အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း။ ၆၇
အခြားဓားတစ်လက်မှာမူ မြွေဖြူတစ်ကောင်၏ ဝါးမျိုနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ဖြူဖွေးသော သတ်ဖြတ်ခြင်းဟု အမည်တွင်သည်။ ဤဓားဖြင့် တိုက်ခိုက်လိုက်ပါက ရန်သူ၏ ထူးကဲချီကို ကိုက်ခွဲဝါးမျိုနိုင်ရုံသာမက ၎င်းတို့၏ မန္တန်အတတ်များကိုပါ ရိုက်ခွဲဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ကျင့်ကြံခြင်း ပြီးဆုံးသွားသောအခါ စုန်ယန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ ထို့နောက် အိပ်ယာထက်သို့ ပြန်လည်တက်လှမ်းကာ မိန်းကလေး ယွီကျွမ်းကို ပွေ့ဖက်လိုက်သည်။
မိန်းကလေးမှာ အိပ်ချင်မူးတူးဖြင့် နိုးလာပြီး "သခင်ကြီး... ယွီကျွမ်း ခစားဖို့ လိုပါသေးသလားရှင်" ဟု တိုးတိုးလေး မေးရှာသည်။
စုန်ယန်သည် သူ့ရင်ခွင်ထဲမှ ရှက်သွေးဖြန်းနေသော မိန်းကလေးကို အာရုံခံမိပြီး "မိုးလင်းတဲ့အထိ အိပ်ဖို့ ငါ အမိန့်ပေးထားတယ်မဟုတ်လား" ဟု ပြောလိုက်သည်။
ထိုစကားကြောင့် မိန်းကလေး ယွီကျွမ်းမှာ မှင်တက်သွားတော့သည်။ သူမသည် တစ်ကိုယ်လုံး တောင့်တင်းသွားသည့်အလားပင်။
သခင်ကြီးက ကိုင်တွယ်လာရင် ခစားဖို့ လိုမလို မေးမြန်းရမည်ဟူသော အသိစိတ်နှင့် သခင်ကြီး ပေးထားသော ယခင်အမိန့်တို့မှာ သူမ၏ စိတ်ထဲတွင် ပဋိပက္ခဖြစ်သွားပုံပင်။ ယွီကျွမ်းမှာ တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်ဝန်းများ နီမြန်းလာကာ ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာ ပေါ်လာသည်။
သူမ တစ်စုံတစ်ခု ပြောရန် ကြိုးစားနေစဉ်မှာပင် စုန်ယန်က ဖြတ်ပြောလိုက်သည်။
"သခင်ကြီးရဲ့ အမိန့်သစ်က အခုကစပြီး မိုးလင်းတဲ့အထိ အိပ်ဖို့ပဲ အရင်အမိန့်ကို ပယ်ဖျက်
လိုက်ပြီ"
ထိုအခါမှသာ မိန်းကလေး၏ စိတ်အာရုံမှာ ပြန်လည်စတင်သွားသကဲ့သို့ ဖြစ်သွားပြီး ထပ်မံ၍ တောင့်တင်းမနေတော့ပေ။
သူမသည် ချိုသာစွာ ပြန်လည်ထူးပြီးနောက် ငြိမ်သက်စွာပင် ဘေးစောင်းလေး လဲလျောင်းလိုက်သည်။ သူမ၏ ခါးကလေးမှာ အနည်းငယ် ကွေးညွှတ်နေပြီး ပြည့်ဖြိုးသော တင်ပါးအစုံမှာ သခင်ကြီး၏ ခန္ဓာကိုယ်နှင့် ထိကပ်နေသည်။ ထို့နောက် မျက်လုံးများကို မှိတ်ကာ အလေးအနက်ပင် အိပ်စက်သွားတော့သည်။ ဤအတောအတွင်း သခင်ကြီးက မည်သို့ပင် လှုပ်ရှားပါစေ သူမမှာမူ မိုးလင်းသည့်တိုင်အောင် အိပ်မောကျနေစေရန် အစွမ်းကုန် ကြိုးစားနေပေလိမ့်မည်။
သို့သော် စုန်ယန်မှာမူ ထိုမျှအထိ အာရုံမရှိသူတစ်ယောက် မဟုတ်ပေ။
မိန်းကလေး၏ အတွေးစကို စုန်ယန် ရိပ်မိလိုက်သည်။ ဤမျှအဆင့်အထိ လေ့ကျင့်ပေးခြင်း ခံထားရသည်မှာ သူမအနေဖြင့် ဒုက္ခပေါင်းစုံနှင့် ညှဉ်းပန်းနှိပ်စက်မှု မြောက်မြားစွာကို ကြုံတွေ့ခဲ့ရမည်ဖြစ်ကြောင်း သူ နားလည်သွားသည်။
သူသည် မိန်းကလေး၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးလိုက်မိသော်လည်း ပြောစရာ စကားလုံးမူ ရှာမတွေ့ခဲ့ပေ။
...
ရက်အနည်းငယ် ကြာပြီးနောက်...
