← Chapters

အခန်း (၃၂၇-၃၂၈)

Vol. 33 Ch. 327-328

အခန်း (၃၂၇-၃၂၈)

Vol. 33 Ch. 327-328

အခန်း ၃၂၇ - စတုတ္ထမျိုးနွယ်စုခွဲ၏ အခြေအနေ

လျီချန်းသည် သူသိသမျှ အကြောင်းအရာအားလုံးကို ဖန့်ချန်အား အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

တပည့်များ အချင်းချင်း လေ့ကျင့်ယှဉ်ပြိုင်နိုင်ရန်အတွက် မျိုးနွယ်စုခွဲတိုင်းက နှစ်စဉ် ကျင်းပလေ့ရှိသည့် ပြိုင်ပွဲများ ရှိကြောင်း သိရသည်။

၎င်းတို့ကို အငယ်စား ပြိုင်ပွဲများ ဟု ခေါ်ဆိုကြသည်။

အငယ်စားပြိုင်ပွဲများအပြင် ၅ နှစ်တစ်ကြိမ် ကျင်းပသည့် အကြီးစား ပြိုင်ပွဲများ လည်း ရှိပြီး ထိုပြိုင်ပွဲတွင် မိသားစုဝင်တိုင်း မဖြစ်မနေ ပါဝင်ကြရသည်။

နောက်ထပ် အကြီးစားပြိုင်ပွဲကြီး ကျင်းပရန်မှာ ခြောက်လခန့်သာ လိုတော့သည်။

တတိယမျိုးနွယ်စုခွဲ၏ အငယ်စားပြိုင်ပွဲကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်သည်။

ထိုပြိုင်ပွဲကို အပိုင်း ၃ ပိုင်း ခွဲထားသည် ဆေးလုံးဖော်စပ်ခြင်း အဆောင်ပြုလုပ်ခြင်းနှင့် ကျင့်စဥ်ပညာရပ်များ ယှဉ်ပြိုင်ခြင်း တို့ဖြစ်သည်။

ဆေးလုံးနှင့် အဆောင် ပြိုင်ပွဲများမှာ ယှဉ်ပြိုင်ခြင်းထက် လက်စွမ်းပြသခြင်း သဘောသာ ဖြစ်၍ အခြေအနေမှာ ပုံမှန်ပင် ဖြစ်သည်။

တတိယမျိုးနွယ်စုခွဲတွင် ထိုလမ်းစဉ်နှစ်ခုကို လိုက်စားသည့် တပည့် သိပ်မရှိလှပေ။

အမှန်စင်စစ် ကျင့်ကြံသူတစ်ဦးသည် ပါရမီ မပါလျှင် ထိုလမ်းစဉ်များကို လိုက်စားခြင်းက အဖိုးတန်သော ကျင့်ကြံခြင်း အချိန်များကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

မနက်ဖြန် ပြိုင်ပွဲ၏ အဓိက အစိတ်အပိုင်းမှာ ကျင့်စဥ် ပညာရပ်များ ယှဉ်ပြိုင်ခြင်း ပင် ဖြစ်သည်။

တတိယမျိုးနွယ်စုခွဲ၏ အတော်ဆုံး တပည့်များက အခြားတပည့်များရှေ့တွင် သူတို့၏ ပညာရပ်များကို ပြသကြမည် ဖြစ်သည်။

ထိုပြိုင်ပွဲတွင် တတိယမျိုးနွယ်စုခွဲ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ကြမည်။

အငယ်စားပြိုင်ပွဲတွင် ထိပ်ဆုံး ၁၀ ဦး စာရင်းဝင်သူများသည် ဆုအဖြစ် ဝိညာဉ်ကျောက်တုံးများ ရရှိမည် ဖြစ်သည်။

အကယ်၍ တတိယအဆင့် တပည့်တစ်ဦးက ထိပ်ဆုံး ၁၀ ဦးထဲ ပါဝင်ခဲ့လျှင် ဒုတိယအဆင့် သို့ ရာထူးတိုးမြှင့်ခြင်း ခံရမည်။

"သခင်လေး ဖန့်ချန် ဖန့်ကျွယ် က တတိယမျိုးနွယ်စုခွဲမှာ လူကြိုက် အများဆုံးပါသူက အကြီးအကဲ ဖန့်အောက်ရဲ့ အကြီးဆုံးတပည့် ဖြစ်သလို ပါရမီလည်း အလွန်ထူးချွန်ပါတယ်"

"သူက ငယ်ငယ်ကတည်းက ကျင့်ကြံလာတာဆိုတော့ အခု ချီသန့်စင်ခြင်း အဆင့် ၁၁ ကို ရောက်နေပါပြီ သူက ကျင့်စဥ်ပညာရပ်တွေအပေါ် နားလည်မှုက သာမန်လူတွေထက် အများကြီး သာပါတယ်"

" တတိယမျိုးနွယ်စုခွဲက အဆင့်တူ ကျင့်ကြံသူတွေထဲမှာ သူ့ကို ဘယ်သူမှ မနိုင်ပါဘူး ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျင်းပခဲ့တဲ့ အငယ်စားပြိုင်ပွဲတိုင်းမှာ ဖန့်ကျွယ်ကပဲ ပထမ ရခဲ့တာပါ"

ဟု လျီချန်းက ပြောပြသည်။

ဖန့်ချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း

"ဖန့်ကျွယ်အပြင် တတိယမျိုးနွယ်စုခွဲမှာ တခြား ထူးချွန်တဲ့သူတွေ ရှိသေးလား"

