အခန်း (၆)
Vol. 1 Ch. 6
🍁 Chapter 6
ရှုယင်းယင်း၏ မေးခွန်းကို စနစ်က စိတ်ဝင်တစားဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
[ဟုတ်တယ်.. ဟုတ်တယ်..၊ အဒေါ်လှလှလေးက တကယ့် အချစ်ရူးမလေး]
ရှုယန်ဝေမှာ ထိုစကားကြောင့် ဆွံ့အသွားရလေသည်။
ထန်ဝမ်ကမူ ဤအချက်မှာ အတင်းအဖျင်းဟုပင် မခေါ်ထိုက်ကြောင်း စိတ်ထဲမှ နှာခေါင်းရှုံ့ကာ အမှတ်လျှော့လိုက်မိသည်။ ရှုယန်ရွေ့ကလည်း ဤကိစ္စမှာ လူတိုင်းသိပြီးသားဖြစ်သဖြင့် ပျင်းစရာကောင်းလှသည်ဟု သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။
[နေဦး ငါမှန်းကြည့်မယ်၊ ချမ်းသာတဲ့မိသားစုရဲ့ သမီးတွေက သူတို့နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ယောက်ျားမျိုးကိုမှ ကြိုက်တတ်ကြတာ၊ ဒေါ်လေးရဲ့ အမျိုးသားက လူမိုက်ပုံစံ ဒါမှမဟုတ် ဆင်းရဲတဲ့သူ ပဲဖြစ်လိမ့်မယ်..]
[ဒါပေမဲ့ ဒေါ်လေးက အနုပညာဆန်ပြီး အသိဉာဏ်ရှိသလို နူးညံ့တဲ့သူဆိုတော့ ဒုတိယပုံစံကိုပဲ ကြိုက်မှာပဲ၊ ဒါကြောင့် ဒေါ်လေးရဲ့ အမျိုးသားက မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲ နေတဲ့ ပညာတတ်ဆင်းရဲသားလေးဖြစ်မှာပေါ့၊ အဲဒီလိုလူမျိုးက ဆွဲဆောင်မှုရှိသလို ကြောက်ဖို့လည်း ကောင်းတယ်၊ ရုန်းထွက်ချင်ပေမဲ့ မရုန်းထွက်နိုင်အောင် ဆွဲဆောင်နိုင်တဲ့သူမျိုး မဟုတ်လား..]
ရှုယန်ဝမ် လက်ဖက်ရည်သောက်ဟန် ဆောင်လိုက်သော်လည်း သူ့ မျက်ဝန်းများထဲတွင်မူ သဘောကျသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။ သမီးဖြစ်သူမှာ သူမ အဒေါ်အကြောင်းကို တော်တော်လေး သိမြင်နားလည်ပါပေသည်ဟု သူတွေးနေမိသည်။
[ဝါး... ယင်းယင်းက တကယ်တော်တာပဲ၊ ဒါကို မှန်းဆမိတယ်ပေါ့၊ နင့်ကို အတင်းအဖျင်းအဖော် အဖြစ် ရွေးချယ်ခဲ့တာတကယ်မှန်သွားပြီ၊ ဒေါ်လေးရဲ့ အမျိုးသားက တကယ်ထူးချွန်တဲ့ ကျောင်းသား ဟောင်းတစ်ယောက်ပဲ၊ ငယ်ငယ်ကတည်းက မိခင်ဆုံးရှုံးခဲ့ရပြီး ဖခင်ကလည်း စောစောစီးစီး ဆုံးသွားတယ်၊ သူလက်ထပ်ပြီးနောက်မှာ သူမှီခိုအားထားရတဲ့ အဘိုးအဘွားတွေပါဆုံးသွားကြတာ၊ တကယ့်ကို လှပပြီး သနားစရာကောင်းတဲ့ ဇာတ်ကောင်မျိုးပေါ့]
[ဒါပေမဲ့.. ကိစ္စမရှိပါဘူး၊ ဒေါ်လေးက သူ့ကို ချစ်နေသရွေ့တော့ သူ့ရဲ့ နာကျင်မှုတွေအားလုံး ပျောက်ကွယ်သွားမှာပါ]
[ဒေါ်လေးက သူ့ကို ချစ်တာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..တစ်ဖက်လူက သူ ချစ်သလောက် ပြန်ချစ် ချင်မှ ချစ်မှာပေါ့၊ နောက်ဆုံး ဒေါ်လေးဘက်ကစပြီးလိုက်ခဲ့တာကနေ ချစ်သူဖြစ်ပြီး လက်ထပ်တဲ့ အထိလေ၊ သူကတော့ မြင်မြင်ချင်းချစ်ခဲ့တာ မဟုတ်ဘူး၊ ဒေါ်လေးဆိုရင် သူ့အတွက်နဲ့ မိသားစုကို တောင် စွန့်လွှတ်ဖို့ပြင်ခဲ့တာ၊ ဒီအိမ်က အဘိုးကြီးက အရမ်းစည်းကမ်းကြီးပြီး အဆင့်အတန်းတူတာ ကိုပဲ အလေးထားတယ်ဆိုတာ သိတယ်မလား..]
