ဂျူနီယာညီမလေးက ပိုအားနည်းတော့ ညီမလေးပဲ ကိုယ်စားပြုတပည့်လုပ်သင့်တယ်
Vol. 11 Ch. 108
“ အကြီးအကဲဟွာ... အတွင်းစည်း ပြိုင်ပွဲအတွက် ကိုယ်စားပြုတပည့် နေရာ ဆယ်ခုထဲက တစ်ခုကို ကျွန်တော် ရွေးချယ်ခွင့်ရတာ သေချာတယ်ပေါ့ “
ချူဖုန်းက သူ့ရှေ့ရှိ အကြီးအကဲဟွာကို ကြည့်ရင်း အနည်းငယ် မယုံနိုင်သလို ခံစားနေရသည်။ သူ သောင်းပြောင်းပညာရပ်ဌာန၌ နေလာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
သောင်းပြောင်းပညာရပ်ဌာနသည် ဝမ်တောက်ကျောင်းတော်၌ အဆင့်သတ်မှတ်ရလျှင် အလွန် နိမ့်သည်။ ရှောင်ချန်းသည် ကိုယ်စားပြုအဓိကတပည့် ဆယ်ယောက်ထဲတွင် ပါဝင်လာသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
ရှောင်ချန်းက သူ့ကိုယ်ပိုင် စွမ်းအားနှင့် ရလာခြင်း ဖြစ်သည်။ သို့သော် အတွင်းစည်း ကိုယ်စားပြု တပည့်ဆယ်နေရာမှ တစ်နေရာ ရဖို့ဖို့ကိုတော့ ချူဖုန်း တစ်ခါမှ မတွေးကြည့်ဖူးခဲ့ချေ။
ဟွာချန်ဖုန်း ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ်။ ဒါက ဒီနှစ်တွေအတွင်းမှာ ဌာနမှူးချူရဲ့ အကူအညီတွေအတွက် ကျောင်းအုပ်ကြီးက အသိအမှတ်ပြုပေးတာပါ။ ကျေးဇူးပြုပြီး သုံးရက်အတွင်း ဆုံးဖြတ်ပြီးရင် ကျွန်တော့်ကို အသိပေးပါ “
ချူဖုန်း အစည်းအဝေးကို လွတ်သွားရသည်မှာ သူ၏ပေါ့ဆမှုကြောင့် ဆိုသည်ကိုတော့ ထုတ်မပြော တော့ပေ။
“ သုံးရက်တောင် မလိုဘူး။ အကြီးအကဲဟွာကို အခုချက်ချင်း အဖြေပေးနိုင်ပါတယ် “
ချူဖုန်းက ပြောရင်းဆိုရင်း အဝေးမှာရှိသည့် ချောင်ရို့ချန်နှင့် ချင်းချင်းတို့ကို လက်ယက်ခေါ်လိုက်သည်။ “ မင်းတို့ နှစ်ယောက် ဆုံးဖြတ်ကြ။ ကိုယ်စားပြုတပည့် နေရာကို ဘယ်သူ လိုချင်သလဲ “
၎င်းကို ကြားသည့်အခါ ချောင်ရို့ချန် ရှေ့ထွက်လာပြီး လေးနက်စွာ ပြောလိုက်သည်။ “ ဆရာ... ဂျူနီယာညီမလေး ချင်းကိုပဲ နေရာပေးလိုက်ပါ “
ချင်းချင်းက အလျင်အမြန် တုံ့ပြန်လိုက်သည်။ “ စီနီယာအစ်ကို... ကျွန်မက အစ်ကို့လောက် မသန်မာဘူးလေ။ ကိုယ်စားပြု တပည့် ဆယ်ယောက်ထဲမှာ အစ်ကို ပါသင့်တာပါ “
“ မင်းပြောတာ မှန်တယ် “
ချောင်ရို့ချန်က လှည့်ပြီး သူမကို လေးနက်စွာ ကြည့်လိုက်သည်။ “ တိတိကျကျ ပြောရရင် အဲဒီအချက်ကြောင့်ပဲ ဂျူနီယာညီမလေးက နေရာကို လိုအပ်တာပေါ့ “
ချင်းချင်း ကြောင်အသွားပြီး တိုးညင်းစွာ ပြောလိုက်သည်။ “ စီနီယာအစ်ကို... ကျွန်မကို အားနည်းတယ်လို့ ဒီအတိုင်း ပြောလိုက်လည်း ရတယ်နော် “
