← Chapters

ဂျူနီယာညီလေး... နည်းနည်းလောက် ပိုပြင်းပြင်း ရိုက်စမ်းပါ

Vol. 11 Ch. 109

ဂျူနီယာညီလေး... နည်းနည်းလောက် ပိုပြင်းပြင်း ရိုက်စမ်းပါ

Vol. 11 Ch. 109

ကလန်... ကလန်... ကလန်...

စင်မြင့်ပေါ်တွင် ဝမ်ပေါင်လဲ့၏ဓားမကြီးသည် လျှပ်စီးသဖွယ် လျင်မြန်စွာ ရွေ့လျားနေ၏။ အောက်ဘက်က ပွဲကြည့်ပရိသတ်များသည်ပင် သူ၏ ဓားအမြန်နှုန်းကိုပင် မမြင်နိုင်ကြချေ။ ဝေဝေဝါးဝါးပုံရိပ်များကိုသာ မြင်ရ၏။

ကျွဲတစ်ကောင်အရွယ်အစားရှိသည့် သွေးဝံပုလွေကြီးသည် လေထဲသို့ ခုန်တက်လိုက်သော်လည်း ရုတ်တရက် အောက်သို့ ပြန်ပြုတ်ကျလာပြီး ကျယ်လောင်သော အသံကြီးနှင့်အတူ စင်မြင့်ပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားသည်။ နောက်တစ်ခဏတွင် ၎င်း၏အောက်၌ သွေးများ ဖြာကျလာ၏။

ကျူးဟွေ့ဖေးသည် ထိုမြင်ကွင်းကြောင့် အလန့်တကြား အော်ဟစ်လိုက်ပြီး သူ တိုက်ခိုက်နေဆဲဖြစ်ကြောင်းကို လုံးဝ မေ့လျော့သွားကာ သွေးဝံပုလွေဆီသို့ ပြေးသွားတော့သည်။

“ အစ်ကိုဝံပုလွေ... အစ်ကိုဝံပုလွေ... ဘာဖြစ်သွားတာလဲ။ ကျုပ်ကို မခြောက်ပါနဲ့ “

“ အီ... “

သူ၏ သွေးဝံပုလွေ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသည်ကို မြင်သောအခါ ကျူးဟွေ့ဖေးသည် စင်မြင့်ပေါ်မှာပင် ချက်ချင်း ငိုချလိုက်တော့သည်။

၎င်းကို ကြည့်ရင်း ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ “ သူ သတိလစ်သွားရုံပါ။ ငါက အသက်တစ်ခါရှုချိန်တည်းနဲ့ ဆယ့်သုံးချက် ခုတ်ချလိုက်ပေမဲ့ အသက်သွေးကြောကို သွားမထိဘူး။ သူ့ရဲ့ ခြေတွေလက်တွေကိုပဲ ဖြတ်တောက်လိုက်တာ။ တကယ်လို့ မင်း အခု အရှုံးပေးမယ်ဆိုရင် သူ့ကို ကယ်ဖို့ အချိန်မီသေးတယ်။ ဒီထက် နောက်ကျသွားရင်တော့ နောက်ဆက်တွဲဆိုးကျိုးက ဘယ်လောက်တောင်ကျန်ခဲ့မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး “

ထိုစကားကို ကြားသောအခါ ကျူးဟွေ့ဖေးသည် သတိပြန်ဝင်လာပြီး အလျင်အမြန် မတ်တပ်ရပ်ကာ အော်ဟစ်လိုက်၏။

“ ငါ အရှုံးပေးတယ်။ ငါ အရှုံးပေးတယ် “

ဒိုင်လူကြီးပင် ဆွံ့အသွားသည်။ သူသည် အရင်က အပြင်စည်းပြိုင်ပွဲများစွာကို ကြီးကြပ်ပေးခဲ့ဖူးသော်လည်း ဤကဲ့သို့သော တိုက်ပွဲမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

“ ဝမ်ပေါင်လဲ့ အနိုင်ရရှိပါတယ် “

ထိုအခါမှသာ ပွဲကြည့်ပရိသတ်များသည် သတိပြန်ဝင်လာကြပြီး စတင် ဆွေးနွေးကြတော့သည်။

“ သေစမ်းကွာ... အဲဒီ ဖက်တီးလေးဆီမှာ သိုင်းကွက်တွေ ရှိတာပဲ။ အသက်တစ်ခါရှုချိန်တည်းနဲ့ ခုတ်ချက် ဆယ့်သုံးချက်ဆိုတော့ အဲဒီဓားမက ဘယ်လောက်တောင် မြန်နေမလဲ “

