ကျောင်းတော်
Vol. 1 Ch. 5
ပိုင်ကျန်းကျန်းက ကျန်းယုကို သံသယအပြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
"နင် တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံလိုက်တာတော့ မဟုတ်ပါဘူးနော်။ ဒါမှမဟုတ် ပိုဆိုးတာက... အလိမ်ခံလိုက်ရတာလား"
ကျန်းယုမှာ မှတ်ဉာဏ်အပိုင်းအစများကို ဆက်စပ်နေရဆဲဖြစ်သဖြင့် မရေမရာ ပြန်ဖြေလိုက်၏။
"ငါ... မသိဘူး"
သို့သော် ပိုင်ကျန်းကျန်း၏ မျက်နှာထားက လေးနက်တည်ကြည်သွားသည်။ ကျန်းယု ဖြုန်းတီးပစ်လိုက်သော ငွေခုနစ်သိန်းအကြောင်း တွေးလေလေ၊ တစ်ခုခု လွဲနေသည်ဟု ခံစားရလေလေ ဖြစ်နေသည်။
"နင့်ဖုန်း ပေးစမ်း... ငါ ကြည့်မယ်"
သူမ စိုးရိမ်နေခြင်းဖြစ်ကြောင်း ကျန်းယု နားလည်လိုက်သည်။ ဆောင်ယန် မြို့တော်တွင် လူသေဆုံးမှု အများဆုံး အကြောင်းရင်း (၅) ချက်မှာ ရင်းနှီးမြှုပ်နှံမှု အရှုံးပေါ်ခြင်း၊ လိမ်ခံရခြင်း၊ လောင်းကစားလုပ်ခြင်း၊ ရုတ်တရက် သေဆုံးခြင်းနှင့် ကျင့်စဉ်လမ်းမှားခြင်းတို့ ဖြစ်ကြပြီး ကျင့်စဉ်လမ်းမှားခြင်းက ပဥ္စမနေရာတွင်သာ ရှိပေသည်။
ကျန်းယုကိုယ်တိုင်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်အပေါ် သံသယဖြစ်မိလာသဖြင့် ဖုန်းကို ထုတ်ပေးလိုက်လေ၏။
"ငါလည်း အသုံးစာရင်းတွေ ပြန်ကြည့်မလို့ပဲ... အတူတူ ကြည့်ကြတာပေါ့"
သူတို့နှစ်ဦး၏ မျက်လုံးများသည် ဖုန်းမျက်နှာပြင်ပေါ်သို့ ကျရောက်သွားပြီး ယခင်ပိုင်ရှင်၏ ငွေသုံးစွဲမှု မှတ်တမ်းများကို လိုက်လံစစ်ဆေးကြတော့သည်။
စာရင်းများကို ဖတ်လိုက်သည်နှင့် ဆက်စပ်နေသော မှတ်ဉာဏ်အပိုင်းအစများက ကျန်းယု၏ ခေါင်းထဲသို့ တိုးဝင်လာလေသည်။
*ဒန်တင်း ဆေးဆိုင်_ ၂၈၀.၀၀*
*ဒန်တင်း ဆေးဆိုင် – ၂၅၀.၀၀*
*အချိန်က လူကိုမစောင့် တရားရိပ်သာ – ၁၂၀.၀၀*
"ဒါတွေက ဆေးဆိုင်ကနေ အားဆေးတွေ ဝယ်ခဲ့တာလေ"
ကျန်းယုက ရှင်းပြလိုက်သည်။
"ပြီးတော့ အသက်ရှုလေ့ကျင့်ခန်းလုပ်ဖို့ တရားမှတ်ခန်း ငှားခဲ့တာ..."
