လုယက်တာကို ဒီလောက် တရားနည်းလမ်းကျသလို ပြောတတ်တဲ့သူမျိုး ပထမဆုံးအကြိမ် မြင်ဖူးတာပဲ
Vol. 11 Ch. 102
ယန်မန်ရွှံ့နွံတော အတွင်း၌
ကျောတွင် ဓားမကြီး တစ်လက်ကို လွယ်ထားရင်း ဖက်တီးလေးသည် အရှိန်အပြည့်ဖြင့် ပြေးလွှားနေသည်။
သူ သွားသည့်နေရာတိုင်းတွင် လူအများ၏ အာရုံစိုက်မှုကို ရရှိနေပြီး ရံဖန်ရံခါ ရယ်မောသံများ ထွက်ပေါ်လာတတ်၏။
ထို ဖက်တီးလေးမှာ အခြားသူမဟုတ် ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။ သူ ဝမ်တောက်ကျောင်းတော်မှ ထွက်ခွာလာချိန်တွင် အပြင်စည်း တပည့် ဝတ်စုံကို ဝတ်မလာခဲ့ပေ။
သာမန် အဝတ်အစားကို ဝတ်ဆင်ထားပြီး ဓားမကြီးကို လွယ်ထားသဖြင့် ယန်မန်ရွှံ့နွံတော အတွင်းရှိ ကျင့်ကြံသူ လူအုပ်ကြီးကြားတွင် ထင်ရှားနေတော့သည်။
ဝမ်ပေါင်လဲ့က သူ့ပတ်ဝန်းကျင်ရှိ ရယ်မောသံများကို လုံးဝ ဂရုမစိုက်ပေ။ ရွှံ့နွံတော အတွင်းသို့ ဝင်ရောက်လိုက်သည့် အခိုက် သူသည် အရသာရှိသော မိစ္ဆာသားရဲများကို စတင် ရှာဖွေတော့၏။
မရောက်လာမီကပင် သူ၏ ဒုတိယ စီနီယာအစ်ကိုဆီမှ ယန်မန်ရွှံ့နွံတော၏ မြေပုံတစ်ခုကို တောင်းခံထားခဲ့သည်။
ဒုတိယစီနီယာအစ်ကိုက တာအိုတည်ဆောက်ခြင်းအဆင့်နှင့် စစ်မှန်ကံကြမ္မာအဆင့် သားရဲများ ကျက်စားရာ ဒေသများကို သေသေချာချာ မှတ်သားပေးထားခဲ့၏။
မည်သည့် သားရဲများက အထူးခြားဆုံးနှင့် အရသာ အရှိဆုံး ဖြစ်ကြောင်းကိုလည်း သူ့အား ပြောပြထားသည်။
သူ၏ လက်ရှိ ပစ်မှတ်မှာ ယန်မန်ရွှံ့နွံတော အတွင်းရှိ လေဝိညာဉ် သမင် များ ဖြစ်သည်။
ထိုသမင်များသည် အများအားဖြင့် တာအိုတည်ဆောက်ခြင်းအဆင့် သို့မဟုတ် စစ်မှန်ကံကြမ္မာအဆင့်တွင် ရှိတတ်ကြ၏။ သမင်ဘုရင် တစ်ကောင် ရှိနိုင်သော်လည်း ၎င်းကပင် ကောင်းကင်ဇာစ်မြစ်တစ်ဝက်အဆင့် ၌သာ ရှိသည်။
သမင်ဘုရင်ကို သွားရောက် ရန်မစသရွေ့ သူပြဿနာ အကြီးအကျယ် တက်မည် မဟုတ်ပေ။
လေဝိညာဉ်သမင်များသည် ပုံမှန်အားဖြင့် ယန်မန် ရွှံ့နွံတော အတွင်းရှိ ရေခဲအိုင်လေး အနီးတွင် နေထိုင်တတ်ကြသည်။
ရေခဲကန်၏ ရေကို နှစ်ပေါင်းများစွာ သောက်သုံးခဲ့၍ သူတို့၏ အသားသည် အထူးတလှယ် နူးညံ့လှပြီး အရသာရှိကာ အဆင့်တူ အခြား သားရဲများထက် ပိုမို ကောင်းမွန်လှ၏။