ဟု မေးလိုက်သည်။

လျီချန်း အနည်းငယ် မှင်တက်သွားသည်။

ဖန့်ချန်သည် ဖန့်ကျွယ်ကို တစ်ချက်ကလေးတောင် ထည့်မတွက်ထားသည်ကို သူ ခံစားမိလိုက်သည်။

"သခင်လေး ဖန့်ချန် ကျင့်စဥ်ပညာရပ် ယှဉ်ပြိုင်ပွဲမှာ ပြင်ပအားအင်တွေကို သုံးခွင့်မပြုပါဘူး ဆိုလိုတာက ဝိညာဉ်ရတနာတွေနဲ့ အဆောင် တွေကို သုံးလို့မရဘူးလို့ ပြောတာပါ"

ဟု လျီချန်းက လိမ္မာပါးနပ်စွာ သတိပေးလိုက်သည်။

ဖန့်ချန်က ခပ်ပေါ့ပေါ့ ခေါင်းငြိမ့်ပြကာ

"တခြား ထူးချွန်တဲ့သူတွေအကြောင်း ဆက်ပြောပါဦး"

လျီချန်းက ဆက်လက်ရှင်းပြသည်

"ဖန့်ကျွယ်အပြင် တတိယမျိုးနွယ်စုခွဲက အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲတွေရဲ့ တပည့်အချို့ကလည်း ထူးချွန်ကြပါတယ် သူတို့အားလုံးက ဝိညာဉ်သန့်စင်ခြင်း အဆင့် ၁၀ မှာ ရှိနေကြသူတွေပါ ဒီအဆင့်ကို ရောက်တဲ့သူတွေကိုပဲ ပထမအဆင့် တပည့်တွေလို့ သတ်မှတ်တာပါ"

ခဏ စဉ်းစားပြီးနောက် လျီချန်းက ထပ်မံ သတိပေးပြန်သည်

"သခင်လေးက အဆောင် လမ်းစဉ်ကို နားလည်တာဆိုတော့ ကျင့်စဥ်ပညာရပ် ယှဉ်ပြိုင်ပွဲမှာ ပါဝင်နေစရာ မလိုပါဘူး"

ဖန့်ချန်က ရယ်မောလိုက်ပြီး

"မင်းက ငါ မနက်ဖြန် ဖန့်ဟောင်တို့လက်မှာ ရှုံးမှာကို ကြောက်နေတာလား ကံဆိုးခြင်းကနေ ကံကောင်းခြင်း ဖြစ်လာတတ်သလို ရှောင်လွှဲလို့မရတဲ့ ဘေးဒုက္ခတွေလည်း ရှိတတ်တယ်ဆိုတာ မင်းသိလား"

" ငါက လူသစ်ပဲလေ ဒါကြောင့် သူတို့ နှိပ်စက်တာကိုပဲ ငုံ့ခံမလား ဒါမှမဟုတ် သူတို့ကို အရင်နှိပ်ကွပ်ပြီး ငါ့အတွက် အေးချမ်းတဲ့ အနာဂတ်ကို ဖန်တီးမလားဆိုတာ ရွေးချယ်ရမှာပဲ"

လျီချန်း၏ စိတ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။

ဖန့်ချန်၏ ကျင့်ကြံမှုအဆင့်ကို သူ ရုတ်တရက် သိချင်သွားသည်။

ထိုမျှ ယုံကြည်မှု ရှိနေသည်ကို ကြည့်လျှင် သူသည် အနည်းဆုံး ချီသန့်စင်ခြင်း အဆင့် ၁၀ အထက်မှာ ရှိနေရပေမည်။

ငါ လူမှန်ရွေးမိတာပဲ တကယ်လို့ သူသာ ဖန့်ဟောင်တို့ကို မရှုံးခဲ့ရင် နောက်ပိုင်းရက်တွေမှာ သူ့အတွက် အခြေအနေတွေ ပိုကောင်းလာမှာ အသေအချာပဲ ဟု လျီချန်း တွေးလိုက်သည်။

ဖန့်ချန်က စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်

"မိသားစုရဲ့ တခြားမျိုးနွယ်စုခွဲတွေနဲ့ ယှဉ်ရင် တတိယမျိုးနွယ်စုခွဲက ဘယ်လောက် အင်အားရှိလဲ"

"အင်း ဒါကတော့ ကျွန်တော် မပြောရဲဘူးဗျာ"

လျီချန်း၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။

တတိယမျိုးနွယ်စုခွဲက လူတွေအကြောင်းကို သူ ပြောပြနိုင်သော်လည်း မျိုးနွယ်စုခွဲများ၏ အင်အားချင်း နှိုင်းယှဉ်ပြရန်မှာ သူ မဝံ့ရဲပေ။

ထိုကိစ္စများတွင် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် အထက် အကြီးအကဲများ ပါဝင်ပတ်သက်နေပြီး သူတို့သည် ဖန့်မိသားစု၏ အဓိက အမာခံများ ဖြစ်ကြသည်။

အမှန်စင်စစ် ဖန့်မိသားစုရှိ ရွှေအမြုတေအဆင့် ဘိုးဘေးနှစ်ဦးအနက် တစ်ဦးမှာ အရက်သောက်ရသည်ကို နှစ်သက်ပြီး လောကီရေးရာများကို ဂရုမစိုက်ပေ။

