အခန်း (၁၀)
Vol. 1 Ch. 10
🍁 Chapter 10
[ဟင်း... ဒေါ်လေးက တော်တော်လေးသည်းခံနိုင်တာပဲ၊ ငါသာဆိုရင်တော့ အဲဒီနေရာမှာတင် သူ့ကို နာနာလေး ဆုံးမလိုက်မှာ၊ ဒါမှမဟုတ်လည်း သူ့ရဲ့ "ပစ္စည်း" ကို သိမ်းလိုက်ပြီး မိန်းမလျာဖြစ်အောင် လုပ်ပစ်လိုက်မယ်]
ကူးချန်မှာ ထိုစကားကြောင့် မသိစိတ်မှခြေထောက်ကို စေ့လိုက်ပြီး ရှုယင်းယင်းကို ဒေါသတကြီးကြည့်လိုက်သည်။
အဘိုးအိုက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး "ငါ့မှာ..ကြေညာစရာတခုရှိတယ်" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
အားလုံးက အဘိုးဖြစ်သူကို တပြိုင်တည်းလှည့်ကြည့်လိုက်ကြရာ အဘိုးက "ယင်းယင်းကို ကုမ္ပဏီမှာ အတွေ့အကြုံ ယူခိုင်းမလို့ လောလောဆယ်တော့ ထန်ဝမ်နဲ့အတူ ဖုန်းရိကုမ္ပဏီမှာပဲ အရင်ဆုံး အတွေ့အကြုံတွေကို သင်ယူခိုင်းမယ်"
ရှုယင်းယင်း လက်မှာ တုန်သွားပြီး သူမ လက်ထဲက ခက်ထားတဲ့ဥလေးတောင် ပန်းကန်ပေါ်သို့ ပြုတ်ကျသွားသည်။
[ကယ်ကြပါဦး... ငါက အေးအေးဆေးဆေးပဲ နေချင်တာပါ၊ အဘိုးက ဒီလောက်ချမ်းသာတာကို ငါ့ကို အလကား ကျွေးမထားနိုင်ဘူးလား..??]
[ဟဲဟဲ... ချမ်းသာတဲ့သူတွေက ပိုပြီး တွက်ကပ်တတ်တာကို သတိထား..!!] ဟု ဆိုပြီးနောက် စနစ်မှာ ပျောက်ကွယ်သွားတော့သည်။
ရှုယင်းယင်းမှာလည်း [နင်... သစ္စာမရှိတဲ့ကောင်!] ဟု စိတ်ထဲမှ ဆဲဆိုနေမိသည်။
ကျန်ရှိသောလူများမှာလည်း ဤဆုံးဖြတ်ချက်ကြောင့် ထိတ် လန့်သွားကြပြီး ယင်းယင်း စိတ်ထဲကအသံကိုပင် အာရုံမစိုက်နိုင်ကြတော့ပေ။
"ရှင်..?"
ထန်ဝမ်က အရင်ဆုံး သတိဝင်ပြီး အော်လိုက်မိသွားသည်။ သူမ ဌာနချုပ်ကို ရောက်ရောက်ချင်းမှာပဲ၊ ငါ့နောက်ကို လိုက်ခိုင်းတာလား ? သူမသည် မိမိနေရာကို လုချင်လို့လားဟု စိုးရိမ်သွားသည်။
ရှုယန်ရွေ့ကလည်း "အဖေ... ယင်းယင်းက အခုမှ အိမ်ပြန်ရောက်တာလေ၊ မိသားစုနဲ့တောင် မရင်းနှီးသေးဘူး၊ ကုမ္ပဏီကို လွှတ်လိုက်တာက အရမ်းမစောလွန်းဘူးလား" ဟု ကန့်ကွက်လိုက်သည်။
ရှုယန်ဝမ်ကလည်း "ဟုတ်ပါတယ် အဖေ၊ ယင်းယင်းကို မိသားစု စီးပွားရေးတွေထဲ အစောကြီး မသွင်းပါနဲ့ဦး၊ သူမကို မိသားစုနဲ့ အသားကျပြီး ရင်းနှီးမှုရှိအောင် အရင်လုပ်ပါစေဦး၊ ကုမ္ပဏီမှာက ယောင်ယာင်လည်း ရှိနေတာပဲ မဟုတ်ဘူးလား" ဟု ဆိုလိုက်သည်။