ဆောင်ယန် အထက်တန်းကျောင်းတွင် တရုတ်စာ၊ သင်္ချာ၊ ရူပဗေဒနှင့် သမိုင်းကဲ့သို့သော ပုံမှန်ဘာသာရပ်များအပြင် "မသေမျိုး ကျင့်ကြံခြင်း" ဘာသာရပ်ကိုပါ သင်ကြားပေးလေသည်။
"မသေမျိုး ကျင့်ကြံခြင်း" ဆိုသည်မှာ သာမန်လူသားဘဝမှ မသေမျိုးအဖြစ်သို့ တက်လှမ်းရန် ခရီးစဉ်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းက အထက်တန်းကျောင်း တစ်လျှောက်လုံး၏ အဓိက သင်ရိုးညွှန်းတမ်းဖြစ်ပြီး စာမေးပွဲများတွင် အမှတ်ပေးမှု အများဆုံးနှင့် ထိပ်တန်းတက္ကသိုလ်များသို့ ဝင်ရောက်နိုင်မည့် တံခါးပေါက်လည်း ဖြစ်ပေသည်။
အသက်ရှုလေ့ကျင့်ခန်းများသည် ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ကျင့်ကြံသူတစ်ဦးအနေဖြင့် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်ကို စုပ်ယူကာ ကိုယ်တွင်း၌ ဝိညာဉ်စွမ်းအင်အဖြစ် သိုလှောင်နိုင်သည်။
လုံလောက်သော ဝိညာဉ်စွမ်းအင် ရှိမှသာလျှင် ကျင့်ကြံသူတစ်ဦးက ပိုမိုအားကောင်းသော တိုက်ခိုက်ရေးစွမ်းရည်များကို ထုတ်ဖော်နိုင်ပြီး မြင့်မားသော နယ်ပယ်များသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ ဝိညာဉ်စွမ်းအင်မှာ မသေမျိုး နည်းစနစ်တိုင်း၏ အဓိကပင်မတစ်ခုပင် ဖြစ်ချေသည်။
ဥပမာအားဖြင့် ချီသန့်စင်ခြင်း နယ်ပယ်မှ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နယ်ပယ်သို့ တက်လှမ်းရန်အတွက် အနည်းဆုံး ဝိညာဉ်စွမ်းအင် အမှတ် ၆၀ လိုအပ်ပြီး၊ ချီသန့်စင်ခြင်း အဆင့်တွင် စုဆောင်းနိုင်သော အများဆုံး ပမာဏမှာ အမှတ် ၁၀၀ ဖြစ်သည်။
ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ တည်ဆောက်ထားသော စံချိန်စံညွှန်းစနစ်ကြောင့် ကျင့်ကြံခြင်း အဆင့်များမှ ဝိညာဉ်စွမ်းအင် ထုတ်လွှတ်မှုအထိ အရာအားလုံးကို ကိန်းဂဏန်းများဖြင့် တိုင်းတာနိုင်ပြီ ဖြစ်သည်။ ကျောင်းတွင်း ဝိညာဉ်စွမ်းအင် စစ်ဆေးမှုများတွင် ဒဿမဂဏန်းအထိပင် တိုင်းတာနိုင်နေပြီ ဖြစ်၏။
ပိုင်ကျန်းကျန်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အောက်သို့ ဆက်လက် ပွတ်ဆွဲကြည့်လိုက်သည်။
*ရှို့ရှို့ အစားသောက်ဝန်ဆောင်မှု ကုမ္ပဏီ – ၅၃၂.၀၀*
"ဒါက ကန်တင်းမှာ ဖြည့်စွက်စာ ဝယ်စားခဲ့တာ" ကျန်းယုက ပြောလိုက်သည်။
"နည်းနည်းတော့ ဈေးကြီးတယ်"
မသေမျိုး ကျင့်ကြံခြင်းတွင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည်လည်း အရေးကြီးလှပေသည်။ သဘာဝစွမ်းအင်နှင့် မသေမျိုးဒြပ်စင်ကြွယ်ဝသော အစားအစာများကို စားသုံးခြင်းက ကျင့်ကြံသူများ၏ နေ့စဉ်လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး ထိုအရာကို အာဟာရဖြင့် ကျင့်ကြံခြင်းဟု ခေါ်ဆိုကြသည်။
