← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း ၃၂၅ - ချုပ်နှောင်ခြင်းအဆောင်ကို ရေးဆွဲခြင်း

ဖန့်ချန်က ပြုံးလျက်

"အဆောင်လမ်းစဉ်ဆိုတာ ဝီရိယရှိရှိ လေ့ကျင့်မယ်ဆိုရင် လွယ်ကူပါတယ်"

ဟု ပြောလိုက်သည်။

လွယ်တယ် ဟုတ်လား ဖန့်အောက် စိတ်ထဲမှ ခါးသက်သက် ရယ်မောမိသည်။

သူ ငယ်ငယ်တုန်းကလည်း ထိုအတိုင်းပင် တွေးခဲ့ဖူးသည်။

သို့သော် သာမန် အမြန်နှုန်းအဆောင် တစ်ခုကိုပင် တစ်လကြာ ကြိုးစားခဲ့ရပြီးနောက် သူ ထိုလမ်းစဉ်ကို လက်လျှော့ခဲ့ရသည်။

သာမန်အဆောင်တစ်ခု ရေးဖို့တောင် ထိုမျှ ခက်ခဲနေလျှင် ခရမ်းရောင် လျှပ်စီး အဆောင် ဆိုလျှင် ပို၍ပင် ခက်ခဲပေလိမ့်မည်

"ခရမ်းရောင် လျှပ်စီး အဆောင် က မင်းတို့မိသားစုကို ဘိုးဘေး တင်ယွမ် လက်ဆင့်ကမ်းပေးခဲ့တာလား"

ဖန့်အောက်က စမ်းတဝါးဝါး မေးကြည့်သည်။

တကယ်လို့ ထိုအမွေအနှစ်ကို ဖန့်တင်ယွမ်က ဖန့်ချန်ကို ပေးခဲ့ခြင်းဖြစ်ပါက ၎င်းမှာ အဆင့် ၁ အင်ပါယာမှ ကျောင်းတော် ထံမှ ဆင်းသက်လာခြင်း ဖြစ်ပေလိမ့်မည်။

ပြဿနာမှာ ဖန့်ချန်သည် ထိုကျောင်းတော်၏ တပည့်မဟုတ်ပေ။

အကယ်၍ ဖန့်တင်ယွမ်က ကျောင်းတော်၏ ပညာရပ်များကို ခွင့်ပြုချက်မရှိဘဲ လက်ဆင့်ကမ်းပေးခဲ့ပါက ဖန့်မိသားစုအတွက် မကိုင်တွယ်နိုင်သော ဒုက္ခများ ရောက်လာနိုင်ပေသည်။

ထိုသို့တွေးမိသောအခါ ဖန့်အောက်၏ မျက်နှာမှာ ပို၍ပင် တည်ကြည်သွားသည်။

"ဘိုးဘေးတင်ယွမ်က ကျင့်ကြံခြင်းနဲ့ ပတ်သက်တာ ဘာမှ လက်ဆင့်ကမ်းမပေးခဲ့ပါဘူး"

ဖန့်ချန်က ခေါင်းအသာခါယမ်းရင်း ပြောသည်

"ခရမ်းရောင် လျှပ်စီး အဆောင်ကို ကျွန်တော့်ဂိုဏ်းက လူကြီးတစ်ယောက်က သင်ပေးခဲ့တာပါ"

ဖန့်အောက် သက်ပြင်းချလိုက်နိုင်သည်။

သို့သော် ထိုကဲ့သို့သော အမွေအနှစ်ရှိသည့် ဂိုဏ်းအကြောင်းကို ကြားသောအခါ သူ သတိထားမိသွားသည်။

ဖန့်မိသားစုကိုယ်တိုင်ပင် ထိုသို့သော အဆောင်ကို မည်သို့ရေးဆွဲရမည်ကို မသိကြပေ။

"မင်းရဲ့ဂိုဏ်းနာမည်က ဘာလဲ ငါ သိကောင်းသိနိုင်မလားလို့"

"ကျွန်တော်က ကျင့်ကြံဖို့ပဲ လာတာပါ ကျွန်တော့်ဂိုဏ်းရဲ့ စည်းကမ်းအရ နာမည်ကို လျှောက်မပြောရပါဘူး အကြီးအကဲဖန့်အောက် စိတ်မရှိပါနဲ့"

ဟု ဖန့်ချန်က ပြုံး၍ ပြန်ဖြေသည်။

"အော် အဲ့လိုလား"

ဖန့်အောက် ခေါင်းငြိမ့်ပြကာ

"ရပါတယ် ဒါဆို မင်း အနားယူတော့ ငါလည်း လုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်"

ဟု ဆိုကာ ခြံဝင်းထဲမှ ထွက်သွားတော့သည်။

သိပ်မကြာမီမှာပင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဖန့်အောက်ကို လာတွေ့ပြီး မေးသည်

"ဘယ်လိုလဲ သူ့ရဲ့ ခရမ်းရောင် လျှပ်စီး အဆောင်က ဘိုးဘေးတင်ယွမ်နဲ့ ပတ်သက်နေလား"

