← Chapters

ကျွန်မရဲ့ ပထမဆုံးအကြိမ်ပါ

Vol. 11 Ch. 106

ကျွန်မရဲ့ ပထမဆုံးအကြိမ်ပါ

Vol. 11 Ch. 106

ညနက်လာသည်။

သောင်းပြောင်းပညာရပ်ဌာန၏ ပင်မခြံဝင်း၌။

အိပ်ခန်းထဲတွင် မီးရောင်များ လင်းထိန်နေဆဲ ဖြစ်၏။

အခန်းနံရံပေါ်တွင် အရိပ်နှစ်ခု ထင်ဟပ်နေသည်။

“ ရှူး... “

ချူဖုန်းသည် သူ၏ ခြေဖဝါးမှနေ၍ အရိုးခိုက်မတတ် အေးစက်မှုကို ခံစားလိုက်ရသည်။ ထိုအအေးဓာတ်က ခေါင်းထိပ်ထိတက်လာသည့်အတွက် အလိုလိုတုန်ယင်သွားရသည်။

အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ရေနွေးငွေ့များ ထွက်နေသော ခြေဆေးဇလုံသည် လုံးဝ အေးခဲနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

“ ဆရာ... တောင်းပန်ပါတယ် “

အကြီးအကဲပင်း မျက်နှာရဲသွားပြီး ရုတ်တရက် မတ်တပ်ရပ်ကာ ချူဖုန်းကို ဦးညွှတ်တောင်းပန်လိုက်သည်။

ချူဖုန်းက ပြောစရာစကားမဲ့သွား၏။ “ အကြီးအကဲပင်း... ဒီတစ်ခါ ခင်ဗျားကပဲ အရင် စလုပ်ခဲ့တာကို ဘာလို့ ကျွန်တော့်ကို ဒီလို ပြဿနာပေးနေရတာလဲ “

အကြီးအကဲပင်းက ခေါင်းကို အဆက်မပြတ် ခါပြီး အလျင်အမြန် ရှင်းပြလိုက်သည်။ “ ဆရာ... ကျွန်မ ဆရာ့ကို တမင်လုပ်တာမဟုတ်ပါဘူး”

“ ယောက်ျား တစ်ယောက်နဲ့ ဒီလောက် နီးနီးကပ်ကပ် ရှိတာမျိုးက ပထမဆုံးအကြိမ်မလို့ပါရှင်။ အသားမကျသေးတော့ ခန္ဓာကိုယ်က သတိမထားမိဘဲ စိတ်ဝိညာဉ်စွမ်းအင်တွေ ယိုစိမ့်ထွက်လာပြီး ရေတွေကို ခဲပစ်လိုက်မိတာ။ ကျွန်မ ဆရာ့အတွက် ရေဇလုံ အသစ်တစ်ခု သွားယူပေးပါ့မယ် “

ချူဖုန်းက သူ၏ အေးခဲနေသော ခြေထောက်များကို ကြည့်ကာ လက်ဝှေ့ယမ်းပြလိုက်၏။ “ မလိုတော့ဘူး။ အခုကစပြီး ဖြူဖြူစင်စင်ပဲ ခြေထောက်ဆေးကြတာပေါ့ “

…

အကြီးအကဲပင်း ကြောင်အသွားသည်။ “ ဆရာ... ဖြူဖြူစင်စင်ခြေထောက်ဆေးပေး ဆိုတာ ဘာကို ပြောတာလဲ “

“ အရင်တုန်းက အတိုင်းပဲပေါ့ “

ချူဖုန်း စကားပြောရင်း ဇလုံထဲရှိ ရေခဲများကို အရည်ပျော်စေရန် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ခြေထောက်များကို အပြင်သို့ ထုတ်လိုက်သည်။

သူ အားကျိုးမာန်တက် ကြိုးစားပြီးနောက် တစ်ခါလောက်တော့ ကောင်းကောင်း ဇိမ်ခံရတော့မည်ဟု ထင်ထားသော်လည်း ရလဒ်က ဤသို့ ဖြစ်နေခဲ့သည်။

အကြီးအကဲပင်း ချူဖုန်း၏ မျက်လုံးများကို မကြည့်ရဲချေ။ သူမ ရေဇလုံကို မရန် ခန္ဓာကိုယ်ကို ကိုင်းလိုက်၏။ “ ဆရာ... ဒါဆို ကျွန်မ ပြန်တော့မယ် “

“ ကျုပ်လည်း ပင်ပန်းနေပြီ။ သွားနားတော့ “

ချူဖုန်းသည် အားအင်ကုန်ခမ်းနေသည့်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

