အခန်း (၃၂၃-၃၂၄)
Vol. 33 Ch. 323-324
အခန်း ၃၂၃ - အဆင်ပြေပါတယ်
ဖန့်ချန်၏ စကားကို ကြားပြီးနောက် ထိုလူသည် တံခါးကို ဝုန်းခနဲ ပိတ်ပစ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ နဖူးပေါ်သို့ ဓားတစ်လက် ရောက်ရှိလာပြီး ချွန်ထက်သော ဓားဦးက သူ့ကို ခြိမ်းခြောက်နေသည်ကို တွေ့လိုက်ရသည်။
ဖန့်ချန်က ပြုံးလျက်
"လမ်းပြစမ်း"
ဟု ဆိုသည်။
"ကျွန်တော့်နောက် လိုက်ခဲ့ပါ"
ဟု ထိုလူက အလိုက်သင့် နာခံလိုက်ရတော့သည်။
ခြံဝင်းအတွင်း၌ သခင်လေးကျားသည် သူ၏ လက်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ပွတ်သပ်ရင်း ကျေနပ်စွာ ပြုံးနေသည်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆိုသည်မှာ မည်သူ့အတွက်မဆို များပြားသော ပမာဏဖြစ်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ဖြားယောင်းရန် လုံလောက်ပေသည်။
"နှမြောစရာပဲ ရှကျီရဲ့နောက်မှာ ဆရာတော်ချန်ယွမ် ရှိနေလို့သာ မဟုတ်ရင် သူ့ကို လိမ်ရတာ လွယ်ပါတယ် ဘာမှမလုပ်ဘဲ ကျောက်တုံးတစ်ထောင် အလကားရမှာ"
သခင်လေးကျားက သက်ပြင်းချရင်း ခေါင်းခါကာ ရေရွတ်လိုက်သည်။
ရုတ်တရက် သူ၏ အကြည့်မှာ ခြံဝင်းအဝင်ဝသို့ ရောက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနေ့ နောက်ထပ် ဧည့်သည် လာပြန်ပြီလား"
"မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တစ်ယောက် ရှိပါတယ် သခင်လေးကျား"
ဟု အစေခံဖြစ်သူက အိုးတိုးအောင့်တောင့် အပြုံးဖြင့် ပြောလိုက်သည်။
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်
သခင်လေးကျား အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူသည် တည်ငြိမ်မှုကို ထိန်းသိမ်းကာ ကျောက်တုံးများကို သိမ်းလိုက်ပြီး အစေခံ၏ နောက်မှ ဖန့်ချန်ကို အေးဆေးစွာ ကြည့်လိုက်သည်။
"ဝင်လာပြီး စကားပြောပါ သာမန်အစေခံတစ်ယောက်ကို ခြိမ်းခြောက်နေစရာ မလိုပါဘူး"
ဖန့်ချန်က အသာအယာ ခေါင်းငြိမ့်ကာ
"ခင်ဗျား ပြောတာ မှန်တယ်"
ဟု ဆိုသည်။
သခင်လေးကျား အံ့ဩသွားသည်မှာ ခုနတင်က အစေခံ၏ နဖူးပေါ်တွင် ရှိနေသော ဓားသည် ရုတ်တရက် သူ၏ ဦးခေါင်းခွံဆီသို့ ရောက်ရှိလာခြင်းပင်။
ထိုဓားမှာ သာမန်ဟု ထင်ရသော်လည်း ၎င်းမှ ထွက်ပေါ်နေသော ဓားဆန္ဒ ကြောင့် သူ၏ ကိုယ်မှာ အေးစိမ့်ကာ တောင့်တင်းသွားရသည်။
သခင်လေးကျား၏ နဖူးတွင် ချွေးစေးများ ထွက်လာသည်။
သူက ဟန်ဆောင်ပြုံးကာ
"အရှင် ကျွန်တော် ခင်ဗျားကို မသိသလို ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှလည်း မရှိပါဘူး ဒါက ဘာသဘောလဲ"
သူ့ရှေ့မှ လူသည် သူ့ကို အလွယ်တကူ သတ်နိုင်သည်ဟု သူ ခံစားနေရသည်။
"ဒါက မဟာချန်းရဲ့ မြို့တော်လေ ဒီမှာ သွေးထွက်သံယို ဖြစ်ရင် ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ် ဥပဒေလက်ကနေ လွတ်မှာ မဟုတ်ဘူး"