"သူ့ဂိုဏ်းက သင်ပေးတာလို့ သူက ပြောတယ် သူပြောတာသာ အမှန်ဆိုရင် သူ့ဂိုဏ်းကို အထင်သေးလို့ မရဘူး သတင်းတွေ မြန်မြန်မပြန့်အောင် ဒါကို လျှို့ဝှက်ထားကြတာပေါ့"

ဟု ဖန့်အောက်က တိုးတိုးလေး ဆိုသည်။

ထိုကျင့်ကြံသူက သက်ပြင်းချလျက် ခေါင်းငြိမ့်သည်

"သူက ဘိုးဘေးတင်ယွမ်ရဲ့ မျိုးဆက်ဆိုတာတော့ သေချာတယ် ခရမ်းရောင် လျှပ်စီး အဆောင်ကို သင်ယူနိုင်တာကို ကြည့်ရင် သူက ပါရမီအတော်ရှိရမယ် သူ့မှာ အရှိန်အဝါ ဖုံးကွယ်တဲ့ ရတနာလည်း ပါပုံရတယ် သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ငါ မမြင်နိုင်ဘူး"

ဖန့်အောက်က သဘောတူညီစွာ ခေါင်းငြိမ့်သည်

"ဟုတ်တယ် ငါကိုယ်တိုင်တောင် သူ ချီသန့်စင်ခြင်း အဆင့်ဘယ်လောက်မှာ ရှိနေလဲဆိုတာ မသိနိုင်ဘူး"

"ဒါက သိပ်တော့ အရေးမကြီးပါဘူး အရေးကြီးတာက မိသားစုခေါင်းဆောင်ရဲ့ သူ့အပေါ် ထားတဲ့ သဘောထားပဲ ခေါင်းဆောင်က သူ့ကို ပြုစုပျိုးထောင် ဖို့ထက် ဖုံးကွယ်ထားချင်ပုံရတယ်"

"ပြောရခက်ပါတယ် အခုလောလောဆယ်တော့ သူ့ကို သာမန်မိသားစုဝင်တစ်ယောက်လိုပဲ ဆက်ဆံကြတာပေါ့ ခေါင်းဆောင်မှာ တခြားအစီအစဉ်ရှိရင် ငါတို့ကို အသိပေးလာမှာပါ"

"ကောင်းပါပြီ"

စကားပြောပြီးနောက် သူတို့နှစ်ဦး လမ်းခွဲသွားကြသည်။ ထိုအချိန်မှာပင် ဖန့်ချန်၏ ဝိညာဉ်ခန္ဓာမှာ သူ၏ ကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့ပြီ ဖြစ်သည်။

သူတို့၏ စကားကို ကြည့်ခြင်းအားဖြင့် ဖန့်ချန်၏ ကျင့်ကြံမှုကို သူတို့ သံသယမရှိကြဘဲ သာမန်ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဟုသာ ထင်နေကြသည်မှာ သိသာသည်။

ထိုအင်ပါယာတွင် ရှကျီ ဆရာတော်ချန်ယွမ်နှင့် ဝူရုန့်ချို တို့သာလျှင် ဖန့်ချန်၏ ကျင့်ကြံမှုအစစ်အမှန်ကို သိကြသည်။

ဤသည်မှာ ဖန့်ချန်အတွက် အခွင့်ကောင်းဖြစ်ပြီး သူသည် တိတ်တဆိတ် အဆောင်များရေးဆွဲကာ ကုန်သွယ်မှုညီလာခံတွင် ရတနာများဝယ်ရန် ဝိညာဉ်ကျောက်တုံးများ စုဆောင်းနိုင်သည်။

ဖန့်ချန်သည် ထိုရတနာများ၏ အကူအညီဖြင့် ဓားငယ်လေး ကို ဓားခန္ဓာ တတိယအဆင့်သို့ ရောက်ရန် မျှော်လင့်နေသည်။

ဖန့်ချန်ကို ပြုစုရန်ရှိနေသည့် လူငယ်အချို့မှာ သူ စဉ်းစားခန်းဝင်နေသည်ကို မြင်သောအခါ ငြိမ်သက်နေကြသည်။

ဖန့်ချန်က သူတို့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်

"မင်းတို့အားလုံးက အကြီးအကဲဖန့်အောက်ဆီမှာ အလုပ်လုပ်ကြတာလား"

"ကျွန်တော်တို့က တတိယမျိုးနွယ်စုခွဲမှာ အလုပ်လုပ်ကြတာပါ အကြီးအကဲဖန့်အောက်က ရံဖန်ရံခါ ခိုင်းစရာရှိတာ ခိုင်းတာပါ"

ဟု လူငယ်တစ်ဦးက အသံတိုးတိုးဖြင့် ဖြေသည်။

သူသည် အုပ်စုထဲတွင် အငယ်ဆုံးဖြစ်ပုံရသော်လည်း သိုင်းပညာမှာ အမြင့်ဆုံး ဖြစ်နေသည်။

"မင်းနာမည်နဲ့ ကျင့်ကြံမှုအဆင့်က ဘာလဲ"