ဖူမိသားစုဘက်တွင် မြေခွေးလုပ်ကြံရေးမဟာမိတ်အဖွဲ့သည် အရှိန်အဟုန်ဖြင့် လှုပ်ရှားနေပြီး ပညာရှင်အများအပြားလည်း စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ဤသတင်းစကားအားလုံးကို စုန်ယန်သည် သူ၏ အရိပ်ရုပ်သေးမှတစ်ဆင့် အပြည့်အဝ သိရှိနေရသည်။
သို့သော် သူ၏ ဟွားရုံသရုပ်မှန်အရ သူသည် ပညာသင်ယူရာတွင် နှေးကွေးသူတစ်ဦးအဖြစ်သာ ဟန်ဆောင်နေရသည်။ အကြောင်းမှာ အရိပ်ရုပ်သေးများသည် သင်ယူခြင်းဖြင့် တိုးတက်လာနိုင်စွမ်း မရှိသောကြောင့်ပင်။ ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံခြင်းဆိုသည်မှာ တစ်ရကနှစ်ရက်နှင့် ဖြစ်မြောက်သည်မဟုတ်ရာ သူသည် ဓားအငွေ့အသက်ကို နားမလည်နိုင်ခြင်းအပေါ် မည်သူမျှ အံ့ဩခြင်းမရှိကြပေ။
ထိုအတောအတွင်း သူသည် ခရမ်းရောင်နန်းတော်အဆင့်နှင့် နန်ဝူဓားဂိုဏ်းတို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို စတင်စုံစမ်းလေတော့သည်။
ဤလှုပ်ရှားမှုများမှာ အရိပ်ရုပ်သေးပြာသာဒ်ရှိ သူ၏ သားရေအရေခွံပြုပြင်သည့် အလုပ်ကို မည်သို့မျှ အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ ရှန်နုန်ကျားသည်လည်း ဝီရိယရှိရှိ လေ့လာနေပြီး သိလိုသည်များကို မေးမြန်းတတ်သည်။ စုန်ယန်သည်လည်း သူသိသမျှကို ဝေမျှပေးသည်။ အကြောင်းမှာ သူသင်ကြားပေးနေသည်မှာ အရေခွံပန်းချီ ဝိညာဉ်ခေါ်ယူခြင်းအတတ်၏ အခြေခံများသာ ဖြစ်သောကြောင့်ပင်
ဤအတတ်ကို အပြည့်အဝ သင်ကြားပေးလိုက်လျှင်ပင် သူ၌ အရေခွံပန်းချီ ဝိညာဉ်
ကျေးကျွန်အတတ်နှင့် အရေခွံပန်းချီ ဝိညာဉ်ပုံသွင်းအတတ်တို့ ကျန်ရှိနေသေးသဖြင့် စိုးရိမ်စရာမရှိပေ။ ထို့ပြင် နောက်ဆုံးအတတ်နှစ်မျိုးမှာ ဝိညာဉ်ကျင့်ကြံသူများသာ တတ်မြောက်နိုင်သောအရာများ ဖြစ်သည်။
ကျောက်သားအကြီးအကဲ၏ ပုံသဏ္ဌာန်တစ်ရာ နတ်ဘုရားထိန်းချုပ်မှုအကြောင်းကိုမူ သူသည် အခြေခံအတတ်များကို သင်ကြားပေးနေရင်း ဟိုဟိုဒီဒီ ရောနှော၍ ပြောပြလေ့ရှိသည်။ ကုဟွမ်ကျီက ဤလူနှစ်ဦးကို သူ့ထံ စေလွှတ်လိုက်ခြင်းမှာ ကျောက်သားအကြီးအကဲ၏ အမွေအနှစ်များ ပြတ်တောက်မသွားစေရန်အတွက်သာ ဖြစ်ပေလိမ့်မည်။
စုန်ယန်သည် အမှန်တကယ်ပင် သင်ကြားပေးမည်ဖြစ်ပြီး တစ်ဆင့်ချင်းစီကို စေ့စေ့စပ်စပ် သင်ပြသွားမည်ဖြစ်သည်။
အကယ်၍သာ သူသည် အသုံးချပြီးနောက် စွန့်ပစ်ခံရမည်ကို စိုးရိမ်စရာမရှိပါက သူသိသမျှ အားလုံးကို လက်ဆင့်ကမ်းပေးရန် ဝန်လေးနေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ပုံသဏ္ဌာန်တစ်ရာ နတ်ဘုရားထိန်းချုပ်မှုကို ပုံသဏ္ဌာန်တစ်ရာ နတ်ဘုရားဝါးမျိုခြင်းနှင့် ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာအဆင့်များအထိ ဆင့်ပွားဖော်ထုတ်ထားပြီးဖြစ်သောကြောင့် အခြေခံသဘောတရားမှာ အတူတူပင်။
...
ရှူး... ရှူး... ရှူး...
ဝှစ်...
