← Chapters

လူတွေ့စစ်ဆေးခြင်း

Vol. 1 Ch. 1

လူတွေ့စစ်ဆေးခြင်း

Vol. 1 Ch. 1

"ရောက်တော့မှာလား"

"သား စိတ်လှုပ်ရှားမနေနဲ့ဦးနော် သားအမှတ်တွေနဲ့ဆို သေချာပေါက် အရွေးခံရမှာပါ"

"ခွဲစိတ်ခအတွက် စိတ်မပူနဲ့သိလား အမေ အချိန်ပိုင်းအလုပ်တစ်ခု ထပ်ရထားတယ်။ ပိုက်ဆံပြည့်အောင် အမေစုပေးပါ့မယ် သားက အင်တာဗျူးကိုပဲ အာရုံစိုက်ထားနော်"

ဖုန်း screen ပေါ်မှ မိခင်ဖြစ်သူ၏ စာကိုကြည့်ရင်း ကျန်းယုတစ်ယောက် ဖုန်းကို တိတ်ဆိတ်စွာဖြင့် ပြန်သိမ်းလိုက်လေသည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ မျက်လုံးများကိုမှိတ်၍ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။

အချိန်အတော်ကြာပြီးနောက် အရှေ့ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"အမှတ်စဉ် ၉၈၉... ကျန်းယု"

ကျန်းယုသည် နေရာမှထရပ်ကာ လူတွေ့စစ်ဆေးမည့် အခန်းထဲသို့ ဝင်ရောက်သွားလေသည်။

စစ်ဆေးသူ သုံးဦးနှင့် မျက်နှာချင်းဆိုင်လိုက်ရချိန်တွင် မရေမတွက်နိုင်အောင် လေ့ကျင့်ထားခဲ့ရသော ယဉ်ကျေးသည့် အပြုံးကို မျက်နှာထက်၌ ချိတ်ဆွဲလိုက်မိသည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ တုန်းယန်အလယ်တန်းကျောင်းက ကျန်းယုပါ"

အလယ်တွင်ထိုင်နေသော စစ်ဆေးသူက သူ့ကိုကြည့်ကာ တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။

"ဘာလို့ ဒီကျောင်းကို လာလျှောက်ရတာလဲ"

ကျန်းယုက ပြန်ဖြေလိုက်သည်။

"ဒီကျောင်းမှာ ရှည်လျားတဲ့ နောက်ခံသမိုင်းကြောင်းရှိသလို ယဉ်ကျေးမှုအခြေခံလည်း ခိုင်မာတယ်... ပညာရေးအရင်းအမြစ်တွေလည်း ပေါများပြီး လူ့အဖွဲ့အစည်းအတွက် ထူးချွန်သူတွေကို မွေးထုတ်ပေးနိုင်ခဲ့..."

စစ်ဆေးသူမှာ မျက်မှောင်ကြုတ်လျက် သူ့စကားကို ဖြတ်ပြောလိုက်လေသည်။

"ရိုးအီနေတဲ့စကားတွေ ဖယ်ထားလိုက်စမ်းပါ"

ထိုအခါမှ ကျန်းယုလည်း ရိုးသားစွာ ဖြေလိုက်ရတော့သည်။

"ကျွန်တော် နာမည်ကြီး တက္ကသိုလ်တစ်ခု တက်ချင်လို့ပါ။ ကျွန်တော်လျှောက်လို့ရတဲ့ ကျောင်းတွေထဲမှာ ဆောင်ယန်အထက်တန်းကျောင်းက တက္ကသိုလ်ဝင်ခွင့်ရနှုန်း အမြင့်ဆုံးမို့ပါ"

စစ်ဆေးသူသည် သူ့လက်ထဲရှိ ဖိုင်ကိုကြည့်ရင်း ဖျော့တော့စွာ ပြုံးလိုက်သည်။

"အင်း... ဘာသာရပ်တိုင်းမှာ အမှတ်ပြည့်ပဲ။ တစ်ကျောင်းလုံးမှာ ပထမအဆင့်လား။ ထောက်ခံစာရလာတာ မဆန်းပါဘူး"

"မင်းရဲ့အမှတ်တွေက ပြဿနာမရှိပေမဲ့ ဆောင်ယန်ကျောင်းကို ဝင်ချင်ရင်တော့ စာတော်ရုံနဲ့ မလုံလောက်သေးဘူး"

ထို့နောက် စစ်ဆေးသူက ခေတ္တမျှစဉ်းစားပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

"မင်း တစ်ရက်ကို ဘယ်နှစ်နာရီ အိပ်လဲ"

ကျန်းယုက ဖြေလိုက်၏။

"ငါးနာရီပါ"

စစ်ဆေးသူက အံ့သြသွားသည့်ဟန်ဖြင့် မျက်ခုံးပင့်လိုက်ကာ...