ထို မြင်ကွင်းမျိုးကို ဟွာချန်ဖုန်း မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ တခြား ဌာနများတွင် ကိုယ်စားပြုတပည့် နေရာတစ်ခုအတွက် လူအများက သေမတတ် လုယက်နေကြသော်လည်း သောင်းပြောင်းပညာရပ်ဌာနမှာတော့ လုံးဝကို ကွာခြားသည်။
ချူဖုန်းသည် ရယ်မောလိုက်သည်။ “ ဒါဆိုလည်း ဆုံးဖြတ်ပြီးပြီ။ ချင်းအာက အတွင်းစည်းရဲ့ ကိုယ်စားပြုတပည့် ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်။ အကြီးအကဲဟွာ... ကျေးဇူးပြုပြီး မှတ်သားပေးပါဦး “
“ အို “
ဟွားချန်ဖုန်း သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ “ ကောင်းပါပြီ တူမလေးချင်း... မှတ်တမ်းတင်နိုင်အောင် အသိအမှတ်ပြု ကျောက်စိမ်းပြားကို ထုတ်ပေးချည်”
ခဏအကြာမှာတော့ အကြီးအကဲဟွာသည် ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားတော့သည်။
ဤ ဖြစ်ရပ်ငယ်က သောင်းပြောင်းပညာရပ်ဌာန၏ စည်းလုံးမှုကို မထိခိုက်စေခဲ့ပေ။
သို့သော် အတွင်းစည်းကိုယ်စားပြုတပည့်ဆယ်ယောက်၏ နာမည်စာရင်းများ ထွက်ပေါ်လာသည့်အခါ ပြင်းထန်စွာ ဆွေးနွေးကြတော့သည်။
ဆေးဘုရင်ရွှမ်ဟော့ပင် သတိထားမိသွားသည်။ စာရင်းကို ဖတ်ပြီးနောက် သောင်းပြောင်းပညာရပ်ဌာနဆီ သွားသောင်းကြမ်းဖို့ ချက်ချင်း ပြင်ဆင်တော့သည်။
ကံကောင်းထောက်မစွာ ချောင်ရို့ချန်က အချိန်မီ ရောက်လာခဲ့သည်။ စာကြည့်ခန်းထဲ၌ သီးသန့်ပြောဆိုပြီးနောက် ဆေးဘုရင်ရွှမ်ဟော့က သူ့မြေးကို ဆေးပညာဌာနကနေ ပြုံးရွှင်စွာ ပြန်လွှတ်ပေးလိုက်သည်။
ချောင်ရို့ချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သေးသည်။ “ ငါ့မြေး ရို့ချန်မှာ သူတော်စင်တစ်ပါးရဲ့ လက္ခဏာတွေ ရှိတယ်ကွ “
ဆေးပညာဌာန၏ တပည့်များသည် သူ့စကားများကြောင့် မှင်တက်သွားကြသည်။ သူတို့ဌာနမှူး တစ်ခုခုများ မှားနေပြီလားဟုပင် ကြိတ်တွေးနေကြသည်။ သူက အသက်လည်း ကြီးနေပြီကို လူရှေ့သူရှေ့၌ အရှက်ရစရာစကားမျိုး ပြောထွက်ပေသည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်လ ကုန်လွန်သွားခဲ့သည်။
အပြင်စည်း ပြိုင်ပွဲက ဦးစွာ စတင်လာသည်။
