အခန်း (၇)
Vol. 1 Ch. 7
🍁 Chapter 7
ဒေါသထွက်ပြီးနောက်တွင်မူ သူမ စိုးရိမ်စိတ်ဝင်လာရသည်။ အဖေဖြစ်သူကလည်း ကူးချန်ကို သတိထားရန် အကြိမ်ကြိမ် သတိပေးခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမသည် မည်သို့ပင်ဖြစ်စေ ကိုယ်တိုင်သွားရောက် ကြည့်ရှုရန်ဆုံးဖြတ်လိုက်တော့သည်။ သူမ၏ ခြေလှမ်းများ မှာ လွင့်မျောနေပြီး စိတ်ထဲတွင်မူ ကူးချန်နှင့်ပတ်သက်သည့် အမှတ်တရများကသာ ပြည့်နှက်နေ သည်။ သူမ အစွဲအလမ်းများကြောင့် သူ့အပေါ်တွင် အပြစ်အနာအဆာ ရှာမတွေ့နိုင်အောင် ဖြစ်နေရသည်။
ဒရိုင်ဘာက ရိုရိုသေသေဖြင့် ကားတံခါးဖွင့်ပေးလိုက်သောအခါ ရှုယန်ဝေမှာ စိတ်မထိန်းနိုင်ဘဲ "စံအိမ်အပြင်ဘက်က သစ်ပင်ရိပ်လမ်းကိုမောင်းပါ" ဟု ခိုင်းစေလိုက်သည်။ ဒရိုင်ဘာက အံ့ဩသွားသော်လည်း ရိုရိုသေသေပြန်လည်ဖြေကြားသည်။ ရှုယန်ဝေ ကားနောက်ခန်း၌ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ကူးချန်က ကားမှန်ကိုလာရောက်ခေါက်လေသည်။
"အားချန်.."
ကူးချန်ကို မြင်တွေ့လိုက်ရသော ခဏ၌ ရှုယန်ဝေမှာ စိတ်ထဲမှသက်ပြင်းချလိုက်မိသည်။ သူမသည် ချက်ချင်း ကားတံခါးဖွင့်၍ သူ့လက်ကို ပျော်ရွှင်စွာ ချိတ်ကာ ပခုံးပေါ် မှီလိုက်ရင်းပြောလိုက်သည်။
"ဘာလို့..အခုမှ.. ရောက်တာလဲ၊ အားလုံးရောက်နေကြပြီလေ"
"ကိုယ်တောင်းပန်ပါတယ်၊ လမ်းမှာ ကားနည်းနည်းပိတ်နေလို့ပါ၊ မင်း ဘယ်သွားမလို့လဲ.?"
ရှုယန်ဝေ ပြန်မဖြေမီမှာပင် ဒရိုင်ဘာက "သခင်မလေးက အပြင်က သစ်ပင်ရိပ်လမ်းကို သွားမလို့ပါ" ဟု ဝင်ရောက် ဖြေဆိုလိုက်သည်။ ရှုယန်ဝေ မျက်မှောင်ကြုတ်၍ ဒရိုင်ဘာကို အလိုမကျစွာတစ်ချက် ကြည့်လိုက်သည်။
ကူးချန်ကမူ စိတ်ထဲမှအံ့ဩမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်းပြောဆိုလိုက်သည်။
"အိမ်မှာ ပျင်းနေလို့လား၊ တောင်းပန်ပါတယ်၊ ဒီနေ့နေ့လယ် မင်းနဲ့အတူ ရှိပေးဖို့ ကုမ္ပဏီက