စုန်ယန်၏ နေ့စဉ်ဘဝမှာ ရိုးရှင်းအေးစက်လှပြီး ပြင်ပလူများအမြင်တွင်မူ အလွန်ပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေပေလိမ့်မည်။
ယခုအချိန်တွင် သူသည် သွေးဓားသမင်၏ အရိပ်ရုပ်သေးကို ပြုပြင်ပြီးစီးသွားသော်လည်း ရပ်တန့်မသွားဘဲ ဒုတိယတစ်ခုကို ဆက်လက်လုပ်ဆောင်သည်။ ထို့နောက် အရိပ်ရုပ်သေးပြာသာဒ်၏ နောက်ကွယ်ရှိ မှောင်မည်းသော အခန်းငယ်လေးထဲသို့ ဝင်သွားခဲ့သည်။
သူသည် လက်ကိုမြှောက်ကာ ဝိညာဉ်များကို ဆင့်ခေါ်လိုက်ပြီး ဝိညာဉ်ပုံသွင်းအတတ်ကို အသုံးပြု၍ အရိပ်ရုပ်သေးတစ်ခုကို ဖန်တီးကာ သိုလှောင်လက်စွပ်အတွင်း ထည့်သွင်းလိုက်သည်။
ထို့နောက် သာမန် ဝိညာဉ်ခေါ်ယူခြင်းအတတ်ကို အသုံးပြုကာ အခြားအရိပ်ရုပ်သေးတစ်ခုကို ထပ်မံပြုလုပ်သည်။ ၎င်းကို သေချာစွာ ခေါက်သိမ်းပြီး ချိပ်ပိတ်ထားသော ကျောက်စိမ်းသေတ္တာငယ်တစ်ခုအတွင်း ထည့်လိုက်သည်။
ပြည့်စုံသော ဝိညာဉ်ခေါ်ယူခြင်းအတတ်တွင် မိစ္ဆာဝိညာဉ်များကို ခေတ္တမျှ အိပ်ပျော်သွားစေသည့် အဆင့်တစ်ခု ပါဝင်ပြီး ၎င်းမှာ ဤအတတ်၏ အခက်ခဲဆုံးအပိုင်းလည်း ဖြစ်သည်။ အကယ်၍ အရေခွံပြုပြင်သူက အန္တရာယ်ရှိသည်ဟု ခံစားမိပါက ထိုဝိညာဉ်ကို ချက်ချင်းပင် လူစုခွဲပစ်ရမည်ဖြစ်သည်။
သို့မဟုတ်ပါက အရိပ်ရုပ်သေးဖန်တီးခြင်းလုပ်ငန်းစဉ် ပျက်ပြားသွားမည်ဖြစ်ပြီး ဝိညာဉ်အာရုံ၏ ရုန်းကန်မှုကြောင့် ရုပ်သေးရုပ်မှာ တစ်စစီ ဆုတ်ဖြဲခံရပေလိမ့်မည်။ ထိုသို့ဖြစ်ပါက အရာအားလုံးကို အစမှ ပြန်လည်စတင်ရမည်ဖြစ်သည်။
ထို့ကြောင့် အရေခွံပြုပြင်သူများအတွက် ကျရှုံးနိုင်ခြေနှုန်းမှာ အတော်ပင် မြင့်မားလှသည်။
သို့သော် အောင်မြင်သွားပါက အရိပ်ရုပ်သေးသည် အိပ်စက်ခြင်းအခြေအနေသို့ ရောက်ရှိသွား
မည်ဖြစ်ပြီး တစ်စုံတစ်ဦးက အရေခွံထိန်းချုပ်မှုအတတ်ကို အသုံးပြု၍ နှိုးလိုက်မှသာ ပြန်လည်လှုပ်ရှားလာမည်ဖြစ်သည်။
ဤနေရာတွင် အရေခွံကို ထိန်းချုပ်မည့် တပည့်၏ အဆင့်အတန်းမှာ အလွန်အရေးကြီးလာသည်။ အကယ်၍ ကျင့်ကြံမှု အားနည်းပါက ရုပ်သေး၏ ပြန်လည်တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် ရုပ်သေးဂိုဏ်းသည် အရေခွံထိန်းချုပ်မည့် တပည့်များအပေါ် အလွန်တင်းကျပ်သော သတ်မှတ်ချက်များ ထားရှိသည်။ ထူးကဲချီသန့်စင်ခြင်း ဒုတိယ သို့မဟုတ် တတိယအဆင့် ကျင့်ကြံသူများသည် အဆင့်နိမ့် မိစ္ဆာသတ္တဝါ အရိပ်ရုပ်သေးများကို မထိန်းချုပ်နိုင်သည်တော့မဟုတ်ပေ။ သို့သော် တည်ငြိမ်မှုမရှိဘဲ ပြန်လည်တိုက်ခိုက်ခံရပါက ထိခိုက်မှု ပြင်းထန်နိုင်သောကြောင့် ဖြစ်သည်။ စတုတ္ထအဆင့်သို့ ရောက်ရှိမှသာလျှင် ထိန်းချုပ်မှုမှာ အမှားအယွင်းမရှိ အာမခံချက်ရှိပေမည်။
အလယ်အလတ်အဆင့် မိစ္ဆာသတ္တဝါ အရိပ်ရုပ်သေးတစ်ခုကို ဖန်တီးပြီးစီးချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
စုန်ယန်သည် သမ်းဝေရင်း အရိပ်ရုပ်သေးပြာသာဒ်၏ ရှေ့တံခါးဝသို့ လျှောက်လာခဲ့သည်။ မိန်းကလေး ယွီကျွမ်းသည် နောက်မှ ပြေးလိုက်လာပြီး ဂရုတစိုက် မေးမြန်းရှာသည်။
"စီနီယာအစ်ကို... ရေနွေးကြမ်းလေး သောက်ဦးမလားဟင်။ ညီမလေး ခုနတင် လရောင်မြက်နဲ့ ခပ်ထားတာ ရှိပါတယ်"
