← Chapters

ကာယအချိန်

Vol. 1 Ch. 6

ကာယအချိန်

Vol. 1 Ch. 6

ခံစားမှုလွန်ကဲနေရန် အချိန်မရှိချေ။ ကျန်းယု အတန်းထဲသို့ ပြန်ရောက်ပြီး မကြာမီမှာပင် မျက်မှန်ထူထူ တပ်ထားသော သင်္ချာဆရာက စာမေးပွဲအဖြေလွှာ အထပ်လိုက်ကို ကိုင်လျက် ဝင်ရောက်လာလေသည်။

"ဒီနေ့... ပြီးခဲ့တဲ့ စာမေးပွဲအဖြေလွှာတွေကို ပြန်ကြည့်ကြမယ်"

"ရှေ့ကနေ နောက်ကို ကမ်းပေးလိုက်ကြ"

"ကိုယ့်အမှား ကိုယ်ပြန်ကြည့်... ဆရာ ဘယ်နှခါ ပြောခဲ့လဲ... နားမလည်ရင် လာမေးပါလို့! မနေ့ညနေက ရုံးခန်းထဲမှာ ၃ နာရီလောက် ထိုင်စောင့်နေတာတောင် မင်းတို့ကောင်တွေ တစ်ကောင်မှ အရိပ်အယောင်တောင် ပေါ်မလာကြဘူး..."

သင်္ချာအဖြေလွှာများ ဝေနေစဉ်မှာပင် တံခါးပွင့်သွားပြီး အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် အားကစားဆရာ ဝင်ချလာသည်။ သူသည် သင်္ချာဆရာကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"မင်း နေမကောင်းဘူးဆို"

ထိုသို့ပြောပြီး နေမကောင်းဖြစ်သွားသော (မောင်းထုတ်ခံလိုက်ရသော) သင်္ချာဆရာကို ပြန်လွှတ်လိုက်ပြီးနောက် အားကစားဆရာ ဝမ်ဟိုင်သည် ကျောင်းသားများဘက် လှည့်ကာ ကြေညာလိုက်လေသည်။

"ဒီအချိန်ကစပြီး အားကစားအချိန် ဖြစ်သွားပြီ"

"ဒါပေမဲ့ သင်္ချာကို ကိုယ့်ဘာသာ ပြန်လေ့လာဖို့တော့ မမေ့နဲ့ဦး။ အထွေထွေဘာသာရပ်တွေက မသေမျိုး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ် ၅၀ ဖိုး ပါသေးတယ်။ ၁ မှတ်ကွာရင်တောင် လူထောင်ချီပြီး အဆင့်ကွာသွားနိုင်တာ"

"စကားစပ်လို့ ပြောရဦးမယ်... မင်းတို့ တရုတ်စာဆရာနဲ့လည်း ငါ ပြောပြီးပြီ။ အဲ့ အချိန်ကိုပါ အားကစားချိန် ပြောင်းလိုက်ပြီ။ မူလ အားကစားချိန်ပါ ပေါင်းလိုက်ရင် ဒီမနက်ခင်း တစ်ပိုင်းလုံး ငါ့အချိန် ဖြစ်သွားပြီ"

ကျောင်းသားများက ဝမ်ဟိုင်၏ နောက်သို့လိုက်ကာ မိုးလုံလေလုံ လေ့ကျင့်ရေးကွင်းသို့ သွားကြရလေသည်။ ထိုနေရာသည် ကျယ်ပြောသော ရင်ပြင်ကြီးတစ်ခုနှင့် တူပြီး မျက်စိကျိန်းလောက်အောင် စုံလင်လှသည့် လေ့ကျင့်ရေး စက်ကိရိယာများဖြင့် ပြည့်နှက်နေပေသည်။

ဝမ်ဟိုင်က ကျောင်းသားများကို ပြောလိုက်၏။ "ချီသန့်စင်ခြင်း နယ်ပယ် ဆိုတာ မသေမျိုးလမ်းစဉ်ရဲ့ အခြေခံအုတ်မြစ်ပဲ။ အထက်တန်း ပထမနှစ်မှာ အုတ်မြစ် ဘယ်လောက်ခိုင်လဲ ဆိုတာက ဒုတိယနှစ်နဲ့ တတိယနှစ်မှာ ဘယ်လောက် မြင့်မြင့် ရောက်နိုင်မလဲ ဆိုတာကို အဆုံးအဖြတ်ပေးလိမ့်မယ်..."