“ ဟုတ်ကဲ့ပါ “

အကြီးအကဲပင်းသည် တိုးညင်းစွာ ပြန်ဖြေပြီးနောက် လှည့်ထွက်သွား၏။

ချူဖုန်းသည် သူမ၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း စိတ်ထဲတွင် လေးနက်သည့် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

‘အကြီးအကဲပင်းက ဒီလောက် လှနေတာတောင် တာအိုလက်တွဲဖော် မရှိသေးတာက ဒါကြောင့်များလား’

သူ တွေးမိသွား၏။

‘ဘာပဲဖြစ်ဖြစ် ခဏလောက်ပေါ့ဆမိတာနဲ့ ရေခဲရိုက်ခံရမှာလေ။ ပေးဆပ်ရမဲ့ တန်ဖိုးက များလွန်းတယ်’

‘မဟုတ်သေးဘူး၊ အကြီးအကဲပင်းက ရေခဲဓာတ်သဘာဝတွေနဲ့ မွေးဖွားလာတာ’

သူ ထိုအတွေးများကို ချက်ချင်း ခါထုတ်ပစ်လိုက်၏။ အကြီးအကဲပင်းက အမည်ခံ တပည့် တစ်ယောက်မျှသာ ဖြစ်သည်။ သူ ထိုအကြောင်းများကို တွေး၍ ပူနေစရာ အကြောင်းမရှိပေ။

ညတာသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။

နောက်တစ်နေ့တွင် ချူဖုန်းသည် နေ့လည်စာစားချိန်အထိ အိပ်ရာထ နောက်ကျခဲ့၏။

ကိုယ်လက်သန့်စင်ပြီးနောက် ခြံဝင်းထဲသို့ ထွက်လာရာ သူ၏ တပည့် သုံးယောက်ဖြစ်သော ရှောင်ချန်း၊ ချောင်ရို့ချန်နှင့် ချင်းချင်းတို့ စားပွဲပြင်နေသည်ကို တွေ့လိုက်ရသည်။ သူ ပြုံးပြီး မေးသည်။ “ ဒီနေ့ ဘာဟင်းတွေ ချက်ထားလဲ “

ချင်းချင်းက ညင်သာစွာ ပြုံးလိုက်သည်။ “ ဆရာ... ဒီနေ့ ဆရာ အကြိုက်ဆုံး ဝက်သားချိုချဉ်ကြော် ချက်ထားပါတယ် “

“ ဒါဆိုရင် ဒီနေ့ ထမင်းတစ်ပန်းကန် ပိုစားရတော့မှာပေါ့ “

ချူဖုန်း ပြောနေစဉ် အကြီးအကဲပင်းသည် သူမ၏ အခန်းထဲမှ ထွက်လာခဲ့၏။

ဤလများအတွင်း သူမသည် ချူဖုန်းတို့နှင့်အတူ ထိုင်ကာ စားသောက်ရသည်ကို အသားကျနေပြီ ဖြစ်၏။ ၎င်းက သူမကို အိမ်ကဲ့သို့ နွေးထွေးသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

သို့သော် ချူဖုန်းကို မြင်လိုက်သည့် အခိုက်အတန့်တွင် မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို သူမ ပြန်အမှတ်ရသွား၏။ သူမက အထိတ်တလန့်ဖြင့် သူ၏ အကြည့်ကို ရှောင်ဖယ်လိုက်ပြီး ရှက်ရွံ့သွားဟန်ပင်။

ထိုသေးငယ်သော အပြုအမူလေးကို အခြားသူများက သတိမထားမိဘဲ မနေခဲ့ကြချေ။

ချူဖုန်းသည် ဘာမှမပြောဘဲ တိတ်ဆိတ်စွာသာ ဆက်စားနေလိုက်၏။

ချောင်ရို့ချန်ကမူ ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။

ရှောင်ချန်းသည် ချူဖုန်းကဲ့သို့ပင် ထွေထွေထူးထူး မတွေးဘဲ သူ၏ အစားအစာပေါ်တွင်သာ အာရုံစိုက်နေ၏။

စားသောက်ပြီးနောက် တပည့် သုံးယောက်သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ချောင်ရို့ချန်က ရှောင်ချန်းကို ဘေးသို့ တိတ်တဆိတ် ဆွဲခေါ်သွား၏။ “ စီနီယာအစ်ကို... ဒီနေ့ အကြီးအကဲပင်းက နည်းနည်း ထူးခြားနေတယ်လို့ မထင်ဘူးလား “