"ငါးနာရီတောင် ဟုတ်လား"

"ဒီကျောင်းက ကျောင်းသားတွေက မူလတန်းအဆင့်ကတည်းက တစ်ရက်ကို နှစ်နာရီအောက်ပဲ အိပ်ကြတာ။ နှစ်အလိုက် ထူးချွန်ကျောင်းသားတွေဆိုရင် အများစုက လုံးဝကို မအိပ်ကြဘူး"

"မင်းက တစ်ရက်ကို ငါးနာရီအိပ်တယ်ဆိုတော့ သူများတွေထက် စာလုပ်ချိန် သုံးနာရီ လျော့နေတာပေါ့။ ကိုးနှစ်ဆိုတဲ့ ကာလအတွင်းမှာ နာရီပေါင်း တစ်သောင်းလောက် ကွာဟသွားပြီ..."

ကျန်းယု ခေတ္တမျှ ကြောင်အသွားလေသည်။ သူကြိုးစားနေပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ သူများထက် မည်မျှနောက်ကျကျန်နေခဲ့သည်ကို သဘောပေါက်သွားခဲ့၏။ ဆောင်ယန်မြို့ရှိ ကျောင်းသားများသည် ကိုးနှစ်အရွယ်တွင် မူလတန်းစတက်ပြီး ဆယ့်ရှစ်နှစ်တွင် အထက်တန်းရောက်ကြသည်ဖြစ်ရာ ထိုကိုးနှစ်တာကာလအတွင်း လူအချင်းချင်း ကွာဟမှုမှာ ဤမျှကြီးမားလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

သူ အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

"သူတို့ကို မီအောင် ကျွန်တော် ကြိုးစားပါ့မယ်"

ဘယ်ဘက်ရှိ စစ်ဆေးသူက ဝင်မေးပြန်သည်။

"အထက်တန်း သင်ရိုးညွှန်းတမ်း ဘယ်လောက်ထိ သင်ပြီးထားပြီးပြီလဲ"

ကျန်းယုသည် စိတ်ကိုတည်ငြိမ်အောင်ထားကာ ယုံကြည်ချက်ရှိရှိ ဖြေလိုက်သည်။

"ပထမနှစ် သင်ရိုးအထိ ကိုယ်တိုင်လေ့လာပြီးပါပြီ"

ထိုအခါ အခြားစစ်ဆေးသူတစ်ဦးက မျက်မှောင်ကြုတ်လိုက်ပြီး...

"ပထမနှစ်ပဲ ရှိသေးတာလား။ ဒီကျောင်းမှာက အတန်းမစခင်ကတည်းက ကျောင်းသားတိုင်း အထက်တန်းသင်ရိုးတစ်ခုလုံး ပြီးထားပြီးသားဆိုတာ မင်း မသိဘူးလား"

ကျန်းယု တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ သူ မသိထားသော အရေးကြီးအချက်အလက်တစ်ခု ပေါ်လာပြန်ပြီ။ သူ၏ အားသာချက်ဟု ထင်မှတ်ထားခဲ့သည်မှာ ချက်ချင်းပင် အားနည်းချက်တစ်ခု ဖြစ်သွားခဲ့လေ၏။

သူ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေချိန်တွင် အလယ်မှစစ်ဆေးသူက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

"စာလုပ်တဲ့စွမ်းရည် အမြင့်ဆုံးဖြစ်အောင်နဲ့ အချစ်ရေးကိစ္စတွေ ရှုပ်ထွေးမနေအောင် ကျောင်းမအပ်ခင်မှာ ကျောင်းသားတိုင်း သားကြောဖြတ်ထားဖို့ လိုအပ်တယ်။ ဒါမှ ကျင့်ကြံခြင်းလမ်းစဉ်မှာ အပြည့်အဝ အာရုံစိုက်နိုင်မှာ"

"အဲ့ဒါကို မင်းသိထားရဲ့လား"

