ကျောင်းတော်
Vol. 1 Ch. 4
"တစ်... တောက်... တစ်... တောက်..."
နာရီသံသဲ့သဲ့က အဆုံးအစမဲ့ ပဲ့တင်ထပ်နေလေသည်။ ကျန်းယုသည် စာသင်ခန်းထဲ၌ ထိုင်နေပြီး လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ရှေ့ရှိ မေးခွန်းစာရွက်ကို တာဝန်တစ်ခုနှယ် ဖြေဆိုနေလေ၏။
သို့သော် မေးခွန်းစာရွက်က အဆုံးရှိမည့်ပုံ မပေါ်ချေ။ သူ ဘယ်လောက်ပဲ ရေးရေး၊ ကွက်လပ်တွေ ဘယ်လောက်ပဲ ဖြည့်ဖြည့် ပြီးဆုံးမည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။
သူ၏ စားပွဲခုံသည် အတန်းဖော်များနှင့် တဖြည်းဖြည်း ဝေးကွာသွားတော့သည်။ မကြာမီ သူတို့၏ ပုံရိပ်များ ဝေဝါးပျောက်ကွယ်သွားပြီး အမှောင်ထုတစ်ခုက သူ့ကို နောက်ကျောဘက်မှ တစ်လက်မချင်း ဝါးမြိုလာသယောင် ခံစားလိုက်ရ၏။
နဖူးပေါ်တွင် ချွေးစေးများ သီးလာပြီး ရင်ထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်လာတော့သည်။ စာရေးနေသော လက်မှာ တုန်ရီလာပြီး အားအင်ကုန်ခမ်းလာလေ၏။
နောက်ဆုံးတွင် သူသည် စာအုပ်ပုံများ၊ စာရွက်စာတမ်းများနှင့်အတူ အဆုံးမဲ့ ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသည့်အချိန်ကျမှသာ ကျန်းယုတစ်ယောက် ကုတင်ပေါ်တွင် လန့်နိုးလာလေတော့သည်။
"ခုနက အိပ်မက်လား"
"ကျန်းယုရဲ့ အတိတ်က မှတ်ဉာဏ်အပိုင်းအစတွေ ဖြစ်မယ်"
သူ နားထင်ကြောများကို ဖိနှိပ်လိုက်မိသည်။ မူလကျန်းယု၏ မှတ်ဉာဏ်အပိုင်းအစ များစွာသည် ဖရိုဖရဲ လှုပ်ရှားလျက် သူ၏ စိတ်ထဲတွင် ပေါ်လာပြန်၏။
ကျန်းယုက ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း မှတ်ဉာဏ်များကိုမူ လုံးဝ ပေါင်းစည်းနိုင်ခြင်း မရှိသေးချေ။ အသေးစိတ်အချက်အလက်များကို ပြန်သတိရရန်အတွက် တော်တော်လေး အားထုတ်နေရသည်။
အထူးသဖြင့် မနေ့က ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် ယဇ်ပူဇော်မှု အကြောင်းပင်။ ထိုအကြောင်း တွေးလိုက်သည်နှင့် ခေါင်းမူးလာပြီး ဘာတစ်ခုမှ သတိမရတော့ပေ။
ဖုန်းကို တစ်ချက်ကြည့်လိုက်ရာ မနက် ငါးနာရီသာ ရှိသေးကြောင်း တွေ့လိုက်ရ၏။ ပြန်အိပ်ရန် စဉ်းစားလိုက်သော်လည်း မျက်လုံးများက ပြူးနေပြီဖြစ်သည်။