ဖန့်ချန်က ပြုံး၍ မေးသည်။

"ကျွန်တော် လျီချန်း ပါ မကြာသေးခင်ကပဲ ကောင်းကင်နက်နဲအဆင့် တတိယအဆင့်ဖြစ်တဲ့ တော်ဝင်ချီအဆင့် ကို ရောက်ခဲ့ပါတယ်"

ဟု လျီချန်းက အလျင်အမြန် ဖြေသည်။

ဖန့်ချန် ခေါင်းငြိမ့်ပြကာ ခြံဝင်းထဲ ဝင်သွားသည်

"ငါ့ကို ပြုစုဖို့ တစ်ယောက်ပဲ လိုတယ် မင်းပဲ နေခဲ့တော့ ကျန်တဲ့သူတွေ သွားနိုင်ပြီ"

ကျန်သည့်လူငယ်များမှာ လျီချန်းကို အားကျသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

"ညီလေးလျီချန်း မင်းတော့ ကံကောင်းပြီ ဒီလူက သာမန်တော့ မဟုတ်ဘူး မင်းသာ သူ့ဘေးမှာ ကျင့်ကြံခွင့်ရရင် မင်း ဧကရာဇ်ချီအဆင့် ကို ရောက်ပြီး သိုင်းဧကရာဇ် တောင် ဖြစ်နိုင်တယ်"

ဟု တစ်ယောက်က ဆိုသည်။

သိုင်းပညာရှင်များသည် ကျင့်ကြံသူများထက် အဆင့်နိမ့်သည်ဟု သတ်မှတ်ခံရသော်လည်း သိုင်းဧကရာဇ် တစ်ဦးဆိုလျှင် သာမန်ကျင့်ကြံသူများ၏ လေးစားမှုကို ရရှိမည်ဖြစ်ပြီး ဖန့်မိသားစုတွင် အရေးပါသော ရာထူးများကို ရရှိနိုင်သည်။

ဖန့်မိသားစုတွင် သိုင်းဧကရာဇ် ၂၀ မှ ၃၀ အထိ ရှိပြီး အကြီးအကဲများက သူတို့ကို တန်ဖိုးထားကာ အရေးကြီးသော တာဝန်များကို ပေးအပ်လေ့ရှိသည်။

လျီချန်းမှာ စိတ်ထဲမှ ရင်ခုန်နေသော်လည်း

"ကျွန်တော့်ကို မြှောက်ပင့်မနေကြပါနဲ့ အစ်ကိုတို့ရာကံကောင်းသွားတာပါ"

ဟု နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

လူငယ်များ ထွက်သွားပြီးနောက် လျီချန်းသည် ခြံဝင်းထဲ ဝင်ကာ တံမြက်လှည်းခြင်း အပင်ရေလောင်းခြင်းများကို ချက်ချင်း စတင်တော့သည်။

ငြိမ်သက်သော အခန်းအတွင်း၌ ဖန့်ချန်သည် အဆောင်ပစ္စည်းများကို ထုတ်လိုက်သည်။

သူသည် ယခု ချုပ်နှောင်ခြင်းအဆောင်လက်ဖွဲ့ ကို ရေးဆွဲရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

မိစ္ဆာဘုရင် တျန်းဖုန်း ၏ ဂူထဲမှ ရခဲ့သော လက်စွဲစာအုပ်အရ ထိုအဆောင်မှာ အဆောင် သုံးမျိုးထဲတွင် အခက်ခဲဆုံး ဖြစ်သည်။

ကံကောင်းသည်မှာ သူသည် အမြင်မှား အဆောင် ကို ရေးဆွဲဖူးသဖြင့် ထိုအဝါရောင်အဆင့် အလယ်လတ်စား အဆောင်၏ ခက်ခဲမှုကို ကြိုတင်ပြင်ဆင်ထားနိုင်သည်။

ရက်အနည်းငယ်အကြာ နောက်ဆုံးမျဉ်းကို ဆွဲလိုက်သောအခါ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ အဆောင်ထဲသို့ တိုးဝင်သွားတော့သည်။

ဖန့်ချန်မှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် အခန်းကို လွှမ်းခြုံထားလိုက်သဖြင့် ပြင်ပလောကမှ ထိုထူးခြားမှုကို မခံစားမိစေရန် တားဆီးထားသည်။

ထိုထူးခြားမှုမှာ ခဏသာ ကြာပြီးနောက် အဆောင်ပေါ်ရှိ အရှိန်အဝါမှာ တည်ငြိမ်သွားသည်။

ဖန့်ချန်က ၎င်းကို အသာအယာ မယူကာ စစ်ဆေးကြည့်သည်။

၎င်းမှာ သူ၏ ပထမဆုံးသော ချုပ်နှောင်ခြင်းအဆောင်လက်ဖွဲ့ဖြစ်ရာ အရည်အသွေးကို သူ မဆုံးဖြတ်နိုင်သေးပေ။

သို့သော် အနည်းဆုံးအားဖြင့် ထိုအဆောင်ကို သုံးကာ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူများကို ကိုင်တွယ်နိုင်သည်။

