ပထမဆုံး ပြိုင်ပွဲမှာ ထိပ်သီးလေးယောက်ထဲ ဝင်ရင် အောင်မြင်တယ်လို့ ယူဆတယ်
Vol. 11 Ch. 107
မနက်ချိန်ခါ၌
နေမင်းကြီး ထွက်ပေါ်လာခါစ ဖြစ်ပြီး ရွှေရောင် အလင်းတန်းများက ကမ္ဘာမြေပေါ်သို့ လွှမ်းခြုံကျရောက်နေသည်။
ဤနေ့၌ ထူးထူးခြားခြား ချူဖုန်း တစ်ယောက် စောစောနိုးနေပြီး ခြံဝင်းထဲမှာ သူ့တပည့်များ ရောက်လာမည့်အချိန်ကို စောင့်နေသည်။
သူ အပြင်ထွက်လိုက်သည့်အခါ အကြီးအကဲပင်းနှင့် သွားဆုံသည်။
“ ဌာနမှူးချူ “ ပင်းယန်က ချူဖုန်း စောစောထနေသည်ကို မြင်သော် အံ့ဩသွားပြီး သူမ၏မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်ပေါ်လာသည်။
“ ဘယ်သွားမလို့လဲ “ ချူဖုန်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
အကြီးအကဲပင်း ပြန်ဖြေလိုက်သည်။ “ တပည့်တွေကို သွားပြီးလမ်းညွှန်ပေးမလို့ မလို့ပါ။ ပြိုင်ပွဲစဖို့ နှစ်လပဲ လိုတော့တယ်လေ “
“ ဒါဆိုလည်း သွားလေ “ ချူဖုန်းက ရွှင်မြူးစွာ ပြောလိုက်သည်။
“ ခွင့်ပြုပါဦး ဌာနမှူးချူ “ ထိုသို့ပြောပြီးနောက် အကြီးအကဲပင်းက သူမ၏ ဓားကိုစီးပြီး ထွက်ခွာသွားသည်။
ခဏအကြာ၌ ပင်မခြံဝင်းသို့ ရှောင်ချန်း၊ ချောင်ရို့ချန်၊ ချင်းချင်းနှင့် ဝမ်ပေါင်လဲ့တို့ အလျှိုလျှို ရောက်လာကြသည်။
ခြံဝင်းထဲ၌ ချူဖုန်း ထိုင်နေသည်ကို မြင်သောအခါ သူတို့အားလုံး ဦးညွှတ်လိုက်ကြသည်။ “ ဆရာ့ကို ဂါရဝပြုပါတယ် “
“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ “ ချူဖုန်းက ဆက်ပြောသည်။ “ ထိုင်ကြ၊ ငါ ပြောစရာ ရှိတယ် “
လူတိုင်း ကျောက်စားပွဲမှာ စုဝေးလိုက်ကြပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
“ ပြိုင်ပွဲ စဖို့ နှစ်လပဲ လိုတော့တယ်။ မင်းတို့ရဲ့ လေ့ကျင့်တာကို တွန်းအားဖြစ်အောင် အခုပဲ ပန်းတိုင်တချို့ သတ်မှတ်ထားလိုက်ကြရအောင် “
ချူဖုန်းက ပြောပြီးသည်နှင့် သူတို့ တစ်ယောက်ချင်းစီကို ကြည့်လိုက်သည်။
ရှောင်ချန်းက ပထမဆုံး တုံ့ပြန်လိုက်သည်။ “ ဆရာ... ဒီတစ်ခါ ကျွန်တော့်မှာ ပန်းတိုင်တစ်ခုတည်းပဲ ရှိပါတယ်။ သူတော်စင်ကလေးပြိုင်ပွဲမှာ ပထမနေရာ ရယူဖို့ပါ “