“ ယောကျာ်းတစ်ယောက်အတွက် အဲဒီလောက် မြန်နေတာက အမြဲတမ်း ကောင်းတဲ့အရာတော့ မဟုတ်ဘူးနော် “

“ ငါက အတည်ပြောနေတာကို မင်းက ဘာလို့ ရုတ်တရက် လမ်းကြောင်းလွဲသွားရတာလဲ “

“ … “

ဆွေးနွေးမှုများကို လျစ်လျူရှုလိုက်ပြီး ဝမ်ပေါင်လဲ့သည် သူ၏ ဓားမကို ကိုင်လျက် စင်မြင့်ပေါ်မှ ခုန်ဆင်းလာသည်။ သူသည် သိုလှောင်အိတ်ထဲမှ သားရဲအရေခွံ တစ်ခုကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး ဓားကို စတင် သန့်စင်လိုက်၏။

အနီးနားရှိ မျက်စိလျင်သော တပည့်အချို့က ထိုအရေခွံကို မြင်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“ သေစမ်း... အဲဒါက လျှပ်စီးကျားသစ် ရဲ့ အရေခွံပဲ။ ဒီကောင်လေးက ကြောက်ဖို့ကောင်းလိုက်တာ “

လျှပ်စီးကျားသစ်။

နာမည်ကို ကြားလိုက်ရုံဖြင့် လူအများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

၎င်းသည် တာအိုတည်ဆောက်ခြင်းအဆင့် သားရဲများအားလုံးထဲတွင် အမြန်ဆုံး သတ္တဝါဖြစ်ပြီး ရင်ဆိုင်ဖြေရှင်းရန် အခက်ခဲဆုံး အကောင်များထဲမှ တစ်ကောင် ဖြစ်၏။

အပြင်လူများ၏ အမြင်တွင် ပါရမီရှင်ဟု သတ်မှတ်ခံထားရသော ဝမ်တောက်ကျောင်းတော်မှ တပည့်များကြားထဲ၌ပင် လျှပ်စီးကျားသစ် တစ်ကောင်ကို တစ်ယောက်တည်း တိုက်ခိုက်ရဲသည့်သူ အလွန် နည်းပါးလှသည်။

“ ဒီပြိုင်ပွဲမှာ ဝမ်တောက်ကျောင်းတော်မှာ နောက်ထပ် ဘီလူးတစ်ကောင်ကို မွေးထုတ်ပေးလိုက်ပြန်ပြီ “

ပွဲကြည့်စင်ပေါ်တွင် ဆေးဘုရင်ရွှမ်ဟော့သည် ဝမ်ပေါင်လဲ့၏ စွမ်းဆောင်ရည်ကို ကြည့်ရင်း နောက်ပြောင်လိုက်သည်။ “ ရှောင်ဖုန်း... မင်းက ရတနာတပည့် နောက်တစ်ယောက် ကောက်ရလာပြန်ပြီ ထင်တယ် “

ချူဖုန်း ရယ်မောလိုက်၏။ “ အဲဒီအတွက် တခြားဌာနတွေကို ကျေးဇူးတင်ရမယ်။ သူတို့သာ ဒီဖက်တီးလေးကို မငြင်းခဲ့ဘူးဆိုရင် သူ့ရဲ့ ပါရမီက ဘယ်လောက်တောင် ထူးဆန်းလဲဆိုတာ ကျွန်တော် သိခဲ့ရမှာ မဟုတ်ဘူး “

သူ၏ စကားကြောင့် ဌာနမှူးများ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာကြသည်။

ဆေးဘုရင်ရွှမ်ဟော့က မေးလိုက်သည်။ “ ဒါဆို ဒီကောင်လေးရဲ့ ပါရမီနောက်ခံက ထူးခြားတယ်ပေါ့ “

ချူဖုန်းသည် ဝမ်ပေါင်လဲ့ တပည့်အဖြစ် လက်ခံရန်အတွက် ဝမ်တောက်တိုကင်ကို မည်သို့ ယူဆောင်လာခဲ့ကြောင်းနှင့် နောက်ဆုံးတွင် သောင်းပြောင်းပညာရပ်ဌာနသို့ မည်သို့ ရောက်သွားခဲ့ကြောင်း ဇာတ်လမ်းအပြည့်အစုံကို ပြန်လည် ပြောပြလိုက်၏။

