အခန်း (၃၁၃-၃၁၄)
Vol. 32 Ch. 313-314
အခန်း ၃၁၃ - အသိဟောင်းများ
ရှကျီ ၏ မျက်လုံးများ လှုပ်ခတ်သွားပြီး ဆရာတော် ချန်ယွမ်ကို ကြည့်လိုက်သည်။
"ဟုတ်တယ် ဆရာတော် ဒါကို ဆရာတော် ဘယ်လိုသိတာလဲ"
ဝူရုန့်ချိုး မှာလည်း အံ့ဩသွားရသည်။
ဤမျှ ဝေးလံခေါင်ဖျားသော အရပ်တွင် ဖန့်မိသားစုဝင်များ ရှိနေနိုင်သည်မှာ သူမအတွက် မယုံနိုင်စရာပင်။
"ငါ အဲ့ဒီပါရမီရှင်နဲ့ အဆက်အသွယ် ရှိခဲ့ဖူးတယ် သူ့ဆီကနေပဲ သူ့မျိုးဆက်တွေ ဘယ်မှာရှိတယ်ဆိုတာ ငါသိခဲ့တာ"
ဆရာတော် ချန်ယွမ်က ဆိုပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။
"မင်း အသက်တစ်နှစ်သားတုန်းက ငါနဲ့တွေ့ဖူးတယ်၊လေးနှစ်သားတုန်းကလည်း ငါ့ကို မြင်ခဲ့ဖူးတယ် ဒါပေမဲ့ မင်းက ငယ်လွန်းတော့ မှတ်မိမှာ မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ ဖန့်ချန်၏ စိတ်ထဲတွင် အမှတ်တရများ ပြန်လည် နိုးထလာသည်။
ဟုတ်သားပဲ ငါ ဒီဘုန်းကြီးနဲ့ တွေ့ဖူးတယ်။
တွေ့ဖူးရုံတင်မကဘဲ သူ တစ်နှစ်သားတုန်းက ထိုဘုန်းကြီးက သူ့ကို ပွေ့ချီပြီး သူနားမလည်သော စကားတချို့ကို ပြောခဲ့ဖူးသည်။
လေးနှစ်သားတုန်းကလည်း လူအုပ်ထဲတွင် ထိုဘုန်းကြီးကို တစ်ချက် မြင်လိုက်ဖူးသော်လည်း ထိုသူမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် ဆရာတော်အပေါ် သူ၏ အထင်အမြင်မှာ မနက်ရှိုင်းခဲ့ခြင်း ဖြစ်သည်။
ရှကျီလည်း ရုတ်တရက် အရာအားလုံးကို သဘောပေါက်သွားသည်။
မထူးဆန်းတော့ဘူး၊ ဆရာတော် ဘာလို့ မဟာရှ ကို ရောက်လာခဲ့တာလဲဆိုတာ။
ဆရာတော်မှာ ဖန့်ချန်၏ မိသားစုကို ကြည့်ရှုရန် သီးသန့်လာခဲ့ခြင်း ဖြစ်သည်။
လမ်းတွင်မှ သူ၏ ပါရမီကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားသဖြင့် တပည့်အဖြစ် ခေါ်ယူခဲ့ခြင်းသာ ဖြစ်ရမည်။
သူသည် ဆရာတော်မှာ ခရီးသွားရင်း မဟာရှသို့ မတော်တဆ ရောက်လာသည်ဟု အမြဲထင်ခဲ့သော်လည်း အမှန်တကယ်မှာမူ မဟာရှမှာ ဆရာတော်၏ ဦးတည်ရာ ဖြစ်နေခဲ့သည်။
လင်းချွမ် နှင့် အခြားသူများ၏ မျက်နှာမှာ ပို၍ပင် ကြည့်မကောင်း ဖြစ်သွားကြသည်။
"ဒကာတို့ ဖန့်မိသားစုရဲ့ မျိုးဆက်ဟာ မိစ္ဆာကျင့်ကြံသူ မဟုတ်ပါဘူး သူ့ဆီကနေ ဘာမိစ္ဆာအငွေ့အသက်မှ ငါ မခံစားရဘူး"
ဆရာတော် ချန်ယွမ်က လင်းချွမ်ကို ပြုံးလျက် မိန့်ကြားသည်။
"ဒါ ဒါက တစ်ခုခု မှားယွင်းသွားတာ ဖြစ်ရပါမယ်"
လင်းချွမ်က အောင့်သက်သက်ဖြင့် ပြုံးကာ ဖန့်ချန်ကို နှုတ်ဆက်လိုက်သည်။
"ကျွန်တော်တို့ နှောင့်ယှက်မိပါပြီ အခုပဲ ပြန်ပါတော့မယ်"
သူသည် လင်းယု၏ သဘောထားကိုပင် မမေးတော့ဘဲ မဟာချန်းအစောင့်တပ်ကို ခေါ်၍ အမြန် ထွက်ခွာသွားတော့သည်။
လင်းယုနှင့် အခြားသူများမှာ ထိုနေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ ကျန်ရစ်ခဲ့သည်။
ထိုအခြင်းအရာကို မြင်သောအခါ ရှကျီ က မရယ်ဘဲ မနေနိုင်တော့ပေ။
"ဘာလဲ မဟာချန်းအစောင့်တပ်တွေတောင် သွားကုန်ပြီ မင်းတို့က ဒီမှာနေပြီး အမွှေးတိုင်ထွန်း ဗုဒ္ဓကို ပူဇော်ချင်လို့လား"
