ကျွန်တော် စိတ်ဝိညာဉ်ကျောက်တုံးတွေကို မကြိုက်ဘူး
Vol. 11 Ch. 103
“ မြန်လိုက်တဲ့ ဓား...ဓားသွား “
သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ထွက်ပေါ်လာသည်။ သူ၏အမြင်အာရုံ ပြာနှမ်းသွားသည်ဟုသာ ခံစားလိုက်ရပြီး ချက်ချင်းပင် သတိလစ်သွားကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။
တိတ်ဆိတ်သွားသည်။
ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဝမ်ပေါင်လဲ့သည် တာအိုတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဤမျှ လွယ်လွယ်ကူကူ အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ တီးတိုးရေရွတ်လိုက်သည် “ ခင်ဗျားကို ပိုသန်မာမယ်လို့ ထင်ထားခဲ့တာ။ ဒီလောက်လေးနဲ့များ လူတွေကို ဓားပြတိုက်ရဲတယ်ပေါ့ “
သူက ကျယ်ကျယ်လောင်လောင် မပြောခဲ့သော်လည်း တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
အစိမ်းရောင် ဆံပင်နှင့် လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ အားလုံးပဲ တိုက်ကြ။ ဒီကောင်စုတ်လေးကို သတ်ပြီး တတိယအစ်ကိုအတွက် ကလဲ့စားချေမယ် “
ကျန်ရှိနေသော သိန်းငှက် ငါးကောင် သည် သူတို့၏ လက်နက်များကို ချက်ချင်း ဆွဲထုတ်ကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်လာကြသည်။
“ လာခဲ့ကြစမ်း “
ဝမ်ပေါင်လဲ့သည် ယုံကြည်မှု အပြည့်ဖြင့် သူ၏ ဓားမကို ဝှေ့ယမ်းကာ ထိုလူစုဆီသို့ ပြေးဝင်သွားသည်။
မျက်စိတစ်မှိတ်အတွင်း ရေခဲအိုင်၏ ကမ်းစပ်တစ်ဝိုက်တွင် ဓားမနှင့် ဓားရှည် ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။
လက်နက်များ ရိုက်ခတ်ရာ နေရာတိုင်းတွင် ပျက်စီးယိုယွင်းမှုများ နောက်မှ လိုက်ပါလာသည်။
ပေါက်ကွဲသံများကြောင့် အနီးနားရှိ သားရဲများနှင့် ငှက်များမှာ လန့်ဖြန့်သွားကြပြီး အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကုန်ကြသည်။
အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက်...
ဝမ်ပေါင်လဲ့၏ ပတ်လည်တွင် မည်သူမျှ မတ်တပ်ရပ်နေနိုင်ခြင်း မရှိတော့ပေ။ သူ ဓားမကို ကိုင်ဆောင်လျက် အစိမ်းရောင် ဆံပင်နှင့် အမျိုးသား၏ အလောင်းဆီသို့ လျှောက်သွားကာ သူ၏ အင်္ကျီလက်စ တစ်ခုကို ဖြတ်ယူပြီး ဓားမကို သန့်စင်အောင် သုတ်ပစ်လိုက်သည်။
ထိုအခါမှသာ ဓားပြအုပ်၏ သိုလှောင်အိတ်များနှင့် ပစ္စည်းများကို စတင် ရှာဖွေတော့သည်။