ဟု အစေခံက အလျင်အမြန် ကြားဖြတ်ပြောသည်။
ဖန့်ချန်က ရယ်မောလိုက်ပြီး
"လူသတ်သမား ငှားစားတဲ့ လုပ်ငန်း လုပ်နေပြီးတော့ ငါ့ကို ဒါတွေ လာပြောနေတာလား"
သခင်လေးကျား၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ သူက အစေခံကို ကြည့်ကာ
"မင်း ထွက်သွားတော့ ဒါ မင်းနဲ့ မဆိုင်ဘူး"
ဟု အမိန့်ပေးလိုက်သည်။
အစေခံက တုံ့ဆိုင်းနေသော်လည်း သခင်လေးကျား၏ မျက်လုံးများ ဒေါသထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် လှည့်ပြေးတော့သည်။
သခင်လေးကျား ဒေါသထွက်လျှင် ဘာဖြစ်မည်ကို သူ ကောင်းကောင်း သိသည်။
"အရှင် အခု ငါတို့ နှစ်ယောက်တည်း ရှိပြီဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါပြီ"
သခင်လေးကျားက ဖန့်ချန်ကို ရိုသေသေ ဦးညွှတ်ကာ ဆိုသည်
"ဘယ်သူက ကျွန်တော့်အကြောင်း ပြောပြလဲတော့ မသိပေမဲ့ ခင်ဗျား ဒီကို အရောင်းအဝယ် လုပ်ဖို့ လာတာလို့ ကျွန်တော် ယူဆပါတယ်"
"ငါ ဒီကို အရောင်းအဝယ်အတွက် လာတာ မှန်ပါတယ် ဒါပေမဲ့ ခင်ဗျားက ယုံကြည်ရရဲ့လားဆိုတာ ငါ မသေချာဘူး"
ဟု ဖန့်ချန်က သခင်လေးကျား၏ ရှေ့တွင် ထိုင်ချကာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
သခင်လေးကျားက ခပ်ဖျော့ဖျော့ ပြုံးကာ
"အလုပ်ကိစ္စအတွက် ဆိုရင်တော့ ဓားကို အရင် ပြန်သိမ်းလို့ ရမလား"
ဖန့်ချန်က ပြုံးလျက် ခေါင်းခါပြသည်။
"မလိုပါဘူး ဒီအတိုင်းပဲ အဆင်ပြေပါတယ်"
သခင်လေးကျားမှာ စိတ်ပျက်သွားသော်လည်း သူ၏ အသက်ဘေးအတွက် ဖန့်ချန် ဘာကြောင့် လာသလဲဆိုသည်ကို သိရန် ကြိုးစားရတော့သည်။
"ခင်ဗျား လုပ်ချင်တဲ့ အလုပ်အကြောင်း ပြောနိုင်ပါတယ် ကျွန်တော်က လူရှာတာ ပစ္စည်းရှာတာနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတာ အပါအဝင် အလုပ်မျိုးစုံ လုပ်ပေးပါတယ်"
"ငါ လူတစ်ယောက်ကို သတ်ချင်လို့"
ဟု ဖန့်ချန်က ပြုံး၍ ပြောသည်။
"လူသတ်ဖို့"
သခင်လေးကျားက တုံ့ဆိုင်းသွားသည်။
"ဒါက မြို့တော်လေ ကျွန်တော်တို့ ဒီမှာ အသက်ကို ရန်မရှာပါဘူး ဘယ်သူက ခင်ဗျားကို ဒီမှာ လူသတ်သမား ငှားလို့ရတယ်လို့ ပြောလိုက်တာလဲ သူ ခင်ဗျားကို လိမ်လိုက်တာ ဖြစ်ရမယ်၊ ခင်ဗျားကို သုံးပြီး ကျွန်တော့်ကို သတ်ခိုင်းတာ ဖြစ်နိုင်တယ်"
"မင်းက ငါ့အပေါ် မရိုးသားဘူးဆိုရင်တော့ ငါတို့ရဲ့ စကားဝိုင်းက မင်းရဲ့ သေဆုံးခြင်းနဲ့ပဲ အဆုံးသတ်လိမ့်မယ်"
ဟု ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။
သခင်လေးကျား၏ မျက်နှာ အမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားသည်။
ခဏအကြာတွင် သူက ဖြည်းညှင်းစွာ မေးလိုက်သည်
"ဘယ်သူ့ကို သတ်ချင်တာလဲ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က ဘာလဲ"