သို့သော် လေဝိညာဉ်သမင်တစ်ကောင်ကို အမဲလိုက်ရန်မှာ မလွယ်ကူချေ။ တာအိုတည်ဆောက်ခြင်းအဆင့် ရှိသော သမင်များပင်လျှင် စစ်မှန်ကံကြမ္မာအဆင့် သားရဲများအလား အပြေးအမြန်ကြသည်။
သူတို့တွင် မွေးရာပါ လေနှင်း အံ့ဖွယ်စွမ်းရည်ကို တတ်မြောက်ထားပြီး သူတို့၏ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းက အမြင့်ဆုံး အဆင့်တွင် ရှိသည်။
ဝမ်ပေါင်လဲ့ ကံကောင်းခဲ့၏။ သူ ရေခဲအိုင် အနီးသို့ ရောက်သွားသောအခါ ရေသောက်နေသော လေဝိညာဉ်သမင်အုပ် တစ်အုပ်ကို တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။
ရေသောက်နေချိန်တွင်ပင် သမင်များသည် အလွန် သတိကြီးကြပြီး သူတို့ထဲမှ အကောင်အချို့က ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြ၏။
သူတို့ကို အနောက်မှနေ၍ ချုံခိုတိုက်ခိုက်ရန် ကြိုးစားခြင်းက လွယ်ကူမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့တွင် အမဲလိုက်သည့် အတွေ့အကြုံ မရှိသော်လည်း မဆင်မခြင် ဝင်တိုက်ခြင်းက အကြံကောင်း မဟုတ်ကြောင်းကိုတော့ သိထားပါသည်။
သူ သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းအောင်းလိုက်ပြီး ပစ်မှတ်ကို ဂရုတစိုက် ရွေးချယ်လိုက်၏။
လက်ဖက်ရည် တစ်ခွက်စာ ဖျော်၍ မပြီးနိုင်သည့် အချိန်လောက်မှာပင် ဝမ်ပေါင်လဲ့သည် ခြေထောက် ဒဏ်ရာရနေသော လေဝိညာဉ် သမင် တစ်ကောင်ကို ပစ်မှတ်ထားလိုက်သည်။
ထုတ်လွှတ်နေသော အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ထိုသမင်သည် တာအိုတည်ဆောက်ခြင်း နောက်ဆုံးအဆင့်တွင် ရှိနေကြောင်း သိနိုင်ပါ၏။
သူ၏ လက်ရှိ စွမ်းရည်ဖြင့် အဝေးမှနေ၍ သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သေးချေ။
‘သူ ဘယ်နေရာကနေ စတိုက်ခိုက်သင့်လဲ’
ဝမ်ပေါင်လဲ့ ဤအကြောင်းကို စဉ်းစားနေစဉ်မှာပင် လေထုကို ဖြတ်သန်းလာသည့် စူးရှရှအသံတစ်သံ ထွက်ပေါ်လာသည်။
သစ်တော၏ ဘယ်ဘက်ခြမ်းမှ မြားတစ်စင်းသည် လျှပ်စီးပမာ အလျင်အမြန် ထွက်ပေါ်လာပြီး လေဝိညာဉ်သမင်တစ်ကောင်၏ ခေါင်းကို တည့်မတ်စွာ ထိသွားတော့၏။
အနားက သမင်များသည် အန္တရာယ်ကို အာရုံခံမိသွားပြီး လန့်ဖြန့်ပြေးကြရာ ဝမ်ပေါင်လဲ့ဘက်သို့ ရောက်လာကြသည်။
ဝမ်ပေါင်လဲ့ ဝမ်းသာသွားပြီး ရင်ထဲ၌ အောင်ပွဲခံလိုက်၏။ ‘ ဒီနေ့ ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ ’