*လောင်ရှန်း ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ – ၁၅၀၀.၀၀*
*လောင်ရှန်း ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ – ၃၀၀၀.၀၀*
ကျန်းယု ခဏမျှ စဉ်းစားလိုက်ပြီးမှ
"ဩော်... ဒါက ကျူရှင်ခနဲ့ ဝိညာဉ်အမြစ်ငှားရမ်းခတွေလေ"
ဝိညာဉ်အမြစ် ဆိုသည်မှာ လူနည်းစု၌သာ ပါလာတတ်သော ရှားပါးသည့် ပါရမီတစ်ခုဖြစ်သည်။ ဝိညာဉ်အမြစ် ရှိသူများသည် လေ့ကျင့်မှု အရှိန်အဟုန်နှင့် တိုက်ခိုက်ရေး စွမ်းရည်များကို အဆမတန် မြှင့်တင်နိုင်ကြသည်။
ဝိညာဉ်အမြစ် ရှိမှသာ ကျင့်ကြံနိုင်မည်ဟု သတ်မှတ်ထားဖူးသော ခေတ်ကာလများရှိေကြာင်း ဒဏ္ဍာရီများကို အလယ်တန်းကျောင်းသား ကျန်းယုနှင့် သူ့မိခင်တို့ ကြားဖူးနားဝ ရှိခဲ့ကြသည်။ ထို့ကြောင့် မူလကျန်းယုမှာ ဝိညာဉ်အမြစ် ငှားရမ်းခြင်းကို အကြောင်းပြပြီး အကြွေးဆပ်ရန် မိခင်ဖြစ်သူထံမှ ပိုက်ဆံလိမ်တောင်းခဲ့ဖူးသည်။
ယခုခေတ်တွင် ကျင့်ကြံခြင်း နည်းပညာများ လျင်မြန်စွာ တိုးတက်လာသဖြင့် ကျန်းယုကဲ့သို့ ဝိညာဉ်အမြစ် မပါလာသော သာမန်လူများပင်လျှင် ပိုက်ဆံပေး၍ ငှားရမ်းကာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ကြပြီ ဖြစ်သည်။
သူတို့ ဆက်လက် ကြည့်ရှုကြရာ ကျန်းယု၏ ရှင်းပြချက် အနည်းငယ်မှလွဲ၍ ကျန်ရှိသော ကုန်ကျစရိတ် အားလုံးနီးပါးသည် ကျင့်ကြံခြင်းနှင့်သာ သက်ဆိုင်နေသည်ကို တွေ့လိုက်ရ၏။
လွန်ခဲ့သော လအနည်းငယ်က စာရင်းများကို စေ့စေ့စပ်စပ် ကြည့်ပြီးနောက် ပိုင်ကျန်းကျန်းသည် သူ့ကို သနားဂရုဏာသက်သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
"နင် တကယ်ကြီး ဒီပိုက်ဆံတွေကို ကျင့်ကြံဖို့ပဲ သုံးလိုက်တာလား"
"အကြွေး ၇ သိန်းတင်ပြီးတာတောင် အဆင့် ၁၀ ပဲ ရတယ်ပေါ့"
"ကျောင်းဖွင့်တာ ၃ လလောက်ပဲ ရှိသေးတာလေဟာ... နင် ဘယ်လို ဆက်လုပ်မလဲ"
ကျန်းယုတစ်ယောက် ကူးပြောင်းလာတာမှ တစ်ရက်သာ ရှိသေးသဖြင့် ပခုံးတွန့်ရုံသာ တတ်နိုင်တော့သည်။
"လောလောဆယ်တော့ အသက်ရှင်အောင် နေရမှာပေါ့... ပြီးမှပဲ ကြံဖန်ကြည့်ရမယ်"
အတန်းတက်ချိန် နီးလာသဖြင့် သူတို့ စကားပြောရင်း စာသင်ဆောင်ဘက်သို့ လျှောက်လာကြသည်။
"ငါက အကြွေး ၂ သောင်းပဲ ရှိတာတောင် ပူနေရတယ်၊ နင်က ၇ သိန်းတင်နေတာကို ဘာလို့ ငါ့ထက်တောင် ပိုအေးဆေးနေနိုင်ရတာလဲ" ပိုင်ကျန်းကျန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
ကျန်းယု၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်ပြီး သူမက သတိပေးလိုက်သည်။
"ကျောင်းစရိတ်ကို ဒီလို ဆက်သုံးလို့ မရတော့ဘူးဆိုတာ နင် သိတယ်မလား"
"ကျောင်းလခ မတတ်နိုင်လို့ စာမသင်ရရင် ဘာဖြစ်မလဲဆိုတာ နင် သိရဲ့လား... အဲဒါ ဘယ်လောက် အန္တရာယ်များလဲ ဆိုတာရော သိလား"