သူ စကားပြောနေစဉ်မှာပင် ကျန်းယု၏ စိတ်ထဲ၌ မေ့ပျောက်လုနီးပါး ဖြစ်နေသော မှတ်ဉာဏ်ဟောင်းများက ရင်းနှီးသော မြင်ကွင်းများကြောင့် ပြန်လည် နိုးထလာခဲ့သည်။

ဂိုဏ်းကြီးဆယ်ဂိုဏ်း စုစည်းတည်ထောင်ပြီးနောက်ပိုင်း မသေမျိုး ကျင့်ကြံခြင်းမှာ ကြီးမားကျယ်ပြန့်သော စနစ်တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့လေသည်။ အင်အားအဆင့် သတ်မှတ်ချက်များနှင့် အဆင့်ခွဲခြားမှုများက နေရာတိုင်းတွင် ရှိနေပြီး မသေမျိုး နည်းပညာ၏ ကဏ္ဍတိုင်းတွင် ပါဝင်ပတ်သက်နေကြသည်။ ၎င်းမှာ အဆုံးအစ မရှိသော သမုဒ္ဒရာကြီး တစ်ခုလိုပင်။

ထိုအထဲမှ လူသိအများဆုံးမှာ မသေမျိုးလမ်းစဉ်မှ အင်မော်တယ်ဆယ်ပါး ဖြစ်သည်။

လူတစ်ဦးက မည်သည့်နယ်ပယ်အထိ ရောက်ရှိနိုင်မည်ကို အဆုံးအဖြတ်ပေးသော အဓိက အတိုင်းအတာများမှာ တာအိုအဆင့် နှင့် ဝိညာဉ်စွမ်းအင် ပမာဏတို့ ဖြစ်ပေသည်။

အထက်တန်းကျောင်းသားများအတွက်မူ တာအိုအဆင့် ၁၀ နှင့် ဝိညာဉ်စွမ်းအင် အမှတ် ၆၀ ကျော်မှသာလျှင် ချီသန့်စင်ခြင်း နယ်ပယ်မှ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည် ဖြစ်သည်။

ဤကာယအချိန်များမှာ ခန္ဓာကိုယ်ကို သိပ်သည်းမာကျောစေရန်နှင့် စိတ်ဓာတ်ခိုင်မာစေရန် ရည်ရွယ်ခြင်း ဖြစ်၏။

သန်မာသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းကို ထိရောက်မှု ရှိစေရုံသာမက တာအိုနှလုံးသားကို မြှင့်တင်ရာတွင် လိုအပ်သော စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း များစွာ အထောက်အကူ ပြုလေသည်။ ထို့အပြင် ချီသန့်စင်ခြင်း အဆင့်၌ လက်တွေ့တိုက်ခိုက်ရေး စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်ပေသည်။

တာအိုနှလုံးသားနှင့် ဝိညာဉ်စွမ်းအင်သည် မသေမျိုးလမ်းစဉ်၏ အခြေခံအုတ်မြစ် ဖြစ်သည်ဆိုလျှင် ကာယအချိန်၌ လေ့ကျင့်သော ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ထိုအုတ်မြစ်၏ အခြေခံအုတ်မြစ်ဟု ဆိုရပေမည်။

ထိုအချိန်တွင် စုဝေးနေသော ကျောင်းသားများအပေါ်သို့ အလင်းတန်းများ ဖြတ်သန်းကျရောက်လာပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များကို စကင်န်ဖတ်ကာ အနီးရှိ ဖန်သားပြင်ပေါ်တွင် အများမှ အနည်းသို့ စဉ်လိုက် ဖော်ပြလိုက်လေသည်။

* ပထမ - ချန်ရှင်း - ကာယစွမ်းအား ၁.၁၅

* ဒုတိယ - ပိုင်ကျန်းကျန်း - ကာယစွမ်းအား ၁.၁၃

* တတိယ - ဟယ်သယုံ- ကာယစွမ်းအား ၁.၁၂

...

