ဒါက သာမန် ဓားမ တစ်လက် မဟုတ်ဘူး
Vol. 11 Ch. 101
သောင်းပြောင်းပညာရပ်ဌာန၊ မီးဖိုချောင် အတွင်း၌။
ဝမ်ပေါင်လဲ့သည် သူ၏ လက်ထဲရှိ ဓားမကို လွှဲယမ်းပြီး ပိုးသားပမာ နူးညံ့သည့် တို့ဟူးတုံး တစ်တုံးကို ထွင်းထုနေသည်။
ခဏအကြာ စားပွဲပေါ်တွင် ကြက်ဖြူလေးတစ် ကောင်ပေါ်လာ၏။ အသက်ဝင်လှ၏။
ရှေ့က ကြက်ဖြူလေးကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပျံ့နှံ့လာ၏။
“ ကျွန်တော် လုပ်နိုင်ခဲ့ပြီ... လုပ်နိုင်ခဲ့ပြီ “
သူ၏ အသံကျယ်ကြီးကြောင့် ခြံဝင်းထဲရှိ လူတိုင်း လန့်နိုးသွားကြသည်။
အိပ်ချင်မူးတူး ဖြစ်နေသော ချူဖုန်းသည် သူ၏ ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရင်းနှီးနေသော စက်ရုပ်သံတစ်သံသည် သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
[လက်ခံသူ ကို ဂုဏ်ပြုပါတယ်။ အငယ်ဆုံး တပည့် ပုံဖော်ခြင်းဓားမဆန္ဒကို နားလည်သွားပါတယ်။ လက်ခံသူကို ချက်ပြုတ်ခြင်းတာအို၏ အဓိပ္ပာယ် (၁)မှတ်ချီးမြှင့်ပါတယ်]
‘အင်း’
ချူဖုန်းသည် သူ၏ အိပ်ချင်စိတ်များကို ဖယ်ထုတ်ပစ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်၏။ “ ဖက်တီးလေးက ဒီလောက် မြန်မြန် တိုးတက်လာလိမ့်မယ်လို့ မထင်ထားဘူး။ အခုမှ နှစ်လခွဲပဲ ရှိသေးတာကို “
သူ ကိုယ်လက်သန့်စင်လိုက်ပြီးနောက် တံခါးကို တွန်းဖွင့်ကာ မီးဖိုချောင်ထဲသို့ လျှောက်ဝင်သွားသည်။
ချူဖုန်း ရောက်လာသောအခါ၌ ချင်းချင်းနှင့် အကြီးအကဲပင်းတို့သည် လူကြီးတစ်ယောက်၏ လက်မအရွယ်အစားခန့်သာ ရှိသော ကြက်ဖြူလေးကို သေချာစွာ စစ်ဆေးနေကြသည်ကို တွေ့လိုက်ရ၏။
သူ၏ ဆရာကို မြင်သောအခါ ဝမ်ပေါင်လဲ့သည် ပြုံးရွှင်စွာ လျှောက်လာပြီး ပြောလိုက်သည်။
“ ဆရာ... ကျွန်တော် ထွင်းထုခြင်းနဲ့ လှီးဖြတ်ခြင်း နည်းစနစ်တွေကို ကျွမ်းကျင်သွားပြီ။ ကျွန်တော် အပြင်ထွက်လေ့ကျင့်ဖို့ အရည်အချင်း ပြည့်မီရဲ့လား ဆိုတာ စစ်ဆေးပေးပါလား “
ချူဖုန်း ၎င်းကို သေချာစွာ စစ်ဆေးကြည့်ပြီးနောက် ရေရွတ်လိုက်၏။ “ မဆိုးဘူးပဲ။ အရည်အချင်းပြည့်မီနေပြီ။ အားနည်းချက် တစ်ခုကို ထောက်ပြရမယ် ဆိုရင်တော့ ကြက်ကလေးရဲ့ ဆံပင်ပုံစံက အလယ်ခွဲ မဟုတ်တာရယ် ခြေထောက်တွေကို ပဲငံပြာရည်နဲ့ အမည်းရောင် ဆိုးမထားတာပဲ “
…
ဤနေရာက သုံးယောက်လုံးသည် ချူဖုန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လာကြသည်။
အကြီးအကဲပင်းက မေးလိုက်၏။ “ ဌာနမှူးချူ... ကြက်ကို ဘာလို့ ဒီလောက် ထူးဆန်းတဲ့ ပုံစံမျိုး ဖော်ရမှာလဲ “