“ သူ့အမူအရာက နည်းနည်းတော့ ထူးခြားနေတယ် “

ရှောင်ချန်း၏ အကြည့်က ချောင်ရို့ချန်ထံ ရောက်သွား၏။ “ မင်း ဘာပြောချင်နေတာလဲ “

ချောင်ရို့ချန် လေးနက်စွာ မေးလိုက်သည်။ “ စီနီယာအစ်ကို... ကျွန်တော် ဆိုလိုတာကလေ...ဥပမာအနေနဲ့ ပြောရရင်ပေါ့။ တကယ်လို့ အကြီးအကဲပင်းနဲ့ ဆရာသာ ညားသွားခဲ့မယ်ဆိုရင် အစ်ကိုက... “

“ တော်တော့ “

ရှောင်ချန်းက သူ့စကားကို ချက်ချင်း ဖြတ်ပြောလိုက်၏။ “ ငါတို့ ဆရာ့အကြောင်းကို ဇာတ်လမ်းတွေ လိုက်ဖန်တီးနေတယ်ဆိုတော့ တော်တော် အားနေပုံရတယ်။ ကြည့်ရတာ ဒီနေ့ မင်း ပိုပြီး လေ့ကျင့်ဖို့ လိုအပ်နေပြီ “

“ အထင်လွဲနေတာပါ စီနီယာအစ်ကို။ လုံးဝ အထင်လွဲနေတာပါဗျ “

…

…

ယန်မန် ရွှံ့နွံတော အတွင်း၌။

ဖက်တီးလေး ဝမ်ပေါင်လဲ့သည် လေ့ကျင့်ရေးဆင်းနေခဲ့သည်မှာ ငါးလ ရှိနေပြီ ဖြစ်၏။

သူသည် နေ့ရက်များကို အလွန် ပျော်ရွှင်စွာ ဖြတ်သန်းနေခဲ့သည်။ နေ့တိုင်း အရသာရှိသော ပါဝင်ပစ္စည်းများကို ရှာဖွေပြီး ချက်ပြုတ်ရင်း အချိန်ကုန်၏။

သူအဆင့်ငယ် နှစ်ဆင့်ကို တက်ရုံသာမက သူ၏ ဓားနည်းစနစ်များနှင့် ဟင်းချက်စွမ်းရည်နှစ်ခုစလုံးမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ညနေခင်းတွင်

အကြီးအကဲကျောက်သည် ကြိုးကြာငှက်မှတစ်ဆင့် သတင်းစကား တစ်ခုကို လက်ခံရရှိခဲ့၏။ ၎င်းကို ဖတ်ပြီးနောက် သူ နဝမ မင်းသမီးကို တီးတိုးပြောလိုက်သည်။

နားထောင်ပြီးနောက် နဝမ မင်းသမီးသည် ဝမ်ပေါင်လဲ့ကို ချက်ချင်း သွားရှာလိုက်၏။ “ ဝမ်ပေါင်လဲ့...ရှင် ယန်မန် ရွှံ့နွံတောထဲမှာ ဆက်လေ့ကျင့်ဖို့ အစီအစဉ် ရှိသေးလား “

ဝမ်ပေါင်လဲ့ အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ သူ၏ ဆရာက သူ့ကို ယန်မန် ရွှံ့နွံတောထဲတွင် နှစ်ဝက်ထက် ပို၍မနေရန် ပြောထား၏။

ငါးလတောင် ကုန်လွန်သွားခဲ့ပြီ ဖြစ်ရာ ယခု ပြန်သွားလျှင်လည်း ပြဿနာ မရှိနိုင်ပေ။

“ သခင်မလေး နန်ကုန်း... ကျွန်တော် နောက်ထပ် နှစ်ရက်လောက် နေဖို့ စီစဉ်ထားတယ်။ တကယ်လို့ ခင်ဗျားမှာ လုပ်စရာကိစ္စတွေ ရှိနေတယ်ဆိုရင် အရင် ထွက်သွားလို့ ရပါတယ် “

၎င်းကို ကြားသောအခါ နဝမ မင်းသမီး၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်မှု အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း သူမ နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်၏။

“ ဝမ်ပေါင်လဲ့... ရှင် ဝမ်တောက်ကျောင်းတော်ကို သွားမှာလား “

သခင်မလေး နန်ကုန်းက သူ ဝမ်တောက်ကျောင်းတော်၏ တပည့်တစ်ယောက်ဖြစ်ကြောင်းကို ရိပ်မိသွားသည်များလားဟု တွေးမိသွားသည်။

ဝမ်ပေါင်လဲ့က သံသယဖြစ်စွာ ပြန်ဖြေလိုက်၏။ “ သေချာပေါက် သွားမှာပေါ့ “

နဝမ မင်းသမီး ပြုံးလိုက်သည်။ “ ဒါဆို ကျွန်မတို့ ကတိတစ်ခု ထားကြရအောင်။ ဝမ်တောက်ကျောင်းတော်မှာ ပြန်တွေ့ကြမယ်လေ။ ဘယ်လိုလဲ “