ကျန်းယုသည် အောက်သို့ တော်တော်လေး ဆွဲကြည့်လိုက်မှသာ ၁၉ နေရာ၌ သူ့အမည်ကို တွေ့လိုက်ရ၏။

* ၁၉ - ကျန်းယု- ကာယစွမ်းအား ၀.၈၂

ခွန်ရွှီတွင် မသေမျိုး နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဒေတာနှင့် စွမ်းဆောင်ရည် ညွှန်းကိန်းများသည်လည်း ပိုမို တိကျလာခဲ့လေပြီ။

ကာယစွမ်းအားကို ကိန်းဂဏန်းဖြင့် ဖော်ပြရုံသာမက ကာယအချိန်တိုင်း၌ ပြန်လည် တွက်ချက် စစ်ဆေးလေ့ရှိသည်။

တာအိုနှလုံးသားကဲ့သို့ပင် ကာယစွမ်းအားသည်လည်း ချီသန့်စင်ခြင်း နယ်ပယ်၌ အမြင့်ဆုံး အမှတ် ၁၀ အထိ ရှိနိုင်သည်။

နယ်ပယ် ချိုးဖျက်တက်လှမ်းရာတွင် မလိုအပ်သော်လည်း ကာယစွမ်းအားသည် ကျင့်ကြံခြင်း ထိရောက်မှုနှင့် တိုက်ခိုက်ရေး စွမ်းရည်တို့အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိပေသည်။ မသေမျိုးလမ်းစဉ် ဘာသာရပ်၏ စုစုပေါင်းရမှတ် ၆၅၀ ထဲတွင် ၁၅၀ သည် ကာယစွမ်းအားအတွက် သတ်မှတ်ထားခြင်း ဖြစ်၏။

"ငါ့အဆင့်က ၁၉ ထိတောင် ကျသွားပြီလား"

ကျန်းယု မျက်မှောင်ကြုတ်လျက် သူ၏ ရမှတ်ကို ကြည့်လိုက်မိသည်။ ပြီးခဲ့သော ရက်သတ္တပတ်များအတွင်း အခြားသူများက သူ့ထက် ကာယစွမ်းရည် တိုးတက်မှုနှုန်း ပိုမြန်လာခဲ့ကြသည်ကို သတိရလိုက်သည်။

သူ့ဘေးပတ်လည်တွင် ကျောင်းသားများသည် ဆေးထိုးအပ်များကို ကိုယ်စီထုတ်ကာ အမှတ်တံဆိပ် အမျိုးမျိုးသော စွမ်းဆောင်ရည်မြှင့် အားဆေးများကို ထိုးသွင်းနေကြပြီဖြစ်၏။

ခန္ဓာကိုယ်ထဲ ရောက်သွားသည်နှင့် ထိုဆေးများသည် ကြွက်သားနှင့် အရိုးသိပ်သည်းဆကို တိုးစေရုံသာမက လေ့ကျင့်ခန်း လုပ်ရာတွင်လည်း ထိရောက်မှုကို အဆများစွာ၊ တစ်ခါတစ်ရံ ဆယ်ဆမက မြှင့်တင်ပေးနိုင်လေသည်။ အထက်တန်း ပထမနှစ် ကျောင်းသားများအတွက် ၎င်းသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်နေ၏။

လေ့ကျင့်ခန်း တစ်ရက် ပျက်ချင်ပျက်နိုင်သော်လည်း ဆေးထိုးရန် တစ်ရက်မှ ပျက်၍ မရချေ။ ထိပ်တန်းကျောင်းသားများသည် တစ်နေ့လျှင် ၈ ကြိမ်အထိ ဆေးထိုးလေ့ရှိသည်ဟု ဆိုကြသည်။

အဝေးမှ ပိုင်ကျန်းကျန်းကို လှမ်းကြည့်လိုက်ရာ သူမသည် လက်မောင်း၊ ပေါင်နှင့် တင်ပါးများ၌ စုစုပေါင်း ၉ ချက်တိတိ ဆေးထိုးသွင်းနေသည်ကို တွေ့လိုက်ရသည်။

ဘေးပတ်လည်ရှိ ကြွက်သားအဖုအထစ်များနှင့် လူကောင်ကြီးများဖြင့် ယှဉ်လျှင် ပိုင်ကျန်းကျန်းသည် သေးသွယ်နေသော်လည်း ၎င်းမှာ လေ့ကျင့်ပုံ လမ်းစဉ် ကွဲပြားခြင်းကြောင့် ဖြစ်ကြောင်း ကျန်းယု မှတ်မိလိုက်သည်။ ကိုယ်ရွေးချယ်သော လမ်းစဉ်အလိုက် တည်ဆောက်ရသည့် ခန္ဓာကိုယ်ပုံစံလည်း ကွဲပြားပေသည်။