ရှုယန်ဝမ်သည် အဘိုးအို၏အကြံကို ရိပ်မိလိုက်သည်။ အဘိုးအိုသည် သူ့ သမီးကြီးကို တိုက်ပွဲမြေပြင်ထဲသို့ ပစ်ထည့်ကာ သူမ စိတ်ထဲကအသံဖြင့် အခြေအနေကို ပိုမိုရှုပ်ထွေးအောင်ပြုလုပ်လို ခြင်းဖြစ်သည်။ အဘိုးကြီး ကိုယ်တိုင်ကမူ အသာလေး အနောက်ကနေ အမြတ်ထုတ်ရန် ကြံစည်နေခြင်းပင်။
အဘိုးကြီးအတွက်တော့ အလုပ်သက်သာသွားသော်လည်း ယင်းယင်းအတွက်မူ အန္တရာယ်များစွာရှိနိုင်သည်။ ကုမ္ပဏီတွင်းရှိ ဝါရင့်လူကြီးများတင်မကဘဲ ရှေ့တွင်ရှိနေသော ဒုတိယမိသားစုနှင့် ဦးလေးဖြစ်သူတို့မှာလည်း ကိုင်တွယ်ရ
အလွန်ခက်သည့် သူများပင် မဟုတ်လား။
မိမိသမီးကြီးမှာ အပူပင်မဲ့ စားသောက်ပြီးအေးအေးဆေး ဆေးသာနေချင်တဲ့ ဆန္ဒလေးသာရှိသည်ကို သူသိသည်။ ထို့ကြောင့် ဖခင်တစ်ဦးအနေဖြင့် သူသည် သူမ၏ဆန္ဒလေးကို အတတ်နိုင်ဆုံး ကာကွယ်ပေးရမည်ဖြစ်သည်။
"အစ်မက အခုမှ ရောက်တာဆိုတော့ အစစအရာရာအသား ကျဖို့ လိုဦးမယ်၊ ဒါကြောင့် ကုမ္ပဏီအကြောင်းတွေကို အရင်ဆုံး အိမ်မှာပဲ သင်ပေးပြီးမှ ဒုတိယဒေါ်လေးနဲ့အတူ ကုမ္ပဏီမှာ အတွေ့အကြုံသွားယူရင် မကောင်းဘူးလား အဘိုး" ဟု ရှုယောင်ယောင် မဝံ့မရဲ ဝင်ပြောလိုက်သည်။
ရှုယောင်ယာင်မှာ ကုမ္ပဏီ၌ အလုပ်လုပ်နေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ရာ မိသားစု စီးပွားရေးအတွင်းမှ လှည့်ကွက်များကို ကောင်းစွာ သိရှိနေပြီ ဖြစ်သည်။ သူမ၏ စောစောက အမူအရာများကို ကြည့်လျှင် အစ်မဖြစ်သူကို မုန်းတီးနေဟန် လုံးဝမပေါ်ပေ။
အဘိုးအိုမှာမူ ဤသို့လုပ်ခြင်းဖြင့် ယင်းယင်းကို လူတိုင်း၏ ရန်သူဖြစ်သွားစေမည်ကို ကောင်းစွာသိထားသော်လည်း လက်ရှိ သူတို့၏အစီအစဉ်ကို ဖျက်ဆီးရန်အတွက် ယင်းယင်းမှလွဲ၍ တခြားနည်းလမ်းမရှိပေ။ ထို့အပြင် သူ့မြေးမလေးမှာလည်း သူမတစ်ယောက်တည်း မဟုတ်ပါဘဲ သူမနှင့် အတူရှိနေသည့် စကားပြောသော စနစ်မှာလည်း လွန်စွမ်း အားကြီးပြီး သတင်းအချက်အလက်များစွာကို ပိုင်ဆိုင်ထားကြောင်း သူ သိရှိထားသည်။
သူမကို သူ့ ကုမ္ပဏီသို့ လွှတ်လိုက်ခြင်းမှာ အန္တရာယ်ရှိသယောင် ထင်ရသော်လည်း တကယ်တော့ ကောင်းမွန်သော ကိစ္စပင်။