အကယ်၍ အရည်အသွေး ပိုကောင်းလျှင် အလယ်အလတ်အဆင့် ကျင့်ကြံသူများကိုပင် ထိရောက်နိုင်ပေသည်။

"ပြီးခဲ့တဲ့ ၅ ရက်အတွင်းမှာ ဝိညာဉ်စွမ်းအင် ၃၁ ကြိမ် ကုန်ခမ်းခဲ့တယ် ၄ ကြိမ် ရှုံးနိမ့်ခဲ့ပြီး ပစ္စည်းတချို့လည်း ဆုံးရှုံးခဲ့တယ်"

ဟု ဖန့်ချန်က တိုးတိုးလေး ဆိုသည်။

ပစ္စည်းဆုံးရှုံးမှုမှာ ပြဿနာမဟုတ်ပေ။

အခြားတစ်ဖက်တွင် သာမန်လူတစ်ဦးမှာ ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားပါက ပြန်ပြည့်ရန် အချိန်အတော်ယူရသည်။

သို့သော် ဖန့်ချန်မှာမူ ထိုအဆင့်ကို ကျော်ဖြတ်နိုင်သည်။

သူ၏ ဝိညာဉ်စွမ်းအင်မှာ ကုန်ခမ်းပြီးသည်နှင့် ပြန်ပြည့်လာတတ်သဖြင့် အဆောင်ရေးရာတွင် သူသည် သိသာသော အားသာချက် ရှိနေသည်။

၎င်းက သူ့ကို အခြားကျင့်ကြံသူများ လပေါင်း၊ နှစ်ပေါင်းများစွာမှ ရရှိနိုင်မည့် လက်တွေ့အတွေ့အကြုံများကို ရက်ပိုင်းအတွင်း ရစေသည်။

"ပြန်စဉ်းစားကြည့်ရင် ငါက ခရမ်းရောင် လျှပ်စီး အဆောင်ကို ရေးဆွဲသလိုမျိုး ကျွမ်းကျင်မှု မရှိသေးဘူး ပိုပြီး လေ့ကျင့်ဖို့ လိုသေးတယ်"

ဟု သူ ကိုယ်တိုင် ပြောလိုက်သည်။

သူသည် ချုပ်နှောင်ခြင်းအဆောင်ကို သိမ်းလိုက်ပြီး အဆောင်စက္ကူအလွတ်တစ်ခုကို ထုတ်ကာ ထပ်မံ ရေးဆွဲပြန်သည်။

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး လဝက်ခန့် ကြာသွားသည်။

ထိုအတောအတွင်း ဖန့်ချန်သည် ဝိညာဉ်ခန္ဓာဖြင့် ရှကျီ နှင့် သခင်လေးကျားတို့ကို ရံဖန်ရံခါ သွားကြည့်လေ့ရှိသည်။

ချုပ်နှောင်ခြင်းအဆောင်နှင့် ပတ်သက်၍ ဖန့်ချန်မှာ ပို၍ ပို၍ ကျွမ်းကျင်လာခဲ့သည်။

အစပိုင်းတွင် နှစ်ကြိမ်၊ သုံးကြိမ် ရှုံးနိမ့်ရာမှ ယခုအခါ တစ်ကြိမ်သာ ရှုံးနိမ့်တော့သည်အထိ တိုးတက်လာပြီး အမှားမရှိသလောက် ဖြစ်လာသည်။

သို့သော် ချုပ်နှောင်ခြင်းအဆောင် တစ်ခုရေးဆွဲ ရန် သုံးရက်သုံးညတိုင်တိုင် အာရုံစိုက်ထားရန် လိုအပ်သည်။

၎င်းမှာ ခရမ်းရောင် လျှပ်စီး အဆောင်ကို ရေးရင်း ဓာတ်ငါးပါး ထိန်းချုပ်ခြင်း ပညာရပ် ကို ကျင့်ကြံနိုင်သလိုမျိုး မဟုတ်ပေ။

ထိုရက်များအတွင်း ဖန့်ချန်သည် ချုပ်နှောင်ခြင်းအဆောင်စုစုပေါင်း ၄ ခုကို ဖော်စပ်နိုင်ခဲ့သည်။

သို့သော် နောက်ဆုံး ၃ ခု၏ အရည်အသွေးမှာ ပထမတစ်ခုနှင့် အတူတူပင်ဖြစ်ရာ တိုးတက်မှု မရှိသေးပေ။

ထိုအချိန်တွင် ခြံဝင်းရှေ့သို့ လူငယ်အချို့ ရောက်ရှိလာကြသည်။

သူတို့၏ မျက်နှာထားများမှာ ခက်ထန်နေပြီး တစ်ယောက်က နှာခေါင်းရှုံ့လျက် ပြောသည်

"ငါ့အစ်ကိုတောင် ဒီခြံဝင်းကို မရခဲ့ဘူး အခု အကြီးအကဲဖန့်အောက်က တစ်ယောက်ယောက်ကို ပေးလိုက်တယ် ဟုတ်လား အကြီးအကဲဖန့်အောက်ရဲ့ မျက်နှာသာပေးမှုကို ခံရအောင် သူက ဘယ်လိုလူလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

