အစပျိုးခြင်း
Vol. 1 Ch. 2
ထိုည၌ မိခင်ဖြစ်သူ အချိန်ပိုဆင်းရာမှ အိမ်ပြန်ရောက်လာသောအခါ အလောင်းကောင်ပမာ ဖြူဖျော့နေခဲ့သော ကျန်းယုမှာ ယခုမူ နဂိုအတိုင်း ပြန်လည်ကျန်းမာလာသည့်ဟန် ရှိလေသည်။ သူက စားပွဲတွင် မတ်မတ်ထိုင်လျက် စာဖတ်နေ၏။
"အမေ စိတ်မပူနဲ့နော်။ သားက အဲ့လောက်လွယ်လွယ်နဲ့ လဲကျသွားမယ့်လူ မဟုတ်ဘူး"
"ဒီနှစ် အဆင်မပြေရင် နောက်နှစ် စာမေးပွဲထပ်ဖြေမယ်။ သား ကျင့်ကြံသူတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်"
"မနက်ဖြန် ကျူရှင်လိုက်ရှာပြီး သား လိုအပ်နေတာတွေအကုန်လုံးကို တစ်ဘာသာချင်းစီ လိုက်ဖြည့်ဆည်းတော့မယ်"
နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းယုသည် အိမ်မှ ကမန်းကတန်း ထွက်သွားလေသည်။ ညနေစောင်း အိမ်ပြန်ရောက်လာချိန်တွင် သူ၏မျက်နှာထက်၌ ပျော်ရွှင်မှုတို့ အထင်းသား ပေါ်လွင်နေခဲ့၏။
"အမေ... သား ကျင့်ကြံခြင်း အကြိုသင်တန်းတစ်ခု တွေ့ခဲ့တယ်။ အဲ့ဒီက ဆရာတွေအကုန်လုံးက ထိပ်တန်းအထက်တန်းကျောင်းတွေကချည်းပဲ။ သူတို့နဲ့သာ စာသင်ရရင် သား သေချာပေါက် အထက်တန်းကျောင်း ဝင်ခွင့်ရမှာ"
"သင်တန်းကြေးအတွက် စိတ်မပူနဲ့နော်။ သားက အမြဲတမ်း စာကြိုးစားတဲ့ ကျောင်းသားကောင်းတစ်ယောက်မှန်း သူတို့သိသလို သားတို့အိမ် အဆင်မပြေတာကိုလည်း သိတော့ လောလောဆယ် အခမဲ့ ပေးတက်မယ်တဲ့။ နောက်နှစ် ဆောင်ယန်အထက်တန်းကျောင်းသာ ဝင်ခွင့်ရရင် ပြန်ပေးစရာတောင် မလိုတော့ဘူး။ သားက သူတို့ကျောင်းအတွက် ကြော်ငြာပေးသလို ဖြစ်သွားမှာမို့လို့တဲ့"
"သားကို ယုံပါ။ ကုမ္ပဏီကြီးတစ်ခုမို့ သူတို့လူတွေကို လိမ်မှာမဟုတ်လောက်ဘူး”
ကျန်းယုက သင်တန်းတက်ရန်အတွက် နေ့စဉ် မိုးမလင်းမီ အိမ်မှထွက်သွားပြီး ညဉ့်နက်မှ ပြန်ရောက်လာတတ်သည်ကို မိခင်ဖြစ်သူ ငေးမောကြည့်နေမိသည်။ အိမ်ပြန်ရောက်လျှင်လည်း မနက် နှစ်နာရီ၊ သုံးနာရီအထိ စာဆက်လုပ်နေတတ်သေးသည်။
တရုတ်စာ၊ သင်္ချာ၊ ရူပဗေဒ စသည့် Grade 11 နှင့် 12 ပြဋ္ဌာန်းစာအုပ် အများအပြားကို အိမ်သို့ သယ်ဆောင်လာသည်ကို သူမ မြင်တွေ့ရ၏။ ကျင့်ကြံခြင်းပညာရပ်အပြင် အခြားအထွေထွေပညာရေး သင်ရိုးများကိုပါ ပိုင်နိုင်ကျွမ်းကျင်အောင် လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားသော သားဖြစ်သူကိုကြည့်ရင်း သူမရင်ထဲတွင် ဂုဏ်ယူဝမ်းမြောက်မှုတို့ ဖြစ်ပေါ်လာပေသည်။