မြေးမလေး၏အသံကို ကြားခြင်းအားဖြင့် သူမသည် အလုပ်မလုပ်ချင်ကြောင်းကို သူ ကောင်းစွာသိထားသည်။ သူမလေးကို ထန်ဝမ် လက်အောက်သို့ တမင်ပို့လိုက်ခြင်းမှာ ထန်ဝမ်အနေဖြင့် သူမကို အရေးကြီးသော အလုပ်များပေးလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ထို့အပြင် အရှုပ်တော်ပုံများ ပေါ်ပေါက်လာပါကလည်း လူကြီးများမှာ မိမိတို့ ဂုဏ်သိက္ခာကို အလွန်အလေးထားကြသဖြင့် မသိကျိုးကျွံပြုထားကြလိမ့်မည်။ မြေးမလေးက ကုမ္ပဏီတွင်းရှိ အမှိုက်များကို ရှင်းထုတ်ရာတွင် အားစိုက်စရာမလိုဘဲ ကူညီပေးနိုင်လိမ့်မည်ဟု အဘိုးအိုက ယုံကြည်နေသည်။
အဘိုးအိုသည် လူတိုင်း၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ "ဒါက.. ကြေညာချက်ပဲ၊ ထပ်ပြီး ဆွေးနွေးစရာမလိုဘူး" ဟု ပြတ်သားစွာ ပြောလိုက်သည်။
အဆုံးတွင် အဘိုးအိုသည် ရှုယင်းယင်း၏ လက်ကို ဆွဲကိုင်ကာ လှည့်မကြည့်ပဲ ထွက်ခွာသွားတော့သည်။ စားပွဲဝိုင်းတွင်းရှိကျန်ရစ်သူများမှာမူ ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်း အမ်းဖြင့် မှင်သက်စွာနှင့်ကျန်ရစ်ခဲ့တော့သည်။
အဘိုးအို ထွက်ခွာသွားသည်နှင့် တပြိုင်နက် ရောက်ရှိနေသူ အားလုံးသည်လည်း သူတို့ နေရာများမှ အသီးသီးထွက်ခွာသွားကြပြီး လက်ရှိအခြေအနေကို ဆွေးနွေးရန် ဆိတ်ငြိမ်သော နေရာများကို အသီးသီးရွေးချယ်လိုက်ကြသည်။
ရှုယန်ဝမ်က စိုးရိမ်တကြီးဖြင့် "အဖေက ယင်းယင်းရဲ့ စိတ်ထဲကအသံကို သဘောကျပြီး သူမ လက်ကိုသုံးပြီး ကုမ္ပဏီထဲက လေထုကိုသန့်စင်ချင်နေတာ သေချာတယ်"
ရှုယောင်ယာင်ကလည်း "အဘိုးက ဒုတိယဒေါ်လေးရဲ့ အာဏာတွေ ကြီးထွားလာတာကို သတိထားမိသလို၊ ဦးလေးကလည်း ကုမ္ပဏီထဲက လူကြီးတွေကိုအသုံးချပြီး ပရောဂျက်အသစ်တွေ သိမ်းပိုက်နေတာကိုလည်း သိနေတယ်လေ၊ ဒါကိုသာ မတားဆီးရင် ပင်ပင်ပန်းပန်းတည်ထောင်ခဲ့တဲ့ အဘိုးရဲ့စီးပွားရေးတွေက မကြာခင် ပြိုလဲသွားနိုင်၊ ဒါကြောင့်လည်း အဘိုးမှာ တခြားနည်းလမ်းမရှိတော့လို့ အခုလိုလုပ်တာနေမှာပါ" ဟု အကျိုးကြောင်းသင့် သုံးသပ်ပြလိုက်၏။