ဝမ်ဟိုင်သည် ကျန်းယုတစ်ယောက် ဆေးထိုးမည့်ပုံ မပေါ်သည်ကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်လျက် လျှောက်လာလေသည်။

"ကျန်းယု... မင်း နောက်ဆုံး အားဆေးထိုးခဲ့တာ ဘယ်နှရက် ရှိပြီလဲ"

ကျန်းယုသည် ပိုက်ဆံမရှိ၍ မထိုးနိုင်ကြောင်း ဝန်မခံရဲပေ။ ဆောင်ယန် အထက်တန်းကျောင်း၌ ဆင်းရဲခြင်းသည် စာမေးပွဲကျခြင်းကဲ့သို့ပင် ရှက်စရာကောင်းသော ကိစ္စဖြစ်သည်။ သူ့အကြောင်း အူမချေးခါးမကျန် သိနေသော ပိုင်ကျန်းကျန်း တစ်ယောက်သာလျှင် အမှန်တရားကို သိသူဖြစ်သည်။

မှတ်ဉာဏ်အပိုင်းအစများအရ ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် ဆေးများကို အလွန်အကျွံ သုံးစွဲခဲ့သဖြင့် ကိုယ်တွင်းအင်္ဂါများနှင့် သွေးကြောများ ဒဏ်ပိနေခဲ့ကြောင်း သိခဲ့ရသည်။ သူသည် အကြိမ်ကြိမ် မူးလဲဖူးပြီး အသက်အန္တရာယ်ပင် ကြုံခဲ့ရဖူးသည်။

ထို့ကြောင့် သူက မရေမရာ ဆင်ခြေတစ်ခု ပေးလိုက်၏။

"ကျွန်တော်အားဆေးမပါဘဲ လေ့ကျင့်ကြည့်ချင်လို့ပါ..."

ဝမ်ဟိုင်၏ မျက်မှောင်ကြုတ်မှုက ပိုနက်ရှိုင်းသွားပြီး မိုးခြိမ်းသံကဲ့သို့ အသံကြီးဖြင့် ပြောလိုက်လေသည်။ "အွန်လိုင်းပေါ်က သဘာဝအတိုင်း ခန္ဓာကိုယ် တည်ဆောက်နည်းဆိုတဲ့ အလိမ်အညာတွေကို သွားယုံနေတာတော့ မဟုတ်ပါဘူးနော်။ အဲဒါတွေ အကုန် ဂျင်းတွေကွ။ အားဆေးမပါဘဲ ဘယ်လိုလုပ် သူများတွေကို မီမှာလဲ"

"မင်းအဆင့် ဘယ်လောက်ထိ ကျသွားပြီလဲ ကြည့်ဦး။ ဒီပုံစံအတိုင်း ဆက်သွားရင် နောက်စာမေးပွဲကျရင် စံပြအတန်းကနေ ကန်ထုတ်ခံရလိမ့်မယ်"

သူသည် ကျန်းယုကို စိတ်ပျက်လက်ပျက် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ငါ့အတွက်မို့လို့ မင်းကို ဆေးထိုးခိုင်းနေတယ် ထင်နေလား။ မင်း ကြွက်သားတက်တော့ရော ငါ့ဆီ ရောက်လာမှာမို့လို့လား"

သူက အဝေးမှ ကျောင်းသားတစ်ဦးကို လက်ညှိုးထိုးပြသည်။

"ဟိုမှာ ချန်ရှင်းကို ကြည့်စမ်း... ကြွက်သားနဲ့ အရိုး သန်မာဖို့အတွက် နဂါးဆင် အားတိုးဆေးကို နေ့တိုင်း ၁၂ လုံး ထိုးတယ်။ တစ်သျှူးတွေ စုတ်ပြဲကြီးထွားတဲ့ ဒဏ်ကို ခံနိုင်ဖို့ အကိုက်အခဲပျောက်ဆေး ၂ လုံး သောက်တယ်။ ဇီဝကမ္မဖြစ်စဉ်နဲ့ အာဟာရစုပ်ယူမှု မြန်ဆန်စေဖို့ ဂလူးကို့စ်မြှင့်တင်‌ေဆး ၂ လုံး သုံးတယ်။ လူကောင်ထွားဖို့ တစ်နေ့ကို အစာ ၁၅ ပေါင်လောက် စားတယ်..."