လင်းယု၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားသည်။ သူသည် ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ အေးဆေးဟန်ဖြင့် ပြောလိုက်သည်။
"ရှကျီ ငါတို့က သူတို့နဲ့ တောင်ပေါ်ကို တိုက်တိုက်ဆိုင်ဆိုင် အတူတက်လာတာပါ ငါတို့လာရတဲ့ တခြားအကြောင်းပြချက်ကတော့ မင်းကို ကျွယ်ဝူတီဆီမှာ တောင်းပန်ဖို့နဲ့ သူ့နာမည်ကို အပုပ်ချတာတွေ ရပ်ဖို့ လာသတိပေးတာပဲ"
"ကျွယ်ဝူတီက လူယုတ်မာပဲ ငါပြောတဲ့စကားအတွက် ငါတာဝန်ယူတယ် ငါ့ကိုသတ်ရင်တောင် ငါ့စကားကို ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး"
ရှကျီ က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလျက် ပြန်ပြောသည်။
ရှကျီ ၏ ပြတ်သားမှုကို မြင်လိုက်ရသောအခါ လင်းယုတို့၏ မျက်နှာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားပြီး နောက်ဆုံးတွင် စကားတစ်လုံးမှ မပြောတော့ဘဲ လှည့်ထွက်သွားကြတော့သည်။
"ယင်ကောင်တွေ နောက်ဆုံးတော့ ပျံထွက်သွားပြီ"
ရှကျီ က ရယ်မောလိုက်ပြီး ဆရာတော်ကို ကြည့်ကာ မေးသည်။
"ဆရာတော် အဲ့ဒီတုန်းက ဘာလို့ ဖန့်ချန်ကို တပည့်အဖြစ် မခေါ်ခဲ့တာလဲ သူ့ပါရမီက ကျွန်တော့်ထက်တောင် သာဦးမယ်"
"အဲ့ဒီတုန်းက ငါ သူ့ကို စစ်ဆေးကြည့်တော့ သူက ကျင့်ကြံဖို့ ပါရမီမပါဘူးလို့ တွေ့ခဲ့ရလို့ပါ"
ဆရာတော် ချန်ယွမ်က ထူးဆန်းသော မျက်နှာထားဖြင့် ဆိုသည်။
ရှကျီ မှင်တက်သွားသည်။
"သူ့မှာ ကျင့်ကြံဖို့ ပါရမီမရှိဘူး ဟုတ်လား"
ဝူရုန့်ချိုးကမူ ဖန့်ချန်မှာ မသေမျိုးသွေးကြော တစ်ချောင်းမှ မရှိဟု သူမ ထင်ထားနှင့်ပြီးသား ဖြစ်၍ ဘာမှ ထွေထွေထူးထူး မတွေးမိပေ။
သူမ သိချင်သည်မှာ သာမန်လူသားတစ်ဦးအနေဖြင့် ဖန့်ချန်သည် ထိုမျှဝေးလံသော ခရီးကို မည်သို့ ရောက်လာသနည်း ဆိုသည်သာ ဖြစ်သည်။
"ဒါပေမဲ့ မသေမျိုးလမ်းစဉ်ဆိုတာ ခန့်မှန်းရခက်ပြီး ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ် ဒကာဖန့်က ဒီလမ်းစဉ်ပေါ် တက်လှမ်းဖို့ ကိုယ်ပိုင်နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပုံရတယ် အဲ့ဒါက ဂုဏ်ပြုထိုက်တဲ့ ကိစ္စပါ"
ဟု ဆရာတော်က ဆိုသည်။
ဆရာတော်က ဖန့်ချန်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ဆက်ပြောသည်
"ဒကာဖန့် မင်း တိုက်ခိုက်ရင်းနဲ့ မင်းရဲ့ အခြေခံကို ထိခိုက်သွားတာလား မင်းရဲ့ သွေးနဲ့ စွမ်းအင်တွေ အားနည်းနေတာကို ငါ မြင်နေရတယ် မင်းရဲ့ သက်တမ်း တချို့လည်း ဆုံးရှုံးသွားပုံရတယ်"
ရှကျီ အလွန်အံ့ဩသွားသည်။
"ဖန့်ချန် မင်း ဒဏ်ရာရထားတာလား"
ဖန့်ချန် ခေါင်းအသာငြိမ့်ပြကာ ငွေရောင်မျက်နှာဖုံးကို ချွတ်လိုက်သည်။
ထိုအခါ အိုမင်းရင့်ရော်နေသော သူ၏ မျက်နှာမှာ ပေါ်လာတော့သည်။
ရှကျီ မှာ ချက်ချင်းပင် ဆွံ့အသွားရသလို ဝူရုန့်ချိုးလည်း ထိတ်လန့်သွားသည်။
ထိုမျက်နှာမှာ လူငယ်တစ်ဦး၏ မျက်နှာ မဟုတ်တော့ဘဲ အသက် ၅၀ ကျော် သာမန်လူတစ်ဦး၏ မျက်နှာကဲ့သို့ ဖြစ်နေသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ရှကျီ မယုံနိုင်အောင် ရေရွတ်လိုက်သည်။