[နားလည်တယ်.. နားလည်တယ်.. အဖေနဲ့ သူ့အချစ်ဦးတို့ ဝေးကွာခဲ့ရပေမဲ့ အဘိုးကတော့ အချစ်ရူး တွေကို နားမလည်သေးဘူးပဲ၊ ဒေါ်လေးအတွက်တော့ ဦးလေးက သူ့ဘဝရဲ့ မရှိမဖြစ် အလင်းရောင်ပဲ၊ ဒီအလင်းရောင်အတွက်ဆိုရင် အရာရာကိုဖယ်ရှားပစ်လိမ့်မယ်၊ ဘယ်သူကများ ဒီအလင်းရောင်ကို မေးခွန်းထုတ်ပြီး ဖျက်ဆီးရဲမှာလဲ၊ တောထဲမှာ ဟင်းသီးဟင်းရွက်သွားတူးရရင်တောင်မှ မင်းကို ချစ်တယ်လို့ ပြောလိုက်ရုံနဲ့ နှလုံး၊ အသည်း၊ အဆုပ်၊ ကျောက်ကပ် အကုန်လုံးကို လက်နှစ်ဖက်နဲ့ အသာလေး ပေးအပ်နိုင်တဲ့သူမျိုးပဲ]
[ဟင်း.. ဒါကတော့..တကယ့်ကို ရူးသွပ်လွန်းတာပဲ]
[အချစ်ရူးဆိုတာ ဒီလိုမျိုးပဲ၊ ဘေးကလူတွေက ဝိုင်းတားလေလေ.. သူမက ပိုပြီး တက်ကြွလာလေ လေပဲ၊ အဓိကကတော့ ပုန်ကန်ချင်တဲ့ စိတ်ဓာတ်ပေါ့၊ တကယ်လို့ ဒါကို ဖြေရှင်းချင်တယ်ဆိုရင် နည်းလမ်းမရှိဘူးလား..]
[ဘာနည်းလမ်းလဲ..?]
ရှုယန်ဝမ်မှလွဲ၍ ကျန်ရှိသောလူများမှာ နောက်ထပ် ဘာစကားများဆက်ထွက်လာမည်နည်းဟု စိတ်ဝင်တစား နားစွင့်နေကြသည်။ လှေကားထိပ်မှနေ၍ လူတိုင်းကို ခိုးကြည့်နေသော အဘိုးအို ရှုဟုန်ရှန်းမှာလည်း အသက်ကိုအောင့်ထားရင်း
"မြန်မြန်ပြောစမ်းပါ၊ ငါ့ကို အသနားခံရအောင် မလုပ်နဲ့" ဟု စိတ်ထဲမှ တိုက်တွန်းနေမိသည်။
ရှုယင်းယင်းကမူ လည်ချောင်းတစ်ချက်ဟန့်လိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
[ဘာလို့..အားလုံး ငါ့ကိုကြည့်နေကြတာလဲ၊ ငါ တစ်ခုခုများ မှားယွင်းနေလို့လား.?]
