ဖက်တီးလေး... မင်းက အခု အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်နေပြီ
Vol. 11 Ch. 110
“ ဝိုး... စီနီယာအစ်ကိုချောင်က အံ့ဩစရာကြီး။ သူက တစ်ချက်လေးမှတောင် မလှုပ်ရှားဘဲ ပြိုင်ဘက်ကို အနိုင်ယူသွားတာ “
“ ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီလို ပွဲမျိုး တစ်ခါမှ မမြင်ဖူးပေါင် “
“ အရင်တုန်းက စီနီယာအစ်ကိုချောင် စီနီယာအစ်ကိုကျင်းဂန်ရဲ့ ရေခဲကန် စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ ငါတို့ ခန္ဓာကိုယ်သန့်စင်ခြင်းဌာနကို မဝင်လာတာတော့ နှမြောစရာပဲ။ မဟုတ်ရင် သူက ကိုယ်စားပြုတပည့် ဖြစ်နေတာ ကြာလှပြီ “
“ အဲဒီ ဂျူနီယာက ခန္ဓာကိုယ်သန့်စင်ခြင်းဌာနကဟ။ မင်းစကားကို ဆင်ခြင်ပြောတာ ကောင်းမယ်။ စီနီယာတွေက မင်းကို စောင့်ကြည့်နေကြတယ် “
“ … “
လူအုပ်ကြီး၏ အံ့သြမှင်တက်သံများကြားတွင် ချောင်ရို့ချန်သည် လေထဲသို့ တက်လိုက်ပြီး သူ၏ဆရာဖြစ်သူထံသို့ သွားလိုက်သည်။
ထိုအချိန်တွင် ထျဲ့ရှင်း၏ စီနီယာဂျူနီယာတပည့်များသည် သူ့ကို ရေကန်ထဲမှ အလျင်အမြန် ဆယ်ယူလိုက်ကြ၏။
သူ၏ မျက်နှာတစ်ခုလုံး ပြားချပ်နေအောင် ရိုက်ချေခံထားရသည်ကို မြင်သောအခါ သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။
‘စီနီယာအစ်ကိုချောင်က အဲဒီလောက် အစွမ်းထက်နေတာလား’
သူတို့ တွေးမိသွားကြ၏။
မည်သူက သူ၏ ကိုယ်စားပြုတပည့် နေရာကို လုယူသွားခဲ့သနည်း ဆိုသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
“ ဒုတိယ စီနီယာအစ်ကို... အစ်ကိုက တကယ် မိုက်တာပဲ “
ချောင်ရို့ချန် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ဝမ်ပေါင်လဲ့က သူ့ကို ဂုဏ်ပြုရန် အလျင်အမြန် ပြေးလာခဲ့သည်။
သူ့ဘဝမှာ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
ချောင်ရို့ချန် အသာအယာ ပြုံးလိုက်သည်။ “ ငါက အရမ်း သန်မာနေတာ မဟုတ်ဘူး။ အဲဒီကောင်ကိုက အရမ်း အားနည်းလွန်းနေတာ။ ငါ ဘာမှတောင် မလုပ်လိုက်ရဘဲ လဲကျသွားတာ “
ဝမ်ပေါင်လဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “ စီနီယာအစ်ကိုချောင်... သူ့ကို တိုက်ခိုက်ဖို့ ဘယ် နည်းစနစ်ကို သုံးလိုက်တာလဲ “
ဌာနမှူးများအားလုံးလည်း နားစွင့်လိုက်ကြ၏။ ချောင်ရို့ချန်၏ စွမ်းအားက သူတို့၏ ယခင်က အမြင်များကို လုံးဝ ပြောင်းလဲသွားစေပါသည်။