ချူဖုန်းသည် ပြုံးကာ ရှင်းပြလိုက်သည်။
“ အကြောင်းရင်းတော့ မရှိပါဘူး။ ကျွန်တော်က အဲဒီလိုမျိုး သဘောကျလို့ပါ “
အကြီးအကဲပင်း “ ... “
ချူဖုန်းသည် ဝမ်ပေါင်လဲ့၏ ပခုံးကို ပုတ်လိုက်၏။
“ ဖက်တီးလေး... ထမင်းစားပြီးရင် ပစ္စည်းတွေ သွားသိမ်းတော့။ ဒီည ငါတို့ ထွက်ကြမယ် “
“ ဟင် “
သူ၏ ဆရာက တောင်အောက်ဆင်းခိုင်းရန် ဤမျှ လောနေလိမ့်မည်ဟု ဝမ်ပေါင်လဲ့ မမျှော်လင့်ထားခဲ့ပေ။
“ ဘာဖြစ်လို့လဲ။ မင်း ပိုမသန်မာလာချင်ဘူးလား။ မင်းရဲ့ တစ်ဘဝလုံး အမည်မသိ စာဖိုမှူးလေး တစ်ယောက်အဖြစ်ပဲ ကုန်ဆုံးဖို့ စီစဉ်ထားတာလား “
ချူဖုန်းက ထပ်မံ ဖိအားပေးလိုက်သည်။
ဝမ်ပေါင်လဲ့ အနည်းငယ် စိတ်ပျက်သွားသော်လည်း ခေါင်းညိတ်လိုက်ပါ၏။ “ ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် အခုပဲ ပစ္စည်းသွားသိမ်းလိုက်ပါ့မယ် “
ထိုသို့ပြောပြီးနောက် ဓားမကို ချထားခဲ့ကာ မီးဖိုချောင် တံခါးဆီသို့ ဦးတည်သွားသည်။
“ နေဦး “
ချူဖုန်းသည် သူ့ကို လှမ်းခေါ်လိုက်၏။
ဝမ်ပေါင်လဲ့ ပြုံးရွှင်ဖြင့် လှည့်ကြည့်လာသည်။ “ ဆရာ... တစ်ခုခု လိုလို့လား “
ချူဖုန်းက ဓားမကို သူ့အား လှမ်းပေးလိုက်၏။ “ မင်း ဘာလို့ လက်နက်ကို မယူသွားတာလဲ “
“ အာ... “
ဝမ်ပေါင်လဲ့သည် ဓားမကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေသည်။
ချူဖုန်းက မေးလိုက်၏။ “ ဘာလဲ... ဒီဓားမက သိပ်မကောင်းဘူးလို့ မင်း ထင်နေတာလား “
ဝမ်ပေါင်လဲ့ ခေါင်းယမ်းလိုက်ပါသည်။ “ မဟုတ်ပါဘူး၊ တခြားသူတွေက ခရီးသွားတဲ့အခါ ဓားတွေ၊ လှံတွေ ကိုင်သွားတတ်ကြတာလေ။ ဒါကြီးကို သယ်သွားရမှာကတော့ တစ်မျိုးကြီးပဲ... ရယ်စရာ ကောင်းနေသလိုပဲ “
သူသည် ချက်ပြုတ်ခြင်းတာအိုကို လျှောက်လှမ်းသော်သော်ငြား သူတော်စင် တစ်ပါး ဖြစ်လာရန် အိပ်မက်မက်နေဆဲ ဖြစ်၏။
ဓားမတစ်လက်ကို ကိုင်ဆောင်ပြီး လျှောက်သွားနေခြင်းက လူရွှင်တော် တစ်ယောက်နှင့် အဘယ်သို့ ကွာခြားတော့မည်နည်း။
ချင်းချင်းနှင့် အကြီးအကဲပင်းတို့ တိတ်ဆိတ်နေကြသော်လည်း ချူဖုန်းကို သိချင်စွာ ကြည့်လိုက်ကြသည်။
ချူဖုန်းက လေးနက်စွာ ရှင်းပြသည်။ “ မင်းက ပစ္စည်းကောင်းကို တကယ် မကြည့်တတ်တာပဲ... “
“ ဒါက သာမန် ဓားမတစ်လက် မဟုတ်ဘူး။ အရင်ကသူတော်စင်တစ်ပိုင်အဆင့် အသုံးပြုခဲ့တဲ့ ဓားမပဲ။ အသိဉာဏ် မပွင့်သေးပေမဲ့ နှစ်တစ်ထောင်နီးပါး သံချေးမတက်ဘဲ ရှိနေခဲ့တာကွ၊ တော်ရုံ လက်နက်တွေထက်ကို ပိုပြီး အစွမ်းထက်တယ် “
