← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း။ ၇

ထူးကဲချီ လမ်းညွှန်ကျင့်စဉ် မူရင်းဗားရှင်းအပြည့်ကို နားလည်သဘောပေါက်သွားပြီးနောက် စုန်ယန်သည် ဗားရှင်းအပြည့်နှင့် အတိုကောက်ဗားရှင်းတို့၏ ကွာခြားချက်ကို စမ်းသပ်ရန် သက်တမ်း တစ်နှစ်ကို ထပ်မံရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုအခါ တစ်နှစ်လျှင် သူစုပ်ယူနိုင်သည့် နတ်ဆိုးချီ ပမာဏမှာ ၄ မျှင် မှ ၂၀ မျှင် အထိ ငါးဆခန့် တိုးတက်လာသည်ကို တွေ့ရှိလိုက်ရ၏။

ဤအချက်က သူ့ကို များစွာ စိတ်လှုပ်ရှားသွားစေသည်။

ကျင့်စဉ်အဆင့်အတန်း ကွာခြားမှုလေးတစ်ခုကပင် လုပ်ဆောင်နိုင်စွမ်းကို ငါးဆခန့် ကွာဟသွားစေသည်။ ၎င်းမှာ အခြေခံအကျဆုံးဖြစ်သော ထူးကဲချီ လမ်းညွှန်ကျင့်စဉ်သာ ရှိသေးသည်။ အကယ်၍သာ အခြားသော လျှို့ဝှက်ကျင့်စဉ် အဆင့်မြင့်မြင့်များကို ရရှိခဲ့မည်ဆိုလျှင် ထိုကွာဟချက်မှာ ဘယ်လောက်အထိ ကြီးမားသွားလောက်မလဲ။

ပတ်ဝန်းကျင်နှင့် ထူးကဲအမြစ် ပါရမီချင်း တူညီနေပါစေဦးတော့ ကျင့်ကြံသည့် နည်းစနစ်မတူပါက ရလဒ်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုသော် သူ၏ အဆင့်နိမ့် သရဲထူးကဲအမြစ်ဖြင့် ဤသွေးနီရောင်မြူများကြားတွင် ကျင့်ကြံရာ၌ ထူးကဲချီ သန့်စင်ခြင်းနယ်ပယ် အဆင့် (၁) သို့ ရောက်ရှိရန် ၂၅ နှစ် သို့မဟုတ် ၂၆ နှစ်ခန့် ကြာမြင့်ခဲ့သည်။ သို့သော် အစကတည်းက ကျင့်စဉ်ဗားရှင်းအပြည့်ဖြင့်သာ ကျင့်ကြံခဲ့မည်ဆိုပါက ၅ နှစ်အတွင်း အောင်မြင်နိုင်မည် ဖြစ်သည်။

၎င်းမှာ ကျင့်စဉ်တစ်ခုတည်း၏ သက်ရောက်မှုသာ ရှိသေး၏။ အခြားသော လွှမ်းမိုးမှုများနှင့် ပြောင်းလဲနိုင်သည့် အခြေအနေများမှာများစွာ ရှိနေဦးမည်မှာ အသေအချာပင်။

သူ နှစ်ပေါင်း ၂၀ ကျော် ကြိုးစားခဲ့ရသည့် အရာကို အချို့သောသူများက တစ်နှစ် သို့မဟုတ် လအနည်းငယ်အတွင်းမှာပင် ရရှိသွားနိုင်ကြသည်။

အောင်မြင်မှုရရှိပြီးနောက် ခဏတာ ရင်ခုန်သွားခဲ့သော်လည်း စုန်ယန်သည် စိတ်ကို အမြန်ပြန်အေးချမ်းအောင် ထိန်းလိုက်သည်။ အခြေအနေကို အကျဉ်းချုံး ခွဲခြမ်းစိတ်ဖြာပြီးနောက် ဝမ်စုစုကဲ့သို့သော အခြေခံအစေခံတစ်ဦး၏ လိမ္မာပါးနပ်လှသည့် အကွက်များနှင့် အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးသွားကြရသည့် အစေခံများအကြောင်းကို ပြန်လည်တွေးတောမိကာ သူသည် ပို၍ပင် သတိကြီးလာတော့သည်။

နတ်ဆိုးဂိုဏ်းတွင် လူ့အသက်မှာ အလွန်ပင် တန်ဖိုးနည်းလှသည်။

နေ့တိုင်း လူတွေ သေနေကြသည်။

သေသွားလျှင်လည်း သေသွားသည်သာ ဖြစ်၏။

'ဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နေသလို မသိသေးတဲ့ အရာတွေလည်း အများကြီးပဲ။ ရှင်သန်နိုင်ဖို့ဆိုရင် လက်ရှိပတ်ဝန်းကျင်ကို ပိုပြီး နားလည်အောင် လုပ်ရမယ်။ ပြီးမှ အနာဂတ်

အတွက် ဆက်စဉ်းစားရမယ်'

စုန်ယန်သည် သူ၏နေရာသို့ ပြန်ရောက်ကာ သားရေနယ်ခြင်းကို အသည်းအသန် လုပ်ဆောင်နေသည့် ချီယောင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ထွင်းထုသည့်ဓားကို ကောက်ကိုင်လိုက်သည်။

ယနေ့တွင် သူသည် အရေခွံ နှစ်ချပ် ထွင်းထုရန် ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်တွင် တစ်ချပ်၊ သဘက်ခါတွင် နှစ်ချပ်... ဤသို့ဖြင့် လူတကာ၏ အာရုံစိုက်မှုကို မခံရအောင် ပုံမှန်အတိုင်းပင် ရောနှောလုပ်ဆောင်သွားမည်ဖြစ်သည်။

အရေခွံ အခု ၃၀ ပြည့်သွားလျှင် သူသည် ဂိုဏ်းအကျိုးပြုမှတ် ၁ မှတ် ရရှိပေလိမ့်မည်။ ထိုအခါ ဂိုဏ်းအကျိုးပြုမှတ်များကို အသုံးပြု၍ ပတ်ဝန်းကျင်အသစ်များသို့ သွားရောက်နိုင်သလို သတင်းအချက်အလက်များကိုလည်း ပိုမိုစုဆောင်းနိုင်မည်ပင်။

ထိုညတွင် လရောင်မရှိပေ။ ဆောင်းဦးမိုးသည် တောင်တန်းများပေါ်သို့ ရွာသွန်းနေပြီး တောင်ထိပ်များနှင့် ချိုင့်ဝှမ်းပေါင်း တစ်ထောင်ကို ခဏချင်းမှာပင် ဖုံးလွှမ်းသွားတော့သည်။