ကျန်းယုက ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ပိုင်ကျန်းကျန်းက ပြောလိုက်၏။
"လစဉ်စာမေးပွဲေဖြဖို့ ၃ ပတ်ပဲ လိုတော့တယ်။ အဲဒီ ၃ ပတ်လုံးလုံး ဝိညာဉ်အမြစ်လည်း မငှားနိုင်၊ ဆေးလည်း မသောက်နိုင်၊ ကျူရှင်လည်း မယူနိုင်၊ နေ့စဉ် ဖြည့်စွက်စာတောင် မစားနိုင်ဘဲ နေရမှာလေ။ တခြားသူတွေကတော့ ၂၄ နာရီလုံးလုံး အဆင့်မြှင့်တင်နေကြချိန်မှာ နင့်အဆင့်က အောက်ကို ထိုးကျသွားရင် စံပြအတန်း ကနေ ကန်ထုတ်ခံရလိမ့်မယ်"
သူမ၏ စကားများက ကျန်းယု၏ မှတ်ဉာဏ်များကို ပိုမို နှိုးဆွပေးလိုက်ပြန်သည်။
ပထမနှစ် ကျောင်းသားအားလုံးကို လစဉ်စာမေးပွဲ ရမှတ်ပေါ် မူတည်၍ အခန်း ၁ မှ အခန်း ၁၀ အထိ ခွဲခြားထားခြင်း ဖြစ်သည်။
ကျန်းယု၏ မြင့်မားသော အဆင့်ကြောင့် အကောင်းဆုံး အရင်းအမြစ်များ ရရှိသည့် အခန်း ၁ (စံပြအတန်း) သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
စာမေးပွဲများတွင် အထွေထွေ ဘာသာရပ်များ ပါဝင်သော်လည်း အမှန်တကယ် အရေးကြီးသည်မှာ ကျင့်ကြံခြင်း စွမ်းရည်သာ ဖြစ်ပေသည်။
အထွေထွေဘာသာရပ်က စုစုပေါင်း ရမှတ် ၅၀ သာ ရရှိပြီး ကျန်ရှိသော ၆၅၀ မှာ မသေမျိုး ကျင့်ကြံခြင်း ဘာသာရပ်မှ ဖြစ်သည်။
ကျောင်းသားတိုင်းက ကျောင်းဖွင့်မှသာ စတင်ကျင့်ကြံကြရခြင်း ဖြစ်သောကြောင့် ကျင့်ကြံခြင်း အဆင့် ကွာခြားချက်မှာ သိပ်မများလှသေးချေ။
ထို့ကြောင့် ကျန်းယုမှာ လက်ရှိတွင် အဆင့် ၁၀ ရထားသော်လည်း ရက်သတ္တပတ် အနည်းငယ်ခန့်တွင် ထိုအရှိန်အဟုန်ကို မထိန်းထားနိုင်ပါက အဆင့်များ ဒလဟော ထိုးကျသွားနိုင်ပေသည်။
ပိုင်ကျန်းကျန်းက ဆက်ပြောသည်။
"နင်သာ အဆင့်ဆက်ကျနေရင် အခန်း ၁ ကနေ အခန်း ၁၀ ထိ တစ်ဆင့်ပြီး တစ်ဆင့် လျှောကျသွားလိမ့်မယ်"
သူမ၏ မျက်နှာထားသည် တင်းမာခက်ထန်လာ၏။ "ပိုက်ဆံမရှိရင် အမှတ်မကောင်းဘူး။ အမှတ်မကောင်းရင် ဆရာတွေက နင့်ကို အသုံးမကျတဲ့အမှိုက် လို့ သတ်မှတ်ကြလိမ့်မယ်။ ထိပ်တန်းကျောင်းသားတွေအတွက် ဟာသတစ်ခု ဖြစ်လာမယ်။ အောက်ဆုံးက လူတွေအတွက်တော့ သူတို့စိတ်ကျေနပ်ဖို့ အနိုင်ကျင့်စရာ သားကောင် ဖြစ်လာလိမ့်မယ်"
သူမက ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။
"အဲဒီလောက် ဖိအားတွေ များနေရင် ကျင့်ကြံခြင်း အရင်းအမြစ်တွေ ထားလိုက်ဦး၊ နင့်ရဲ့ တာအိုကိုတောင် တည်ငြိမ်အောင် ထိန်းထားနိုင်မှာ မဟုတ်ဘူး။ အမှတ်တွေ ထိုးကျပြီး နောက်ဆုံး သတ်မှတ်ချက်အောက် ရောက်သွားရင် ဆောင်ယန် ကျောင်းက နင့်ကို ကန်ထုတ်ပစ်လိုက်မှာ... အဲဒီကျရင် အကြွေးတွေနဲ့ နွံနစ်ပြီး ဘဝပျက်ပြီပဲ"
ဆိုးရွားသော အနာဂတ်တစ်ခုကို မြင်ယောင်နေသည့်အလား ပိုင်ကျန်းကျန်းက ကောင်းကင်သို့ မော့ကြည့်ရင်း ညည်းတွားလိုက်သည်။