“ တကယ်လို့ မင်းသာ သူ့ရဲ့ စိတ်ဝိညာဉ်ကို နှိုးဆွပေးနိုင်ရင် မင်းကိုယ်တိုင် သူတော်စင်တစ်ပိုင်း အဆင့်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး “
၎င်းကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများသည် အရောင်လက်သွား၏။ သူ ဓားမကို အလွန် ဂရုတစိုက် လှမ်းယူလိုက်ပြီး လက်ကိုင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“ အစ်ကို ဓားမကြီး... ကျွန်တော် အရင်က မသိနားမလည်လို့ပါ။ ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော့်ရဲ့ ဒုတိယ အသက်ပါပဲ “
ထို့နောက် မီးဖိုချောင်ထဲရှိ အခြား သုံးဦးက သူ့ကို ထူးဆန်းစွာ ကြည့်နေကြသည်ကို သတိပြုမိသွား၏။
သူ ကသိကအောက်နိုင်စွာ ရယ်မောလိုက်သည်။ “ ဟီးဟီး... ဆရာ၊ ကျွန်တော် အခုပဲ ပစ္စည်းသွားသိမ်းလိုက်ပါ့မယ် “
ဝမ်ပေါင်လဲ့၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် အကြီးအကဲပင်းက မေးလိုက်၏။ “ ဌာနမှူးချူ... အဲဒီဓားမက တကယ်ပဲ သူတော်စင်တစ်ပိုင်း ပိုင်ဆိုင်ခဲ့တာလား “
ချူဖုန်းသည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ်။ ဌာနမှူးဟောင်းက ကျွန်တော့်ကို အဲဒီအတိုင်းပဲ ပြောခဲ့တာ “
၎င်းကို ကြားပြီးနောက် အကြီးအကဲပင်း၏ မျက်လုံးများထဲတွင် အံ့ဩမှင်တက်သွားသည့် အရိပ်အယောင်တစ်ခု လက်ခနဲ ပေါ်လာ၏။
‘ဌာနမှူးချူက သူရဲ့ ကိုယ်ပိုင် တပည့်ကို သူ့ဆရာ ပြောခဲ့တဲ့စကားတွေနဲ့ လှည့်စားနေတာလား။ သူ့တပည့် အပြင်မှာ ပြဿနာ တက်မှာ မကြောက်ဘူးလား’
“ ဆရာ... ဂျူနီယာမောင်လေးက တာအိုတည်ဆောက်ခြင်း တတိယအဆင့် မှာပဲ ရှိသေးတာလေ။ သူ ဓားမ တစ်လက်တည်းနဲ့ ထွက်သွားတာ အဆင်ပြေပါ့မလား”
ချင်းချင်းက သူ့ကို ကြင်နာစွာ သတိပေးလိုက်သည်။
ချူဖုန်း ပြုံးလိုက်၏။ “ မင်းလို ကောင်မလေးတောင် အဲဒါကို တွေးမိသေးတာပဲ။ ငါ ဘယ်လိုလုပ် မတွေးမိဘဲ နေပါ့မလဲ။ သူ့ကို ကာကွယ်ပေးလို့ရမဲ့ ပစ္စည်းတစ်ခု ပြင်ဆင်လို့ရအောင် ဒီညမှ ထွက်ဖို့ ငါ ပြောလိုက်တာ “
ထိုအခါမှသာ အမျိုးသမီး နှစ်ဦး၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအရာများ ပေါ်လာတော့သည်။
…
…
ညနေခင်း အချိန်သို့ရောက်သောအခါ။
ချူဖုန်းသည် ဝမ်ပေါင်လဲ့ကို သူ၏ တပည့် နှစ်ယောက်နှင့်အတူ လိုက်ပို့ပေးခဲ့သည်။
ချင်းချင်းသည် သူမ၏ သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံး အပုံလိုက်ကို ထုတ်ယူလိုက်၏။
“ ဂျူနီယာမောင်လေး... အစ်မမှာ နင့်ကို ပေးစရာ အများကြီး မရှိဘူး။ တောင်အောက် ရောက်သွားရင် အရာရာတိုင်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုအပ်လိမ့်မယ်။ ဒါတွေကို နင်နဲ့အတူ ယူထားလိုက်ပါ “
