရှိတာလား
သူသည် မသက်မသာ ဖြစ်သွားသည်။
သူ၏ ဆိုင်ကို မည်သည့် ပဋိပက္ခတွင်မှ မပါဝင်စေချင်ပေ။
မန်နေဂျာလင်းသည် ဖန့်ချန်ကို တောင်းပန်စကားဆိုကာ အခြေအနေကို ကြည့်ရန် အလျင်အမြန် ထွက်သွားတော့သည်။
"ငါတို့လည်း ထွက်သွားကြရအောင်"
ဖန့်ချန်က ကျန်းကျုံးနှင့် ကျန်းထျန်းအိုက်ကို ပြုံး၍ ပြောလိုက်သည်။
ကျန်းကျုံး စိတ်သက်သာရာ ရသွားသည်။
တာ့ချန်းသို့ စောစောရောက်လေ ပိုကောင်းလေပင်။
ဆိုင်အဝင်ဝတွင် လူအုပ်ကြီးက ပိတ်ဆို့နေသည်။
ဝတ်စုံဖြူဝတ် လူငယ်တစ်ဦးသည် အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းထားပြီး ဓားဦးဖြင့် သူမ၏ လည်ပင်းကို ထောက်ထားသည်။
ဓားသွားမှာ သူမ၏ အရေပြားထဲသို့ အနည်းငယ် တိုးဝင်နေသဖြင့် သွေးများပင် စိမ့်ထွက်နေသည်။
သူတို့၏ ရှေ့တွင် အစိမ်းရောင် ဝတ်ဆင်ထားသော အမျိုးသမီးများ ရှိနေသည်။
သူတို့မှာ လူသားများနှင့် တူသော်လည်း နောက်ကျောတွင် မြေခွေးအမြီးများ ထွက်နေကြသည်။
မိစ္ဆာများစွာက ထိုလူငယ်ကို ဒေါသတကြီး ကြည့်နေကြပြီး အချို့က အော်ဟစ် ဆဲဆိုနေကြသည်
"ဘယ်လိုတောင် သတ္တိရှိတာလဲ ငါတို့ တော်ဝင်မိသားစုဝင်ကို ဓားစာခံဖမ်းရဲတယ်ပေါ့ ချက်ချင်း လွှတ်ပေးစမ်း"
"ငါ သူ့ကို အရှင်လတ်လတ် အရေခွံခွာပြီး အသားကို စားပစ်မယ် သာမန်လူသားတစ်ယောက်က ငါတို့နယ်မြေမှာ ပြဿနာလာရှာရဲတယ်ပေါ့"
"မင်း တာ့ချန်းက ဖြစ်နေရင်တောင် ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
"ရှကျီ နားထောင်နေလား"
ဓားစာခံ အမျိုးသမီးက ပြောလိုက်သည်။
"ငါ့ကို အခုလွှတ်ပေး ငါ့အမေကို ပြောပြီး မင်းအသက်ကို ချမ်းသာပေးဖို့ ငါ တောင်းပန်ပေးမယ်"
သူမ၏ နောက်တွင် မြေခွေးအမြီး နှစ်ခု လှုပ်ခတ်နေသည်။
သူမမှာ အဆင့်အတန်း မြင့်မားသူ ဖြစ်ကြောင်း ထင်ရှားသည်။
သူမ၏ အမေအကြောင်း ပြောလိုက်သောအခါ မိစ္ဆာများ၏ ဒေါသမှာ ပို၍ ပြင်းထန်လာသည်။
ဓားစာခံ ဖမ်းခံထားရသူမှာ သူတို့အင်ပါယာ၏ မင်းသမီးလေး ဖြစ်နေသောကြောင့်ပင်
"မင်းသမီးကို လွှတ်ပေးစမ်း"
အစိမ်းရောင်ဝတ် မြေခွေးအမျိုးသမီးတစ်ဦးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"ငါ့ကို လူအထင်မယောင်နဲ့"
ရှကျီက လှောင်ပြုံး ပြုံးလိုက်သည်။
"ငါ သူမကို လွှတ်ပေးလိုက်တာနဲ့ မင်းတို့ ငါ့ကို ဒီနေရာမှာတင် သတ်မှာပဲ မဟုတ်လား"