လွင့်မျောအိမ်ငယ်အတွင်း၌ စောင်ခြောက်ထည်လုံးကို ချလိုက်သည်နှင့် မိမိလက်ချောင်းကိုပင် မမြင်ရလောက်အောင် မှောင်အတိကျသွားတော့သည်။ နတ်ဆိုးဂိုဏ်းတွင် အလင်းပေးပစ္စည်းအချို့ ရှိသော်လည်း အသစ်ရောက်လာသည့် အစေခံများမှာမူ ထိုအရာများကို ပိုင်ဆိုင်ခွင့်မရှိကြချေ။

ညဘက် ကင်းစောင့်နေစဉ် စုန်ယန် အနည်းငယ် လှုပ်ရှားလိုက်ရာ အသံအနည်းငယ် ထွက်သွားသည်။ ထိုအခါ ကုတင်ပေါ်မှ ချီယောင်း၏ တင်းမာပြီး သတိကြီးစွာထားနေသော အသံ ထွက်ပေါ်လာ၏။

"မင်း ဘာလုပ်နေတာလဲ"

"ယားလို့"

"ဘယ်နေရာက ယားတာလဲ"

"ခြေထောက်"

"ခြေထောက်ရဲ့ ဘယ်နေရာလဲ"

"..."

"စုန်ယန် ငါ မင်းကို ပြောလိုက်မယ်။ ငါလည်း မင်းလိုပဲ ထူးကဲချီ လမ်းညွှန်ကျင့်စဉ်ကို ဖတ်ထားပြီးသား။ မင်းသိတာမှန်သမျှ ငါလည်း သိတယ်။ ဒါကြောင့် ငါ့ဆီက မဓာတ်စွမ်းအင်တွေကို ခိုးစုပ်ဖို့ စိတ်တောင်မကူးနဲ့"

"မင်းကော ငါ့ဆီက ဖိုဓာတ်စွမ်းအင်တွေကို မစုပ်ချင်ဘူးလား"

"မစုပ်ချင်ဘူး"

ချီယောင်းက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပြီးနောက် ဆက်ပြောသည်။

"ဒါပေမဲ့ ဒါက မင်းအတွက် တစ်ခုတည်းသော အခွင့်အရေးဆိုတာတော့ ငါသိပါတယ်"

"ဒီလို အထီးကျန်လှတဲ့ ချောက်ကမ်းပါးပေါ်မှာ ထူးကဲကျောက်တုံးတွေလည်း မရှိ ဆေးလုံးတွေလည်း မရှိတဲ့အခါ ပစ်ပယ်ခံထားရတဲ့ အစေခံတွေအားလုံးက အဆင့်နိမ့် ထူးကဲအမြစ် ပိုင်ရှင်တွေပဲ ဖြစ်ရမယ်"

"ဒီလိုအခြေအနေမျိုးမှာ တစ်နှစ်အတွင်း ထူးကဲချီ တစ်မျှင်လောက် ကျင့်ကြံနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက နှစ်ကိုယ်တူကျင့်စဉ်ကတစ်ဆင့် ဖိုဓာတ်နဲ့ မဓာတ်စွမ်းအင်တွေကို အပြန်အလှန် စုပ်ယူဖို့ပဲ ရှိတယ်"

"နတ်ဆိုးဂိုဏ်းရဲ့ သဘာဝက ဒီလိုပဲလေ"

"ဒါပေမဲ့ မင်းက ကျောက်စိမ်းပေလွှာထဲက ထူးကဲချီ လမ်းညွှန်ကျင့်စဉ်ကို အောင်မြင်အောင် ထုတ်ယူနိုင်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ဘာလို့လဲဆိုတော့ အစေခံတွေထဲမှာတောင် အဆင့်နိမ့် ထူးကဲအမြစ် ပါရမီပါတဲ့သူက သိပ်မရှိလို့ပဲ"

ရဲရင့်သော ထိုမိန်းကလေးသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီးနောက် "မနက်ဖြန်ကျရင် မင်း ဒီအခန်းကနေ ထွက်သွားသင့်တယ်။ ပြီးတော့ ထူးကဲအမြစ် ပါရမီမရှိတဲ့ မိန်းကလေးတစ်ယောက်ကိုရှာပြီး သူနဲ့အတူနေလိုက်ပါ" ဟု ပြောလိုက်သည်။

စုန်ယန်က "ဒါဆို မင်းကော ဘာလုပ်မှာလဲ" ဟု မေးလိုက်၏။

ချီယောင်းက အေးစက်စွာပင် "ငါကတော့ တစ်ယောက်တည်း နေမယ်" ဟု ပြန်ဖြေသည်။

မှောင်မိုက်နေသည့် ကြားထဲတွင် စုန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ တစ်စုံတစ်ခု ပြောရန် နှုတ်ခမ်းလှုပ်လိုက်သော်လည်း စကားလုံးများကို ပြန်လည်မျိုသိပ်လိုက်ရ၏။

သူသည် ချီယောင်းနှင့် အခန်းတူတူနေခဲ့သည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်ပြီး အဆင်လည်းပြေခဲ့ကြသော်လည်း သူမအကြောင်းကို သူ တကယ်တမ်း သေသေချာချာမသိပေ။

ချီယောင်း၏ အပြုအမူနှင့် လေသံမှာ တစ်ခုခု လွဲချော်နေသကဲ့သို့ စုန်ယန် ခံစားနေရတော့သည်။

မဟုတ်သေးဘူး။

၎င်းမှာ ထူးဆန်းသည်ဆိုသည်ထက် သူမ၏ အစေခံဟူသော အဆင့်အတန်းနှင့် လုံးဝကိုက်ညီမှု မရှိခြင်းပင်။

ကိုယ့်အသက်ကိုယ်ပင် အာမခံချက်မရှိသည့် အစေခံတစ်ဦးအနေဖြင့် နတ်ဆိုးဂိုဏ်းကို ဤမျှအထိ နာကျည်းနေမည်မဟုတ်သလို ထူးကဲအမြစ်များ၊ အထူးသဖြင့် သရဲထူးကဲအမြစ်အကြောင်းကိုလည်း ဤမျှနှံ့နှံ့စပ်စပ် သိနေစရာ အကြောင်းမရှိပေ။ ထို့ပြင် ကျောက်စိမ်းပေလွှာမှ ထူးကဲချီ လမ်းညွှန်ကျင့်စဉ်ကို အလွယ်တကူ ထုတ်ယူနိုင်ခဲ့ခြင်းမှာလည်း တိုက်ဆိုင်မှုတစ်ခု မဟုတ်နိုင်ပေ။ သူမ၏ တည်ငြိမ်လှသော အမူအရာမှာ သူမ အောင်မြင်မည်ကို အစကတည်းက ကြိုသိနေသည့်အလားပင်။