အခန်း ၃၂၆ - ပညာရပ်များ ယှဉ်ပြိုင်ပွဲ

"ဖန့်ဟောင် ပြဿနာမရှာပါနဲ့ဦး ဒါက အကြီးအကဲ ဖန့်အောက်ရဲ့ ဆုံးဖြတ်ချက်ပဲလေ"

တစ်ယောက်က စိုးရိမ်တကြီး တားလိုက်သည်။

တတိယမျိုးနွယ်စုခွဲကို တာဝန်ယူထားသူဖြစ်သည့်အတွက် ဖန့်အောက်သည် တပည့်များအပေါ်တွင် လုံလောက်သော ဩဇာအာဏာ ရှိပေသည်။

"မင်းတို့အားလုံးက ဒီအတိုင်းပဲ နောက်ဆုတ်သွားတော့မှာလား ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာတဲ့ မျိုးနွယ်စုခွဲ တပည့်တစ်ယောက်ကို တကယ်ပဲ ကြောက်နေကြတာလား"

ဖန့်ဟောင်က နှာခေါင်းရှုံ့လိုက်သည်။

"ငါ့အစ်ကိုက ချီသန့်စင်ခြင်း အဆင့် ၁၁ မှာ ရှိနေတာ ဒီခြံဝင်းက ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝတယ်ဝိညာဉ်စိုက်ခင်းတွေနဲ့ ဝိညာဉ်ရေတွင်းတွေလည်း ရှိတယ်"

" ဒီလို အရင်းအမြစ်တွေရဖို့ ကျင့်ကြံသူတွေ အသက်တောင် ပေးပြီး လုနေကြရတာ အဲ့ဒါကို မျိုးနွယ်စုခွဲက ကောင်တစ်ယောက်က ဒီလောက်အလွယ်တကူ လာသိမ်းသွားတာကို မင်းတို့က ဒီအတိုင်း ကြည့်နေမှာလား"

အားလုံး တုံ့ဆိုင်းသွားကြသည်။

ရှင်းနေသည်မှာ သူတို့လည်း မကျေနပ်ကြပေ။

သူတို့သည် ဖန့်မိသားစုဝင်အဖြစ် မွေးဖွားလာပြီး တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြသော်လည်း ယခုအချိန်ထိ ထိုကဲ့သို့ ကောင်းမွန်သော ကျင့်ကြံရေး ဂူဗိမာန်မျိုး မပိုင်ဆိုင်ဖူးကြပေ။

မျိုးနွယ်စုခွဲက တပည့်တစ်ယောက် ရောက်လာပြီး သူတို့ကို ကျော်ကာ ထိုကဲ့သို့ နေရာကောင်းကို ရယူသွားခြင်းကို သူတို့ မည်သို့မှ မျိုမချနိုင်ကြပေ။

ဖန့်ဟောင်၏ မျက်နှာပေးမှာ ကောက်ကျစ်သွားသည်။

"ဒါတင်မကသေးဘူး ဒီကောင်က ရှကျီနဲ့လည်း ရင်းနှီးတယ်လို့ ကြားတယ် ရှကျီ က အခုတလော ကျွယ်ဝူတီအကြောင်း အတင်းအဖျင်းတွေ လျှောက်ဖြန့်နေတာ မင်းတို့လည်း ကြားမှာပေါ့"

"အဲ့ဒီကိစ္စကြောင့် ဖန့်လင်ရှင်းလည်း တကယ်ကို ဒေါသထွက်နေတာ ငါတို့ ဒီကောင်ကို သင်ခန်းစာပေးပြီး ဖန့်လင်ရှင်းရဲ့ ဒေါသကို ပြေအောင် ကူညီပေးကြရင် မကောင်းဘူးလား"

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်တစ်စက္ကန့်တွင် တိတ်တဆိတ် ခေါင်းငြိမ့်ကာ သဘောတူလိုက်ကြတော့သည်။

ဖန့်ဟောင်သည် တံခါးကို ချက်ချင်းပင် ခေါက်လိုက်သည်။

မကြာမီ လျီချန်း တံခါးလာဖွင့်ပေးသည်။

တတိယမျိုးနွယ်စုခွဲမှ တပည့်အချို့ ရပ်နေသည်ကို မြင်သောအခါ သူ၏ မျက်နှာထားမှာ ချက်ချင်းပင် ယဉ်ကျေးသွားပြီး

"အားလုံးပဲ ကြိုဆိုပါတယ်"

ဟု နှုတ်ဆက်လိုက်သည်။

"လျီချန်း မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ"

ဖန့်ဟောင်က အံ့ဩတကြီး မေးလိုက်ပြီး မျက်နှာ ချက်ချင်း တင်းမာသွားသည်။

"ကျွန်တော် အခု သခင်လေး ဖန့်ချန်ရဲ့ အစေခံအဖြစ် တာဝန်ယူနေတာပါ"