နောက်ဆုံးတွင် သူသိထားသည့်အရာတစ်ခု ကြားလိုက်ရသဖြင့် အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

"ကျွန်တော့်မိသားစုက ပြင်ဆင်နေကြပါပြီ။ ကျောင်းမဖွင့်ခင် ဟိုမုန်းဓာတ်တွေ တည်ငြိမ်ပြီး စာလုပ်ဖို့အဆင်သင့်ဖြစ်အောင် သားကြောဖြတ်တာကို သေချာပေါက် လုပ်ထားပါ့မယ်"

စစ်ဆေးသူက မရေမရာ ခေါင်းညိတ်လိုက်ပြီး...

"ကောင်းပြီ။ ဒီနေ့တော့ ဒီလောက်ပါပဲ။ မင်း ပြန်လို့ရပြီ"

ကျန်းယုမှာ စိတ်မသန့်စွာဖြင့် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ အခြားသူများနှင့်ယှဉ်လျှင် သူ၏အင်တာဗျူးက ပိုမြန်နေသလို ခံစားလိုက်ရသည်။

သူ ထွက်သွားပြီးနောက် အလယ်မှစစ်ဆေးသူက ခေါင်းယမ်းလိုက်ကာ...

"အလယ်တန်းမှာကတည်းက သားကြောမဖြတ်ထားဘူးဆိုတော့ သူ့ရဲ့ တာအိုလမ်းစဉ်အပေါ် ဆန္ဒပြင်းပြမှုက မလုံလောက်သေးပါဘူး"

ဘေးနားရှိ အမျိုးသမီးစစ်ဆေးသူကလည်း ရယ်မောကာ ဝင်ပြောလေသည်။

"ဘာမှမသိဘဲ ဒီကိုလာရဲသေးတယ်။ ဆေးစစ်ချက်မှတ်တမ်းမရှိ၊ ပြင်ပစာမေးပွဲ ရမှတ်တွေလည်း မရှိနဲ့။ သာမန်အလယ်တန်းကျောင်းတွေကလာတဲ့ ထောက်ခံစာရ ကျောင်းသားတွေက တစ်နှစ်ထက်တစ်နှစ် ပိုညံ့လာပါရောလား။ အစိုးရရဲ့ ထောက်ပံ့မှုပေါ်လစီသာ မရှိရင် သူတို့တွေ ကျွန်မတို့ကို လာတွေ့ခွင့်ရမှာ‌ေတာင်မဟုတ်ဘူး"

အလယ်မှစစ်ဆေးသူက ခေါင်းညိတ်ထောက်ခံလိုက်၏။

"ဟူး... ဆင်းရဲတဲ့ကလေးတွေက ပိုပြီး စိတ်ဓာတ်ပြင်းပြမယ်လို့ ထင်ထားတာ။ ငါ မျှော်လင့်တာတွေများလွန်းသွားတာပဲ နေမှာပါ"

"လောလောဆယ်တော့ အရံလူစာရင်းထဲ ထည့်ထားလိုက်ပါ"

ပြောပြီးသည်နှင့် ကျန်းယု၏ ကိုယ်ရေးရာဇဝင်ဖိုင်ကို ဘေးနားရှိ အမှိုက်တောင်းထဲသို့ ပစ်ထည့်လိုက်လေသည်။ ထိုအမှိုက်တောင်းထဲတွင် အခြားသော အရံလူစာရင်းဝင် ဖိုင်ပေါင်းရာချီ၍ ပြည့်ကြပ်နေလျက်ရှိ၏။

ကျန်းယုမှာ အင်တာဗျူးရလဒ် မကောင်းမှန်းသိသော်လည်း ဝမ်းနည်းပူဆွေးနေချိန် မရှိပေ။ နောက်ထပ် အင်တာဗျူးတစ်ခုပြီးတစ်ခု သွားရောက်ဖြေဆိုရန်အတွက် ပြင်ဆင်ပြီး အခြားအထက်တန်းကျောင်းများကိုပါ ဆက်လက်သွားရောက်နေရသည်။

"ကျန်းယု... မင်းမိသားစုက ကျောင်းလခမတတ်နိုင်တာ ငါတို့ နားလည်ပါတယ်။ ဒါပေမဲ့ ငွေကြေးခက်ခဲတဲ့ ကျောင်းသားတွေအတွက် ချေးငွေစနစ်ရှိပါတယ်။ မင်းအနေနဲ့ မလိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို ပေါင်နှံထားရုံပဲလေ..."