ကျန်တစ်ဦးမှာမူ နှစ်ပေါင်းများစွာ တရားကျင့်ကြံနေသူ ဖြစ်သည်။

ဖန့်ချန်က ပြုံးလျက်

"ငါက မေးတာဆိုတော့ ဒါက မင်း အတင်းအဖျင်း ပြောတာ မဟုတ်ပါဘူး မင်း ထင်သလိုသာ ပြောပါ ငါ ဆင်ခြင်ပြီး နားထောင်ပါ့မယ်"

လျီချန်းက အံကြိတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်

"ဖန့်မိသားစုမှာ မျိုးနွယ်စုခွဲ ၄ ခု ရှိပြီး အင်အားချင်း မတူကြပါဘူး တိုက်ရိုက်မျိုးနွယ်စု ကို ကြည့်ရင်တော့ မိသားစုခေါင်းဆောင်ကိုယ်တိုင် အဲ့ဒီက ဖြစ်လို့ အင်အားအကြီးဆုံးပါ"

"မိသားစုဝင် ၈၀၀ ကျော် ရှိပြီး သိုင်းပညာရှင်နဲ့ အစေခံ ထောင်ချီ မွေးမြူထားပါတယ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၈ ယောက်နဲ့ ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိတဲ့ တပည့် ဒါဇင်နဲ့ချီ ရှိပါတယ်"

"မျိုးဆက်သစ်တွေထဲမှာဆိုရင်တော့ ချီသန့်စင်ခြင်း အဆင့် ၁၂ ကို ရောက်နေပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ သခင်မလေး ဖန့်လင်ရှင်း လို လူမျိုးတွေ ရှိပါတယ်"

"ဒုတိယမျိုးနွယ်စုခွဲကတော့ အကြီးအကဲ ဖန့်လုံ ဦးဆောင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၄ ယောက်နဲ့ ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိတဲ့ တပည့် ၁၀ ယောက်ကျော် ရှိပါတယ် လူငယ်တွေထဲမှာတော့ အဆင့် ၁၁ မှာ ရှိတဲ့ သခင်လေး ဖန့်ကျွယ် လို လူမျိုးတွေ ရှိပါတယ်"

"ကျွန်တော်တို့ တတိယမျိုးနွယ်စုခွဲကတော့ အကြီးအကဲ ဖန့်အောက် ဦးဆောင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၂ ယောက်နဲ့ ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိတဲ့ အဖွဲ့ဝင် ၅ ယောက်ကနေ ၆ ယောက်လောက် ရှိပါတယ် ဖန့်ကျွယ်က လူငယ်တွေထဲမှာ အတော်ဆုံးပေါ့"

"နောက်ဆုံး စတုတ္ထမျိုးနွယ်စုခွဲကတော့"

လျီချန်း၏ မျက်နှာပေးမှာ ထူးဆန်းသွားသည်

"အဲ့ဒီမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲ တစ်ယောက်ပဲ ရှိပြီး သူက လူမြင်ကွင်းကို ထွက်ခဲပါတယ်"

"အဖွဲ့ဝင်က ၁၀ ယောက်ကျော်လောက်ပဲ ရှိပြီး သိပ်မစည်ကားလှပါဘူး ဒါပေမဲ့ အဲ့ဒီမှာ ပါရမီ အရမ်းထူးချွန်တဲ့ ဖန့်ရှို့ ဆိုတဲ့လူ ရှိတယ် သူက ချီသန့်စင်ခြင်း အဆင့် ၁၂ ကို တက်တော့မယ်လို့ သတင်းတွေ ထွက်နေတယ်"

စတုတ္ထမျိုးနွယ်စုခွဲနှင့် တိုက်ရိုက်မျိုးနွယ်စု၏ လူဦးရေ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။

သို့သော် ဖန့်လင်ရှင်းနှင့် ယှဉ်နိုင်သော လူငယ်ပါရမီရှင် တစ်ဦး ရှိနေသည်မှာ စတုတ္ထမျိုးနွယ်စုခွဲကို အထင်သေး၍ မရကြောင်း သက်သေပြနေသည်။

"ဖန့်လင်ရှင်းက ဖန့်မိသားစု မျိုးဆက်သစ်တွေရဲ့ ကိုယ်စားလှယ်လို့ ပြောလို့ရမလား"

ဖန့်ချန်က မေးသည်။

လျီချန်း ခဏစဉ်းစားပြီး ခေါင်းငြိမ့်ပြသည်

"ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်"

ဖန့်ချန်က ထပ်ပြောသည်

"ကျွယ်မိသားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေတဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ကြားတယ်"

လျီချန်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်

"ကျွယ်ဝူတီ ကို ပြောတာလား သူက ပါရမီ အလွန်ထူးချွန်ပြီး မြို့တော်က ရွယ်တူတွေအားလုံးကို လွှမ်းမိုးထားနိုင်သူပါ သူက တော်ဝင်မိသားစုဝင်တွေလိုပဲ သန်မာပြီး သူ့မျိုးဆက်ထဲမှာ သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပါပဲ"

ဟု လျီချန်းက ပြောသည်။ ထို့နောက် သူက တစ်ခုခု ထပ်ပြောချင်သလိုဖြင့် တုံ့ဆိုင်းနေပြီးမှ

"ဒါပေမဲ့"

"ပြောပါ"

"ကျွယ်ဝူတီ ငယ်ငယ်တုန်းက တစ်ယောက်ယောက်က သူ့ကို တပည့်အဖြစ် လက်ခံခဲ့တယ်လို့ သတင်းတွေ ထွက်ဖူးတယ်"