သူ၏ ကျောဘက်မှ ဓားမကို ဆွဲထုတ်လိုက်၏။ သမင်များ သူ့ဘေးက ဖြတ်သွားစဉ် ဓားရောင်မှာ လက်ခနဲ ဖြစ်သွားကာ လေဝိညာဉ်သမင် နှစ်ကောင် လဲကျသွားတော့သည်။
သမင်အုပ်က တစ်စုံတစ်ယောက် ပုန်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး အုပ်စုကွဲသွား၏။ ထို့နောက် သစ်တောထဲသို့ ထွက်ပြေးသွားကြသည်။
ဝမ်ပေါင်လဲ့ ဆက်မလိုက်တော့ပေ။ သမင်အုပ်ကြီး သစ်ပင်များကြား ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းနေပြီးနောက် ရှေ့သို့ တက်သွားကာ သူသတ်ထားသော သမင် နှစ်ကောင်ကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။
“ အဲဒီမှာ ရပ်လိုက်စမ်း “
သစ်တောအနောက်ဘက်မှ ဟိန်းထွက်လာသော အသံတစ်သံက ထွက်ခွာတော့မည့် ဝမ်ပေါင်လဲ့ကို ရပ်တန့်သွားစေသည်။
ကျောတွင် လေးတစ်လက် လွယ်ထားသောသက်လတ်ပိုင်း အမျိုးသား တစ်ဦး သစ်တောထဲမှ ထွက်လာ၏။
သူသည် ဝမ်ပေါင်လဲ့ကို ဂရုတစိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။” ကောင်လေး... မင်း စည်းကမ်းတွေကို မသိဘူးလား “
ဝမ်ပေါင်လဲ့ မှင်တက်သွားပြီးနောက် ပြန်မေးလိုက်၏။ “ ဘာစည်းကမ်းတွေလဲ “
စကားပြောနေစဉ် သူ၏ ဒုတိယ စီနီယာအစ်ကို ပြောပြခဲ့ဖူးသော တောတွင်းစည်းမျဉ်းများကို စိတ်ထဲတွင် အလျင်အမြန် စဉ်းစားနေလိုက်သည်။
သူ ချက်ချင်း သဘောပေါက်သွားသည်။
‘ ဒီလူက သူ့ကို လုယက်ချင်နေတာပဲ ‘
ကြွက်သားတောင့်တင်းသည့် အမျိုးသားက ပြောသည်။ “ ငါတို့အဖွဲ့ အဲဒီ လေဝိညာဉ်သမင်အုပ်ကို ပစ်မှတ်ထား နေတာကြာပြီ။ မင်းဘ်ိုးဘ်ိုးငါ မြားကို အရင် ပစ်လိုက်လို့ မင်းဘက်ကို ပြေးလာတာ “
“ သားကောင်ကို ငါတို့အဖွဲ့ဆီ အရင် ပေးရမယ်။ ပြီးမှ ပုံမှန် စည်းကမ်းတွေအတိုင်း ခွဲဝေယူကြတာပေါ့ “
သူ့စကားကြောင့် ဝမ်ပေါင်လဲ့ မရယ်ဘဲ မနေနိုင်တော့ချေ။ သူက ပြုံးလျက် ပြောလိုက်၏။ “ လုယက်တာကို ဒီလောက် တရားနည်းလမ်းကျသလို ပြောတတ်တဲ့သူမျိုး ပထမဆုံးအကြိမ် မြင်ဖူးတာပဲ “
“ ခင်ဗျား ပြောသလိုဆိုရင် ဒီ လေဝိညာဉ်သမင်တွေကို အရင်ဆုံး မြင်ခဲ့တာက ကျွန်တော်ပဲ။ ခင်ဗျားသာ မြားနဲ့လှမ်းပစ်ပြီး မခြောက်လှန့်မိဘူးဆိုရင် အကုန်လုံးကို ကျွန်တော့်ဘာသာ သတ်ပစ်နိုင်တယ်။ ခင်ဗျား ကျွန်တော့်ကို သမင် ဆယ်ကောင် အကြွေးတင်သွားပြီလို့ မထင်ဘူးလား “