ထိုအခါ လူတိုင်း အကြည့်များကို ချက်ချင်းလွှဲလိုက်ကြပြီး ရေသောက်သူကသောက်၊ မုန့်စားသူက စားနှင့် ဖုန်းများကိုယ်စီ ထုတ်ကြည့်နေဟန် ဆောင်လိုက်ကြသည်။
[မဟုတ်ပါဘူး အားလုံး ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာပါ၊ နင် မြန်မြန်လေး.. ဖြေရှင်းနည်းကို ပြောပြဦးလေ]
[ရှင်းပါတယ်၊ ဦးလေးဖောက်ပြန်တာကို မိသွားအောင်စောင့်ရုံပဲ၊ ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ တော်နေပါစေ ချမ်းသာတဲ့မိသားစုက သမီးနဲ့ လက်ထပ်လိုက်ရင်တော့ မိန်းမနား ခိုစားတဲ့သူလို့ပဲ သတ်မှတ်ခံရမှာပဲ]
[ဒီလို နာမည်မျိုးကို ဘယ်လိုယောက်ျားမျိုးမှ သည်းခံနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့်.. ဦးလေးလည်း ကြံစည်မှုကြီးတစ်ခုခုကိုလုပ်နေတာ ဖြစ်နိုင်တယ်၊ သူ့ အတောင်အပံတွေ စုံလာတဲ့အခါမှာ အဒေါ်လေးကို အိမ်ပေါ်က နှင်ထုတ်ပြီး မိသားစုပိုင်ဆိုင်မှုတွေ အကုန်ယူသွားဖို့ စောင့်နေတာပေါ့]
[ဟုတ်တယ်..ဟုတ်တယ်..၊ ဦးလေးမှာ တကယ်မရိုးသားတဲ့စိတ်ရှိတယ်၊ အဘိုးလည်း ဒေါ်လေးကို တစ်ကြိမ်ထက်မက သတိပေးခဲ့ဖူးတယ်၊ ဒါပေမဲ့ ဒေါ်လေးကတော့ နားမထောင်ဘူး၊ တကယ့်ကို ကယ်မရတဲ့ အခြေအနေပဲ]
[ကယ်လို့ရရင်တော့ အချစ်ရူးလို့မခေါ်တော့ဘူးပေါ့၊ ဒါနဲ့ ဦးလေးက ဘာလို့ အခုထိ ရောက်မလာသေး တာလဲ၊ ဒီလိုဒုက္ခပေးတဲ့ ယောက်ျားက ဘယ်လိုပုံစံလဲဆိုတာ ငါတကယ်မြင်ချင်မိတယ်၊ ဒေါ်လေးလို မိန်းလှလေးကို ဘယ်လိုတောင် ရုန်းမထွက်နိုင်အောင်လုပ်ထားတာလဲ]
[သူ..စောစောကတည်းက ရောက်နေတာလေ၊ စံအိမ်အပြင်ဘက်က သစ်ပင်ရိပ်လမ်းမှာ ကားရပ် ထားတာ]
ရှုယန်ဝေ နှလုံးသားမှာ ထိုစကားကြောင့် တင်းခနဲဖြစ်သွားရသည်။ အိမ်ထဲသို့ မဝင်မီလေးတွင် သူမ ကူးချန်ထံ ဖုန်းဆက်ခဲ့စဉ်က သူသည် ကုမ္ပဏီ၌သာရှိနေသေးသည်ဟု ပြောဆိုခဲ့သောကြောင့်ဖြစ် သည်။
[ကားရပ်ပြီး ဘာလုပ်နေတာလဲ.?]
[အင်း... ရှုခင်းကြည့်နေတာပေါ့၊ အေးစက်စက်နဲ့လှတဲ့ အတွင်းရေးမှူးမလေးနဲ့အတူ အချစ်ပွဲဆင်နွှဲ နေတာလေ]
[ဝါး.. ဦးလေးကတော့ ဘယ်လိုကစားရမလဲ တကယ်သိတာပဲ]
"ဘန်း.."