“ ကျေးဇူးတင်ပါတယ် စီနီယာအစ်မ “
ဝမ်ပေါင်လဲ့ စိတ်ဝိညာဉ်ကျောက်တုံးများကို ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်ပြီး သူ့ဆရာ ပေးထားသော သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
“ ဂျူနီယာညီလေး... မင်း ဘယ်လောက် စားနိုင်လဲ ဆိုတာကို ငါ သိတယ်။ ဒီ အစာခံဆေးလုံး ဆယ်ပုလင်းကို ယူသွားလိုက်။ တကယ်လို့ အရမ်း ဗိုက်ဆာလာရင် သောက်လိုက်ပေါ့ “
ချောင်ရို့ချန် ဆေးပုလင်းများကို ဝမ်ပေါင်လဲ့ထံ ကမ်းပေးလိုက်၏။
“ ဒုတိယ စီနီယာအစ်ကို... အစ်ကိုက အကောင်းဆုံးပဲ”
ဝမ်ပေါင်လဲ့ စိတ်လှုပ်ရှားသွားပြီး မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားသည်။
ထို့နောက် ချူဖုန်းသည် သူ၏ ခါးမှ ကျောက်စိမ်းဆွဲကြိုး တစ်ခုကို ဖြုတ်ယူကာ ကမ်းပေးလိုက်၏။
“ ဒီကျောက်စိမ်းဆွဲကြိုးထဲမှာ ငါ့ရဲ့ ဓားချီ သုံးခု ပါတယ်။ မင်း အသက်အန္တရာယ်နဲ့ ကြုံတွေ့လာရင် နတ်ဘုရားအာရုံကို သုံးပြီး အသက်သွင်းလို့ရတယ်။ ဓားချီက မင်းကို ကာကွယ်ပေးလိမ့်မယ် “
ဝမ်ပေါင်လဲ့ ကျောက်စိမ်းဆွဲကြိုးကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ “ ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာက ကျွန်တော့်ကို အဂရုစိုက်ဆုံးပဲ”
ချောင်ရို့ချန်သည် ဝမ်ပေါင်လဲ့၏ လက်ထဲရှိ ကျောက်စိမ်းဆွဲကြိုးကို ကြည့်ရင်း ထူးထူးဆန်းဆန်း ရင်းနှီးနေသလို ခံစားနေရသည်။
ချူဖုန်းက သူ၏ စူးစမ်းလိုသော အကြည့်ကို သတိပြုမိသွားသည်။ “ စိုက်ကြည့်မနေနဲ့တော့။ အဲဒီကျောက်စိမ်းဆွဲကြိုးက မင်း ငါ့ကို လောင်ကြေးရှုံးထားတဲ့ ဟာပဲလေ “
“ဒါကြောင့် ရင်းနှီးနေသလိုခံစားရတာကို “ ချောင်ရို့ချန် တီးတိုး ရေရွတ်လိုက်သည်။ သူ၏မျက်နှာအမူအရာက အတိတ်ကဖြစ်ရပ်များကိုတွေးရင်း ရှက်ကိုးရှက်ကန်းဖြစ်လာသည်။
သူ၏ ဆရာနှင့် ဒုတိယ စီနီယာအစ်ကိုတို့၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့ ကြောင်အသွားသည်။
‘သူ့ရဲ့ ဒုတိယ စီနီယာအစ်ကိုက ဆရာနဲ့ လောင်းကြေးထပ်ရဲတယ်ပေါ့’
သို့သော် နောက်ဆုံးတွင် သူ ထိုမေးခွန်းကို ထုတ်မမေးရန်သာ ရွေးချယ်လိုက်ပြီး ချူဖုန်းကို ဦးညွှတ်လိုက်၏။
“ ဆရာ... ဒီတပည့် တောင်အောက်ဆင်းပါတော့မယ် “
“ သွားတော့။ မှတ်ထား... မင်း ကျင့်ကြံဖို့ အချိန် ခြောက်လပဲ ရမယ်။ အထွေအထူး တစ်ခုခု မဖြစ်ဘူးဆိုရင် အပြင်စည်း ပြိုင်ပွဲမစခင် အချိန်မီ ပြန်လာရမယ် “