ကျောင်းသွားရန် မနက် ငါးနာရီထခြင်းက ဤခန္ဓာကိုယ်၏ သွေးသားထဲ စွဲမြဲနေသော အလေ့အကျင့်တစ်ခု ဖြစ်နေသည့်နှယ်။
"ပြန်အိပ်ဖို့ တွေးလိုက်တာနဲ့ ငါ့စိတ်ထဲ ဘာလို့ အပြစ်ရှိသလို ခံစားနေရတာလဲ"
မူလခန္ဓာကိုယ်ပိုင်ရှင်၏ အကျင့်ဟောင်းများ လွှမ်းမိုးမှုကြောင့် ဖြစ်မည်ဟု တွေးရင်း ကျန်းယု ထထိုင်လိုက်သည်။
ဗိုက်ထဲ တဂွီဂွီ မြည်လာသဖြင့် သူ မတ်တတ်ရပ်လိုက်ပြီး ရေရွတ်လိုက်လေ၏။ "ထားလိုက်ပါတော့ကွာ... ကျောင်းပဲ သွားလိုက်တော့မယ်။ အနည်းဆုံးတော့ ထမင်းအလကား စားရတာပေါ့"
ဆောင်ယန် အထက်တန်းကျောင်းသည် တစ်နေ့ သုံးနပ် ကျွေးပြီး သူ၏ ထမင်းစားကတ်ထဲတွင်လည်း ဒီလအတွက် ငွေဖြည့်ပြီးသား ဖြစ်ကြောင်း သတိရသွားသည်။
ဝိညာဉ်နုတ်မတတ် ဖိစီးနေသော အကြွေး ခုနစ်သိန်းနှင့် လက်ထဲတွင် ယွမ်ငါးဆယ်ကျော်သာ ရှိသည့် အခြေအနေကြောင့် အပြင်စာ စားရန်မှာ မဖြစ်နိုင်ချေ။
သူသည် ပူလောင်နေသော တိုက်ခန်းမှ ထွက်ခွာလာပြီး ရေဆိုးများ ပြည့်နေသည့် လမ်းကြားများကို ဖြတ်သန်းကာ မနက်ခင်း ရုံးတက်ချိန် ပြည့်ကျပ်နေသော ဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်လိုက်လေသည်။
ချွေးနံများနှင့် အစားအသောက် အနံ့အသက်များ ရောထွေးနေသည့် လူအုပ်ကြားတွင် အဲကွန်းဖွင့်ထားသည် ဆိုသော်လည်း ဟာသတစ်ခုလိုသာ ဖြစ်နေ၏။ ကျန်းယုသည် မိမိကိုယ်ကို ဖိသိပ်ခံထားရသော ပါဆယ်ထုပ်တစ်ခုအလား သဘောပိုက်ပြီး မြို့လယ်ခေါင်သို့ ဦးတည်လိုက်ပါသွားတော့သည်။
မိနစ်ကိုးဆယ်ခန့် ကြာပြီး နှစ်ဆင့် ပြောင်းစီးပြီးနောက်တွင် ချွေးတလုံးလုံးဖြင့် သူ ကားပေါ်မှ ဆင်းနိုင်ခဲ့လေသည်။
"ငါ ဘာကိစ္စ ဒီလောက် ပင်ပန်းခံပြီး လာနေရတာလဲ"
ကျန်းယု နဖူးမှ ချွေးကို သုတ်ရင်း တွေးလိုက်မိသည်။
"ဩော်... ဟုတ်သားပဲ... ကျောင်းအဆောင်ခ မတတ်နိုင်လို့ကိုး"
သူ နေထိုင်သည့် ညစ်ပတ်ပေရေသော မြို့စွန်ရပ်ကွက်နှင့် မတူဘဲ ကျောင်းဝန်းကျင်သည် မိုးမျှော်တိုက်ကြီးများ၊ သန့်ရှင်းကျယ်ဝန်းသော လမ်းမကြီးများနှင့် လတ်ဆတ်သော လေကို ပိုင်ဆိုင်ထားလေသည်။
လမ်းပေါ်မှ အမျိုးသား၊ အမျိုးသမီးများသည် သေသပ်သော ဝတ်စားဆင်ယင်မှု၊ ကျွမ်းကျင်သော မျက်နှာပေးများဖြင့် မြို့ပြလူတန်းစားများ ပီသနေကြ၏။