သို့သော် သားဖြစ်သူ သယ်ဆောင်လာသော ဆေးသေတ္တာများကို မြင်လိုက်ရချိန်တွင်မူ စိုးရိမ်ပူပန်စိတ်တို့ တဖြည်းဖြည်း ဝင်ရောက်လာ၏။
ကျန်းယုက ပြုံးရွှင်စွာဖြင့် ရှင်းပြလေသည်။ "အမေရဲ့... သားက ထိပ်တန်းကျောင်းသားတွေနဲ့ယှဉ်ရင် စာလေ့လာချိန် နာရီပေါင်း တစ်သောင်းလောက် နောက်ကျနေပြီးသား။ အခုသာ ပိုမကြိုးစားရင် သူတို့နောက်မှာ ပိုပြီး ပြတ်ကျန်ခဲ့တော့မှာပေါ့"
"ဒီ အာရုံကြောလှုံ့ဆော်ဆေးတွေက တစ်ရက်ကို နာရီဝက်လောက်ပဲ အိပ်စရာလိုတော့အောင် ကူညီပေးတယ်။ စာလုပ်တဲ့စွမ်းရည်ကိုလည်း မြှင့်တင်ပေးတော့ မြို့ကြီးက ကလေးတွေနောက် အရမ်းကြီး နောက်ကျကျန်မနေတော့ဘူးပေါ့"
"စိတ်မပူပါနဲ့၊ ဒီဆေးတွေအတွက် ပိုက်ဆံတစ်ပြားမှ မကုန်ပါဘူး"
"သင်တန်းကျောင်းအုပ်ကြီးက သားကို သဘောကျလို့ လက်ဆောင်ပေးလိုက်တာပါ"
ကျောင်းအုပ်ကြီးက လက်ဆောင်ပေးသည်ဟု ကြားလိုက်ရသဖြင့် သားဖြစ်သူ၏ အရည်အချင်း အသိအမှတ်ပြုခံရမှုအပေါ် သူမ ပို၍ပင် ဂုဏ်ယူမိသွားသည်။
မကြာမီတွင် ကျန်းယုသည် ပစ္စည်းများကို ပိုမိုသယ်ဆောင်လာတတ်လေသည်။
သင်ရိုးညွှန်းတမ်းစာအုပ်များနှင့် အာရုံကြောလှုံ့ဆော်ဆေးများအပြင် ဟိုမုန်းထိန်းညှိဆေးတောင့်များ၊ ဝိညာဉ်သားရဲများအတွက် အားဆေးများနှင့် တံဆိပ်မပါသော ဆေးမှုန့်ပုလင်းများ ပါဝင်လာ၏။
ကျန်းယု၌ ရှင်းပြစရာ အကြောင်းပြချက် အမျိုးမျိုး ရှိနေတတ်သည်။ တစ်ခါတစ်ရံ အချိန်ပိုင်းအလုပ်လုပ်ရင်း ဈေးပေါပေါနှင့် ဝယ်လာသည်ဟု ဆိုတတ်သလို၊ တစ်ခါတစ်ရံ အတန်းဖော်များ၏ လက်ဆောင်၊ သို့မဟုတ် သင်တန်းမှ ဆုချီးမြှင့်ခြင်း စသဖြင့် ပြောတတ်လေသည်။
မိခင်ဖြစ်သူမှာ သား၏ ဇွဲလုံ့လကို သဘောကျသည့်အပြင် သင်တန်းတွင် လူချစ်လူခင်များပြီး စာတော်နေသည့်အတွက် ဝမ်းသာပီတိဖြစ်ရရှာသည်။
ထို့ကြောင့် သူမက သားဖြစ်သူထံ ယွမ်တစ်ထောင် လွှဲပေးလိုက်ပြီး ဆရာများနှင့် သူငယ်ချင်းများကို ကျေးဇူးတင်စကားပြောရန် မှာကြားလိုက်သေးသည်။
သို့သော် တဖြည်းဖြည်းနှင့် ကျန်းယု၏ စိတ်ခံစားချက်များ ပုံမှန်မဟုတ်တော့သည်ကို သူမ သတိထားမိလာသည်။ တစ်ခါတစ်ရံတွင် မနက်ပိုင်း၌ အိမ်မှ ပျော်ရွှင်စွာ ထွက်ခွာသွားတတ်သော်လည်း ညနေ ပြန်ရောက်ချိန်တွင်မူ တိတ်ဆိတ်ငြိမ်သက်လျက် အိပ်ရာသို့ တန်းဝင်သွားတတ်သည်။ တစ်ခါတစ်ရံတွင် ပျော်ရွှင်စွာ ထမင်းစားနေရင်း ဖုန်းဝင်လာပြီးနောက် မျက်မှောင်ကြုတ်ကာ ထမင်းဆက်မစားနိုင်တော့သည်မျိုးလည်း ရှိတတ်လေသည်။