"ငါ့အတွက် အမြန်ဆုံး ဝိညာဉ်သင်္ဘော တစ်စင်း အခုချက်ချင်း ပြင်ဆင်ပေး မင်းတို့မိသားစု လုပ်ပေးနိုင်တာ ငါသိတယ် ငါ့ကို ချင်းဟူအင်ပါယာကနေ အဝေးကို ပို့ပေး ဒါဆိုရင် မင်းသမီးကို လွှတ်ပေးမယ်"
"မဟုတ်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့ သူမခေါင်းကို တစ်ချက်တည်းနဲ့ ဖြတ်ပစ်မယ် သူမက ချီသန့်စင်ခြင်းအဆင့် (၃) ပဲ ရှိတာ ငါက အဆင့် (၄) ငါ တကယ်လုပ်နိုင်တယ်ဆိုတာ ယုံလိုက်ပါ"
မန်နေဂျာလင်းနှင့် ချင်းဝေတို့ ဆိုင်ထဲမှ အပြေးအလွှား ထွက်လာကြသည်။
ရှကျီ၏ စကားကို ကြားသောအခါ မန်နေဂျာလင်းက ဒေါသတကြီး အော်ပြောလိုက်သည်။
"မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ မင်းသမီးကို ချက်ချင်းလွှတ် သူမကို တစ်ခုခု ထိခိုက်တာနဲ့ မင်းရဲ့ တမိသားစုလုံး အသတ်ခံရလိမ့်မယ်"
"မင်းက ကောင်းကင်ရတနာခန်းမရဲ့ မန်နေဂျာလား ငါ့အတွက် ဝိညာဉ်သင်္ဘော ပြင်ပေး မဟုတ်ရင် မင်းသမီးကို ဒီမှာတင် သတ်ပစ်မယ်"
ရှကျီက ရယ်မောလိုက်သည်။
"မင်းသာ မလုပ်ပေးရင် ဒီနေ့ကစပြီး ဒီအင်ပါယာမှာ မင်းတို့ ဆိုင်ဖွင့်ဖို့ စိတ်မကူးနဲ့တော့"
လူအုပ်ကြီး မှင်တက်သွားသည်။
ထိုဓားစာခံဖမ်းသူသည် ကောင်းကင်ရတနာခန်းမကို ဦးတည်နေခြင်း ဖြစ်သည်။
အခြားနေရာများတွင် ဝိညာဉ်သင်္ဘော မရောင်းနိုင်သော်လည်း ထိုဆိုင်တွင် ရှိနိုင်ခြေ အလွန်များသည်။
"ရှကျီ နင် လွတ်မှာ မဟုတ်ဘူး မင်းကို တကယ်ဖမ်းချင်နေတာက အစ်ကိုတော် ကျွယ် "
မင်းသမီးက ရုတ်တရက် စကားပြောလာသည်။
"ငါ့ကို လွှတ်ပေးပါ နင့်ကို ငါ ထပ်ပြီး လိုက်မဖမ်းတော့ဘူးလို့ အာမခံပါတယ် အမှန်တော့ နင်က သူ့လက်ထဲကနေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး"
"ငါ့အချိန်ကို မဖြုန်းပါနဲ့ ကလေးမလေး"
ရှကျီက မင်းသမီးကို အေးစက်စွာ ကြည့်လိုက်သည်။
"မင်းရဲ့ အဆက်အသွယ်တွေနဲ့ ငါ လွတ်အောင် ပြေးနိုင်မယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ မင်းက အဲ့ဒီကောင်နဲ့ တစ်ဖွဲ့တည်း ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ ဒီနေ့ မင်း အသက်ရှင်ချင်ရင် ငါခိုင်းတာကိုပဲ လုပ်"
ဖန့်ချန်သည် ဆိုင်ထဲမှ ထွက်လာစဉ် ထိုဖြစ်ရပ်ကို ရုတ်တရက် မြင်လိုက်ရသည်။
ရှကျီ ရှကျီက တကယ်ပဲ ဒီကို ရောက်နေတာလား
ဖန့်ချန်သည် သူ၏ စိတ်လှုပ်ရှားမှုကို ကောင်းကောင်း ထိန်းချုပ်နိုင်သူ ဖြစ်သော်လည်း ထိုမြင်ကွင်းကြောင့် သူ၏ ရင်ခုန်သံမှာ တစ်ချက်မျှ ဆတ်ခနဲ ခုန်သွားတော့သည်။