ချောင်ရို့ချန်က ရယ်မောလိုက်သည်။ “ အဲဒါက ထျန်းကန်းခန္ဓာသိုင်းမဟုတ်ရင် သံမဏိအင်္ကျီသိုင်း ဖြစ်နိုင်တယ်။ ငါက ခန္ဓာကိုယ်နည်းစနစ်တွေ အများကြီးကို လေ့ကျင့်ထားတော့ သေချာတောင် မမှတ်မိတော့ဘူး “
သူ ထိုသို့ပြောပြီးသွားသောအခါ ချူဖုန်းမှလွဲ၍ ကျန်သည့် ဌာနမှူး ကိုးယောက်စလုံး မှင်တက်သွားကြသည်။
သူတို့အားလုံး ကြောင်အနေသော အမူအရာများဖြင့် ချူဖုန်းဘက်သို့ လှည့်ကြည့်လာကြ၏။
သို့သော် ချူဖုန်းက သူတို့၏ အကြည့်များကို လျစ်လျူရှုပြီး ပြုံးရုံသာ ပြုံးနေလိုက်သည်။ “ အရမ်းကြီး အလွန်အကျွံတော့ မလုပ်နဲ့ပေါ့ “
ချောင်ရို့ချန်က ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ “ စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ် “
ရှောင်ချန်းပင် ဝင်ပြောလိုက်သည်။ “ ဆရာ... သူ့အတွက် စိတ်ပူနေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် အဆင့်တူတွေထဲမှာ ကျွန်တော့်ရဲ့ ဓားချက် ဆယ်ချက်ကို ခံနိုင်ရည်ရှိတဲ့သူက သိပ်မများဘူးလေ “
ချောင်ရို့ချန် ပြောစရာစကား မဲ့သွား၏။ “ စီနီယာအစ်ကို... ကျွန်တော့်ကို ရိုက်ရင် ဓားတစ်သောင်းတို့အပြန် နည်းစနစ်ကို မသုံးလို့ရမလား “
ရှောင်ချန်းက ခေါင်းယမ်းလိုက်သည်။ “ မရဘူး။ အရှုံး ဆိုတဲ့ စကားလုံးက ငါ့ရဲ့ အဘိဓာန်မှာ မရှိဘူး။ လေ့ကျင့်တဲ့ပွဲဆိုရင်တောင်မရဘူး “
ချောင်ရို့ချန် “ ... “
ဝမ်ပေါင်လဲ့က တုံ့ဆိုင်းစွာ မေးလိုက်သည်။ “ ဒုတိယ စီနီယာအစ်ကို... ထျန်းကန်းခန္ဓာသိုင်းက လူပျိုတွေပဲ ကျင့်ကြံလို့ရတဲ့ နည်းစနစ်တစ်ခု မလား “
“ အစပြုသူတွေအတွက်တော့ ဟုတ်တယ်။ ဒါပေမဲ့ ငါက ဘယ်သူလဲ။ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဒုတိယမြောက် ပါရမီရှင်လေ။ နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထထားတဲ့ လူတစ်ယောက်ကွ။ ငါ့ရဲ့ ပါရမီနဲ့ဆိုရင် အဲဒီလို ရိုးရှင်းတဲ့ သိုင်းပညာတွေက ကိတ်မုန့်စားသလောက်ပဲ “
ချောင်ရို့ချန်က ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြောလိုက်သည်။
ဆေးဘုရင်ရွှမ်ဟော့သည် သူ၏ လက်ဖက်ရည်ကို သောက်လိုက်ပြီး တွေးလိုက်သည်။ ‘ ချောင်မိသားစုက အမွေဆက်ခံသူကို ရှာတွေ့သွားပြီပဲ ‘
တစ်ရက် အနားယူပြီးနောက်...
