အခန်း (၉)
Vol. 1 Ch. 9
🍁 Chapter 9
ရှုယန်ဝေသည် အံကို တင်းတင်းကြိတ်ထားရင်း သူမ၏ နားကပ်တစ်ဖက်ကို မသိမသာ ဖြုတ်လိုက်သည်။ ထို့နောက် နားကပ်ပျောက်သွားသလို ဟန်ဆောင်ကာ ရှာဖွေရင်း အောက်ကိုငုံ့ကြည့်လိုက်မိရာ သူမ ဘေးတွင် ထိုင်နေသော ကူးချန် နှင့် ထန်ဝမ်တို့၏ခြေထောက်ပေါ်သို့ အကြည့်ရောက်သွားသည်။
ထန်ဝမ် ခြေဖမိုးမှာ ကူးချန် ဝတ်စုံဘောင်းဘီတစ်လျှောက် ဖြည်းညှင်းစွာ ပွတ်သပ်နေပြီး ကူးချန်မှာလည်း တမင်သက် သက်ပင် သူ့ပေါင်ကို သူမဘက်သို့ တိုးကပ်ပေးကာ အလိုက် သင့်တုံ့ပြန်နေကြသည်။ ၎င်းတို့နှစ်ဦးမှာ မိသားစုဝင်များရှေ့တွင်ပင် တစ်ဦးကိုတစ်ဦး ရဲတင်းစွာ မြှူဆွယ်ကျီစယ်နေကြခြင်းဖြစ်သည်။
ရှုယန်ဝေမှာ နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်မိသည်။
လူအများရှေ့တွင်ပင် သုံးနှစ်တာကာလပတ်လုံး မျက်နှာချင်း ဆိုင်ရုံသာ သိရှိခဲ့ကြသော ထိုနှစ်ဦးမှာ ကွယ်ရာတွင် ဤအ ဆင့်အထိ ရောက်နေကြလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ယခုမှမူာ မိသားစု ထမင်းစားပွဲဖြစ်သည် မဟုတ်ပါလား။ အားလုံး၏ ရှေ့တွင်ပင် ဤမျှအရှက်မဲ့နေကြလျှင် မျက်ကွယ်ရာအချိန်များ၌ မည်သို့ရှိနေမည်ကို သူ မတွေးရဲတော့ပေ။
ရှုယန်ဝေသည် လွန်ခဲ့သော တစ်နှစ်အတွင်း ကူးချန်၏အပြု အမူများကို ရုတ်တရက် သတိရသွားသည်။ ရာထူးတိုးပြီးနောက် ပိုကြိုးစားရမည်ဟု အကြောင်းပြကာ ညလုံးပေါက် အလုပ်ဆင်းခြင်း၊ တစ်လလျှင် အလုပ်ကိစ္စဖြင့် ခရီးထွက်ရသည့် ရက်ပေါင်း ၂၀ ကျော် ကာလတို့မှာ အမှန်တကယ်တော့...သူတို့တွေ...