သူ၏ လက်ထဲရှိ အိတ်အပုံလိုက်ကို ချိန်ဆကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားသည်။ “ ဒုတိယ စီနီယာအစ်ကို ပြောတာ မှန်တယ်။ ရန်သူတွေကို သတ်ပြီးရင် အလောင်းတွေဆီက ပစ္စည်းမယူဘူးဆိုရင် အဓိပ္ပာယ် မရှိဘူးတဲ့ “
ဝမ်ပေါင်လဲ့သည် အိတ်ထဲမှ ပစ္စည်းများကို ချက်ချင်း ရေတွက်မနေပေ။ ယင်းအစား သစ်တောထဲသို့ လျှောက်သွားလိုက်ရာ ကြိုးဖြင့် တုပ်နှောင်ထားသော လေဝိညာဉ် သမင်တစ်ကောင်ကို တွေ့လိုက်ရသည်။
သမင်၏ ခြေလေးဖက်စလုံးတွင် ဒဏ်ရာများ ရှိနေသည်။ ၎င်းမှာ ဤလူများ စောစောက ဖမ်းဆီးထားခဲ့သော သတ္တဝါ ဖြစ်ပုံရသည်။
စောစောက တိုက်ပွဲမှ အကျိုးအမြတ် ရရှိထားပြီး ဖြစ်သဖြင့် ၎င်းကို လောလောဆယ် သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ရိက္ခာများ ကုန်ခန်းသွားချိန်တွင် အစားအစာအဖြစ် အသုံးပြုရန် ဖြစ်၏။
ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည်နှင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သူ့နောက်တွင် ပေါ်လာကြသည်။
သူတို့နှစ်ဦးစလုံးသည် တန်ဖိုးကြီးပိုးသားဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ အမျိုးသားမှာ အဖြူရောင်ဆံပင်များနှင့် အဘိုးအို တစ်ဦး ဖြစ်သော်လည်း အသားအရေမှာ သွေးရောင်လွှမ်းကာ သန်သန်မာမာရှိဟန်ပင်။
အမျိုးသမီးမှာမူ လှပသော ရုပ်ရည် ရှိပြီး သူမ၏ လှုပ်ရှားမှုတိုင်းက မင်းမျိုးမင်းနွယ် အရှိန်အဝါများဖြာထွက်နေသည်။
ဝမ်ပေါင်လဲ့၏ ကျောပြင်ကို ငေးကြည့်ရင်း သူမ တီးတိုးရေရွတ်လိုက်သည်။ “ ဝမ်တောက်ကျောင်းတော်က တကယ့်ကို မြင့်မြတ်မြေပဲ။ ယန်မန် ရွှံ့နွံတောလို အန္တရာယ်များတဲ့ နေရာမှာတောင် ဒီလို ထူးချွန်တဲ့ ပါရမီရှင်ကို တွေ့နိုင်တယ် “
အဘိုးအိုက လေးစားစွာ ပြောလိုက်သည်။ “ နဝမ မင်းသမီး... ဒီလူငယ်လေးရဲ့ စွမ်းရည်တွေကို သဘောကျသွားလို့လား “
နဝမ မင်းသမီးက ခေါင်းအသာညိတ်လိုက်သည်။ “ ဟုတ်တယ်။ ဒီတစ်ခါ ဝမ်တောက်ကျောင်းတော်ကို ဝင်လာတာက ကျင့်ကြံဖို့နဲ့ ပိုသန်မာလာဖို့တင် မဟုတ်ဘူး။ ပါရမီရှင်တွေကို စုဆောင်းဖို့လည်း ပါတယ် “
“ ဒီကောင်လေးက တာအိုတည်ဆောက်ခြင်း အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ သူ့ရဲ့ အဝတ်အစားရော လက်နက်ကပါ သာမန်ပဲ။ သူ့ကြည့်ရတာ ဝမ်တောက်ကျောင်းတော်ကို ဝင်ဖို့ ပြင်ဆင်နေတဲ့သူ ဖြစ်ဖို့ များတယ်၊ ကျောင်းဝင်ခွင့် မစသေးလို့ ဒီမှာ စောင့်နေတာ ဖြစ်ရမယ် “