ဆရာတော် ချန်ယွမ်က သက်ပြင်းအသာချသည်။
"ကျင့်ကြံသူတွေကြားက တိုက်ပွဲတွေက အရမ်းပြင်းထန်ပြီး အသက်အန္တရာယ် ပေးနိုင်တယ် ဒကာဖန့်နဲ့ တိုက်ခိုက်ခဲ့တဲ့သူက သာမန်လူတော့ မဟုတ်တာ သေချာတယ်"
"ဆရာတော် သူက မသေမျိုးသွေးကြော တစ်ချောင်းတောင် မရှိသေးတဲ့သူ မဟုတ်လား သာမန်သိုင်းပညာရှင်တစ်ယောက်က ဘယ်လိုလုပ် သက်တမ်း ဆုံးရှုံးသွားရတာလဲ"
ဝူရုန့်ချိုးက အံ့အားသင့်စွာ မေးသည်။
"ငါကတော့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ထိုးဖောက်မမြင်နိုင်ပေမဲ့ သူ ဒီနေရာအထိ ရောက်လာနိုင်တာနဲ့ သက်တမ်း ဆုံးရှုံးသွားတာကို ကြည့်ရင် သူ့ရဲ့ ကျင့်ကြံမှုက မနိမ့်ဘူးဆိုတာ ထင်ရှားနေတယ်"
ဟု ဆရာတော်က မိန့်ကြားသည်။
"စီနီယာအစ်မ လွန်ခဲ့တဲ့ ရက်ပိုင်းက ချင်းဟူအင်ပါယာမှာ ဖန့်ချန်က အခြေခံတည်ဆောက်ခြင်းအဆင့် အလတ်စား ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့တာ"
"သူက သွေးကြောတွေ စုစည်းထားရုံတင်မကဘူးအဆင့်တူ ကျင့်ကြံသူတွေထက် အများကြီး ပိုသန်မာတယ်"
"ကျွယ်ဝူတီဆိုတာ ဖန့်ချန်နဲ့ ယှဉ်ရင် ပုရွက်ဆိတ်ပဲ ရှိတာ ပြီးတော့ ဖန့်ချန်က ကျွယ်ဝူတီထက်တောင် ငယ်သေးတယ် ငါမှတ်မိသလောက်ဆိုရင် ဖန့်ချန်က အခုမှ အသက် ၂၄ ပဲ ရှိသေးတယ်"
"သူက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့တယ် ဟုတ်လား"
ဝူရုန့်ချိုး မျက်လုံးပြူးသွားပြီး မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်။
"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ အမိဝမ်းထဲကနေ စကျင့်ကြံလာရင်တောင် ဒီအသက်အရွယ်နဲ့ ဒီလောက်အဆင့်ထိ ရောက်ဖို့ဆိုတာ မကြားဖူးပါဘူး"
"ဒါ အမှန်တရားပဲ ငါ့မျက်စိနဲ့တောင် မြင်ခဲ့တာ သူ ချင်းဟူအင်ပါယာရဲ့ မိစ္ဆာဘုရင် ထျန်းဖုန်း ကို သတ်ခဲ့တာလေ လမ်းမှာ ငါသာ သူ့ကို မတွေ့ခဲ့ရင် ငါလည်း ချင်းဟူမင်းသမီးလက်ကနေတစ်ဆင့် ကျွယ်ဝူတီဆီ အပ်ခံရတော့မှာ"
ရှကျီက ဖန့်ချန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဖန့်ချန် မင်းရဲ့ ဆုံးရှုံးသွားတဲ့ သက်တမ်းကို ပြန်ရနိုင်မယ့် နည်းလမ်း ရှိလား"
"ရှိတော့ ရှိပါတယ် ဒါပေမဲ့ အလျင်မလိုပါဘူး"
ဖန့်ချန်က ပြုံးလျက် မျက်နှာဖုံးကို ပြန်သိမ်းလိုက်သည်။ အခုတော့ ၎င်းကို တပ်ထားရန် မလိုတော့ပေ။
"တော်သေးတာပေါ့"
ရှမင်က ဆိုပြီးနောက်
"ဒါနဲ့ မင်းနဲ့ တိုက်ခဲ့တဲ့လူကရော"
"သေသွားပြီ"
ရှကျီ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းတယ်"
ဆရာတော် ချန်ယွမ်က အေးဆေးစွာ မိန့်ကြားသည်။
"ကျင့်ကြံသူတွေရဲ့ အန္တိမပန်းတိုင်ဟာ အသက်ရှည်ဖို့ပဲ ဖြစ်တတ်တယ် မသေမျိုးလမ်းစဉ်ရဲ့ ခက်ခဲမှုကို ဒါက သက်သေပြနေတာပဲ ဆုံးရှုံးသွားတဲ့ သက်တမ်းကို ပြန်ရဖို့ဆိုတာ ရှားပါးတဲ့ ဆေးလုံးတွေ၊ ဆေးရည်တွေ မရှိရင် မဖြစ်နိုင်သလောက်ပဲ"
ရှကျီ စိုးရိမ်သွားသည် ထိုစကားမှာ ဖန့်ချန်၏ သက်တမ်းပြန်ရရန် ခက်ခဲလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်နေသည်။