"သူ့ရဲ့ ဆရာက အဆင့် ၃ အင်ပါယာတစ်ခုက ဖြစ်ဖို့ များပြီး ကျင့်ကြံမှုက အတိုင်းအဆ မရှိဘူးလို့ ဆိုကြတယ် ဒါပေမဲ့ ဒါက သူများပြောတာ ကြားဖူးတာဆိုတော့ အမှန်လား မသေချာပါဘူး"

ဟု လျီချန်းက ရိုသေသေ ပြောလိုက်သည်။

အဆင့် ၃ အင်ပါယာက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်က ကျွယ်ဝူတီရဲ့ နောက်ကွယ်မှာ ရှိနေတာလား

"အစ်ကိုကြီး ဒီတစ်ခါ ဘယ်သူ့ကို သတ်ရမှာလဲ"

သခင်လေးကျား၏ ခြံဝင်းအတွင်း၌ လူမသိသူမသိ ပုဂ္ဂိုလ်တစ်ဦးမှာ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေသည့်အလား ရပ်နေသည်။

သူသာ စကားမပြောလျှင် သာမန်ကျင့်ကြံသူများမှာ သူ ရှိနေသည်ကို သတိပြုမိမည် မဟုတ်ပေ။

သခင်လေးကျားသည် လက်ဖက်ရည် သောက်နေစဉ် ထိုအသံကို ကြားလိုက်ရသဖြင့် လန့်ဖျပ်ကာ လက်ဖက်ရည်များ ဖိတ်ကျသွားတော့သည်။

သူက ဖိတ်ကျတော့မည့် ဖန်ခွက်အဖုံးကို ဝိညာဉ်စွမ်းအင်ဖြင့် အလျင်အမြန် ထိန်းလိုက်ပြီး အမှောင်ရိပ်ထဲသို့ ကြည့်ကာ သက်ပြင်းချလိုက်သည်

"ညီလေး လေး ငါ မင်းကို အကြိမ်ကြိမ် ပြောဖူးတယ် မင်း ဒီကို မလာခင် ငါ့ကို အသိပေးဦးလို့ ငါလည်း အသက်ကြီးပြီ ဒီလို ထိတ်လန့်စရာတွေကို မခံနိုင်တော့ဘူး"

တစ်စုံတစ်ယောက်က ဓားဖြင့် သူ၏ နဖူးကို ထောက်ခဲ့သည့် အချိန်ကတည်းက သခင်လေးကျားမှာ စိတ်ဂနာမငြိမ် ဖြစ်နေခဲ့ရသည်။

ထိုလူရိပ်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသံဩဩဖြင့် မေးသည်

"နားလည်ပါပြီ အစ်ကိုကြီး ဒီတစ်ခါ ပစ်မှတ်က ဘယ်သူလဲ"

"အချက်အလက်အားလုံး ဒီကျောက်စိမ်းပြား ထဲမှာ ရှိတယ် ဖတ်ပြီးတာနဲ့ ချက်ချင်း မီးရှို့ဖျက်ဆီးလိုက်"

သခင်လေးကျားက လက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးလိုက်သည်။

ခဏအကြာတွင် ထိုလူရိပ်က ကျောက်စိမ်းပြားကို လက်ဖြင့် ချေမွလိုက်ပြီး အသံလေးလေးနက်နက်ဖြင့် ပြောသည်

"ဖန့်မိသားစုက ဖန့်လင်ရှင်းလား ဖန့်မိသားစုမှာ ရွှေအမြုတေအဆင့် ပညာရှင် ရှိနေတာဆိုတော့ အလုပ်ပြီးရင် ငါ မဟာချန်း မြို့တော်ကနေ ဘေးကင်းကင်း ထွက်သွားနိုင်ပါ့မလား"

"ညီလေးရဲ့ ဖုံးကွယ်ခြင်း ပညာရပ်နဲ့ဆိုရင် ရွှေအမြုတေအဆင့် ပညာရှင်တောင် မင်းကို ရှာဖို့ ခက်ပါလိမ့်မယ် ပြီးတော့ ငါတို့က သူတို့ကို အလစ်အငိုက်..."

သခင်လေးကျား၏ မျက်လုံးများ ရုတ်တရက် သတိရှိသွားသည်

"နေဦး မင်း ငါ့ကို ဈေးဆစ်ဖို့ ကြိုးစားနေတာလား ငှားတဲ့သူက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆၀၀ ပဲ ပေးထားတာ ငါက ၁၀၀ ယူတာ တရားမျှတပါတယ် ငါ့ကို လာပြီး ဈေးမဆစ်နဲ့"

"၅၅၀ ပေး ဒါဆို ငါ ဒီအလုပ်ကို လက်ခံမယ်"

ဟု ထိုလူရိပ်က ဆိုသည်။

"ငရဲသွားစမ်း ငါက ဒီမှာ အန္တရာယ်အားလုံးကို ရင်ဆိုင်ပြီး အလုပ်လုပ်နေတာကို မင်းက ငါ့ကို ၅၀ ပဲ ရစေချင်တာလား ဒါက ငါ့လူတွေကို ကျွေးဖို့တောင် မလောက်ဘူး"

သခင်လေးကျား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်

"၅၂၀ယဒါက နောက်ဆုံးဈေးပဲယထပ်ပြီး ဈေးမဆစ်နဲ့တော့"

ထိုလူရိပ်က ခေါင်းငြိမ့်သဘောတူလိုက်သည်

"သဘောတူတယ်"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သခင်လေးကျားက စမ်းတဝါးဝါး မေးလိုက်သည်