ဖြည်းဖြည်းချင်း လျှောက်လာပြီးနောက် ကျောင်းတံခါးဝသို့ ရောက်ရှိလာသည်။ အဝေးမှနေ၍ "ဆောင်ယန် အဆင့်မြင့် မသေမျိုးနည်းပညာ အထက်တန်းကျောင်း" ဟူသော စာလုံးကြီးများကို မြင်နေရပေသည်။
တံခါးဝအထက်ရှိ အီလက်ထရောနစ် ဘုတ်ပြားကြီးပေါ်တွင် ယခင်လက အဆင့်အလိုက် ထိပ်ဆုံးရခဲ့သူ (၁၀) ဦး၏ အမည်စာရင်းကို ရှည်လျားစွာ ဖော်ပြထားလေသည်။
ဤအချက်ကို ကြည့်ရုံဖြင့် ဆောင်ယန် ကျောင်းသည် ပညာရေး ရလဒ်များကို မည်မျှ တန်ဖိုးထားကြောင်း သိသာနိုင်ပေသည်။
မှတ်ဉာဏ်များအရ အနှစ်ချုပ်ရမည် ဆိုလျှင် ဆောင်ယန်ကျောင်းတွင် အမှတ်စာရင်းက ဘုရင်ဖြစ်သည်။ အရာအားလုံးက အမှတ်ပေါ်တွင် မူတည်၍ လည်ပတ်နေသော ကမ္ဘာတစ်ခု ဖြစ်သည်။
စာကျက်ခြင်းနှင့် စာမေးပွဲဖြေခြင်းက အသက်ရှူသကဲ့သို့ပင် သဘာဝကျလှသည်။ လူတိုင်းသည် အဆင့်အတန်းကိုလိုက်၍ ခွဲခြားဆက်ဆံတတ်ကြသည်မှာ ဟန်ဆောင်မှုကင်းသော အမှန်တရားပင်။
အမှတ်နည်းလား.. ဒါဆိုကန်တင်းမှာ ကြာကြာတန်းစီရတာပေါ့။ အဲဒီလောက် အမှတ်လေးနဲ့ ငါတို့နဲ့ အတူလာထိုင်မစားနဲ့လေ။ အမှတ်များတဲ့သူက အမှတ်နည်းတဲ့သူကို လှောင်ပြောင်တာလား... ဒါက ကျောင်းရဲ့ ဓလေ့တစ်ခုပဲ။
"ဒီနေရာက GPA အာဏာရှင်စနစ်နဲ့ သွားနေတာပဲ။ စာညံ့တဲ့ကောင်တွေအတွက်တော့ ငရဲခန်းပါလား"
ကျန်းယု ဖန်သားပြင်ကို ကြည့်လိုက်ရာ... တွေ့ပြီပင်။
"အဆင့် ၁၀ (စုစုပေါင်းရမှတ် အဆင့် ၁၀) - ကျန်းယု"။
သူ သက်ပြင်းချလိုက်မိသည်။
"တော်သေးတာပေါ့... ငါအမှတ်များတဲ့အထဲ ပါနေသေးလို့"
"လောလောဆယ် ဒီအဆင့်က ကံကောင်းလို့ ရထားတာ ဆိုရင်တောင်... ဘယ်သူမှ မရိပ်မိသရွေ့တော့ ငါ ကျောင်းမှာ ကောင်းကောင်းမွန်မွန် နေလို့ရလောက်ပါတယ်"
ကျောင်းကန်တင်းတွင် မနက်စာ ကျွေးသဖြင့် ကျန်းယု မှတ်ဉာဏ်အတိုင်း လျှောက်သွားလိုက်သည်။
ဝင်သွားသောအခါ ထူးခြားမှုတစ်ခုကို သတိထားမိလိုက်၏။ တန်းစီနေသူ များသော်လည်း ကန်တင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လူတိုင်းက စကားမပြောဘဲ တန်းစီကာ၊ စားမည့်ဟာကိုယူကြပြီး စက်ရုပ်များသဖွယ် တိကျစွာ စားသောက်နေကြလေသည်။
တချို့ဆိုလျှင် ထမင်းစားနေရင်း စာအုပ်ကိုပါ ကိုင်ထားပြီး ဝါးနေသော အချိန်လေး၌ပင် စာကျက်နေကြသေးသည်။