ချူဖုန်း ခေါင်းအသာညိတ်လိုက်သည်။ ရှောင်ချန်းနှင့် ပတ်သက်ပြီး သူ စိတ်မပူပေ။ ဤကောင်လေးက အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းပင်။ ပထမ မရသည့်အခါမှသာ ပိုပြီး ထူးဆန်းနေဦးမည်။
ထို့နောက် ချောင်ရို့ချန်က ပြောသည်။ “ ဆရာ... ကျွန်တော့် ရည်မှန်းချက်ကလည်း အတွင်းစည်း ပြိုင်ပွဲမှာ ပထမနေရာ ရဖို့ပါပဲ “
“ မင်း လက်သီးသိုင်း ဘယ်နှခုလောက် ကျွမ်းကျင်သွားပြီလဲ “ ချူဖုန်းက လေးနက်စွာ မေးလိုက်သည်။
“ ဆရာ့ကို တင်ပြရရင်... တစ်နှစ်နီးပါး လေ့ကျင့်ပြီးတဲ့နောက်မှာ ကျွန်တော် သိုင်းကျမ်း လေးဆယ့်ကိုးခုကို ကျွမ်းကျင်သွားပါပြီ။ ပြိုင်ပွဲမတိုင်ခင် နောက်ထပ် အချိန်နည်းနည်းရသေးတော့ ကျွန်တော် စစ်မှန်ကံကြမ္မာ ပဉ္စမအဆင့်ကို တက်နိုင်လောက်ပါတယ် “
ချောင်ရို့ချန် ပြောနေလျက်ပင် ယုံကြည်မှုများ တိုးပွားလာသည်။ စိတ်ထဲတွင် အတွင်းစည်း ပြိုင်ပွဲ၏ ပထမနေရာက သူ့လက်ထဲသို့ ရောက်နေပြီပင်။
“ ကောင်းတယ် “ ချူဖုန်းသည် ချောင်ရို့ချန်၏ ပခုံးကို ပုတ်လိုက်သည်။ “ မင်း ဒီလောက် ယုံကြည်မှုရှိနေမှတော့ ပထမဆုကို သောင်းပြောင်းပညာရပ်ဌာနဆီ ယူလာပေး။ ငါ စောင့်နေမယ်။ ငါတို့ဆီမှာ အရင်က အတွင်းစည်းပြိုင်ပွဲကို အနိုင်ရဖူးတဲ့ တပည့် တစ်ယောက်မှ မရှိခဲ့ဖူးဘူး “
ချောင်ရို့ချန်က သူ့လက်သီးတွေကို ဆုပ်လိုက်သည်။ “ ဆရာ့ကို စိတ်မပျက်စေရပါဘူး “
ထို့နောက် ချူဖုန်းသည် ချင်းချင်းဘက်သို့ လှည့်ကာ အပြုံးနှင့် ပြောလိုက်သည်။ “ ချင်းအာ... မင်းက စစ်မှန်ကံကြမ္မာဒုတိယအဆင့် မှာပဲ ရှိသေးပေမဲ့ သူငယ်အိမ် နှစ်ခုနဲ့ မွေးဖွားလာတာ။ နတ်ဘုရား ခန္ဓာကိုယ်ကိုလည်း နိုးထထားတယ်။ ပြိုင်ပွဲရဲ့ အဆင့်ကို စိတ်ပူမနေဘဲ အစွမ်းကုန်သာ ထုတ်သုံး။ မင်းရဲ့အင်အားကို တစ်ကမ္ဘာလုံး သိအောင် ကြေညာပေးလိုက် “
“ ဆရာ့ကို စိတ်မပျက်စေရပါဘူး “ ချင်းချင်း လေးစားစွာ ပြန်ဖြေလိုက်သော်လည်း သူမ စိတ်ထဲတွင် တွေးနေမိသည်။ ‘ စီနီယာအစ်ကိုတုန်းက ဒန်ထျန်း ပျက်စီးသွားပြီးမှ ပြန်ကျင့်ကြံခဲ့တာတောင် အပြင်စည်း ပြိုင်ပွဲကို နိုင်ခဲ့သေးတာပဲ။ ငါက ဒုတိယ စီနီယာအစ်ကိုကို မယှဉ်နိုင်ရင်တောင် အနည်းဆုံး ဗိုလ်လုပွဲ အထိတော့ ရောက်အောင် သွားနိုင်ရမယ် ’