ချီယောင်းတွင် လျှို့ဝှက်ချက်များ ရှိနေသည်။

စုန်ယန်တွင်လည်း ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေသည်သာ။

မရင်းနှီးလှသော ဆက်ဆံရေးတစ်ခုတွင် အကျိုးအကြောင်း အနက်အရှိုင်း ပြောဆိုမိခြင်းမှာ ကြီးမားသော အမှားတစ်ခု ဖြစ်ပေလိမ့်မည်။

သူမ လှပနေရုံမျှနှင့် သူသည် ထိုသို့သော အမှားမျိုးကို အဖြစ်မခံနိုင်ပေ။

ထို့ကြောင့် လမ်းခွဲလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သို့ဖြစ်ရာ စုန်ယန်က လေသံအေးအေးဖြင့် အကြံပြုလိုက်သည်။

"အမချီ... အမက လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ယောက်တည်းတော့ မနေပါနဲ့။ တခြား တစ်ယောက်ယောက်ကိုပဲ ထပ်ရှာလိုက်ပါတော့"

ချီယောင်းမှာ တိတ်ဆိတ်သွားသည်။

ထိုညတစ်ညလုံး သူတို့နှစ်ဦးကြားတွင် စကားတစ်လုံးမျှ မရှိခဲ့ကြပေ။ နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် မိုးစဲသွားပြီး မကြာမီမှာပင် အလင်းရောင် ရောက်ရှိလာသည်။ လွင့်မျောအိမ်ငယ်အတွင်းမှ ထွက်လာပြီးနောက် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်းပင် မဆုံမိကြဘဲ သူစိမ်းများကဲ့သို့ ပြုမူခဲ့ကြသည်။ သားရေနယ်ရုံထဲတွင်လည်း အတူတူ ထိုင်မနေကြတော့ပေ။

ရှပ်... ရှပ်... ရှပ်...

စုန်ယန်သည် ခေါင်းငုံ့လျက် ကျောက်စားပွဲပေါ်ရှိ သားရဲအရေခွံကို အသေအချာ ခြစ်ထုတ်နေသည်။

ထူးကဲချီ သန့်စင်ခြင်းနယ်ပယ် အဆင့် (၁) သို့ ရောက်ရှိပြီးနောက် ထူးကဲချီများသည် ချောင်းငယ်လေးတစ်ခုအလား သူ၏ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေပြီး သူ၏ အသားမျှင်နှင့် သွေးသားများကို ပြုစုပျိုးထောင်ပေးနေသည်။

သူသည် ယခင်ကထက် များစွာ ပိုမိုသန်မာလာခဲ့ပြီး ဓားကို ကိုင်တွယ်ရာတွင်လည်း လက်ကောက်ဝတ်နှင့် လက်ချောင်းများမှာ နာကျင်ခြင်း မရှိတော့ပေ။

သို့သော်လည်း သူသည် အလုပ်ကို သက်သောင့်သက်သာ သို့မဟုတ် မြန်မြန်ဆန်ဆန် လုပ်နေကြောင်း မပေါ်လွင်စေဘဲ ယခင်နေ့များကအတိုင်း ပုံမှန်အတိုင်းပင် ဆက်လုပ်နေခဲ့သည်။

ခဏအကြာတွင် သူသည် အရေခွံပေါ်မှ အမွေးကြွင်းများကို မှုတ်ထုတ်လိုက်ပြီး နောက်တစ်ဆင့်ကို ဆက်လုပ်ရန် ပြင်လိုက်စဉ်မှာပင် အရပ်ရှည်ရှည် မိန်းကလေးတစ်ဦး သူ၏ထံသို့ အပြေးအလွှား လျှောက်လာသည်ကို သတိထားမိလိုက်သည်။ သူမ၏ အနောက်တွင် အမျိုးသားတစ်ဦးမှာလည်း ရုတ်တရက် သတိဝင်လာဟန်ဖြင့် ကပျာကယာ ထလိုက်ကာ နောက်မှ လိုက်လာတော့သည်။

ထိုမိန်းကလေးက ခြေလှမ်းကို သွက်လိုက်ရာ အနောက်မှ အမျိုးသားကလည်း ကပ်လျက် လိုက်လာသည်။

နောက်ဆုံးတွင် မိန်းကလေးမှာ စတင်ပြေးလွှားတော့သဖြင့် အနောက်မှ အမျိုးသားမှာ အံ့အားသင့်သွားပြီး အရှိန်မြှင့်ကာ လိုက်ပါသွားတော့သည်။

ထိုမိန်းကလေးသည် အော်ဟစ်ကာ အသက်လုပြေးလာသည့်အလား စုန်ယန်၏ထံသို့ ပြေးဝင်လာပြီး သူ၏မျက်နှာချင်းဆိုင်တွင် အလျင်အမြန် ထိုင်ချလိုက်သည်။ လိုက်လာသည့် အမျိုးသားမှာမူ ရပ်တန့်သွားပြီး စုန်ယန်ကို တစ်ချက်လှမ်းကြည့်ကာ ရှေ့သို့ ဆက်မတိုးရဲတော့ပေ။

ထိုမိန်းကလေးသည် တည်ငြိမ်အေးဆေးသော အသွင်ရှိပြီး အတန်အသင့် ပညာတတ်ကာ ယဉ်ကျေးသိမ်မွေ့ပုံရသည်။ နုနယ်သော မျက်နှာထားနှင့် ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက်မှာ ဆင်းရဲဒုက္ခနှင့် ရင်းနှီးသူတစ်ဦး မဟုတ်ကြောင်း သိသာလှပြီး ဤနေရာသို့ အဖမ်းမခံရမီက ချမ်းသာကြွယ်ဝသော မိသားစုမှ လာသူဖြစ်ပေလိမ့်မည်။

သူမသည် စုန်ယန်နှင့်အတူ ပါလာသည့် အစေခံသစ်များထဲမှ တစ်ဦးဖြစ်ကြောင်း စုန်ယန် ဝေဝါးဝါး မှတ်မိနေသည်။

ယခုအခါ ထိုမိန်းကလေးမှာ မောဟိုက်နေပြီး စုန်ယန်ကို သနားစဖွယ် ကြည့်ကာ စိုးရိမ်တကြီးဖြင့် မျှော်လင့်တောင့်တစွာ မေးလိုက်သည်။

"အစ်ကိုစုန့်... အခု အစ်ကိုတစ်ယောက်တည်း ဖြစ်နေတာလားဟင်"

စုန်ယန်က "ဟုတ်တယ်" ဟု ပြန်ဖြေလိုက်၏။

မိန်းကလေးသည် အစေခံများ၏ အမှတ်အသားဖြစ်သော သစ်သားပြားကို အလျင်အမြန် ထုတ်ပြလိုက်သည်။ ၎င်းပေါ်တွင် ချိုးလျန်ယွဲ့၊ အစေခံ၊ အရိပ်ရုပ်သေး ၅၁၇ ဟု ထွင်းထုထားသည်။