ချူဖုန်း၏ လမ်းညွှန်မှုအောက်တွင် သူ့၏ တပည့်လေးယောက်လုံး အဆင့်ငယ်တစ်ဆင့်စီကို အောင်မြင်စွာ တက်နိုင်ခဲ့ကြသည်။ ရှောင်ချန်းက ကောင်းကင်ဇာစ်မြစ် ဒုတိယအဆင့်၊ ချောင်ရို့ချန်က စစ်မှန်ကံကြမ္မာ ပဉ္စမအဆင့်၊ ချင်းချင်းက စစ်မှန်ကံကြမ္မာတတိယအဆင့်နှင့် ဝမ်ပေါင်လဲ့က တာအိုတည်ဆောက်ခြင်း အဋ္ဌမအဆင့်သို့ အသီးသီး ရောက်ရှိသွားကြသည်။ ဤသည်မှ ချူဖုန်းသည် နောက်ထပ် အနှစ် (၈၀)စာ ကျင့်ကြံခြင်းကို ရလာသည်။ ယခုအချိန်တွင် သူ့၌ ကျင့်ကြံခြင်း နှစ် (၆၀၀) ကျော် ရှိနေပြီ ဖြစ်သည်။
ယနေ့မနက်စောစောတွင် ချူဖုန်းသည် သူ့တပည့်များကို ဦးဆောင်၍ အပြင်စည်း ပြိုင်ပွဲ ကျင်းပရာ နေရာဆီသို့ ခေါ်ဆောင်လာသည်။
တစ်ချိန်တည်းမှာ ဝမ်တောက်မြို့ အတွင်း၌
ကိုယ်ပိုင် ခြံဝင်းထဲ၌
နဝမ မင်းသမီးသည် စစ်မှန်ကံကြမ္မာအဆင့်သို့ တက်ရန်အတွက် အရေးကြီးသည့် အချိန်သို့ရောက်နေပြီး တံခါးပိတ် ကျင့်ကြံနေသည်။
အကြီးအကဲကျောက်သည် အဝင်ဝမှာ စောင့်ရှောက်ပေးနေပြီး သူ၏ နတ်ဘုရားအာရုံဖြင့် မိုင်အတော်များများအထိ ဖုံးအုပ်ထားသည်။ မည်သည့်လှုပ်ရှားမှုကမျှ သူ၏အာရုံကို မလွတ်မြောက်နိုင်ပေ။
မကြာသေးမီ ရက်များအတွင်း သူ အကြားရဆုံး သတင်းမှာ ဝမ်တောက်ကျောင်းတော်၏ အပြင်စည်း၊ အတွင်းစည်းနှင့် အဓိကတပည့် ပြိုင်ပွဲများအကြောင်းဖြစ်သည်။
နားထောင်ပြီးနောက် အကြီးအကဲကျောက် သက်ပြင်းခိုးချလိုက်သည်။
‘ကြည့်ရတာ ဒီတစ်ခါတော့ နဝမ မင်းသမီးက ဝမ်တောက်ကျောင်းတော်က ပါရမီရှင်တွေရဲ့ ထူးချွန်မှုကို ကိုယ်တိုင်မြင်ရမဲ့ အခွင့်အရေး လွတ်သွားတော့မှာပဲ။ ဒါပေမဲ့ သူ စစ်မှန်ကံကြမ္မာအဆင့်ကို တက်ပြီး ကျောင်းတော်ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားတာနဲ့ အတွင်းစည်းကို တိုက်ရိုက် ဝင်နိုင်မှာပါလေ’
“ ဆရာ... အရမ်းကို စည်ကားနေတာပဲနော် “
စင်မြင့်ပေါ်မှနေ၍ ဝမ်ပေါင်လဲ့သည် အောက်ဘက်က လူပင်လယ်ကြီးကို ကြည့်ရင်း အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
သူ့ဘေးမှာ ချောင်ရို့ချန်က ရယ်မောရင်း ပြောလိုက်သည်။ “ ဒါက ဘာမှမဟုတ်သေးဘူး။ အဓိကတပည့် ပြိုင်ပွဲအထိ စောင့်ကြည့်လိုက်ဦး။ အဲဒီအခါကျမှ တကယ့် ပွဲစည်လာတာကို မြင်ရလိမ့်မယ်။ လူတိုင်းက အဓိကတပည့်တွေကြားက ပြိုင်ပွဲကိုစိတ်ဝင်စားတယ် “
ဝမ်ပေါင်လဲ့၏ မျက်လုံးမှာ မျှော်လင့်ချက်များဖြင့် အရောင်လက်သွားသည်။ “ ကျွန်တော် ဘယ်တော့မှ အဓိကတပည့် တစ်ယောက် ဖြစ်လာပြီး အဓိကတပည့် ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ရမလဲ မသိဘူး “