လွတ်နေသော ခုံတစ်ခုံတွင် ဝင်ထိုင်ပြီး အသားပေါက်စီကို တစ်ကိုက် ကိုက်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူ့ရှေ့တွင် လာထိုင်လေသည်။
နက်မှောင်သော ဆံကေသာ၊ ကြွေရုပ်ကဲ့သို့ အသားအရေနှင့် မိန်းကလေးတစ်ဦးပင်။
နာမည်တစ်ခု ခေါင်းထဲသို့ တန်းရောက်လာသည်။
"ပိုင်ကျန်းကျန်း"
"တိတိကျကျ ပြောရရင်တော့... အဆင့် ၁၀ ရဲ့ ထိပ်ဆုံးက တစ်ယောက်... ပညာရေး ဂေဟစနစ်ရဲ့ ဘုရင်မကြီးပေါ့"
ဆန်ပြုတ်ကို ငြိမ်သက်စွာ သောက်နေသော သူမကို ကြည့်ရင်း ကျန်းယု တွေးနေမိသည်။
"ငါတို့က သူငယ်ချင်းတွေလား"
"နှစ်ယောက်လုံး ထိပ်ဆုံး ၁၀ ယောက်ထဲ ပါလို့ ခင်ကြတာလား။ ဒါကို ပညာတတ် အသိုင်းအဝိုင်းလို့ ခေါ်တာလား"
ပိုင်ကျန်းကျန်း၏ မျက်နှာထားက စိတ်မဆိုးဘဲနှင့် စိတ်ဆိုးနေသကဲ့သို့ ထင်ရသည်။ သူမ ပြောလိုက်သော စကားတိုင်းက ကမ္ဘာကြီးနှင့် သူမကြား အကွာအဝေးတစ်ခု ခြားထားသလို အေးစက်စက် နိုင်လှသည်။
ဘာစကားမှ မဆိုဘဲ လာထိုင်နေသော သူမကို ကြည့်ပြီး သူ့အပေါ် မကျေနပ်စရာ ရှိနေသလားဟုပင် ကျန်းယု သံသယဝင်မိသည်။
သူတို့နှစ်ယောက် ပတ်သက်မှုကို မှတ်ဉာဏ်ထဲ ရှာဖွေနေစဉ် သူမက ရုတ်တရက် စကားစပြောလာသည်။
"မနက်စာ စားပြီးရင် ကျောင်းနောက်က ပန်းခြံလေးမှာ တွေ့မယ်။ ငါ စောင့်နေမယ်"
ထိုသို့ပြောပြီး သူမ ထွက်သွားသောအခါ ကျန်းယု မျက်လုံးအနည်းငယ် ကျဉ်းမြောင်းသွားပြီး အတွေးထဲ နစ်မျောကျန်ရစ်ခဲ့လေသည်။
စားသောက်ပြီးနောက် ကျောင်းနောက်ဘက်ရှိ ပန်းခြံငယ်လေးဆီသို့ သူ ထွက်လာခဲ့လိုက်သည်။
အဆောင်များ၏ နောက်ဘက်တွင် ရှိသဖြင့် တိတ်ဆိတ်ငြိမ်သက်နေပြီး ကျောင်းသားအများစု အတန်းတက်ရန် ပြင်နေချိန်ဖြစ်၍ လူသူကင်းမဲ့နေလေသည်။
ပိုင်ကျန်းကျန်းသက ပန်းခင်းဘေးတွင် ရပ်နေ၏။ ခြေသံကြားသည်နှင့် သူမ လှည့်ကြည့်ပြီး လျှောက်လာသည်။
"အဖေ...!"
"ဒုန်း" ခနဲ မြည်အောင် ဒူးထောက်ချလိုက်ပြီး ကျန်းယု၏ ခြေထောက်ကို ဖက်တွယ်ထားလိုက်တော့သည်။
"ခုနက ကန်တင်းမှာ လူတွေများလို့ မပြောချင်လို့ပါ"
"ငါ့ကို ပိုက်ဆံ နည်းနည်းလောက် ချေးပါနော်။ ငါ့ရဲ့ အသေးစားချေးငွေက ရက်လွန်နေတာ တစ်လနီးပါး ရှိနေပြီ။ တောင်းပန်ပါတယ်..."