ဝမ်ပေါင်လဲ့က သူ၏ စီနီယာအစ်ကိုအစ်မများ၏ ပန်းတိုင်ကို နားထောင်ရင်း သူ ဘယ်အချိန်မှ စွမ်းအားကြီးလာမည်နည်းဟု တွေးတောကာ အားကျစွာ ကြည့်နေသည်။
ထိုအချိန်၌ ချူဖုန်း၏ အကြည့်က သူ့ဆီ ရောက်လာသည်။ ချူဖုန်းက ဤတပည့်ငယ်လေးအပေါ် မျှော်လင့်ချက် သိပ်မထားပေ။ သို့ပေမဲ့ ကောင်လေး၏ ကျင့်ကြံနှုန်းက အထင်ကြီးစရာ ကောင်းလှသည်။ ငါးလအတွင်းမှာ အဆင့်ငယ် နှစ်ဆင့်ကို တက်နိုင်ခဲ့ပြီး ယခုဆို တာအိုတည်ဆောက်ခြင်း ပဉ္စမအဆင့်သို့ ရောက်နေပါပြီ။
သို့သော် ဝမ်ပေါင်လဲ့က ချက်ပြုတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေခြင်း ဖြစ်ပြီး တာအိုတည်ဆောက်ခြင်းအဆင့်၌သာ ရှိသေး၏။ ချက်ပြုတ်ခြင်းတာအို၏ စွမ်းအားကို မပြသနိုင်သေးပေ။ အပြင်စည်းက ပါရမီရှင်များကို ရင်ဆိုင်ပြီး ထိပ်သီးဆုကို ရရှိရန်ကား မလွယ်ကူလှပေ။
“ မင်းဘာသာ ပန်းတိုင် တစ်ခု သတ်မှတ်လိုက်။ ဆရာအနေနဲ့ သိပ်အများကြီး မပြောတော့ဘူး “
ဝမ်ပေါင်လဲ့ အသာအယာ ပြုံးလိုက်ပြီး ပြန်ဖြေသည်။ “ ကျွန်တော် ပြ လေးယောက်ထဲဝင်ခဲ့ရင် ကျွန်တော့်ပန်းတိုင် အောင်မြင်တယ်လို့ သတ်မှတ်လိုက်ပါ့မယ် “
“ ... “ ချူဖုန်းက ဝမ်ပေါင်လဲ့ကို အမူအရာမဲ့စွာ ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။ “ မင်းက တော်တော် နောက်တတ်တဲ့ ကောင်လေးပဲ။ ကောင်းပြီလေ... အောင်မြင်လာမဲ့ အချိန်ကို ဆရာ စောင့်နေမယ် “
တပည့်များသည် ထိုစကားကို ထူးဆန်းသည်ဟု မထင်ကြသော်လည်း သူတို့အားလုံး၏ ရင်ထဲမှာ ဖော်ပြ၍ပင် မစွမ်းသာသည့် ထူးဆန်းနေမှုကြီးကို ခံစားလိုက်ရသည်။
ဝမ်ပေါင်လဲ့က မတ်တပ်ရပ်ပြီး ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။ “ ဆရာ... စိတ်မပူပါနဲ့။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် “
ချူဖုန်း ခေါင်းညိတ်လိုက်သည်။ “ ကောင်းပြီ... မင်းတို့အားလုံး ပန်းတိုင်တွေ ရှိသွားပြီဆိုတော့ ဆက်ပြီး ကြိုးစားကြပါ “
“ ဟုတ်ကဲ့ပါ “ လူတိုင်း တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ဝမ်တောက်ကျောင်းတော် ကျောင်းအုပ်ကြီး၏ ခြံဝင်းအတွင်း၌။