"ကျွယ်ဝူတီ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း"
ဟု ဖန့်ချန်က ဖြေလိုက်သည်။
သခင်လေးကျားမှာ ထိတ်လန့်သွားသည်။
"ကျွယ်မိသားစုက အဲ့ဒီ မောက်မာတဲ့ကောင်လား"
ဒီနေ့တော့ ထူးဆန်းလိုက်တာ ဖောက်သည်တစ်ယောက်က ဖန့်မိသားစုရဲ့ ဂုဏ်ဆောင်ကို သတ်ခိုင်းတယ်၊ နောက်တစ်ယောက်က ကျွယ်မိသားစုရဲ့ ဂုဏ်ဆောင်ကို သတ်ခိုင်းပြန်ပြီ
"ဒီအလုပ်က ကျွန်တော့်အတွက် အဆင့်မြင့်လွန်းပါတယ် ချီသန့်စင်ခြင်း အဆင့်ဆိုရင်တော့ ကျွန်တော် ကူညီပေးနိုင်ပေမဲ့ ကျွယ်ဝူတီက အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်ရုံတင်မကဘဲ ကျွယ်မိသားစု ဘိုးဘေးတွေက တန်ဖိုးထားတဲ့ တိုက်ရိုက်မျိုးဆက်လည်း ဖြစ်နေတယ်"
သခင်လေးကျားက ခါးသက်သက် ပြုံးရင်း ဆိုသည်။
"ဒါဆိုရင် ပစ်မှတ်ကို ပြောင်းရအောင် ချီသန့်စင်ခြင်း အဆင့် ၁၂ က လူတစ်ယောက်ကို သတ်ဖို့ဆိုရင်ကော ခင်ဗျား ကိုင်တွယ်နိုင်မလား"
ဖန့်ချန်က အေးဆေးစွာ မေးသည်။
သခင်လေးကျား သက်ပြင်းချလိုက်နိုင်သည်။
"ချီသန့်စင်ခြင်း အဆင့် ၁၂ ကို သတ်ဖို့ကတော့ ဖြစ်နိုင်ပါတယ် ပစ်မှတ်က ဘယ်သူလဲ"
"ပစ်မှတ်က ဘယ်သူလဲဆိုတာ မင်း သိဖို့ မလိုပါဘူး မင်းး ဒီအလုပ်ကို လက်ခံနိုင်မလားဆိုတာပဲ ပြောပါ အလုပ်ကို လက်ခံပြီးရင် ဘယ်လို လုပ်ဆောင်မှာလဲ ငါ့ရဲ့ ပတ်သက်မှုကို ဖုံးကွယ်ထားနိုင်မလား အစီအစဉ် အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ဖို့ အာမခံနိုင်မလား"
ဖန့်ချန်က သခင်လေးကျားကို စိုက်ကြည့်ရင်း မေးခွန်းထုတ်သည်။
သခင်လေးကျားမှာ အနည်းငယ် ကြောင်သွားသည်။
"ခင်ဗျားက ပစ်မှတ်ကို မပြောရင် ကျွန်တော် ဈေးနှုန်း သတ်မှတ်လို့ ...."
"ဒါကို ဝိညာဉ်ကျောက်တုံး တစ်ထောင်တန် အရောင်းအဝယ်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ"
ဟု ဖန့်ချန်က ကြားဖြတ်ပြောလိုက်သည်။
သခင်လေးကျားမှာ လုံးဝ ဆွံ့အသွားပြီး သံသယများ ဝင်လာသည်။
ရှကျီက သူ့ကို ကျောက်တုံးတစ်ထောင် ပေးခဲ့သည်။
အခု နောက်တစ်ယောက်ကလည်း ထပ်တူ ပမာဏကို ကမ်းလှမ်းလာသည်။ ထိုအရာနှစ်ခုက တစ်ခုခု ပတ်သက်နေသလား
"ငါက သိပ်ပြီး စိတ်မရှည်တတ်ဘူး မြန်မြန်ဖြေပါ"
ဟု ဖန့်ချန်က ဆိုသည်။
သခင်လေးကျား အံကြိတ်ကာ ပြန်ဖြေသည်
"ကျွန်တော်က ဖောက်သည်တွေကို အသေးစိတ် အစီရင်မခံတတ်ပေမဲ့ ခင်ဗျားနဲ့တော့ ပွင့်ပွင့်လင်းလင်း ပြောပါ့မယ် ခင်ဗျားသတ်ချင်တဲ့ ပစ်မှတ်က နောက်ခံမရှိဘူးဆိုရင် ကျွန်တော် ကိုယ်တိုင် ကိုင်တွယ်ပါ့မယ် တကယ်လို့ ရှုပ်ထွေးမယ်ဆိုရင်တော့ တခြားလူကို ငှားပြီး လုပ်ခိုင်းပါ့မယ် အသေးစိတ်ကိုတော့ အဲ့ဒီအချိန်ကျမှ စီစဉ်ရမှာပါ"
"မင်းး ဘယ်သူ့ကို ငှားမှာလဲ"
ဖန့်ချန်က မေးသည်။ သခင်လေးကျား တိတ်ဆိတ်သွားသည်။
"မပြောချင်ဘူးလား မပြောချင်ရင်လည်း အဆင်ပြေပါတယ်..."