အရိပ်ရုပ်သေးပြာသာဒ်တွင် ရှိနေစဉ် စုန်ယန်က သူမ၏ ခေါ်ဝေါ်ပုံကို ပြင်ဆင်ပေးခဲ့သည်။ သူမအနေဖြင့် သူ့ကို သခင်ကြီးဟု ခေါ်ခြင်းနှင့် ကိုယ်ကိုကိုယ် အစေခံဟု ညွှန်းဆိုခြင်းကို တားမြစ်ခဲ့သည်။ ထို့ကြောင့် မိန်းကလေး ယွီကျွမ်းခမျာ ဦးနှောက်ခြောက်အောင် စဉ်းစားပြီးမှ စီနီယာအစ်ကိုဟူသော ခေါ်ဝေါ်မှုကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
လရောင်မြက်မှာမူ နက်နဲသော ဝိညာဉ်ဆေးလုံးငယ်ဖော်စပ်ရာတွင် အဓိကပါဝင်သော ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်သည်။ ဆေးလုံးများမှာ အာနိသင်ကိုသာ အလေးထားပြီး အရသာမှာ ဂရုမပြုလောက်သော်လည်း ၎င်းကို လက်ဖက်ရည်အဖြစ် ခပ်သောက်ပါကမူ အလွန်ပင် အရသာရှိလှသည်။
"အင်း... တစ်ခွက်လောက် သောက်တာပေါ့"
"စီနီယာအစ်ကို ခဏလေးစောင့်နော်"
ယွီကျွမ်းလေးသည် ရေနွေးကြမ်း ငှဲ့ရန် ထွက်သွားတော့သည်။ ထိုအတောအတွင်း စက္ကူရုပ်မျိုးနွယ်စုမှ အခြားအတွင်းစည်းတပည့်တစ်ဦး ဖြစ်သူ ကွမ်းဝူရောက်ရှိလာသည်။ ဤတပည့်မှာ ဂိုဏ်းအတွင်းရှိ အကြီးအကဲတစ်ဦး၏ ဆွေမျိုးတော်စပ်သူ ဖြစ်ပုံရသော်လည်း ပါရမီမှာမူ သာမန်မျှသာ ဖြစ်သည်။ သူသည် ယခင်က အရိပ်ရုပ်သေးများကို အရိပ်ရုပ်သေးတောင်ထိပ်သို့ ပို့ဆောင်ပေးရသော တာဝန်ကို ယူထားရသူ ဖြစ်သည်။
ရုပ်သေးဂိုဏ်းရှိ လူတိုင်းသည် အရိပ်ရုပ်သေးများကို ကိရိယာတန်ဆာပလာများအဖြစ် အသုံးပြုနိုင်ကြသည်။
စုန်ယန်က ပြီးစီးသွားသော အရိပ်ရုပ်သေးထည့်ထားသည့် ကျောက်စိမ်းသေတ္တာကို ကွမ်းဝူထံ ကမ်းပေးလိုက်ရာ ကွမ်းဝူက မချီးကျူးဘဲ မနေနိုင်တော့ပေ။
"အကြီးအကဲစုန်က အလယ်အလတ်အဆင့် အရိပ်ရုပ်သေးတစ်ရုပ်ကို နေ့တိုင်း အပြီးသတ်နိုင်တာ တကယ်ကို အံ့မခန်းပါပဲ။ အရင်က ကျွန်တော် အရိပ်ရုပ်သေးတောင်ထိပ်ကို သွားပြီး အချောထည်တွေ သိမ်းတုန်းက အကြီးအကဲစုန်လို ကျွမ်းကျင်တဲ့ အရေခွံပြုပြင်သူတစ်
ယောက်မှ မတွေ့ဖူးဘူး။ အကြီးအကဲကျောက်တောင် ဒီလောက်အထိ မမြန်ဘူးထင်တယ်"
အခန်း။ ၆၈
"ဒါ့အပြင် ဂိုဏ်းတူညီအစ်ကိုတွေ အားလုံးကလည်း ဆရာကြီးစုန်ရဲ့ လက်ရာကို ချီးကျူးမဆုံး ဖြစ်နေကြတာဗျ"
စုန်ယန်က ပြုံးလျက် လက်ကာပြလိုက်ပြီး "ကျွန်တော်က ဆရာ့ခြေဖျားတောင် မမီပါဘူး။ ခဏခဏလည်း ကျရှုံးတတ်လို့ အရိပ်ရုပ်သေး တော်တော်များများ ပျက်စီးခဲ့ရတာပါ။ လက်နည်းနည်း ပိုသွက်တာ တစ်ခုပဲ ရှိပါတယ်" ဟု နှိမ့်ချစွာ ပြောလိုက်သည်။
ကွမ်းဝူက "ဆရာကြီးစုန်ရယ် အားနာစရာ မလိုပါဘူး။ အကြီးအကဲကျောက်က သူ့ရဲ့ ပညာအမွေတွေကို ဆရာကြီးဆီ လွှဲပေးခဲ့တယ်ဆိုတာ ဆရာကြီးက သူ့ထက် သာလိမ့်မယ်လို့ ယုံကြည်လို့နေမှာပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ကွမ်းဝူဟာ အရင်က ဆရာကြီးအကြောင်း သိပ်မသိခဲ့ပေမဲ့ အခုလို သိကျွမ်းလာရတဲ့အခါမှာတော့... ဒီပညာအမွေက ဆရာကြီးနဲ့ တကယ့်ကို ထိုက်တန်တယ်လို့ ခံစားရပါတယ်" ဟု ပြောလိုက်သည်။
စုန်ယန်က သာယာစွာ ပြုံးပြလိုက်ပြီးနောက် နှစ်ဦးသား နှုတ်ဆက်ခွဲခွာခဲ့ကြသည်။
သူတို့နောက်တွင် ယွီကျွမ်းလေးက ရေနွေးကြမ်းကို အမြန်သယ်ဆောင်လာသည်။ စုန်ယန်က ၎င်းကို လှမ်းယူကာ တစ်ငုံသောက်လိုက်ပြီး စိတ်ကို အနားပေးလိုက်သည်။