နေခွင့်တိုင်ခဲ့သင့်တာ"
သူ့နူးညံ့သော လေသံနှင့် မျက်ဝန်းများထဲမှ ဂရုစိုက်မှုကို မြင်တွေ့လိုက်ရသောအခါ ရှုယန်ဝေ၏ သံသယများမှာ လုံးဝပျောက်ကွယ်သွားတော့သည်။ သူမ ပြုံးပြလိုက်ပြီး "ကိစ္စမရှိပါဘူး၊ အထဲဝင်ရအောင်" ဟု ဆိုလိုက်သည်။ ၎င်းတို့ ဇနီးမောင်နှံလှည့်ထွက်သွားသောအခါ ကူးချန် ဒရိုင်ဘာကိုအပြစ်တင်သည့် အကြည့်ဖြင့် ခက်ထန်စွာစိုက်ကြည့်လိုက်လေသည်။
စနစ်က ပြောဆိုပြီးသည်နှင့် ရှုယန်ဝေသည် ကူးချန် လက်ကိုချိတ်၍ ပြုံးလျက်လျှောက်လှမ်းလာ သည်။
[ဘာမှမပြောနဲ့တော့၊ ဦးလေးရဲ့ရုပ်ရည်ကတော့ ဒေါ်လေးရဲ့ စွန့်လွှတ်မှုနဲ့တကယ်တန်ပါတယ်၊ သူ့ရဲ့ သန့်ပြန့်တဲ့ မျက်နှာနဲ့ရွှေရောင်ကိုင်းမျက်မှန်က တကယ့်ကိုယဉ်ကျေးပြီး ခန့်ညားတဲ့ လူယုတ်မာ ပုံစံမျိုးပဲ]
ရှုယန်ဝေက ကူးချန်ကို တိတ်တဆိတ်ကြည့်လိုက်သောအခါ သူ့ မျက်လုံးထဲမှ ခဏတာထွက်ပေါ် လာသော အံ့ဩမှုနှင့် ဒေါသကိုမြင်တွေ့လိုက်ရသည်။ ထို့ကြောင့် လူတိုင်း ယင်းယင်း၏ စိတ်ထဲက အသံကို ကြားနေရသည်မှာသေချာသွားပြီဖြစ်သည်။
[ဟင်း.. ဒီလိုရုပ်မျိုးနဲ့ဆိုရင် စိတ်ဓာတ်မခိုင်မာတဲ့သူဆိုရင် မိနစ်ပိုင်းအတွင်းကျဆုံးသွားမှာပဲ၊ အချစ်ရူးမလေးဖြစ်နေတဲ့ ဒေါ်လေးဆိုရင်တော့ ပြောမနေနဲ့တော့]
[ရှုမိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းက ဖုန်းရွှေမကောင်းဘူးလို့ ငါ သံသယဖြစ်မိတယ်၊ အကြီးဆုံးနဲ့ အငယ်ဆုံးက အချစ်ရူးတွေဖြစ်နေပြီး ဒုတိယတစ်ယောက်ကတော့ ကာမဂုဏ်လိုက်စားတဲ့သူ ဖြစ်နေတယ်၊ လုံးဝကိုဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ပဲ]
[ဒီလို သားသမီးတွေနဲ့တွေ့ရတာ အဘိုးကတော့ ကံဆိုးတာပဲ၊ ဦးနှောက်သွေးကြောပိတ်တာက ကုလို့ရသေးတယ်၊ မိသားစုစီးပွားရေးအတွက် ဘယ်လောက်တောင် စိတ်ပူနေရမလဲ၊ တစ်ခါတ လေကျရင် အရမ်းချမ်းသာတာကလည်း ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူးပဲ၊ ဟင်း..]