၎င်းကို ကြားပြီးနောက် ဌာနမှူးများသည် သူတို့၏ အကြီးအကဲများကို အပြင်းအထန် ရိုက်နှက်ချင်စိတ်များ ရုတ်တရက် ဖြစ်ပေါ်လာကြတော့သည်။

ဆေးဘုရင်ရွှမ်ဟော့က ဆက်ပြောသည်။ “ သူ့ရဲ့ ပါရမီက ဘာထူးဆန်းတာလဲ ဆိုတာကို မင်း ငါတို့ကို မပြောရသေးဘူး “

“ သူက ထောင်ထျဲ သွေးမျိုးဆက်ရှိတယ်။ ထောင်ထျဲ ခန္ဓာကိုယ်လေ “

ချူဖုန်းသည် ဝမ်ပေါင်လဲ့၏ ပါရမီကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော်ပြောလိုက်၏။

ထိုအခါ ဌာနမှူးများသည် မနာလိုစိတ်များကို ချက်ချင်း စွန့်လွှတ်လိုက်ကြသည်။ ထောင်ထျဲ ခန္ဓာကိုယ်သည် သူတို့ မကျွေးမွေးနိုင်လောက်အောင်‌ ကုန်ကျစရိတ်ကြီးမားသည့် ပါရမီတစ်ခု ဖြစ်သည်။ သူ့ကို ချူဖုန်း၏စည်းစိမ် ပြောင်သလင်းခါသွားအောင် စုပ်ယူခိုင်းလိုက်သည်က ပိုကောင်းပါလိမ့်မည်။

ထိုနေ့ မွန်းလွဲပိုင်းတွင်

ဝမ်ပေါင်လဲ့သည် နောက်ထပ် ပွဲစဉ်တစ်ခု ယှဉ်ပြိုင်ခဲ့ပြီး အလွယ်တကူပင် အနိုင်ရရှိသွားခဲ့သည်။

နောက်ပြောင်တတ်သော တပည့် အချို့က သူ့ကို နာမည်ပြောင် တစ်ခုပင် ပေးလိုက်ကြသေးသည်။ ဓားမကိုင်သခင်လေးဟူ၍ပင်။

နောက်ရက်အနည်းငယ် အတွင်းတွင် ဝမ်ပေါင်လဲ့သည် အားစိုက်စရာမလိုဘဲ ဆက်တိုက် အနိုင်ရရှိခဲ့ပြီး ထိပ်သီးလူတစ်ရာထဲသို့ လျင်မြန်စွာ ရောက်လာ၏။

တစ်ချိန်တည်းမှာပင် အတွင်းစည်း ပြိုင်ပွဲ ကလည်း စတင်လာ၏။

ထိုနေ့တွင် ဝမ်ပေါင်လဲ့သည် ပွဲမရှိသဖြင့် ဆရာ၊ ပထမစီနီယာအစ်ကိုနှင့် တတိယ စီနီယာအစ်မတို့နှင့်အတူ ဒုတိယ စီနီယာအစ်ကို၏ ပထမဆုံး တိုက်ပွဲကို ကြည့်ရှုရန် လိုက်သွား၏။

အတွင်းစည်းနှင့် အဓိကတပည့် ပြိုင်ပွဲများ၏ စည်းကမ်းချက်များသည် အပြင်စည်းနှင့် အနည်းငယ် ကွာခြားသည်။ တိုက်ပွဲစင်မြင့်များ မရှိသောကြောင့် တိုက်ပွဲအားလုံးကို လေထဲတွင်သာ ယှဉ်ပြိုင်ကြရသည်။ ထို့ကြောင့် ပြိုင်ကွင်းအပြင်ဘက်သို့ ပြုတ်ကျခြင်း ဆိုသည့် သဘောတရား မရှိတော့ပေ။ သတ်မှတ်ထားသော တိုက်ပွဲဧရိယာမှာ အချင်းဝက်တစ်ကီလိုမီတာ အပြည့်ရှိပြီး တိုက်ခိုက်သူများကို စွမ်းအားအပြည့် ထုတ်ဖော်ခွင့် ပြုထားသည်။