"ညီလေး လေး မင်း ရှိသေးလား"

ဘာတုံ့ပြန်မှုမှ မရှိတော့ပေ။

ဖန့်ချန်၏ ဝိညာဉ်ခန္ဓာမှာ ထိုအချိန်ကစ၍ လေဟာနယ်ထဲတွင် ရပ်နေခဲ့ပြီး အဖြစ်အပျက် အစအဆုံးကို မြင်တွေ့ခဲ့ရာ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။

ထိုလူရိပ်၏ ပညာရပ်မှာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။

အကယ်၍ သူသာ ဝိညာဉ်ခန္ဓာဖြင့် ကြည့်မနေခဲ့လျှင် ထိုလူကို သူ သတိထားမိမည် မဟုတ်ပေ။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတောင် သူတို့ရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ မခွဲထုတ်နိုင်သေးဘူး။

ဆိုလိုတာက သူတို့တွေ ဘာမှ သတိထားမိမှာ မဟုတ်ဘူးပေါ့ ဟု ဖန့်ချန် စဉ်းစားလိုက်သည်။

အခန်း ၃၂၈ - ရိပ်ခြေဗုဒ္ဓ

ဖန့်ချန်၏ ဝိညာဉ်ခန္ဓာသည် ထိုလူရိပ်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားရာ ထိုသူသည် ဖန့်မိသားစုဝင်ပေါက်ရှေ့ရှိ အရိပ်တစ်ခုအတွင်း ပုန်းကွယ်နေသည်ကို သတိပြုမိလိုက်သည်။

ထိုလူ၏ ရဲတင်းပုံကို ဖန့်ချန် မအံဩဘဲ မနေနိုင်ပေ။

ကြည့်ရသည်မှာ သူသည် ဖန့်လင်ရှင်းကို ချောင်းမြောင်းတိုက်ခိုက် သတ်ဖြတ်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်ပုံရသည်။

ဖန့်ချန်၏ ဝိညာဉ်ခန္ဓာသည် ကိုယ်ထဲသို့ ပြန်ဝင်သွားပြီးနောက် သူသည် လမ်းကြားထဲမှ ထွက်ကာ သခင်လေးကျား၏ နေအိမ်သို့ ဦးတည်သွားတော့သည်။

အစေခံဖြစ်သူက တံခါးဖွင့်ပေးလိုက်ပြီး ဖန့်ချန်၏ မျက်နှာကို မြင်လိုက်ရသည်နှင့်

"သခင်လေးဖန့် ကြွပါခင်ဗျာ"

ဟု ရိုသေသေ နှုတ်ဆက်သည်။

ဖန့်ချန် ပြုံးလိုက်သည်။

ထိုသည်မှာ သူ၏ အထောက်အထားကို သူတို့ သိရှိသွားပြီဖြစ်ကြောင်း ပြသကာ သူ့ကို အကျပ်ကိုင်ရန် ကြိုးစားသည့် သတိပေးချက်တစ်ခုဖြစ်ကြောင်း သိသာလှသည်။

သခင်လေးကျားသည် ဖန့်ချန်ကို အလွန်ပင် တက်တက်ကြွကြွ ကြိုဆိုကာ အထဲသို့ ခေါ်ဆောင်သွားသည်

"ညီလေးဖန့် ထိုင်ပါဦး ငါ အခုပဲ လက်ဖက်ရည်အသစ် တစ်အိုး ဖျော်ထားတာ မြည်းကြည့်ပါဦး"

ဖန့်ချန် ထိုင်လိုက်ပြီးနောက် ထူးဆန်းသော အပြုံးဖြင့် မေးလိုက်သည်

"ကျုပ် နောက်ကြောင်းကို မင်း သိသွားပြီပေါ့"

သခင်လေးကျားက အားရပါးရ ပြုံးပြသည်

"ညီလေးဖန့်ကမှ မဖုံးကွယ်ထားတာပဲ မျိုးနွယ်စုခွဲက တပည့်တစ်ယောက် မိသားစုဆီ ပြန်ရောက်လာတယ်ဆိုတာ လူတိုင်း သိနေတာဆိုတော့ ငါ တစ်ယောက်တည်း သိတာ မဟုတ်ပါဘူး"

"သိလည်း ဘာမှမဖြစ်ပါဘူး ကျုပ် ကလည်း ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိလို့ပါ"

ဟု ဖန့်ချန်က ဆိုသည်။

သခင်လေးကျား၏ မျက်နှာပေး ပြောင်းလဲသွားသည်။

ဖန့်ချန်၏ တုံ့ပြန်မှုမှာ သူ မျှော်လင့်ထားသလို မဟုတ်ပေ။

ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း သို့မဟုတ် အံ့ဩခြင်းများ မရှိဘဲ အေးဆေးတည်ငြိမ်ကာ ဘာမှမဖြစ်သလို ရှိနေခြင်းက သခင်လေးကျားကို ပို၍ပင် ဝေခွဲမရ ဖြစ်သွားစေသည်။

ထိုသို့ တွေးမိသည်နှင့် သခင်လေးကျား၏ မျက်နှာပေါ်မှ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားပြီး ဟန်ဆောင်နေရသလို ဖြစ်သွားတော့သည်။

ဖန့်ချန်က လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံ သောက်လိုက်ပြီး ပြုံးလျက် ပြောသည်