ရှုယန်ဝေက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ သူမသည် ချက်ချင်းထရပ်လိုက်ပြီး ရင်ဘတ်များ နိမ့်ချည်မြင့်ချည်ဖြင့် မျက်နှာလေးမှာ စိမ်းပုပ်နေလေပြီ။
ရှုယန်ရွေ့နှင့် သူ့ဇနီးဖြစ်သူမှာ ရှုယင်းယင်းကို တစ်ချက်ကြည့်လိုက်ပြီးမှ ရှုယန်ဝေထံသို့ အကြည့် များရောက်ရှိသွားကြသည်။ ၎င်းတို့၏ မျက်ဝန်းများထဲတွင်မူ အတင်းအဖျင်း ကြိုက်သူတို့၏ထုံးစံအ တိုင်း စိတ်လှုပ်ရှားမှုများထင်ဟပ်နေကာ "ချကြဟေ့..ချကြ" ဟုပင် စိတ်ထဲမှ အားပေးနေဟန် တူလေသည်။
ရှုယင်းယင်းမှာမူ ထိတ်လန့်သွားပြီး အဒေါ်ဖြစ်သူကို တုန်တုန်ရီရီဖြင့် လှမ်းကြည့်နေမိသည်။
[ဘာ... ဘာဖြစ်တာလဲ၊ ဒေါ်လေး ဘာလို့ ဒီလောက်ဒေါသထွက်နေရတာလဲ၊ ဘယ်သူက သူ့ကို သွားစလိုက်တာလဲ.?]
ရှုယောင်ယောင်က မသိစိတ်ဖြင့် ရှုယင်းယင်းကို လှမ်းကြည့်လိုက်မိသည်။ သူ နှုတ်ခမ်းများမှာ တစ်စုံတစ်ရာကို ပြောချင်သယောင်ရှိသော်လည်း ဝန်လေးနေသည့်ဟန် ပေါ်လွင်နေသည်။
လေထုမှာ တင်းမာနေစဉ်အတွင်း အဘိုးအို လှေကားမှဆင်းလာပြီး အောက်ထပ်ရှိလူများကို ကြည့်ကာ အသံနှိမ့်၍စကားစလိုက်သည်။
"အားလုံး..ရောက်နေကြပြီလား.."
"အဖေ.."
ရှုယန်ဝမ်နှင့် ကျန်းရှင်းတို့မှာ အဝတ်အစားလဲပြီး အပေါ်ထပ်မှ ဆင်းလာချိန်တွင် အဘိုးအိုကို တွေ့ရှိသဖြင့် ကူညီရန်သွားလိုက်ကြသည်။ အားလုံးက အသံလာရာသို့ မော့ကြည့်လိုက်ကြပြီး ကျန်းမာတက်ကြွနေသော အဘိုးအိုကိုမြင်တွေ့ရသောအခါ ထရပ်၍နှုတ်ဆက်ကြလေသည်။
ရှုယန်ဝေမှာ သူမ မေးချင်သော မေးခွန်းကို မေးမြန်း၍မရနိုင်တော့ကြောင်း သိရှိသွားသဖြင့် စိတ်ကို ပြန်လည်တည်ငြိမ်စေကာ ဖခင်ဖြစ်သူကို ပြုံးကာနှုတ်ဆက်လိုက်သည်။
"အားချန်..ကရောက်တော့မှာပါ၊ သမီး အပြင်ထွက်ကြည့်လိုက်ဦးမယ်"
သူမသည် ဘာမှမသိရှိသယောင် ဟန်ဆောင်ကာ ရှင်းပြလိုက်သည်။ အဘိုးအိုက ခေါင်းငြိမ့်ပြကာ သူမကို တစ်ချက်ကြည့်လိုက်သည်။ အဘိုးအိုမှာ ပြုံးနေသော်လည်း ရှုယန်ဝေအတွက်မူ သူမ လိမ်ညာမှုကို အဘိုး သိမြင်နေသကဲ့သို့ခံစားရသဖြင့် အကြည့်များကို ရှောင်လွှဲလိုက်မိသည်။