အခန်း ၂၉၈ - ချည်နှောင်ခြင်းအဆောင်
ဖန့်ချန် သည် ချက်ချင်းဝင်မပါဘဲ အခြေအနေကို အရင်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဖန့်ချန်သည် ဘေးမှရပ်ကြည့်နေသည်ကို မြင်သောအခါ ကျန်းကျုံး လည်း ဘာမှမပြောဘဲ ကျန်းထျန်းအိုက် ၏ ဘေးတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
ဖန့်ချန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာကာ ဟင်းလင်းပြင်တွင် ရပ်ကြည့်နေသည်။
ဖန့်ချန်အနေဖြင့် ရှကျီ ကို မှတ်မိနိုင်သော်လည်း သူသည် အရင်ကနှင့် မတူတော့ဘဲ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။
အရင်က ရှကျီသည် အင်အားအပြည့်နှင့် မည်သည့်အရာကိုမဆို ထိန်းချုပ်နိုင်စွမ်း ရှိသူဖြစ်သည်။
သူသည် ဖန့်ချန်နှင့် စိတ်ချင်း အနီးစပ်ဆုံး လူတစ်ဦးဖြစ်ပြီး အမြင်ချင်းတူညီကာ တစ်ဦးနှင့်တစ်ဦး တစ်သက်တာ လူယုံများအဖြစ် သတ်မှတ်ထားကြသူများ ဖြစ်သည်။
ရှကျီ သည် မင်းသားတစ်ပါး ဖြစ်သော်လည်း လူများကို အထက်စီးမှ ကြည့်လေ့မရှိသလို အသုံးအဖြုန်းလည်း မကြီးပေ။
ထီးနန်းလုရန်လည်း တစ်ခါမှ မစဉ်းစားခဲ့ဖူးရာ ထို့ကြောင့်ပင် ရှရွှမ်ကျီ က သူ့ကို အလွန်ချစ်မြတ်နိုးခြင်း ဖြစ်သည်။
သို့သော် ရှယိ ကမူ ထိုညီအစ်ကိုကို ကြောက်ရွံ့သလို မုန်းလည်းမုန်းတီးခဲ့သည်။
ရှကျီ ၏ အရှိန်အဝါမှာ အခုအခါ ချီသန့်စင်ခြင်းအဆင့် (၄) သို့ ရောက်ရှိနေပြီဖြစ်ရာ အလွန်ပင် အထင်ကြီးဖွယ် ကောင်းလှသည်။
သို့သော် သူ၏ မျက်နှာရှိ မောပန်းနွမ်းနယ်မှုများက သူ၏ ခရီးလမ်းမှာ မချောမွေ့ခဲ့ကြောင်း သက်သေပြနေသည်။
သူက ချီသန့်စင်ခြင်းအဆင့် (၄) ရောက်နေပြီပဲ ရှမကျီ က စောစောစီးစီး ကျင့်ကြံခွင့် ရခဲ့ပုံရတယ်
"မန်နေဂျာလင်း ငါ့လက်ထဲက မိန်းကလေးက အုပ်ချုပ်သူရဲ့ အချစ်ဆုံး သမီးတော် ဆိုတာ မင်းသိမှာပါ သူမကို တစ်ခုခု ဖြစ်သွားတာ မလိုချင်ရင် ငါ့အတွက် ဝိညာဉ်သင်္ဘော တစ်စင်း အမြန်ဆုံး ပြင်ပေးဖို့ အကြံပေးချင်တယ်"
ဟု ရှကျီက ဓားဖြင့် မင်းသမီး၏ လည်ပင်းကို ဖိကာ ခြိမ်းခြောက်လိုက်သည်။
မန်နေဂျာလင်း ဗျာများသွားသည် ဝိညာဉ်သင်္ဘောဆိုသည်မှာ သာမန်အရာ မဟုတ်ပေ။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် မိမိ၏ အသက်စွမ်းအားကို သုံးစရာမလိုဘဲ ကောင်းကင်ယံတွင် သက်သောင့်သက်သာ ပျံသန်းနိုင်သည့် အရာဖြစ်သည်။