ပွဲစဉ်သည် တစ်ဖက်မှ အရှုံးပေးခြင်း၊ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားခြင်း သို့မဟုတ် ရေကန်ထဲသို့ ဆယ်ကြိမ်တိုင်တိုင် ပြုတ်ကျသွားခြင်း ဖြစ်မှသာ အဆုံးသတ်မည် ဖြစ်သည်။

ပွဲကြည့်ပရိသတ်များသည် ကမ်းစပ်မှသာ ကြည့်ရှုနိုင်၏။ မည်သူမျှ ရေကန်ထဲသို့ ဝင်ရောက်ခွင့် သို့မဟုတ် တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။

အမှတ်နှစ် ရေမျက်နှာပြင်တွင် ဒိုင်လူကြီးက ကြေညာလိုက်သည်။ “ နောက်ပွဲစဉ်... သောင်းပြောင်းပညာရပ်ဌာနက ချောင်ရို့ချန် နဲ့ လက်နက်သွန်းလုပ်ခြင်းဌာနက ထျဲ့ရှင်း တို့ ဖြစ်ပါတယ် “

ကမ်းစပ်ရှိ လူအုပ်ကြီးက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

“ ဘာတွေဖြစ်နေတာလဲ။ စီနီယာအစ်ကို ချောင်က သားရဲတစ်ကောင်လို သန်မာတာကို ဘာလို့ ကိုယ်စားပြုတပည့် မဖြစ်ရတာလဲ “

“ ဟုတ်တယ်။ သူ့ကို ပဏာမပွဲစဉ်တွေမှာ ထည့်ထားတာက တခြားသူတွေကို အနိုင်ကျင့်နေတာပဲ “

“ ဟုတ်တယ်။ ဓားပညာဌာနက ပါရမီရှင်တွေတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ။ သာမန် အတွင်းစည်း တပည့် တစ်ယောက်က သူ့ကို ဘယ်လိုလုပ် ယှဉ်တိုက်နိုင်မှာလဲ “

လူအုပ်ကြီးက ဆူညံနေချိန်တွင် ချောင်ရို့ချန်သည် လက်နောက်ပစ်ကာ ရေမျက်နှာပြင်ပေါ်သို့ တည်ငြိမ်စွာ လျှောက်သွားသည်။ တစ်ချိန်တည်းမှာပင် တောင့်တင်းခိုင်မာသော ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။

၎င်းမှာ မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့် အဘိုးအို တစ်ဦးဖြစ်ပြီး သူ၏ ကျောတွင် ဧရာမ တူကြီးတစ်လက်ကို လွယ်ထားသည်။

ထျဲ့ရှင်း ပေါ်လာသည့် အခိုက်အတန့်တွင် ကြည့်ရှုနေသော တပည့်များမှာ မှင်တက်သွားကြသည်။ သူတို့ထဲမှ တစ်ယောက်က တုံ့ဆိုင်းစွာ မေးလိုက်သည်။

“ ဒီလူက တကယ်ပဲ အတွင်းစည်း တပည့် ဟုတ်ရဲ့လား။ သူက အကြီးအကဲတွေထက်တောင် ပိုအိုနေသေးတယ် “

“ ဟုတ်တယ်... သူက အသက် သုံးဆယ်ကျော်လေးပဲ ရှိသေးတာ။ ဒါပေမဲ့ နေ့တိုင်း လက်နက်တွေ ထုလုပ်နေရတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေခါနီး လူတစ်ယောက်လို ဖြစ်နေတာ “

“ လက်နက်သွန်းလုပ်တာက ဒီလောက် အသက်အန္တရာယ်များမှန်း မသိခဲ့ဘူး “

“ … “

ထျဲ့ရှင်းက ထိုစကားများကို လျစ်လျူရှုလိုက်သည်။ သူသည် တူကို ကျောပေါ်တွင် လွယ်ထားပြီး ဦးစွာ အရိုအသေ ပေးလိုက်၏။ “ စီနီယာအစ်ကို ချောင်ကို အရိုအသေပြုပါတယ် “

“ ဂျူနီယာညီလေး ထျဲ့... မင်းက အရမ်း ယဉ်ကျေးလွန်းနေပြီ “

ချောင်ရို့ချန်သည် အများကထင်သလို မာနမကြီးဘဲ တောက်ပသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ပွဲကြည့်စင်ပေါ်တွင် ဆေးဘုရင်ရွှမ်ဟော့သည် ချောင်ရို့ချန်၏ အသွင်ပြောင်းလဲမှုကို မြင်တွေ့လိုက်ရပြီး ချူဖုန်းကို လက်မထောင်ပြလိုက်၏။