ကျန်းရှင်းကမူ အသံတုန်ရီလျက် "ဒါပေမဲ့ ယင်းယင်းက အခုမှ ခက်ခက်ခဲခဲ ပြန်တွေ့ရတဲ့ ငါ့သမီးလေးလေ၊ အဘိုးက တကယ်ကို ရက်စက်လွန်းပါတယ်" ဟု ဆိုကာ ငိုရှိုက်မိတော့သည်။
ရှုယောင်ယာင်က သူမ မိခင်ကို အသာအယာ ဖက်ထားရင်း "မေမေ မစိုးရိမ်ပါနဲ့၊ အဘိုးက ဒါကို အတင်းအကျပ်လုပ်မယ်ဆိုရင်တောင် သမီး ရှိပါသေးတယ်၊ အစ်မကို သမီး သေသေချာချာ စောင့်ရှောက်မှာပါ၊ အဘိုးရဲ့ပုံစံက အစ်မကို အန္တရာယ်ပေးချင်ပုံ မရပါဘူး၊ အစ်မကို ပြုစုပျိုးထောင်ပေးချင်တာ ဖြစ်မှာပါ၊ အဘိုးက သံသယကြီး တဲ့သူဆိုတော့ အစ်မရဲ့ စိတ်ထဲကအသံတွေက အဘိုးကို ပိုပြီး စိတ်အေးစေမှာပါ"
ဇနီးမောင်နှံနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့ သမီးလေး၏ရိုးသားလွန်းသော အတွေးများကို သတိရကာ ခဏတာဆွံ့အသွားကြသည်။
အတန်ကြာမှ ရှုယန်ဝမ်က သက်ပြင်းချကာ "ဒါဆိုလဲ..ဒီလိုပဲ ထားလိုက်ပါတော့၊ အဖေက ဒါကို အတင်းအကျပ် လုပ်မယ်ဆိုရင် ယောင်ယောင်နဲ့ ငါကပဲ ပိုပြီး ဂရုစိုက်ပေးလိုက်မယ်၊ ထန်ဝမ်ရဲ့ ပုံစံအရ ယင်းယင်းကို အရေးကြီးတဲ့ တာဝန်တွေ ပေးမှာတော့ မဟုတ်ဘူး၊ အရာမရောက်တဲ့ နေရာမှာပဲ ထားမှာဆိုတော့ ရန်ငြိုးဖွဲ့နိုင်စရာတော့ မရှိပါဘူး၊ သူမသာ...!!!!"
သူမ၏သမီးလေး အတင်းအဖျင်းစားရတာ ဝါသနာပါပုံကို သတိရကာ ရှုယန်ဝမ်က ပြုံးလိုက်ပြီး "ဖခင်တစ်ယောက် အနေနဲ့ သားသမီးတွေကို အကန့်အသတ်မရှိ ကာကွယ်ပေးရမှာပေါ့၊ မစိုးရိမ်ပါနဲ့ မိန်းမရယ်၊ ယောင်ယောင် နဲ့ ယင်းယင်းကို ကိုယ် စောင့်ရှောက်မှာပါ" ဟု ဆိုလိုက်သည်။
ကျန်းရှင်းက ရှုယောင်ယောင်၏ လက်ကို ကိုင်ကာ အားနာစွာဖြင့် "ယောင်ယောင်...အမေ တောင်းပန်ပါတယ်၊ အစ်မက ညီမကို စောင့်ရှောက်ရမှာကို အခုတော့ ပြောင်းပြန် သမီးကိုပဲ အကူအညီတောင်းနေရပြီ၊ မေမေ့အတွက် ကူညီပေးပါဦးနော်"
"ဖေဖေနဲ့ မေမေ စိတ်မကောင်းမဖြစ်ပါနဲ့၊ သမီးက မေမေတို့ရဲ့ သမီးအရင်း ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ဖေဖေတို့ရဲ့ စိတ်သောကတွေကို ကူညီဖြေရှင်းပေးဖို့နဲ့ အစ်မကို ကူညီဖို့က သမီးရဲ့ တာဝန်ပါပဲ၊ သမီးရဲ့ စိတ်ထဲမှာတော့ မွေးကျေးဇူးထက် ကျွေးကျေးဇူးက ပိုကြီးပါတယ်"