တစ်ဖက်ရှိ ဟွားရုံမှာ အန္တရာယ်များ ဝိုင်းရံနေသော်လည်း သူကိုယ်တိုင်မှာမူ ပုံမှန်ရုံးတက်
ရုံးဆင်း ဘဝတစ်ခုလို အေးအေးလူလူ ရှိနေသည်။ ထိုပုံမှန်ဘဝထဲတွင်ပင် အလုပ်သိမ်းခါနီးအချိန်က အပန်းအဖြေရဆုံး ဖြစ်သည်။
ဤကာလအတွင်း သူသည် အရိပ်ရုပ်သေးအတတ်ပညာတွင် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှိကြောင်းကို သူ့ဘာသာ သက်သေပြခဲ့ပြီးဖြစ်သည်။ သူ၏ အမည်နာမမှာလည်း အစောပိုင်းက ခပ်ပေါ့ပေါ့ခေါ်ဝေါ်သော ဦးလေးကြီး၊ စုန်လေးစသည်တို့မှသည် ယခုအခါ လူတိုင်းက လေးလေးစားစားနှင့် ဆရာကြီးစုန်ဟု တစ်သံတည်း ခေါ်ဝေါ်ရသည့်အထိ ပြောင်းလဲလာခဲ့သည်။
ထိုစဉ် မလှမ်းမကမ်းမှ ယွဲ့ယန်လော့သည် တပည့်တစ်ဦးနှင့်အတူ ရယ်မောကာ ပြန်လာသည်ကို တွေ့လိုက်ရသည်။ အရိပ်ရုပ်သေးပြာသာဒ်သို့ ရောက်သောအခါ ထိုတပည့်က ယွဲ့ယန်လော့ကို လက်အုပ်ချီ နှုတ်ဆက်ရင်း "အစ်ကိုယွဲ့... လာဖို့ မမေ့နဲ့ဦးနော်" ဟု ပြောလိုက်သည်။
ယွဲ့ယန်လော့က အားရပါးရ ရယ်မောလျက် "ညီလေးလျိုကလည်း အားနာစရာကြီးဗျာ၊ ကျွန်တော် သေချာပေါက် လာခဲ့မှာပေါ့" ဟု ပြန်ပြောလိုက်သည်။
ထိုတပည့်သည် စုန်ယန်ကိုလည်း "ဆရာကြီးစုန်" ဟု ရိုသေစွာ နှုတ်ဆက်ပြီးမှ ထွက်ခွာသွားသည်။
ယွဲ့ယန်လော့က -"ဆရာ... ဒီတစ်ယောက်က လျိုဝမ်ကျန့်ပါ။ သူက တကယ့်ကို အလိုက်သိတဲ့လူပဲ။ ဒီနေ့ ကျွန်တော့်ကို အလျှော့ပေးရုံတင်မကဘူး။ နောက်ရက်ကျရင် ကျင်းပမယ့် လူသစ်
စုဆောင်းပွဲကိုတောင် ဖိတ်သွားသေးတယ်" ဟု ပြောလိုက်သည်။
လူသစ်စုဆောင်းပွဲဟူသော စကားကို ပြောလိုက်ချိန်တွင် သူက တဟားဟား ရယ်မောလိုက်ရာထိုပွဲ၏ နောက်ကွယ်ရှိ အရှုပ်အထွေးများကို သူ ကောင်းကောင်းနားလည်ထားပုံပင်။
စုန်ယန်က ဘာမျှထပ်မပြောဘဲ လက်ကို ဝေ့ယမ်းလိုက်ကာ "မင်းရဲ့ အရေခွံလုပ်ငန်းကိုတော့ ပစ်မထားနဲ့ဦး" ဟုသာ သတိပေးလိုက်သည်။
ယွဲ့ယန်လော့သည် ပြာသာဒ်ဆောင်အတွင်းသို့ ဝင်လာပြီး ချောင်ယွီကျွမ်းကို မြင်သောအခါ ယခင်ကကဲ့သို့ သခင်မဟု မနှုတ်ဆက်တော့ဘဲ မထီမဲ့မြင်ပြုသော အကြည့်၊ မကောင်းသော အကြံအစည်အချို့ ပါဝင်သော အကြည့်တို့ဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ အရေခွံလုပ်ရန် ထိုင်လိုက်သည်။
ရှန်နုန်ကျားက ခေါင်းမော့မကြည့်ဘဲ အေးဆေးစွာ မေးလိုက်သည်။
"မင်း ဘာလို့ သူ့ကို သခင်မလို့ မခေါ်တော့တာလဲ"
ယွဲ့ယန်လော့က "မှားနေပြီ။ သူက ဂိုဏ်းကပေးတဲ့ ကျင့်ကြံခြင်းအထောက်အပံ့တစ်ခု၊ ကိရိယာတစ်ခုပဲလေ၊ ဘာလို့ သခင်မလို့ ခေါ်နေရမှာလဲ။ သူက ဆရာနဲ့မှ တန်လို့လား။ ဟွန်း" ဟု ပြန်ပြောလိုက်သည်။
ရှန်နုန်ကျားက "ဒါတောင်မှ ဆရာကိုယ်တိုင်က သူ့ကို အသိအမှတ်ပြုထားတာပဲ။ မင်းအနေနဲ့ ဒီလောက်အထိတော့ ပွင့်ပွင့်လင်းလင်း ပြောမနေသင့်ဘူး" ဟု ပြောလိုက်သည်။
"အော်"
ယွဲ့ယန်လော့က ရုတ်တရက် ထရပ်လိုက်ပြီး "ငါ့ကို ဆုံးမဖို့ မင်းအလှည့် ရောက်သွားပြီလား" ဟု အော်ဟစ်လိုက်သည်။
ရှန်နုန်ကျားက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ပြီး ဘာမျှထပ်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