ဟု လျီချန်းက ရိုသေသေ ပြန်ဖြေသည်။

အားလုံး အံ့ဩတကြီးဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လျီချန်းသည် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်သော်လည်း သူသည် တော်ဝင်ချီအဆင့် ရှိသည့် သိုင်းဘုရင် တစ်ဦး ဖြစ်သည်။

သိုင်းဘုရင်တစ်ဦးသည် အချို့သော နည်းလမ်းများဖြင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် အန္တရာယ် ပေးနိုင်စွမ်း ရှိသည်။

လျီချန်းသည် ဖန့်အောက်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိခဲ့သူဖြစ်သည်။

အခြားသူများက သူ့ကို အစေခံအဖြစ် အသုံးပြုရန် တောင်းဆိုလျှင်ပင် ဖန့်အောက်က ငြင်းပယ်လေ့ရှိသည်။

သို့သော် ယခုအခါတွင်မူ ဖန့်အောက်သည် လျီချန်းကို မိသားစုသို့ အသစ်ပြန်ရောက်လာသည့် ဘေးထွက်မျိုးနွယ်စု တပည့်တစ်ဦးအား ပြုစုရန် အမှန်တကယ်ပင် ခိုင်းစေထားခဲ့ပြီ

အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။

အဲ့ဒီ ဖန့်ချန်က ဖန့်အောက်ရဲ့ တရားမဝင် သားများလား

ဖန့်ဟောင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး အသံကို လေးနက်စွာဖြင့်

"ဖန့်ချန် ဒီမှာရှိရင် ငါ သူ့ကို တွေ့ချင်တယ်စကားပြောစရာ ရှိလို့"

ဟု ပြောသည်။

လျီချန်းက အားနာစွာဖြင့်

"သခင်လေး ဖန့်ချန်က လဝက်လောက်ရှိပြီ ကျင့်ကြံခြင်းထဲ ဝင်သွားတာ အခုထိ ပြန်ထွက်မလာသေးပါဘူး"

ဟု ဖြေလိုက်သည်။

ဖန့်ဟောင် မျက်မှောင်ကြုတ်သွားပြီး

"လဝက်တောင်လား သူ့ကို အခုချက်ချင်း ထွက်လာဖို့ သွားပြောလိုက်"

ဟု ခိုင်းသည်။

လျီချန်းက ငြင်းပယ်ရန် ပြင်လိုက်သော်လည်း ဖန့်ဟောင်က ရုတ်တရက် စိတ်ကူးပြောင်းသွားပုံရကာ

"ထားလိုက်တော့ ငါတို့ဘာသာပဲ ဝင်သွားလိုက်မယ်"

ဟု အမြန်ပြောကာ လျီချန်းကို ကျော်ပြီး ဂူဗိမာန်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

တစ်ခုခု မှားနေပြီဟု ခံစားမိသော လျီချန်းသည် သူတို့၏ ရှေ့မှ ချက်ချင်းပင် ပိတ်ရပ်လိုက်သည်။ သူက ဟန်ဆောင်ပြုံးလိုက်ပြီး

"အားလုံးပဲ ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ကြပါနဲ့ဦး"

ဟု ဆိုသည်။

အကယ်၍ သူသည် ထိုလူအနည်းငယ်ကိုပင် အထဲသို့ ဝင်မသွားအောင် မတားနိုင်ပါက ထိုနေရာတွင် ဆက်နေရန် ဘာမျက်နှာ ရှိတော့မည်နည်း။

ဖန့်ဟောင်က နှာခေါင်းရှုံ့လိုက်သည်။

"လျီချန်း မင်းက ငါတို့ကို တားရဲတယ်ပေါ့ ငါတို့က သခင်တွေ မင်းက အစေခံပဲ မင်း ကောင်းကင်နက်နဲအဆင့် တတိယအဆင့်မှာ ရှိနေရုံနဲ့ ငါတို့ကို ရိုင်းပျလို့ရမယ်လို့ မထင်နဲ့"

"မင်း အခု လမ်းမဖယ်ရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

လျီချန်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

သူ အံကြိတ်ကာ ဦးညွှတ်လိုက်ပြီး

"တောင်းပန်ပါတယ် ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့"

ဟု ထပ်မံ တောင်းဆိုသည်။

လေထုမှာ တိတ်ဆိတ်ပြီး တင်းမာသွားသည်။

ဖန့်ဟောင်နှင့် ပါလာသူ အများစုမှာ ချီသန့်စင်ခြင်း အဆင့် ၅ နှင့် ၆ ခန့်သာ ရှိကြသဖြင့် သူတို့တွင် အထူးအဆောင် သို့မဟုတ် အဆင့်မြင့် ပညာရပ်များ မရှိပါက လျီချန်းကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဖန့်ဟောင် ကိုယ်တိုင်ပင် အဆင့် ၈ သာ ရှိသေးသဖြင့် မျိုးဆက်သစ်လူငယ်များ၏ အလယ်အလတ်အဆင့်တွင်သာ ရှိသေးသည်။

အဆင့်မြင့်ပိုင်းသို့ ရောက်ရန်အတွက် အနည်းဆုံး အဆင့် ၁၀ သို့ ရောက်ရှိရမည် ဖြစ်သည်။

"မင်း သေချင်နေတာပဲ"