“ ရှောင်ဖုန်း... မင်းကျေးဇူးကြောင့် ချန်အာက ယဉ်ကျေးပြီး လိမ္မာရေးခြားရှိတဲ့ ကောင်လေး တစ်ယောက် ဖြစ်လာတာ “

ချူဖုန်းက ခေါင်းယမ်းလိုက်သည်။ “ စီနီယာက မြှောက်ပင့်လွန်းနေပါပြီ။ တကယ်လို့ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်တယ်ဆိုရင် ရှောင်ချန်းကိုပဲ ကျေးဇူးတင်ပါ။ သူက ချန်အာကို ဘယ်လို ပြုမူရမလဲဆိုတာ မကြာခဏ သင်ပေးနေတဲ့သူ”

“ … “

ဆေးဘုရင်ရွှမ်ဟော့ နားမလည်ဖြစ်သွားသည်။ ဘာအဓိပ္ပာယ်ပါလိမ့်။

ကံကောင်းထောက်မစွာဖြင့် ပွဲစဉ် စတင်လာပြီ ဖြစ်ရာ လူတိုင်း၏ အာရုံသည် ရေမျက်နှာပြင်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

ဘုန်း... ဘုန်း... ဘုန်း...

ရေကန်ပေါ်တွင် ထျဲ့ရှင်း၏ တူကြီးက ချောင်ရို့ချန်၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ရိုက်နှက်နေပြီး ရိုက်ချက်တိုင်းက ကြည်လင်သည့် သတ္တုမြည်သံများ ထွက်ပေါ်လာစေ၏။

ချောင်ရို့ချန်သည် လက်နောက်ပစ်လျက် နေရာတွင် ရပ်နေပြီး ထျဲ့ရှင်းကို ကြည့်ကာ ပြုံးနေသည်။ “ ဂျူနီယာညီလေး ထျဲ့... နည်းနည်းလောက် ပိုပြင်းပြင်း ရိုက်စမ်းပါ။ ငါ ခံနိုင်သေးတယ် “

ထျဲ့ရှင်းသည် ဒေါသကြောင့် မျက်နှာရဲတက်သွား၏။ “ စီနီယာအစ်ကို ချောင်... ခင်ဗျား အရမ်း လွန်လွန်းနေပြီ။ မီးတောက် ကြမ်းကြုတ်တူ “

အော်ဟစ်လိုက်သည်နှင့် သူ၏ တူကြီးသည် အနီရောင် မီးတောက်များ ပေါက်ကွဲထွက်လာပြီး ချောင်ရို့ချန်၏ ခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ကြည့်ရှုနေသော လူအုပ်ကြီးက အသက်အောင့်ထားလိုက်မိကြသည်။ ဒိုင်လူကြီးပင်လျှင် အချိန်မရွေး ဝင်ရောက်တားဆီးရန် အဆင်သင့် ပြင်ထားလိုက်၏။

ဒုံး...

တူကြီးသည် ချောင်ရို့ချန်၏ ခေါင်းကို မိုးခြိမ်းသံအလား ကျယ်လောင်သော အသံကြီးနှင့်အတူ ပြင်းထန်စွာ ရိုက်မိသွားသည်။

သို့သော် တွန်းကန်အားကြောင့် ထျဲ့ရှင်း၏ လက်ထဲမှ တူကြီးသည် ချက်ချင်း လွင့်ထွက်သွားပြီး ပြန်ကန်ထွက်လာကာ သူ၏ မျက်နှာကို တည့်တည့် ဝင်ဆောင့်မိသွားတော့၏။

ဂွပ်...

ရေမျက်နှာပြင် တစ်လျှောက်၌ အရိုးကျိုးသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြီး ထျဲ့ရှင်းသည် ကန်ထဲသို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။

ကမ်းစပ်ရှိ လူတိုင်း မှင်တက်သွားကြပြီး နေရာမှာပင် အေးခဲသွားကာ အချိန်အတန်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်သွားတော့သည်။

ဒိုင်လူကြီးပင် ခဏတာ မှင်တက်သွားပြီးနောက် နောက်ဆုံးတွင် ကြေညာလိုက်တော့သည်။ “ ချောင်ရို့ချန် အနိုင်ရပါတယ် “

All Chapters