"နင် တကယ်ပဲ ကျောင်းရဲ့ လူမှုအလွှာ အောက်ဆုံးကို ရောက်ပြီး လူတိုင်းရဲ့ လှောင်ပြောင်ရွံရှာမှုကို ခံချင်လို့လား။ အနာဂတ်မရှိတဲ့ ကျောင်းထုတ်ခံရတဲ့ ကောင် ဖြစ်ချင်နေတာလား"
ကျန်းယု နှုတ်ခမ်းကို တွန့်လိုက်မိသည်။
"ဒါဆို ငါ ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ"
ပိုင်ကျန်းကျန်း ခဏမျှ တိတ်ဆိတ်သွားပြီးမှ သူ့ဘက် လှည့်ပြောလိုက်သည်။
"အစ်ကိုကြီး ငါ အမှန်အတိုင်း ပြောရရင်... ငွေ ၇ သိန်းလောက် သုံးပြီးတာတောင် အဆင့် ၁၀ ပဲ ရတယ်ဆိုတော့ နင်က မသေမျိုး ကျင့်ကြံခြင်းနဲ့ ပါရမီမပါဘူး ထင်တယ်"
"နင် ဆောင်ယန် ကျောင်းကို ဘယ်လို ဝင်ခွင့်ရလဲတော့ မသိပေမယ့် ငါ့အကြံေပးရမယ်ဆိုရင်တော့... ကျောင်းထွက်ပြီး အလုပ်သွားလုပ်တော့။ မဟုတ်ရင် နင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေလိမ့်မယ်"
ကျန်းယု ပြန်မပြောတော့ပေ။ သို့သော် စိတ်ထဲတွင်မူ သက်ပြင်းချလိုက်မိသည်။
"ဒီစုတ်ပြတ်နေတဲ့ ကမ္ဘာကြီးမှာ ကောင်းတာဆိုလို့ ငါ ကျင့်ကြံနိုင်တာ တစ်ခုပဲ ရှိတယ်။ အခုတော့ ငါ့မှာ ကျင့်ကြံဖို့ ပါရမီမရှိဘူးလို့ ပြောနေကြပါလား"
အတန်းထဲ ပြန်ရောက်ပြီး မကြာခင်မှာပင် ကျန်းယု၏ ဖုန်း တုန်ခါသွားသည်။ ပိုင်ကျန်းကျန်းထံမှ ငွေလွှဲဝင်လာခြင်း ဖြစ်ပြီး ပမာဏမှာ ယွမ် ၅၀၀ ဖြစ်၏။ မက်ဆေ့ခ်ျ တစ်စောင်လည်း ပါဝင်သည်။
*ပိုင်ကျန်းကျန်း: ဒါနဲ့ ရေဖိုးမီးဖိုးလေး ဘာလေး ဆောင်လိုက်ဦး။*
ကျန်းယု မျက်တောင်ခတ်လိုက်ပြီး သူ့အင်္ကျီသူ ပြန်နမ်းကြည့်လိုက်မိသည်။ ရက်အတော်ကြာ ရေမချိုးရသေးသော အနံ့ကို သူမ ရသွားပုံရကြောင်း သူ သဘောပေါက်လိုက်၏။
သူကတော့ ဒီအနံ့ကို ယဉ်ပါးနေပြီ ဖြစ်သော်လည်း သူများတွေအတွက်မူ နံစော်နေပေလိမ့်မည်။
ကိုယ့်ဒုက္ခနှင့်ကိုယ် ဖြစ်နေသည့်ကြားမှ သူ့အတွက် ပိုက်ဆံစုပေးရှာသော သူမကို ကြည့်ပြီး ကျန်းယု သက်ပြင်းချလိုက်မိသည်။ စာအရှည်ကြီး ရေးရန် ပြင်လိုက်သော်လည်း ပြန်ဖျက်လိုက်ပြီး နောက်ဆုံးတွင် စာတစ်လုံးတည်းသာ ပြန်ပို့လိုက်လေသည်။
*ကျေးဇူး။*
ထို့နောက် သူ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်ရာ ထူးဆန်းသော သင်္ကေတက တစ်ဝက်ခန့် မည်းနက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အဆောင်မှ ထွက်လာပြီး စာသင်ခန်းသို့ လမ်းလျှောက်လာကတည်းက ဤသင်္ကေတကို သူတစ်ယောက်တည်းသာ မြင်ရကြောင်း ကျန်းယု သတိထားမိခဲ့သည်။
မည်းနက်လာသည့်နှုန်းကို ကြည့်ရသလောက် ဒီညဆိုလျှင် အပြည့်ဖြစ်သွားလောက်သည်။
သင်္ကေတတစ်ခုလုံး မည်းနက်သွားလျှင်... ဘာတွေ ဆက်ဖြစ်လာမည်ကိုတော့ ဘယ်သူမှ မသိနိုင်ချေ။