"အစ်ကိုစုန့်... ကျွန်မ အစ်ကိုနဲ့အတူ ရှိနေချင်တယ်"

ချိုးလျန်ယွဲ့က အသည်းအသန် ပြောလိုက်သည်။

"ကျွန်မ အခုထိ အပျိုစင်ပါပဲ။ ဘယ်အမျိုးသားရဲ့ အထိအတွေ့ မခံရသေးပါဘူး"

စုန်ယန်က "ဘာလို့ ကျွန်တော့်ကို ရွေးချယ်ရတာလဲ" ဟု မေးလိုက်သည်။

ချိုးလျန်ယွဲ့က "မနေ့က လူပေါင်း တစ်ရာကျော်ထဲမှာ ကျောက်စိမ်းပေလွှာဆီကနေ ကျင့်စဉ်ကို အောင်အောင်မြင်မြင် ထုတ်ယူနိုင်တာ ငါးယောက်ပဲ ရှိတာ။ အဲဒီထဲမှာ အစ်ကိုစုန့်လည်း တစ်ယောက်အပါအဝင်ပဲလေ။ အစ်ကိုက အရိပ်ရုပ်သေးတောင်ကုန်းရဲ့ အဆင့်မြင့်တပည့်ဖြစ်လာမယ့် ပါရမီရှိသူပဲ။ ကျွန်မမှာတော့ ဘာပါရမီမှ မရှိဘူး... ဒါကြောင့် ကျွန်မ အစ်ကို့နောက်ကို လိုက်ချင်တာပါ" ဟု ဖြေသည်။

သူမသည် လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တစ်ကိုယ်လုံးလည်း အနည်းငယ် တုန်ရင်နေသည်။

စုန်ယန် ခေါင်းညိတိလိုက်သည်။

သူ့အနေဖြင့်လည်း အမျိုးသမီးတစ်ဦး အမှန်တကယ် လိုအပ်သည်။ သို့မှသာ တစ်နှစ်အကြာတွင် သူသည် ထူးကဲချီကို အောင်မြင်စွာ လမ်းညွှန်နိုင်ခဲ့ပုံကို အများအမြင်၌ အကြောင်းပြချက် ပေးနိုင်မည် ဖြစ်သည်။

ချိုးလျန်ယွဲ့မှာ လုံးဝ စိတ်သက်သာရာ ရသွားတော့သည်။ အနီးတွင် ရပ်ကြည့်နေသော အမျိုးသားမှာလည်း စိုက်ကြည့်နေခြင်းကို ရပ်တန့်ကာ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။

အဆင့်မြင့်တပည့် ဖြစ်လာနိုင်သည့် ပါရမီရှင်တစ်ဦးမှာ ဤအစေခံများအတွက်မူ လက်လှမ်းမမီနိုင်သော အဆင့်အတန်းတွင် ရှိနေပြီး အခွင့်အာဏာအရလည်း ပိုမိုမြင့်မားသည်။ အကယ်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားလာပါက ဂိုဏ်း၏အဆင့်မြင့်တပည့်များမှာ မှားသည်မှန်သည်ကို ဂရုမစိုက်ဘဲ ပါရမီရှိသူဘက်ကသာ တိုက်ရိုက် ရပ်တည်ပေးကြမည်ပင်။

ချိုးလျန်ယွဲ့သည် ထိုအမျိုးသားနှင့် အခန်းဖော်အဖြစ် စတင်နေထိုင်ခဲ့သော်လည်း ထိုသူက သူမ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သူမသည် ချောက်ကမ်းပါးဘေးမှ ထက်မြက်သော ကျောက်တုံးတစ်ခုကို ဓားမြှောင်အလား ကိုင်စွဲကာ သူ့ကို အနားမကပ်ရန် ပြတ်ပြတ်သားသား တားဆီးခဲ့သည်။

ထိုစဉ်က ထိုအမျိုးသားသည် ဤမိန်းကလေးမှာ အလွန်ပင် အိန္ဒြေကြီးသူဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ သူမသည် သူ့ကို အထိမခံသော်လည်း အခြားအမျိုးသားတစ်ဦးထံတွင်မူ အကာအကွယ်ကို တက်ကြွစွာ ရှာဖွေနေခြင်း ဖြစ်သည်။ သူမသည် သူမ၏ခန္ဓာကိုယ်ကို အကာအကွယ်နှင့် လဲလှယ်ရန်သာ ရည်ရွယ်ထားပုံပင်။

ထိုအမျိုးသားမှာ ထွက်ခွာသွားရင်း ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။

"ဖာသည်မ"

စုန်ယန်သည် ချိုးလျန်ယွဲ့၏ ရည်ရွယ်ချက်ကို သဘာဝကျကျ နားလည်ထားသဖြင့် ရယ်ချင်စိတ်ကို အနိုင်နိုင် ထိန်းထားရသည်။

အမှန်ပင် သူသည် နှစ်ကိုယ်တူကျင့်စဉ်ကို ကျင့်ကြံရန် မလိုအပ်ပေ။ သို့သော် အခြားသူများသာ ဆိုလျှင် ဤမိန်းကလေးမှာ သိုးတစ်ကောင်က ခြင်္သေ့ပါးစပ်ထဲ အစာဝင်ကျွေးသကဲ့သို့ သေတွင်းထဲ ကိုယ့်ဘာသာ တိုးဝင်နေခြင်းမျိုးပင်။

ဤမိန်းကလေး၏ အပြုအမူမှာ မမှားပေ။ သူမသည် သူမသိထားသော သတင်းအချက်အလက်များအပေါ် အခြေခံပြီး အကောင်းဆုံးသော ရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်းသာ။ သူမ၏ အမှားမှာ သတင်းအချက်အလက် လုံလောက်စွာ မရှိခြင်းပင်။

စုန်ယန်၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် ခိုးချမိသည်။

ဤမိန်းကလေးသည် သတင်းအချက်အလက် မလုံလောက်မှုကြောင့် အမှားမှားအယွင်းယွင်း ဆုံးဖြတ်ခဲ့သကဲ့သို့ သူကိုယ်တိုင်လည်း ထိုသို့ ဖြစ်သွားနိုင်သည်ကို သူနားလည်လိုက်သည်။

ပိုမိုလေ့လာခြင်း၊ ပိုမိုနားစွင့်ခြင်း၊ မိမိ၏ စွမ်းဆောင်ရည်ကို ဖုံးကွယ်ထားခြင်းနှင့် ဆုံးဖြတ်ချက်များကို လွယ်လွယ်ကူကူ မချမှတ်ခြင်းတို့မှာ ရှင်သန်ခြင်း၏ အဓိကသော့ချက်များပင်။