ကျန်းယု စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
"ဒါ ဘယ်လို စောက်ကျောင်းကြီးလဲဟ။ ထိပ်ဆုံး ၁၀ ယောက်လုံးက အကြွေးနဲ့ ဓာတ်ဖမ်းနေကြတဲ့ ကောင်တွေချည်းပဲလား"
ထိုအခါမှ အဖြစ်အပျက်တွေ အကုန် ပြန်သတိရလာတော့သည်။ သူတို့၏ ပတ်သက်မှုသည် ပညာရေး မဟာမိတ်ဖွဲ့ထားခြင်း မဟုတ်။ သူမသည် သူ့ကို ချေးငွေလောကထဲ ဆွဲခေါ်လာသူ၊ အကြွေးယူနည်းလမ်းများ လမ်းပြပေးခဲ့သူ ဖြစ်နေသည်။
တရားဝင် မိတ်ဆက်ပေးရလျှင်တော့ ပိုင်ကျန်းကျန်း ဆိုသည်မှာ ကျန်းယု၏ အတန်းဖော်၊ အဆင့် ၁၀ ၏ နံပါတ်တစ် ကျောင်းသူ ဖြစ်သလို သူ့ကို ချေးငွေဒုက္ခတွင်းထဲ ဆွဲချခဲ့သူလည်း ဖြစ်ပေသည်။ အကြွေးသံသရာနှင့် ချေးငွေပလက်ဖောင်းများ၏ အတွင်းသတင်းများကို ဖလှယ်ကြသည့် သစ္စာရှိ မိတ်ဆွေပေါ့။
ခုနက မနက်စာစားတုန်းက ရေခဲရိုက်ထားသလို မျက်နှာသေနှင့် မိန်းကလေးသည် ပိုက်ဆံ ဘယ်လိုချေးရမလဲ ဆိုတာကို စိတ်ကူးနဲ့ တွက်ချက်နေခဲ့မှန်း သိလိုက်ရသောအခါ ကျန်းယု ခေါင်းခါမိတော့သည်။
"ဖယ်စမ်းပါဟာ... ငါ့မှာလည်း ချေးစရာ ပိုက်ဆံ မရှိဘူး"
ပိုင်ကျန်းကျန်းက ခေါင်းခါပြသည်။
"နင်က အဆင့် ၁၀ ပဲ ရှိသေးတာလေ။ ငါ့လောက်တော့ ပိုက်ဆံ သုံးဖြစ်မှာ မဟုတ်ပါဘူး"
ထို့နောက် တောင့်တောင့်ကြီးနှင့် ရှက်ကိုးရှက်ကန်း ဖြစ်နေသော ပုံစံဖြင့် ဆက်ပြောသည်။ "ငါ့အကြွေးသာ ဆပ်ပေးမယ်ဆိုရင်... နင် ကြိုက်တာခိုင်း... ငါ အကုန်လုပ်ပေးမယ်"
ကျန်းယု မျက်လုံးများ အရောင်တောက်သွားသည်။ ပုံမှန်ဆို အေးစက်စက်နိုင်သော ပိုင်ကျန်းကျန်း၏ ပါးပြင်မို့မို့တွင် ပန်းရောင်သမ်းနေသည်ကို ကြည့်ပြီး သူ ဝန်ခံလိုက်ရသည်။ ဒီပုံစံလေးက ဆွဲဆောင်မှု တစ်မျိုးတော့ ရှိသား။
သူ သူမကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
"ကြိုက်တာ ခိုင်းလို့ ရတယ်ပေါ့"
ပိုင်ကျန်းကျန်းက နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းညိတ်ပြ၏။
"အင်း"
ကျန်းယု ပြောလိုက်၏။
"ဒါဆို... နင့်ကို ပေါင်ပစ္စည်းအနေနဲ့ ထားပြီး အကြွေးယူလို့ ရမလား"
ပိုင်ကျန်းကျန်း ချက်ချင်း လက်ကို လွှတ်လိုက်ပြီး သူ့ကို မျက်ထောင့်နီဖြင့် ကြည့်လေသည်။
"နင့်မှာ တကယ် ပိုက်ဆံပြတ်နေတာလား"
ကျန်းယု ဖုန်းကို ထုတ်ပြီး သူ့လက်ကျန်ငွေနှင့် ရက်လွန် သတိပေးစာများကို ပြလိုက်သည်။
သူမ မတ်တတ်ထရပ်ပြီး ဘောင်းဘီမှ ဖုန်များကို ခါလိုက်သည်။ ထို့နောက် သူ့ကို ဂြိုဟ်သားတစ်ကောင်လို ကြည့်လိုက်လေ၏။
"နင် အကြွေး ခုနစ်သိန်းတောင် တင်နေတာလား။ တက္ကသိုလ် ဘွဲ့ရပြီးရင်တောင် ပြန်ဆပ်ဖို့ နှစ်နဲ့ချီ ကြာဦးမှာ"
"အထက်တန်း ပထမနှစ် ကျောင်းသားလေးက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အကြွေးတင်အောင် သုံးလိုက်ရတာလဲ"
ကျန်းယု ခေါင်းကုတ်လိုက်မိသည်။
"ငါ မေ့နေလို့... ခဏလောက် ပြန်စဉ်းစားကြည့်လိုက်ဦးမယ်”