ဖန့်ချန်က တိုးတိုးလေး ရယ်မောလိုက်ပြီး ဓားဦးကို သခင်လေးကျား၏ နဖူးပေါ်သို့ ပို၍ ဖိလိုက်ရာ သွေးတစ်စက် ဖြည်းဖြည်းချင်း စီးကျလာသည်။
သခင်လေးကျားမှာ ကြောက်လန့်တုန်လှုပ်သွားပြီး
"ခဏနေပါဦး ကျွန်တော် ငှားမယ့်လူက မဟာချန်းက မဟုတ်ပါဘူး ဒါမှပဲ လျှို့ဝှက်ချက် မပေါက်မှာပါ ဘယ်သူ့ကို ငှားမလဲဆိုတာကတော့ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်"
ဟု အော်ပြောလိုက်သည်။
"ဘာကို ဆိုလိုတာလဲ"
"'ကောင်းကင်ကံကြမ္မာဆောင် အကြောင်း သိလား"
သခင်လေးကျားက ဖိအားများကြားမှ မေးလိုက်သည်။
ဖန့်ချန် ခေါင်းငြိမ့်ပြပြီး
"ဆက်ပြောပါ"
ဟု ဆိုသည်။
သခင်လေးကျားက ဆက်ပြောသည်
"ကျွန်တော် ငယ်ငယ်တုန်းက အဲ့ဒီမှာ အချိန်အတော်ကြာ နေခဲ့ဖူးတယ် အဲ့ဒီက ကျင့်ကြံသူတွေက သူများဆီက ပိုက်ဆံယူပြီး ပြဿနာတွေကို ရှင်းပေးကြတာ ကျွန်တော်နဲ့ သိတဲ့လူ အချို့ရှိသေးတယ်"
သူက ခေတ္တရပ်ပြီး
"ဒါကို မဟာချန်း အင်ပါယာမှာ ဘယ်သူမှ မသိပါဘူး မိသားစုအသီးသီးက ဘိုးဘေးတွေတောင် ကျွန်တော် အဆင့် ၄ အင်ပါယာတစ်ခုမှာ ကျင့်ကြံခဲ့တယ်လို့ပဲ သိကြတာ"
"တစ်ခုခု မှားယွင်းသွားရင်တောင် သူတို့က ကောင်းကင်ကံကြမ္မာဆောင်ကို သွားပြီး ပြဿနာ မရှာရဲကြဘူး ဒါကြောင့် ကျွန်တော်တို့ ဘေးကင်းမှာပါ ငါတို့နဲ့ ပတ်သက်နေတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး"
သခင်လေးကျားက ရှင်းပြပြီးနောက် ရုတ်တရက် မေးလိုက်သည်
"ခင်ဗျားက ရှကျီ နဲ့ သိတာလား သူ ဖန့်လင်ရှင်းကို သတ်ဖို့ ကြိုးစားပြီး ပြဿနာတက်မှာ စိုးလို့လား"
ဖန့်ချန်က ပြုံးလျက်
"ဖန့်လင်ရှင်း အကြောင်း ပြောပြပါဦး သူမ ဘာလုပ်ခဲ့လို့လဲ"
သခင်လေးကျားက သူ၏ရှေ့မှ လူသည် အရာအားလုံးကို သိနေမှန်း ရိပ်မိသွားသည်။
"ဖန့်လင်ရှင်းက မြို့ပြင်က ကျင့်ကြံသူ အချို့ကို ငှားပြီး ညဥ့်နက်ချိုင့်ဝှမ်း မှာ ဆရာတော်ချန်ယွမ်ရဲ့ ဒုတိယမြောက် တပည့်ကို ချောင်းမြောင်း တိုက်ခိုက်ခိုင်းခဲ့တာပါ အဲ့ဒါ ရှကျီ ရဲ့ အစ်ကိုတော်လေ"
"ဒါကို ဖန့်လင်ရှင်း ငှားတာဆိုတာ သေချာလား"
ဖန့်ချန်က မေးသည်။
"ရှကျီကို တစ်ယောက်ယောက်က အသုံးချနေမှာ ငါ မလိုလားဘူး"
သခင်လေးကျားက အလျင်အမြန် အတည်ပြုသည်
"သေချာပါတယ် အဲ့ဒီမှာ ပါဝင်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်က ကျွန်တော့်ရဲ့ ကျေးဇူးရှိဖူးသူမို့ အဖြစ်အပျက်ပြီးပြီးချင်း ကျွန်တော့်ကို လာပြောပြတာပါ သူလည်း မဟာချန်းမှာ ကြာကြာမနေရဲဘူးဆိုတာ သိလို့ နှုတ်ပိတ်မခံရခင် ချက်ချင်း ထွက်သွားခဲ့တယ်"
အခန်း ၃၂၄ - အဆင့်အတန်းများ
ခဏမျှ စဉ်းစားပြီးနောက် ဖန့်ချန်က အသာအယာ ခေါင်းငြိမ့်လိုက်ပြီး စိတ်အာရုံတစ်ခုဖြင့် ဓားလေး ကို ပြန်သိမ်းလိုက်သည်။
"ရှကျီကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မသိစေချင်ဘူး မဟုတ်ရင် မင်းဆီ ငါ တစ်ခေါက် ပြန်လာခဲ့မယ်"
ဖန့်ချန်က ထိုစကားကို ချန်ထားရစ်ပြီး လှည့်ထွက်သွားတော့သည်။
အရာအားလုံး ပြီးဆုံးသွားပြီဆိုသည်ကို သခင်လေးကျား သဘောပေါက်ရန် အချိန်အတော်ယူလိုက်ရပြီးမှ ကုလားထိုင်ပေါ်သို့ ပုံကျသွားတော့သည်။
သူ၏ နဖူး၊ ပါး၊ လည်ပင်းနှင့် ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်နေတော့သည်။
"ရှကျီမှာ ဒီလောက်အင်အားကြီးတဲ့ နောက်ခံရှိနေတာကို ဘာလို့ ငါ့ဆီ အကူအညီလာတောင်းတာလဲဒုက္ခရှာနေတာပဲ"
သခင်လေးကျားက အံကြိတ်ကာ ရေရွတ်လိုက်သည်။
အစေခံဖြစ်သူက ခြံဝင်းထဲသို့ ခြေဖွဖွနင်းကာ ပြန်ဝင်လာသည်။
"သခင်လေးကျား အဆင်ပြေရဲ့လား"
"သူ ထွက်သွားပြီလား"
သခင်လေးကျားက အေးစက်စွာ မေးသည်။
အစေခံက အမြန်ခေါင်းငြိမ့်ပြကာ
"ဟုတ်ကဲ့ ထွက်သွားပါပြီ"
သခင်လေးကျားက နှာခေါင်းရှုံ့လိုက်သည်။
"မင်းသာ ငါ့မြေး မဟုတ်ရင် ဘာစကားမှ မပြောဘဲ သူ့ကို ငါ့ဆီ ခေါ်လာတဲ့အတွက် မင်းကို သတ်ပစ်လိုက်မိမှာ"
သူ၏မြေးဖြစ်သူမှာ အပြစ်ပေးခံရသည့် ကလေးတစ်ဦးကဲ့သို့ ချက်ချင်း ခေါင်းငုံ့သွားပြီး ဘာမှမပြောရဲတော့ပေ။
"စိတ်ဝင်စားဖို့ကောင်းတာပဲ ဒီလောက် ရက်စက်တဲ့သူက ဘယ်တုန်းက မဟာချန်းအင်ပါယာကို ရောက်နေတာလဲ ငါ ဘာမှမသိခဲ့ပါလား"
သခင်လေးကျား၏ မျက်လုံးများ မှောင်မှောင်သွားသည်။
"ဒီလူက ဘယ်သူလဲ ဘယ်ကလာတာလဲဆိုတာ စုံစမ်းခိုင်းလိုက် အစအန အမိမခံရအောင် အထူးသတိထားပြီး လုပ်ခိုင်းပါ"
အစေခံက တတွတ်တွတ် ခေါင်းငြိမ့်သည်။
"သခင်လေးကျား စိတ်ချပါ ကျင့်ကြံသူတွေက သာမန်လူတွေကို သူတို့အတွက် အန္တရာယ်မရှိဘူးလို့ ထင်ကြတော့ သတိမထားမိတတ်ကြပါဘူး"
အစေခံ ထွက်သွားပြီးနောက် သခင်လေးကျားက တိုးတိုးလေး ရေရွတ်လိုက်သည်
"ဖန့်လင်ရှင်းရဲ့ ကိစ္စကိုတော့ သေသေချာချာ ကိုင်တွယ်ရတော့မယ်"
သူသည် ဆက်သွယ်ရေး အဆောင် တစ်ခုကို ထုတ်ယူကာ မီးရှို့လိုက်သည်။
သခင်လေးကျား၏ အိမ်တော်မှ ထွက်လာပြီး သိပ်မကြာမီမှာပင် အစိမ်းရောင် အင်္ကျီဝတ် လူငယ်အချို့ ဖန့်ချန်ကို လာရှာကြသည်။
"သခင်လေး လူကြီးမင်းကို ရှာခိုင်းနေပါတယ်"
ဟု သူတို့က ရိုသေသေ ပြောကြသည်။
သူတို့၏ အဆစ်အမြစ် များမှာ သာမန်ထက် ပိုမိုကြီးမားနေပြီး သူတို့၏ အရှိန်အဝါမှာ ကောင်းကင်နက်နဲအဆင့် ၏ ပထမအဆင့် ထက် မနိမ့်လှပေ။
သူတို့သည် ကောင်းကင်နက်နဲအဆင့်၏ ဒုတိယအဆင့်ဖြစ်သော နက်နဲသောချီအဆင့် ရှိ သိုင်းပညာရှင်များ ဖြစ်သင့်သည်။
ထိုအဆင့်ရှိ သိုင်းပညာရှင်များသည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်သော်လည်း ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သိုင်းပညာရှင်များ၏ အဆင့်အတန်းမှာ သာမန်လူများထက် အနည်းငယ်သာ မြင့်မားသည်။