"အော် ဒါနဲ့ စကားမစပ် ခင်ဗျားရဲ့ ညီလေး လေး သုံးတဲ့ အဲ့ဒီ ဖုံးကွယ်ခြင်း ပညာရပ်က ကျွန်တော့်စိတ်ကို တကယ် ဆွဲဆောင်သွားတယ် အဲ့ဒါက ဘယ်လို ပညာရပ်မျိုးလဲ သိလို့ရမလား"

ဒုန်း

သခင်လေးကျား လက်ထဲမှ ခွက်သည် စားပွဲပေါ်သို့ ပြုတ်ကျကာ ကြမ်းပြင်ပေါ် လိမ့်သွားပြီး လက်ဖက်ရည်များ နေရာအနှံ့ ဖိတ်စင်ကုန်တော့သည်။

သခင်လေးကျားသည် ဖန့်ချန်ကို ဘာမှမပြောနိုင်ဘဲ ကြည့်နေမိသည်။

သူ၏ မျက်နှာ အမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ စတင် ပေါ်ပေါက်လာသည်။

ဖန့်ချန်က ဒါကို ဘယ်လို သိသွားတာလဲ သူကိုယ်တိုင်ပင် သူ၏ ညီလေး လေး ဘယ်အချိန်မှာ ရောက်လာပြီး ဘယ်အချိန်မှာ ထွက်သွားသည်ကို မသိနိုင်ခဲ့ပေ။

ဖန့်ချန်က သူ၏ ခြံဝင်းထဲတွင် ဖြစ်ပျက်ခဲ့သည်ကို မည်သို့ သိနိုင်မည်နည်း

ပြီးတော့ ညီလေး လေး အကြောင်းကိုရော သူ ဘယ်လို သိသွားတာလဲ

သခင်လေးကျား၏ နှလုံးသားထဲတွင် ကြောက်စိတ်များ လွှမ်းမိုးသွားပြီး သူက အလျင်အမြန်ပင် အော်ဟစ်မေးလိုက်သည်

"မင်းက ကောင်းကင်ကံကြမ္မာဆောင် က လူလား "

အခြား ရှင်းပြချက် မရှိနိုင်ပေ ကောင်းကင်ကံကြမ္မာဆောင်မှ ကျင့်ကြံသူ အနည်းငယ်သာလျှင် သူတို့ ညီအစ်ကိုများ၏ အသေးစိတ် အခြေအနေကို သိကြသည်။ ပြီးတော့ ထိုခန်းမထဲမှာ သူ့မှာ ရန်သူတွေ အများကြီး ရှိသည်။

"ကျုပ်က သူတို့ဆီက ကျင့်ကြံသူ မဟုတ်ပါဘူး"

ဖန့်ချန်က ပြုံးလျက် ပြောသည်

"ကျုပ်က ဒီအတိုင်း မေးကြည့်တာပါ ဘာလို့ ဒီလောက်တောင် ထိတ်လန့်သွားတာလဲ ဒီလောကမှာ သတင်းအချက်အလက် ကြွယ်ဝတဲ့သူတွေ အများကြီး ရှိပါတယ် ကျုပ်ကလည်း အဲ့ဒီထဲက တစ်ယောက်ပေါ့"

သခင်လေးကျားသည် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး

"ငါ... ငါ အခုပဲ အရှက်ရစရာ ဖြစ်သွားပြီ"

ဟု ခါးသက်သက် ဆိုသည်။

သိသာသည်မှာ ဖန့်ချန်သည် သူ၏ အထောက်အထားကို စုံစမ်းသည့်အတွက် တန်ပြန်အချက်ပေးသည့်အနေဖြင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဖန့်ချန်သည် သူ၏ ရန်သူများ စေလွှတ်လိုက်သည့်သူဆိုလျှင် ညီလေး လေး အကြောင်း သိနေသည်ကို ထိုမျှ အလွယ်တကူ ထုတ်ဖော်ပြောမည် မဟုတ်ပေ။

သို့သော်လည်း သူ၏ ရှေ့တွင်ရှိသော ကျင့်ကြံသူ၏ နောက်ခံမှာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်နေပြီး သူသည် ဖန့်မိသားစု မျိုးနွယ်စုခွဲမှ သာမန်တပည့်တစ်ဦး မဟုတ်သည်မှာ သေချာလှသည်။

သူ၏ ညီလေး လေးသည် မြို့တော်သို့ အကြိမ်ပေါင်းများစွာ လာဖူးသော်လည်း ရွှေအမြုတေအဆင့် ပညာရှင်များပင် သတိမထားမိခဲ့ပေ။

သို့သော် ထိုလူက ညီလေး လေး ရှိနေသည်ကို အလွယ်တကူ သိမြင်နိုင်သည်။

ဤသည်မှာ ကြောက်စရာ အလွန်ကောင်းလှသည်။

ဖန့်ချန်က ပြုံးလျက် ဆက်မေးသည်

"ဒါဆို အဲ့ဒါက ဘယ်လို ပညာရပ်လဲ သခင်လေးကျား"

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သခင်လေးကျားက တိုးတိုးလေး ဖြေသည်

"ဒီပညာရပ်ကို ရိပ်ခြေဗုဒ္ဓ လို့ ခေါ်တယ်"

"ရိပ်ခြေဗုဒ္ဓ"

ဖန့်ချန်၏ မျက်လုံးများ လင်းလက်သွားသည်

"အဲ့ဒါက ဗုဒ္ဓနဲ့ ဘာပတ်သက်လို့လဲ"