ကျင့်ကြံခြင်းလမ်းစဉ်၏ ဖိအားများကြောင့် စိတ်ဖိစီးနေသည်ဟုသာ သူမ မှတ်ယူလိုက်မိသည်။
ထို့ကြောင့် သားဖြစ်သူ ကြိုက်နှစ်သက်သော အစားအစာများကို ပိုမိုဝယ်ကျွေးခြင်း၊ ဝန်ထုပ်ဝန်ပိုး သက်သာစေရန်ရည်ရွယ်၍ ကျောင်းလခအတွက် ငွေပိုစုခြင်းများကို သူမ ပြုလုပ်ပေးခဲ့၏။
ထို့နောက်တွင် ကျန်းယုသည် သူ၏ဖုန်းကို အလွန်အမင်း သိုဝှက်လာသည်ကို သူမ သတိပြုမိလိုက်သည်။ ဖုန်းကို ကိုယ်နှင့်မကွာ ဆောင်ထားရုံသာမက မည်သူ့ကိုမျှ ကိုင်တွယ်ခွင့်မပေးပေ။ ဖုန်းပြောလျှင်ပင် ရေချိုးခန်းထဲဝင်၍ တံခါး lock ချကာ ပြောလေ့ရှိသည်။
တစ်ခါက ဖုန်းအားကုန်နေသဖြင့် သူမ အားသွင်းပေးရန် ကြိုးစားရာ ကျန်းယုက ဒေါသတကြီး အော်ဟစ်ခဲ့ဖူးသည်။
သားဖြစ်သူ မည်မျှဖိအားများနေသည်ကို နားလည်သဖြင့် ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် ထိုအချိန်မှစ၍ သူမလည်း သား၏ဖုန်းကို လုံးဝ မထိတော့ချေ။
တစ်နေ့တွင် ကျန်းယုက သင်တန်းကြေး ထပ်တောင်းလာသည်။ တက္ကသိုလ်ဝင်ခွင့်ရထားသော စီနီယာအစ်ကိုကြီးတစ်ယောက် လာရောက်ဟောပြောပို့ချမည်ဖြစ်၍ ပိုက်ဆံပေးရမည်ဟု ဆိုသည်။
ထို့နောက် အထက်တန်းကျောင်း ဝင်ခွင့်အရာရှိအတွက် ထောက်ခံကြေး၊
ထို့နောက် ဆေးရုံတွင် ဝိညာဉ်အရင်းအမြစ် စစ်ဆေးခ၊ထို့နောက် အတန်းဖော်များနှင့်အတူ အရပ်ဘက်သုံး ပျံသန်းရေးဓားများ စုပေါင်းဝယ်ယူခ...
ထောင်ဂဏန်းမှသည် သောင်းဂဏန်းအထိ... နောက်ဆုံးအကြိမ်တွင် ကောင်းကင်အဆင့် ဝိညာဉ်အမြစ် ငှားရမ်းရန်ဟုဆိုကာ ယွမ်ငွေ နှစ်သောင်းအထိ လွှဲခိုင်းခဲ့လေသည်။
နောက်ဆုံးတွင်မူ သတင်းကောင်း ရောက်ရှိလာခဲ့၏။ ကျန်းယုတစ်ေယာက်
ဆောင်ယန်အထက်တန်းကျောင်းသို့ ဝင်ခွင့်ရရှိသွားခဲ့သည်။
မိခင်ဖြစ်သူမှာ ဝမ်းသာသွားပြီး သား၏ ကြိုးစားမှုနှင့် ပါရမီအတွက် ဂုဏ်ယူမဆုံး ဖြစ်ရသည်။ ကျောင်းလခ၊ အထွေထွေကုန်ကျစရိတ်နှင့် ဆေးဖိုးဝါးခများအကြောင်း ပြောလာသောအခါ သူမ မဆိုင်းမတွပင် သဘောတူခဲ့သည်။
သို့သော် ကျောင်းဖွင့်ပြီးနောက်ပိုင်း သူတောင်းခံသော ပမာဏမှာ များပြားလာပြီး အိမ်၏ စီးပွားရေးအခြေအနေမှာလည်း စတင်ပြိုလဲလာခဲ့ရသည်။
ထို့နောက် တစ်နေ့သော နေ့လယ်ခင်း၌ ဖုန်းတစ်ဖက်မှ အသံကြောင့် သူမ တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။
"ဟဲလို... ကျန်းယုရဲ့ မိခင် ဟုတ်ပါသလား"
"ခင်ဗျားသားရဲ့ ချေးငွေက ရက်ပေါင်း ၃၀ ကျော်နေပြီဆိုတာ သိပါသလား..."