ယခုအခါ ဝမ်ပေါင်လဲ့သည် ထိပ်သီးလူတစ်ရာစာရင်းတွင် ပါဝင်နေပြီဖြစ်၏။ သူသည် ဆက်လက် ယှဉ်ပြိုင်နေလိုက်သည်။ ချောင်ရို့ချန်သည်လည်း သူ၏ ပဏာမပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်၏။
သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသည်မှာ ထျဲ့ရှင်းမှလွဲ၍ ပြိုင်ဘက်တိုင်းသည် သူ့ကို မြင်ပြီးသည်နှင့် အရှုံးပေးကြပြီး တစ်ခါတစ်ရံတွင် တစ်ကွက်မျှ ယှဉ်ပြိုင်ပြီးသည်နှင့် အရှုံးပေးကြသည်။
သူက ပျင်းစရာကောင်းသည်ဟု ထင်လာသည်။ ပွဲတစ်ပွဲ ပြီးဆုံးသွားပြီးနောက် သူသည် ရှောင်ချန်းထံ သွားရောက် ညည်းညူတော့၏။
“ စီနီယာအစ်ကို... ဒီကောင်တွေ အကုန်လုံးက ငကြောက်တွေချည်းပဲ “
ရှောင်ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ သူတို့တွေ စင်ပေါ် တက်လာတုန်းက အစွမ်းကုန် ကြိုးစားကြတယ်ကွ။ ကြောက်နေကျတာ မဟုတ်ဘူး။ သူတို့က မင်းရဲ့ ခုခံမှုကို မထိုးဖောက်နိုင်ကြဘူး။ ထိပ်သီးတစ်ရာထဲ ဝင်သွားတဲ့အခါ စစ်မှန်တဲ့ တိုက်ပွဲက စတင်မှာ “
ချောင်ရို့ချန်သည် သူ၏ ပြောင်နေသော ခေါင်းကို ပွတ်သပ်လိုက်သည်။ “ ဂျူနီယာညီလေး လူတွေကို ရိုက်နှက်နေတာ သွားကြည့်တာမှ ပျော်စရာကောင်းဦးမယ် “
အပြင်စည်း၌ ထိပ်သီးတစ်ရာ ပွဲစဉ်များ စတင်နေပြီ ဖြစ်သောကြောင့် ချူဖုန်းသည် ချင်းချင်းနှင့်အတူ လာရောက် ကြည့်ရှု၏။ ထို့ကြောင့် အတွင်းစည်းတွင် ချောင်ရို့ချန်နှင့် ရှောင်ချန်းတို့သာ ကျန်ရစ်ခဲ့သည်။
အဓိကတပည့် ပြိုင်ပွဲသည် အတွင်းစည်း ပဏာမပြိုင်ပွဲများ ပြီးဆုံးပြီးမှသာ စတင်မည် ဖြစ်သည်။ ရှောင်ချန်းက ကိုယ်စားပြုတပည့် ဖြစ်သောကြောင့် ပဏာမပွဲစဉ်များတွင် ပါဝင်ရန် မလိုအပ်ဘဲ အဓိကတပည့် ထိပ်သီးတစ်ရာ ပွဲစဉ်များ မစတင်မီအထိရက်အနည်းငယ် နားနိုင်သေးသည်။
ယခုအခါ အပြင်စည်းတပည့် ပြိုင်ပွဲသည် နောက်ဆုံး အဆင့်သို့ ရောက်လာသည်။
ဝမ်ပေါင်လဲ့သည် ဖိအားအနည်းငယ်မျှမရှိဘဲ ထိပ်သီးဆယ်ယောက်ထဲသို့ တက်လှမ်းသွားနိုင်ခဲ့သည်။
ပွဲစဉ် ပြီးဆုံးသွားပြီးနောက် သူသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ချူဖုန်းထံသို့ ပြေးလာသည်။ “ ဆရာ... ဆရာ... ကျွန်တော် ထိပ်သီး ဆယ်ယောက်ထဲ ဝင်သွားပြီ။ ပြိုင်ပွဲပြီးသွားတာနဲ့ ကျွန်တော်က တရားဝင် အတွင်းစည်း တပည့် တစ်ယောက် ဖြစ်လာတော့မှာ “
ချူဖုန်းက သူ၏ ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။ “ နောက်ထပ် နှစ်ပွဲလောက် နိုင်လိုက်ရင် မင်းက အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်သွားပြီ “
ဝမ်ပေါင်လဲ့ “ ... “
ဖူး...