ချိုးလျန်ယွဲ့မှာ တစ်ကိုယ်လုံး တုန်ရင်နေဆဲဖြစ်ပြီး စိတ်ဓာတ်မတည်မငြိမ် ဖြစ်နေသည်ကို မြင်သောအခါ စုန်ယန်က "အလုပ်စကြရအောင် ဒီနေ့အတွက် အရိပ်ရုပ်သေး အလုပ်တွေကို မပြတ်စေနဲ့ဦး" ဟု ပြောလိုက်သည်။

ချိုးလျန်ယွဲ့သည် ချိုသာစွာ ပြုံးပြလိုက်ပြီးနောက် ဘေးအန္တရာယ်မှ လွတ်မြောက်လာသည့်အလား အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူမ၏ သားရဲအရေခွံနှင့် ခြစ်တံကို ယူကာ စုန်ယန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်၍ ကျွမ်းကျင်စွာပင် လုပ်ငန်းစတင်လိုက်တော့သည်။

အခန်း။ ၈

[သင်သည် မြည်းခိုးတစ်ကောင်၏ ကြွင်းကျန်သက်တမ်းကို စုပ်ယူလိုက်ပါပြီ ၉ နှစ်]

စုန်ယန် အရိပ်ရုပ်သေးကို ထွင်းထုပြီးစီးသည့်အခါ အချက်အလက်များ ထပ်မံပေါ်ထွက်လာပြီး သူ၏သက်တမ်းမှာ တစ်ဖန်တိုးလာပြန်သည်။

သက်တမ်းများကို အလွယ်တကူ ရရှိနေပုံ၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ ထူးကဲချီ သန့်စင်ခြင်းနယ်ပယ် အဆင့် (၁) ၏ စွမ်းအားနှင့် သူ၏ သရဲထူးကဲအမြစ်ကြောင့် အဆိပ်မြူများကို ကြောက်စရာမလိုတော့သည့် အခြေအနေများကြောင့် စုန်ယန်မှာ ဤနေရာတွင် ထာဝရပုန်းအောင်းနေနိုင်တော့မည်ဟု ခံစားလိုက်ရသည်။

သို့သော် ဖြေရှင်းရမည့် ပြဿနာတစ်ခုရှိနေသည်မှာ သူ၏ အရှိန်အဝါကို ဖုံးကွယ်ခြင်းပင်။

အကယ်၍ နောက်တစ်နှစ်တွင် ပြုလုပ်မည့် စမ်းသပ်မှု၌ ဂိုဏ်းတပည့်များ သို့မဟုတ် အကြီးအကဲက သူ၏ခန္ဓာကိုယ်အတွင်းရှိ ထူးကဲချီမှာ သာမန် အမျှင်တစ်မျှင်မျှသာမဟုတ်ဘဲ စမ်းရေတွင်းတစ်ခုအလား စီးဆင်းနေသည်ကို တွေ့ရှိသွားပါက မလွယ်ကူပေ။

သူတို့က ငါ့ရဲ့ ပြိုင်ဘက်ကင်းပါရမီကို အံ့သြသွားကြပြီး ငါ့ကို တပည့်အဖြစ် အပြိုင်အဆိုင် လုယူကြမှာလား။

စုန်ယန် တိတ်ဆိတ်စွာပင် ခေါင်းခါလိုက်မိသည်။

ပထမဆုံးအနေဖြင့် သူသည် ပါရမီမကောင်းသောကြောင့်သာ အစေခံအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်ပြီး ထူးကဲချီကို ကျင့်ကြံနိုင်ခြင်းမှာလည်း သူ၏ အဆင့်နိမ့်ထူးကဲအမြစ်ကြောင့်သာ ဖြစ်သည်။

အဆင့်နိမ့်ထူးကဲအမြစ်များထဲတွင် သရဲထူးကဲအမြစ်မှာ ဓာတ်ကြီးငါးပါး ထူးကဲအမြစ်နှင့် တန်းတူရှိနေပြီး အဆင့်မြင့်ထူးကဲအမြစ်တစ်ခုဟု သတ်မှတ်နိုင်သည်။

၎င်း၏အထက်တွင်မူ ဒဏ္ဍာရီလာ ကောင်းကင်ဘုံထူးကဲအမြစ်သာ ရှိတော့သည်။

သူ၏ သရဲထူးကဲအမြစ်ဖြင့် ဤအဆိပ်မြူများကြားတွင် ၂၅ နှစ်၊ ၂၆ နှစ်ကြာ ကျင့်ကြံခဲ့ရမှသာ ဤမျှအထိ စွမ်းအားများ ရရှိခဲ့ခြင်းဖြစ်သည်။ တစ်နှစ်တည်းနှင့် ဤမျှအထိ တိုးတက်လာရန်

မှာ သာမန်အားဖြင့် မဖြစ်နိုင်ပေ။

သူကိုယ်တိုင်လည်း စဉ်းစားမရသလို အခြားသူများကလည်း အလွယ်တကူ စိတ်ကူးယဉ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် အကြီးမားဆုံး ဖြစ်နိုင်ခြေမှာ သူသည် ခွဲစိတ်စစ်ဆေးခံရခြင်းသို့မဟုတ် သူ ကမ္ဘာမကူးပြောင်းမီက ဝတ္ထုများထဲတွင် ဖတ်ဖူးသည့် ဝိညာဉ်ရှာဖွေခြင်းအတတ်ကဲ့သို့သော နည်းလမ်းများဖြင့် သူ၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ခံနိုင်ရခြင်းပင်။

ဒါက နတ်ဆိုးဂိုဏ်းပဲ မဟုတ်လား။

သို့သော်လည်း စုန်ယန်က သူ မလွဲမသွေ ဖော်ထုတ်ခံရမည်ဟုတော့ မထင်ပေ။ အစေခံများကို စမ်းသပ်ခြင်းမှာ သေးငယ်သော ကိစ္စရပ်တစ်ခုသာဖြစ်ရာ စစ်ဆေးမှုမှာ ထင်သလောက် တင်းကြပ်ချင်မှ တင်းကြပ်ပေလိမ့်မည်။ ထို့ကြောင့် သူ၏ စိုးရိမ်မှုမှာ အပိုပင် ဖြစ်နေနိုင်သည်။

သို့သော်လည်း သူသည် မလောင်းကြေးထပ်ဝံ့ပေ။ ဖြစ်နိုင်ခြေရှိနေသရွေ့ သူသည် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေရမည်ဖြစ်ပြီး နောက်တစ်ဆင့်သို့ အေးအေးချမ်းချမ်း ကူးပြောင်းနိုင်ရန် ပြင်ဆင်ရမည်။