ချူဖုန်းမှလွဲ၍ ကျန်သည့် ဌာန (၉) ခု၏ ဌာနမှူးများနှင့် ကျောင်းတော်၏ အကြီးအကဲများ အားလုံး ရောက်ရှိနေကြသည်။
ဤပြိုင်ပွဲက မျိုးဆက်သစ်သူတော်စင်ကလေးများကို ဆုံးဖြတ်ပေးမှာ ဖြစ်သည့်အတွက် ကျောင်းအုပ်ကြီး ကိုယ်တိုင် အစည်းအဝေးကို ဦးဆောင်ကျင်းပနေသည်။
ဆွေးနွေးပြီးနောက် ပြိုင်ပွဲကျင်းပမည့် နေရာများကို အတည်ပြုလိုက်ကြသည်။ အပြင်စည်းက ထုံးစံအတိုင်း တိုက်ပွဲစင်မြင့်ပေါ်၌ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး အတွင်းစည်းနှင့် သူတော်စင် ပြိုင်ပွဲများကိုတော့ တာအိုကြေးမုံရေကန် ပေါ်၌ ကျင်းပပေမည်။
တာအိုကြေးမုံရေကန်သည် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသောကြောင့် ပွဲစဉ်နှစ်ခုစလုံးကို ကျင်းပဖို့ လုံလောက်သည်ထက်ကို ပိုနေပါသည်။
အစည်းအဝေး ပြီးဆုံးခါနီးမှာ ပြိုင်ပွဲတိုင်း၏ အဓိက စဉ်းစားစရာ ဖြစ်သည့် ကိုယ်စားပြုတပည့်ကို ရွေးချယ်ရန် ရောက်လာ၏။
ထုံးစံအတိုင်း ဌာနမှူး တစ်ဦးချင်းစီက ပြိုင်ပွဲဝင်များကို အမည်စာရင်း တင်သွင်းကြပြီး အဖွဲ့က မဲပေးကာ နောက်ဆုံး ဆယ်ယောက်ကို ဆုံးဖြတ်ကြရမှာ ဖြစ်သည်။
အပြင်စည်းနှင့် သူတော်စင်ကလေးများအတွက် ကိုယ်စားပြုတပည့်ဆယ်ယောက် ရွေးချယ်ရာ၌ သဘောထားကွဲလွဲမှု မရှိကြပေ။ သို့သော် အတွင်းစည်းတပည့် အလှည့် ရောက်သည့်အခါ တင်းမာမှုများ ထွက်ပေါ်လာ၏။
ဆေးပညာဌာနက ဆေးဘုရင်ရွှမ်ဟော့၏ မျက်နှာရဲတက်လာပြီး ငြင်းခုံလိုက်သည်။ “ ငါ့ရဲ့ ဂျူနီယာ ချောင်ရို့ချန်က နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထထားတယ်။ လက်သီးဆန္ဒကို အသေးစား အောင်မြင်မှု အဆင့်ထိ နားလည်ထားတယ်။ သူက ဘာလို့ ကိုယ်စားပြုတပည့် ဆယ်ယောက်ထဲမှာ မပါရမှာလဲ “
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ မည်သည့်ဌာနမှူးကမျှ မကန့်ကွက်ကြပေ။ မည်သို့ပင်ဆိုစေကာမူ နတ်ဘုရား ခန္ဓာကိုယ် ဆိုသည်မှာ ကိုယ်စားပြုတပည့် အဆင့်အတန်း သတ်မှတ်ဖို့အတွက် လုံလောက်သည်ထက်ကို ပိုသည်။
“ ဒါပေမဲ့ ခွင့်ပြုလိုက်ရင် သောင်းပြောင်းပညာရပ်ဌာနမှာ ကိုယ်စားပြုတပည့်နှစ်ယောက် ဖြစ်သွားလိမ့်မယ်။ ငါတို့ရဲ့ ရှေးဘိုးဘေးတွေ လက်ထက်ကတည်းက စည်းမျဉ်းအရ ဌာနတစ်ခုစီမှာ အနည်းဆုံး တစ်ယောက်ပဲ ရှိရမှာလေ “ လက်နက်သွန်းလုပ်ခြင်းဌာန ၏ ဌာနမှူးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
တခြားသူများလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“ ဟုတ်တယ်။ တကယ်လို့ ဌာနမှာ ပြိုင်ပွဲဝင် ခွဲတမ်း မရဘူးဆိုရင် အဲဒီဌာနက တပည့်တွေရဲ့ စိတ်ဓာတ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ် “
“ ဒီစည်းမျဉ်းက နှစ်ပေါင်း သောင်းချီ တည်ရှိလာခဲ့တာ။ ငါတို့ ပေါ့ပေါ့တန်တန် ပြောင်းလဲလို့ မရဘူး “
“ … “
“…”
ဆေးဘုရင်ရွှမ်ဟော့က ညည်းညူလိုက်သည်။ “ အရင် ပြိုင်ပွဲတွေတုန်းကရော... သောင်းပြောင်းပညာရပ်ဌာနမှာ ကိုယ်စားပြုတပည့် မရှိဘူးလေ”
ဓားဘုရင်ရှောင်ယောင်က ပြန်ဖြေလိုက်သည်။ “ အဲဒါက သူတို့ဘက်က ဘယ်သူ့ကိုမှ ဝင်ပြိုင်ဖို့ မလွှတ်တာ နှစ်ရာချီနေပြီလေ “
ထိုအခါ ဆေးဘုရင်ရွှမ်ဟော့မှာ ပြန်ချေပစရာ မရှိတော့ပေ။ သူ ကျောင်းအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်၏။
“ ရှောင်ဖုန်းရော ဘယ်လိုလဲ “
ကျောင်းအုပ်ကြီးက မေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ချူဖုန်းသည် သောင်းပြောင်းပညာရပ်ဌာန၏ ဌာနမှူး ဖြစ်ပြီး ဤကဲ့သို့ကိစ္စမျိုးကို သူသာ ဖြေရှင်းသင့်၏။
အတွင်းရေးရာ ခန်းမ၏ အကြီးအကဲချုပ်က ပြန်မဖြေခင် ခေတ္တရပ်လိုက်သည်။ “ တောင်းပန်ပါတယ် ကျောင်းအုပ်ကြီး။ သောင်းပြောင်းပညာရပ်ဌာနက ပြိုင်ပွဲမှာ မပါတာ အရမ်း ကြာနေပြီဆိုတော့ ကျွန်တော် သူတို့ကို အသိပေးဖို့ မေ့သွားပါတယ် “
ကျောင်းအုပ်ကြီးသည် ဒေါသထွက်သွားသော်လည်း မနည်း ထိန်းချုပ်လိုက်ရသည်။
“ အကြီးအကဲဟွာ... မင်း ဌာနမှူးချူဆီ ကိုယ်တိုင်သွားပြီး ပြောလိုက်ပါ။ ကိုယ်စားပြုတပည့်အဖြစ် တပည့်နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ပြီး နာမည်စာရင်း တင်ခိုင်းလိုက်။ သုံးရက်အတွင်း ရလဒ် သိချင်တယ် “
“ ဟုတ်ကဲ့... နားလည်ပါပြီ “
အကြီးအကဲဟွာ အလျင်အမြန် ပြန်ဖြေလိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ကျောင်းအုပ်ကြီးက လက်ဝှေ့ယမ်းပြီး ကြေညာလိုက်သည်။ “ အစည်းအဝေး ပြီးဆုံးပြီ “