ချင်းချင်းသည် မအောင့်ထားနိုင်တော့ဘဲ ရယ်မောလိုက်သည်။ “ ဂျူနီယာညီလေး... စီနီယာအစ်မက ရယ်ချင်လို့ မဟုတ်ဘူးနော်။ ဖွီး... အရမ်း ရယ်စရာကောင်းလွန်းနေလို့ပါ “
ဝမ်ပေါင်လဲ့ ကသိကအောက်ဖြင့် ခေါင်းကို ကုတ်လိုက်သည်။ “ ဆရာ... ထိပ်သီး လေးယောက်ထဲဝင်တာက ရှက်စရာကောင်းလို့လား “
ချူဖုန်းက အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်၏။ “ နောက်ကျရင် မင်း နားလည်လာမှာပါ။ အကောင်းဆုံးသာ ကြိုးစားလိုက်ပါ “
ဝမ်ပေါင်လဲ့သည် ကြောင်အသွားသော်လည်း ခေါင်းညိတ်လိုက်သည်။ “ ဒီထက် ပိုရှေ့ရောက်အောင် ကျွန်တော် ကြိုးစားပါ့မယ် ဆရာ “
နှစ်ရက် ကြာပြီးနောက် ဝမ်ပေါင်လဲ့သည် နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ထိပ်သီးလေးယောက်ထဲတွင် နေရာတစ်ခုစာကို ရယူနိုင်ခဲ့သည်။
အပြင်စည်း ပြိုင်ပွဲ၏ ထိပ်သီးလေးယောက်စာရင်းကို ယခုအခါ အတည်ပြုလိုက်ပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့အပြင် ဓားပညာဌာနမှ ကျန်းချန်၊ ဥပဒေဌာနမှ လျူလီနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းဌာနမှ ဝူမင် တို့ ဖြစ်ကြ၏။
ဤရလဒ်သည် အံ့ဩစရာတော့မဟုတ်ချေ။
ပြောင်လက်နေသော ခေါင်းတုံးနှင့် ဝူမင်ကို ချူဖုန်းက တစ်ချက် ကြည့်လိုက်ပြီး ဆေးပညာဌာန၏ ဒုတိယ အကြီးအကဲဘက်သို့ လှည့်လိုက်သည်။ “ အကြီးအကဲ... ကျွန်တော်တို့ ဝမ်တောက်ကျောင်းတော်က ဘုန်းကြီးတွေကိုလည်း လက်ခံတာလား “
ဒုတိယ အကြီးအကဲက ရယ်လိုက်သည်။ “သေချာပေါက် လက်ခံတာပေါ့။ အဲဒီ ကိုရင်လေးက နှလုံးသားကျောင်းတော်က လာတာလေ။ သူ့ရဲ့ ဘိုးဘေးက တစ်ချိန်တုန်းက ကျုပ်တို့ ဝမ်တောက်ကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဆယ်နှစ်တစ်ကြိမ် သူတို့က ဒီကို ကျင့်ကြံဖို့ တပည့်တစ်ယောက် စေလွှတ်လေ့ရှိတယ် “
“ ဒီ ကိုရင်လေးအပြင် ကျုပ်တို့ ကျောင်းတော်က တပည့်တွေ တည်ထောင်ခဲ့တဲ့ ဂိုဏ်းတွေနဲ့ အင်အားစုတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင် တပည့်တွေကို လေ့ကျင့်ဖို့ စေလွှတ်လေ့ရှိတယ် “