ချူဖုန်းက လေးနက်စွာ ပြန်ဖြေလိုက်သည်။ “ မင်း အစားလျှော့စားဖို့ပဲ လိုတယ်။ နောက်တစ်ခါ အဓိကတပည့် ပြိုင်ပွဲကျင်းပရင် မင်း သေချာပေါက် အရည်အချင်း ပြည့်မီလာလိမ့်မယ် “
…
ဝမ်ပေါင်လဲ့က ခေါင်းစောင်းကာ မေးသည်။” ဆရာ... ဘာလို့ ကျွန်တော့်ကို များများမစားခိုင်းရတာလဲ “
ချူဖုန်း ပြုံးလိုက်သည်။ “ မင်း ဒီလောက် ဆက်စားနေရင် နောက်အနှစ်သုံးဆယ်ကြာရင် ကောင်းကင်ဇာစ်မြစ်အဆင့်တောင် ဟုတ်နေတော့မှာ မဟုတ်ဘူး။ အဲဒီကျရင် အဓိကတပည့် ပြိုင်ပွဲကို မင်း ဘယ်လိုလုပ် ဝင်ပြိုင်တော့မလဲ “
“ ဗျာ “
ဝမ်ပေါင်လဲ့ ချက်ချင်း တိတ်ဆိတ်သွားပြီး မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။
“ ဟားဟား “
အနီးနားကနေ အားရပါးရ ရယ်မောသံကြီး ထွက်ပေါ်လာသည်။ လူတိုင်း လှည့်ကြည့်လိုက်တော့ ဆေးဘုရင်ရွှမ်ဟော့က ရယ်မောရင်း လာနေသည်ကို တွေ့လိုက်ရသည်။
“ စီနီယာ ရွှမ်ဟော့ “
“ ဌာနမှူးရွှမ်ဟော့ကို ဂါရဝပြုပါတယ် “
“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့။ မလိုဘူး “
ဆေးဘုရင်ရွှမ်ဟော့ ပြုံးပြီး ပြောလိုက်သည်။
“ ရှောင်ဖုန်း... မင်းက အရင်ကလိုပဲ ဟာသနှောတတ်တုန်းပဲ။ မင်း ပြောတာကို ကြားတော့ ငါတောင် သိချင်စိတ် ဖြစ်လာပြီ “
ချူဖုန်းသည် ခပ်တည်တည် မျက်နှာထားနှင့် ပြန်ဖြေလိုက်သည်။ “ စီနီယာ... သတိထားပါဦး။ ဒီဖက်တီးလေးက လူတိုင်း ပျိုးထောင်ပေးလို့ရတဲ့ သူမျိုး မဟုတ်ဘူး။ တကယ်လို့ စီနီယာ သူ့ကို ပျိုးထောင်ပေးရင် ဆယ်နှစ်လောက် နေရင် သူက စီနီယာ့ရဲ့ စည်းစ်ိမ် ကို ပြောင်သွားအောင် လုပ်ပစ်လိမ့်မယ် “
ဆေးဘုရင်ရွှမ်ဟောသည့် ချူဖုန်းကို ရှုပ်ထွေးစွာကြည့်လိုက်ပြီးနောက် သူ့မြေးကို ကြည့်လိုက်၏။
ချောင်ရို့ချန်က သူ့အဘိုး၏ အကြည့်ကို ခံစားမိသော် ‘ဆရာပြောတာ မှန်တယ်’ ဟူသည့် သဘောဖြင့် အလိုလို ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါမှသာ ဆေးဘုရင်ရွှမ်ဟော့ ရယ်မောပြီး ပြောသည်။ “ ငါက မင်းကို နောက်နေတာပါကွ။ ငါက တခြားလူတွေရဲ့ ပါရမီရှင်တပည့်တွေကို လုယူတတ်တဲ့သူမျိုးနဲ့တူလို့လား “
ချူဖုန်းက စကားလမ်းကြောင်း ချက်ချင်း လွှဲလိုက်သည်။ “ သေချာပေါက် မဟုတ်ပါဘူး စီနီယာရယ်။ ဒီတစ်ခါ ဆေးပညာဌာနကနေ ပါရမီရှင် အသစ်တွေများ ပေါ်ထွက်လာသေးလား “
ဆေးဘုရင်ရွှမ်ဟော့ ခေါင်းယမ်းလိုက်သည်။ “ ဒီတစ်ခါတော့ မရှိဘူး။ ငါ့ရဲ့ တပည့်တွေတောင် ကိုယ်စားပြုတပည့် တစ်နေရာစာရဖို့ မနည်း ကြိုးစားလိုက်ရတယ် “