ချူဖုန်းက သူ့ကို ညွှန်ကြားချက်များ ပေးလိုက်သည်။
ဝမ်ပေါင်လဲ့ ခေါင်းညိတ်လိုက်၏။ “ ဆရာ့စကားတွေကို မှတ်သားထားပါ့မယ် “
ထိုသို့ပြောပြီးနောက် တောင်အောက်သို့ ဖြည်းညှင်းစွာ ဆင်းသွားတော့သည်။ ဝင်စပြပြုနေသော နေလုံးကြီးက သူ၏ ပုံရိပ်ကို ရွှေရောင် အလင်းတန်းများဖြင့် မှုန်းခြယ်ထားပြီး သူ၏ အနောက်တွင် ရှည်လျားသော အရိပ်ကြီးတစ်ခုကို ထင်ဟပ်စေလျက် နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွား၏။
ဝှစ်...
ဂျူနီယာညီလေး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ချောင်ရို့ချန်သည် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ချူဖုန်းဘက်သို့ လှည့်လိုက်၏။ “ ဆရာ... အခုတော့ ရိက္ခာပြန်ဖြည့်ဖို့ ကျွန်တော်တို့ တောင်အောက်ကို ခဏခဏဆင်းနေစရာ မလိုတော့ဘူးပေါ့ “
“ မင်းပြောတာ မှန်တယ်။ အဲဒီ ဖက်တီးလေးက အရမ်းကို စားလွန်းတယ်။ ပြီးတော့ သူက တာအိုတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိသေးတာကို၊ နောက်ပိုင်းကျရင် သူ့ကို ဘယ်သူကများ ကျွေးထားနိုင်မှာလဲ “
ချူဖုန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော ချင်းချင်းပင်လျှင် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ “ ဂျူနီယာမောင်လေးရဲ့ ထောင်ထျဲ ခန္ဓာကိုယ်က နာမည်နဲ့ တကယ်ကို လိုက်ဖက်တာပဲ။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကလည်း ရယ်စရာကောင်းလောက်အောင် မြန်လွန်းတယ် “
ချောင်ရို့ချန်က ပြောလိုက်၏။ “ ဂျူနီယာညီမလေး... နင်သာ နေ့တိုင်း အဲဒီလောက် အများကြီး စားပြီး အကုန်လုံးကို သန့်စင်နိုင်မယ်ဆိုရင် ကျင့်ကြံနှုန်း မြန်လာမှာပါ “
ချင်းချင်း ခေါင်းယမ်းလိုက်သည်။ “ မပြောပါနဲ့တော့ရှင်။ ကျွန်မ မဝချင်ဘူး “
၎င်းကို ကြားလိုက်ရသောအခါ ချူဖုန်း ရယ်မောလိုက်မိ၏။ တကယ်ကိုပဲ ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် မိန်းကလေးတွေ အားလုံးက လှချင်ကြတာချည်းပါပဲလား။
“ ကောင်းပြီ... သွားကြစို့။ မင်းတို့ နှစ်ယောက်လည်း ကိုယ့်ဘာသာ ပြန်ကျင့်ကြံတော့။ တကယ်လို့ ဂျူနီယာညီလေးက မင်းတို့ကို အမီလိုက်နိုင်သွားရင် အရှက်ကွဲမယ်နော်...”
၎င်းကို ကြားလိုက်ရသည့် အခိုက် သူတို့နှစ်ဦး၏ မျက်နှာပေါ်၌ စိတ်အားထက်သန်မှုများ ပေါ်လာပြီး တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။ “ ဆရာ... ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ် “