ရှုယန်ဝေသည် ဆက်မတွေးရဲတော့ပါ။ သူမ၏ ရင်ဘတ်ထဲတွင် တစ်စုံတစ်ယောက်က အပေါက်ဖောက်လိုက်သကဲ့သို့ လှစ်ဟာ သွားသလို ခံစားရပြီး အေးစက်ကာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။
ဘေးနားကခုံတွင် လူမရှိသည်ကို သတိပြုမိသွားသည့် ကူးချန်သည် ရုတ်တရက် သတိဝင်လာပြီး သူ၏ခြေထောက်ကို အမြန်ပြန်ရုပ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့နေသော ဇနီးဖြစ်သူကို ကြည့်ကာ "ဘာဖြစ်လို့လဲ" ဟု ကိုယ်ကို အမြန်ကိုင်း၍ မေးလိုက်သည်။
ရှုယန်ဝေသည် သူမ စိတ်ခံစားချက်ကို အလျှင်အမြန်ပဲ ထိန်းညှိလိုက်ပြီး နားကပ်ကို ကောက်ကိုင်ကာ "နားကပ်ရှာနေတာပါ" ဟု ပြောလိုက်သည်။
"ကိုယ်.. ဝတ်ပေးမယ်လေ"
ကူးချန်က လှမ်းယူရန် ကြိုးစားသော်လည်း သူမက ပါးနပ်စွာ ရှောင်တိမ်းလိုက်ပြီး "ရပါတယ်၊ ဒီနားကပ်က ဝတ်ရတာ နည်းနည်းခက်တယ်လေ ပြုတ်ကျသွားတာလည်း ကောင်းပါတယ်"
ကူးချန်က အလိုက်သင့်ပင် "ဒါဆို မနက်ဖြန် ကိုယ်နဲ့အတူ အသစ်သွားဝယ်ကြမလား၊ ကိုယ် အလုပ်ကနေ နေတစ်ဝက် ခွင့်ယူလိုက်မယ်လေ ဟုတ်ပြီလား" ဟု ချော့မော့လိုက်သည်။
"အင်း"
ရှုယန်ဝေက ပြုံးပြလိုက်သော်လည်း သူမ ပါးစပ်ထဲတွင်မူ ခါးသီးမှုများက အဆုံးအစမရှိ ပြန့်နှံ့သွားတော့သည်။
ရှုယင်းယင်း ထမင်းစားခြင်း၌ အာရုံရောက်နေစဉ် စနစ်မှာ အတင်းအဖျင်းများကို ဆက်လက်စူးစမ်းနေပြီး ရှုယင်းယင်း ဗိုက်ဝသွားချိန်၌ ယခင်အကြောင်းအရာကို ဆက်ပြောရန် စောင့်ဆိုင်းနေသည်။ တစ်ချိန်တည်းမှာပင် ဤနေရာ၌ ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေရင်း ရှုယန်ဝေ၏ မျက် နှာလေးမှာ သိသိသာသာ ဖြူဖျော့သွားသည်ကို မြင်သော အခါ စနစ်မှာ အံ့အားသင့်သွားရသည်။
[အိုး... မဟုတ်တော့ဘူး၊ ဒေါ်လေးက ဒုတိယဒေါ်လေးနဲ့ တတိယဦးလေးတို့ စားပွဲအောက်မှာ အချင်းချင်း မြှူဆွယ်နေတာကို မြင်သွားတာ မဟုတ်ဘူးလား..!!!]
[ဟင်!!!! မြှူဆွယ်နေတာ ဟုတ်လား၊ ဘယ်သူနဲ့ ဘယ်သူနဲ့လဲ..??]
ထိုသတင်းမှာ အလွန်ပြင်းထန်လွန်းလှသဖြင့် ရှုယင်းယင်းမှာ ထမင်းစားနေရာမှ အံ့အားသင့်စွာ မော့ကြည့်လိုက်မိသည်။
[စောစောက..နင် ထမင်းစားနေတုန်း ငါ့ ပြောလက်စ စကားလေ၊ ဒီဦးလေးနဲ့ ဒုတိယဒေါ်လေးတို့မှာ ပတ်သက်မှု ရှိနေတာလေ..]
"ဖူး... အဟွတ်!!!အဟွတ်!!!"