ဖန့်ချန်က ပြုံးလျက်
"လူတစ်ယောက်ဟာ အသက်ရှည်ဖို့ပဲ ကြိုးစားနေရမယ်လို့ မဆိုလိုပါဘူး မသေမျိုးလမ်းစဉ်ကို လိုက်စားတာဟာလည်း အသက်ရှည်ဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး"
"ကျွန်တော် ရှာဖွေနေတာ အသက်ရှည်ဖို့ မဟုတ်ဘူး ဒါကြောင့် သက်တမ်း ဆုံးရှုံးသွားတာက ကျွန်တော့်အတွက် ဘာမှ မဟုတ်ပါဘူး တကယ်လို့ လူတစ်ယောက်ဟာ နှစ်ပေါင်း ထောင်ချီ အသက်ရှင်နိုင်ပေမဲ့ သူ့ရဲ့ ချစ်ခင်ရသူတွေ အားလုံးကတော့ အိုမင်းပြီး သေဆုံးကုန်မယ်ဆိုရင် အင်မော်တယ် ဖြစ်ရတာက ဘာထူးမှာလဲ"
"ဆယ်စုနှစ် အနည်းငယ်ပဲ နေရပေမဲ့ ကိုယ်လုပ်ချင်တာကို လုပ်သွားနိုင်ရင် အဲ့ဒါက နောင်တမရှိတဲ့ ဘဝပါပဲ"
"ဖန့်ချန် အဲ့ဒီလို မပြောပါနဲ့ မင်း အသက်ရှည်ရှည် နေနိုင်ရင် ပိုပြီး အများကြီး လုပ်နိုင်မှာပေါ့"
ရှကျီ က စိုးရိမ်တကြီးဖြင့် ဆရာတော်ကို ကြည့်လိုက်သည်။
"ဆရာတော် သူ့ရဲ့ သက်တမ်းကို ပြန်ဖြည့်ပေးနိုင်မယ့် နည်းလမ်း ရှိလား ဆရာတော်က သာမန် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေထက် အများကြီး ပိုပြီး အသက်ရှည်နေတာပဲ တစ်ခုခုတော့ ရှိမှာပေါ့ ဟုတ်တယ်မလား"
ဝူရုန့်ချိုးက
"မောင်လေး"
ဟု အော်ကာ သူ့ကို ဟန့်တားလိုက်သည်။
ဆရာတော် ချန်ယွမ်က ပြုံးလျက် လက်ဝှေ့ယမ်းပြပြီး အဆင်ပြေကြောင်း ပြသသည်။ ထို့နောက် ဖန့်ချန်ကို ကြည့်လိုက်သည်။
"ဒကာဖန့် ငါ့မှာ အသက်ရှည်ခြင်းနဲ့ ပတ်သက်နိုင်တဲ့ ကျမ်းစာတစ်စောင် ရှိတယ် ဒါပေမဲ့ သာမန်လူတွေ ကျင့်ကြံဖို့ကတော့ အသုံးမဝင်ဘူး တကယ်လို့မင်းမှာ ကံပါရင်တော့ ဒါရဲ့ လျှို့ဝှက်ချက်တွေကို မင်း သိနိုင်မှာပါ"
ဖန့်ချန် အနည်းငယ် အံ့ဩသွားသည်။
"ဒါက ဆရာတော်ရဲ့ လျှို့ဝှက်နည်းစနစ် မဟုတ်လား ကျွန်တော် ဒီတိုင်း ကြည့်လို့ ဖြစ်ပါ့မလား"
ဆရာတော် ချန်ယွမ်က ပြုံးလျက် လေထဲတွင် လက်ဝှေ့ယမ်းလိုက်သည်။
"ဒါက တကယ်တော့ လျှို့ဝှက်နည်းစနစ် မဟုတ်ပါဘူး မဟာချန်းအင်ပါယာမှာရှိတဲ့ နာမည်ကြီး ကျင့်ကြံသူ အတော်များများ ဒါကို မြင်ဖူးကြတယ် ဒါကြောင့်လည်း စွမ်းအားမြင့်ဗလာကျောင်းတော်ဟာ ဒီတောင်ပေါ်မှာ အခုထိ ဆက်ရှိနေနိုင်တာပေါ့"
ဖန့်ချန် ရုတ်တရက် သဘောပေါက်သွားသည်။
အရင်က သူ တွေးနေမိသည်မှာ ထိုနေရာသည် မြို့ထဲလောက် ဝိညာဉ်စွမ်းအား မကောင်းသော်လည်း မြို့ပြင်မှာတော့ နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ပင်။
လောဂျစ်အရဆိုလျှင် ဤနေရာကို အခြားအင်အားစုများက လုယူသွားကြပြီး ဖြစ်ရမည်။
အမှန်တကယ်မှာမူ ဆရာတော် ချန်ယွမ်သည် ဤကျမ်းစာကို အသုံးပြု၍ အခြားအင်အားစုများနှင့် အလဲအလှဲ လုပ်ထားခြင်း ဖြစ်ပေသည်။
အခန်း ၃၁၄ - တစ်ဖက်ကမ်းကို ရှာဖွေခြင်းနှင့် ဒုက္ခပင်လယ်ကို မြင်တွေ့ခြင်း
ဆရာတော် ချန်ယွမ်နှင့်အတူ သူတို့သုံးဦးသည် စွမ်းအားမြင့်ဗလာကျောင်းတော်၏ တစ်ခုတည်းသော ဗုဒ္ဓခန်းမဆောင်သို့ ရောက်ရှိလာကြသည်။
ခန်းမထဲတွင် တည်ငြိမ်ခန့်ညားသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပယ်နေသည်။