အရှိန်အဝါ ဖုံးကွယ်လို့ရမဲ့ ကျင့်စဉ်တစ်ခုကို ငါလိုအပ်နေပြီ။

နေ့လယ်ခင်းအချိန်တွင် သားရေနယ်ရုံအပြင်ဘက်၌ ရုတ်ရုတ်သဲသဲ အသံအချို့ ထွက်ပေါ်လာသည်။ စုန်ယန် လှည့်ကြည့်လိုက်ရာ အစေခံသစ် ဆယ်ဂဏန်းခန့် ထပ်မံရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

သူသည် အကြည့်ကို ပြန်လွှဲလိုက်သည်။

ဤနေရာတွင် အစေခံများ၏ အပြောင်းအလဲနှုန်းမှာ အလွန်ပင် မြန်ဆန်လှသဖြင့် လူသစ်များ ထပ်မံဖြည့်တင်းခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။

ချိုးလျန်ယွဲ့၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့ရိပ်အချို့ ဖြတ်ပြေးသွားပြီး ခေါင်းငုံ့ကာ သားရေနယ်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေတော့သည်။

မကြာမီပင် ညနေခင်းသို့ ရောက်ရှိလာခဲ့သည်။

နေဝင်ရိုးရီဆည်းဆာအောက်တွင် စုန်ယန် မတ်တပ်ရပ်လိုက်သည်နှင့် ချိုးလျန်ယွဲ့က ဘေးမှကပ်ကာ သူ၏လက်မောင်းကို အသက်လုမတတ် ဖက်တွယ်လိုက်သည်။ သူမ၏ နူးညံ့သောကိုယ်လုံးလေးမှာလည်း သူ၏ကိုယ်ပေါ်သို့ မှီတွယ်လာ၏။

စုန်ယန်က သူမကို တွယ်ကပ်ခွင့်ပြုထားလိုက်ပြီး "အခန်းအသစ်တစ်ခု သွားရှာရအောင်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

ချိုးလျန်ယွဲ့က ကြက်ကလေး ဆန်ကောက်သကဲ့သို့ ခေါင်းကို အမြန်ငြိမ့်ပြသည်။

သူတို့နှစ်ဦးသည် လူအုပ်နောက်မှ လိုက်ပါ၍ သားရေနယ်ရုံအပြင်သို့ ထွက်လာခဲ့ကြသည်။

လမ်းလျှောက်နေစဉ် စုန်ယန်၏အကြည့်က ရုတ်တရက် ရွေ့လျားသွားရာ ချောက်ကမ်းပါးဘေးရှိ သစ်ပင်အိုကြီးတစ်ပင်၏ နောက်ကွယ်တွင် အမျိုးသားတစ်ဦးနှင့် စကားပြောနေသော ချီယောင်းကို မြင်တွေ့လိုက်ရသည်။

ထိုသူကို မြင်လိုက်သည်နှင့် စုန်ယန် မျက်မှောင်ကြုတ်သွားမိပြီး ရင်ထဲတွင် ထူးဆန်းသော အတိတ်နိမိတ်တစ်ခု ခံစားလိုက်ရသည်။

ခဏအကြာတွင် ချီယောင်းနှင့် ထိုအစေခံသစ်တို့သည် လွင့်မျောအိမ်ငယ်ဆီသို့ အတူတူ လျှောက်လှမ်းသွားကြသည်။

ထိုအစေခံသစ်မှာ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည်ဟု ခံစားလိုက်ရဟန်ဖြင့် ရုတ်တရက် လှည့်ကြည့်သော်လည်း လူအုပ်အတွင်း၌ စောင့်ကြည့်နေသူကို ရှာမတွေ့ခဲ့ပေ။

"ဘာဖြစ်လို့လဲ"

ချီယောင်းက မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး အထဲရောက်မှ ပြောကြတာပေါ့"

ထိုအစေခံသစ်က အသံကိုနှိမ့်ကာ သတိကြီးစွာ ပြောလိုက်သည်။

တိုတောင်းသော စကားပြောဆိုမှုအပြီးတွင် သူတို့နှစ်ဦးမှာ လွင့်မျောအိမ်ငယ်အတွင်းသို့ အလျင်အမြန် ဝင်သွားကြတော့သည်။

စုန်ယန်သည်လည်း လွင့်မျောအိမ်ငယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ စောင်ကို ချိတ်ဆွဲပြီးနောက် သူသည် ကုတင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းလိုက်သည်။

ဤကဲ့သို့ အန္တရာယ်များလှသော ကမ္ဘာတွင် သူသည် ကမ္ဘာမကူးပြောင်းမီက ရှိခဲ့ဖူးသမျှသော အချစ်ရေးအချစ်ရာ စိတ်ကူးယဉ်မှုများကို လုံးဝဘေးဖယ်ထားလိုက်ပြီဖြစ်သည်။

ဤကဲ့သို့သောနေရာမျိုးတွင် လက်တွေ့ဆန်ဆန် ပြုမူခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ချိုးလျန်ယွဲ့သည် သူ၏အနားသို့ တိုးကပ်လာသည်။ သူမ၏ မျက်ဝန်းများက ရှက်ရွံ့စွာဖြင့် ဟိုဟိုဒီဒီ ကြည့်နေရင်း စုန်ယန်၏ ဘေးနားသို့ ရောက်ရှိလာကာ သူ၏ ပုခုံးနှင့် လက်မောင်းများကို နှိပ်နယ်ပေးတော့သည်။ သူမ၏ နုနယ်သော လက်ကလေးများသည် နှိပ်နယ်ရင်းနှင့် ပိုမိုရဲတင်းလာကာ အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းသွားပြီးနောက် ဖော်ပြရန် ခက်ခဲလှသော အရောင်အသွေးစုံသည့် ကိစ္စရပ်များ ပြီးဆုံးသွားချိန်တွင် စုန်ယန်က ညဘက်ကင်းစောင့်ခြင်းကို တာဝန်ယူလိုက်ပြီး ချိုးလျန်ယွဲ့မှာမူ နောက်ဆုံးတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

စုန်ယန်သည် သားရေနယ်ရုံ၏ ပတ်ဝန်းကျင်နှင့် အသားကျသွားပြီးနောက် နေ့စဉ်လုပ်ဆောင်ရသည့် သားရေနယ်ခြင်း လုပ်ငန်းမှာ ငြီးငွေ့ဖွယ်ကောင်းပြီး တစ်ပုံစံတည်း ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် အချိန်များမှာ အရှိန်အဝါနှင့် ကုန်ဆုံးသွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လတာ အချိန်မှာ ကုန်လွန်သွားခဲ့ချေပြီ။

ထိုတစ်လအတွင်း သူသည် စုစုပေါင်း သက်တမ်း ၄၅၂ နှစ်ကို ရရှိခဲ့ရာ သူ၏ အမြင့်ဆုံးသက်တမ်းမှာ ၅၀၈ နှစ်အထိ ရှိလာခဲ့သည်။