ရှုယန်ဝမ်သည် ဖုံးကွယ်ရမည်ကို အသိဆုံးဖြစ်သော်လည်း ဤအတင်းအဖျင်းသတင်းကြောင့် ရုတ်တရက် ထသီးသွားရသည်။
ရှုယင်းယင်းက သူမ ဖခင်ကို တစ်ရှူးအမြန်ယူပေးကာ
"အဖေ... ဖြည်းဖြည်း..လုပ်ပါ"
ကျန်းရှင်းမှာလည်း အမှန်တကယ် ထိတ်လန့်သွားသော် လည်း သူမ သမီးလေးကို သံသယမဝင်စေရန် မသိကျိုးကျွံပြုရမည်ကို သူမ သိသည်။
သူမက ချက်ချင်းပင် စိတ်ဆိုးဟန်ဖြင့် "ကြည့်စမ်း... ရှင် အခုတလောချောင်းဆိုးတာက ပိုပိုဆိုးလာပြီ၊ ခဏခဏချောင်း ဆိုးနေတာပဲ၊ မနက်ဖြန်တော့ ဆေးရုံသွားပြီး စစ်ဆေးမှု လုပ်ရမယ်"
ထိုအခါ ရှုယန်ဝမ်က ချက်ချင်းပင် "အင်း... ဟုတ်ပါပြီ ကိုယ်လုပ်ပါ့မယ်၊ အားလုံးပဲ အားနာပါတယ်၊ ကျွန်တော် ရိုင်းစိုင်းမိသွားပါပြီ"
အဘိုးအိုက တည်ငြိမ်စွာပင် "ရပါတယ်၊ မနက်ဖြန် ဆေးရုံသွားပြီး တစ်ကိုယ်လုံး စစ်ဆေးမှု လုပ်ဖို့မမေ့နဲ့ဦး"
ရှုယန်ရွေ့ကမူ မျက်နှာနီမြန်းလျက် "ကျွန်တော် သိတဲ့ ဆရာဝန်တစ်ယောက် ရှိတယ်၊ အစ်ကိုကြီး သွားမယ့်အချိန် ပြောလေ၊ ကျွန်တော် သူ့ကို အကူအညီတောင်းပေးမယ်" ဟု အတင်းအကျပ် ဂရုစိုက်ပြလိုက်သည်။
ရှုဝန်ယမ်က "အေးအေး... ကျေးဇူးတင်ပါတယ် ညီလေး" ဟု ပြန်ပြောလိုက်သော်လည်း သူ့ ညီဖြစ်သူကို ကြည့်နေသော အကြည့်မှာ သနားဂရုဏာများ ပြည့်နှက်နေပြီး "ဖောက်ပြန်ခံနေရတဲ့ ညီလေးရေ... ကျေးဇူးပါပဲ" ဟု ပြောနေသကဲ့သို့ပင်။
ရှုယန်ရွေ့မှာမူ ရှုယင်းယင်းလည်ပင်းကို လိမ်ချိုးချင်စိတ်များ ပေါက်နေသည်မှာ တစ်ကြိမ်၊ နှစ်ကြိမ် မကတော့ပေ။ အစားတွေ အများကြီး စားနေတာတောင် သူမ၏ ပါးစပ်က ဘာလို့ မနားနိုင်ရသလဲဟု သူ တွေးနေမိသည်။
သူသည် စိတ်ထဲမှ ဆဲဆိုနေသော်လည်း အကိုတစ်ယောက်၏ ဝတ္တရားအရ ရှုယန်ဝေ၏ရှေ့မှ ဟင်းကို သူမဘက်သို့ လှည့်ပေးကာ "ဝေဝေ... ဒါ နင် အကြိုက်ဆုံဟင်းပဲလေ" ဟု အသာ အယာ ပြောလိုက်သည်။
ထိုအခါ ရှုယန်ဝေသည် သူ့ ဇနီးကိုမထိန်းနိုင်သော ဒုတိယအစ်ကိုဖြစ်သူအားကြည့်ကာ ဘာမျှမဖြစ်သကဲ့သို့ ဟန်ဆောင်ရန် မစွမ်းသာတော့ပေ။ သူမသည် ရှေ့ရှိ ဟင်းကို ကြည့်ကာ "အခု အဲဒါကို မကြိုက်တော့ဘူး...."ဟု ခပ်အေး အေးပင် ပြောလိုက်သည်။
ဤသည်မှာ သူမက သူ့အပေါ် မနာလိုဖြစ်နေခြင်းဟု ရှုယန်ရွေ့ ထင်မှတ်နေသော်လည်း အမှန်မှာ ထန်ဝမ်သည် သူ့ခေါင်းပေါ်၌ လှပစွာကစားနေကြောင်း သူ ပထမဆုံးအကြိမ်အဖြစ်သိရှိသွားခြင်းပင်။
ရှုယန်ရွေ့ ထန်ဝမ်အားဒေါသတကြီး စိုက်ကြည့်လိုက်သော် လည်း သူမကမူ ဘာမျှမသိသယောင် ဟန်ဆောင်ကာ ထမင်းကိုသာ ဟန်မပျက်ဆက်စားနေလေသည်။ ထန်ဝမ်သည် ချမ်းသာသော လူ့အသိုင်းတွင် သိက္ခာကို အလေးထားရမည်ဟူသော အချက်ကို သိထားသောကြောင့် ကူးချန်ကို အရှက်မဲ့စွာပင် မြှူဆွယ်ရဲနေခြင်းဖြစ်သည်။