ဖန့်ဟောင်က အော်ဟစ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ လှိုင်းထလာသည်။

နောက်တစ်စက္ကန့်တွင် မြေပြင်မှ ကျောက်သားလက်နှစ်ဖက် ထွက်ပေါ်လာပြီး လျီချန်း၏ ခြေကျင်းဝတ်များကို မြဲမြံစွာ ဖမ်းဆုပ်လိုက်သည်။

မြေဓာတ် ထိန်းချုပ်ခြင်း ပညာရပ်

လျီချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ရုတ်တရက် ခွန်အားကို ထုတ်သုံးလိုက်ရာ ထိုကျောက်လက်နှစ်ဖက်မှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။

ထို့နောက် သူက ထပ်မံ ဦးညွှတ်လိုက်ပြီး

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့တော့"

ဟု အသနားခံသည့် လေသံဖြင့် ဆိုသည်။

လျီချန်းက သူ့ပညာရပ်ကို အလွယ်တကူ ချေဖျက်လိုက်သည်ကို မြင်သောအခါ ဖန့်ဟောင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး အရှက်ရသွားသည်။

သူ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် လူငယ်တစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

ဖန့်ဟောင်၏ မျက်နှာမှာ အနည်းငယ် တွန့်သွားပြီး ဖန့်ချန်ကို ခြေဆုံးခေါင်းဆုံး စေ့စေ့ကြည့်လိုက်သည်။

"မင်းက ဖန့်ချန်လား"

ဖန့်ချန် ရောက်လာသည်ကို မြင်သောအခါ လျီချန်းမှာ အလွန်ပင် စိတ်သက်သာရာ ရသွားသည်။

သူသည် ဖန့်ချန်၏ အနားသို့ ရိုသေသေ ချဉ်းကပ်သွားပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်

"သခင်လေး ဖန့်ချန် ဒါက သခင်လေး ဖန့်ဟောင်ပါသူ့အစ်ကိုက အကြီးအကဲ ဖန့်အောက်ရဲ့ အကြီးဆုံးတပည့်ပါ"

"မင်း ကောင်းကောင်း လုပ်ခဲ့ပါတယ်"

ဖန့်ချန်က ခေါင်းငြိမ့်လိုက်သည်။

"ရော့ ဒါကို ယူထားလိုက်"

ဟု ဆိုကာ ဝိညာဉ်ကျောက်တုံး တစ်တုံးကို လျီချန်းထံ ပစ်ပေးလိုက်သည်။

လျီချန်းမှာ အစပိုင်းတွင် မှင်တက်သွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားသည်။

ဝိညာဉ်ကျောက်တုံး

သိုင်းပညာရှင်များသည် သူတို့၏ သိုင်းပညာ တိုးတက်ရန်အတွက် အမျိုးမျိုးသော ဝိညာဉ်ဆေးပင်များကို လိုအပ်သည်။

ထိုဆေးပင်များကို ရွှေ၊ ငွေဖြင့် ဝယ်၍မရဘဲ ဝိညာဉ်ကျောက်တုံးဖြင့်သာ ဝယ်ရသည်။

လျီချန်းကဲ့သို့ သိုင်းဘုရင်တစ်ဦး၏ တစ်နှစ်တာ ဝိညာဉ်ကျောက်တုံး သုံးစွဲမှုမှာ ၇ တုံး သို့မဟုတ် ၈ တုံးခန့်သာ ရှိသည်။

ယခု အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးမှာ သူ၏ လဝက်ကျော် ကျင့်ကြံမှုအတွက် လိုအပ်သည့် ပမာဏနှင့် ညီမျှသည်။

၎င်းဖြင့် သူ၏ သိုင်းပညာအတွက် ဆေးလုံးများနှင့် ဆေးပင်များစွာ ဝယ်ယူနိုင်ပေလိမ့်မည်

လျီချန်းက ဝိညာဉ်ကျောက်တုံးကို သေသေချာချာ သိမ်းလိုက်ရင်း

"ကျေးဇူးအများကြီး တင်ပါတယ် သခင်လေး ဖန့်ချန်"

ဟု ပြောလိုက်သည်။

သူက အတော်လေး ရက်ရောတာပဲ ဟု ဖန့်ဟောင်၏ အဖော်များက တစ်ပြိုင်နက်တည်း တွေးလိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ တောက်ပသွားကြသည်။

ဖန့်ချန်သည် သူတို့ရှေ့သို့ လျှောက်သွားပြီးမှ ရပ်လိုက်သည်။ ဖန့်ဟောင်နှင့် အဖော်များကို တစ်ချက်ကြည့်ကာ မေးလိုက်သည်

"မင်းတို့အားလုံး ဘာကိစ္စနဲ့ ဒီကို လာတာလဲ"

"မင်း ဒီခြံဝင်းမှာ နေလို့မရဘူး"

ဖန့်ဟောင်က တင်းမာစွာ ပြောသည်။

"မင်း အကြီးအကဲ ဖန့်အောက်ကို ပြောပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားလိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