စုန်ယန်က သက်ပြင်းတစ်ချက် အသာအယာ ချလိုက်မိသည်။
ဤတပည့်နှစ်ဦးမှာ တစ်ဦးက ဒေါသကြီးပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်ကာ အခြားတစ်ဦးမှာမူ အတွေးနက်ပြီး ပါးနပ်လွန်းသည်။ ဘယ်သူကမျှ ကိုင်တွယ်ရ လွယ်ကူသူများ မဟုတ်ကြပေ။
သူသည် ခေါင်းလှည့်ကြည့်လိုက်ရာ ယွီကျွမ်းလေးမှာ အလွန်တုန်လှုပ်နေသည်ကို မြင်လိုက်ရသဖြင့် "ယွဲ့လေး... ဒီအခန်းထဲမှာရှိနေသရွေ့ သူက မင်းရဲ့ သခင်မပဲ နားလည်လား" ဟု ပြောလိုက်သည်။
ယွဲ့ယန်လော့သည် စုန်ယန်၏ ကျောပြင်ကို ကြည့်ကာ ခိုး၍ မျက်စောင်းထိုးလိုက်သော်လည်း "နားလည်ပါပြီ... ဆ... ရာ..." ဟု ပြန်ထူးလိုက်ရသည်။
ရှန်နုန်ကျားက "ဆရာ... ယွဲ့ယန်လော့က ဆရာ့ကို ခုနက မျက်စောင်းထိုးလိုက်တယ်" ဟု ကုန်းတိုက်လိုက်သည်။
ယွဲ့ယန်လော့မှာ လန့်သွားပြီး "လျှောက်မပြောနဲ့ ငါက ဆရာ့ကို ဘယ်လိုလုပ် မရိုမသေ လုပ်ရဲမှာလဲ" ဟု အလောတကြီး ငြင်းဆိုရှာသည်။
စုန်ယန်က "တော်တော့ မငြင်းကြနဲ့တော့" ဟု ပြောလိုက်မှသာ နှစ်ဦးသား တိတ်ဆိတ်သွားပြီး အရေခွံလုပ်ငန်းကို ခေါင်းငုံ့ကာ လုပ်ဆောင်ကြတော့သည်။
...
ထိုညတွင် စုန်ယန်သည် ဓားကို ထိန်းချုပ်ကာ မိန်းကလေး ယွီကျွမ်းကို ဂူဗိမာန်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
သူ တံခါးဖွင့်လိုက်သည်နှင့် တံခါးကြားမှ စက္ကူစလေးတစ်စ အောက်သို့ လွင့်ကျလာသည်။
စုန်ယန်သည် ထိုစက္ကူစကို ကောက်ယူကာ ကြည့်လိုက်သည်။
ထိုစက္ကူစပေါ်တွင် ရေးသားထားသည်မှာ "မိတ်ဆွေစုန်... မင်းရဲ့သရုပ်မှန်ကို အတည်ပြုနိုင်ဖို့အတွက် လူအများရှေ့မှာ ဓားဂိုဏ်းရဲ့ သိုင်းကွက်တွေကို ထုတ်ဖော်ပြသပေးနိုင်မလား"
မည်သည့်လက်မှတ်မျှ ရေးထိုးထားခြင်းမရှိသလို မည်သူက လာရောက်ထားခဲ့သည်ကိုလည်း မသိနိုင်ပေ။ စုန်ယန်မှာ ခဏမျှ စဉ်းစားခန်း ဝင်သွားသည်။
...
နောက်တစ်နေ့တွင်မူ စုန်ယန်သည် အရိပ်ရုပ်သေးပြာသာဒ်၏ တံခါးကို ဖွင့်လှစ်ပေးခဲ့ရုံမျှသာ ပြုလုပ်ပြီးနောက် သူ၏ဓားကို သယ်ဆောင်ကာ တပည့်များစွာ စုရုံးနေသည့် ချောက်ကမ်းပါး အစွန်းသို့ ထွက်လာခဲ့သည်။
ဤကာလအတွင်း သူ၏ဘဝမှာ အေးချမ်းနေသော်လည်း ရုပ်သေးဂိုဏ်းနှင့် ဝိညာဉ်ကျင့်ကြံသူများသည် အသွင်ယူဝင်ရောက်လာသော မြေခွေးမိစ္ဆာများကို နှိမ်နင်းရန် အလုပ်ရှုပ်နေကြသည်။ ချောက်ကမ်းပါးအပြင်ဘက်တွင် တပည့်အများအပြားသည် စုန်ယန်ကို မြင်သောအခါ အလွန်ပင် ထူးဆန်းအံ့ဩနေကြသည်။
စုန်ယန်က "မြေခွေးမိစ္ဆာကိစ္စနဲ့ ပတ်သက်ပြီး... အခုတော့ ငါစုန်ယန်လည်း အစွမ်းကုန် ပါဝင်ကူညီရမယ့်အချိန် ရောက်ပြီ" ဟု ပြောလိုက်သည်။
စကားဆုံးသည်နှင့် သူသည် မြွေဖြူဓားသိုင်းကို ထုတ်ဖော်လိုက်ရာ ပျံသန်းဓားသည် အိမ်မှထွက်ကာ ဖြူဖွေးသော သက်တံအလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပြေးထွက်သွားတော့သည်။ စုန်ယန်ကိုယ်တိုင်လည်း ထိုအလင်းတန်းအတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားကာ မကြာမီမှာပင် မိုးကုတ်စက်ဝိုင်းအလွန်သို့ ပျောက်ကွယ်သွားသည်။
တပည့်အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်လျက် ကျန်ရစ်ခဲ့ကြသည်။
...