“တကယ်လို့ သူ့ကို ရလိုက်ရင် အနာဂတ်မှာ အကူအညီတော်တော်ရမှာ”
အဘိုးအိုက သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။ “ နဝမ မင်းသမီး သူ့ရဲ့ စရိုက်ကို အရင် ကြည့်ကြမလား “
“ ကြည့်ကြတာပေါ့ “
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် ဝမ်ပေါင်လဲ့ နောက်သို့ အမီလိုက်ရန် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်ကြသည်။
ဝမ်ပေါင်လဲ့သည် တစ်စုံတစ်ယောက်၏ မျက်စိကျခြင်းကို ခံလိုက်ရမှန်း မသိရှာပေ။ သူ ထိုတိုက်ပွဲလေးမှ အကျိုးအမြတ် မည်မျှရခဲ့ကြောင်းကိုသာ တွေးတောနေသည်။ ယခုအခါ စခန်းချပြီး ကျင့်ကြံရမည့် အချိန်ပင်။
ထိုစဉ် သူ ဂူတစ်လုံးကို ရှာတွေ့သွား၏။ သိုလှောင်အိတ် ခုနစ်လုံးပေါ်ရှိ ကန့်သတ်ချက်များကို အချိန်အနည်းငယ် ယူလိုက်ကာ ဖျက်ဆီးလိုက်ပြီးမှ ၎င်းတို့အတွင်းမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု စတင် ရေတွက်တော့သည်။
သိုလှောင်အိတ် ခုနစ်လုံးထဲတွင် နတ်ဆိုးသားရဲအသားများ အတော်အသင့် ပါဝင်နေသည်ကို တွေ့လိုက်ရသောအခါ သူ၏ မျက်လုံးများ အရောင်လက်သွားသည်။
“ ဒီလူတွေက တကယ့်ကို လူကောင်းတွေပဲ။ သူတို့ ငါ လေ့ကျင့်ရေးဆင်းတာ ပထမဆုံးအကြိမ်ဆိုတာကို သိနေကြတယ်။ ပြီးတော့ ငါ့မှာ အမဲလိုက်တဲ့ အတွေ့အကြုံ မရှိဘူးဆိုတာကိုလည်း သိလို့ နတ်ဆိုးသားရဲ အသားတွေ ဒီလောက် အများကြီး ယူလာပေးကြတာဖြစ်ရမယ် ဟီးဟီး “
ဝမ်ပေါင်လဲ့သည် ချက်ပြုတ်ရန်အတွက် ကြည့်ကောင်းသည့် နတ်ဆိုးသားရဲ အသားတုံးများကို ရွေးချယ်နေရင်း တီးတိုး ရေရွတ်လိုက်သည်။
ဝမ်ပေါင်လဲ့၏နောက်မှ တိတ်ဆိတ်စွာ လိုက်လာခဲ့ကြသော အဘိုးအိုနှင့် အမျိုးသမီးငယ်လေး တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့် အခိုက် မှင်တက်သွားကြရှာသည်။
ဤဖက်တီးလေးက ထမင်းချက်ဖို့သက်သက် လူရှင်းသည့် နေရာတစ်ခုကို ရှာလိမ့်မည်ဟု လုံးဝ မထင်ထားချေ။
အဘိုးအိုသည် နဝမ မင်းသမီး၏ အကဲဖြတ်မှုအပေါ် စတင် သံသယဝင်လာသည်။ မည်သည့်ကျင့်ကြံသူကများ လူသတ်ပြီးသည်နှင့် ချက်ချင်း ထချက်ရသနည်းဟု တွေးမိသွားသည်။
နဝမ မင်းသမီး ကိုယ်တိုင်ပင်လျှင် မိမိကိုယ်ကိုယ် သံသယဝင်သွားတော့၏။
သို့သော် သူတို့၏ သံသယများသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဝမ်ပေါင်လဲ့၏ အချက်အပြုတ်နည်းစနစ်များကို ကြည့်ရင်း သူတို့နှစ်ဦး တစ်ပြိုင်နက် ပြောလိုက်ကြသည်။