"မင်းတို့ သခင်က ဘယ်သူလဲ"
ဖန့်ချန်က အေးဆေးစွာ မေးသည်။
"ဖန့်မိသားစုရဲ့ တတိယမြောက် မျိုးနွယ်စုခွဲက အကြီးအကဲ ဖန့်အောက် ပါ"
ဟု အစိမ်းရောင်ဝတ် လူငယ်တစ်ဦးက ပြန်ဖြေသည်။
ဖန့်ချန်က ခေါင်းငြိမ့်ပြကာ သူတို့နောက်မှ လိုက်သွားသည်။
သူတို့သည် လမ်းအကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက် ခြံဝင်းတစ်ခုသို့ ရောက်ရှိလာကြသည်။
လူငယ်တစ်ဦးက ခြံဝင်းထဲသို့ အပြေးဝင်သွားပြီးနောက် မကြာမီမှာပင် ဖန့်အောက်သည် အားရပါးရ ရယ်မောရင်း ထွက်လာသည်။
သူ၏ ဘေးတွင် လှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနှင့် အေးစက်သော မျက်နှာထားရှိသည့် မိန်းကလေးငယ်တစ်ဦး ရှိနေသည်။
"ဖန့်ချန် မိတ်ဆက်ပေးပါရစေ ဒါက ငါ့ဇနီးနဲ့ ငါ့သမီး ဖန့်ယွန်း ပါ"
ဟု ဖန့်အောက်က ပြုံးလျက် မိတ်ဆက်ပေးသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက အသာအယာ ခေါင်းငြိမ့်ပြသည်။
သူမ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသော်လည်း မျက်လုံးထဲတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ရှိနေသည်။
ဖန့်ယွန်းမှာမူ သူမ၏မိခင်ထက် ပို၍ ပွင့်လင်းသည်။ သူမက ဖန့်အောက်ကို မျက်မှောင်ကြုတ်ကာ
"ဖေဖေ သူက မိသားစုဆီ ပြန်လာတဲ့ ဝေးကွာတဲ့ ဆွေမျိုးတစ်ယောက်ပဲ မဟုတ်လား ဘာလို့ ဒီလောက်အထိ အရေးတယူ လုပ်နေရတာလဲ"
သမီးဖြစ်သူ၏ ပွင့်လင်းသော စကားကြောင့် ဖန့်အောက် အနည်းငယ် အနေခက်သွားသော်လည်း ဖန့်ချန်၏ နောက်ကြောင်းကို သူတို့ကို မပြောပြနိုင်ပေ။ သူက ဖန့်ချန်ကို အားနာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဖေဖေ အစ်ကိုကြီးက ဝိညာဉ်အမြုတေရပ်ကွက် မှာ ကျောက်တုံးလောင်းကစား သွားနေတယ် သမီး သွားကြည့်ဦးမယ်"
ဖန့်ယွန်းက ပြောပြီးလျှင် အလျင်အမြန် ပြေးထွက်သွားတော့သည်။
ဖန့်အောက်က သက်ပြင်းချကာ
"ငါ့သမီးကို ငါ အရမ်း အလိုလိုက်ထားမိတာ ငါနဲ့ ငါ့ဇနီးက အသက်တစ်ရာကျော်မှ ကလေးရတာဆိုတော့ သူမကို ဘာမဆို အလိုလိုက်ထားမိတယ်"
ဟု ဖန့်ချန်ကို ရှင်းပြသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက မျက်မှောင်ကြုတ်ကာ
"ယွန်းအာက ငါတို့သမီးပဲ အလိုလိုက်ရမှာပေါ့ ရှင်က ဘာတွေ လာပြောနေတာလဲ"
ဖန့်အောက်၏ မျက်နှာ တင်းမာသွားပြီး အရှက်ရသလို ခံစားလိုက်ရသည်။
ဖန့်ချန်ကတော့ သူတို့၏ သဘောထားကို ဂရုမစိုက်ပေ။ သူက
"အကြီးအကဲဖန့် ကျွန်တော် ဘယ်မှာ တည်းရမလဲ"
ဟုသာ မေးလိုက်သည်။
"မင်းရဲ့ နေအိမ်ဆီ ငါ လိုက်ပို့ပေးပါ့မယ်"
ဟု ဖန့်အောက်က ဖန့်ချန်ကို ပြောပြီးနောက် ဇနီးဖြစ်သူအား
"မင်းလည်း မင်းကိစ္စရှိတာ သွားလုပ်တော့"
ဟု ဆိုသည်။ ထို့နောက် ဖန့်ချန်ကို ခေါ်ကာ ထွက်ခွာလာခဲ့သည်။
ဖန့်အောက်၏ ဇနီးမှာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အခြားတစ်ဖက်သို့ လှည့်ထွက်သွားသည်။