"စိတ်မပူပါနဲ့၊ မင်း နေရာမှန်ကို ရောက်လာတာပါ။ မင်းက ယောကျ်ားလေးဆိုပေမဲ့ ငါတို့ မိန်းကလေးကျောင်းက ခွဲခြားမဆက်ဆံပါဘူး။ လိင်ပြောင်းလဲခြင်း ခွဲစိတ်မှုသာ လုပ်မယ်ဆိုရင် ကျောင်းဝင်ခွင့်ရရုံတင်မကဘူး... ဂုဏ်ထူးတန်းမှာ ယွမ်ယင်ချီသန့်စင်ခြင်းပညာရပ်ကို သင်ယူနိုင်မယ့် ထူးချွန်ကျောင်းသားအဖြစ်ပါ အသိအမှတ်ပြုခံရမှာ..."

"နှမြောစရာပဲ ကျောင်းဝင်ခွင့်စံနှုန်းမီဖို့ နည်းနည်းလေး လိုသွားတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ဆင်းရဲတဲ့ကျောင်းသားတွေအတွက် အထူးပါရမီရှင် ခေါ်ယူတဲ့စနစ်ရှိတယ်။ မင်းသာ ရုပ်ခန္ဓာကို စွန့်လွှတ်မယ်ဆိုရင် ဝိညာဉ်ကျင့်ကြံသူအဖြစ်နဲ့ ကျောင်းအုပ်ကြီးရဲ့ ဝိညာဉ်အလံတံခွန်ထဲမှာ ဝင်ရောက်သင်ကြားနိုင်လိမ့်မယ်.."

"ကျောင်းသားလေး မင်းအတွက် အကိုက်ညီဆုံးနေရာကို ရောက်လာတာပဲ။ ဒီကျောင်းက သာမန်ပြည်သူတွေထဲက ပါရမီရှင်တွေအတွက် သီးသန့်ဖွင့်ထားတာ။

အကျိုးခံစားခွင့်တွေ ပြောပြမယ်။ ရေထဲမှာ ဉာဏ်ရည်မြှင့်ဆေးတွေ ထည့်ထားလို့ ကျောင်းသားတိုင်း အမြဲတမ်း အာရုံစူးစိုက်မှု Level-5 အခြေအနေမှာ ရှိနေမှာ။

အတန်းပိုင်ဆရာက နေ့တိုင်း နွားမိစ္ဆာခန္ဓာကိုယ်အားဖြည့်ဆေး ၉၀၀ ဂရမ် တိုက်ကျွေးမှာဖြစ်လို့ ကျင့်ကြံခြင်းစွမ်းရည်က အရင်ကထက် ၁၀ ဆ မြန်လာလိမ့်မယ်။

လေအေးပေးစနစ်ထဲမှာတောင် အာရုံကြောလှုံ့ဆော်ဆေးတွေ ထည့်ထားတာမို့ မင်းအနေနဲ့ ဘယ်တော့မှ အိပ်စရာလိုတော့မှာ မဟုတ်ဘူး... အားလုံးက အခမဲ့နော်။

ဒါပေမဲ့ ဒီအားဖြည့်ဆေးတွေကို ခံနိုင်ရည်ရှိဖို့အတွက် သတ်မှတ်ထားတဲ့ ဆေးရုံမှာ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုတော့ လုပ်ရလိမ့်မယ်။

စိတ်မပူပါနဲ့။ ဇီဝကမ္မဖြစ်စဉ် မြန်ဆန်စေဖို့ ရှေးဟောင်းပစ္စည်းတချို့ ထည့်သွင်းရုံပါပဲ။ ဒါကတော့ ဈေးနှုန်းစာရင်းပါ..."

အင်တာဗျူးတစ်ခုပြီးတစ်ခု... မေးခွန်းတစ်ခုပြီးတစ်ခု...