အဆင့် (၆) အင်ပါယာများတွင် ၎င်းကို ပြုလုပ်နိုင်သူ မရှိဘဲ အဆင့် (၄) နှင့် (၅) အင်ပါယာများမှသာ လာခြင်းဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်တံဆိပ် (၁၂) ခုပါသည့် အဆင့်နိမ့် ဝိညာဉ်သင်္ဘောတစ်စင်းသည်ပင် ဝိညာဉ်တံဆိပ် (၃၀) ပါသည့် အဝါရောင်အဆင့်လတ် ရတနာတစ်ခုကဲ့သို့ တန်ဖိုးရှိလှသည်။
သူ့တွင် တစ်စင်း ရှိနေသော်လည်း ၎င်းမှာ ဆိုင်၏ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် သုံးစွဲနေခြင်း ဖြစ်ပြီး ရောင်းရန် မဟုတ်ပေ။
ထို့ကြောင့် မန်နေဂျာလင်း တုံ့ဆိုင်းနေခြင်း ဖြစ်သည်။
အကယ်၍ သူသာ သင်္ဘောကို ပေးလိုက်ပါက အရှုံးကြီး ရှုံးပေလိမ့်မည်။
သို့သော် မပေးဘဲနေ၍ မင်းသမီးလေး တစ်ခုခုဖြစ်သွားပါက ကောင်းကင်ရတနာခန်းမသည် ချင်းဟူအင်ပါယာတွင် ဆိုင်ဖွင့်ရန် စိတ်ကူးရတော့မည် မဟုတ်ပေ
မိစ္ဆာများ၏ စရိုက်မှာ လူသားကျင့်ကြံသူများနှင့် မတူပေ။
သူတို့သည် လိုက်လျောညီထွေ ရှိမှု အားနည်းကြသည်။
အကယ်၍ သူတို့ တကယ်ဒေါသထွက်လာပါက ဆိုင်၏ နောက်ကွယ်ရှိ အင်အားစုက အဆင့် (၄) အင်ပါယာမှ ဖြစ်နေလျှင်ပင် ဂရုစိုက်ကြမည် မဟုတ်ပေ။
"ရှကျီ "
မင်းသမီးက ရုတ်တရက် အော်ပြောလိုက်သည်။
"မင်းက တာ့ချန်းမြို့တော်မှာ ပြဿနာရှာခဲ့တာအစ်ကိုတော် ကျွယ် က မင်းကို ကူညီဖို့ ကြိုးစားနေတာပဲ မင်း ဘာလို့ ထွက်ပြေးချင်နေရတာလဲ သူက မင်းအသက်ကို မသတ်ပါဘူး ဒီလိုမျိုး လုပ်စရာ မလိုပါဘူး မင်း အခုလို လုပ်လေလေ အခြေအနေက ပိုဆိုးလာလေလေပဲ ဖြစ်မှာ"
"ကလေးမလေး... မင်း ဘာသိလို့လဲ ကျွယ်ဝူတိ က အပြင်ပန်းမှာတော့ ဖြောင့်မတ်သလိုလိုနဲ့ တကယ်တော့ အဲ့ဒီမျက်နှာဖုံးနောက်ကွယ်မှာ အရမ်းကို ယုတ်မာတဲ့ကောင် စီနီယာအစ်ကို လျူ ဆေးမြစ်သွားရှာတာ အခုထိ ပျောက်နေတုန်းပဲ "
"စီနီယာအစ်မ ဝူ ကလည်း အကြောင်းပြချက်မရှိ တိုက်ခိုက်ခံရပြီး ကျင့်ကြံမှုတွေ ဆုံးရှုံးသွားရတယ်ကျွယ်ဝူတိက ဒါတွေအကုန် လုပ်ခဲ့တာ ငါက သူ ငါ့နောက်ကို လိုက်လာမှာကိုပဲ ဒီအတိုင်း ထိုင်စောင့်နေရမှာလား"
ဟု ရှကျီက နှာခေါင်းရှုံ့လျက် ဆိုသည်။