“ ဒီကောင်လေးက တကယ်တော့ ချက်ပြုတ်ခြင်းတာအို ကျင့်ကြံသူပဲ “
နဝမ မင်းသမီးသည် ဤအနာဂတ် လက်အောက်ငယ်သားလေး အပေါ် ပို၍ပင် စူးစမ်းချင်စိတ် ဖြစ်လာတော့သည်။
တော်ဝင် မင်းသမီး တစ်ပါးဖြစ်သော သူမ၏ အဆင့်အတန်းနှင့်ဆိုလျှင် နွမ်းပါးသော နောက်ခံရှိသည့် ကျင့်ကြံသူ တစ်ယောက်ကို နောက်လိုက်အဖြစ် ခေါ်ယူခြင်းမှာ ကိတ်မုန့်စားသလောက် လွယ်ကူလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
မကြာမီ သွားရည်ကျလောက်မည့် အနံသည် နဝမ မင်းသမီးနှင့် အဘိုးအိုတို့ထံ ရောက်လာသည်။
“ ဒီကောင်လေးဆီမှာ စွမ်းရည်တချို့ ရှိနေတာပဲ “ အဘိုးအိုက မရေရွတ်ဘဲ မနေနိုင်တော့ပေ။
နဝမ မင်းသမီးက ရယ်မောလိုက်သည်။ “အကြီးအကဲကျောက်... သူ့ဟင်းကို စားချင်တယ်ဆိုရင်လည်း ပြောလိုက်ပါ။ ကျွန်မ မရယ်ပါဘူး “
အကြီးအကဲကျောက်သည် ရယ်မောလိုက်သည်။ “ မင်းသမီးက ကျွန်တော့်ကို မျက်နှာသာပေးတာပဲ။ သွားကြမလား “
နဝမ မင်းသမီးသည် အကြီးအကဲကျောက်၏ စကားကို အတော်လေး သဘောကျသွားပြီး ဝမ်ပေါင်လဲ့၏ ဂူဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်သောအခါ ဝမ်ပေါင်လဲ့သည် သူ၏ ကျောဘက်ရှိ ဓားမကို အလိုအလျောက် ဆွဲထုတ်လိုက်သည်။
အကြီးအကဲကျောက် ပြုံးကာ ပြောလိုက်သည်။ “ မလန့်သွားနဲ့ သူငယ်ချင်းလေး။ သခင်မလေးနဲ့ ကျုပ်က ယန်မန် ရွှံ့နွံတောထဲမှာ လေ့ကျင့်ရေး ဆင်းနေတာပါ။ စားချင်စဖွယ်အနံ့လေး ရလိုက်လို့ လာကြည့်တာ “
“ မင်းကို အနှောင့်အယှက် ပေးဖို့ မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်ကွယ် “
ရှေးလူကြီးများ၏ စကားအတိုင်းပင်။ ပြုံးနေသူကို မည်သူကမျှ လက်သီးနှင့် မထိုးရက်ကြပေ။
သူတို့က အန္တရာယ်မပေးကြောင်း ဝမ်ပေါင်လဲ့ သိလိုက်သဖြင့် ဓားမကို သူ၏ ဘေးတွင် စိုက်ထားလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ “ ဒီလိုကိုး။ လွတ်လွတ်လပ်လပ်သာ နေကြပါ “
အကြီးအကဲကျောက်နှင့် နဝမမင်းသမီးတို့က သူ၏ စကားများကို ရိုင်းစိုင်းသည်ဟု မထင်မိပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က သူစိမ်းများသာ ဖြစ်၏။
“ သူငယ်ချင်းလေး... မင်းရဲ့ ထူးခြားတဲ့ ချက်ပြုတ်ပုံကို ကြည့်ရတာ နာမည်ကြီး ဆရာတစ်ယောက်ဆီကနေ သင်ယူထားတာ ဖြစ်ရမယ် “ အကြီးအကဲကျောက်က စကားစလိုက်သည်။