ရှုယင်းယင်းက မသိစိတ်ဖြင့် အဘိုးဖြစ်သူ ရှုဟုန်ရှန်းကို ခိုးကြည့်လိုက်ရာ အဘိုး အကြည့်နှင့် တည့်တည့် တိုးသွားတော့သည်။ ရှုယင်းယင်းမှာကြောင်သွားပြီး အတတ်နိုင်ဆုံး ယဉ်ကျေးသော အပြုံးလေးဖြင့် ပြုံးပြကာ "နေကောင်းလား အဘိုး" ဟု ချိုသာစွာ နှုတ်ဆက်လိုက်သည်။
အဘိုးအိုကမူ ဩဇာအပြည့်ရှိသော အထက်လူကြီးတစ်ဦး၏ခန့်ညားမှုကို ထိန်းသိမ်းထားသော်လည်း သူ့အသံမှာမူ နူးညံ့နေပြီး ခေါင်းငြိမ့်ပြကာ ဆိုလိုက်သည်။
"အားမနာနဲ့နော်၊ ဒါ ငါ့မြေးရဲ့အိမ်ပဲလေ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဘိုး.."
အဘိုးအိုမျက်လုံးများထဲတွင်မူ စိတ်အေးသွားသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ ဤ ကလေးမလေးမှာ ရိုးသားဟန်ရှိသော်လည်း စိတ်ကူးစိတ်သန်းမှာမူ တော်တော်လေးလန်းဆန်း တက်ကြွလှပေသည်။ သူမ ပြောဆိုသောစကားများမှာလည်း အဓိပ္ပာယ်ရှိလှသည်ဟု သူတွေးတော နေမိသည်။
ဤသို့ကြည့်လျှင် မိမိ၏ထူးချွန်သော မျိုးရိုးဗီဇများအားလုံးမှာ ထိုမြေးမလေးထံသို့သာ အကုန်လုံး စီးဆင်းသွားခြင်းသာဖြစ်မည်ဟု အဘိုးအို ကျေနပ်စွာ တွေးတောလိုက်တော့သည်။
ရိုးရှင်းသော နှုတ်ဆက်စကားများ ဆိုပြီးနောက် မိသားစုဝင်များမှာ အစဉ်လိုက် ထိုင်လိုက်ကြသည်။ ထိုအခါ အဘိုးအိုမှ ရှုယင်းယင်းအား သူ့ ဘယ်ဘက်ဘေးတွင် ထိုင်ရန် အချက်ပြလိုက်သည်။
ဤလုပ်ရပ်မှာ ရှုယန်ရွေ့နှင့် သူ၏ဇနီးဖြစ်သူတို့ကို အကြီး အကျယ် ထိတ်လန့်သွားစေသည်။ ထိုနေရာမှာ သူတို့သားဖြစ်သူ ရှုယောင်အတွက် သူတို့လင်မယား နှစ်ယောက်အမြဲသတ်မှတ်ထားသော နေရာဖြစ်ပြီး အကြီးဆုံးသားနှင့် အကြီးဆုံးချွေးမပင် ထိုကဲ့သို့ အခွင့်အရေးမျိုး ရရှိခဲ့ဖူးခြင်းမရှိပေ။ ထိုနေရာမှာ မိသားစုအမွေဆက်ခံမည့်သူအတွက် သက်မှတ်ထားသည့်နေရာနှင့် တစ်ထပ်ထည်းတူနေသဖြင့် ယခုကဲ့သို့ ရှုယင်းယင်းကို နေရာပေးလိုက်ခြင်းအပေါ် သူတို့ မည်သို့မျှ စိတ်မအေးနိုင်ဘဲရှိနေကြသည်။