ရှုယောင်ယောင်မှာ ဝမ်းနည်းစိတ်ကြောင့် နှာခေါင်းထိတ်လေး နီရဲလာသည်။ မိဘနှစ်ပါးက သူမ၏ ခံစားချက်ကို အမြဲဦးစားပေးခဲ့သည် မဟုတ်လား။ ထို့ကြောင့် သူမသည် အစ်မဖြစ်သူအပေါ် ဘယ်သောအခါမျှ မနာလိုဖြစ်မည် မဟုတ်ပေ။ မူလကတည်းက အစ်မပိုင်ဆိုင်သောအရာများကို သူမက ရယူထားခဲ့ခြင်းဖြစ်ရာ အခု အစ်မကို ပြန်လည်ပေးအပ်ရခြင်းမှာ တရားမျှတပါသည်ဟု သူမ တွေးနေမိသည်။
ဤစကားကြောင့် ဇနီးမောင်နှံနှစ်ဦးမှာ မျက်ရည်ဝဲကာ သူမ ဆံပင်လေးကို ချစ်ခင်ယုယစွာ ပွတ်သပ်ပေးလိုက်ကြသည်။ ကျန်းရှင်းက သမီးဖြစ်သူ၏ ပုခုံးကို ဖက်ကာ "ကဲ... သွားကြစို့၊ ဥယျာဉ်ထဲ လမ်းလျှောက်ရင်း ယင်းယင်းကို စောင့်ရအောင်" ဟု ဆိုကာ သုံးယောက်သား လက်ချင်းတွဲကာ ဥယျာဉ်ဆီသို့ ထွက်ခွာသွားကြသည်။
---
ပင်မ အဆောက်အဦးနှင့် မီတာ ၅၀၀ အကွာရှိ ကြာကန်နံ ဘေးတွင်..
ထန်ဝမ်သည် ရှုယန်ရွေ့ ဆွဲခေါ်လာသော လက်ထဲမှ အတင်း ရုန်းထွက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ရှင်..ဒါ.ဘာလုပ်တာလဲ၊ အဘိုးကြီးကို မယှဉ်နိုင်တိုင်း အစ်ကိုကြီးတို့ မိသားစု အခွင့်အရေးရသွားတာကို ငါ့အပေါ် လာပြီး ဒေါသ တွေလာပုံချမနေနဲ့"
"ငါက..မင်းကို.ဒေါသတွေ ပုံချတယ်ဟုတ်လား.!! မင်း အပြင်မှာ ဖောက်ပြန်တာကို ငါ့ယောက်ဖနဲ့မှ လုပ်ရသလား၊ မင်း ရူးနေတာလား..ထန်ဝမ်..ဟမ်.!! ရှုယန်ဝေက ငါ့ရဲ့ ညီမအရင်းဟ.. မင်း ဒါကိုတောင် မျက်နှာမထောက် လုပ်ရက်တယ်နော်၊ ငါ့ကိုရော လူကြားထဲ မျက်နှာမပြရဲအောင် မင်း လုပ်တာလား.?"
"ငါ ကူးချန်ကို မမြှူဆွယ်ရင်ရော နင့်ညီမက သစ္စာဖောက်မခံရ တော့ဘူးလို့ ထင်နေတာလား၊ ဒီမှာ..ငါ့ကို လာပြီးအပြစ် တင်နေမယ့်အစား နင့်ညီမကို အချစ်ရူးဘဝကနေ နိုးထလာအောင်ပဲ အရင်သင်ပေးလိုက်ပါဦး၊ ကူးချန်လိုလူကို အမြန်ဆုံး ဖြတ်ပစ်နိုင်အောင်လို့လေ.."
ထန်ဝမ်လည်း နောင်တရခြင်း မရှိပဲ ပြက်သားစွာ ပြောလာသည်။
ရှုယန်ရွေ့က နှာခေါင်းရှုံ့လိုက်ပြီး "ငါက မပြောခဲ့ဘူးလို့ ထင်နေတာလား၊ ကူးချန်မကောင်းတဲ့အကြောင်းပြောတိုင်း သူဒေါသတကြီးနဲ့ အော်ဟစ်နေတာလေ၊ ဒီတော့..ဘယ်သူက ပြောချင် တော့မှာလဲ ၊ဘယ်သူ့စကားမှ နားမထောင်တဲ့သူကို ကူညီရတာ တကယ့်ကျွဲပါးစောင်းတီးပဲ"