"ငါနဲ့ ငါ့ဇနီးက အခုတလော ကျင့်ကြံမှုမှာ အတားအဆီးတွေနဲ့ ကြုံနေရလို့ မိသားစုမျိုးဆက် ဆက်ခံဖို့ ကလေးယူဖို့ ဆုံးဖြတ်ခဲ့တာ ဒါပေမဲ့ ယွန်းအာကို ငါတို့ အရမ်း အလိုလိုက်ထားမိတယ်"
ဟု လမ်းလျှောက်ရင်း ဖန့်အောက်က ခါးသက်သက် ပြုံးကာ ပြောသည်။
ဖန့်ချန်က ခေါင်းငြိမ့်ပြကာ
"ကြည့်ရတာ သိသာပါတယ်"
ဟု ဆိုသည်။
ဖန့်အောက်သည် ကောင်းကင်ရတနာခန်းမသို့ သွားစဉ်ကပင် ဖန့်ယွန်းအတွက် ကာကွယ်ရန် ခရမ်းရောင် လျှပ်စီး အဆောင် များကို ဝယ်ရန် မမေ့ခဲ့သည်မှာ သူမကို အတိုင်းထက်အလွန် အလိုလိုက်ထားကြောင်း ပြသနေသည်။
သို့သော် ပို၍ အရေးကြီးသည်မှာ ကျင့်ကြံသူများ၏ စိတ်ဓာတ်ကို ဖန့်ချန် ပို၍ သိမြင်လာရခြင်းပင် သူတို့၏ ကျင့်ကြံမှုမှာ ရှေ့ဆက်မတိုးနိုင်ဘဲ အတားအဆီးနှင့် ကြုံမှသာ မျိုးဆက်ပြန့်ပွားရန် စဉ်းစားကြခြင်း ဖြစ်သည်။
တကယ်လို့ ကျင့်ကြံမှုမှာ အဆင်ပြေချောမွေ့နေလျှင် ကလေးယူရန် အချိန်ပေးမည် မဟုတ်ဘဲ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်တွင်သာ ရှေ့ဆက်သွားကြမည် ဖြစ်သည်။
မကြာမီ သူတို့နှစ်ဦးမှာ ခြံဝင်းတစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။
ထိုနေရာ၏ မြင်ကွင်းမှာ လှပပြီး ဝိညာဉ်စွမ်းအင်မှာလည်း အတော်အတန် ကြွယ်ဝသည်။
"ဒီထဲမှာ ကျင့်ကြံဖို့ ငြိမ်သက်တဲ့ အခန်းတစ်ခု ဝိညာဉ်စိုက်ခင်းလေး တစ်ခုနဲ့ နေ့စဉ်သုံးဖို့ ဝိညာဉ်ရေတွင်း တစ်ခု ရှိပါတယ် သေးငယ်တယ်လို့ ထင်ရပေမဲ့ ငါတို့ တတိယမျိုးနွယ်စုခွဲထဲမှာတော့ ဒါက တကယ်ကို လိုချင်စရာ နေရာတစ်ခုပါ"
ဟု ဖန့်အောက်က ပြုံးလျက် မိတ်ဆက်ပေးသည်။
ခဏအကြာတွင် ဖန့်အောက်က ကျောက်စိမ်းတံဆိပ် တစ်ခုကို ထုတ်ယူကာ ဖန့်ချန်ထံ လွှဲပေးလိုက်သည်။
"ဒါက မင်းရဲ့ သက်သေခံတံဆိပ်ပဲ ဒီတံဆိပ်ရှိရင် မြို့တွင်းရော မြို့ပြင်မှာပါ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ် တစ်ယောက်ယောက်က တားရင် ဒါကို ထုတ်ပြလိုက်"
"ကျေးဇူးတင်ပါတယ် အကြီးအကဲဖန့်အောက်"
ဖန့်ချန်က ကျောက်စိမ်းတံဆိပ်ကို လက်ခံရင်း အေးဆေးစွာ ပြောလိုက်သည်။
"မင်း မိသားစုဆီ ရောက်ခါစဆိုတော့ အသားမကျသေးတာတွေ ရှိလိမ့်မယ် ဒီမှာ ခဏနေလိုက်ရင် အမြန် အသားကျသွားမှာပါ သိချင်တာရှိရင် မေးလို့ရတယ်"
ဖန့်အောက်က သူ့ဘေးရှိ လူအချို့ကို ညွှန်ပြကာ
"သူတို့က ငါတို့မိသားစုက မွေးမြူထားတဲ့ သိုင်းအစေခံတွေပဲ ကျင့်ကြံသူတွေ မဟုတ်ပေမဲ့ သူတို့က အများကြီး သိကြတယ် အခုကစပြီး သူတို့က မင်းကို ကူညီပေးလိမ့်မယ်"
"မိသားစုဝင်တိုင်း ဒီလို အခွင့်အရေး ရတာလား"
ဖန့်ချန်က သိချင်စိတ်ဖြင့် မေးသည်။
"မင်းက နည်းနည်း ထူးခြားလို့ ဒီလို ရတာပါကောင်းကင်နက်နဲအဆင့် သိုင်းပညာရှင်တွေကို မွေးမြူရတာက လွယ်သလိုလိုနဲ့ ခက်ခဲပါတယ်"