မင်းသမီးက မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒါတွေက တိုက်ဆိုင်မှုတွေပါ အစ်ကိုတော် ကျွယ်က အဲ့လိုမျိုး မလုပ်နိုင်ပါဘူး သူက အဲ့ဒီလို လူစားမျိုး မဟုတ်ဘူး အသက်လေးဆယ်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်တဲ့ လူတစ်ယောက်က မင်းပြောသလို ယုတ်မာတဲ့လူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မင်းနဲ့ စကားပြောနေတာ အပိုပဲ မင်း အချိန်ဆွဲနေတာ ငါသိတယ် ငါ မင်းကို ဆယ်အထိ ရေတွက်ဖို့ အချိန်ပေးမယ် အဖြေတစ်ခု မရရင်တော့ ဒီမှာရှိသမျှ အကုန်လုံးကို ငါ ဖျက်ဆီးပစ်မယ်"
ဟု ရှကျီက ကြေညာလိုက်သည်။
မင်းသမီးနှင့် မြေခွေးအမျိုးသမီးများ၏ မျက်နှာများ ပျက်သွားသည်။
ရှကျီသည် သူပြောသည့်အတိုင်း တကယ်လုပ်လိမ့်မည်ဟု သူတို့ ခံစားမိနေသည်။
မန်နေဂျာလင်း မျက်မှောင်ကြုတ်ကာ ခေတ္တစဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ ငါ မင်းအတွက် ဝိညာဉ်သင်္ဘော ပြင်ပေးမယ် ဒါပေမဲ့ အခု ဒီမှာ မရှိသေးဘူး ငါ့ကို ၁၅ မိနစ်လောက် အချိန်ပေးပါ"
ဟု မန်နေဂျာလင်းက ဆိုသည်။
ရုတ်တရက် ပုံရိပ်တစ်ခု ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရောက်ရှိလာသည်။
သူသည် ကောင်းကင်ယံတွင် ရပ်လျက် အားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသည်။
"မန်နေဂျာလင်း မင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီးတော့ သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကို ခံနေတာလား"
ဟု သူက လှောင်ပြောင်သလို ပြောလိုက်သည်။
ထိုသူသည် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့ထွားကြိုင်းလှသည်။
သူ၏ မျက်မှောင်များမှာ ဓားနှစ်စင်းကဲ့သို့ ထူထဲကာ နှာတံမှာ ဖြောင့်စင်းပြီး ကြယ်တာရာများကဲ့သို့ တောက်ပသော မျက်လုံးများ ရှိသည်။
အထူးသဖြင့် သူ၏ နဖူးပေါ်တွင် ထင်ရှားသော မှည့်နီတစ်လုံး ရှိနေသည်။
သူ ပေါ်လာသည်နှင့် အောက်ရှိ လူအားလုံးမှာ အသက်ရှူရ ခက်ခဲလောက်အောင် ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။
လူအုပ်ကြီး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။
"မိစ္ဆာဘုရင် ထျန်းဖုန်း "
ချင်းဟူအင်ပါယာရှိ မိစ္ဆာဘုရင် (၁၃) ပါးအနက် သူသည် ထိပ်သီး (၅) ဦးစာရင်းတွင် ပါဝင်ပြီး အခြေခံတည်ဆောက်ခြင်း အဆင့်လတ် ကျင့်ကြံသူ ဖြစ်သည်
မင်းသမီးသည် သူ့ကိုမြင်သောအခါ အံ့ဩသွားသော်လည်း ချက်ချင်းပင်
"ဦးလေး ထျန်းဖုန်း"
ဟု အော်ခေါ်လိုက်သည်။
မြေခွေးအမျိုးသမီးများလည်း စိတ်သက်သာရာ ရကာ သက်ပြင်းချနိုင်တော့သည်။
မိစ္ဆာဘုရင် ထျန်းဖုန်း ရောက်လာပြီဖြစ်ရာ မင်းသမီးလေး၏ ဘေးကင်းရေးမှာ အာမခံချက် ရှိသွားပြီဖြစ်သည်။