ထိုညတွင် ကျန်းယုက အမှန်တိုင်း ဖွင့်ပြောလာသည်။
ပညာသင်ယူနေစဉ်ကာလတစ်လျှောက် အခမဲ့၊ လက်ဆောင်၊ သို့မဟုတ် စပွန်ဆာဟု ပြောခဲ့သော စရိတ်အားလုံးက အမှန်တကယ်တော့ နေရာစုံမှ သူလိုက်လံချေးငှားထားသော အကြွေးများသာ ဖြစ်နေခဲ့သည်။
"အမေ... သား တောင်းပန်ပါတယ်"
"ဒါပေမဲ့ သား တကယ်ပဲ ကျင့်ကြံချင်လို့ပါ"
"တစ်သက်လုံး ဒီအကြွေးတွေကို ပြန်မဆပ်နိုင်ရင်တောင် သား ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းချင်မိတယ်..."
ကိစ္စအကုန် ကြားသိလိုက်ရပြီးနောက် မိခင်ဖြစ်သူမှာ အိမ်ရှိ တန်ဖိုးရှိပစ္စည်းမှန်သမျှကို တိတ်တဆိတ် ရောင်းချပြီး ငွေထပ်ချေးကာ ကျန်းယု၏ အကြွေးများကို ဆပ်ပေးလိုက်လေသည်။
ယခုဆိုလျှင် သားဖြစ်သူ စိတ်အေးချမ်းသာစွာ ကျင့်ကြံနိုင်ပြီဟု သူမ ထင်မှတ်ခဲ့သည်။
သို့သော် မကြာမီပင် သူ့နာမည်ဖြင့် အကြွေးပေးသွင်းရန် အကြောင်းကြားစာသစ်များ ရောက်လာပြန်သည်။
ဆပ်လိုက်... ချေးလိုက်... ဆပ်လိုက်... ချေးလိုက်...
နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့ဘဲ ကုန်ကျစရိတ်လျှော့ချရန် ကျန်းယုကို နားချရတော့သည်။
"အမေ... ဆေးဖြတ်လိုက်လို့ မရဘူး။ ဆေးဖြတ်လိုက်ရင် သားရဲ့ တာအိုနှလုံးသားက ဆုတ်ယုတ်သွားပြီး အရာအားလုံး အလဟဿ ဖြစ်ကုန်လိမ့်မယ်..."
"ကောင်းကင်အဆင့် ဝိညာဉ်အမြစ်ကို မဖြစ်မနေ ငှားရမှရမယ်။ ဒါမှမဟုတ်ရင် သားရဲ့ ဝိဉာဉ်စွမ်းအင်က သူများကို မီမှာမဟုတ်ဘူး..."
"သင်တန်းက VIP ကတ်ကို ငွေထပ်ဖြည့်မှရမယ်၊ ဒါမှမဟုတ်ရင် ကျောင်းကသင်ပေးတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို သား နားလည်မှာမဟုတ်ဘူး..."
ခေတ်မီဆန်းသစ်သော နည်းပညာများကြောင့် ဝိညာဉ်အမြစ်မရှိသူများပင် အမတလမ်းစဉ်သို့ လျှောက်လှမ်းနိုင်နေပြီ ဖြစ်သော်လည်း... ပေးဆပ်ရသည့် တန်ကြေးမှာမူ ဆက်လက်ရပ်တည်နိုင်ရန်အတွက် အမြဲမပြတ်ကုန်ကျနေမည့် များပြားလှသော ပြုပြင်ထိန်းသိမ်းစရိတ်များပင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ကျောင်းဖွင့်သည်မှာ သုံးလပင် ရှိသွားခဲ့ပြီ။ အကြွေးများမှာ ပုံမှန်ဝင်ငွေဖြင့် မကာမိနိုင်လောက်အောင် မြင့်တက်လာပြီး အိမ်လခနှင့် မီးဖိုးရေဖိုးပင် ပေးဆောင်နိုင်ခြင်းမရှိတော့။အရာအားလုံးမှာ အဆုံးသတ်မရှိသော အိပ်မက်ဆိုးကြီးသဖွယ် ဖြစ်လာသည်။ နောက်ဆုံးတွင် မိခင်ဖြစ်သူမှာ ဒဏ်မခံနိုင်တော့ပေ။
တစ်နေ့ ကျောင်းဆင်း၍ ကျန်းယု အိမ်ပြန်ရောက်သည့်အချိန်၌ အမေ မရှိတော့ေချ။
သူမ ရေးထားခဲ့သော နှုတ်ဆက်စာကို ဖတ်ပြီးနောက် သူသည် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ထိုင်နေမိသည်။
နောက်ဆုံးတွင် သူသည် ဖုန်းကို တိတ်ဆိတ်စွာ ကောက်ကိုင်လိုက်ပြီး တံခါးဝဆီသို့ ထွက်ခွာလာခဲ့လေတော့သည်။