"အဓိက တပည့်အချို့ကလွဲရင် ကျန်တဲ့သူတွေမှာတော့ ခိုင်းစေဖို့ ကောင်းကင်နက်နဲအဆင့် သိုင်းပညာရှင် သုံးယောက်ကနေ ငါးယောက်အထိ ရှိကြတယ်"
ဟု ဖန့်အောက်က ပြုံးလျက် ရှင်းပြသည်။
"ကောင်းကင်နက်နဲ သိုင်းပညာရှင်တွေကို အထင်မသေးနဲ့ သူတို့က မိသားစုက လေ့ကျင့်ပေးထားတာဆိုတော့ ကျင့်ကြံသူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ အများကြီး သိကြတယ် အပြင်သွားတဲ့အခါ သူတို့ကို ခေါ်သွားရင် အရေးကြီးတဲ့ အချိန်တွေမှာ မင်းအသက်ကို ကယ်ပေးနိုင်လိမ့်မယ်"
သူ့နောက်မှ အစိမ်းရောင်ဝတ် လူငယ်များမှာ ရိုသေသော အမူအရာဖြင့် တိတ်ဆိတ်နေကြသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖန့်အောက်ကပင် ချီးမွမ်းခြင်း ခံရသည်မှာ သူတို့သည် အခြားသော သိုင်းပညာရှင်များထက် ကျင့်ကြံသူများကို ကိုင်တွယ်ရာတွင် ပိုမိုကျွမ်းကျင်ကြမည်မှာ သေချာသည်။
"ဒါနဲ့ ဖန့်မိသားစုရဲ့ တပည့်တွေကို အဆင့်သုံးဆင့် ခွဲခြားထားတယ် ဒါကတော့ ကိုယ့်ဘာသာ ကြိုးစားရမှာပဲ"
" မင်းက ခုမှ ပြန်ရောက်တာဆိုတော့ တတိယအဆင့် တပည့်အဖြစ် သတ်မှတ်ထားတယ် တတိယအဆင့် တပည့်အနေနဲ့ လစဉ် ဝိညာဉ်ဆေးခန်းမမှာ ဝိညာဉ်စုစည်းဆေးလုံးတစ်လုံး သွားယူလို့ရတယ်"
"အဆင့် ၂ ကို တိုးသွားရင်တော့ တစ်လကို ဆေးလုံး နှစ်လုံးနဲ့ အဆက့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးတုံး ရလိမ့်မယ်"
ဝိညာဉ်စုစည်းဆေးလုံးလား
ဖန့်ချန် ခေါင်းငြိမ့်လိုက်သည်။
၎င်းမှာ အဝါရောင်အဆင့် အနိမ့်စား ဆေးလုံးများဖြစ်ပြီး တစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး ငါးတုံးခန့် တန်ဖိုးရှိသည်။
အဆင့်အနိမ့်ဆုံး တပည့်တစ်ဦးအတွက်မူ ထိုသည်မှာ အတော်လေး ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။
ကျင့်ကြံသူ အများစုမှာ တစ်နှစ်ပတ်လုံး ကြိုးစားလျှင်ပင် ထိုကဲ့သို့ ဆေးလုံး တစ်လုံး၊ နှစ်လုံး ရရန် မလွယ်ကူပေ။
ဖန့်အောက်က ဖန့်ချန်ကို စေ့စေ့ကြည့်ကာ
"ဒါပေမဲ့ မင်းကတော့ ဒီဆေးလုံးတွေကို သိပ်တန်ဖိုးထားမယ် မထင်ဘူး ငါ သိချင်တာက အဲ့ဒီ ခရမ်းရောင် လျှပ်စီး အဆောင်တွေက ဘယ်က ရတာလဲ"
ဖန့်ချန်က ခပ်ဖျော့ဖျော့ ပြုံးကာ
"တချို့က ကျွန်တော့်ဂိုဏ်းက လက်ဆင့်ကမ်းပေးတာ တချို့ကတော့ ကျွန်တော် ကိုယ်တိုင် လုပ်တာပါ"
ဖန့်အောက် အံ့ဩသွားသည်။
"မင်းက အဆောင် တွေ ရေးဆွဲ နိုင်တာလား"
သိုင်းအစေခံများမှာလည်း တည်ငြိမ်မှု ပျောက်ဆုံးသွားပြီး အံ့ဩသွားကြသည်။
သူတို့ ဖန့်ချန်ကို ကြည့်သည့် အကြည့်များမှာ ယခုအခါ လေးစားမှုများ ပါဝင်လာခဲ့ပြီ ဖြစ်သည်။
မည်သည့်နေရာတွင်မဆို အဆောင် ရေးဆွဲ ခြင်းတွင် ကျွမ်းကျင်သောသူမှာ မြင့်မားသော အဆင့်အတန်းကို ရရှိစမြဲပင်