ဗုဒ္ဓရုပ်ပွားတော်သည် လက်တစ်ဖက်မှ ကြာပန်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်မှာ ဗုဒ္ဓလက်ဟန် ပြုလုပ်ထားသည်။
ထိုလက်ဖဝါးပေါ်တွင် ထူထပ်သိပ်သည်းသော ကျမ်းစာများကို ရေးထိုးထားသည်။
"ဆရာတော် အသက်ရှည်ရှည်နေနိုင်တာ ဒီကျမ်းစာကြောင့်ပဲ"
ရှကျီက ဖန့်ချန်ကို တိုးတိုးလေး ပြောလိုက်သည်။
"ဒါကို သေသေချာချာ လေ့လာကြည့်ပါ အဲ့ဒီထဲက လျှို့ဝှက်ချက်တွေကို နားလည်အောင် ကြိုးစားကြည့်ဦး"
" မင်းရဲ့ ဆုံးရှုံးသွားတဲ့ သက်တမ်းတွေကို ပြန်ဖြည့်နိုင်ရင် အကောင်းဆုံးပဲ ငါကတော့ တောင်ပေါ်ကြက် သွားဖမ်းပြီး မင်းအတွက် ခန္ဓာကိုယ်အားရှိအောင် စွပ်ပြုတ်သွားချက်လိုက်ဦးမယ်"
ဖန့်ချန် ရယ်မောလိုက်သည်။
"မင်းက အခု စွပ်ပြုတ်တောင် ချက်တတ်နေပြီလား"
ဝူရုန့်ချိုးကလည်း
"မောင်လေးရှ ချက်တဲ့ စွပ်ပြုတ်က တကယ်ကို အရသာရှိပါတယ်"
ဟု ဝင်ပြောသည်။
ရှကျီ က အမူအရာပြောင်းကာ ဟန်ကိုယ်ဖို့ဖြင့်
"ဒါပေါ့ အိမ်နဲ့ဝေးတဲ့နေရာမှာ နေရင် သူများတွေကိုပဲ အားကိုးနေလို့ မဖြစ်ဘူးလေ"
ဟု ဆိုသည်။
ဖန့်ချန်က ပြုံးလျက် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်လိုက်သည်။
သူ၏ အာရုံကို ဆွဲဆောင်နေသည်မှာ လက်ဖဝါးပေါ်က ကျမ်းစာမဟုတ်ဘဲ ရုပ်ပွားတော်ကိုယ်တိုင် ဖြစ်သည်။
ဤဗုဒ္ဓသည်လည်း မသေမျိုး ပုဒု ကဲ့သို့ပင် လူသားတို့၏ ကိုးကွယ်ယုံကြည်မှုစွမ်းအား ဖြင့် နတ်ဘုရားဖြစ်သွားသူလားဟု သူ တွေးနေမိသည်။
"ဆရာတော် ချန်ယွမ် ဒီဗုဒ္ဓကို ဘယ်လိုခေါ်ပါသလဲ"
ဖန့်ချန်က မေးသည်။
"အမိတာဘ ဒါကတော့ မဟာပညာဗုဒ္ဓ ပါပဲ ဒကာ"
ဆရာတော် ချန်ယွမ်က ဗုဒ္ဓရုပ်ပွားတော်ကို လက်အုပ်ချီ ရိုသေပြရင်း ဖြေသည်။
"မဟာပညာဗုဒ္ဓ ဟုတ်လား"
ဖန့်ချန် တွေးတောနေမိသည်။
ဆရာတော်က ပြုံးလျက်
"ဒကာဖန့် မင်း ဒီကျမ်းစာကို အေးအေးဆေးဆေး ဆင်ခြင်ကြည့်နိုင်ပါတယ်"
ဟု ဆိုကာ ဝူရုန့်ချိုးနှင့် ရှကျီတို့ကို ခေါ်၍ ခန်းမအပြင်ဘက်သို့ ထွက်သွားသဖြင့် ဖန့်ချန် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
ဖန့်ချန်၏ အကြည့်က ကျမ်းစာပေါ်သို့ ကျရောက်သွားသော်လည်း အစမှ အဆုံးထိ ဖတ်ကြည့်ပြီးသည့်တိုင် ထူးခြားသော နားလည်မှု မျိုး မရရှိခဲ့ပေ။
သူက ခါးသက်သက် ပြုံးလိုက်ပြီး
"ငါက ဗုဒ္ဓလမ်းစဉ်နဲ့ ကံမပါဘူး ထင်တယ်"
ဟု ရေရွတ်လိုက်သည်။
သူသည် သူ၏ ဝိညာဉ် ကို ခန္ဓာကိုယ်မှ ခွဲထုတ်လိုက်ပြီး ဗုဒ္ဓရုပ်ပွားတော်ကို ထပ်မံ စိုက်ကြည့်လိုက်သည်။
သို့သော် ခေတ္တအကြာတွင်လည်း ဘာမှ ထူးမလာပေ။
အမွှေးတိုင် စွမ်းအားများ စီးဆင်းနေခြင်းလည်း မရှိချေ။
ဖြစ်နိုင်သည်မှာ ထိုဗုဒ္ဓသည် လူသားလောကတွင် တစ်ချိန်က ရှိခဲ့ဖူးလျှင်ပင် သက်တမ်းကုန်၍ ပရိနိဗ္ဗာန်စံသွားပြီ ဖြစ်နိုင်သလို၊ အင်မော်တယ်လောကတွင် ဗုဒ္ဓအစစ်အမှန်အဖြစ် တက်လှမ်းသွားပြီလည်း ဖြစ်နိုင်သည်။
ဖန့်ချန်၏ မျက်လုံးများက ဗုဒ္ဓလက်ဖဝါးပေါ်က ကျမ်းစာဆီသို့ ပြန်ရောက်သွားသည်။