"ဒဏ္ဍာရီတစ်ခု ရှိတယ် ရိပ်ခြေဗုဒ္ဓ လို့ခေါ်တဲ့ ဗုဒ္ဓတစ်မျိုး ရှိပြီး သူတို့က အရိပ်တွေထဲမှာ သွားလာရင်း လူသားတွေရဲ့ ကောင်းမှု မကောင်းမှုတွေကို စောင့်ကြည့်တတ်ကြတယ်လို့ ဆိုတယ် မကောင်းမှု မြင်ရင် ကြားဝင်တားဆီးပြီး ကောင်းမှု မြင်ရင် ကောင်းချီးပေးတတ်တယ်တဲ့"

သခင်လေးကျားက ရယ်မောလိုက်သည်

"ဒါပေမဲ့ ဒါက ဒဏ္ဍာရီသက်သက်ပါ ရိပ်ခြေဗုဒ္ဓ တကယ်ရှိ မရှိ ဘယ်သူမှ မသိဘူး ဒီပညာရပ်က ကောင်းကင်ကံကြမ္မာဆောင်ရဲ့ ထိပ်တန်း ဖုံးကွယ်ခြင်း ပညာရပ် သုံးမျိုးထဲက တစ်ခုပဲ"

"တတ်မြောက်ဖို့ အခက်ခဲဆုံး ဖြစ်ပေမဲ့ တစ်ခါ တတ်မြောက်သွားရင်တော့ ကျန်တဲ့ ပညာရပ်နှစ်ခုထက် အများကြီး ပိုသာလွန်တယ်"

"ငါ ငယ်ငယ်တုန်းက ဒါကို နည်းနည်း စမ်းကြည့်ခဲ့သေးတယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ငါ့မှာ ပါရမီ မရှိခဲ့ဘူး"

" ခန်းမတစ်ခုလုံးမှာ ငါ့ညီလေး လေး တစ်ယောက်ပဲ ဒီပညာရပ်ကို တကယ် တတ်မြောက်ခဲ့တာ ရွှေအမြုတေအဆင့် ပညာရှင်တွေတောင် ဒီကိစ္စမှာ သူ့ကို မမီဘူး"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်

"ဒီပညာရပ်ကို ရောင်းမလား"

သခင်လေးကျား အနည်းငယ် မှင်တက်သွားပြီးနောက် မျက်လုံးများ ချက်ချင်း တောက်ပသွားသည်

"ရောင်းဖို့လား ရောင်းတာပေါ့ ဈေးတည့်ရင် ဘာမဆို ရောင်းတယ် မင်း ဒီပညာရပ်ကို လိုချင်တာလား ကျင့်ကြံသူဖန့် အဲ့ဒါဆို မင်း ဘယ်လောက် ဈေးပေးမလဲ"

သူသည် ဖန့်ချန်ကို အစက ညီလေး ဟု ခေါ်ခဲ့သော်လည်း ယခု အခြေအနေများကြောင့် ထိုသို့ မခေါ်ရဲတော့ဘဲ ကျင့်ကြံသူဖန့် ဟုသာ လေးလေးစားစား ပြောင်းလဲ ခေါ်ဆိုလိုက်သည်။

ဖန့်ချန်က ပြုံးလိုက်သည်

"ခင်ဗျား ဘယ်လောက် လိုချင်လဲ"

ဖန့်ချန်မှာ အံ့ဩဝမ်းသာ ဖြစ်သွားရသည်။ သခင်လေးကျားက ရောင်းရန် သဘောတူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ရိပ်ခြေဗုဒ္ဓ ပညာရပ်က ခန်းမရဲ့ တားမြစ်ထားတဲ့ လျှို့ဝှက်ချက် တစ်ခုပဲ ငါ ခွင့်ပြုချက်မရှိဘဲ ရောင်းရင် အန္တရာယ် အကြီးကြီး ရှိတယ် ဒါကြောင့် ဈေးကတော့ မပေါဘူး"

" အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဆိုရင် ဘယ်လိုလဲ ဒါ့အပြင် ဒီပညာရပ်ကို တခြား ဘယ်သူ့ကိုမှ ပြန်မသင်ပေးဘူးလို့ ကျိန်ဆိုရမယ်"

ဟု သခင်လေးကျားက တိုးတိုးလေး ဆိုသည်။

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀"

ဖန့်ချန်က ပြုံးလျက်

"သဘောတူလား"

သခင်လေးကျား ဆွံ့အသွားသည်

"ဒါ ကျင့်ကြံသူဖန့် ဘာလို့ ဈေးကို တစ်ဝက်တိတိ နှိမ်ပစ်လိုက်တာလဲ"

ဖန့်ချန်က ရယ်မောလိုက်သည်

"ခင်ဗျားက ကျုပ် ဆီက ဝိညာဉ်ကျောက်တုံး ၁၀၀၀ ယူပြီး မင်းညီလေးကိုတော့ ၅၂၀ ပဲ ပေးတာလေ အဲ့ဒါကရော ဈေးနှိမ်တာ မဟုတ်ဘူးလား"

ဒါကိုပါ သူ သိနေတာလား သူ စောစောက ဒီမှာ ရှိနေတာလား ဒါပေမဲ့ ငါတို့ ဘာလို့ သူ့အရှိန်အဝါကို လုံးဝ မခံစားမိတာလဲ

သခင်လေးကျားမှာ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားတော့သည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းငြိမ့်ပြသည်

"ကောင်းပြီ ဝိညာဉ်ကျောက်တုံး ၁၀၀၀ သဘောတူတယ်"