လူတိုင်းက ယင်းယင်း စိတ်ထဲကအသံကို ကြားနေရခြင်းများလားဟု သူမ တွေးတောနေမိသည်။ ရှုယန်ဝေမှာမူ တခြားအသံမှပြောကြားနေသော အချက်အလက်များကို အတည်ပြုလိုစိတ် ပြင်းပြနေ သဖြင့် တခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူမသည် ချက်ချင်းပင် ဒရိုင်ဘာကိုကားပြင်ခိုင်း လိုက်ပြီး ကိုယ်တိုင် သွားရောက်စစ်ဆေးရန် ပြင်ဆင်လိုက်တော့သည်။
သူမနှင့် ကူးချန်ကြားတွင် အမြဲတစေ ကွာဟချက်တစ်ခု ရှိနေခဲ့သည်မှာမူ ငြင်းမရသော အချက်ပင်။ အဓိကအားဖြင့် သူမတို့နှစ်ဦး၏မတူညီသော နောက်ခံကြောင့်ဖြစ်သည်။
လက်မထပ်မီနှင့် လက်ထပ်ပြီးနောက်ပိုင်းတွင်လည်း သူသည် သူမနှင့်အတူ ရှိနေချိန်ထက် အလုပ်၌ သာအချိန်ကုန်ဆုံးနေတတ်သည်။ သူမကသာ သူ့ကြိုးစားမှုနောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်ပေးခဲ့သည်။ သူသည် မည်သူ့ကိုမှမှီခိုနေခြင်း မဟုတ်ကြောင်း သက်သေပြလိုနေခြင်း ဖြစ်သည်ဟု သူမ စိတ်ထဲထင်မှတ်ခဲ့သည်။
သူ အလုပ်ကို အာရုံစိုက်နိုင်စေရန်အတွက် သူမဘက်မှ အချိန်လျှော့ပေးခဲ့ပြီး သူ ဖုန်းမဆက်သရွေ့ သူမဘက်မှလည်း မနှောင့်ယှက်ခဲ့ပေ။ သူသည်လည်း စနေ၊ တနင်္ဂနွေများတွင် သူမနှင့် အတူရှိပေး တတ်သည်။ အချိန်အတော်များများ၌ ဖုန်းဖြင့် အလုပ်အကြောင်းပြောဆိုနေတတ်သော်လည်း ထိုအချက်မှာ သူ့အပေါ်ထားရှိသော သူမ အချစ်ကိုမူ မပြောင်းလဲစေခဲ့ပေ။
သူမ အမြင်တွင်မူ သူမကိုတွေ့ဆုံရန်အတွက် သူ့အလုပ်များကို ခေတ္တရပ်နားပေးခြင်းမှာပင် ဂရုစိုက်မှုတစ်ခုဟု ထင်မှတ်နေခဲ့သည်။ လက်ထပ်ပြီးနောက်တွင်လည်း ၎င်းတို့နှစ်ဦး တွေ့ဆုံချိန် နည်းပါးနေသော်လည်း သူ ဘာမျှမခံစားရပေ။ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးလျှင် ထိုသူကို အကန့်အသတ်မရှိ ထောက်ခံပေးကာ လွတ်လပ်ခွင့်ပေးရမည်ဟုသာ သူ စိတ်ထဲယုံကြည်ထားခဲ့ သည်။
သို့သော်လည်း စောစောကအသံက ကူးချန်သည် လက်ရှိတွင် မည်သည်တို့ပြုလုပ်နေကြောင်း ပြောပြလိုက်သောအခါ သူမ အမှန်တကယ်ပင် ဒေါသထွက်သွားရသည်။ ဤသည်မှာ အခြေအမြစ် မရှိသော ကောလဟာလများသ ာဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် သူမ ကူးချန်မှာ ဤကဲ့သို့ အရှက်မရှိ သောသူ မဟုတ်ကြောင်း သူ တွေးတောနေမိသည်။