သူတို့ ပြောနေတုန်းမှာ ဌာနအသီးသီးက ဌာနမှူးများသည် အပြင်စည်းတပည့် ပြိုင်ပွဲ ကျင်းပရာ နေရာဆီကို ရောက်ရှိလာကြသည်။
ယခင်ပြိုင်ပွဲတွေတုန်းကလို မဲနှိုက်ပြီးနောက်မှာ ပြိုင်ပွဲကို တရားဝင် စတင်လိုက်သည်။
ဝမ်ပေါင်လဲ့က သူ့၏ မဲလိပ်ကို ကိုင်ထားပြီး စင်မြင့် နံပါတ်လေး၏ အောက်ခြေ၌ သူ၏အလှည့်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
တစ်နာရီ ကြာပြီးနောက် စင်မြင့်ပေါ်က ဒိုင်လူကြီးက ကျယ်လောင်စွာ ကြေညာလိုက်သည်။ “ နောက်ပွဲစဉ်... သောင်းပြောင်းပညာရပ်ဌာနက ဝမ်ပေါင်လဲ့ နဲ့ သားရဲထိန်းကျောင်းခြင်းဌာနက ကျူးဟွေ့ဖေး တို့ ဖြစ်ပါတယ် “
စကားသံ ဆုံးသည်နှင့် ဝမ်ပေါင်လဲ့သည် သူ၏ ဓားမကြီးကို ကျောမှာလွယ်ပြီး စင်မြင့်ပေါ်သို့ တက်သွားသည်။ သူ ခြေချလိုက်သည့် အခိုက်မှာပဲ ကျွဲတစ်ကောင် အရွယ်အစားရှိသည့် သွေးရောင် ဝံပုလွေ တစ်ကောင် စင်မြင့်ပေါ်သို့ ခုန်တက်လာခဲ့သည်။
လူငယ်လေးသည် ဆန်းပြားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝံပုလွေ၏ ကျောပေါ်မှာ ထိုင်နေသည်။ သူ ခုန်ဆင်းလာပြီး ရှေ့က ဖက်တီးလေး၏ ပုံရိပ်ကို သေချာစွာ အကဲခတ် ကြည့်လိုက်သည်။
“ မင်းတို့ရဲ့ သောင်းပြောင်းပညာရပ်ဌာနက တကယ်ပဲ ဒီလောက်တောင် ဆင်းရဲနေတာလား။ ဓားမကြီးကို လက်နက်အဖြစ် အသုံးပြုနေတာပေါ့ “
သူ ထိုသို့ပြောလိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ ထူးထူးဆန်းဆန်း သွင်ပြင်ကြောင့် မှင်တက်နေသည့် လူအုပ်ကြီးက ပွဲကျကာ ရယ်မောလိုက်ကြသည်။
“ ဟားဟားဟား... “
စင်အောက်က ရယ်မောသံများကို လျစ်လျူရှုလိုက်ပြီး ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ မင်းတို့ သားရဲထိန်းကျောင်းတဲ့သူတွေကလည်း ဘာမှ မထူးခြားပါဘူး။ ငါ ယန်မန် ရွှံ့နွံတောထဲမှာ ရှိနေတုန်းကဆို မင်းရဲ့ သားရဲက ညစာစာရင်းတောင် မဝင်ဘူး “
ထို စကားလေးက ကျူးဟွေ့ဖေး၏ တည်ငြိမ်မှုကို လုံးဝ ပျက်စီးသွားစေသည်။ သူ့မျက်နှာက မည်းမှောင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ မင်းလိုကောင်ကများ... သေချင်နေတာလား။ အစ်ကိုဝံပုလွေ... သွားပြီး အဲဒီ ဖက်တီးလေးကို သင်ခန်းစာ ပေးလိုက် “
“ အူး... “
သွေးဝံပုလွေက အူသံတစ်ချက် ပေးလိုက်ပြီး ဝမ်ပေါင်လဲ့ကို ခုန်အုပ်လိုက်တော့သည်။