တချို့နေရာများက မဖြစ်နိုင်လောက်အောင် တောင်းဆိုမှုများလွန်းသဖြင့် အောင်မြင်မှုဟူသည် လက်လှမ်းမမီနိုင်သော အရာဖြစ်နေသည်။

တချို့နေရာများကမူ သူ့ကို ဝါးမြိုပစ်မည့် ထောင်ချောက်ဆန်ဆန် စာချုပ်များဖြင့် ပြည့်နှက်နေ၏။

ထိုအရာအားလုံးက ကျန်းယုအပေါ်သို့ ပိကျလာပြီး အသက်ရှူကျပ်မတတ် ဖြစ်လာစေသည်။

ယခုမှသာ သူ သဘောပေါက်သွားတော့သည်။ ဆင်ခြေဖုံးရပ်ကွက်မှ အလယ်တန်းကျောင်းတွင် အဆင့်တစ်ရခြင်းက မြို့လယ်ခေါင်မှ ကျောင်းသားများနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။

ယခုမြင်တွေ့နေရသည်မှာ သူတို့ကြားရှိ ကွာဟချက်များထဲမှ ရေခဲတောင်ကြီး၏ ထိပ်ဖျားလေးမျှသာ ရှိသေးသည်ကို သူ သိလိုက်ရ၏။

နှစ်များစွာ သူကြိုးစားခဲ့သမျှ ယခုအခါတွင် ဟာသတစ်ခုသဖွယ် ဖြစ်နေတော့သည်။

နောက်ဆုံးတွင် သူကလည်း စာလုံးဝမလုပ်သော အတန်းဖော်များနှင့် ဘာမျှမခြားနားတော့ပေ... ဘယ်သူမှ အထက်တန်းကျောင်း တက်ခွင့်မရကြ။

အိမ်ပြန်ရောက်သောအခါ ကျန်းယုသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေမိသည်။

စားပွဲပေါ်မှ ဖုန်းသည် တုန်ခါလျက် အကြိမ်ကြိမ် အသံမြည်နေ၏။

အမေ: "အင်တာဗျူး ဘယ်လိုနေလဲသား"

အမေ: "အမေ ဒီနေ့ အလုပ်ဆင်းတာနောက်ကျမယ်။ ရေခဲသေတ္တာထဲက ဟင်းတွေ နွှေးစားဖို့ မမေ့နဲ့နော်"

ခဏကြာတော့ ဖုန်းက ထပ်မံတုန်ခါလာပြန်သည်။

အမေ: "သား... စိတ်မပူနဲ့နော်။ သားကြောဖြတ်တာပဲဖြစ်ဖြစ်၊ လိင်ပြောင်းတာပဲဖြစ်ဖြစ် ကြိုက်တာရွေး... ခွဲစိတ်ခကို အမေ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရှာပေးပါ့မယ်"

သို့သော် ကျန်းယု ဖုန်းကို ဖွင့်မကြည့်ဖြစ်။ မျက်နှာကြက်ကိုသာ ငေးကြည့်ရင်း သူ့အနာဂတ်အကြောင်း တွေးတောနေမိသော်လည်း ခေါင်းထဲ၌ ဗလာဟင်းလင်းသာ ဖြစ်နေလေသည်။

ထိုစဉ် ဖုန်းက ကြမ်းတမ်းစွာ ထပ်မံတုန်ခါလာပြန်သည်။

ကျန်းယု ကိုင်ဖို့စိတ်ကူးမရှိသော်လည်း တစ်မိနစ်ကျော်ကြာသည်အထိ မရပ်မနား တုန်ခါနေသဖြင့် နောက်ဆုံးတွင် ကောက်ကိုင်လိုက်သည်။သို့‌ေသာ်လည်း တစ်ဖက်မှ ဖုန်းချသွားပြီဖြစ်သည်။

ထို့နောက် စာတစ်စောင် ဝင်လာ၏။

'သင့်အတွက် သီးသန့်ငွေ ၅၀၀၀ အဆင်သင့်ရှိနေပါပြီ။ လက်ခံရရှိရန် ၁၀ စက္ကန့်သာ လိုပါတော့သည်...'

"ချေးငွေကြော်ငြာလား"

"ဟွန်း"

ကျောင်းတစ်ကျောင်းကျောင်းက သူ့ရဲ့ အင်တာဗျူးအချက်အလက်တွေကို ပြန်ရောင်းစားလိုက်သည်ဟု ကျန်းယု တွေးလိုက်မိသည်။

သို့သော် စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းကိုပြန်ကောက်ကိုင်လိုက်ပြီး ထိုစာကို ဖွင့်ကြည့်လိုက်မိလေတော့သည်။

All Chapters