အတော်ကြာပြီးနောက်...
ချိုင့်ဝှမ်းတစ်ခုအတွင်း၌ ဆူညံသံများ ပဲ့တင်ထပ်နေသည်။ ၎င်းမှာ တပည့်အမြောက်အမြားက မြေခွေးမိစ္ဆာကို ဝိုင်းရံတိုက်ခိုက်နေသံပင်။
သို့သော် မြေခွေးမိစ္ဆာမှာ အလွန်ပါးနပ်ပြီး အစွမ်းလည်း ကြီးမားလှသည်။ ဤတစ်ကြိမ်တွင်မူ ရုပ်သေးဂိုဏ်းတပည့်များသည် မြေခွေးတွင်းကို သွားဆွမိပုံရပြီး မြေခွေးမိစ္ဆာ သုံးလေးကောင် တစ်ပြိုင်နက် ထွက်ပေါ်လာသဖြင့် ရုန်းကန်နေကြရသည်။
တပည့်များ ရှုံးနိမ့်တော့မည့်ဆဲဆဲ အခြေအနေတွင် ကောင်းကင်ယံကို ဖြတ်သန်းလာသော ဖြူဖွေးသော သက်တံအလင်းတန်းတစ်ခုကို အာရုံခံမိလိုက်ကြသည်။ ထို့နောက် ထိုအလင်းတန်းသည် အောက်သို့ ထိုးဆင်းလာကာ မြေခွေးမိစ္ဆာတစ်ကောင်၏ ခေါင်းကို အပြတ်အသတ် ပိုင်းဖြတ်ချလိုက်သည်ကို မြင်လိုက်ရသည်။
"ဒါ... ဘယ်လို နက်နဲတဲ့ လက်နက်ကြီးလဲ"
"မဟုတ်ဘူး အဲဒါ လက်နက်မဟုတ်ဘူး... အဲဒါ ဆရာကြီးစုန်ပဲ"
"ဆရာကြီးစုန်လား မဖြစ်နိုင်တာ။ သူက အရေခွံပြုပြင်တဲ့နေရာမှာပဲ ကျွမ်းကျင်တာ မဟုတ်ဘူးလား"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
စုန်ယန်သည် လူအများရှေ့တွင် သက်တံအလင်းတန်းအဖြစ် ပြောင်းလဲကာ အားအနည်းဆုံး မြေခွေးမိစ္ဆာကို ရွေးချယ်၍ လျင်မြန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့သည်။
အရိပ်ရုပ်သေးပြာသာဒ်ပေါ်သို့ အဝေးမှ သက်တံအလင်းတန်းတစ်ခု ကျရောက်လာပြီး ရုတ်တရက် ရပ်တန့်သွားသည်။
ဝတ်ရုံဖြူဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ကောင်းကင်ယံမှ ဆင်းသက်လာသည်။ လူတစ်ယောက်၊ ဓားတစ်လက်... ဓားအလင်းပွင့်များ လှပစွာ ဝေ့ဝဲသွားပြီးနောက် ဓားအိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူသည် မတ်မတ်ရပ်နေပြီး သူ၏မျက်ဝန်းများမှာ လျှပ်စီးအလား ထက်မြက်လှကာ ပတ်ဝန်းကျင်ရှိ အရှိန်အဝါအားလုံးကို သူ၏ကိုယ်ထဲသို့ စုပ်ယူစုစည်းထားသကဲ့သို့ပင်။
...
"ဆရာ..."