တဖြည်းဖြည်းနှင့် ကျမ်းစာမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး စာလုံးများမှာ သက်ဝင်လှုပ်ရှားလာကာ လက်ဖဝါးပေါ်မှ လွင့်ပျံထွက်လာပြီး ဖြည်းညှင်းစွာ လည်ပတ်နေကြသည်။
ဖန့်ချန် သက်ပြင်းချလိုက်မိသည်။ ငါ ထင်တဲ့အတိုင်းပါပဲလား။
ကျင့်ကြံမှုတွင် ဝိညာဉ်၏ သန်မာမှုမှာ အလွန်အရေးကြီးသည်။
ကျန်းကျုံး ထက် စကြဝဠာမှန်ချပ် ပေါ်က စာသားတွေကို သူ ပိုမြင်ရသကဲ့သို့ပင် ယခုလည်း သူ၏ ဝိညာဉ်စွမ်းအားကြောင့် ဤကျမ်းစာ၏ ထူးခြားသော ဖြစ်စဉ်ကို မြင်တွေ့နေရခြင်း ဖြစ်သည်။
သို့သော် သူက ညည်းတွားလိုက်သည်
"ဒါပေမဲ့ ငါက ဗုဒ္ဓတရားတော်တွေကို တစ်ခါမှ မလေ့လာဖူးဘူး ဒီကျမ်းစာက တကယ်အစွမ်းထက်ရင်တောင် ငါ့ရဲ့ အသိဉာဏ်အကန့်အသတ်နဲ့ဆိုရင် ဒါကို အသုံးချဖို့ ခက်လိမ့်မယ်"
ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် လည်ပတ်နေသော ကျမ်းစာစာလုံးများမှာ ဖန့်ချန်ကို သတိပြုမိသွားပုံရသည်။
စာလုံးတစ်လုံးချင်းစီမှာ ရှေ့သို့ တိုးထွက်လာပြီး ဖန့်ချန်၏ နဖူးဆီသို့ တိုက်ရိုက် တိုးဝင်သွားကြတော့သည်။
ရုတ်တရက် သူ၏ မီးခိုးဖြူရောင် မျက်လုံးများမှာ ရွှေရောင်ဖျော့ဖျော့ အလင်းများဖြင့် ဖုံးလွှမ်းသွားသည်။
ဗုဒ္ဓက မိန့်ကြားသည်
"ဘုံသုံးပါးသည် မငြိမ်းချမ်း မီးလောင်နေသော အိမ်ကဲ့သို့ပင် မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေပြီး အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှသည်" ဟူ၍
ဗုဒ္ဓက မိန့်ကြားသည်
"တစ်ဖက်ကမ်းကို ရှာဖွေသူသည် ဒုက္ခပင်လယ်ကို မြင်တွေ့လိမ့်မည်" ဟူ၍
စက္ကန့်ပိုင်းအတွင်းမှာပင် ဖန့်ချန်သည် သတ္တဝါအားလုံး၏ ဆင်းရဲဒုက္ခများကို မြင်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။
မရေမတွက်နိုင်သော သတ္တဝါများမှာ ငြိမ်းချမ်းမှု မရှိဘဲ မီးပင်လယ်ထဲတွင် ကျရောက်နေကြသည်။
ထို့နောက် နောက်တစ်စက္ကန့်တွင် သူ တောင်တန်းတစ်ခုကို မြင်လိုက်ရသည်။
သုံးလောကတောင်
ရင်းနှီးသော မျက်နှာများစွာကို သူ မြင်လိုက်ရသည်။
ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားပြီး သွေးများ စွန်းထင်နေသော မိမိကိုယ်ကိုယ်လည်း မြင်ရသည်။
သူ၏ နောက်ကွယ်တွင် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြသော ထောင်ပေါင်းများစွာသော စစ်သည်တော်များ ရှိနေသည်။
တစ်ဦးပြီးတစ်ဦး လဲကျသွားကြသော်လည်း ကျန်ရှိသူများက မကြောက်မရွံ့ ရှေ့သို့ တိုးနေကြသည်။
မြေဆီလွှာမှာ ငယ်ရွယ်သော သွေးအသစ်များဖြင့် နီမြန်းနေသည်။
သို့သော် ထိုသွေးရှင်များ၏ ဖြူဖျော့နေသော မျက်နှာများမှာ သေဆုံးသည့်တိုင် ပြတ်သားမှုများ ရှိနေဆဲပင်။
"လီဝေ သူ့မှာ သူ့အမေတစ်ယောက်ပဲ ရှိတာ သူ့အမေက သူ့ကို နေ့ရောညပါ မျှော်နေရှာမှာ"
"ဟန်ချန်း သူ့မှာ ညီအစ်ကို သုံးယောက်နဲ့ ညီမတစ်ယောက် ရှိတယ် သူ့ညီမ မင်္ဂလာဆောင်တုန်းက သူ မတက်လိုက်ရဘူး"
"ရွှီယန် သူက စကားပြောရတာ အရမ်းဝါသနာပါတာ စစ်တပ်ထဲမှာ ညီအစ်ကိုတွေအတွက် အမြဲ ရှေ့ထွက်ပြောပေးတတ်တဲ့သူ အခုတော့ သူ စကားမပြောနိုင်တော့ဘူး"