ထိုမျှမကသေးဘဲ အဘိုးအိုကိုယ်တိုင် ရှုယင်းယင်းအတွက် ဟင်းများ ခက်ပေးခြင်း၊ ဘာစားချင်သလဲဟုအစပြုမေးမြန်းခြင်းတို့ဖြင့် သူမကို အရေးပေးချစ်ခင်ကြောင်း ပြသနေ သည်။ ဤသည်မှာ ရှုယောင်အပေါ် ဂရုစိုက်မှုထက်ပင် သာလွန်နေသဖြင့် အဘိုးအို၏ရည်ရွယ်ချက်မှာ အဘယ်နည်းဟု လူတိုင်း တွေးတောနေကြသည်။
ရှုဟုန်ရှန်းသည် သူ၏ ဒုတိယသားမျက်နှာမှ ပျာယာခတ်နေမှုကိုလည်းကောင်း၊ သာကြီး၏မျက်နှာမှ ထိတ်လန့်မှုကိုလည်းကောင်း၊ သားလတ်နှင့် ချွေးမ၏ကျေမနပ်ဖြစ်မှုကိုလည်းကောင်း အကုန်မြင်တွေ့နေရသည်။ ဤသည်မှာ သူဖြစ်ချင်သော အကျိုးသက်ရောက်မှုပင်။
စောစောက လူတိုင်းအမူအရာကို ကြည့်ခြင်းအားဖြင့် ရောက်ရှိနေသူအားလုံးမှာ သူ့မြေးမလေး အသံကို ကြားနေရကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ မြေးမလေးကိုယ်တိုင်ကမူ ဤအချက်ကို မသိရှိသေးသဖြင့် အခြေအနေမှာ ပို စိတ်ဝင်စားစရာ ကောင်းနေတော့သည်။ ပုံမှန်အားဖြင့် မသိစိတ်မှ ထွက်ပေါ်လာသော ဤကဲ့သို့ ရိုးသားသည့် သဘောထားမျိုးမှာ အဖိုးတန်ဆုံးပင်။
ယခုအချိန်မှာ မိသားစုပိုင်ဆိုင်မှု ခွဲဝေရေးအတွက် အရေး ကြီးသော အချိန်ဖြစ်သဖြင့် ပုံမှန်ရက်များတွင် မည်မျှပင် ဟန်ဆောင်ကောင်းသူဖြစ်ပါစေ ယခုအချိန်၌ ငြိမ်သက်စွာမနေနိုင်ကြတော့ပေ။အဘိုးအိုသည် သူ၏ပိုင်ဆိုင်မှုများကို မည်သို့ခွဲဝေရမည်ကို အမြဲစိုးရိမ်ပူပန်နေခဲ့သည်။
ပေါ့ဆသော သားသုံးယောက်လက်ထဲတွင် သူပင်ပန်းကြီးစွာ တည်ဆောက်ခဲ့သေသူ၏လုပ်ငန်းများ ပျက်စီးသွားမည်ကိုသော်လည်းကောင်း၊ မရိုးသားသောသူများက လုယူသွားမည်ကိုသော်လည်းကောင်း သူစိုးရိမ်နေခဲ့ရသည်။
ယခုအခါ မိသားစုထဲသို့ ကယ်တင်ရှင်တစ်ဦး ရုတ်တရက် ရောက်ရှိလာသဖြင့် သူ၏ ကာလရှည်ကြာ ဒုက္ခများကို အားစိုက်စရာမလိုဘဲ ဖြေရှင်းနိုင်တော့မည်ဖြစ်ရာ သူ မည်သို့မျှ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ သူသည် မြေးမလေး ၏စွမ်းအားကို ကောင်းစွာအသုံးချ၍ ပြုပြင်ပြောင်းလဲမှုများကို အကြီအကျယ်လုပ်ဆောင်ရမည်ဖြစ်သည်။
ရှုယင်းယင်းသည် ဘေးပတ်ဝန်းကျင်မှ မကြည်မလင်သော အကြည့်များကို သတိထားမိသွားသဖြင့် စိတ်ထဲမှညည်း တွားလိုက်သည်။