ယွဲ့ယန်လော့သည် တံခါးဝတွင် ရပ်နေရင်း အဝေးမှ သက်တံအလင်းတန်း ရောက်လာသည်ကို မြင်၍ ထွက်ကြည့်ရာ ဆင်းသက်လာသူမှာ သူ၏ဆရာဖြစ်နေသဖြင့် ကြောင်အမ်းကာ ရပ်နေမိသည်။
သူ့ဆရာ၏ မျက်လုံးများကို ကြည့်လိုက်သောအခါ အလွန်စူးရှထက်မြက်လှသဖြင့် အလောတကြီး ခေါင်းငုံ့လိုက်ရသည်။ နှလုံးခုန်သံများ မြန်လာပြီး မနေ့က ပြုမူခဲ့သော ရိုင်းစိုင်းမှုများကို ပြန်လည်သတိရကာ ပိုမိုထိတ်လန့်သွားတော့သည်။
သူသည် ရုတ်တရက် ခြေထောက်များ မခိုင်တော့သလို ခံစားရပြီး ပြာသာဒ်ဆောင်အတွင်းသို့ ပြန်ဝင်သွားခဲ့သည်။ ခေါင်းမော့ကြည့်လိုက်ရာ ယွီကျွမ်းလေးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ရေနွေးကြမ်း ပြင်ဆင်နေသည်ကို မြင်သဖြင့် အမြန်ပင် ခေါင်းပြန်ငုံ့ကာ ရိုသေစွာ ပြောလိုက်သည်။
"သခင်မ... ဆရာ... ဆရာ ပြန်ရောက်လာပါပြီ"
ယွီကျွမ်းလေးမှာ အံ့အားသင့်သွားပြီး ခေါင်းငြိမ့်ကာ "အင်း" ဟုသာ တိုးတိုးလေး ပြန်ထူးလိုက်ရှာသည်။
စုန်ယန်သည် အရိပ်ရုပ်သေးပြာသာဒ်အတွင်းသို့ ခန့်ညားစွာ လှမ်းဝင်လာသည်။ သူသည် လောကောခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိပေ။
ဒီနေ့ပြီးရင်တော့... ထူးကဲချီ သန့်စင်ခြင်း သတ္တမအဆင့်ရှိသော ဓားကျင့်ကြံသူ၊ အရေခွံပြုပြင်ခြင်းအတတ်၏ ဆရာကြီးဟူသော အမည်မှာ တစ်ဟုန်ထိုး ပြန့်နှံ့သွားတော့မည် ဖြစ်သည်။ သူ၏ ဓားဂိုဏ်းတပည့် သရုပ်မှန်နှင့် ဤစွမ်းအားတို့အပေါ် ပေးထားသော ရှင်းလင်းချက်မှာလည်း ပြီးပြည့်စုံသော နိဂုံးတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ယနေ့ သူထုတ်ဖော်ပြသခဲ့သော စွမ်းအားမှာ ကြီးမားလှသည်ဟု ထင်ရသော်လည်း အမှန်
စင်စစ်တွင်မူ ၎င်းမှာ ဓားအငွေ့အသက်ကို ခက်ခဲစွာ ပျိုးထောင်ပြီး မြွေဖြူဓားသိုင်းကို ကြိုးစားအားထုတ်ထားသော မည်သည့်တပည့်မဆို လုပ်ဆောင်နိုင်သည့် အလယ်အလတ်အဆင့် ပါရမီမျိုးသာ ဖြစ်သည်။ ဓားကျင့်ကြံသူများမှာ သဘာဝအရပင် တစ်ဦးချင်း ဖျက်ဆီးနိုင်စွမ်း အလွန်မြင့်မားကြသည်။
ဤအချက်အားလုံးသည် သူ၏ အစစ်အမှန် စွမ်းအားကိုမူ မထိတွေ့နိုင်သေးပေ။
စုန်ယန်သည် လက်ကိုမြှောက်ကာ သားရေအရေခွံ နှစ်ချပ်ကို ယူ၍ ဆက်လက်လုပ်ဆောင်
နေသည်။ သူသည် ရံဖန်ရံခါတွင် အရေခွံတစ်ချပ်ကို ဖျက်ဆီးပစ်လေ့ရှိသည်။ ပထမအချက်မှာ သူ၏ အောင်မြင်မှုနှုန်းကို တစ်ရာရာခိုင်နှုန်း မဖြစ်စေရန်ဖြစ်ပြီး ဒုတိယအချက်မှာမူ... ဖျက်ဆီးပြီးသားဟု ဟန်ဆောင်ထားသော အလယ်အလတ်အဆင့် မိစ္ဆာသတ္တဝါ အရိပ်ရုပ်သေးတစ်ခုကို သိုလှောင်လက်စွပ်ထဲသို့ လျှို့ဝှက်ထည့်သွင်းရန် ဖြစ်သည်။
အရိပ်ရုပ်သေးများ များပြားလေ သူ ပိုမိုအစွမ်းထက်လေ ဖြစ်သည်။ သူ၏ ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာအတတ်သည်လည်း ပိုမိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရရှိလာမည်ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း သူသည် အလယ်အလတ်အဆင့် မိစ္ဆာသတ္တဝါ အရိပ်ရုပ်သေးကိုးခုအထိ စုဆောင်းမိခဲ့ပြီ ဖြစ်သည်။ ယနေ့တွင်မူ တစ်ဆယ်ခုမြောက် ရုပ်သေးရုပ်ပင်။
သူသည် အရိပ်ရုပ်သေးများကို ပိုမိုစုဆောင်းထားမည်ဖြစ်ရာ နောင်တစ်ချိန်တွင် အမှန်တကယ် အကြပ်အတည်းတွေ့၍ ထွက်ပြေးရမည့် အခြေအနေမျိုး ကြုံလာပါက သူသည် ထိုပုံသဏ္ဌာန်တစ်ရာကို ဝါးမျိုပြီး အလယ်အလတ်အဆင့် ဝိညာဉ်ပုံသွင်း အရိပ်ရုပ်သေးတစ်ရာကျော်ကို တစ်သားတည်း ပေါင်းစည်းကာ မိစ္ဆာခန္ဓာကို ဖော်ဆောင်လိုက်လျှင် ရှင်သန်နိုင်စွမ်း အနည်းငယ် ပိုမိုမြင့်မားလာမည်ပင်။