"မန်ဟူ သူက တောင်ပိုင်းမှာ မွေးတာ ငယ်ငယ်လေးကတည်းက လေလွင့်နေခဲ့ပြီး ဝအောင် စားရဖို့ စစ်တပ်ထဲ ဝင်ခဲ့တဲ့သူ သူ မသေခင်မှာ သူ့ရင်ခွင်ထဲမှာ စားလက်စ ပေါင်မုန့်လုံးလေး တစ်လုံး ရှိနေသေးတယ်"
ဖန့်ချန် မသိလိုက်ဘဲ သူ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသည်။
ထိုသူများမှာ မဟာရှ အတွက် တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။
သူတို့မှာ ငယ်ရွယ်ကြသေးပြီး စစ်တပ်ထဲ မဝင်ခဲ့လျှင် အသက်ရှည်ရှည် နေရဦးမည် ဖြစ်သည်။
သို့သော် သူတို့သည် ထိုလမ်းကို ရွေးချယ်ခဲ့ကြသည်။
သူတို့၏ လူပျိုဘဝကို သူတို့ ခြေချရာ မြေကမ္ဘာအတွက် ပေးဆပ်ခဲ့ကြသည်။ သူတို့ မဟာရှကို တစ်ခါမှ သစ္စာမဖောက်ခဲ့ကြပေ။
နှစ်ပေါင်းများစွာ ဖန့်ချန် ရင်ထဲမှာ မြိုသိပ်ထားခဲ့သော ဒေါသများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
"စစ်သားတစ်ယောက်ရဲ့ တာဝန်က နိုင်ငံကို ကာကွယ်ဖို့ပဲ နောင်တမရှိ သေရတာက မှန်ကန်ပါတယ် ဒါပေမဲ့ ဒါက ဒီလို မဖြစ်သင့်ဘူး ဝိညာဉ်သွေးဂိုဏ်း အဲ့ဒီကောင်တွေ အားလုံးမှာ လက်ပါခဲ့ကြတာ ငါ့စစ်သည်တွေ သေတာက မထိုက်တန်ဘူး"
"သူတို့ဂိုဏ်းမှာ လူ သန်းချီ ရှိပါစေ ဒါမှမဟုတ် မဟာဆရာကြီး အဆင့်တွေပဲ ရှိပါစေ ငါ ဖန့်ချန် ကျိန်ဆိုတယ် ဒီဘဝမှာ သူတို့ တစ်ယောက်မကျန် ငါ သုတ်သင်ပစ်မယ် ငါ့ရဲ့ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေရဲ့ ဝိညာဉ်ကို သူတို့ရဲ့ သွေးနဲ့ ငါ ပူဇော်မယ်"
ခဏအတွင်းမှာပင် ထိုမြင်ကွင်းများ ပျောက်ကွယ်သွားပြီး အိမ်မက်တစ်ခုလို ဖြစ်သွားသည်။
ထိုနေရာတွင် သာယာဝပြောသော အင်ပါယာတစ်ခု ပေါ်လာသည်။
ထိုနေရာရှိ လူသားများမှာ စိုးရိမ်ကြောင့်ကြမှု ကင်းစွာ နေထိုင်နေကြသည်။ အားလုံးမှာ ဝအောင် စားရပြီး နေစရာ အိမ်ရှိကြသည်။
သူတို့မှာ မချမ်းသာကြသော်လည်း ဆင်းရဲမွဲတေခြင်းလည်း မရှိကြပေ။
ထိုအင်ပါယာထဲတွင် ဖန့်ချန်သည် သူ ရှာဖွေနေသော အရာတစ်ခုကို မြင်တွေ့လိုက်ရပုံရသည်။
ငြိမ်းချမ်းရေး
တစ်ဖက်ကမ်းကို ရှာဖွေသူသည် ဒုက္ခပင်လယ်ကို မြင်တွေ့လိမ့်မည်လား
ဖန့်ချန်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။
ရုတ်တရက် ကောင်းကင်ယံမှ ရေများ လောင်းချလိုက်သလို ဖြစ်သွားပြီး သူနှင့် ထိုသာယာသော အင်ပါယာကြားတွင် အဆုံးမဲ့ ပင်လယ်ကြီးတစ်ခု ခြားသွားတော့သည်။
ထိုအင်ပါယာမှာ တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်ဆုံးတွင် သူမြင်ရသည်မှာ တိတ်ဆိတ်နေသော ပင်လယ်ပြင်ကြီးသာ ဖြစ်သည်။
ဖန့်ချန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဟာ ငါရှာဖွေနေတဲ့ တစ်ဖက်ကမ်း ပေါ့"
သူ မသိလိုက်ဘဲ ခြောက်နှစ်တိုင်တိုင် မပြောင်းလဲဘဲ ရှိနေသော သူ၏ ဝိညာဉ်စွမ်းအားမှာ သိသိသာသာ မြင့်တက်လာတော့သည်။
ရုတ်တရက် အပြောင်းအလဲတစ်ခု စတင်ဖြစ်ပေါ်လာသည်။ ဖန့်ချန်၏ အိုမင်းနေသော မျက်နှာမှာ အရှိန်အဟုန်ဖြင့် ပြန်လည် နုပျိုလာသည်။
အသက် ၅၀ မှ ၄၀၊ ၄၀ မှ ၃၀၊ ၃၀ မှ ၂၀...