[ရှောင်ချီ... အဘိုးက ငါ့ကို သူတို့နဲ့ ရန်တိုက်ပေးနေတာလားမသိဘူး၊ ဒုတိယဦးလေးနဲ့ ဒုတိယဒေါ်လေးက ငါ့ကို ကြည့်နေတာ အပိုင်းပိုင်း ဆွဲဖြဲချင်နေတဲ့အတိုင်းပဲ၊ မသိရင် ငါကပဲ သူတို့ကို ခေါင်းရိုက်ခွဲထားဖူးသလိုလိုနဲ့ လူတွေက တမျိုးထင်ကုန်တော့မှာပဲ]
ရှုယန်ရွေ့နှင့် သူ့ဇနီးမှာ ထိုစကားကြောင့် ဆွံ့အသွားကြသည်။ ၎င်းတို့သည် သူတို့ စိတ်ခံစားချက်များကို ချက်ချင်း ပြန်လည်ထိန်းညှိလိုက်ပြီး ရှုယင်းယင်းအတွက် ဟင်းများ ခက်ပေးကာ ထမင်းစားပွဲက စကားဝိုင်းကို ပိုမိုမြိုင်ဆိုင်လာအောင် သူတို့တွေ အပြိုင်အဆိုင် ကြိုးစားကြတော့သည်။ ဒါကလည်း ရှုယင်းယင်းက သူတို့အကြောင်းကို ဆက်လက်ပြောဆိုနေမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
[အိုး... ဒီဇနီးမောင်နှံက စကားပြောတာ တကယ်တော်တာပဲ၊ သုံးခွန်းပြောရင် တခွန်းကသူတို့သားအကြောင်းက မပါမဖြစ်ပဲ၊ ဒါက ဘာလဲ... ငါ့ရဲ့ ချမ်းသာတဲ့ မိသားစုက သား ယောက်ျားလေး မမွေးနိုင်တာကို ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးနှက်နေကြတာလား!!!]
[ငါ့မိဘတွေက အဘိုးရဲ့ လုပ်ငန်းတွေအပေါ် ဘာမှမျှော်လင့်မထားကြပေမယ့် ဒုတိယဦးလေးတို့ရဲ့ အပြုအမူကတော့ တကယ်ကို သရုပ်ပြက်လွန်းတယ်]
[ဘီလီယံနာ သူဌေးကြီးတစ်ဦးဖြစ်လာအောင် သူကိုယ်တိုင် ကြိုးစားတည်ဆောက်လာခဲ့တဲ့ အဘိုးလိုလူမျိုးရှေ့မှာ ဒီလိုလှည့်ကွက်တွေ သုံးနေတာက သူတို့အတွက် အရည်အချင်း မရှိရာ မရောက်ဘူးလား..]
[ဒီနေ့က အဘိုးအတွက် တကယ်ပဲ စိတ်မကောင်းဖြစ်မိတဲ့ နေ့တစ်နေ့ပါပဲ၊ အဘိုးရဲ့သားသမီးသုံးယောက်စလုံးက အဘိုးရဲ့ ထက်မြက်တဲ့အသိဉာဏ်တွေကိုတော့ အမွေမရခဲ့ကြဘူးပဲ... ဟင်း..!!]
ရှုယန်ရွေ့နှင့် ဇနီးဖြစ်သူတို့၏မျက်နှာပေါ်မှ အပြုံးများမှာ တင်းခနဲ ဖြစ်သွားရသည်။ ရှုယင်းယင်းသာ သူတို့၏ စိတ်ထဲမှ အသံကို ကြားနိုင်ပါက အဆင့်တန်းရှိချမ်းသာကြတဲ့လူများက လူကို ဤမျှရိုင်းစိုင်းစွာ ဆဲဆိုတတ်ကြသည်ကို သိလိုက်ရလျှင် ထိတ်လန့်သွားပေလိမ့်မည်။
[ဟေး...သူတို့ ဘာလို့ စကားမပြောတော့တာလဲ၊ ရယ်လည်း မရယ်ကြတော့ဘူး၊ စားပွဲပေါ်မှာလည်း ခါးတဲ့ဟင်းတွေ မပါပါဘူး၊ ဘာလို့..သူတို့မျက်နှာတွေက ခါးသီးနေကြတာလဲ၊ ထူးဆန်းလိုက်တာ..!]