သတ်လတ်ပိုင်း အမျိုးသား၏အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ “ ဒါဆို မင်းက ငါ့ကို မျက်နှာမသာပေးဘူးလား။ အဲဒီလိုဆိုမှတော့ မင်းရော သမင်ကိုပါ အကုန် ယူလိုက်မယ် “
သူ ပြောရင်းဆိုရင်း ခါးမှ ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။
ဝမ်ပေါင်လဲ့သည် ကြောက်ရွံ့နေပုံ လုံးဝ မရပေ။ တကယ်တော့ ပို၍ပင် စိတ်လှုပ်ရှားနေသည်။ သူ ယန်မန်ရွှံ့နွံတောသို့ ရောက်လာသည်မှာ နှစ်ရက်သာ ရှိသေး၏။ ဓားပြများနှင့် ဆုံရမည်ဟု မမျှော်လင့်ထားခဲ့ချေ။ နောက်ဆုံးတော့ သူ၏ ဓားကျမ်းကို စမ်းသပ်နိုင်တော့မည် ဖြစ်သည်။
သို့ပေမည့် သူ ပထမဆုံး မလှုပ်ရှားသေးပေ။ ယင်းအစား တည်ငြိမ်စွာ ပြောလိုက်၏။ “ ခင်ဗျားရဲ့ အဖွဲ့သားတွေကိုပါ တစ်ခါတည်း ခေါ်လိုက်။ နောက်မှ ကျုပ် သူတို့ကို အချိန်ကုန်ခံပြီး လိုက်မရှာချင်ဘူး “
သူ ထိုစကားကို ပြောပြီးသည်နှင့် အနီးနားရှိ သစ်တောထဲမှ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
“ မောက်မာလှချည်လား ကောင်စုတ်လေး။ ငါတို့ သွေးအေး သိန်းငှက် ခုနစ်ကောင် ကို မင်း တစ်ယောက်တည်းနဲ့ စိန်ခေါ်နိုင်မယ်လို့ ထင်နေတာလား “
ထိုအသံ ထွက်လာသည်နှင့် သစ်တောထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
သူတို့သည် အရပ်မျက်နှာ အသီးသီးမှ ထွက်လာကြသော်လည်း အားလုံး ပေါင်းလိုက်သောအခါ ဝမ်ပေါင်လဲ့၏ လွတ်လမ်းများကို ပိတ်ဆို့သွားစေသည်။
သူတို့အထဲမှ အစိမ်းရောင်ဆံပင်ဖြင့် လူငယ်တစ်ယောက်က သရော်လိုက်၏။ “ တတိယအစ်ကို... ဒီကောင်လေးကို ကြည့်ကြည့်။ သူက အထူးအပါးနားမလည်တဲ့ တောသားလေးပါဗျာ။ သူ့ကို ကျွန်တော်တို့ နာမည် ပြောပြရင်တောင် သိမှာ မဟုတ်ဘူး “
“ ဒါပေမဲ့ ဒီနေ့တော့ သူ့ကို ကျေးဇူးတင်ရမယ်။ တကယ်လို့ သူ့ရဲ့ ဓားခုတ်ချက်က သမင်အုပ်ကို ဝရုန်းသုန်းကား ဖြစ်အောင်မလုပ်မိဘူးဆိုရင် လေဝိညာဉ်သမင်တွေကို အရှင်ဖမ်းမိဖို့ အများကြီး ပိုခက်ခဲသွားလိမ့်မယ် “