"၃ လ အတွင်းမှာတင် သူ့ရဲ့ ကာယစွမ်းအားက ၀.၁၃ ကနေ ၁.၁၅ ထိ တက်လာတာ။ ပထမနှစ် အတန်းတစ်ခုလုံးမှာ ခန္ဓာကိုယ် အကောင်းဆုံးပဲ။ မင်းရဲ့ သဘာဝနည်းလမ်းက နှစ် ၂၀ လောက် နေရင်တောင် အဲဒါကို မီမှာ မဟုတ်ဘူး"

ဝမ်ဟိုင် ပြောနေစဉ် ကျန်းယု ပြန်စဉ်းစားကြည့်လိုက်ရာ ၅ ပေ ၇ လက်မသာ ရှိပြီး ပိန်လှီသော ချန်ရှင်း ဆိုသည့် ကောင်လေးသည် ၂ မီတာကျော်အရပ်၊ ပေါင် ၃၀၀ အလေးချိန်ရှိသော ဘီလူးကောင်ပေါက်စ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံကို သတိရလိုက်သည်။

ဝမ်ဟိုင်က နောက်ထပ် ကျောင်းသားတစ်ဦးကို ညွှန်ပြပြန်သည်။

"ဟိုမှာ ကျောက်ထျန်းရှင်းကို ကြည့်။ အရင်က မင်းထက်တောင် ညံ့သေးတယ်။ ဒီအပတ်ပဲ ၁.၀၀ ပြည့်သွားပြီ။ သူ့သွေးတွေဆို ပြဒါးလို ပျစ်ချွဲနေပြီ၊ သွေးလွှတ်ကြောတွေဆို မာကျောနေပြီ၊ နှလုံးဆို မူလအရွယ်အစားထက် ၃ ဆလောက် ကြီးလာပြီ..."

ကျောင်းသား အတော်များများကို ညွှန်ပြပြီးနောက် ဝမ်ဟိုင် သက်ပြင်းချလိုက်သည်။

"ကျန်းယု... မင်းက အရင်တုန်းက ကာယစွမ်းအားမှာ ထိပ်ဆုံး ၁၀ ယောက်ထဲ ပါခဲ့တာ။ ပါရမီရှိတယ်၊ ဆေးဒဏ်လည်း ခံနိုင်တယ်။ ဒါကြောင့် ငါ ဒီလောက် ပြောနေတာ..."

ဝမ်ဟိုင်၏ စေတနာကို ကျန်းယု ခံစားမိသော်လည်း ပိုက်ဆံမရှိခြင်းနှင့် သေမှာ ကြောက်ခြင်းတို့ကြောင့် ဆေးဆက်ထိုးရန် သူ့စိတ်က လက်မခံနိုင်ပေ။

သူ အဖြေတစ်ခုခု ပေးရန် ဦးနှောက်ခြောက်နေစဉ် ဝမ်ဟိုင်က အိတ်ထဲမှ ဘူးငယ်လေးတစ်ဘူးကို ထုတ်လိုက်လေသည်။

"လေ့ကျင့်မှုက ၃ ပုံ၊ အာဟာရက ၇ ပုံ ဆိုပေမဲ့... ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက ထိုးဆေးအပေါ် မူတည်တာကွ"

"ဒါက ဗာဂျရာဂိုဏ်းက ထုတ်တဲ့ နတ်ဆင်အင်အား တိုးမြှင့်ဆေးပဲ။ ဂိုဏ်းကြီးက ပစ္စည်းစစ်စစ်။ တစ်လုံးထိုးတာက သာမန် ဆယ်လုံးထိုးတာနဲ့ ညီမျှတယ်"

"တိတ်တိတ်လေး ပြောပြမယ်... ဒါက ဓာတ်ခွဲခန်း စမ်းသပ်အဆင့်ပဲ ရှိသေးတာ။ ငါ့သူငယ်ချင်းဆီက ရလာတာ။ မင်းမှာ အလားအလာ ရှိလို့ ငါ ဈေးလျှော့ပေးမယ်။ ၁၀ လုံးကို ၈၈၀၀ ပဲ ပေး"