ဝမ်ပေါင်လဲ့သည် အဘိုးအိုကို အံ့အားသင့်မှု အနည်းငယ်ဖြင့် ကြည့်လိုက်သည်။ “ မဆိုးဘူးပဲ။ ခင်ဗျားက ကြည့်တတ်တယ်”
အကြီးအကဲကျောက်က ဆက်ပြောသည်။ “ သူငယ်ချင်းလေးက အရသာရှိတဲ့ ဟင်းတွေကို တစ်ဝိုင်းစာ ပြင်ဆင်ထားတာပဲ။ ကျုပ်သခင်မလေးကလည်း အတော်လေး ဗိုက်ဆာနေလို့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်ချင်တယ်ကွယ်။ နည်းနည်းလောက် ခွဲရောင်းပေးပါလား “
ဝမ်ပေါင်လဲ့က နှစ်ခါမစဉ်းစားဘဲ ငြင်းပယ်လိုက်သည်။ “ အစားအသောက်တွေက ရောင်းဖို့ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော် စိတ်ဝိညာဉ်ကျောက်တုံးတွေကို မကြိုက်ဘူး “
…
နဝမ မင်းသမီး ကြောင်အသွားရှာသည်။ လောကကြီးမှာ စိတ်ဝိညာဉ်ကျောက်တုံးကို မကြိုက်သည့်သူ တကယ် ရှိနေသလားဟုပင် တွေးမိသွားသည်။
အကြီးအကဲကျောက် ပြုံးလိုက်သည်။ “ အို... ဒါဆိုရင် အလဲအလှယ် အနေနဲ့ ဘာများလိုချင်လဲ “
“ ပါဝင်ပစ္စည်း “
ဝမ်ပေါင်လဲ့က တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။
“ သဘောတူတယ် “
အကြီးအကဲကျောက်၏ သိုလှောင်လက်စွပ်သည် အနည်းငယ် တောက်ပသွားပြီး ခဏအကြာတွင် လတ်ဆတ်သည့် နတ်ဆိုးသားရဲ အသားတုံးကြီး တစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။
“ ဒါက စစ်မှန်ကံကြမ္မာအဆင့် စိတ်ဝိညာဉ်မြွေဆီက အသားပဲ။ ဒီအသားနဲ့ မင်းရဲ့ အသားအိုးကို လဲမယ်ဆိုရင် ဘယ်လိုလဲ “
ဝမ်ပေါင်လဲ့ ခေါင်းယမ်းလိုက်သည်။ “ မလဲနိုင်ဘူး။ ကျွန်တော် ဝမ်ပေါင်လဲ့က တခြားသူတွေဆီကနေ ဘယ်တော့မှ အမြတ်မထုတ်ဘူး “
ဝမ်ပေါင်လဲ့၏ ရိုးသားသော မျက်လုံးများကို ကြည့်ရင်း အကြီးအကဲကျောက် တွေးလိုက်မိသည်။
‘ဒီကောင်လေးက ငွေကြေးနဲ့ ဖြားယောင်းတာတောင် တည်ငြိမ်တယ်။ သူက ဖြောင့်မတ်တဲ့သူ တစ်ယောက် ဖြစ်ရမယ်’
သူ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။
“ပြောတာ ကောင်းတယ်။ ဒါဆို ကျုပ် အကြုံပြုချင်တာလေး ရှိတယ်။ စဉ်းစားကြည့်မလား “
“ ပြောပါ “
ဝမ်ပေါင်လဲ့သည် သတိထားနေဆဲ ဖြစ်သော်လည်း ထိုလူ ပြောစကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။
အကြီးအကဲကျောက်က ပြောသည်။ “ ဒီအစားအစာကို ကျုပ်နဲ့ သခင်မလေးကို ဒကာခံတယ်လို့ သဘောထားလိုက်ပါ။ အဲဒီအတွက် ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒီညစာကို ကျုပ်တို့က ပြန်ပြီး ဧည့်ခံမယ်။ ဒါပေမဲ့ သူငယ်ချင်းလေးက ချက်ပြုတ်ပေးရမယ်။ ဘယ်လိုလဲ “