ဖန့်ချန်က ပြုံးလိုက်ပြီး သူ၏ လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကို ထုတ်ကာ သခင်လေးကျားရှေ့တွင် တင်လိုက်သည်။

သခင်လေးကျားသည် ဝိညာဉ်ကျောက်တုံးများကို မြင်သောအခါ စိတ်လှုပ်ရှားသွားပြီး ကျောက်စိမ်းပြား တစ်ခုကို ဖန့်ချန်ထံ ပစ်ပေးလိုက်သည်။ ထို့နောက်

"ကျင့်ကြံသူဖန့် မင်းရဲ့ ကျိန်ဆိုမှုကို မမေ့နဲ့ဦး"

ဟု ဆိုသည်။

ဖန့်ချန်က ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်ပြကာ

"အင်း ငါ ဒါကို ဘယ်သူ့ကိုမှ မသင်ပေးဘူး"

ဟု ဆိုကာ ကျောက်စိမ်းပြားကို စတင် စစ်ဆေးတော့သည်။

ဒီလောက် ရိုးရှင်းတဲ့ ကျိန်ဆိုမှုလား

သခင်လေးကျား ခဏမျှ မှင်တက်သွားသော်လည်း နောက်ပိုင်းတွင် ဂရုမစိုက်တော့ဘဲ ဝိညာဉ်ကျောက်တုံး ပုံကြီးကိုသာ စိတ်လှုပ်ရှားစွာ ကြည့်နေတော့သည်။ ဒါ တကယ်ကို အမြတ်ကြီးတဲ့ အပေးအယူပဲ

သူသည် ဝမ်းသာနေစဉ်မှာပင် ဖန့်ချန်ကို စိတ်ထဲမှ ကဲ့ရဲ့မိသည် မင်းက မြေခွေးတစ်ကောင်လို လည်ရင်တောင် ရိပ်ခြေဗုဒ္ဓ ပညာရပ်က ခန်းမထဲမှာ တစ်ပြားမှ မတန်ဘူးဆိုတာ မင်း ဘယ်တော့မှ သိမှာ မဟုတ်ဘူး။

ဟားဟား ဒီပညာရပ်က နှစ်ပေါင်း ထောင်ချီ ရှိနေပြီ ဒါပေမဲ့ လူအနည်းငယ်ပဲ တတ်မြောက်နိုင်တာ ဒါက အသုံးမကျတဲ့ ပညာရပ်ပဲ

ထိုအချိန်တွင် ဖန့်ချန်မှာ ပညာရပ်၏ ကျင့်စဉ်ကို ဖတ်ပြီးသွားပြီ ဖြစ်ရာ စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုလိုက်သည်။

ရုတ်တရက် သူ၏ ဝိညာဉ်ခန္ဓာမှာ ထိုကျင့်စဉ်အတိုင်း စတင် လည်ပတ်လာသည်။

သူ၏ ဝိညာဉ်စွမ်းအင် အနည်းငယ် ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီးနောက် ပတ်ဝန်းကျင်မှာ ထူးဆန်းသွားသည်ကို သတိပြုမိလိုက်သည်။

သူသည် အရိပ်များထဲတွင် နစ်မြုပ်သွားသလို ခံစားရပြီး ပတ်ဝန်းကျင်မှာ မြူနှင်းများ ဖုံးအုပ်ထားသကဲ့သို့ ဝေဝါးသွားတော့သည်။

ဖန့်ချန်သည် မျက်စိဖြင့် မမြင်ရသော်လည်း ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနေရသည်။

ဒီပညာရပ်က တတ်မြောက်ဖို့ ခက်ခဲတာ မဆန်းပါဘူး။

ဒါက ဝိညာဉ်စွမ်းအင် ကို မသုံးဘဲ ဝိညာဉ်ရဲ့ အစွမ်း ကို သုံးတာပဲ။

လုံလောက်တဲ့ ဝိညာဉ်အစွမ်း မရှိရင် ဒါကို စလေ့ကျင့်ဖို့တောင် အရည်အချင်း မပြည့်မီဘူး။

ဒီပညာရပ်ရဲ့ အဆင့်က ငါ ထင်ထားတာထက် အများကြီး ပိုမြင့်ရမယ်။

အနည်းဆုံး ဝိညာဥ်သန္ဓေသား အဆင့် ရောက်မှ လေ့ကျင့်နိုင်တဲ့ အဆင့်မျိုးပဲ

ထိုကဲ့သို့သော ပညာရပ်ကို ဝိညာဉ်ကျောက်တုံး ၁၀၀၀ တည်းဖြင့် ရလိုက်ခြင်းမှာ အလွန်ပင် တန်လှသည်။

အကယ်၍ သိနားလည်သူ တစ်ဦးကိုသာ ရောင်းလျှင် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ၀ ဆိုလျှင်ပင် မီးကို တိုးသည့် ပိုးဖလံများကဲ့သို့ ဝိုင်းဝယ်ကြပေလိမ့်မည်

"ကျင့်ကြံသူဖန့် ငွေပေးချေမှု ပြီးပါပြီ"

ဟု သခင်လေးကျားက အားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ပြုံးလျက် ပြောလိုက်သည်။

သို့သော် သူ မော့ကြည့်လိုက်သောအခါ ဆွံ့အသွားသည်။ သူ၏ ရှေ့တွင် ဘယ်သူမှ မရှိတော့ပေ။

ကျင့်ကြံသူဖန့် တစ်ယောက် ဘယ်ဆီကို ရောက်သွားတာလဲ

All Chapters