“ သဘောတူတယ် “

ဝမ်ပေါင်လဲ့က အပြုံးဖြင့် သဘောတူလိုက်ပြီး စိတ်လှုပ်ရှားသွား၏။

တစ်ဖက်လူသည်လည်း သူကဲ့သို့ပင် ဝမ်တောက်ကျောင်းတော်မှ တပည့်တစ်ယောက်ဖြစ်ပြီး ယန်မန် ရွှံ့နွံတောတွင် လေ့ကျင့်ရေးဆင်းနေစဉ် ကိုယ်ပိုင် အမှတ်အသားကို ဖုံးကွယ်ထားခြင်း ဖြစ်မည်ဟု

ထင်နေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ သူမတွင် ကာကွယ်ပေးမည့်သူ တစ်ဦး ရှိပြီး၊ သူကတော့ တစ်ယောက်တည်း အထီးကျန်နေခြင်းပင်။

“ ဝမ်ပေါင်လဲ့... အချိန်တန်ရင် ကျွန်မရှင့်ကို အံ့ဩစရာ ပေးမယ် “

နဝမ မင်းသမီးသည် ချိုမြိန်စွာ ပြုံးလျက် လှည့်ထွက်သွား၏။

သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ပေါင်လဲ့ တွေးလိုက်သည်။ ‘ အချိန်တန်ရင် ကျွန်တော်လည်း ခင်ဗျားကို အံ့ဩစရာတစ်ခု ပြန်ပေးမယ် ’

“ မင်းသမီး... အဲဒီကောင်လေးကို ဘယ်လို အံ့ဩအောင် လုပ်မလို့လဲ “

အကြီးအကဲကျောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

နဝမ မင်းသမီးက ပြုံးလျက် ပြန်ဖြေသည်။ “ ဝမ်ပေါင်လဲ့က ပါရမီပါတာ မှန်ပေမဲ့ သူက ချက်ပြုတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေတာလေ။ ကျွန်မသိသလောက်တော့ ဝမ်တောက်ကျောင်းတော်က သောင်းပြောင်းပညာရပ်ဌာနဟာ ကျဆင်းနေပြီ “

“ ရှောင်ချန်းလို တပည့်တစ်ယောက် ရှိနေရင်တောင် အဲဒီမှာ နာမည်ကြီး ဆရာတွေ မရှိဘူး။ ဒီကိစ္စက ငြင်းလို့မရတဲ့ အမှန်တရားပဲလေ”

“ ဝမ်ပေါင်လဲ့ကို မန္တာန်ပညာဌာနဆီ ခေါ်သွားဖို့ စီစဉ်ထားတယ်။ အဲဒီမှာဆို သူ နာမည်ကြီး နည်းပြတွေဆီကနေ လမ်းညွှန်မှုတွေ ရနိုင်လိမ့်မယ် “

အကြီးအကဲကျောက် မျက်မှောင်အသာကြုတ်သွား၏။ “ မင်းသမီး... ပေးဆပ်ရမဲ့ တန်ဖိုးက မများလွန်းဘူးလား။ မန္တာန်ပညာဌာနရဲ့ အကြီးအကဲချီ က မင်းသမီးရဲ့ မိခင်ဘက်က ဆွေမျိုးလေ။ အဲဒီလို ကျေးဇူးကြွေးမျိုးက ပြန်ဆပ်ဖို့ မလွယ်ကူဘူး “

နဝမ မင်းသမီးက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ “ စိတ်မပူပါနဲ့။ ကျွန်မနဲ့ ဝမ်းကွဲအစ်ကိုက ဆက်ဆံရေး ကောင်းကြပါတယ်။ ကျွန်မ သူ့ကို အကူအညီ တောင်းလိုက်ရုံပါပဲ။ ဒီလို ကိစ္စသေးသေးလေးကို သူ သေချာပေါက် ကူညီပေးမှာ “

အကြီးအကဲကျောက် ၎င်းကို ကြားပြီးနောက် ဘာမှ ဆက်မပြောတော့ပေ။

တောင်ပေါ်တွင် နောက်ထပ် ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် ဝမ်ပေါင်လဲ့သည် သူ၏ ခါးတွင် ချည်နှောင်ထားသော ဖောင်းကားနေသည့် သိုလှောင်အိတ် ရှစ်လုံးကို ကြည့်လိုက်ပြီး ဝမ်တောက်ကျောင်းတော်သို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့၏။

All Chapters