ဤတစ်လအတွင်း သူ၏အစွမ်းကို ဖုံးကွယ်ထားနိုင်ရန်အတွက် သူသည် ထူးကဲချီ လမ်းညွှန်

ကျင့်စဉ်ကို အသုံးပြု၍ ချိုးလျန်ယွဲ့နှင့် မကြာခဏ နှစ်ကိုယ်တူကျင့်စဉ်ကို သတိကြီးစွာဖြင့် ကျင့်ကြံခဲ့သည်။ ထိုသို့လုပ်ဆောင်မှုကြောင့် သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် အားနည်းကာ ဖြူဖျော့လာသည့် ပုံစံရှိလာသည်။

တစ်ဖက်တွင်လည်း ဝမ်စုစုမှာ သူမ၏ အဖော်အသစ်ကို ပြောင်းလဲလိုက်ပြီဖြစ်သည်။ ယခင်က လူငယ်လေးမှာ မည်သည့်အစအနမျှမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဝမ်စုစုကတော့ "သူက တောင်ပေါ်ရာသီဥတုနဲ့ မတည့်ဘူးလေ မတော်တဆ နတ်ဆိုးချီတွေနဲ့ ထိမိသွားတာလည်း ဖြစ်နိုင်တာပဲ... ဟူး..." ဟုသာ ရိုးရှင်းစွာ ပြောဆိုခဲ့သည်။

သူမ၏ မုသားစကားကို မည်သူမျှ ဖော်ထုတ်ခြင်းမရှိကြပေ။

မသိနားမလည်သူများမှာ နှစ်ကိုယ်တူကျင့်စဉ်အကြောင်းကို မသိကြသလို သိထားသူများမှာလည်း ကြံရာပါများသာဖြစ်ရာ ထုတ်ပြောကြမည် မဟုတ်ပေ။

ထုတ်ပြောရင်ရော ဘာတတ်နိုင်မှာမို့လို့လဲ။

တောင်ပေါ်တွင် နတ်ဆိုးချီများမှာ ပေါများလှသည်။ အဆိပ်မြူများမှာ ညဘက်တွင်သာ ထင်ရှားသော်လည်း နေ့ဘက်တွင်လည်း လေထုထဲ၌ ပျံ့နှံ့နေတတ်ရာ ကံမကောင်းသော အစေခံအချို့ ထိခိုက်သေဆုံးခြင်းမှာ ဆန်းကြယ်သော ကိစ္စမဟုတ်ပေ။ အစေခံများမှာလည်း ဤသို့ သေဆုံးခြင်းမျိုးကို နေသားကျနေကြပြီ ဖြစ်သည်။

ထိုနေ့တွင် အရိပ်ရုပ်သေးတောင်ကုန်းမှ အဆင့်မြင့်တပည့်တစ်ဦး ရောက်ရှိလာပြီး လူတိုင်း၏ သားရေနယ်ပြီးစီးမှု အရေအတွက်ကို စစ်ဆေးသည်။ အရေအတွက် ၃၀ ပြည့်သူများကို ကျောက်စိမ်းပြားငယ်တစ်ခုစီ ထုတ်ပေးကာ "ဒီကျောက်စိမ်းပြားက မင်းတို့ရဲ့ ဂိုဏ်းအကျိုးပြုမှတ်တွေကို မှတ်တမ်းတင်ပေးထားတာ ကိုင်ထားကြည့်ရုံနဲ့ သိနိုင်တယ်"

"ဂိုဏ်းအကျိုးပြုမှတ်တွေကို သုံးချင်ရင်တော့ တောင်အောက်ကို ဆင်းသွားကြ"

"အဲဒီမှာ အဆင့်နိမ့် ဈေးတန်းလေးတစ်ခု ရှိတယ်။ အပြင်တပည့်တွေကော ပြင်ပလူတွေပါ ဆိုင်ခန်းတွေ ဖွင့်ထားကြတာရှိတယ်။ ဒါပေမဲ့ ပြင်ပလူတွေက မင်းတို့ရဲ့ ဂိုဏ်းအကျိုးပြုမှတ်တွေကို တိုက်ရိုက်ယူလို့မရဘူး။ သူတို့က မင်းတို့ကို ဂိုဏ်းအကျိုးပြုမှတ်တွေသုံးပြီး ပစ္စည်းတွေ ဝယ်ခိုင်းလိမ့်မယ်" ဟု လမ်းညွှန်ချက် ပေးခဲ့သည်။

"ဂိုဏ်းအပြင်ဘက်မှာ ဂိုဏ်းအကျိုးပြုမှတ်တွေဟာ အရမ်းတန်ဖိုးရှိတယ်။ အဲဒါတွေနဲ့ ပစ္စည်းအသုံးအဆောင် အတော်များများကို ဝယ်ယူနိုင်တယ်။ ဒါပေမဲ့ သတိထားဖို့က တောင်လယ်ပိုင်းက ဈေးတန်းကို သွားလို့ မင်းတို့ရဲ့ အရိပ်ရုပ်သေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာသွားမယ်ဆိုရင်တော့ ကောင်းကျိုးခံစားရမှာ မဟုတ်ဘူး"

စုန်ယန်သည် ကျောက်စိမ်းပြားကို ဆုပ်ကိုင်ကာ စစ်ဆေးကြည့်လိုက်ရာ သူ၏ကျောက်စိမ်းပြားထဲတွင် ဂိုဏ်းအကျိုးပြုမှတ် ၂ မှတ် တိတိ ရှိနေသည်။ အဆင့်မြင့်တပည့်၏ စကားအရ သားရေနယ်ရုံသည် အရိပ်ရုပ်သေးတောင်ကုန်း၏ အစွန်အဖျားတွင် တည်ရှိပုံပင်။ သို့သော် သူ သိချင်နေသည်မှာ နတ်ဆိုးဂိုဏ်းကဲ့သို့သော နေရာမျိုးတွင် ပြင်ပလူများက ဘယ်လိုမျိုး ရောက်လာပြီး စီးပွါးရှာနိုင်ကြတာလဲဟူသောအချက်ပင်။

သူ ထိုအကြောင်းကို စဉ်းစားနေစဉ် လက်မောင်းကို တစ်စုံတစ်ယောက်က တို့လိုက်သလို ခံစားလိုက်ရသည်။

လှည့်ကြည့်လိုက်ရာ ချိုးလျန်ယွဲ့သည် သူမ၏ လှပသောမျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေပြီး တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကိုစုန့်... ကျွန်မရဲ့ ကျောက်စိမ်းပြားထဲမှာလည်း အကျိုးပြုမှတ် ၁ မှတ် ရှိတယ်။ အစ်ကိုပဲ ယူထားလိုက်ပါနော်"