တကယ်တော့ ကူးချန်သည်လည်း မရိုးသားသူဖြစ်ရာ လက် ခုပ်တီးလျှင် နှစ်ဖက်မြည်သည် မဟုတ်လား။ အကယ်၍ အပြစ်တင်မည်ဆို ရှုယန်ဝေ၏အချစ်ရူးမှုက ကူးချန်၏ ဖောက်ပြန်မှုများကို တစ်ကြိမ်ပြီးတစ်ကြိမ် သည်းခံခွင့်လွှတ်နေခြင်းကိုသာ အပြစ်တင်ရမည်ဖြစ်သည်။
ယင်းယင်း ပြောသကဲ့သို့ပင် ကူးချန် မျက်နှာဖုံးကွာကျသွားပြီး ရှုယန်ဝေက လုံးဝလက်လျှော့လိုက်ချိန်မှသာ အရာအားလုံးပြေလည်သွားပေလိမ့်မည်။ သူ လုပ်ရမည့်အရာမှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရန်သာ။
အမှန်ဆို ရှုယန်ဝေမှာ မိုက်မဲသူမဟုတ်ပေ။ ကူးချန်၏ ထူးဆန်းသော အမူအရာများကို လက်ထပ်ပြီး ဒုတိယနှစ်ကတည်းက သူမသံသယဝင်ခဲ့မိသည်။ ထိုကြောင့် သူမသည် အလွတ်စုံထောက်ငှား၍ စစ်ဆေးခဲ့ဖူးရာ သူ့ ဖောက်ပြန်မှုများကို အကုန်သိရှိခဲ့သည်။ သို့တိုင် ဒါ..အလုပ်ဖိအားများ၍ ခဏတာ မှားယွင်းခြင်း ဟုသာ ကိုယ့်ကိုယ်ကိုယ်လိမ်ညာခဲ့သည်။
သူမ၏ အမြင်တွင် ယောက်ျားဟူသည် အိမ်သို့ပြန်လာလျှင်ပင် တော်ပါပြီဟုသာ ယုံကြည်ထားခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နှစ်များအတွင်း စုံထောက်မှ ပေးပို့လာသော ဓာတ်ပုံများမှာ တစ်လတစ်ကြိမ်မှသည် တစ်ပတ်တစ်ကြိမ် သို့ဖြစ်လာသောအခါ သူမ ထိုအရာတွေကို မကြည့်ချင်တော့သဖြင့် ရှောင်လွှဲခဲ့မိသည်။ သူမသည် သူ ငြီးငွေ့သွားမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့မိသည်။
သူမသည် ကလေးရယူရန် အမြဲကြိုးစားခဲ့သော်လည်း ယခုအထိ မအောင်မြင်ခဲ့ပေ။ ဆရာဝန်ပေါင်းစုံနှင့် ပြသခဲ့သော် လည်း သူမ ကိုယ်ခန္ဓာမှာ ဘာပြဿနာမျှ မရှိဘဲ ကိုယ်ဝန်မရနိုင်ဖြစ်နေသည်။ ယခုဆို သူမ အသက်မှာ ၃၀ နီးပါးရှိလာပြီဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ အခွင့်အလမ်းများ ပိုနည်းလာမည်ကို စိုးရိမ်နေရသည်။
ရှုယင်းယင်းမှာမူ အတင်းအဖျင်းများကို ဆက်လက်နား ထောင်နေပြန်သည်။
[ရပါတယ်... ဆက်ပြောပါ]
[စောစောက နင် ထမင်းစားနေတုန်းမှာ ဒုတိယဒေါ်လေးနဲ့ တတိယဦးလေးက စားပွဲအောက်မှာ မြှူဆွယ်နေကြတာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒေါ်လေးက နားကပ်ပြုတ်ကျလို့ ငုံ့အကောက်မှာ အဲဒါကို မြင်သွားတယ်]
ရှုယင်းယင်းမှာ ရုတ်တရက် အသက်ရှူရပ်မတက် ခံစားသွားရပြီး [ဒါဆို ဒေါ်လေး မြင်သွားတာလား..!!!] ဟု စိုးရိမ်တကြီး မေးလိုက်သည်။
[ငါက အကုန်လုံးကို မြင်နေရတာ မဟုတ်တော့..! ဒေါ်လေးက နားကပ်ကောက်ပြီး ဦးလေးကို ပြန်ပြုံးပြလိုက်တာကို ကြည့်ရင် မမြင်လိုက်ဘူး လို့တော့..ထင်တာပဲ..!!]