အမှန်စင်စစ် မိစ္ဆာဘုရင် ထျန်းဖုန်းသည် တစ်ခါက အဆင့်တူ လူသားကျင့်ကြံသူ သုံးဦးကို ရင်ဆိုင်ခဲ့ရာတွင်ပင် အသာစီးရခဲ့သူ ဖြစ်သည်။
ချင်းဟူအုပ်ချုပ်သူ ကိုယ်တိုင်ကပင် မိစ္ဆာဘုရင် ထျန်းဖုန်းသည် ထူးကဲသော ပါရမီရှင်ဖြစ်ပြီး အနာဂတ်တွင် ရွှေအမြုတေအဆင့် သို့ ရောက်ရှိနိုင်မည့် ရှားပါးပါရမီရှင်ဟု ချီးကျူးခဲ့ဖူးသည်။
"မိစ္ဆာဘုရင် ထျန်းဖုန်း ကိုး"
မန်နေဂျာလင်းက သူ၏ လှောင်ပြောင်မှုကို ဂရုမစိုက်နိုင်တော့ပေ။
"ဒါကို မင်းဆီမှာပဲ လွှဲပေးပါရစေ"
မိစ္ဆာဘုရင် ထျန်းဖုန်းက သူ့ကို ပြုံးစစဖြင့် တစ်ချက်ကြည့်ပြီးနောက် ရှကျီဘက်သို့ လှည့်လိုက်ရာ သူ၏ မျက်လုံးများမှာ အေးစက်ကာ အထင်အမြင်သေးသည့် အရိပ်အယောင်များ ပါဝင်နေသည်။
"မင်းနာမည်က ရှကျီ မဟုတ်လား မင်းရဲ့ဆရာက တာ့ချန်းအင်ပါယာက စွမ်းအားမြင့်ဗလာကျောင်းတော် ရဲ့ ကျောင်းထိုင်ဆရာတော်လို့ ငါကြားတယ်"
ဟမ်
ရှကျီ ရဲ့ဆရာက ဘုန်းကြီးလား ဖန့်ချန် အံ့ဩသွားသည်။
ရှကျီ ၏ ကိုယ်ပေါ်တွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အရိပ်အယောင် သို့မဟုတ် အရှိန်အဝါ တစ်ခုမှ မရှိပေ။
သူ့ဆရာက ဘယ်လိုလုပ် ဘုန်းကြီး ဖြစ်နေရတာလဲ
"ကျွန်တော်က ချီသန့်စင်ခြင်းအဆင့် (၄) သာရှိတဲ့ သာမန်ကျင့်ကြံသူ တစ်ယောက်ပါ မိစ္ဆာဘုရင် ထျန်းဖုန်း ကိုယ်တိုင် ဒီကိစ္စမှာ ပါဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ဟု ရှကျီက စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
"ဟုတ်ပါတယ် ကျွန်တော့်ဆရာက စွမ်းအားမြင့်ဗလာကျောင်းတော်ရဲ့ ကျောင်းထိုင်ပါပဲ အဲ့ဒါ ဘာဖြစ်လဲ"
"ငါက အဲ့ဒီ ကတုံးနဲ့ ရန်ငြိုးရှိလို့ပေါ့ ဒါကြောင့် အရေးကြီးတာပေါ့"
ထျန်းဖုန်းက ရယ်မောလိုက်သည်။
"ဒီလိုလုပ်ရအောင် မင်းသာ မင်းသမီးကို လွှတ်ပေးရင် မင်းရဲ့အလောင်းကို အကောင်းပကတိအတိုင်း ငါ ချန်ထားပေးမယ်"
ရှကျီက နှာခေါင်းရှုံ့လိုက်သည်။
"ရယ်စရာပဲ ဒီနေ့တော့ အသေအကျေပဲ ငါ အသက်ရှင်လျက် ထွက်သွားရမယ် မဟုတ်ရင် အကုန်လုံး သေရမှာပဲ ယမင်း အခြေခံတည်ဆောက်ခြင်း အလယ်လတ် ဖြစ်နေရုံနဲ့ သူမကို ကယ်နိုင်မယ်လို့ မထင်နဲ့ မင်း ငါ့ကို မသတ်ခင်မှာ ငါ့လက်ထဲက ဓားက သူမခေါင်းကို ဖြတ်ပြီးသား ဖြစ်နေလိမ့်မယ်"
မင်းသမီး၏ မျက်နှာ ဖြူလျော်သွားပြီး ရှကျီကို ဒေါသတကြီး စိုက်ကြည့်နေသည်။
ပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ ဒေါသတကြီးဖြင့် ရှကျီကို ဆဲဆိုနေကြပြီး သူ့ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်တော့မည့်အတိုင်း ခြိမ်းခြောက်နေကြသည်။
သို့သော် ရှကျီမှာ ကြောက်ရွံ့ခြင်း မရှိသည့်အပြင် သူ၏ အပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာသည်။
"မင်းတို့ ငါ့ကို ဆဲလေလေ ငါ ပိုပျော်လေလေပဲ အခု ငါ အရမ်း နေလို့ကောင်းနေတယ် "
ချင်းဝေက နှာခေါင်းရှုံ့လျက်
"ဒီကောင် ဒီနေ့တော့ သေမှာ သေချာပြီ"
ဟု ဆိုသည်။
မန်နေဂျာလင်းက ခေါင်းအသာခါယမ်းကာ သူ့ဘေးက ချင်းဝေကို တိုးတိုးလေး ပြောလိုက်သည်။
"ချင်းဟူအင်ပါယာမှာ မိစ္ဆာတွေကို လာစိန်ခေါ်တဲ့သူ အထူးသဖြင့် တော်ဝင်မိသားစုဝင်ကို ထိပါးတဲ့သူတွေအတွက် ဒါက တစ်ခုတည်းသော အဆုံးသတ်ပဲလေ"
"ငါက မင်းကို သိက္ခာရှိရှိ သေခွင့်ပေးမလို့ပါပဲဒါပေမဲ့ မင်းက အဲ့ဒီလို မဖြစ်ချင်ဘူးဆိုမှတော့ ကောင်းပြီလေ"
မိစ္ဆာဘုရင် ထျန်းဖုန်းက ခပ်ဖွဖွ ရယ်လိုက်သည်။
သူသည် သူ၏နောက်ကွယ်တွင် အဆောင်တစ်ခုကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။
ထိုအဆောင်မှ ပြာလွင်သော အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ထျန်းဖုန်း၏ နောက်ကွယ်မှ ပတ်ထွက်လာကာ လျှပ်စီးတန်းတစ်ခုကဲ့သို့ ရှကျီ ကို သွားရောက် ထိမှန်လိုက်သည်။
ရှကျီသည် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ရှား၍ မရတော့သည်ကို တွေ့လိုက်ရသဖြင့် အလွန်အံ့ဩသွားတော့သည်
သူ၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။
၎င်းတို့အားလုံးကို ဖန့်ချန်၏ ဝိညာဉ်က စောင့်ကြည့်နေသော်လည်း မိစ္ဆာဘုရင် အဆောင်ကို အသက်သွင်းစဉ်တွင် မည်သည့် အန္တရာယ်မှ မတွေ့ရသဖြင့် သူ ဝင်မပါခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာဘုရင် ထျန်းဖုန်းက ရယ်မောလိုက်သည်။
"ဒီ ချည်နှောင်ခြင်းအဆောင် က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် ၁၅ မိနစ်လောက် ချုပ်နှောင်ထားနိုင်တယ် ဒါက အသက်သွင်းတဲ့အချိန်မှာ ဘာအသံမှလည်း မထွက်ဘူး မင်းလိုကောင်အတွက် ဒါကို သုံးလိုက်ရတာ တော်တော် နှမြောဖို့ ကောင်းတာပဲ"
လူအုပ်ကြီး အံ့ဩသွားကြသည်။
ချည်နှောင်ခြင်းအဆောင် တဲ့လား
မိစ္ဆာများမှာ ရှကျီကို လှောင်ပြုံး ပြုံးပြလိုက်ကြသည်။
မင်းတော့ သွားပြီ