စုန်ယန် ၎င်းကို လက်ခံလိုက်သည်။

ချိုးလျန်ယွဲ့က အသာအယာ ပြုံးလိုက်သော်လည်း ၎င်းမှာ အားတင်းထားရသည့် အပြုံးမျိုး ဖြစ်သည်။

သူမ၏ ရှင်သန်မှုမှာ ယခုအခါ သူမရှေ့မှ အမျိုးသားအပေါ်တွင် လုံးဝ မူတည်နေခြင်းပင်။

စုန်ယန်သည် သိချင်ဟန်ဆောင်ကာ အဆင့်မြင့်တပည့်ထံ ကြည့်လျက် မေးလိုက်သည်။

"ဆရာ... ကျွန်တော် တခြားသူရဲ့ ကျောက်စိမ်းပြားကိုလည်း သုံးလို့ရပါသလားခင်ဗျာ"

ကျောက်စိမ်းပြားများ ဝေငှပေးနေသူမှာ ထိုနေ့က ပညာသင်ကြားပေးခဲ့သည့် ဝတ်ရုံနက်ဝတ် တပည့်ပင်။

သူက စုန်ယန်ကို တစ်ချက်ကြည့်ပြီးနောက် ဘေးမှ အားနည်းနေသော မိန်းကလေးကိုပါ ကြည့်

လိုက်ကာ ဤသူမှာ နောင်တစ်ချိန်တွင် သူ၏ ဂျူနီယာတပည့်တစ်ဦး ဖြစ်လာနိုင်ကြောင်း နားလည်သွားပြီး "ရတာပေါ့၊ သုံးလို့ရပါတယ်။ ဒီကျောက်စိမ်းပြားတွေမှာ နာမည်တွေ မှတ်တမ်းတင်မထားဘူးလို့ ငါပြောပြီးသားပဲလေ" ဟု ဖြေလိုက်သည်။

ထို့နောက် သူက အသံကို နှိမ့်ကာ ထပ်လောင်းပြောလိုက်သည်။

"ဒါပေမဲ့ အရမ်းတော့ စိတ်မပူပါနဲ့။ နေ့ဘက်အချိန်မှာ အရိပ်ရုပ်သေးတောင်ကုန်းပေါ်မှာ ပြဿနာရှာရဲတဲ့သူဆိုတာ လူ့လောကမှာ မမွေးသေးဘူး။ ညဘက်ကျရင်တော့ မင်းတို့အားလုံး တောင်ထိပ်ကို ပြန်ကြရမှာဆိုတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး"

စုန်ယန်က စဉ်းစားဟန်ဖြင့် ခေါင်းငိတ်ပြကာ ဂါရဝပြုလျက် "ကျေးဇူးတင်ပါတယ်ခင်ဗျာ" ဟု ပြောလိုက်သည်။

ဂိုဏ်းအကျိုးပြုမှတ်များ ရရှိထားသော်လည်း စုန်ယန်မှာ ချက်ချင်းသွားရန် အစီအစဉ်မရှိသေးပေ။ အခြားသူများကို ဦးစွာ အကဲခတ်လိုသေးသည်။

တိုးလာသော သက်တမ်းများသည် သူ့ထံသို့ ယခင်က မရှိခဲ့ဖူးသော အရည်အချင်းတစ်ခုကို ပေးအပ်ထားသည်။

၎င်းမှာ သည်းခံခြင်းပင်။

သူ့တွင် အချိန်များစွာ ရှိနေပြီဖြစ်ရာ အရာရာကို အလွန်ပင် စိတ်ရှည်နိုင်လာသည်။

တစ်ရက်၊ နှစ်ရက်မျှ အချိန်ပေးရုံနှင့် သူသွားမည့်နေရာအကြောင်း ပိုမိုသိရှိနိုင်မည်ဆိုပါက သူသည် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ စောင့်ဆိုင်းပေလိမ့်မည်။

သို့သော် ထိုနေ့ညနေတွင် လွင့်မျောအိမ်ငယ်သို့ ပြန်ရောက်ပြီး ချိုးလျန်ယွဲ့နှင့် စနောက်နေစဉ် သူမက သူ၏ ရင်ခွင်ထဲ၌ မှီတွယ်ရင်း တိုးတိုးလေး ပြောလာသည်။

"အစ်ကိုစုန့်... ကျွန်မ ဒီကို အဖမ်းမခံရခင်က စီးပွားရေးအသင်းတစ်ခုရဲ့ သမီးတစ်ယောက် ဖြစ်ခဲ့တာပါ။ ဒါကြောင့် အဲဒီဆရာကြီး ပြောသွားတဲ့ ဈေးတန်းအကြောင်းကို အနည်းအကျဉ်း သိပါတယ်"

"အဲဒီမှာ သာမန်လူတွေ ရှိနေနိုင်တယ်ဆိုပေမဲ့ သူတို့အားလုံးက ရက်စက်တဲ့ ဓားပြတွေပဲ။ သူတို့ လုယက်လာတဲ့ ပစ္စည်းတွေကို ပြန်ရောင်းနေကြတာ..."

"အစ်ကို အဲဒီကိုသွားရင် အများကြီး သတိထားရမယ်နော်"

သူမသည် စုန်ယန် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် စိုးရိမ်တကြီး ကြည့်နေသည်။

သူမ၏ အကျိုးပြုမှတ်များကို စုန်ယန်အား ပေးလိုက်ခြင်းမှာလည်း လမ်းခုလတ်တွင် အသတ်ခံရမည်ကို ကြောက်ရွံ့သောကြောင့်ပင်။ စီးပွားရေးလောကမှ လာသူပီပီ အရိပ်ရုပ်သေးတောင်ကုန်းပေါ်မှာ ပြဿနာရှာရဲသူ မမွေးသေးဘူးဟူသော စကားလုံးများအပေါ် သူမ မယုံကြည်ပေ။

ကုန်ပစ္စည်း ရောင်းဝယ်ကြသူတွေထဲမှာ ကိုယ့်ကိုကိုယ် ကြွားဝါမဲ့သူ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒီလို ကောက်ကျစ်ယုတ်မာတဲ့ နတ်ဆိုးဂိုဏ်းထဲဆို ပိုဆိုးပေါ့

စုန်ယန်သည် ရင်ခွင်ထဲမှ မိန်းကလေးကို ကြည့်ကာ သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း "သိပြီလေ" ဟု ပြောလိုက်သည်။

ထို့နောက် သူက ဆက်ပြောသည်။

"မင်းရဲ့ ခန္ဓာကိုယ်က အားနည်းနေတယ်။ အဲဒီမှာ အားဆေးတွေ ရှိမလား ငါကြည့်လိုက်ဦးမယ်။ ရှိရင် မင်းအတွက် ဝယ်ခဲ့ပေးပါ့မယ်"

All Chapters