ထိုစကားကို ကြားသောအခါ ဝမ်ပေါင်လဲ့သည် စောစောက သူ့ကို တားဆီးခဲ့သော အမျိုးသားကို မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။ “ ခင်ဗျား ကြားတယ်မလား။ ကျုပ်သာ မရှိရင် ခင်ဗျားတို့ ဒီလောက် အများကြီး ရမှာ မဟုတ်ဘူး။ ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ သမင်တွေကို မြန်မြန်ခွဲ ပေးလိုက်စမ်းပါ “
ပတ်ဝန်းကျင်ရှိ အပူချိန်သည် ထိုးကျသွားတော့၏။
သွေးအေး သိန်းငှက် ခုနစ်ကောင်သည် ယန်မန်ရွှံ့နွံတောကို နှစ်ပေါင်းများစွာ ကြာအောင် ကြီးစိုးလာခဲ့သော်လည်း ဤမျှ အကြောက်အရွံ့ကင်းသည့် ငတုံးတစ်ကောင်နှင့် တစ်ခါမျှ မဆုံဖူးချေ။ သူတို့၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ဒေါသအရောင်လက်လာသည်။
ဝမ်ပေါင်လဲ့သည် လူများကို အကဲခတ်ရာတွင် အတော်လေး ကျွမ်းကျင်သည်။ သူတို့၏ သွေးဆာနေမှုကို အာရုံခံမိလိုက်သည့်အခိုက် သူ၏ လက်ထဲရှိ ဓားမကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
တောင့်တင်းသည့် အမျိုးသားက အခြားသူများကို အော်ဟစ်လိုက်သည်။ “ ပြေးပေါက်တွေ အားလုံးကို ပိတ်ထားလိုက်။ သူ့ကို အလွတ်မပေးနဲ့။ ငါ ကိုယ်တိုင် သူ့ကို သတ်မယ် “
ဝမ်ပေါင်လဲ့ ပြုံးဖြီးဖြီး လုပ်လိုက်၏။ “ သိပ်မကောင်းဘူးနော်။ ခင်ဗျားတို့ ကျုပ်ကို ဆက်ဆံသလိုပဲ ကျုပ် ပြန်ဆက်ဆံလိုက်တာလေ။ ဒါကို ခင်ဗျားတို့က ဒေါသထွက်နေကြပြီလား “
“ သေစမ်း “
ဒေါသတကြီး အော်သံနှင့်အတူ ထိုအမျိုးသားသည် ဝမ်ပေါင်လဲ့ကို သူ၏ ဓားဖြင့် ပိုင်းချလိုက်သည်။
ကလန်။
ဓားစွမ်းအင် လှိုင်းတစ်ခုက ဝမ်ပေါင်လဲ့၏ သေကွင်းသေကွက်များဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာ၏။
သို့သော် နောက်တစ်စက္ကန့်တွင် အမျိုးသား၏ အမူအရာမှာ အေးခဲသွားတော့သည်။ ဖက်တီးလေးက သူ၏ ဓားမကို အသာအယာ မြှောက်လိုက်ပြီး တိုက်ခိုက်မှု တစ်ခုလုံးကို ချေဖျက်ပစ်လိုက်၏။
“ နှေးလွန်းတယ် “
ဝမ်ပေါင်လဲ့သည် ထိုစကားကို ရေရွတ်လိုက်ပြီး သူ၏ ဓားမကို လွှဲယမ်းလိုက်၏။
ချွင်...
လေထုထဲတွင် သတ္တုရောင် လက်ခနဲ ဖြစ်သွားသည်။ အမျိုးသားမှာ သူ၏အမြင်အာရုံ ပြာနှမ်းသွားသလို ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် သူ၏ ရင်ဘတ်၌ ပြင်းထန်သည့် နာကျင်မှုတစ်ခု ထွက်ပေါ်လာတော့၏။
သူ အောက်ငုံ့ကြည့်လိုက်သည့်အခါ နှလုံးဆီမှ သွေးများ ရေပန်းပမာ ပန်းထွက်နေသည်ကို တွေ့လိုက်ရလေသည်။