[အာ...!!!]
ရှုယင်းယင်းက နှမြောတသစွာနဲ့သက်ပြင်းချလိုက်ပြီး
[ဒါကို မမိလိုက်ဘူးလား၊ သူတို့ ကံကောင်းတယ်လို့ပဲ ပြောရမလားပဲ၊ ဘုရားကလည်း တကယ် မတရားလိုက်တာ၊ ဒေါ်လေးလို မိန်းမကောင်းက ဘာလို့ ဒီလို လူယုတ်မာမျိုးနဲ့ မှ တွေ့ရတာလဲ]
[နင်ပဲ ပြောခဲ့တယ်လေ ဒေါ်လေးက အချစ်ရူးပါဆို၊ မိသွားရင်တောင်မှ သူမက အဲဒီလူယုတ်မာကိုပဲ ဆက်ပြီးကာကွယ်ပေးဦးမှာ]
[အဲဒါ အဓိကပဲ၊ အချစ်ရူးတွေက တစ်ဖက်လူရဲ့ အပြစ်တွေကို ဖုံးကွယ်ပေးပြီး ကောင်းတာလေးတွေကိုပဲ မြင်အောင် ကြည့်တတ်ကြတာ]
[ဒါပေမဲ့ ဒီလိုမျိုး မြှူဆွယ်တာက မျက်စိရှေ့မှာတင်လေ၊ ဒုတိယဒေါ်လေးက အသက်လည်းကြီးပြီး ရုပ်ဆိုးတာကို ဒေါ်လေးထက် အများကြီးကို နိမ့်ကျနေတာတောင်မှ အဲဒါကိုမြှူဆွယ်ရဲသေးတယ်နော်..]
ရုတ်တရက် အစော်ကားခံလိုက်ရသော ထန်ဝမ်မှာ ဒေါသထွက်သွားသော်လည်း ဘာမျှမတတ်နိုင်ပေ။
[နင် မကြားဖူးဘူးလား၊ ယောက်ျားဆိုတာ နံရံပေါ်က ဓာတ်ပုံဖြစ်သွားမှပဲ ငြိမ်မှာ၊ အဲဒီမတိုင်ခင်အထိတော့ ရုပ်လှလား ဆိုးလား မခွဲခြားဘဲ အမြှူဆွယ်ခံရရင် ပါသွားမှာ..ပဲ၊ ဒေါ်လေးရဲ့ အမျိုးသားနဲ့ ဒုတိယဦးလေးက အဲဒီလိုလူမျိုးတွေလေ၊ နင့်ရဲ့ အဖေနဲ့ အဘိုးကတော့ တကယ့်ကို လူကောင်းသူကောင်းတွေပါ]
ရုတ်တရက်ကြီး အချီးကျူးခံလိုက်ရသော ရှုယန်ဝမ်မှာ ပုခုံးကို ဂုဏ်ယူစွာ ဆန့်တန်းလိုက်မိသည်။