ဖန့်ချန်က အံ့ဩသွားပြီး

"ဒီခြံဝင်းက မင်းတို့ဟာလား"

ဟု မေးသည်။

ဖန့်ဟောင်မှာ အနည်းငယ် ဆွံ့အသွားပြီး

"မဟုတ်ဘူး"

ဟု ဖြေသည်။

"မင်းတို့ဟာ မဟုတ်ရင် ငါ ဘာလို့ ဒီမှာ နေလို့မရမှာလဲ"

ဟု ဖန့်ချန်က ပြန်မေးသည်။

ဖန့်ဟောင်က နှာခေါင်းရှုံ့လိုက်သည်။

"ကျယ်ပြောလှတဲ့ ဖန့်မိသားစုထဲမှာ ဒီလို ခြံဝင်းမျိုးမှာ နေနိုင်တဲ့ တပည့်က လက်ချိုးရေလို့ ရတယ် ဒါက ထိပ်တန်း အဆင့် ၁ တပည့်တွေအတွက် သီးသန့်ထားတဲ့ နေရာ"

"အခု ပြောစမ်း မင်းက ဒီမှာနေဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား မျိုးနွယ်စုခွဲက မျိုးဆက်တစ်ယောက်က မိသားစုဆီ ရောက်လာပြီး ဒီမှာနေဖို့ သတ်မှတ်ခံရတာကို ငါ့အနေနဲ့ ဘယ်လိုမှ သဘောမတူနိုင်ဘူး"

"ငါ့စကားကို နားထောင်စမ်း မင်း ဒီမှာ ဆက်နေမယ်ဆိုရင် ပြဿနာတွေက အမြဲတမ်း တံခါးလာခေါက်နေလိမ့်မယ် မင်း ကျင့်ကြံဖို့ အချိန်ရချင်တယ် မဟုတ်လား"

သူ၏ စကားလုံးများတွင် ခြိမ်းခြောက်မှုက အထင်အရှား ပါဝင်နေသည်။

လျီချန်း၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ထိုခြံဝင်းကြောင့် ပြဿနာ တက်လာလိမ့်မည်ဟု သူ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း ထိုမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု မထင်ထားပေ။

"တကယ်လို့ ငါက ဆက်နေမယ်လို့ ပြောရင်ကော"

"မနက်ဖြန်ကျရင် မျိုးနွယ်စု ပြိုင်ပွဲရှိတယ် တပည့်တွေ ယှဉ်ပြိုင်ကြရလိမ့်မယ် အဲ့ဒီတော့ မင်းက ဒီမှာ ဆက်နေမယ်ဆိုရင် ဒါက ဘယ်လို အဆုံးသတ်မလဲဆိုတာ မနက်ဖြန်ကျရင် ငါတို့ရဲ့ စွမ်းရည်တွေနဲ့ပဲ ဆုံးဖြတ်ကြတာပေါ့"

" မိသားစုထဲမှာလည်း နှစ်တိုင်း သေဆုံးမှုတွေ ရှိနေတာပဲ မင်း သေသေချာချာ စဉ်းစားထားတာ ပိုကောင်းလိမ့်မယ်"

ဟု ဖန့်ဟောင်က သတိပေးလိုက်သည်။

ဖန့်ချန်က ထပ်မေးလိုက်သည်

"အဲ့တော့ ဘာဖြစ်လဲ"

အဲ့တော့ ဘာဖြစ်လဲ ဟုတ်လား

ဖန့်ဟောင်မှာ ဒေါသထွက်လုနီးပါး ဖြစ်သွားသည်။

သူက ရှင်းရှင်းလင်းလင်း ပြောနေတာကိုတောင် ထိုဖန့်ချန်က လူအ လို လုပ်နေသေးသည် အမှန်ပင် ငှက်တွေက အစာကြောင့် သေကြပြီး လူတွေက စည်းစိမ်ကြောင့် သေကြတာပဲ

"တတိယမျိုးနွယ်စုခွဲက တပည့်အားလုံး မနက်ဖြန် ယှဉ်ပြိုင်ပွဲမှာ ပါဝင်ရမယ်၊ မင်းလည်း ချွင်းချက် မဟုတ်ဘူး မင်းရဲ့ အဖြေကို မနက်ဖြန်ကျရင် ရလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

ဟု ဖန့်ဟောင်က ပြောပြီး လှည့်ထွက်သွားတော့သည်။

သူတို့ ထွက်သွားပြီးနောက် လျီချန်းက စိုးရိမ်တကြီးဖြင့်

"သခင်လေး ဖန့်ချန် မနက်ဖြန်ကျရင် သတိထားပါဦး"

ဟု ပြောသည်။

ဖန့်ချန်က အေးဆေးစွာ မေးလိုက်သည်

"သူပြောနေတဲ့ ယှဉ်ပြိုင်ပွဲဆိုတာက ဘာလဲ ငါက ဒီကို ခုမှ ရောက်တာဆိုတော့ အများကြီး မသိသေးဘူး ငါ့ကို ရှင်းပြပေးပါဦး"

All Chapters