“ ပြိုင်ပွဲပြီးလို့ တပည့်သစ် စုဆောင်းတဲ့အခါ ဌာနမှူးရဲ့ သောင်းပြောင်းပညာရပ်ဌာနလည်း အင်အားစုကြီးတွေဆီကနေ တပည့် တချို့ ရနိုင်ပါတယ် “
“ ဒီလိုကိုး။ အဲဒီ ကိုရင်လေးက အတော်လေး ထူးခြားတာပဲ “ ချူဖုန်းက စိတ်ဝင်တစား အကဲခတ်ရင်း ပြောလိုက်၏။
ဒုတိယ အကြီးအကဲ နောက်တစ်ကြိမ် ရယ်မောလိုက်ပြန်သည်။ “ ဌာနမှူးချူ... မင်း အဲဒီ ကိုရင်လေးကို သဘောကျနေပြီလို့တော့ မပြောနဲ့နော်။ ဒါပေမဲ့ သူက သောင်းပြောင်းပညာရပ်ဌာနကို ဝင်မှာ မဟုတ်လောက်ဘူး။ခန္ဓာကိုယ်သန့်စင်ခြင်းဌာနမှာပဲနေပြီး သိုင်းပညာရယ် ဇင်ရယ်ကို လေ့ကျင့်လောက်တယ် “
ချူဖုန်းသည် အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။ “ မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... အကြီးအကဲ၊ အထင်မလွဲပါနဲ့။ အမွေအနှစ်တွေ ရထားတဲ့ တပည့်တွေကို ကျွန်တော် စိတ်မဝင်စားဘူး။ ဒီကောင်လေးက ပြိုင်ပွဲမှာ ပထမနေရာ ရသွားလောက်တယ်လို့ ကျွန်တော် ထင်နေလို့ပါ “
“ အမြင်စူးရှသားပဲ။ အဲဒီကောင်လေးက နှလုံးသားကျောင်းတော်မှာ နှစ်တစ်ထောင်အတွင်းမှာ ပါရမီရှင်အမြင့်ဆုံးလို့ ပြောကြတယ်။ သူက လွန်ခဲ့တဲ့ နှစ်နှစ်ခွဲကတည်းက ဝမ်တောက်ကျောင်းတော်ကို အပို့ခံခဲ့ရတာ။ အဲဒါကြောင့် ဌာနမှူးချူ သူ့ကို အခုချိန်ထိ မတွေ့ခဲ့ဖူးတာပေါ့ “ ဒုတိယ အကြီးအကဲက အသေးစိတ် ရှင်းပြလိုက်သည်။
၎င်းကို ကြားသောအခါ ချူဖုန်းသည် ဝူမင်၏ ဖိနပ်များဆီသို့ အလိုအလျောက် ကြည့်လိုက်မိ၏။
ကောင်လေး၏ ခြေထောက်ရှိ ခပ်ညံ့ညံ့အနက်ရောင် ဖိနပ်တစ်ရံကို မြင်လိုက်ရသောအခါ ပြုံးလိုက်မိသည်။
ဝမ်ပေါင်လဲ့က ပြောလိုက်သည်။ “ ဆရာ... တကယ်လို့ သူ ပထမနေရာ ရမယ်လို့ ထင်ရင် ကျွန်တော်က ထိပ်သီး လေးယောက် နေရာမှာ သေချာသွားပြီ ဆိုတဲ့ သဘောမလား “
ထိုအခါမှသာ ဝမ်ပေါင်လဲ့၏ နောက်ထပ် ပြိုင်ဘက်က ဝူမင် ဖြစ်နေသည်ကို ချူဖုန်း ပြန်အမှတ်ရသွား၏။
“ ပွဲက မစသေးပါဘူး။ ပြီးမှပဲ ဆက်ပြောကြတာပေါ့”
ဝမ်ပေါင်လဲ့ သူ၏ လက်သီးများကို ဆုပ်လိုက်၏။ “ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ဆရာ “