သူ၏ ရုပ်ရည်မှာ သုံးလောကတောင်တွင် မရှုံးနိမ့်ခင် အသက် ၁၈ နှစ်အရွယ်သို့ ပြန်ရောက်သွားပြီး အရာအားလုံး အသစ်ပြန်စသကဲ့သို့ ဖြစ်သွားသည်။
ဗုဒ္ဓခန်းမဆောင် အပြင်ဘက်တွင်
ရှကျီမှာ ခဏခဏ အထဲကို ချောင်းကြည့်နေသည်။
"မောင်လေး ဖန့်... ဖန့်ချန်က တကယ်ပဲ အခြေခံတည်ဆောက်ခြင်း ကျွမ်းကျင်သူကို သတ်ခဲ့တာလား ချင်းဟူအင်ပါယာရဲ့ မိစ္ဆာဘုရင်ကိုရော တကယ် သတ်ခဲ့တာလား"
ဝူရုန့်ချိုးက မနေနိုင်ဘဲ မေးလိုက်သည်။
"စီနီယာအစ်မ ဝူ အစ်မက အခုထိ ငါ့ကို မယုံသေးဘူးလား"
ရှကျီ က မျက်လုံးလေး ကလယ်ကလယ် လုပ်ရင်း ပြောသည်။
"ဖန့်ချန် က မိစ္ဆာဘုရင်ကို တကယ် သတ်ခဲ့တာပါ"
"ဒါဆို နင်တို့က ဒီကို ဘယ်လို ပြန်ရောက်လာတာလဲ ချင်းဟူအင်ပါယာရဲ့ ဘုရင်က သာမန်လူ မဟုတ်ဘူးလေ"
"ဘာလို့လဲဆိုတော့ ငါတို့က ချင်းဟူအင်ပါယာရဲ့ မင်းသမီးကို ပြန်ပေးဆွဲလာခဲ့လို့ပေါ့"
ဟု ရှကျီ က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"..."
ဝူရုန့်ချိုး ခေတ္တမျှ ဆွံ့အသွားပြီးမှ
"နင် တို့က ချင်းဟူအင်ပါယာကို သေသေချာချာ စော်ကားခဲ့တာပဲ နောက်ဆို အဲ့ဒီဘက်ကို ခြေဦးမလှည့်နဲ့တော့"
ရှကျီ ခေါင်းငြိမ့်ပြသည်။
"ဒါပေါ့ ဖန့်ချန် နဲ့ အတူသွားတာ မဟုတ်ရင် ငါ အဲ့ဒီကို တစ်ယောက်တည်း မသွားပါဘူး"
ဝူရုန့်ချိုးက စိုးရိမ်တကြီးဖြင့်
"ငါ အတည်ပြောနေတာ ဘယ်လို အခြေအနေမျိုးမှာမှ မသွားနဲ့တော့ မိစ္ဆာကျင့်ကြံသူတွေက အရမ်း ရက်စက်တာ တစ်နေ့မှာ နင် စွပ်ပြုတ်အိုးထဲ ရောက်သွားမှာကို ငါ မကြည့်ချင်ဘူး"
ရှကျီ က ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ခန်းမဆောင်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။
ရှကျီ နှင့် ဝူရုန့်ချိုးတို့မှာ မှင်တက်သွားကြတော့သည်။
နယ်မြေ ၁၈ ခုလုံးရှိ ကျင့်ကြံသူများနှင့် လူသားများမှာလည်း စွမ်းအားမြင့်ဗလာကျောင်းတော်မှ ထွက်ပေါ်လာသော ထူးခြားသည့် ဖြစ်စဉ်ကို မြင်တွေ့လိုက်ကြရသည်။
မြို့တော်အတွင်းရှိ အစွမ်းထက်သော ပုဂ္ဂိုလ်များစွာမှာလည်း မျက်လုံးများ ပွင့်လာကြပြီး စွမ်းအားမြင့်ဗလာကျောင်းတော်ရှိရာဘက်သို့ သံသယများစွာဖြင့် လှမ်းကြည့်လိုက်ကြလေတော့သည်။