ကျန်းယု ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။ သူ့မှတ်ဉာဏ်ထဲ ပြန်ပေါ်လာသည်မှာ အတန်းထဲက ကျောင်းသားတွေ သုံးနေသည့် ကြွက်သားအားတိုးဆေး ထက်ဝက်ကျော်ကို ဝမ်ဟိုင်ဆီက ဝယ်ကြခြင်း ဖြစ်သည်။

ဆောင်ယန် ကျောင်းတွင် ဒါက ပုံမှန်ကိစ္စပင်။ ခန္ဓာကိုယ် လေ့ကျင့်ခြင်းနှင့် ဆေးသုံးစွဲခြင်းသည် ခွဲခြား၍ မရပေ။ အားကစားဆရာတိုင်းက ကြံ့ခိုင်ရေး ကျွမ်းကျင်သူများ ဖြစ်သလို ဆေးရောင်းသမားများလည်း ဖြစ်ကြသည်။ သူတို့နောက်တွင် ဆေးဝါးထောက်ပံ့ရေး လမ်းကြောင်းများစွာ ရှိနေတတ်ကြသည်။

သို့သော် ကျန်းယုတွင် ဆေးဝယ်ရန် ပိုက်ဆံမရှိသလို သူ့ခန္ဓာကိုယ်ကလည်း ခံနိုင်ရည် မရှိတော့ချေ။ သူ ဘာမှမတတ်နိုင်ဘဲ ရှောင်လွှဲဖို့သာ ကြိုးစားရတော့သည်။

ကျန်းယု၏ ရှောင်လွှဲနေပုံကို ကြည့်ပြီး ဝမ်ဟိုင် စိတ်ပျက်သွားကာ နှာမှုတ်လိုက်ပြီး ဆေးဘူးကို အိတ်ထဲ ပြန်ထည့်လိုက်လေ၏။

"မင်းသဘောပဲလေ"

ဝမ်ဟိုင်က တခြားကျောင်းသားများကို နည်းပြရန်နှင့် ဈေးရောင်းရန် ထွက်ခွာသွားသောအခါ ကျန်းယု သက်ပြင်းချလိုက်မိသည်။

"ဒီနေရာက အားကစားအချိန်တောင် စစ်မြေပြင် ဖြစ်နေပါလား..."

ထိုစဉ် သူ့ဘေးသို့ ကောင်လေးတစ်ယောက် ရောက်လာပြီး မေးလိုက်သည်။ "ဝမ်ဟိုင်က မင်းကို ဆေးထပ်ရောင်းနေပြန်ပြီလား"

ထိုသူသည် သိမ်မွေ့သော မျက်နှာထားနှင့် အိမ်နီးချင်းကောင်လေးပုံစံမျိုး ရှိပေသည်။

သူ့အကြောင်း မှတ်ဉာဏ်များ ကျန်းယု ခေါင်းထဲ ပေါ်လာသည်။

"ဒါ... ကျိုးထျန်းရိပဲ"

ကျိုးထျန်းရိသည် ကျောင်းဖွင့်စကတည်းက ကျန်းယု၏ ထမင်းစားဖော်၊ စာကျက်ဖော် ဖြစ်ခဲ့သည်။

၃ လ လုံးလုံး အတူစား၊ အတူစာကျက်ရင်း သူတို့ကြားတွင် ခိုင်မာမှု သိပ်မရှိလှသော ခင်မင်မှု သံယောဇဉ်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သို့သော် မှတ်ဉာဏ်များ ပြန်ပေါ်လာချိန်၌ ကျန်းယု၏ စိတ်ထဲ ပထမဆုံး ရောက်လာသည့်အရာမှာ ကျိုးထျန်းရိ၏ အဆင့်သာ ဖြစ်နေသည်။

"အဆင့် ၂၅... ငါနဲ့ ထမင်းတူတူစားဖို့ အရည်အချင်း မီရုံလေးပဲ ရှိသေးတာပဲ... နေပါဦး... ငါ ဘာလို့ လူတန်းစားခွဲခြားတဲ့ လေသံ ပေါက်နေရတာလဲ”

All Chapters